ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မုဒိတာ အကြောင်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ by အရှင်ဇနကာဘိဝံသ
တတိယအခန်း မုဒိတာ အကြောင်း

မုဒိတာ အကြောင်း

ပြည့်စုံကြွယ်ဝ ချမ်းသာကြသူများကို မြင်ရ ကြားရသောအခါ ဝမ်းမြောက်ခြင်း သဘောတရားသည် မုဒိတာတည်း။ ထို့ကြောင့် “ဝမ်းသာ-မုဒိ”ဟု ဆိုခဲ့ပေသည်။ ချဲ့ဦးအံ့-ဥစ္စာစည်းစိမ် ဂုဏ်သိန်ဘက်က ဖြစ်စေ၊ အမျိုးအဆွေ၊ အဆင်း၊ ကျန်းမာခြင်း၊ ပညာတတ်ခြင်း စသည်တို့တွင် တမျိုးမျိုးဘက်က ဖြစ်စေ သမ္ပတ္တိဆိုက်နေသူကို မြင်ရ ကြားရသောအခါ အဘိဇ္ဈာ ဣဿာ အားကြီးသူတို့၌ မတရားလိုချင်မှု၊ မနာလိုမှု၊ မစားရတဲ့အမဲ သဲနှင့်ပက်လိုမှု စသော အယုတ်တမာ တရားတွေ ဖြစ်တတ်သော်လည်း စိတ်ထားဖြူလွင် သူတော်စင်တို့၌ကား “တော်ပါပေတယ်၊ တော်ပါပေတယ်၊ သာဓု..သာဓု၊ ရှေးကောင်းမှုကြောင့် ယခုလို ချမ်းသာတာပဲ”ဟု မုဒိတာအစစ် ဖြစ်နိုင်ကြ ပေသည်။

မုဒိတာအတု

တရံတခါ၌ကား မိမိနှင့် စပ်သူ သမ္ပတ္တိ ဆိုက်နေသည်ကို မြင်ရ၍ ဝမ်းသာအားရ ဖြစ်တတ်ကြသည်။ ထိုအဖြစ်ကား မုဒိတာနှင့် ဆင်တူရိုးမှား တဏှာလောဘ မကင်းသော နှစ်သက်ခြင်း ပီတိသောမနဿ များတည်း။ နှစ်သက်ရုံတွင်မက အလွန်အမင်း အားရလှ၍ မျက်ရည်ပင် ကျလာတတ်ပါသေးသည်။ ဤကဲ့သို့ ဖြစ်ခြင်းကို “မုဒိတာအတု”ဟု မှတ်ပါ။ သို့သော် ထိုသို့ ဖြစ်တိုင်းလည်း မုဒိတာအစစ် မဟုတ်ဟု မဆိုလို။ အခါများစွာပင် မုဒိတာအစစ်လည်း ဖြစ်ပေလိမ့်မည်။