ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဗြဟ္မစိုရ်တရား ၄-ပါး

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ
by အရှင်ဇနကာဘိဝံသ
တတိယအခန်း ဗြဟ္မစိုရ်တရား ၄-ပါး
325644ကိုယ်ကျင့်အဘိဓမ္မာ — တတိယအခန်း ဗြဟ္မစိုရ်တရား ၄-ပါးအရှင်ဇနကာဘိဝံသ

ဗြဟ္မစိုရ်တရား ၄-ပါး

ဤ ပြခဲ့သော မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ၄-ပါးကို ပါဠိလို “ဗြဟ္မဝိဟာရ”၊ မြန်မာလို “ဗြဟ္မစိုရ်” တရား ၄-ပါးဟု ခေါ်သည်။ [ဗြဟ္မ= မြတ်သော+ဝိဟာရ = နေခြင်း။ “သတ္တဝါတို့အပေါ်၌ မေတ္တာပွား၍ ဖြစ်စေ၊ ကရုဏာ မုဒိတာ ဥပေက္ခာတို့တွင် တပါးပါးပွား၍ဖြစ်စေ နေခြင်းသည် မြင့်မြတ်သောနေခြင်း ဖြစ်သည်”ဟု ဆိုလိုသည်။ ထိုကဲ့သို့ ပွားများ၍ နေထိုင်ခြင်းသည် ဒေါသစိတ် အဘိဇ္ဈာ ဣဿာစိတ်တို့ဖြင့် နေခြင်းကဲ့သို့ ခြောက်ခြောက် သွေ့သွေ့ မဟုတ်ပဲ စိုစိုပြည်ပြည် ရှိနေသောကြောင့် “ဗြဟ္မစို”ဟု ခေါ်ဟန် တူသည်။ အချို့က “ဗြဟ္မစရိယ” ဟူသော ပါဠိကို “ဗြဟ္မစိုရ်”ဟု မြန်မာပြန်ထားကြောင်း ပြောကြ၏။]

မေတ္တာပွား

မေတ္တာစိတ်ကို မိမိသန္တာန်၌ အထပ်ထပ် ဖြစ်စေနိုင်လျှင် မိမိမှာ မေတ္တာစိတ်တွေ တိုးပွားများပြားနေ၏။ ဤသို့ မေတ္တာစိတ်တွေ တိုးစေ၊ ပွားစေ၊ များလာခြင်းကို “မေတ္တာပွားသည်”ဟု ခေါ်၏။ “ပွားစေ”၌ စေကို ဖြတ်၍ “မေတ္တာပွား”ဟု ခေါ်ကြသည်” ဟူလို။

မေတ္တာပို့

တစုံတယောက်ကို ရည်မှန်း၍ “ချမ်းသာပါစေ”ဟု အာရုံပြုနေသောအခါ မိမိ၏ မေတ္တာသည် ထိုသူနှင့် ဆက်သွယ်လျက် ရှိ၏။ ထိုအခါ မိမိ၏ မေတ္တာကို ထိုသူ့ အထံသို့ ရောက်အောင် နေသကဲ့သို့ ဖြစ်သောကြောင့် မေတ္တာပွားစေခြင်းကိုပင် “မေတ္တာပို့သည်”ဟု ယခုကာလ သုံးစွဲကြသည်။