ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တိဒါန အကြောင်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ by အရှင်ဇနကာဘိဝံသ
ဆဋ္ဌအခန်း ပတ္တိဒါန အကြောင်း

ပတ္တိဒါန အကြောင်း

မိမိရသော ကုသိုလ် အဖို့ကို သူတပါးတို့အား အမျှပေးဝေခြင်းကို “ပတ္တိဒါန”ဟု ခေါ်၏။ [ပတ္တိ-မိမိ၌ ရအပ်သော အဖို့ကို+ဒါန-သူတပါးအား ပေးခြင်း] ဒါနပြုရာ၌ ထိုဒါနအတွက် အလှူရှင်မှာ ရသင့် ရထိုက်သော ကုသိုလ်များကို ရလေပြီ။ ထိုမိမိရရှိသော ကုသိုလ် အဖို့ကို မိမိရသလို ညီတူ ညီမျှ သူတပါးလည်း ရစေလိုသော ဆန္ဒသည် အလွန် ဖြူစင် မြင့်မြတ်သော စိတ်ထားပေတည်း။ ထိုဆန္ဒမျိုးဖြင့် “အကျွန်ုပ် ပြုသော ကုသိုလ်အဖို့ကို ကြားကြားသမျှ သတ္တဝါအပေါင်းအား အမျှပေးဝေပါ၏။ အကျွန်ုပ်နှင့်အတူ ကုသိုလ်အဖို့ကို ရကြပါစေ”ဟု အမျှပေးဝေခြင်း (အညီအမျှ ရအောင် ဝေခြင်း) ကိုသာ “ပတ္တိဒါန” ကုသိုလ်ဟု မှတ်ပါ။

သတိပြုရန်

ထိုကဲ့သို့ သူတပါးတို့အား မိမိကဲ့သို့ ကုသိုလ်ရစေလိုသော စိတ် မရှိသော “သူများယောင်လို့ယောင်၊ အမယ်တောင်မှန်း မြောက်မှန်း မသိ” ဟူသကဲ့သို့ သူများ အမျှဝေရိုးရှိ၍သာ မိမိနှုတ်က “အမျှ ယူတော်မူကြပါ”ဟု ဆိုသော်လည်း ပတ္တိဒါန ကုသိုလ်စစ်စစ် ဖြစ်ဖို့ရန် ခဲယဉ်းလေသည်။ ရှေးတုန်းက နာမည်ကြီးသော အလှူဒကာ တယောက်မှာ ကြွေးယူ၍ အလှူအကြီးအကျယ်ပေး၏။ သူထင်သလောက် ငွေကူမလာသောကြောင့် ညနေ ရေစက်ချယင်း (ဘုန်းကြီးက ရေစက်ချ ပေးနေစဉ်) မိမိ၏ စိတ်ကူးနှင့် ကြွေးစာရင်း ရှင်းနေ၏။ ထိုအခါ အကြွေးများစွာ ကျန်ရှိတော့မည့် အကြောင်းကို သိရ၍ ရေစက်ချလည်းဆုံး စိတ်ကလည်း မကြည်မသာ ရှိတုန်းမှာ အနီး အပါး လူကြီးများက “အမျှဝေလိုက်၊ အမျှဝေလိုက်”ဟု တိုက်တွန်းမှ ဗြူးကနဲ့ သတိရသဖြင့် “အမျှဗျို့”ဟု ဆိုရမည့်အစား “သောက်ကျိုးနဲပါဗျိုး”ဟု ဆိုမှားမိလေသတဲ့။

အမျှဝေသော်လည်း အကျိုးမနည်း

မိမိရသော ကုသိုလ်အဖို့ကို သူတပါးအား အမျှဝေသောအခါ “မိမိမှာ ကုသိုလ်အရ နည်းမသွားပေဘူးလား”ဟု စဉ်းစားဖွယ်ရှိ၏ ကုသိုလ်ဆိုသည်မှာ စိတ်စေတနာသာ လိုရင်း ဖြစ်၏။ မိမိ ပထမပြုသော ဒါနကုသိုလ်အတွက် စိတ်စေတနာကောင်း ဖြစ်ပြီးလေပြီ။ မိမိမှာ ဒါနကုသိုလ်ဖြစ်သလို သူတပါးအားလည်း ဖြစ်စေလိုသောအခါ “ရွှေပေါ်မြတင်” သကဲ့သို့ မူလ ဒါနကုသိုလ် အပေါ်တွင် ပတ္တိဒါန ကုသိုလ် ထပ်၍တင်ရာ ရောက်၏။ ထို့ကြောင့် အမျှဝေသည့်အတွက် ကုသိုလ်အရ နည်းမသွား သည့်အပြင် ပို၍ပင် ကုသိုလ်ရပါသေးသည်။ မီးခြစ်အကုန်ခံ၍ ပထမ ဆီမီးထွန်းပြီးနောက် ထိုဆီမီးမှ အဆင့်ဆင့် မီးကူးပေးရာ၌ မူလမီးမှာ အရောင် မမှိန်သည့်အပြင် နောက်မီးတွေ့၏ အကူအညီကြောင့် သာ၍ အားရှိသကဲ့သို့တည်း။ [သီလ ကုသိုလ်၊ ဘာဝနာ ကုသိုလ် စသည်များလည်း အမျှဝေလျှင် ပတ္တိဒါနကုသိုလ် ဖြစ်ကြသည်သာ။]