ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပတ္တာနုမောဒန အကြောင်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ by အရှင်ဇနကာဘိဝံသ
ဆဋ္ဌအခန်း ပတ္တာနုမောဒန အကြောင်း

ပတ္တာနုမောဒန အကြောင်း

ကုသိုလ်ရှင်တို့က အမျှဝေသောအခါ ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်မှုကို “ပတ္တာနုမောဒန” ကုသိုလ်ဟု ခေါ်၏။ [ပတ္တ=အမျှဝေသဖြင့် မိမိသို့ ရောက်လာသော ကုသိုလ်ကို+အနုမောဒနာ= ဝမ်းမြောက်ခြင်း၊ သာဓု ခေါ်ခြင်း။] သူတပါးကို ကုသိုလ်ပြုနိုင်ကြသည်ကို မိမိက ဝမ်းမြောက် ဝမ်းသာဖြစ်၍ နေခြင်းသည် အတော် မြင့်မြတ်သော (မုဒိတာ သဘောရှိသော) စိတ်ထား ပေတည်း။ ထို့ကြောင့် ဤဝမ်းမြောက်မှုကို ကုသိုလ်တမျိုးဟု သတ်မှတ်ရပေသည်။ ဝမ်းမြောက် ဝမ်းသာ မဟုတ်ပဲ ခေါ်ရိုးခေါ်စဉ် (တွေးချင်ရာ တွေး၍) သာဓုခေါ်ရာ၌ “ပတ္တာနုမောဒန” ကုသိုလ်အစစ်ဖြစ်ဖို့ ယဉ်းလှပေသည်။ အချို့ကား သူတပါးတို့ လှူဒါန်းနိုင်သည်ကို ဝမ်းမြောက်မှုမရှိသည့်ပြင် ဣဿာပင် ဖြစ်တတ်သေးသည်။

ပတ္တာနုမောဒနကုသိုလ်၏ ဒိဋ္ဌဓမ္မအကျိုး

သေလွန်လေသော မိဘ ဆွေမျိုးကို ရည်စူး၍ ကျန်ရစ်သော ဆွေမျိုးက ဆွမ်းကျွေးတရားနာပြီးနောက် အမျှဝေသည်ကို ဒိဋ္ဌဓမ္မအကျိုး သေသူ ဆွေမျိုးက သာဓုခေါ်ကာ ဝမ်းမြောက်ရာ၌ သေလွန်သူဆွေမျိုးမှာ လက်ငင်း အကျိုးရ၏။ ဆွမ်း၍ အမျှဝေသည်ကို သာဓုခေါ်လျှင် ငတ်မွတ်နေသူမှာ အစာကောင်းရ၏။ အဝတ် လှူ၍ အမျှဝေလျှင် အဝတ်မရှိသူမှာ အဝတ်ကောင်းများ ရရှိ၏ဟု ကျမ်းစာတို့၌ တွေ့ရသည်။ ထိုကဲ့သို့ သေသူကိုရည်မှန်း၍ ကျန်ရစ်သူ ဆွေမျိုးက လှူဒါန်းရာ၌ အလှူခံပုဂ္ဂိုလ်က သီလရှိသူ ဖြစ်ဖို့လည်း အရေးကြီးလှပေသည်။ ရှေးတုန်းက ဒုဿီလ ရဟန်း (သီလမရှိသော ရဟန်း) တပါးအား လှူဒါန်း၍ အမျှဝေရာ၊ ၃-ကြိမ်တိုင်အောင်ပင် လှူဒါန်း အမျှဝေ ပါသော်လည်း အဖို့မရသဖြင့် “ငါ့အဖို့ ဥစ္စာကို ဒုဿီလကြီးက လုယူနေပါတယ်”ဟု ပြိတ္တာဆွေမျိုးက ဟစ်အော်ရှာသည်။ ထို့နောက် သီလရှိသော ရဟန်း တပါးကို ပင့်ဖိတ် လှူဒါန်း၍ အမျှဝေမှ ကုသိုလ်အဖို့ကိုရသည်။ [ဥပရိပဏ္ဏာသ ဒက္ခိဏဝိဘင်္ဂသုတ်၊ အဋ္ဌကထာ။]

ဤ စကားအရ သေလွန်သူကို ရည်စူး၍ အမျှဝေရာ၌ ရှေးဦးစွာ မိမိစိတ်၌ စိုးရိမ် ပူဆွေး ငိုကြွေးမှု အကုသိုလ်များကို ကင်းစေလျက် ကုသိုလ် စင်စင် ကြယ်ကြယ်ဖြင့် ဆွမ်း၊ သင်္ကန်း၊ ဖိနပ်၊ ထီး၊ ကျောင်း ဒါနမျိုးကို ပြုကြရပေလိမ့်မည်။ [ကျောင်းသည် သွားလေသူမှာ နေစရာအတွက် ဖြစ်၏။] ထိုဒါနကိုလည်း သီလ အစင်ကြယ်ဆုံး ပုဂ္ဂိုလ်ကို ရွေးချယ်၍ (သို့မဟုတ် သံဃိကဒါန ဖြစ်စေ၍) ပြုရမည်။ ထိုကုသိုလ်ပြုခါနီး၌ သွားလေသူကို ခေါ်ယူ ဖိတ်ထားလျှင် သာ၍ ကောင်း၏။ (လာနိုင်လျှင် လာလိမ့်မည်။) ထို့နောက် သွားလေသူ၏ နာမည်ကို ခေါ်၍ ကြားလောက်အောင် အသံကျယ်ဖြင့် အမျှဝေရမည်။ ယခုကာလ ဖြစ်ပုံ

ယခုကာလဖြစ်ပုံ

ယခုကာလ၌ကား ပုဂ္ဂိုလ် ကောင်းဆိုးကိုလည်း မရွေးချယ်အား၊ မိမိ၏ စိတ်ကို စင်ကြယ်အောင် (ကုသိုလ်ဖြစ်အောင်လည်း) သတိမထားနိုင်တော့ပဲ သူတပါး အကဲ့ရဲ့လွတ်ရုံ ချီးမွမ်းခံရရုံ သဘောထား၍ ငိုငိုရီရီနှင့် သုသာန်မှာ လှူဖွယ်ဝတ္ထုကို (တချို့မှာ ငွေတွေကို) လှူဒါန်းလျက် အမျှဝေကြ၏။ ထိုဒါနများအတွက် သွားလေသူ အကျိုးရ နိုင်မည်-မရနိုင်မည်ကိုကား မစဉ်းစားတော့ချေ။ ထိုကဲ့သို့ သောက ပရိဒေဝဖြင့် သုသာန်မှာလှူဒါန်းမည့်အစား သောကပရိဒေဝကင်း၍ စိတ်ကြည်လက်ကြည်နှင့် မိမိတို့အိမ်မှာ ကျကျနန ကုသိုလ်ပြုခြင်း၊ အမျှဝေခြင်းသာ စည်းကမ်းကျဖွယ် ရှိ၏။ သောက ကင်း၍ စိတ်ရှင်းရှင်း လှူနိုင်ပါမူ သုသာန်မှာ လှူလည်း အကျိုး မယုတ်ပါ။ [ဤကိစ္စနှင့်စပ်၍ သတိပေးဖွယ်များကို “အနာဂတ် သာသနာ” ကျမ်းစာတွင် သတိပေးထားသည်။]

အမျှရနိုင်သူ

ဤသို့ အမျှဝေရာဝယ် သေလွန်သူက အိမ်၏ အနီးအပါး စသည်၌ ပြိတ္တာ ဖြစ်နေမှသာ သာဓု ခေါ်နိုင်၍ အမျှရသည်။ လူ နတ် တိရစ္ဆာန် တောကြီး တောင်ကြီးတို့၌ ပြိတ္တာဖြစ်နေလျှင်ကား အမျှဝေသော်လည်း သာဓုမခေါ်နိုင်၊ အမျှမရ။ သို့သော် ရှေးရှေးက ဆွေမျိုးဟောင်း ပြိတ္တာများရှိနေလျှင် သူတို့မှာ အမျှရနိုင်ကြသေးသဖြင့် တစုံတယောက် သေဆုံးရာ၌ ကုသိုလ်ပြုခြင်း အမျှဝေခြင်း ထုံးစံမှာ ကောင်းသောထုံးစံပင် ဖြစ်ပါသည်။