ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဒေသနာ အကြောင်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ by အရှင်ဇနကာဘိဝံသ
ဆဋ္ဌအခန်း ဓမ္မဒေသနာ အကြောင်း

ဓမ္မဒေသနာ အကြောင်း

တရားဟောမှုကို “ဓမ္မဒေသနာ” ကုသိုလ်ဟု ခေါ်၏။ ရိုးသားဖြူစင် မြင့်မြတ်သော စိတ်ထားဖြင့် ဟောပြော ပြသဆုံးမ ပါလျှင် “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ = အလှူ ဟူသမျှကို ဓမ္မအလှူက နိုင်၏။ ဓမ္မအလှူက အကျိုးပေး သာ၏”ဟု ဟောပြတော်မူသည့်အတိုင်း အလွန် အကျိုးကြီးပေ၏။ ထို့ကြောင့် ဓမ္မဒေသနာ ကုသိုလ်အစစ် ဖြစ်စေလိုလျှင် ထိုတရားဟောမှုနှင့် ရမည့် ပစ္စည်း လာဘ်နှင့် ကျော်စောခြင်း ဂုဏ် ပကာသနကို မမျှော် သင့်ချေ။

မျှော်လင့်လျှင် ထိုလာဘ်လာဘနှင့် ဂုဏ် ပကာသနကို လိုချင်သေး လောဘက ဓမ္မဒေသနာ ကုသိုလ်ကြီး၏ အကျိုးပေးကို သေးသိမ် ညံ့ဖျင်းအောင် နှောင့်ယှက်လိမ့်မည်ဖြစ်၍ ကောသလမင်း အိပ်မက်မှာ လာသည့်အတိုင်း တသိန်းတန် စန္ဒကူးကို ရက်တက်ရည်ပုပ်နှင့် လဲလှယ်စားသောက်သူကဲ့သို့ ဖြစ်လိမ့်မည်။

[ဆောင်] တသိန်းတန် စန္ဒကူး၊ နေ့ကျူးပုပ် ရက်တက်ရေ။
အဖိုး မတန်ပဲနှင့်၊ လဲထပ်ကြပေ။
မြတ်ဗုဒ္ဓေ၊ စိန္တမိန့်ကြား။ ဖိုးထိုက်စွာ ဓမ္မာမြတ်ကို၊
ပစ္စယာ လေးဖြာလာဘ်နှင့်၊ လဲထပ်လို့စား။

ဓမ္မကထိက ဂုဏ်ရည်

ထို့ပြင် တရားဟောပြောနိုင်သော အရည်အချင်းရှိသူသည် သာမန် ပုဂ္ဂိုလ် မဟုတ်။ အသံသာသာ နှုတ်လျာရှင်းရှင်းနှင့် မိမိ၏ ဆိုလိုရင်း အဓိပ္ပါယ်ကို ကြားနာသူများ နားလည်အောင် ပြောနိုင်သော ပုဂ္ဂိုလ်မှာ “မ-တထောင် တကောင်ဖွား” ဖြစ်၏။ ထိုစကားမှန်၏။ နွားခြံတွင်း၌ နွားမတထောင် သွင်းလှောင်၍ ထားသော်လည်း ထောင်ထောင်မားမား ဘို့ထွားထွားနှင့် နွားလား ဥသဘ ဖြစ်အောင် ဖွားမြင်နိုင်သော နွားမမှာ တကောင်တလေပင် အနိုင်နိုင်သာ ရှိသကဲ့သို့ ဓမ္မကထိက တပါးမြင်နိုင်သော မိခင်လည်း အလွန်ရှားပေသည်။

အသံလုပ်ခြင်း အပြစ်

ထို့ကြောင့် ဓမ္မကထိက ပုဂ္ဂိုလ်များလည်း မိမိ၏ မြင့်မြတ်သော ရှေးကံကို တွေးကြံ စဉ်းစားကြပြီးလျှင် ဘုရားရှင်၏ တရားတော်များကို မိမိနှုတ်ဖျားမှ ထွက်စေရာ၌ အသံသာအောင် တမင်္ဂလာပြုခြင်း၊ သံဖို့ သံမ သံတို့ သံရှည် ဆွဲငင်ခြင်းများကို လုံးဝ ရှောင်ရှားလျက် ယောက်ျားပီပီ တည်ကြည်သော အသံဖြင့် ဟောပြော ဆုံးမသင့်ပါသည်။ အသံကို ဆွဲကာ ငင်ကာ တမင် သာယာအောင် လုပ်၍ ဟောရာ၌ အပြစ် ၅-ပါးကို ဘုရားရှင် ဟောတော်မူသည်မှာ

“ရဟန်းတို့...သီချင်းသံ ပေါက်လာအောင် ရှည်စွာ ဆွဲ၍ တရားဟောရာ၌ အပြစ် ၅-ပါး ရှိသည်။ ၁-မိမိအသံကို မိမိပြန်၍ သာယာသော တဏှာ ဖြစ်၏။ ၂-ကြားနာသူတို့မှာလည်း ထိုကဲ့သို့ တဏှာဖြစ်၏။ ၃-လူကြီး လူကောင်းတို့က “ငါ့တို့ သီချင်းဆိုသလို ဘုရားသားတော် အခေါ်ခံနေသော ဘုန်းကြီးများလဲ သီချင်းဆိုကြတာပဲ”ဟု စွပ်စွဲ ကဲ့ရုံတတ်၏။ [ယခုအခါ လူကြီးသာမက၊ လူငယ်များကပင် ကဲ့ရဲကြလေပြီ။] ၄-တရားဟောယင်း အသံလုပ်လိုသော ဇောကြောင့် မိမိသမာဓိလည်း ပျက်၏။ ၅-နောင်လာ နောက်သား မလိမ်တမာ ကိုယ်တော်ကလေးများကလည်း “အသံလုပ်၍ ဟောရသည်”ဟု အတု လိုက်တတ်ကြသည်။

[ဆောင်] အသံလုပ်ကာ၊ ဒေသနာဝယ်၊ သေချာအမှန်၊ ကိုယ့်အသံကို၊ ကိုယ်ပြန်၍ထိ၊ တဏှာငြိလျက်၊ နာသည့်လူပေါင်း၊ တဏှာပြောင်းသား၊ သူကောင်းဉာဏ်မြင်၊ လွန်ပြစ်တင်၏။ ထို့ပြင် တရှိ၊ သမာဓိလည်း ကင်းဘိပေါက်ကြား၊ နောက်နောက်သားတို့၊ လိုက်စား အတု၊ ဤ ၅-ခုသည်၊ မှတ်ရှုရမြဲ အပြစ်တည်း။

ထိုဟောတော်မူအပ်သော အပြစ်များ ယခုအခါ လုံလောက်စွာ ပေါ်ပေါက်လျက် ရှိလေပြီ။ နောင်လာ နောက်သားတို့ တကယ်ပင် အတုယူကာ တရားဆန်း ဟောနည်းကို သင်ယူကြလေပြီ။ ထိုသူတို့၏ တရားပွဲ၌ ဉာဏ်အမြော်အမြင် ရှိကြသော လူကြီးလူကောင်းများ နည်းပါးရုံမက၊ မလွဲသာ၍ နာနေရသော လူကြီးလူကောင်းတို့လည်း သူတို့ တရား၌ စိတ်မဝင်စားကြကုန်။ ခေတ်ပညာတတ်သူတို့ကမူ (တရားတော် အမှန်နာယူလိုသော်လည်း) ထိုတရားမျိုး နာရမည်ကိုကား ရှက်ဖွယ်ဟု ထင်မှတ်နေကြသည်။ သို့ဖြစ်၍ အသံလုပ် တရားဟောရာ၌ “ကိုယ့်လိပ်ပြာ ကိုယ်ရှက်” ဆိုသလို ရှက်ဖွယ် ကောင်းလှပေသည်။

စကားပြောလည်း တရားဟောပင်

ပရိသတ်အလယ် ထိုင်၍ မြိုင်မြိုင်ကြီး ဟောခြင်းကိုသာ တရားဟောပင်။ “ဓမ္မဒေသနာ”ဟု မမှတ်ရ။ မိမိအထံ ရောက်လာကြသော ဒကာ ဒကာမ တယောက် ၂-ယောက်ကိုပင် ပစ္စည်းလာဘ်ကို မမြင်ပဲ ဖြူစင်သောစိတ်ဖြင့် ဟောပြော ဆုံးမ ဩဝါဒ ပေးမှုများလည်း “ဓမ္မဒေသနာ” ပင် ဖြစ်၏။ လူကြီး သူမက လူငယ်များကို သွန်သင်ဆုံးမ နည်းလမ်းပြခြင်း၊ အပြစ်မရှိသော လက်မှု စက်မှု အတတ်ကို သင်ပေးခြင်း၊ စာပေပို့ချခြင်း၊ တရားစာဖတ်ပြခြင်းများလည်း ဓမ္မဒေသနာပင် ဖြစ်ကြပေသည်။ ထို့ကြောင့် ယခုအခါ တရားဟောနည်းသာမက၊ ခေတ်အားလျော်စ္စာ ဣန္ဒြေရရနှင့် အနှစ်အသား ပါသော စကားပြောနည်း စာရေး စာဖတ်နည်းများ လေ့လာသင့်ကြပေသည်။