ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ by အရှင်ဇနကာဘိဝံသ
ဆဋ္ဌအခန်း ဒိဋ္ဌိဇုကမ္မ အကြောင်း


ဒိဋ္ဌိဇုကမ္မ အကြောင်း

အယူဖြောင့်မှန်ခြင်းကို “ဒိဋ္ဌိဇုကမ္မ”ဟု ခေါ်၏။ [ဒိဋ္ဌိ-အယူ+ ဥဇုကမ္မ=ဖြောင့်မှန်မှု။) အယူ ဟူသည် အသိဉာဏ်တည်း။ ထိုအသိဉာဏ်က လမ်းမှန်ကျနေလျှင် သမ္မာဒိဋ္ဌိ (မှန်ကန်သောအယူ) ဖြစ်၏။ ထိုအသိဉာဏ်က မှားယွင်းနေလျှင် မိစ္ဆာဒိဋ္ဌိ (မှားသောအယူ) ဖြစ်၏။ အောက်ပါအချက်များ၌ မိမိအသိဉာဏ် ဘယ်လိုဖြစ်သလဲဟု စဉ်းစားပါ။

၁။ ကုသိုလ်ကံ၊ အကုသိုလ်ကံ။
၂။ ထိုကံများ၏ ကောင်းကျိုး၊ မကောင်းကျိုး။
၃။ ထိုကံများကြောင့် ရောက်ရသည့် ဤဘဝ၊ နောက်ဘဝ။
၄။ နတ်များ၊ ဗြဟ္မာများ။
၅။ ကောင်းမွန်စွာ ကျင့်ကြံ၍ ဈာန်အဘိညာဉ်ရသူ၊ သို့မဟုတ် ရဟန္တာ ဖြစ်သူများ။

အထက်ပါ အချက် ၅-ချက်ကို လေးလေးနက်နက် စဉ်းစားသောအခါ “ရှိနိုင်သည်၊ ရှိထိုက်သည်၊ ရှိရမည်”ဟု အသိဉာဏ်ဖြစ်လျှင် သမ္မာဒိဋ္ဌိတည်း။ ဤ သမ္မာဒိဋ္ဌိကိုပင် “ဒိဋ္ဌိဇုကမ္မ”ဟု လည်းကောင်း၊ “ကမ္မသကတာဉာဏ်”ဟု လည်းကောင်း ခေါ်၏။ ကမ္မ=ကံ+သက=ကိုယ့်ဥစ္စာ+တာ= ဖြစ်ပုံကို+ဉာဏ်= သိခြင်း။ မိမိပြုသော ကုသိုလ်ကံ အကုသိုလ်ကံသာလျှင် မိမိနောက်သို့ လိုက်ပါသော ကိုယ်ပိုင်ဥစ္စာ ဖြစ်ပေသည်ဟု သိတတ်သော ဉာဏ်ကို “ကမ္မသကတာ ဉာဏ်”ဟု ခေါ်သည်။]

ထို ပြခဲ့သော အချက် ၅-ချက်ကို လေးနက်စွာ စဉ်းစားသောအခါ “မရှိနိုင်၊ မရှိထိုက်”ဟု ယူနေလျှင် မိစ္ဆာဒိဋ္ဌိ ဖြစ်တော့၏။ ထိုသို့ “ကံ ကံ၏ အကျိုးမရှိ”ဟု ယူသော မိစ္ဆာဒိဋ္ဌိကြောင့်ပင် တိရစ္ဆာန် သတ္တဝါတွေကို ကံကြောင့် ဖြစ်ရသော သတ္တဝါတမျိုးဟု အယူမရှိပဲ ရဲရဲဝံ့ဝံ့ သတ်ဖြတ်နိုင်ကြ၏။ ကံကြောင့် ရောက်ရသော ဤဘဝ၊ နောက်ဘဝ မရှိဟု ယူသောကြောင့်ပင် ကမ္ဘာလောကနှင့် သတ္တဝါတွေကို တစုံတဦးသော တန်ခိုးရှင်က ဖန်ဆင်းထား သည်ဟု အယူရှိကြသည်။ “ငါတို့၏ ဗုဒ္ဓရှင်တော်ကို ရာဇဝင်နှင့် တကွ ထင်ရှား သိရသကဲ့သို့၊ ထိုတန်ခိုးရှင် ဆိုသော ပုဂ္ဂိုလ်ကို ယခု လူတို့ သိနိုင်ကြ ပါ၏လော။”

ဗုဒ္ဓဘာသာဝင် ဖြစ်မှု

ဒိဋ္ဌိဇုကမ္မကို သမ္မာဒိဋ္ဌိဟု ဆိုခဲ့ပြီ။ ထိုသမ္မာဒိဋ္ဌိ အယူရှိကြသူတိုင်းလည်း ဗုဒ္ဓဘာသာဝင် မဟုတ်နိုင်သေး။ ဟိန္ဒူလူမျိုးတို့သည် ကံ ကံ၏ အကျိုးကို ယုံကြည်ကြပေ၏။ သို့သော် ဗုဒ္ဓ ဘာသာဝင်များ မဟုတ်ကြ။ ဘုရား တရား သံဃာကို ယုံကြည်၍ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃ သရဏံ ဂစ္ဆာမိ”ဟု ပါဠိလို ဖြစ်စေ၊ “ဘုရား ကိုးကွယ်ပါ၏ တရား ကိုးကွယ်ပါ၏၊ သံဃာ ကိုးကွယ်ပါ၏”ဟု မြန်မာလို ဖြစ်စေ ရွတ်ဆိုမှသာ “ဗုဒ္ဓဘာသာဝင်ဖြစ်သူ-သရဏဂုံတည်သူ”ဟု ခေါ်နိုင်သည်။ ဤသို့ ရတနာ ၃-ပါးကို ကိုးကွယ်ရာတွင် ဂုဏ်ကို မသိပဲ (ကလေးများကဲ့သို့ မိရိုးဖလာ ယုံကြည်ရုံသာ ယုံကြည်၍ ကိုးကွယ်လျှင်လည်း ဗုဒ္ဓဘာသာဝင် ဖြစ်နိုင်ပေသည်သာ။ [ရတနာ ၃-ပါး၏ ဂုဏ်တော်နှင့် သရဏဂုံ အဓိပ္ပါယ်များကို ရတနာ့ဂုဏ်ရည်၌ ရေးသားထားပြီ။]

ဒိဋ္ဌိဇုကမ္မဖြစ်ဖို့ အချက်များ

သမ္မာဒိဋ္ဌိဟုလည်းကောင်း၊ ကမ္မဿကတာဉာဏ်ဟုလည်းကောင်း ခေါ်အပ်သော ဤ ဒိဋ္ဌိဇုကမ္မ ကုသိုလ်သည် ကံ ကံ၏အကျိုး၊ “ဤဘဝ နောက်ဘဝ စသည်များကို မိမိဘာသာ စဉ်းစား ကြံစည်နေသော အခါလည်း ဖြစ်၏။ ဒါန ပြုခါနီး၊ သီလ ဆောက်တည်ခါနီးဝယ် “ဤဒါန...ဤ သီလသည် ကုသိုလ်ကံတည်း၊ ဤကုသိုလ်ကံသည် နောက်နောင် ဘဝတို့၌ ကောင်းကျိုး ချမ်းသာကို ပေးနိုင်သည်”ဟု သတိရသော အခါ၌လည်း ဤ ဒိဋ္ဌိဇုကမ္မ ကုသိုလ် ဖြစ်၏။ ကံ ကံ၏ အကျိုးကို ယုံယုံကြည်ကြည်နှင့် ဒါန သီလ စသော ကုသိုလ်များကို ပြုခိုက်မှာလည်း ဤ ဒိဋ္ဌိဇုကမ္မ ကုသိုလ် ဖြစ်၏။ မည်သည့်ကုသိုလ်မဆို ဤဒိဋ္ဌိဇုကမ္မ ကုသိုလ်ပါမှ သာ၍ အကျိုးကြီးသည်။-

ပုညကြိယာ ၄၀

ဤပြခဲ့သော ဒါန စသည်ကို ကိုယ်တိုင် ပြုမှသာ ကုသိုလ် ဖြစ်သည် မဟုတ်၊ သူတပါးကို ပြုဖို့ရန် တိုက်ရိုက်ခိုင်းခြင်း၊ ပြုချင်လာအောင် ဂုဏ်ကျေးဇူးကို ပြောပြခြင်း၊ သူတပါးပြုနေသည်ကို မြင်ရကြားရ၍ ဝမ်းမြောက်ခြင်းများလည်း ကုသိုလ်ဖြစ်သည်။ ထို့ကြောင့် ပုညကြိယ ဝတ္ထု ၁၀-ပါးကို တည် ... ၁-ကိုယ်တိုင်ပြုခြင်း၊ ၂-ပြုဖို့ရန် စေခိုင်းခြင်း၊ ၃-ဂုဏ်ကို ပြောပြခြင်း၊ ၄-ဝမ်းမြောက်ခြင်း ဤလေးပါးဖြင့် မြှောက်လျှင် ပုညကြိယဝတ္ထု ၄၀-ဖြစ်၏

[ဆောင်] ကောင်းမှုဆယ်ခိုင်၊ အရင်း ကိုင်၍၊ ကိုယ်တိုင်ပြုငြား၊ သူများခိုင်းတုံ၊ ဂုဏ်ကို ပြောပြ၊ ဝမ်းမြောက်ကလျှင်၊ လေးဆယ်တွင်၊ မြှောက်တင် ပုည ဝတ္ထုတည်း။

နိဂုံး

ဤမျှသော စကားအစဉ်ဖြင့် စိတ်ကောင်း စေတနာကောင်း ထား၍ ပြုရသော ပုညကြိယ ဝတ္ထုများ ပြီးပြီ။ ဤပုညကြိယ ဝတ္ထုများကို ထင်ထင်ရှားရှား ရေးသားရကြောင်း ကောင်းမှု ပဋိပတ် အကျင့်မြတ်ကြောင့် ဤကျမ်းကို ကြည့်ရှုသူတိုင်း ပုညကြိယ ဝတ္ထုများကို ပြုလိုသော စိတ်ဆန္ဒ ရှေးကထက် တိုးတက်ပါစေ။ ငါနှင့် စပ်ဆိုင်သူ ဟူသမျှလည်း ဤ ကောင်းမှု ၁၀-ပါးကို နိဗ္ဗာန်အထိ ခေါ်၍ ပျော်ပျော်ကြီး ကြိုးစားကြပါစေ။

ငါ၏အတွက်ကား ဒါန သီလ ဘာဝနာကို အခြေတည်လျက် ရွှေပြည်နိဗ္ဗာန် ရောက်ရန်ကောင်းမှု အစုစုကို ပြုတိုင်းပြုတိုင်း ယုတ်ဆိုင်း တွန့်တိုသော စိတ်များကို ဖယ်ရှား၍ ထက်မြက်သော သဒ္ဓါ ဝီရိယ သမာဓိနှင့် သတိ ပညာ ဗိုလ်ငါးဖြာတို့ ကောင်းစွာ အုပ်စည်းလျက် အပြီးတိုင် ကျင့်နိုင်ပါစေ။

ကောင်းမှုဆယ်လီ၊ နှစ်အဆီကို၊ ပြီပြီသသ၊ ရေးစီရသည့်၊ ပုညမြင့်ဖူး၊ အကျင့်ထူးကြောင့်၊ ကြည်နူးရွှမ်းအိ၊ ဂွမ်းဆီထိသို့၊ ပီတိဝေဖြာ၊ စေတနာဖြင့်၊ တေဇော ဆင့်ဆင့်၊ ကောင်းရာချင့်၍၊ ကောင်းကျင့်တရား၊ ကောင်းအောင်ပွားလျက်။ ကောင်းစားကြစေ၊ ငါ့အနေမူ၊ ဘဝေ ဘဝ၊ ဖြစ်သမျှ၌၊ ပုညဆယ်ဆင့်၊ ကုန်အောင်ကျင့်သား၊ ငါနှင့်ရင်းသူ၊ အတွင်းလူလည်း၊ ဝင်းဖြူဆယ်တန်၊ ကုန်ကျင့်ကြံသည်၊ နိဗ္ဗာန်ထုတ်ချောက် ရောက်ရန်သောဝ်။

ပုညကြိယ ဝတ္ထု ၁၀-ပါး ပြီးပြီ။