ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ by အရှင်ဇနကာဘိဝံသ
စတုတ္ထအခန်း သညာ အကြောင်း

သညာ အကြောင်း

မှတ်သားခြင်း သဘောသည် သညာတည်း။ ထို့ကြောင့် “မှတ်-သညာ တည်း”ဟု ဆိုခဲ့သည်။ ဤမှတ်သားပုံသည် အသိဉာဏ်နည်းပါးသူ၊ ဗဟုသုတ နည်းပါးသူများ၌ ထင်ရှား၏။ ငယ်ရွယ်သော ကလေးကို ဆွေမျိုးများက “ဟောဒီ လူက အဖေ၊ ဟောဒီ လူက အမေ”ဟု ပြကြ၏။ ကလေးက ထိုသူများကို “အဖေ....အမေ”ဟု မှတ်လိုက်၏။ လေယာဉ်ပျံကို ပထမ စ၍ မြင်ရာ၌ “အတောင်က ဘယ်နည်း၊ အမြီးက ဘယ်လို၊ အထည်ကိုယ်က ဘယ်ပုံ”ဟု မှတ်လိုက်၏။ မရောက်ဖူးသောအရပ်ကို ရောက်သွားသော အခါ၌လည်း အထူးအဆန်းဟူသမျှကို မှတ်၏။ ဤသို့ သညာ၏ မှတ်သားမှုတွေ များစွာ ရှိပေသည်။

မှတ်ခြင်း၌ အကျိုး ၂-မျိုး

သညာ၏ မှတ်သားမှု၌ အကျိုး ၂-မျိုး ရ၏။ ဆွေမျိုးများက ကလေးအား “ဤသူဟာ အဖေ”ဟု ပြသောအခါ ကလေး၏ သညာက မှတ်သားသည့်အတွက် ထိုခဏ၌ အဖေမှန်းသိရခြင်း အကျိုး၊ နောင်အခါ “ဤသူဟာ အဖေပဲ”ဟု မှတ်မိခြင်းအကျိုး ၂-မျိုးရသည်။

မှန်မှန်မှားမှား မှတ်ပုံ

သညာသည် ပညာကဲ့သို့ အမှန်ကိုချည်းသိသည် မဟုတ်၊ အမှား များကိုလည်း မှတ်၏။ အမှန်ကိုလည်းမှတ်၏။ တစ္ဆေခြောက်သူသည် ညဉ့်မှောင်မိုက်တွင် ထန်းပင်ငုတ်ကို တစ္ဆေဟု မှတ်ထင်ရာ၌ အမှားကိုမှတ်ခြင်းဖြစ်၏။ မှားယွင်းသော တရားတွေကို တရားမှန်ဟု ထင်မှတ်ကြ ရာ၌လည်း ဒိဋ္ဌိသာမက ဤမှားသောသညာလည်း ပါဝင်၏။ မှားသောအရာ၌ သညာအမှတ် ကြပ်ကြပ်စွဲနေပြီးဖြစ်သူကို အမှန်သိအောင်ပြုပြင်ဖို့ ခဲယဉ်းလှ၏။

သညာနယ်ကျယ်ပုံ

အမှားကို အမှန်ဟု မှတ်ထင်နေသော သညာသည် လွန်စွာပင် နယ်ကျယ်၏။ သံသရာဝယ် ကြာရှည်စွာ ကျင်လည်နေရာ၌ အဝိဇ္ဇာတဏှာအတွက်သာမက ဤသညာ၏ အမှတ်လွဲမှုလည်း ပါဝင်လေသည်။ ထင်ရှားစေအံ့မစင်ကို လူတို့က စက်ဆုပ်ဖွယ်ဟု အမှန် အတိုင်း မှတ်ထား၏။ ပိုးလောက်တို့ကား အလွန်ကောင်းသော အာဟာရဟု မှတ်ထင်လေသည်။ ခွေးသေပုပ်ကို လင်းတတို့ ထင်မှတ်ရာ၌လည်း ဤနည်း ပင်တည်း။

ဘုရား ရဟန္တာတို့က ကာမဂုဏ် အာရုံတွေကို စက်ဆုပ်ဖွယ်ဟု အမှန်အတိုင်း မှတ်ထင်တော်မူကြ၏။ “ဟီနော-အယုတ်တမာတည်း။ ဂမ္မော-ရွာသူရွာသားတို့ ဥစ္စာတည်း။ ပေါထုဇ္ဇနိကော-မဖြုစင် မသန့်ရှင်းသော ပုထုဇဉ်တို့ဟာတည်း။ အနရိယော-ဖြူစင်သူတို့၏ ဥစ္စာ မဟုတ်။ အနတ္ထသံဟိတော-ကောင်းကျိုးနှင့် မစပ်”ဟု ပြတ်ပြတ်သားသား ရှုတ်ချကဲ့ရဲတော်မူ၏။ သို့သော် လူအများကား ထိုတရားတို့ကို နားမဝင်ပဲ ကာမဂုဏ် အာရုံတွေကို မရမနေ ရှာဖွေကြ တုန်းပင် ဖြစ်၏။ ဤသို့လျှင် သညာ၏ အမှတ်မှားမှုကြောင့် သံသရာတွင် ကြာရှည်စွာ ကျင်လည်ကြရလေသည်။

သညာက သတိဟန်ဆောင်ပုံ

ကုသိုလ်ဆိုင်ရာကိုပြန်၍ အမှတ်ရနေရာ၌ သတိသဘောလည်း ပါ၏။ ကောင်းသော သညာသဘောလည်း ပါ၏။ သတိအစစ် မှန်လျှင် ကုသိုလ်ကောင်းမှု ဆိုင်ရာ၌သာ ဖြစ်၏။ “ငယ်ကချစ် အနှစ်တရာမမေ့သာ၊ ငယ်ကပေါင်း အနှစ်တသောင်းမမေ့ကောင်း”ဟု ဆိုကြသော မမေ့နိုင်မှာ အကုသိုလ်ဆိုင်ရာဖြစ်၍ သတိအစစ် မဟုတ်၊ သတိကဲ့သို့ အမှတ်အသားကောင်းသော ဤသညာပင် ဖြစ်၏။ ဤသို့ စသည်ဖြင့် သတိအခန်း၌ ပြခဲ့သော သတိအတုကို ပြန်ကြည့်ပါ။