ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝိတက် အကြောင်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ by အရှင်ဇနကာဘိဝံသ
စတုတ္ထအခန်း ဝိတက် အကြောင်း

ဝိတက် အကြောင်း

ကြံစည်ခြင်း သဘောသည် ဝိတက်တည်း။ ထို့ကြောင့် “ထိုထိုကြံစည်။ ဝိတက်မည်ရှင့်”ဟု ဆိုခဲ့သည်။ ဤကြံစည်ခြင်းကို “စိတ်ကူးခြင်း-စဉ်းစားခြင်း” ဟုလည်း ခေါ်ကြသည်။ ဤဝိတက်သည် ကာမဝိတက် ဗျာပါဒဝိတက် ဝိဟိံသာ ဝိတက်ဟု မကောင်းဝိတက် ၃-မျိုး၊ နေက္ခမ္မဝိတက် အဗျာပါဒဝိတက် အဝိဟိံသာဝိတက်ဟု အကောင်းဝိတက် ၃-မျိုးအားဖြင့် ၆-မျိုး ပြား၏။

ကာမဝိတက်နှင့် နေက္ခမ္မဝိတက်

ရူပါရုံ သဒ္ဒါရုံ စသော ကာမဂုဏ် အကြောင်းအရာ ကာမဂုဏ် အမှု ကိစ္စစုတို့ကို ကြံစည် စိတ်ကူးခြင်း၊ ပစ္စည်း ဥစ္စာ ရှာဖွေမှုကို ကြံစည်စိတ်ကူးခြင်း စသော လောဘနှင့် မကင်းသော ကြံစည် စိတ်ကူးခြင်း ဟူသမျှကို “ကာမဝိတက်”ဟု ခေါ်သည်။ တောထွက်ဖို့၊ ရသေ့ရဟန်းပြုဖို့၊ လှူဒါန်းဖို့၊ ဥပုသ်သီလ ဆောက်တည်နေဖို့၊ တရားအားထုတ်ဖို့ စသော လောဘတဏှာမှ လွတ်ကင်းသော ကြံစည် စိတ်ကူးခြင်းကို “နေက္ခမ္မဝိတက်”ဟု ခေါ်သည်။

ဗျာပါဒနှင့် အဗျာပါဒဝိတက်

ဗျာပါဒဟူသည် သူတပါးကို ပျက်စီးစေလို သေစေလိုသော ဒေါသတည်း။ ထိုဒေါသနှင့်ယှဉ်သော အကြံကို “ဗျာပါဒ ဝိတက်”ဟု ခေါ်၏။ အဗျာပါဒ ဟူသည် ဒေါသနှင့် ဆန့်ကျင်ဘက် ဖြစ်သော မေတ္တာတည်း။ ထိုမေတ္တာနှင့် စပ်ယှဉ်သော အကြံ (သတ္တဝါများကို ချမ်းသာစေလို ချမ်းသာအောင် ပြုလုပ်လိုသော အကြံ)များကို “အဗျာပါဒဝိတက်”ဟု ခေါ်သည်။

ဝိဟိံသာနှင့် အဝိဟိံသာဝိတက်

ဝိဟိံသာ ဟူသည် သူတပါးကို ညှဉ်းဆဲလို နှိပ်စက်လိုသောဒေါသတည်း။ ထိုဒေါသနှင့် ယှဉ်၍ ရိုက်ပုတ် သတ်ဖြတ်ဖို့ရန် ကြံစည်ခြင်း၊ တနည်းနည်းဖြင့် ဆင်းရဲ ဒုက္ခ ရောက်သွားအောင် ကြံစည်ခြင်းများကို “ဝိဟိံသာဝိတက်”ဟု ခေါ်၏။ အဝိဟိံသာ ဟူသည် ထိုဝိဟိံသာ (ဒေါသ၏) ဆန့်ကျင်ဘက်ဖြစ်သော ကရုဏာတည်း။ ထိုကရုဏာနှင့်ယှဉ်၍ ဒုက္ခိတ သတ္တဝါများကို ဒုက္ခမှ ကယ်ဆယ်ဖို့ရန် ကြံစည် စိတ်ကူးခြင်း၊ တနည်းနည်းအားဖြင့် ဒုက္ခမှ လွတ်ကင်းအောင်ပြုရန် ကြံစည်ခြင်းကို “အဝိဟိံသာဝိတက်”ဟု ခေါ်၏။ မကောင်းသော ဝိတက်များကို ရှောင်ရှား၍ ကောင်းသော ဝိတက် ၃-ပါးကိုသာ ဖြစ်စေကြပါကုန်။