ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/မနသိကာရ အကြောင်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ by အရှင်ဇနကာဘိဝံသ
စတုတ္ထအခန်း မနသိကာရ အကြောင်း

မနသိကာရ အကြောင်း

နှလုံးသွင်းခြင်း သဘောသည် မနသိကာရ မည်၏။ ထို့ကြောင့် “နှလုံးသွင်းကို မနသိ ဆို၏”ဟု ဆိုခဲ့သည်။ “နှလုံး+သွင်း” ဟူရာ၌ စိတ်ကို “နှလုံး”ဟု ခေါ်၏။ ဤ စိတ်နှလုံး အတွင်းသို့ အာရုံတခုခု ပေါ်ထင်အောင် (သွင်းပေးသကဲ့သို့) ပြုပေးခြင်းကို နှလုံး+သွင်း”ဟု ခေါ်သည်။ အမှန်အားဖြင့် ဤ မနသိကာရသည် စိတ်ထဲတွင် အာရုံဝင်လာအောင် ဆွဲဆောင် သွင်းနိုင်သည် မဟုတ်။ သို့ရာတွင် မနသိကာရ၏ အစွမ်းကြောင့် အာရုံတခုခု အမြဲရလျက်ရှိရကား ဤ မနသိကာရသည်ပင် အာရုံကို ရအောင် ဆောင်ယူ သွင်းပေးသကဲ့သို့ တင်စား၍ ပြောဆိုရပေသည်။

စေတသိက် ၇-ပါး စိတ်ဖြစ်တိုင်းပါပုံ

စိတ်တခုခုဖြစ်ရာ၌ အာရုံကိုထိမှု “ဖဿ”နှင့်“မနသိကာရ” တိုင်အောင် စေတသိက် ၇-ပါးကို အမြဲပါကြရသည်။ လောဘ ဒေါသ သဒ္ဓါ သတိ စသည်တို့ကား သူတို့ဆိုင်ရာ အာရုံကို ယူသောအခါ၌သာ အပို ပါဝင်လာကြသည်။ ထိုရ-ပါးတွင် တစုံ တခုကို ခံစားနေသောအခါ ဝေဒနာသည် သတ္တိထင်ရှား၍ တစုံတခုကို မှတ်နေသောအခါ သညာသည် သတ္တိထင်ရှား၏။ ကံတခုကို ပြုနေသောအခါ စေတနာသည် သတ္တိထင်ရှား၍ အာရုံတခုခုကို စူးစိုက်သောအခါ ဧကဂ္ဂတာ ခေါ်သော သမာဓိက သတ္တိထင်ရှား၏။ ကြွင်းသော ဖဿ ဇီဝိတိန္ဒြေ မနသိကာရ ၃-ပါးတို့ကား ဘယ်အခါမျှ သတ္တိ မထင်ရှားလှချေ။