ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ပီတိ အကြောင်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ by အရှင်ဇနကာဘိဝံသ
စတုတ္ထအခန်း ပီတိ အကြောင်း

ပီတိ အကြောင်း

အာရုံတခုခုကို နှစ်သက် အားရ သဘောကျ နေခြင်းသည် ပီတိတည်း။ ထို့ကြောင့် “အားရနှစ်သက်၊ ပီတိဆက်၍”ဟု ဆိုခဲ့သည်။ ဤပီတိသည် သုခဝေဒနာကဲ့သို့ ခံစားခြင်း မဟုတ်။ နှစ်သက်အားရခြင်း၊ သဘောကျခြင်းသာ ဖြစ်သည်။ ရေငတ်သူသည် ရေရှိကြောင်းကို ကြားရ၊ ရေကို မြင်ရသောအခါ နှစ်သက်၏၊ ပီတိဖြစ်၏။ ရေကိုသောက်ရသောအခါ သုခဝေဒနာ ဖြစ်သည်။

မိမိချစ်သူကို မြင်ရသည်ဖြစ်စေ၊ စကားအတူပြောနေရသည်ဖြစ်စေ၊ သီချင်း သံကို ကြားရသည်ဖြစ်စေ၊ တရားသံကို ကြားရသည်ဖြစ်စေ ကြက်သီးထလာအောင် နှစ်သက်ခြင်း ဖြစ်၏။ ထိုနှစ်သက်မှုသည် ပီတိပင်တည်း။ ရှေးတုန်းက အမျိုးသမီးတယောက်သည် တောင်ပေါ်က ဘုရားပွဲတော်အချိန်မှာ ကိုယ်လေး လက်ဝန် ရှိနေသောကြောင့် ဘုရားပွဲမလိုက်ရသဖြင့် မိမိအိမ်မှနေ၍ တောင်ပေါ် ဘုရားကို ဖူးမြော်ယင်း ဖူးမြော်ယင်း အလွန်အမင်း နှစ်သက်ရကား ထိုပီတိအဟုန်ကြောင့် တကိုယ်လုံး မြောက်ပြီးလျှင် ဘုရားယင်ပြင်တော်သို့ ရောက်မှန်းမသိ ရောက်သွားဖူးသတဲ့။

ကုသိုလ်ကောင်းမှု တခုခုကို ပြုနေစဉ် (အလှူပေးနေစဉ်) မိမိလှူဖွယ်များကို ကြည့်၍ လည်းကောင်း၊ စားကြ သောက်ကြသည်ကို ကြည့်၍ လည်းကောင်း ဤပီတိများ ဖြစ်တတ်၏။ တခါတရံ ထိုကဲ့သို့ ပီတိအရင်းခံ၍ အပြင်းအထန် နှစ်သက်လေရာ တဏှာမကင်းသော သောမနဿလည်း ဖြစ်တတ်၏။ ထိုအခါ မျက်နှာလည်း တပြုံးပြုံး တကိုယ်လုံးလည်း တရွရွ တကြွကြွနှင့် ဖြစ်နေတတ်လေသည်။ ကျန်းမာရေး ပညာရေး စီးပွားရေးများ၌ ဝီရိယ သန်သန်ဖြင့် မှန်မှန်ကြီး လိုက်စားသူတို့သည် တနေ့နေ့၌မိမိ ရည်ရွယ်သလောက် အကျိုးရ၏။ ထိုအခါ မိမိ အလုပ်များကို ကြည့်၍ ပီတိဖြစ်နေတတ်လေသည်။

ဘုရားရှင် ကိုယ်တော်မြတ်သည်ပင် မဟာဗောဓိ ပလ္လင်တော်မှ ထတော်မူ ပြီးနောက် ကိလေသာ အားလုံးကို သတ်ဖြတ်၍ ဘုရားဖြစ်တော်မူရာ မဟာဗောဓိမဏ္ဍိုင် အရပ်ကို ကျေနပ်သော လက္ခဏာ လွန်စွာ နှစ်သက်သော ပီတိဖြင့် ၇-ရက်လုံး မမှိတ်ပဲ ကြည့်တော်မူပါသည်။ တရားအားထုတ်ကြသော ယောဂီ ပုဂ္ဂိုလ်များလည်း တရားကို သဘောကျ၍ ထိုင်ရာမှ မထချင်အောင် ပီတိက ဆွဲဆောင်ထားတတ်ပေသည်။ ဤသို့လျှင် ဝီရိယရှင်တို့၌ မြင့်မြတ်သော ပီတိများလည်း များစွာဖြစ်ခွင့်ရှိသည်။