ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/စေတနာ အကြောင်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ by အရှင်ဇနကာဘိဝံသ
စတုတ္ထအခန်း စေတနာ အကြောင်း

စေတနာ အကြောင်း

မိမိနှင့် အတူဖြစ်ကြသော စိတ်စေတသိက်များကို စေ့ဆော်ခြင်းသည် စေတနာတည်း။ ထို့ကြောင့် “စေတနာတွက်၊ စေ့ဆော်ချက်နှင့်”ဟု ဆိုခဲ့သည်။ ထင်ရှားစေဦးအံ့-အာရုံတခုကို စိတ်က ယူရာ၌ ဖဿ က ထိုအာရုံကို ထိ၏။ ဝေဒနာက ခံစား၏။ သညာက မှတ်၏။ ဤသို့ စသည်ဖြင့် နောက်၌ပြမည့် ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြေ၊ မနသိကာရတို့လည်း ဆိုင်ရာ တာဝန်ကို ရွက်ဆောင်လျက် စိတ်နှင့် တပြိုင်နက် ဖြစ်ကြသည်။ လောဘ ဒေါသ စသော မကောင်း တရား၊ သဒ္ဓါ သတိ စသော ကောင်းသော တရားများလည်း စိတ်က အာရုံကို ယူရာတွင် ပါဝင်ကြသည်။

ထိုသို့ ဆိုင်ရာ ယှဉ်ဘက် စေတသိက်များနှင့်အတူ စိတ်က အာရုံကို ယူရာ၌ မည်သည့်စေတသိက်မျှ နောက်ချန်၍ မနေရစ်ရ။ မည်သည့်စေတသိက်လည်း မိမိတာဝန်ကို မလစ်လပ်စေရ။ အားလုံး စေတသိက်များသည် စိတ်နှင့်အတူ အာရုံကို စေစေ့စပ်စပ် ကပ်နေသလိုဖြစ်အောင် ယူကြရ၏။ ထိုသို့ အာရုံနှင့်စိတ် စေတသိက်တို့ စေ့စပ်မိအောင် နှိုးဆော်သော တရားကား အခြား မဟုတ်၊ ဤ စေတနာပင်တည်း။ ထို့ကြောင့် “စေတနာတွက်၊ စေ့ဆော်ချက်နှင့်”ဟု ဆိုခဲ့သည်။

ထပ်မံ၍ ပြဦးမည်ဆိုင်ရာစေတသိက်များနှင့်အတူ စိတ်က အာရုံကိုယူရာ၌ မည်သည့်တရားမျှ နောက်ချန်၍ မဖြစ်ရကား အတူဖြစ်ကြရသော စေတသိက် များနှင့် စိတ်ကို အပေါင်းအဖော်တစု (အသင်းတခု)ဟု သဘောထားပါ။ ထိုအသင်း၌ စိတ်သည် ခေါင်းဆောင် ဥက္ကဋ္ဌ၊ စေတနာကား အကျိုးဆောင်တည်း။ ရိုးရိုးအသင်းများ၌ အကျိုးဆောင်သည် အလွန် ဗျာပါရ များ၏။ အသင်းသားများကိုလည်း ဆိုင်ရာကိစ္စ၌ မလစ်လပ်ရအောင် ဆော်ဩရ၊ မိမိ ကိုယ်တိုင်လည်း အသင်းကိစ္စကို ကြိုးစား၍ လုပ်ရလေသည်။

ထို့ကြောင့် အကျိုးဆောင်မှာ အခြားသော အသင်းသားတို့ထက် ၂-ဆ လောက် တာဝန်ကြီး၏။ ထို့အတူ စေတနာလည်း အခြား စိတ်စေတသိက်များကို ဆိုင်ရာကိစ္စ၌ မလစ်လပ်စေပဲ အာရုံနှင့်စေ့စပ် ကပ်နေသကဲ့သို့ ဖြစ်အောင်လည်း ဗျာပါရ များရ၏။ မိမိကိုယ်တိုင်လည်း မိမိကိစ္စကို ဆောင်ရွက်ရသည်။ စစ်တိုက်ရာတွင် စစ်ဗိုလ်လုပ်သူတို့ ဗျာပါရ များပုံကိုလည်း ဥပမာ ပြုပါ။ ထို့ကြောင့် ကိစ္စတခုပြုလုပ်ရာ၌ စေတနာက ညံ့နေလျှင် စိတ်လည်း မပါ့တပါ ဖြစ်၏။ အခြား စေတသိက်များလည်း ညံ့ကြသည်။ စေတနာ ထက်သန်နေလျှင် စိတ်စေတသိက်များလည်း ထက်သန်လာကြ၏။ စိတ်ရော စေတသိက်ပါ ထက်သန်ကြသဖြင့် ခန္ဓာကိုယ်လည်း ထိုကိစ္စအတွက် သွက်လက်လာလေသည်။ ဤသို့လျှင် မည်သည့်အာရုံမဆို အာရုံကိုယူရာတိုင်း၌ စေတနာသာ အချုပ်အခြာ အခယာ ဖြစ်ပေသည်။