ကိသာဂေါတမီဝတ္ထု

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး သဟဿဝဂ် by အရှင်ဓမ္မဿာမီဘိဝံသ
၁၃။ ကိသာဂေါတမီဝတ္ထု

၁၃။ ကိသာဂေါတမီထေရီမဝတ္ထု

ယော စ ဝဿသတံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကိသာဂေါတမီ ထေရီမကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မီးသွေးမှ ရွှေငွေဖြစ်သော သတို့သမီးဘုန်းကံ

သာဝတ္ထိပြည်၌ တစ်ယောက်သောသူဌေး၏အိမ်တွင် ကုဋေလေးဆယ်သောဥစ္စာသည် မီးသွေးချည်းသာဖြစ်၍ တည်လေသတတ်။ သူဌေးကြီးသည် ထိုမီးသွေးကိုမြင်ရလျှင် စိုးရိမ်ခြင်းဖြစ်လှသောကြောင့် အာဟာရကိုပယ်၍ ညောင်စောင်း၌ လျောင်းစက်လေ၏။ ထိုသူဌေး၏ အဆွေခင်ပွန်းတစ်ယောက်သည် အိမ်သို့လာ၍ “အချင်း- အဘယ့်ကြောင့် စိုးရိမ်ရသနည်း”ဟု မေးလတ်သဖြင့် ထိုအကြောင်းကို ကြားရသည်ရှိသော် “အချင်း- မစိုးရိမ်လင့်၊ ငါကား တစ်ခုသောအကြောင်းကို သိ၏။ ထိုအကြောင်းကို ပြုလော့”ဟု ဆိုလေ၏။ “အချင်း- အဘယ်ကို ပြုရမည်နည်း”ဟု မေးလျှင် “မိမိ၏အိမ်ဈေး၌ (ဈေးဆိုင်၌) ဖျာကို ဖြန့်ခင်း၍ ထိုဖျာပေါ်၌ မီးသွေးတို့ကို အစုအပုံပြုလုပ်ပြီးလျှင် ရောင်းသကဲ့သို့ ထိုင်နေချေလော့၊ လာကုန်,လာကုန်သော လူတို့တွင် အကြင်သူတို့သည် “သင်မှ ကြွင်းသော အခြားသော ဈေးသည်တို့ကား အဝတ်, ဆီ, ပျား, တင်လဲ စသည်တို့ကို ရောင်းကြကုန်၏။ သင်သည်ကား မီးသွေးကို ရောင်းလျက် ထိုင်နေဘိ၏”ဟု ဆိုကြကုန်၏၊ ထိုလူတို့ကို “မိမိဥစ္စာကို မိမိမရောင်းသည်ရှိသော် အဘယ်အမှု ပြုရအံ့နည်း”ဟု ဆိုရာ၏။ အကြင်လူသည်ကား သင့်ကို “ကြွင်းသော ဈေးသည်တို့သည်ကား အဝတ်,ဆီ,ပျား,တင်လဲ စသည်တို့ကို ရောင်းကြကုန်၏၊ သင်သည်ကား ရွှေငွေကိုရောင်းလျက် ထိုင်နေဘိ၏”ဟု ဆို၏၊ ထိုလူကို “ရွှေငွေအဘယ်မှာနည်း”ဟု ဆိုရာ၏၊ “ဤဥစ္စာတည်း”ဟု ဆိုလတ်သော် “ထိုရွှေငွေကို ဆောင်ခဲ့ကြပါလော့ (ယူပေးကြပါလော့)”ဟု ဆို၍ လက်တို့ဖြင့် ခံယူရာ၏၊ ဤသို့ပေးအပ်သည်ရှိသော် သင်၏လက်၌ ရွှေငွေဖြစ်လတ္တံ့။”

“ထိုသူကား အကယ်၍ သတို့သမီးဖြစ်အံ့၊ သင်၏အိမ်၌ သားအလို့ငှာ ထိုသတို့သမီးကိုဆောင်ယူ၍ ကုဋေလေးဆယ်သော ဥစ္စာတို့ကို သတို့သမီးအား အပ်နှင်းပြီးလျှင် သတို့သမီးက ပေးသည်ကိုသာ သုံးဆောင်ရာ၏၊ အကယ်၍ သတို့သားဖြစ်အံ့၊ သင့်အိမ်၌ အရွယ်ရောက်သောသမီးကို နှင်းပြီးလျှင် ထိုသတို့သားအားပေး၍ ကုဋေလေးဆယ်သောဥစ္စာကို အပ်နှင်းပြီးလျှင် ထိုသတို့သားက ပေးသည်ကိုသာ သုံးဆောင်ရာ၏”ဟု ဆိုလေ၏။ “ထိုအကြောင်းကား ကောင်း၏”ဟု နှစ်သက်သဖြင့် မိမိ၏အိမ်ဈေး၌ မီးသွေးအစုအပုံကိုပြု၍ ရောင်းသကဲ့သို့ ထိုင်နေလေ၏။ အကြင်လူတို့သည် ထိုသူဌေးကြီးကို “ကြွင်းသော ဈေးသည်တို့ကား အဝတ်, ဆီ, ပျား, တင်လဲ စသည်တို့ကို ရောင်းကြကုန်၏၊ သင်ကား အသို့နည်း၊ မီးသွေးတို့ကို ရောင်းလျက် ထိုင်နေဘိသလော”ဟု ဆိုကြကုန်၏။ ထိုသူတို့အား “မိမိဥစ္စာကို မရောင်းသော် အဘယ်အမှုကို ပြုအံ့နည်း”ဟု စကားတုံ့ပေး၏။ ထိုအခါ ကြုံလှီသော ကိုယ်ရှိသည်အဖြစ်ကြောင့် ကိသာဂေါတမီဟူသော အမည်ဖြင့် ထင်ရှားသော ပျက်စီးလေသော သူဌေးမျိုး၏သမီးဖြစ်သော သတို့သမီးတစ်ယောက်သည် မိမိ၏ တစ်ခုသောကိစ္စကြောင့် အိမ်ဈေးတံခါးသို့ ရောက်သွားပြီးလျှင် ထိုသူဌေးကြီးကိုမြင်လျှင် “ဖခင်သူဌေးမင်း- အသို့ပါနည်း၊ ကြွင်းသောဈေးသည်တို့သည်ကား အဝတ်, ဆီ, ပျား, တင်လဲ စသည်တို့ကို ရောင်းကြကုန်၏၊ သင်ဖခင်သည် ရွှေငွေကို ရောင်းလျက် ထိုင်နေဘိ၏”ဟု ဆိုလေ၏။ “ချစ်သမီး- ရွှေငွေသည် အဘယ်မှာနည်း”ဟု မေးလတ်သော် “အရှင်သူဌေးကြီးသည် ထိုရွှေငွေကိုပင် ကိုင်၍နေသည် မဟုတ်ပါလော”ဟု ဆိုပြန်လေ၏။ “ချစ်သမီး- ထိုရွှေငွေကို ဆောင်ခဲ့ပါလော့၊ ယူပေးပါလော့” ဆိုလတ်သော် ကိသာဂေါတမီသည် လက်အပြည့်ယူ၍ သူဌေးကြီး၏လက်တို့၌ ထား၏။ ထိုဥစ္စာသည် ရွှေငွေသာ ဖြစ်လေသတည်း။

သားသေသဖြင့် ရူးသွပ်ခြင်း

ထိုအခါ ကိသာဂေါတမီကို သူဌေးကြီးသည် “ချစ်သမီး- သင်၏အိမ်သည် အဘယ်အိမ်နည်း”ဟု မေးသဖြင့် “ဤမည်သောအိမ်ပါတည်း”ဟု ဆိုလျှင် ထိုကိသာဂေါတမီ၏ လင်ယောက်ျား မရှိသေးသည့်အဖြစ်ကို သိရ၍ ဥစ္စာကို သိုမှီးပြီးလျှင် ကိသာဂေါတမီကို မိမိသားအလို့ငှာ ဆောင်ယူသဖြင့် ကုဋေလေးဆယ်သောဥစ္စာကို လက်ခံသိမ်းပိုက်စေ၏။ ထိုအလုံးစုံသည်လည်း ရွှေငွေသာလျှင် ဖြစ်လေ၏။ ထိုကိသာဂေါတမီအား တစ်ပါးသော အခါ၌ ကိုယ်ဝန်သန္ဓေ တည်နေလေ၏။ ကိသာဂေါတမီသည် ဆယ်လလွန်သောအခါ သားယောက်ျားကို ဖွားမြင်လေ၏။ ထိုသားငယ်သည် ခြေဖြင့်သွားနိုင်သောအခါ သေလွန်ရှာလေ၏။ ကိသာဂေါတမီသည် သေခြင်းကို ရှေး၌မမြင်ဖူးသည့်အဖြစ်ကြောင့် သေသောသားကို မီးသင်္ဂြိုဟ်ခြင်းငှာ ထုတ်ဆောင်သောသူတို့ကို တားမြစ်၍ “ငါ့သားအလို့ငှာ ဆေးကို မေးမြန်းဦးအံ့”ဟု သေလေပြီးသောသားကို ရင်ခွင်ဖြင့် ပိုက်ချီလျက် “ငါ့သားအလို့ငှာ ဆေးကို သိကြပါသလော”ဟု မေးမြန်းကာ အိမ်စဉ်အတိုင်း သွားလာလှည့်လည်လေ၏။ ထိုအခါ ကိသာဂေါတမီကို လူတို့သည် “အမိ- သင်သည် အရူးဖြစ်ပြီ၊ သေလေပြီးသော သားငယ်၏အလို့ငှာ ဆေးကို မေးမြန်းလျက် လှည့်လည်ဘိ၏”ဟု ပြောဆိုကြကုန်၏။

သားသေကိုကုမည့် သမားရှာပုံ

ကိသာဂေါတမီသည်ကား “မချွတ်ဧကန် ငါ့သားအလို့ငှာ ဆေးသိသော ဆေးသမားကို ရပေလိမ့်မည်”ဟု မှတ်ထင်လျက် သွားလာလှည့်လည်၏။ ထိုအခါ ကိသာဂေါတမီကို ပညာရှိယောက်ျားတစ်ယောက်သည် မြင်ရလျှင် “ဤငါ၏သမီးသည် ရှေးဦးစွာ သားဦးရတနာကို ဖွားမြင်သည်ဖြစ်လတ္တံ့၊ ရှေး၌လည်း သေခြင်းကို မမြင်ဖူးသေးသည်ဖြစ်လတ္တံ့၊ ထို့ကြောင့် ငါသည် ဤကိသာဂေါတမီ၏ မှီခိုအားထားရာဖြစ်ခြင်းငှာ သင့်လျော်၏”ဟု ကြံ၍ “ချစ်သမီး- ငါကား ဆေးကိုမသိ၊ ဆေးသိသော သမားကောင်းကိုကား ငါသိ၏”ဟု ဆိုလေ၏။ “ဖခင်- အဘယ်သူ သိပါသနည်း”ဟု မေးလတ်သော် “ငါ့သမီး- သဗ္ဗညုဘုရားရှင်သည် သိတော်မူ၏။ သွားချေ၊ ထိုဘုရားရှင်ကို မေးလျှောက်လေလော့”ဟု ပြောဆိုလေ၏။ ကိသာဂေါတမီသည်လည်း “သွားပါမည်ဖခင်၊ မေးပါမည်ဖခင်”ဟု ဆို၍ မြတ်စွာဘုရားသို့ချဉ်းကပ်ကာ ရှိခိုးပြီးလျှင် တင့်အပ်လျှောက်ပတ်သောအရပ်၌ နေလျက် “ဘုန်းတော်သခင် ရှင်ပင်ဘုရား- ရှင်တော်မြတ်ဘုရားတို့သည် တပည့်တော်မ၏ သားအလို့ငှာ ဆေးကို သိနားလည်တော်မူကြသောဟူသည် မှန်ပါကုန်သလောဘုရား”ဟု မေးလေ၏။ “သိသည် မှန်၏”ဟု မိန့်တော်မူလျှင် “အဘယ်ဝတ္ထုကိုရခြင်းငှာ သင့်လျော်ပါသနည်းဘုရား”ဟု မေးမြန်းလေ၏။

“လက်ချောင်းဖြင့် ညှပ်၍ယူကာ မုန်ညင်းစေ့ကို ရခြင်းငှာ သင့်လျော်၏”ဟု မိန့်တော်မူလတ်သော် “မြတ်စွာဘုရား- ရပါလိမ့်မည်၊ အဘယ်သူ၏အိမ်၌ ရခြင်းငှာ သင့်လျော်ပါသနည်းဘုရား”ဟု မေးလျှောက်ပြန်လေ၏။ “သားသော်လည်းကောင်း၊ သမီးသော်လည်းကောင်း တစ်စုံတစ်ယောက်မျှ မသေဖူးသောသူ၏အိမ်၌ ရခြင်းငှာ သင့်လျော်၏”ဟု မိန့်တော်မူလတ်သော် ကိသာဂေါတမီသည် “မြတ်စွာဘုရား- ကောင်းလှပါပြီဘုရား”ဟု လျှောက်ထားသဖြင့် ဘုရားရှင်ကိုရှိခိုး၍ သားသေကို ရင်ခွင်ဖြင့် ပိုက်ချီလျက် ရွာသို့ဝင်ပြီးလျှင် ရှေးဦးစွာသော အိမ်၏တံခါး၌ ရပ်လျက် “ဤအိမ်၌ မုန်ညင်းစေ့ ရှိပါသလော၊ မုန်ညင်းစေ့သည် ကျွန်မ၏သားအလို့ငှာ ဆေးဖြစ်ပါသတဲ့”ဟု ပြောဆိုလတ်သဖြင့် “ရှိ၏”ဟုဆိုသော် “ထိုသို့ရှိလျှင် ပေးကြစမ်းပါ”ဟု ဆိုရှာလေ၏။ ထိုသူတို့သည် ဆောင်ယူခဲ့၍ မုန်ညင်းစေ့တို့ကို ပေးအပ်ကုန်သည်ရှိသော် “အမိ- ဤအိမ်၌ သေဖူးသောသားသော်လည်းကောင်း၊ သမီးသော်လည်းကောင်း စိုးစဉ်းမျှ မရှိလေသလော”ဟု မေးပြန်သဖြင့် “ချစ်သမီး- အသို့ဆိုသနည်း၊ အသက်ရှင်ကုန်သော သားသမီးတို့သည် နှစ်ယောက်, သုံးယောက်သာ ဖြစ်ကုန်၏၊ သေသော သားသမီးတို့သည်သာ များကုန်၏”ဟု ဆိုလတ်သော် “ထိုသို့ဖြစ်မူ ထိုမုန်ညင်းစေ့တို့ကို ယူရစ်ကြပါလော့၊ ဤမုန်ညင်းစေ့သည် ကျွန်မ၏ သားအလို့ငှာ ဆေးမဟုတ်”ဟု ဆို၍ တစ်ဖန် ပြန်ပေးခဲ့ရရှာလေ၏။

မုန်ညင်းစေ့ရှာရင်း တရားတွေ့

ဤသို့သောနည်းအားဖြင့် ကိသာဂေါတမီသည် အစမှစ၍ မေးမြန်းကာ လှည့်လည်သွားလေ၏။ ကိသာဂေါတမီသည် တစ်ခုသော အိမ်မှသော်လည်း မုန်ညင်းစေ့တို့ကို မယူမူ၍ ညချမ်းအခါ “ဤအမှုသည် အလွန်ဝန်လေးလှ၏။ ငါသည်သာလျှင် ငါ၏သားသေသည်ဟု အမှတ်သညာကိုပြုမိပေသည်။ အလုံးစုံသောရွာ၌ အသက်ရှင်သောသူတို့ထက် သေသောသူတို့သာ အလွန်များကုန်၏”ဟု ကြံစည်မိလေ၏။ ဤသို့ကြံစည်စဉ် ကိသာဂေါတမီ၏သား၌ ချစ်ခင်သော နူးညံ့သောစိတ်နှလုံးသည် ခက်ထန်သည့်အဖြစ်သို့ ရောက်လေ၏။ ကိသာဂေါတမီသည် တော၌ သားသေကို စွန့်ပစ်ခဲ့၍ မြတ်စွာဘုရား၏ အထံတော်သို့သွား၍ ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သော အရပ်၌ နေလေ၏။ ထိုအခါ ကိသာဂေါတမီကို မြတ်စွာဘုရားသည် “သင်ကား တစ်လက်ဖျစ်မျှကုန်သော မုန်ညင်းစေ့တို့ကို ရအပ်ကုန်၏လော”ဟု မေးတော်မူလေ၏။ “မြတ်စွာဘုရား- မရအပ်ကုန်ပါ၊ ရွာအလုံး၌ အသက်ရှင်သောသူတို့ထက် သေသူတို့သာလျှင် လွန်စွာများကြပါသည်ဘုရား”ဟု လျှောက်လေ၏။ ထိုအခါ ကိသာဂေါတမီကို မြတ်စွာဘုရားသည် “သင်သည်သာလျှင် ငါ၏သား သေသည်ဟု မှတ်ထင်ဘိ၏၊ ဤသေခြင်းကား သတ္တဝါတို့၏ မြဲသောသဘောတည်း။ သေမင်းကြီးသည် အလုံးစုံသော သတ္တဝါတို့ကို အလိုဆန္ဒ မပြည့်စုံကြမီသာလျှင် ပြင်းစွာလာသော ရေအလျဉ်ကဲ့သို့ ဆွဲငင်၍သာ အပါယ်ဟူသောသမုဒ္ဒရာ၌ ထည့်သွင်းပစ်ချတတ်၏”ဟု မိန့်တော်မူ၍ တရားစကား ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

တံ ပုတ္တပသုသမ္မတ္တံ၊ ဗျာသတ္တမနသံ နရံ။
သုတ္တံ ဂါမံ မဟောဃောဝ၊ မစ္စု အာဒါယ ဂစ္ဆတိ။

မဟောဃော၊ ပြင်းစွာလာသော ရေအလျဉ်သည်။ သုတ္တံ၊ အိပ်ပျော်သော။ ဂါမံ၊ ရွာသူရွာသားအပေါင်းကို။ အာဒါယ၊ တိုက်ယူ၍။ ဂစ္ဆတိ ဣဝ၊ သွားသကဲ့သို့။ တထာ၊ ထို့အတူ။ မစ္စု၊ သေမင်းသည်။ ပုတ္တပသုသမ္မတ္တံ၊ သားသမီး ဆင်မြင်းစသော သတ္တဝါတို့ဖြင့် လွန်စွာမေ့ရစ် ချစ်မြတ်နိုးခြင်းရှိသော။ ဗျာသတ္တမနသံ၊ အထူးထူး အပြားပြားသော အခြင်းအရာဖြင့် လွန်စွာကပ်ငြိသော စိတ်ရှိသော။ တံ နံရံ၊ ထိုသတ္တဝါကို။ အာဒါယ၊ ဆွဲငင်၍။ ဂစ္ဆတိ၊ သွား၏။

သောတာပန်ဖြစ်ခြင်း

ဂါထာ၏အဆုံး၌ ကိသာဂေါတမီသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထိုမှတစ်ပါး များစွာသောလူတို့သည်လည်း သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်လေကုန်၏။

ဘိက္ခုနီမပြု၍ မီးအာရုံယူခြင်း

ထိုကိသာဂေါတမီသည် တစ်ဖန် ဘုရားရှင်အား ဘိက္ခုနီအဖြစ်ကို တောင်းပန်လေ၏။ ဘုရားရှင်လည်း ရဟန်းမိန်းမတို့၏အထံသို့ စေလွှတ်၍ ရဟန်းပြုစေတော်မူ၏။ ကိသာဂေါတမီသည် ဘိက္ခုနီအဖြစ် ရပြီးသည်ရှိသော် ကိသာဂေါတမီ ထေရီမဟူသောအမည်ဖြင့် ထင်ရှားလေ၏။ ထိုကိသာဂေါတမီ ထေရီမသည် တစ်နေ့သ၌ ဥပုသ်အိမ်တွင် ဝတ်ပြုရန် အလှည့်ရောက်သဖြင့် ဆီမီးညှိထွန်းလျက်နေစဉ် ဆီမီးလျှံတို့ ပြတ်ပျက်,ပျောက်ကြသည်တို့ကိုလည်းကောင်း၊ ဖြစ်ပေါတိုးပွားကြသည်တို့ကိုလည်းကောင်း မြင်ရလျှင် “ဤဆီမီးလျှံ အတူသာလျှင် သတ္တဝါတို့သည် ဖြစ်လည်း ဖြစ်ကုန်၏၊ ချုပ်လည်း ချုပ်ကုန်၏၊ နိဗ္ဗာန်သို့ရောက်သော သူတို့သာလျှင် မထင်နိုင်ကြကုန်”ဟု အာရုံကို ယူလေ၏။ မြတ်စွာဘုရားသည် ဂန္ဓကုဋီ၌ နေတော်မူလျက်သာလျှင် ရောင်ခြည်တော်ကို ပျံ့နှံ့စေတော်မူသဖြင့် ထိုကိသာဂေါတမီ ဘိက္ခုနီမ၏ မျက်မှောက်၌တည်နေ၍ ဟောတော်မူဘိသကဲ့သို့ “ချစ်သမီး ဂေါတမီ- ဤသို့ သင်နှလုံးသွင်းသည့်အတိုင်းသာလျှင် ဤသတ္တဝါတို့သည် ဖြစ်လည်း ဖြစ်ကုန်၏၊ ချုပ်လည်း ချုပ်ကုန်၏၊ နိဗ္ဗာန်သို့ရောက်သော သူတို့မှသာလျှင် မထင်နိုင်ကြကုန်။ ဤသို့ နိဗ္ဗာန်ကို မမြင်သောသူတို့၏ အနှစ်တစ်ရာပတ်လုံး အသက်ရှည်ခြင်းထက် နိဗ္ဗာန်ကိုမြင်သောသူ၏ တစ်ခဏမျှလည်း အသက်ရှည်ခြင်းသည် မြတ်၏”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

[၁၁၄] ယော စ ဝဿသတံ ဇီဝေ၊ အပဿံ အမတံ ပဒံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော အမတံ ပဒံ။

ယော စ၊ အကြင်သူသည်ကား။ အမတံ ပဒံ၊ သေခြင်းကင်းသော နိဗ္ဗာန်ကို။ အပဿံ-အပဿန္တော၊ မမြင်ဘဲ။ ဝဿသတံ၊ အနှစ်တစ်ရာကာလပတ်လုံး။ ဇီဝေ၊ အသက်ရှည်ငြားအံ့။ တတော၊ ထိုနိဗ္ဗာန်မမြင်သောသူ အနှစ်တစ်ရာ အသက်ရှည်ခြင်းထက်။ အမတံ ပဒံ၊ သေခြင်းကင်းရာ နိဗ္ဗာန်ကို။ ပဿတော၊ မြင်သောသူ၏။ ဧကာဟံ၊ တစ်ရက်မျှ။ ဝါ၊ တစ်ခဏမျှပင်။ ဇီဝိတံ၊ အသက်ရှည်ခြင်းသည်။ သေယျော၊ မြတ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ကိသာဂေါတမီထေရီမသည် နေမြဲတိုင်းပင်လျှင် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ ရဟန္တာမအဖြစ်၌ တည်လေ၏။

ကိသာဂေါတမီထေရီမဝတ္ထုပြီး၏။