ကာသာဝဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၂၂၁။ ကာသာဝဇာတ် (၂-၈-၁)

ဒုကနိပါတ်-ကာသာဝဝဂ်

၁။ ကာသာဝဇာတ်

ဆင်မင်း နှင့် မုဆိုး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အနိက္ကသာဝေါ ကာသာဝံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ကာသာဝဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ဝတ္ထုသည်ကား ရာဇဂြိုဟ်ပြည်၌ ဖြစ်၏။ တပါးသောအခါ၌ တရားစစ်သူကြီးဖြစ်သော အရှင်သာရိပုတ္တရာသည် ငါးရာကုန်သော ရဟန်းအပေါင်းတို့နှင့်တကွ ဝေဠုဝန်ကျောင်းတော်၌ နေ၏။ ဒေဝဒတ်သည်လည်း မိမိအားလျော်သော သီလမရှိသော ပရိသတ်နှင့်ခြံရံလျက် ဂယာသီသ၌ နေ၏။ ထိုအခါ ရာဇဂြိုဟ်ပြည်၌ နေကုန်သောသူတို့သည် ဆန္ဒကို တပေါင်းတည်း ပြုကုန်၍ အလှူကို စီရင်ကုန်၏။ ထိုအခါ၌ တယောက်သော ကုန်ပြုအံ့သောငှါလာသော ကုန်သည်သည် ဤပုဆိုးကို စွန့်ကုန်၍ ငါ့ကိုလည်း ကုသိုလ်၏အဘို့ရှိသည်ကို ပြုပါကုန်လောဟု များစွာအဘိုးထိုက်သော မွှေးကြိုင်သော သင်္ကန်းလျာပုဆိုးကို ပေး၏။ ပြည်သူတို့သည် အလှူကြီးကို ဖြစ်စေကုန်၏။ အလုံးစုံသော အလှူဝတ္ထုသည် ဆန္ဒတူသောအားဖြင့် စုရုံးအပ်ကုန်သော အသပြာတို့ဖြင့်သာလျှင် ပြီး၏။ ထိုမွှေးသော အနံ့ရှိသောပုဆိုးသည် လွန်ကဲသည်ဖြစ်၏။ လူများသည် စည်းဝေးကုန်၍ မွှေးကြိုင်သောပုဆိုးသည် လွန်ကဲ၏။ အဘယ်အရှင်အား လှူရကုန်အံ့နည်း သာရိပုတ္တရာမထေရ်အားတည်း လှူရကုန်အံ့လော၊ ထိုသို့မဟုတ်မူကား အရှင်ဒေဝဒတ်အားတည်း လှူရကုန်အံ့လောဟု စည်းဝေးတိုင်ပင်ကြကုန်၏။

ထိုအစည်းအဝေး၌ အချို့ကုန်သော သူတို့သည် သာရိပုတ္တရာ မထေရ်အားလှူကုန်အံ့ဟု ဆိုကုန်၏။ တပါးကုန်သော သူတို့သည် သာရိပုတ္တရာမထေရ်သည် နှစ်ရက် သုံးရက်နေ၍ အလိုအလျောက် သွားလိမ့်မည် သတည်း၊ အရှင်ဒေဝဒတ်သည်တမူကား အမြဲငါတို့၏ မြို့ကိုသာလျှင် အမှီပြု၍ နေကုန်လတ္တံ့ သတည်း၊ သေရှင်မှုတို့၌ အရှင်ဒေဝဒတ်သည်သာလျှင် ငါတို့၏ ကိုးကွယ်ရာဖြစ်လတ္တံ့၊ ဒေဝဒတ်အား လှူကုန်အံ့ဟု ဆိုကြကုန်၏။ အကြိမ်များစွာ ဆိုကုန်သော်လည်း အရှင်ဒေဝဒတ်အား လှူကုန်အံ့ဟုဆိုကုန်သော သူတို့သည်သာလျှင် များကုန်၏။ ထိုအခါ၌ ထိုမွှေးကြိုင်သောပုဆိုးကောင်းကို ဒေဝဒတ်အား လှူကုန်၏။ ထိုပုဆိုးကိုဖြတ်၍ စနစ်ကို ချုပ်စေ၍ ဆိုးစေ၍ ရွှေပြားအဆင်းနှင့်တူသော အဆင်းရှိသည်ကိုပြု၍ ရုံ၏။ ထိုကာလ၌ သုံးကျိပ် အတိုင်းအရှည် ရှိကုန်သော ရဟန်းတို့သည် ရာဇဂြိုဟ်မှ ထွက်ကုန်၍ သာဝတ္ထိပြည်သို့ လာလတ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးကုန်၍ ပြုအပ်သော ပျူငှာလောကဝတ် ရှိကုန်သည်ဖြစ်၍ ထိုအကြောင်းကို ကြားကုန်၍ အရှင်ဘုရား ဤသို့ဒေဝဒတ်သည် မိမိအား မလျောက်ပတ်သော ရဟန္တာတို့၏ တံခွန်သဘွယ် ဖြစ်သော သင်္ကန်းကို ရုံ၏ဟု လျှောက်ကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် မိမိအား မလျောက်ပတ်သော ရဟန္တာတို့၏ တံခွန်သဘွယ်ဖြစ်သော သင်္ကန်းကိုဝတ်သည် မဟုတ်သေး၊ ရှေး၌လည်း ဝတ်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာ အရပ်ဝယ် ဆင်မျိုး၌ဖြစ်၍ တောနက်ရာ၌ နေ၏။ ထိုအခါ၌ တယောက်သော ဗာရာဏသီပြည်၌နေသော ဆင်းရဲသောလူသည် ဆင်စွယ်လုပ်ကုန်သောသူတို့၏လမ်းခရီး၌ ဆင်စွယ်တို့ကို ဆင်စွယ်လက်ကောက် အစရှိသည်တို့ကို လုပ်အပ်ကုန်သည်တို့ကိုမြင်၍ အရှင်တို့ ဆင်စွယ်တို့ကို ရကုန်သော် ယူကြကုန်လတ္တံ့ လောဟု မေး၏။ ထိုဆင်စွယ်သွားတို့သည် ယူကြကုန်အံ့ဟု ဆိုကုန်၏။ ထိုဆင်းရဲသောယောက်ျားသည် ကောင်းပြီဟု လက်နက်ကိုယူ၍ ဖန်ရည်စွန်းသော သင်္ကန်းကိုဝတ်လျက် ဗုဒ္ဓအသွင်ကို ယူ၍ ဦးခေါင်းကိုခြုံ၍ ဆင်တို့၏ခရီး၌ရပ်၍ လက်နက်ဖြင့် ဆင်ကိုသတ်၍ အစွယ်တို့ကိုယူ၍ ဗာရာဏသီပြည်၌ ရောင်းလျက် အသက်မွေးခြင်းကို ပြု၏။ ထိုယောက်ျားသည် နောက်အဘို့၌ ဘုရားလောင်း၏ အခြံအရံဖြစ်ကုန်သော ဆင်တို့တွင် အလုံးစုံသောဆင်တို့၏ နောက်ဆုံးဖြစ်သော ဆင်ကိုသတ်အံ့သောငှါ အားထုတ်၏။ ဆင်တို့သည် နေ့တိုင်း နေ့တိုင်း လျော့ကုန်သည်ရှိသော် အဘယ် အကြောင်းကြောင့်လျှင် ဆင်တို့သည် လျော့ကုန်ဘိသနည်းဟု ဘုရားလောင်းအား ကြားလျှောက်ကုန်၏။

ဘုရားလောင်းသည် စုံစမ်းသည်ရှိသော် ပစ္စေကဗုဒ္ဓါ၏ အသွင်ကိုယူ၍ ဆင်တို့သွားရာလမ်းနား၌ ယောက်ျားတယောက်သည် ရှိ၏။ ထိုယောက်ျားသည် သတ်လေသလော၊ ထိုယောက်ျားကို စုံစမ်းအံ့ဟု တနေ့သ၌ အခြံအရံ ဖြစ်ကုန်သော ဆင်တို့ကိုရှေ့ထား၍ မိမိသည် နောက်မှလိုက်၏။ ထိုယောက်ျားသည် ဘုရားလောင်းကိုမြင်၍ လက်နက်ကိုကိုင်၍ ပြေးလာ၏။ ဘုရားလောင်းသည် ပြန်လည်တည့်၍ ကြည့်လျက် ထိုယောက်ျားကို မြေ၌ရိုက်ပုတ်၍ သတ်အံ့ဟု နှာမောင်းကိုဆန့်၍ ထိုယောက်ျားသည် ဝတ်အပ်ကုန်သော သင်္ကန်းတို့ကိုမြင်၍ ဤရဟန္တာတို့၏ တံခွန်ဖြစ်သော သင်္ကန်းတော်ကို ငါသည် အလေးအမြတ် ပြုအံ့သောငှါ သင့်၏ဟု နှာမောင်းကို တဖန် သိမ်းဆည်းပြန်၍ အို ယောက်ျား ဤရဟန္တာတို့၏ တံခွန်ဖြစ်သော သင်္ကန်းတော်သည် သင့်အား မလျောက်ပတ်သည် မဟုတ်တုံလော၊ အဘယ်ကြောင့် ထိုသင်္ကန်းကိုနင် ဝတ်ဘိသနည်းဟုဆို၍-

၁၄၁။ အနိက္ကသာဝေါ ကာသာဝံ၊ ယော ဝတ္ထံ ပရိဒဟိဿတိ။
အပေတော ဒမသစ္စေန၊ န သော ကာသာဝ မရဟတိ။

၁၄၂။ ယော စ ဝန္တကသာဝဿ၊ သီလေသု သုသမာဟိတော။
ဥပေတော ဒမသစ္စေန၊ သ ဝေ ကာသာဝ မရဟတိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၄၁။ အမ္ဘော ပုရိသ၊ အို ယောက်ျား။ အနိက္ကသာဝေါ၊ မနှင်ထုတ်အပ်သော တထောင့်ငါးရာ ကိလေသာရှိထသော။ ဒမသစ္စေန၊ ဣန္ဒြေကို ဆုံးမခြင်းဟုဆိုအပ်သော ဒမ, နိဗ္ဗာန်ဟုဆိုအပ်သော ပရမတ္ထသစ္စာမှ။ တနည်းကား ဒမသစ္စေန၊ ဣန္ဒြေကို ဆုံးမခြင်းဟု ဆိုအပ်သော ဒမ, လေးပါး အပြားရှိသော သစ္စာမှ။ အပေတော၊ ကင်းသော။ ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ကာသာဝံ၊ ဖန်ရည်စွန်းသော။ ဝတ္ထံ၊ သင်္ကန်းတော်ကို။ ပရိဒဟိဿတိ၊ ဝတ်ရုံဘိ၏။ သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ ကာသာဝံ၊ သင်္ကန်းကို။ န အရဟတိ၊ မဝတ်ရုံထိုက်။

၁၄၂။ ယော စ၊ အကြင် ပုဂ္ဂိုလ်သည်ကား။ ဝန္တကသာဝဿ၊ အန်အပ်ပြီးသော တထောင့်ငါးရာ ကိလေသာရှိသော ပုဂ္ဂိုလ်မြတ်၏။ သီလေသု၊ မဂ်ဖိုလ်သီလတို့၌။ သုသမာဟိတော၊ ကောင်းစွာ ဆောင်ရွက်၍ ထားဘိသကဲ့သို့ တည်၏။ ဒမသစ္စေန၊ ဣန္ဒကို ဆုံးမခြင်းဟု ဆိုအပ်သော ဒမ နိဗ္ဗာန်ဟု ဆိုအပ်သော ပရမတ္ထသစ္စာနှင့်လည်း။ ဥပေတော၊ ပြည့်စုံ၏။ သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ ဝေ၊ စင်စစ်။ ကာသာဝံ၊ သင်္ကန်းတော်ကို။ အရဟတိ၊ ဝတ်ရုံထိုက်၏။

ဤသို့ ဘုရားလောင်းသည် ထိုယောက်ျားအား ဤအကြောင်းကို ဆို၍ ဤနေ့မှစ၍ ဤအရပ်သို့ မလာလင့်၊ အကယ်၍ လာအံ့၊ သင်၏ အသက်သည် မရှိရလတ္တံ့ဟု ခြိမ်းချောက်၍ ပြေးစေ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ဆင်သတ်သော ယောက်ျား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဆင်အပေါင်းတို့၏ အကြီးဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မတန်သည့်ဟာ၊ မသုံးရာ၊ စိတ်မှာခွဲဝေချင့်

ရှေးဦးစွာသော ကာသာဝဇာတ်သည် ပြီး၏။

*****