ကာလကဏ္ဏိဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၈၃။ ကာလကဏ္ဏိဇာတ်

ဧကကနိပါတ်-အပါယိမှဝဂ်

၃။ ကာဠကဏ္ဏိဇာတ်

ကောင်းသောအဆွေခင်ပွန်းရှိ၍ စည်းစိမ်ဥစ္စာမပျက်စီးနိုင်သော အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်ဘုရားသည် မိတ္တာ ဟဝေ သတ္တပဒေန ဟောတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ကာဠကဏ္ဏိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အနာထပိဏ်သူဌေး၏ တယောက်သောအဆွေခင်ပွန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုအဆွေခင်ပွန်းသည် အနာထပိဏ်သူဌေးနှင့် အတူတကွ မြေမှုန့်ကစားဘက် ဖြစ်၏။ တယောက်သောဆရာ၏ အထံ၌ အတတ်သင်ဘက် ဖြစ်၏။ အမည်အားဖြင့် ကာဠကဏ္ဏီမည်သတတ်၊ ထိုကဠကဏ္ဏီသည် ရှည်မြင့်သောကာလသို့ရောက်လတ်သော် ဆင်းရဲသည်ဖြစ်၍ အသက်မွေးအံ့သောငှါမတတ်နိုင်ရကား အနာထပိဏ်သူဌေး၏အထံသို့ လာ၏။ ထိုအနာထပိဏ်သူဌေးသည် ကာဠကဏ္ဏီကို နှစ်သိမ့်စေ၍ ရိက္ခာပေး၍ မိမိဥစ္စာကိုစောင့်စေ၏။ ထိုကာဠကဏ္ဏီသည် အနာထပိဏ်သူဌေးအား ကျေးဇူးပြုသည်ဖြစ်၍ အလုံးစုံသောကိစ္စတို့ကိုပြု၏။ ထိုကာဠကဏ္ဏီကို အနာထပိဏ် သူဌေး၏အထံသို့ လာသောကာလ၌ ကာဠကဏ္ဏီ ရပ်လော၊ ကဠကဏ္ဏီ ထိုင်လော၊ ကာဠကဏ္ဏီ စားလောဟု ဆိုကုန်၏။

ထိုအခါ တနေ့သ၌ အနာထပိဏ်သူဌေး၏ အဆွေ ခင်ပွန်းတို့သည် သူဌေးသို့ကပ်ကုန်၍ သူဌေးကြီး ဤသူယုတ်ကို သင်၏အထံ၌ မနေစေလင့်၊ ကာဠကဏ္ဏီ ရပ်လော၊ ကာဠကဏ္ဏီထိုင်လော၊ ကာဠကဏ္ဏီ စားလာ ဤသို့သောအသံကြောင့် ဘီလူးပင်သော်လည်း ပြေးရာ၏။ ဤကဠကဏ္ဏီသည် သင်နှင့်မတူ၊ ဆင်းရဲ၏။ မကောင်းခြင်းနှင့် ပြည့်စုံ၏။ သင့်အား ဤကဠကဏ္ဏီဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ဤသို့ ဆိုကုန်၏။ အနာထပိဏ် သူဌေးသည် အမည်မှည့်သည်ကား ခေါ်ဝေါ်ရုံမျှသာတည်း၊ ထိုအမည်ကို ပညာရှိတို့သည် ပမာဏမပြုကုန်၊ သုတမင်္ဂလာကို အလိုရှိသောသူ မည်သည် မဖြစ်သင့်၊ ငါသည် အမည်မျှကိုမှီ၍ မြေမှုန့်ကစားဘက်ဖြစ်သော အဆွေ ခင်ပွန်းကို စွန့်ခြင်းငှာမတတ်နိုင်ဟု ထိုအဆွေခင်ပွန်းတို့စကားကို မယူမူ၍ တနေ့သ၌ မိမိစားသောရွာသို့ သွားသည်ရှိသော် ထိုကဠဏ္ဏီကို အိမ်၌ စောင့်စေ၍ သွား၏။ ခိုးသူတို့သည် အနာထပိဏ်သူဌေးသည် မိမိစားသောရွာသို့ သွားသတတ်၊ ထိုသူဌေးကို လုယက်ကုန်အံ့ဟု အထူးထူးသော လက်နက်စွဲကုန်လျက် ညဉ့်အဘို့၌လာ၍ အိမ်ကိုဝန်းရံကုန်၏။

ကာဠကဏ္ဏီသည်လည်း ခိုးသူတို့၏လာခြင်းကို ရွံရှာသည်ဖြစ်၍ မအိပ်ဘဲသာလျှင်နေ၏။ ထိုကာဠကဏ္ဏိသည် ခိုးသူတို့၏ လာသောအဖြစ်ကိုသိ၍ လူတို့ကိုနို့စိမ့်သောငှါ သင်သည် ခရု သင်း မှုတ်လော၊ သင်သည် မုရိုးစည်တီးလောဟု ကြီးစွာသောသဘင်ကိုပြုသကဲ့သို့ အလုံးစုံသောအိမ်ကို တစပ်တည်းသောအသံကို ပြုစေ၏။ ထိုခိုးသူတို့သည် အိမ်ဆိတ်၏ဟု ငါတို့သည် မကောင်းသဖြင့်ကြားအပ်၏။ ဤအိမ်၌သာလျှင် သူဌေးကြီးရှိ၏ဟု ကျောက် ဆောက်ပုတ်အစရှိသည်တို့ကို ထိုအရပ်၌သာလျှင်စွန့်၍ ပြေးကုန်၏။ နက်ဖြန်နေ့၌ လူတို့သည် ထိုထိုအရပ်၌စွန့်အပ်သော ကျောက် ဆောက်ပုတ်အစရှိသည်တို့ကိုမြင်၍ ထိတ်လန့်ခြင်းသို့ ရောက်သည်ဖြစ်၍ ယနေ့ ဤသို့ သဘောရှိသော သတိပညာနှင့်ပြည့်စုံသော အိမ်၌စီရင်တတ်သောသူသည် အိမ်၌မရှိငြားအံ့ ခိုးသူတို့သည် အလိုရှိတိုင်းဝင်၍ အလုံးစုံသောအိမ်ကို လုယက်သည် ဖြစ်ရာ၏။ ဤမြဲမြံသောအဆွေခင်ပွန်းကိုမှီ၍ သူဌေးကြီးသည် အစီး အပွားဖြစ်၏ဟု ထိုကာဠကဏ္ဏိကိုချီးမွမ်း၍ သူဌေးကြီးအား စားသောရွာမှ လာသောကာလ၌ အလုံးစုံသောထိုအကြောင်းကို ကြားကုန်၏။ ထိုအခါ ထိုအဆွေ အမျိုးတို့ကို သူဌေးကြီးသည် သင်တို့သည် ဤသို့သဘောရှိသော ငါ၏အိမ်စောင့် အဆွေခင်ပွန်းကို နှင်ထုတ်စေကုန်၏။ သင်တို့၏စကားဖြင့် ငါသည် ဤအဆွေခင်ပွန်းကို နှင်ထုတ်စေအပ်သည် အကယ်၍ ဖြစ်ငြားအံ့၊ ယနေ့ ငါ့အား တစုံတခုသောဥစ္စာသည် မဖြစ်ရာ၊ အမည်သည်ကား ပမာဏမဟုတ် အစီးအပွားကို အလိုရှိသောစိတ်သည်သာလျှင် ပမာဏတည်းဟု ဆို၏။ ဤသို့ဆိုပြီး၍ ထိုကာဠကဏ္ဏိအား အတိုင်းထက် အလွန်ရိက္ခာပေးပြီးလျှင် ယခုအခါ ငါ့အား ဤစကား လက်ဆောင်သည် ရှိ၏ဟု မြတ်စွာဘုရားအထံတော်သို့ သွား၍ အစမှစ၍ ထိုအကြောင်းကို ကြားလျှောက်၏။ မြတ်စွာဘုရားသည် သူကြွယ် ယခုအခါ ၌သာလျှင် ကာဠကဏ္ဏိအဆွေခင်ပွန်းသည် မိမိ၏ အဆွေ ခင်ပွန်းအိမ်၌ ဥစ္စာကို စောင့်ရှောက်သည်မဟုတ်သေး၊ ရှေး၌လည်း စောင့်ရှောက်ဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ထိုအနာထပိဏ်သူဌေးသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် များသောစည်းစိမ်ရှိသော သူဌေးသည်ဖြစ်၏။ ထိုဘုရားလောင်း၏ အဆွေခင်ပွန်းသည် ကာဠကဏ္ဏိမည်၏။ ဤသို့သဘောရှိသော အလုံးစုံသောစကားသည် ပစ္စုပ္ပန်ဝတ္ထုနှင့် တူသလျှင် ကတည်း၊ ဘုရားလောင်းသည် မိမိစားရွာမှလာသည်ရှိသော် ထိုအကြောင်းကိုကြား၍ ငါသည် သင်တို့၏ စကားဖြင့် ဤသို့သဘောရှိသောအဆွေခင်ပွန်းကို နှင်ထုတ်အပ်သည် အကယ်၍ ဖြစ်ငြားအံ့၊ ယနေ့ ငါ့အား တစုံတခုသောဥစ္စာသည် မဖြစ်ရာဟု ဆိုလို၍-

၈၃။ မိတ္တော ဟဝေ သတ္တပဒေန ဟောတိ။
သဟာယော ပန ဒွါဒသကေန ဟောတိ။
မာသဍ္ဎမာသေန စ ဉာတိ ဟောတိ၊
တတုတ္တရိံ အတ္တသမာပိ ဟောတိ။
သောဟံ ကထံ အတ္တသုခဿ ဟေတု၊
စိရသန္ထုတံ ကာဠကဏ္ဏိံ ဇာဟေယျ။

ဟူသော ဤဂါထာကို ဆို၏။

၈၃။ သတ္တပဒေန၊ အတူတကွ ခုနစ်ဘဝါးလှမ်း၍ သွားဘူးသဖြင့်။ ဟဝေ၊ စင်စစ်။ မိတ္တော၊ အဆွေခင်ပွန်းသည်။ ဟောတိ၊ ဖြစ်၏။ ဒွါဒသကေန၊ အတူတကွ တဆယ့်နှစ်ဘဝါး လှမ်း၍ သွားဘူးသဖြင့်။ သဟာယော၊ အပေါင်းအဖော်သည်။ ဟောတိ၊ ဖြစ်၏။ မာသဍ္ဎမာသေန စ၊ တလ, လခွဲ အတူတကွ ပေါင်းဘက်နေဘူးသဖြင့်လည်း။ ဉာတိ၊ ဆွေမျိုးနှင့်တူသည်။ ဟောတိ၊ ဖြစ်၏။ တတုတ္တရိံ၊ ထို့ထက်အလွန် ပေါင်းဘက်နေဘူးမူကား။ အတ္တသမာပိ၊ ကိုယ်နှင့်တူသည်လည်း။ ဟောတိ၊ ဖြစ်၏။ သော အဟံ၊ ထိုငါသည်။ အတ္တသုခဿ၊ မိမိစီးပွားချမ်းသာ၏။ ဟေတု၊ အကြောင်းနှင့်။ စိရသန္ထုတံ၊ ရှည်မြင့်စွာ ပေါင်းဘက်ဘူးသော ကာဠကဏ္ဏိံ၊ ကာဠကဏ္ဏိကို။ ကထံ ဇဟေယျံ၊ အသို့စွန့်ရအံ့နည်း။

ထိုအခါမှစ၍ တဖန် တစုံတယောက်သောသူသည် သူဌေး၏ အတွင်း၌ ဆိုဝံ့သောသူမည်သည် မရှိ။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ကာဠကဏ္ဏိ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဗာရာဏသီ သူဌေးဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

စကားဖောင်ဖောင်၊ နားမယောင်၊ တွဲနှောင်မပစ် ခင်ပွန်းချစ်

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ကာဠကဏ္ဏိဇာတ်သည် ပြီး၏။

*****