ကာမနီတဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၂၂၈။ ကာမနီတဇာတ် (၂-၈-၈)

ဒုကနိပါတ်-ကာသာဝဝဂ်

၈။ ကာမနီတဇာတ်

လောဘကြီးသောမင်း

ပစ္စုပ္ပန် နှင့် အတိတ်ဝတ္တု... နတ်နှင့် တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် တယော ဂိရိံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကာမနီတဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကာမနီတအမည်ရှိသော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထု အတိတ်ဝတ္ထုသည် ဒသကနိပါတ် ကာမဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ အထူးကား နှစ်ယောက်ကုန်သော ထိုမင်းသားတို့တွင် မင်းသားကြီးသည် လာလတ်၍ ဗာရာဏသီပြည်၌ မင်းဖြစ်၏။ မင်းသားငယ်သည် အိမ်ရှေ့မင်း ဖြစ်၏။ ထိုနှစ်ယောက်ကုန်သော မင်း အိမ်ရှေ့မင်းတို့တွင် မင်းသည် ဝတ္ထုကာမ ကိလေသာကာမတို့၌ မရောင့်ရဲ၊ ဥစ္စာ၌ လောဘရှိသည် ဖြစ်၏။ ထိုအခါ ဘုရားလောင်းသည် သိကြား နတ်မင်းဖြစ်၍ ဇမ္ဗူဒိပ်သို့ ကြည့်လတ်သည်ရှိသော် ထိုမင်း၏ နှစ်ပါးကုန်သော ဝတ္ထုကာမ ကိလေသာကာမတို့၌လည်း မရောင့်ရဲသည်၏အဖြစ်ကို သိလျှင် မင်းကိုနှိပ်၍ ရှက်စေအံ့ဟု ပုဏ္ဏားလုလင်၏ အသွင်ဖြင့် လာလတ်၍ မင်းကို ဖူးမြင်၏။ မင်းသည်လည်း လုလင် အဘယ်ကိစ္စကြောင့် လာသနည်းဟု မေးလတ်သည်ရှိသော် မင်းမြတ် အကျွန်ုပ်သည် ဘေးကင်းကုန်သော ဝပြောကုန်သော များစွာသော ဆင်၊ မြင်း၊ ရထား ခြေသည် ဥစ္စာ ရွှေငွေတန်ဆာတို့ဖြင့် ပြည့်ကုန်သော သုံးပြည်ထောင်တို့ကို မြင်ခဲ့၏။ ထိုသုံးပြည်ထောင်တို့ကိုကား အနည်းငယ်မျှသာလျှင်ဖြစ်သော စစ်သည်ဗိုလ်ပါဖြင့် ယူအံ့သောငှါ တတ်ကောင်း၏။ အကျွန်ုပ်တို့သည် အရှင်မင်းမြတ်အား ထိုသုံးပြည်ထောင်တို့ကို ယူ၍ ပေးအံ့သောငှါ လာခဲ့၏ဟု ဆို၏။ လုလင် အဘယ်အခါ၌ သွားအံ့နည်းဟု ဆိုသည်ရှိသော် မင်းမြတ် နက်ဖြန်သွားအံ့ဟုဆို၏။ ထိုသို့တပြီးကား သွားလေဦးလော့၊ စောစောကလျှင် ပြန်လာလှည့်ဦးလော့ဟု ဆိုသည်ရှိသော် မင်းမြတ် ကောင်းပြီဟု ဝန်ခံ၍ လျင်မြန်စွာ ဗိုလ်ပါကို စီရင်ခန့်ထားလော့ဟု ဆို၍ မိမိနေရာ တာဝတိံသာသို့သာလျှင် သွား၏။

မင်းသည် နက်ဖြန်နေ့၌ စည်ကိုလည်စေ၍ ဗိုလ်ပါစီရင်ခြင်းကို ပြုစေ၍ အမတ်တို့ကို ခေါ်စေ၍ ယမန်နေ့က တယောက်သော ပုဏ္ဏားလုလင်သည် ဥတ္တရပဉ္စာမြို့၌၎င်း ဣန္ဒပတ္တမြို့၌၎င်း ကေကကမြို့၌၎င်း ဤသုံးမြို့တို့၌ မင်းအဖြစ်ကို ယူ၍ပေးအံ့ဟု ဆို၏။ ထိုလုလင်ကို ဆောင်ယူ၍ သုံးပြည်ထောင်တို့၌ မင်းအဖြစ်ကို ယူကုန်အံ့၊ လျင်မြန်စွာ ထိုလုလင်ကို ခေါ်ကြကုန်လောဟု ဆိုသည်ရှိသော် မင်းမြတ် ထိုလုလင်အား နေရာကို အဘယ်အရပ်၌ ပေးစေအပ်သနည်းဟု ဆိုကုန်၏။ ထိုလုလင်အား ငါသည် နေရာအိမ်ကို မပေးစေအပ်ဟုဆိုသည်ရှိသော် အဝတ်ရိက္ခာကိုကား ပေးအပ်၏လော ဟုဆိုကြကုန်၏။ ထိုအဝတ်ရိက္ခာကိုလည်း မပေးအပ်ဟု ဆိုသည်ရှိသော် ထိုသို့ မပေးအပ်သည်ရှိသော် ထိုလုလင်ကို အဘယ်မှာ မြင်ရကုန်အံ့နည်းဟု ဆိုကြကုန်၏။ မြို့လမ်းတို့၌ ကြည့်ကြကုန်လော့ဟု ဆိုသည်ရှိသော် ကြည့်၍ မမြင်သောကြောင့် မင်းမြတ် မမြင်ပါကုန်ဟုဆိုကြကုန်၏။ လုလင်ကို မမြင်သောမင်းအား ဤသို့ကြီးစွာသော စည်းစိမ်ချမ်းသာ အစိုးရသည်၏ အဖြစ်မှ ယုတ်၏ဟု ကြီးစွာသော စိုးရိမ်ခြင်းသည်ဖြစ်၏။ ဟဒယဝတ္ထုသည် ပူ၏။ နှလုံးသွေးသည် ပျက်၏။ ဝမ်းသွေးသည် သွန်ခြင်းသည် ဖြစ်၏။ ဆေးသမားတို့သည် ဆေးကုအံ့သောငှာ မစွမ်းနိုင်ကုန်။

ထို့နောင်မှ သုံးလေးရက်လွန်သဖြင့် သိကြားမင်းသည် ဆင်ခြင်လတ်သော် ထိုမင်း၏ ထိုအနာကိုသိ၍ ထိုမင်းကို ဆေးကုအံ့ဟု ပုဏ္ဏားအသွင်ဖြင့်လာလတ်၍ တံခါး၌တည်၍ ဆေးသမား ပုဏ္ဏားသည် အရှင်မင်းမြတ်တို့အား ဆေးကုအံ့သောငှါ လာ၏ဟု ကြားစေ၏။ မင်းသည် ထိုစကားကို ကြား၍ လျင်မြန်စွာ ကြီးမြတ်ကုန်သောမင်း၏ ဆေးသသမားတို့သည် ကုစားအံ့သောငှါ မစွမ်းနိုင်ကုန်၊ ထိုဆေးသမားအား ရိက္ခာကိုပေး၍ လွှတ်လိုက်ကုန်လောဟု ဆို၏။ သိကြားသည် ထိုစကားကို ကြား၍ ငါသည် ဆေးကုအံ့၊ အဝတ်ဖြင့် အလိုမရှိသလျှင်ကတည်း၊ ဆေးခကိုလည်း မယူအံ့၊ တဖန် မင်းသည် ငါ့ကို ရှုစေသတည်းဟု ဆို၏။ မင်းသည် ထိုစကားကို ကြား၍ ထိုသို့တပြီးကား လာစေသတည်းဟု ဆို၏။ သိကြားသည် ဝင်၍ အောင်စေသတည်းဟု ဆို၍ လျောက်ပတ်စွာ ရပ်၏။ မင်းသည် သင်သည် ငါ့ကို ဆေးကုအံ့လော့ဟု မေး၏။ မင်းမြတ် ကုအံ့ဟု ဆိုသည်ရှိသော် ထိုသို့တပြီးကား ကုလော့ဟု ဆို၏။ မင်းမြတ် ကောင်းပြီဟူ၍ ယခု အနာ၏လက္ခာကို ဆိုကုန်လော့၊ အဘယ်အကြောင်းကြောင့် ဖြစ်သနည်း ခဲဘွယ်ကို၎င်း သောက်ဘွယ်ကို၎င်း အမှီပြု၍ ဖြစ်သလော၊ ထိုသို့မဟုတ်မူကား မြင်ခြင်းကို၎င်း ကြားခြင်းကို၎င်း အမှီပြု၍ ဖြစ်သလောဟု ဆိုသည်ရှိသော် အရှင်ပုဏ္ဏား ငါ၏အနာသည် သုတကို အမှီပြု၍ ဖြစ်၏ဟုဆို၏။ အရှင်မင်းမြတ်သည် အဘယ်သို့ ကြားသနည်းဟု ဆို၏။ တယောက်သော လုလင်သည် လာလတ်၍ ငါအား သုံးပြည်ထောင်တို့၌ မင်းအဖြစ်ကိုယူ၍ပေးအံ့ဟု ဆို၏။ ငါသည် ထိုလုလင်အား နေရာအရပ်ကို၎င်း အဝတ်ရိက္ခာကို၎င်း မပေးစေမိ၊ ထိုလုလင်သည် ငါ့အား အမျက်ထွက်၍ တပါးသော မင်း၏အထံသို့ သွားလတ္တံ့၊ ထိုသို့သွားသည်ရှိသော် ဤသို့ ကြီးစွာသော စည်းစိမ်ချမ်းသာ အစိုးရသည်၏အဖြစ်မှ ငါယုတ်ရချေလိမ့်သတည်းဟု ကြံသော ငါ့အား ဤအနာသည် ဖြစ်၏ဟုဆို၍ သင်သည် ငါ၏ လောဘနှင့်ယှဉ်သော စိတ်ကိုမှီ၍ဖြစ်သောအနာကို ဆေးကုအံ့သောငှာ အကယ်၍ စွမ်းနိုင်အံ့၊ ကုစားလော့ဟု ထိုအနက်ကိုထင်စွာ ပြလိုရကား-

၁၅၅။ တယော ဂိရိံ အန္တရံ ကာမယာမိ၊
ပဉ္စာလာ ကုရုယော ကေကကေ စ။
တတုတ္တရိံ ဗြာဟ္မဏ ကာမယာမိ၊
တိကိစ္ဆ မံ ဗြာဟ္မဏ ကာမနီတံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၅၅။ ဗြာဟ္မဏ၊ ပုဏ္ဏား။ တယော ဂီရိံ၊ တုန်လှုပ်စေခြင်းငှာ စွမ်းနိုင်ခဲသည်၏အဖြစ်ကြောင့် တောင်သဘွယ် ဖြစ်ကုန်သော မြို့သုံးလုံးတို့ကို၎င်း။ ပဉ္စာလာ၊ ဥတ္တရပဉ္စာလတိုင်း၎င်း။ ကုရုယော၊ ကုရုတိုင်း၎င်း။ ကေကကေ စ၊ ကေကကတိုင်း၎င်း။ ဣတိ၊ ဤသို့။ အန္တရဉ္စ၊ တိုင်းသုံးတိုင်းကို၎င်း။ ကာမယာမိ၊ လိုချင်၏။ ဗြာဟ္မဏ၊ ပုဏ္ဏား။ တတုတ္တရိံပိ၊ ထိုဗာရာဏသီမင်း အဖြစ်ထက် အလွန်ဖြစ်သော သုံးပြည်ထောင်ကိုလည်း။ ကာမယာမိ၊ လိုချင်၏။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ကာမနီတံ၊ ဝတ္ထု ကာမ ကိလေသာကာမတို့သည် နှိပ်စက်အပ်သော။ မံ၊ ငါ့ကို။ သစေ သက္ကောသိ၊ အကယ်၍ ကုစားနိုင်အံ့။ တိကိစ္ဆ၊ ကုလော့။

ထိုအခါ၌ ထိုမင်းကို သိကြားမင်းသည် မင်းမြတ် သင်မင်းမြတ်ကို သစ်မြစ်အစရှိသည်တို့ဖြင့် မကုစားကောင်း၊ ဉာဏ်တည်းဟူသော ဆေးဖြင့်သာလျှင် ကုစားအပ်၏ဟု ဆိုလို၍-

၁၅၆။ ကဏှာဟိ ဒဋ္ဌဿ ကရောန္တိ ဟေကေ။
အံမနုဿ ပဝိဋ္ဌဿ သရောန္တိ ပဏ္ဍိတာ။
န ကာမနီတဿ ကရောန္တိ ကေစိ။
ဩက္ကန္တသုက္ကဿ ဟိ ကာ တိကိစ္ဆာ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

မဟာရာဇ၊ မင်းမြတ်။ ဧကေ၊ အချို့ကုန်သော။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ကဏှာဟိ၊ မည်းသော အဆင်းရှိကုန်သော မြွေတို့သည်။ ဒဋ္ဌဿ၊ ခဲအပ်သောသူအား။ တိကိစ္ဆံ၊ ဆေးကုခြင်းကို။ ကရောန္တိ၊ ပြုကုန်၏။ ဧကေ၊ အချို့ကုန်သော။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ အမနုဿပဝိဋ္ဌဿ၊ ဘီလူးဖမ်းစားသောသူအား။ တိကိစ္ဆံ၊ ဆေးကုခြင်းကို။ ကရောန္တိ၊ ပြုကုန်၏။ ကေစိ၊ အချို့ကုန်သော သူတို့သည်။ ကာမနီတဿ၊ ကာမနှိပ်စက်သော သူအား။ တိကိစ္ဆံ၊ ဆေးကုခြင်းကို။ န ကရောန္တိ၊ မပြုနိုင်ကုန်။ ကိံ ကာရဏာ၊ အဘယ့်ကြောင့်။ န ကရောန္တိ၊ မပြုနိုင်ကုန်သနည်း ဟူမူကား။ ဟိ-ယသ္မာ၊ အကြင်ကြောင့်။ ဩက္ကန္တသုက္ကဿ၊ အကုသိုလ်တရားသို့ သက်ဝင်သော သူအား။ မန္တောသဓာဒီဟိ၊ မန္တရား ဆေးဝါး အစရှိသည်တို့ဖြင့်။ ကာ တိကိစ္ဆာ၊ အဘယ်မှာ ကုစားနိုင်တုံအံ့နည်း။ တသ္မာ၊ ထိုကြောင့်။ ကေစိ၊ အချို့ကုန်သော သူတို့သည်။ ကာမနီတဿ၊ ကာမသည် နှိပ်စက်အပ်သော သူအား။ တိကိစ္ဆံ၊ ဆေးကုစားခြင်းကို န ကရောန္တိ၊ မပြုကုန်။

ဤသို့ ထိုမင်းအား ဘုရားလောင်းသည် ဤအကြောင်းကိုပြ၍ အလွန် ဤသို့ဆို၏။ မင်းမြတ် သင်သည် ထိုသုံးပြည်ထောင်တို့ကို အကယ်၍ ရအံ့၊ ဤလေးမြို့တို့၌ မင်းအဖြစ်ကို ပြုလတ်သော် တပြိုင်နက်ခြင်းသာလျှင် လေးထည်ကုန်သော ပုဆိုးအစုံတို့ကို ဝတ်အံ့လော၊ လေးခုကုန်သော ရွှေခွက်တို့၌လည်း တပြိုင်နက်ပင် စားအံ့လော၊ လေးခုကုန်သော မြတ်သောအိပ်ရာတို့၌ တပြိုင်နက်ပင် အိပ်အံ့လော၊ မင်းမြတ် တဏှာအလိုသို့ လိုက်သောမည်သည် ဖြစ်ခြင်းငှါမသင့်၊ ထိုတဏှာမည်သည်ကား ပျက်စီးခြင်း၏ အကြောင်း ဖြစ်၏။ ထိုတဏှာသည် ပွားလတ်သည်ရှိသော် စိုးရိမ်ခြင်းကို ပွားစေ၏။ ထိုတဏှာ၏ တည်ရာဖြစ်သော ပုဂ္ဂိုလ်ကို ရှစ်ထပ်ကုန်သော ငရဲကြီးတို့၌၎င်း ဥဿဒငရဲ တဆယ့်ခြောက်ထပ်တို့၌၎င်း အထူးထူး အပြားပြားဖြင့် များကုန်သော ငရဲမှကြဉ်ကုန်သော အပါယ်တို့၌၎င်း ပစ်ချတတ်၏ဟု ဆို၏။ ဤသို့ ဘုရားလောင်းသည် မင်းကို ငရဲ အစရှိသော ဘေးဖြင့် ခြိမ်းချောက်၍ ဤတရားကို ဟော၏။ မင်းသည်လည်း ထိုဘုရားလောင်း၏ တရားကို နာရ၍ စိုးရိမ်ခြင်းကင်းသည်ဖြစ်၍ ထိုခဏ၌လျင် အနာမရှိသည်၏ အဖြစ်သို့ ရောက်၏။ သိကြားသည်လည်း ထိုမင်းအား အဆုံးအမကိုပေး၍ သီလတို့၌ တည်စေ၍ နတ်ပြည်သို့လျှင် သွား၏။ ထိုမင်းသည်လည်း ထိုအခါမှစ၍ ဒါနအစရှိသည်တို့ကို ပြု၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ကာမနီတ ပုဏ္ဏားသည် ထိုအခါ မင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သိကြား ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

တဏှာညွန်နစ်၊ ရောဂါဖြစ်၊ ဆေးမြစ် မစွမ်းနိုင်

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကာမနီတဇာတ်သည် ပြီး၏။

*****