ကာဏမာတုဝတ္ထု

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ပဏ္ဍိတဝဂ် by အရှင်ဓမ္မဿာမီဘိဝံသ
၇။ ကာဏမာတုဝတ္ထု

၇။ ကာဏမာတာဝတ္ထု

ယထာပိ ရဟဒေါအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကာဏာမည်သော သတို့သမီး၏ မိခင်ဖြစ်သော ကာဏမာတာ ဒါယိကာမကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

(ကာဏာ၏မိခင်ကား သောတာပန်ဖြစ်၍ မုန့်ကြော်စဉ် ဆွမ်းခံရဟန်း ဆွမ်းရပ်လာသောအခါ မုန့်တစ်သပိတ် လှူလိုက်သဖြင့် မုန့်ကုန်သွားခြင်းကြောင့် ကာဏာသည် ယောက်ျားအိမ်သို့ မပြန်ဖြစ်၊ ဤနည်းဖြင့် လေးကြိမ်ရှိသောအခါ “ကာဏာ ပြန်လာခဲသည်”ဟု ယောက်ျားက မယားတစ်ယောက် ယူလိုက်လေ၏။ သိက္ခာပုဒ်ကိုကား မုန့်သုံးသပိတ်ထက်ပို၍ အလှူမခံရ၊ ပို၍ ခံယူလျှင် ပါစိတ်အာပတ်ဟု ပညတ်တော်မူ၏။ ဝတ္ထုကား ဝိနည်းပိဋကတ်၌ လာသည်သာလျှင်တည်း။)

ကာဏာသတို့သမီး နှလုံးမသာမယာ ဖြစ်ရခြင်း

ထိုအခါ ကာဏမာတာ ဒါယိကာမကြီးသည် လက်ချည်းစည်းဖြစ်သောသမီးကို လင့်အိမ်သို့ ပြန်လွှတ်ခြင်းငှာ မတတ်ကောင်းဟု ကြံ၍ သား,လင်ခင်ပွန်းတို့အလို့ငှာ မုန့်တို့ကို ကြော်လတ်စဉ် လေးကြိမ်တိုင်တိုင် ရဟန်းလေးပါးတို့အား လှူပြီးသောကာလ၌ မြတ်စွာဘုရားသည် ထိုဝတ္ထုကြောင့် သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ ကာဏာ၏ လင်ယောက်ျားသည် တစ်ပါးသောမယားကို ဆောင်ယူသည်ရှိသော် ကာဏာသည် ထိုအကြောင်းကို ကြားရသဖြင့် “ဤရဟန်းတို့ကား ငါ၏အိမ်ထောင်ကို ဖျက်ဆီးအပ်၏”ဟု မြင်တိုင်းမြင်တိုင်းကုန်သော ရဟန်းတို့ကို ဆဲရေး၏၊ ရေရွတ်၏၊ ရဟန်းတို့လည်း ထိုလမ်းသို့ လျှောက်သွားခြင်းငှာ မဝံ့ကြလေကုန်၊ မြတ်စွာဘုရားသည် ထိုအကြောင်းကို သိတော်မူ၍ ထိုအရပ်သို့ ကြွသွားတော်မူလေ၏၊ ကာဏာ၏မိခင်သည် မြတ်စွာဘုရားကိုရှိခိုး၍ ခင်းအပ်ပြီးသော နေရာ၌ နေစေပြီးလျှင် ယာဂုခဲဖွယ်ကို လှူဒါန်းဆက်ကပ်လေ၏။ မြတ်စွာဘုရားသည် နံနက်စာ ဆွမ်းဘုဉ်းပေးပြီးသည်ရှိသော် “ကာဏာ အဘယ်မှာနည်း”ဟု မေးမြန်းတော်မူလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ကာဏာသည် ရှင်တော်မြတ်ဘုရားတို့ကို မြင်ရလျှင် မျက်နှာမသာမယာရှိသည်ဖြစ်၍ ငိုကြွေးကာ နေပါသည်ဘုရား”ဟု လျှောက်ကြာလတ်သော် “အဘယ့်ကြောင့်နည်း”ဟု မေးတော်မူပြန်လျှင် “မြတ်စွာဘုရား- ဤကာဏာသည် ရဟန်းတို့ကို ဆဲရေး ရေရွတ်ပါသည်၊ မောင်းမဲပါသည်။ ထို့ကြောင့် ရှင်တော်မြတ်ဘုရားတို့ကို မြင်ရလျှင် မျက်နှာမသာမယာရှိလှ၍ ငိုကြွေးကာ နေပါသည်ဘုရား”ဟု လျှောက်လေ၏။

ထိုသို့ လျှောက်သည်ရှိသော် ကာဏာကို မြတ်စွာဘုရားသည် ခေါ်စေတော်မူ၍ “ချစ်သမီးကာဏာ- အဘယ့်ကြောင့် ငါဘုရားကိုမြင်ရလျှင် မျက်နှာမသာမယာဖြစ်၍ ပုန်းကွယ်လျက် ငိုနေဘိသနည်း”ဟု မိန့်တော်မူ၏။ ထိုအခါ ကာဏာမိခင်သည် ကာဏာပြုအပ်သော အမူအရာကို လျှောက်ကြားလေ၏၊ ထိုအခါ ဒါယိကာမကြီးကို မြတ်စွာဘုရားသည် “ကာဏမာတာ ဒါယိကာမကြီး- အသို့နည်း၊ ငါဘုရား၏တပည့်တို့သည် သင်လှူသည်ကို ခံယူကုန်သလော၊ မလှူသည်ကို ခံယူကုန်သလော”ဟု မေးတော်မူ၏။ “မြတ်စွာဘုရား- လှူသည်ကို ခံယူကြပါသည်ဘုရား”ဟု လျှောက်လတ်သော် “ငါ၏တပည့်တို့သည် ဆွမ်းအလို့ငှာ သွားကုန်သည်ဖြစ်၍ သင်ဒါယိကာမကြီး၏ အိမ်တံခါးသို့ ရောက်လတ်သော် သင်ဒါယိကာမကြီးလှူသောမုန့်ကို အကယ်၍ ခံယူကုန်သည်ဖြစ်အံ့၊ ထိုသို့ ခံယူသည်ရှိသော် ထိုရဟန်းတို့အား အဘယ်အပြစ်ရှိသနည်း”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- အရှင်ကောင်းတို့အား အပြစ်မရှိပါ၊ ဤချစ်သမီး ကာဏာ၏သာ အပြစ်ပါဘုရား”ဟု လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည်လည်း ကာဏာကို “ချစ်သမီး ကာဏာ- ငါ၏တပည့်တို့သည် ဆွမ်းအလို့ငှာ သွားကုန်သည်ရှိသော် အိမ်တံခါးသို့ ရောက်လာကုန်သတတ်၊ ထိုအခါ ရဟန်းတို့အား သင်၏မိခင်သည် မုန့်တို့ကို လှူအပ်ကုန်၏၊ ဤသို့ လှူရာ၌ ငါ၏တပည့်တို့အား အဘယ်မည်သော အပြစ်ရှိသနည်း”ဟု မိန့်တော်မူလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အရှင်ကောင်းတို့အား အပြစ်မရှိပါဘုရား၊ တပည့်တော်မအားသာလျှင် အပြစ်ရှိပါသည်ဘုရား”ဟု လျှောက်ကြား၍ မြတ်စွာဘုရားကိုရှိခိုး၍ ကန်တော့တောင်းပန်လေ၏။

လောကုတ်,လောကီ စည်းစိမ်နှစ်လီ ရခြင်း

ထိုအခါ ကာဏာအား မြတ်စွာဘုရားသည် အစဉ်အတိုင်းဖြစ်သော တရားစကားကို ဟောကြားတော်မူလေ၏။ ကာဏာသတို့သမီးသည် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏၊ မြတ်စွာဘုရားသည်လည်း နေရာမှထ၍ ကျောင်းတော်သို့ ကြွသွားတော်မူလတ်သည်ရှိသော် မင်းရင်ပြင်ဖြင့် ဖြတ်လျက် ကြွသွားတော်မူလေ၏။ ကောသလမင်းတရား မြင်လတ်သော် “အချင်းတို့- မြတ်စွာဘုရားနှင့် တူသည်မဟုတ်လော”ဟု မေးမြန်းသဖြင့် “အရှင်မင်းကြီး- မြတ်စွာဘုရား စင်စစ် မှန်လှပါကြောင်း” လျှောက်တင်လတ်သော် “သွားကြချေ၊ ငါဘုရင်မင်းမြတ် လာရောက်၍ ရှိခိုးမည့်အကြောင်းကို လျှောက်ကြားကြချေလော့”ဟု စေလွှတ်လိုက်သဖြင့် မင်းရင်ပြင်၌ ရပ်တည်နေတော်မူသော ဘုရားရှင်သို့ချဉ်းကပ်၍ ရှိခိုးပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အဘယ်အရပ်သို့ ကြွသွားပါသနည်းဘုရား”ဟု မေးလျှောက်လေ၏၊ “မြတ်သောမင်းကြီး- ကာဏမာတာ ဒါယိကာမကြီး၏အိမ်သို့ သွား၏”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား- အဘယ်အကြောင်းကြောင့် ကြွပါသနည်းဘုရား”ဟု မေးလျှောက်ပြန်လေ၏။ “ကာဏာအမည်ရှိသော သတို့သမီးသည် ရဟန်းတို့ကို ဆဲရေးရေရွတ်သတတ်၊ ထိုအကြောင်းကြောင့် သွားသည်ဖြစ်၏”ဟု မိန့်တော်မူသောအခါ “မြတ်စွာဘုရား အသို့ပါနည်း၊ ထိုကာဏာ ဆဲရေးခြင်းမှ ကင်းလွတ်သည့်အဖြစ်ကို ပြုအပ်ပါပြီလောဘုရား”ဟု မေးလျှောက်လေ၏။

“မြတ်သောမင်းကြီး- ပြုအပ်သည် မှန်၏”ဟု မိန့်တော်မူပြီးလျှင် “ရဟန်းတို့ကိုလည်း ဆဲရေးခြင်းမရှိအောင် ပြုအပ်ခဲ့ပြီ၊ လောကုတ္တရာတရား စည်းစိမ်ရှင်၏အဖြစ်ကိုလည်း ပြု အပ်ခဲ့ပြီ”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား- ထိုသို့ ဖြစ်ပါစေ၊ ရှင်တော် မြတ်ဘုရားတို့သည် ကာဏာအား လောကုတ္တရာတရား စည်းစိမ်ရှင်ဖြစ်အောင် ပြုအပ်ပါပြီဘုရား၊ တပည့်တော်သည်ကား ထိုကာဏာကို လောကီဥစ္စာ စည်းစိမ်ရှင်ဖြစ်အောင် ပြုပါမည်ဘုရား”ဟု လျှောက်ကြား၍ မင်းကြီးသည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ဆုတ်နစ်ပြန်လည်သွားလေ၏။ ထို့နောက်မှ မင်းကြီးသည် ဖုံးလွှမ်းသောယာဉ်ကြီးကို စေလွှတ်ပြီးလျှင် ကာဏာကို ခေါ်စေတော်မူ၍ အလုံးစုံသော တန်ဆာတို့ဖြင့် တန်ဆာဆင်လျက် သမီးကြီးအရာ၌ထား၍ “ငါ၏သမီးတော်ကို မွေးကျွေးသုတ်သင်ခြင်းငှာ စွမ်းနိုင်သောသူတို့သည် ယူကြကုန်လော့”ဟု မိန့်တော်မူလေ၏။ ထိုအခါ အမှုခပ်သိမ်းကို ပြီးစေတတ်သော အမတ်ကြီးတစ်ယောက်သည် “အရှင်မင်းကြီး- အရှင်မင်းကြီး၏သမီးတော်ကို အရှင့်ကျွန်တော်မျိုး မွေးကျွေးသုတ်သင်ပါမည်”ဟု လျှောက်၍ ထိုကာဏာကို မိမိအိမ်သို့ ဆောင်စေပြီးလျှင် အလုံးစုံသောစည်းစိမ်ကို ဆောင်နှင်းပေးအပ်၍ အလိုရှိတိုင်း ကောင်းမှုတို့ကို ပြုလေလော့”ဟု ဆိုလေ၏။ ထိုနေ့မှစ၍ ကာဏာသတို့သမီးသည် လေးခုကုန်သော တံခါးမကြီးတို့၌ လုလင်ယောက်ျားတို့ကို ထားရလေသဖြင့် မိမိကိုယ်တိုင်ပင် လုပ်ကျွေးအပ်ကုန်သော ရဟန်းယောက်ျားတို့ကိုလည်းကောင်း၊ ရဟန်းမိန်းမတို့ကိုလည်းကောင်း ရှာဖွေသော်လည်း တွေ့မြင်ခြင်းငှာ မရနိုင်၊ ကာဏာ၏ အိမ်တံခါး၌ စီရင်၍ထားအပ်သော ခဲဖွယ်ဘောဇဉ်အစဉ်သည် ကြီးစွာသော ရေအလျဉ်ကဲ့သို့ ဖြစ်လေ၏။

(ကြွရောက်ချီးမြှောက်သော ရဟန်းသံဃာ များလှသဖြင့် လုပ်ကျွေးနေကျ ရဟန်းယောက်ျား၊ ရဟန်းမိန်းမတို့ကိုပင် လွယ်ကူစွာရှာ၍ မတွေ့နိုင်ဟူလို။)

ရဟန်းတို့သည် တရားသဘင်၌ “ငါ့ရှင်တို့- ရှေးအခါ၌ မထေရ်ကြီး လေးပါးတို့သည် ကာဏာသတို့သမီး နှလုံးမသာမယာအောင် ပြုကြလေကုန်၏၊ ထိုကာဏာသည် ဤသို့ နှလုံးမသာမယာခြင်း ရှိသည်ဖြစ်သော်လည်း မြတ်စွာဘုရားကို အကြောင်းပြု၍ သဒ္ဓါတရားနှင့် ပြည့်စုံခြင်းကို ရပြီးလျှင် မြတ်စွာဘုရားသည် တစ်ဖန် ထိုကာဏာ၏ အိမ်တံခါးသို့ ရဟန်းတို့အား ချဉ်းကပ်ခြင်းငှာ ထိုက်အောင် ပြုအပ်ပေ၏။ ယခုအခါ ကာဏာသတို့သမီး ကိုယ်တိုင်ပင် လုပ်ကျွေးအပ်ကုန်သော ရဟန်းယောက်ျားတို့ကိုလည်းကောင်း၊ ရဟန်းမိန်းမတို့ကိုလည်းကောင်း ရှာဖွေသော်လည်း တွေ့မြင်ခြင်းငှာမရနိုင်၊ ဘုရားတို့မည်သည်ကား အံ့ဩ၍ မကုန်နိုင်သော ဂုဏ်တော်ကျေးဇူး ရှိကြကုန်စွတကား”ဟု ပြောဆိုကြလေကုန်၏။

ကာကာ၏အတိတ်

မြတ်စွာဘုရားသည် ကြွတော်မူ၍ “ချစ်သား ရဟန်းတို့- ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ယခုအခါ၌သာလျှင် ထိုရဟန်းကြီးလေးပါးတို့သည် ကာဏာ၏ စိတ်နှလုံးမသာယာခြင်းကို ပြုသည်မဟုတ်သေး၊ ရှေး၌လည်း ပြုကြဖူးကုန်သည်သာလျှင်တည်း။ ယခုအခါ၌သာလျှင် ငါဘုရားသည် ကာဏာကို ငါ ဘုရားစကားကို လိုက်နာအောင် ပြုအပ်သည်မဟုတ်သေး၊ ရှေး၌လည်း ပြုအပ်ဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ထိုအကြောင်းကို နာကြားလိုကုန်သော ရဟန်းတို့သည် တောင်းပန်အပ်သည် ဖြစ်ရကား-

ယတ္ထေကော လဘတေ ဗဗ္ဗု၊ ဒုတိယော တတ္ထ ဇာယတိ။
တတိယော စ စတုတ္ထော စ၊ ဣဒံ တေ ဗဗ္ဗုကာ ဗိဠံ။

ယတ္ထ၊ အကြင်အရပ်၌။ ဧကော ဗဗ္ဗု၊ ကြောင်တစ်ကောင်သည်။ မူသိကံ ဝါ၊ ကြွက်ကိုလည်းကောင်း။ မံသံ ဝါ၊ အသားကိုလည်းကောင်း။ လဘတေ၊ ရ၏။ တတ္ထ၊ ထိုအရပ်၌။ ဒုတိယော စ၊ နှစ်ခုမြောက်သော ကြောင်သည်လည်း။ ဇာယတိ၊ ဖြစ်ပေါ်လာ၏။ တတိယော စ၊ သုံးခုမြောက်သော ကြောင်သည်လည်း။ ဇာယတိ၊ ဖြစ်ပေါ်လာ၏။ စတုတ္တော စ၊ လေးခုမြောက်သော ကြောင်သည်လည်း။ ဇာယတိ၊ ဖြစ်ပေါ်လာ၏။ တေ ဗဗ္ဗုကာ၊ ထိုကြောင်တို့သည်။ ဣဒံ ဗိဠံ၊ ဤဖလ်ဂူကို။ ဥရေန၊ ရင်ဖြင့်။ ပဟရိတွာ၊ ခတ်မိ၍။ ဇီဝိတက္ခယံ၊ အသက်ကုန်ခြင်းသို့။ ပတ္တာ၊ ရောက်ကြလေကုန်ပြီ။

ဤသို့ ဤဗဗ္ဗုဇာတ်ကို (ဤဗဗ္ဗုဇာတ်သည် ဧကနိပါတ် ၁၄-ခုမြောက် အသမ္ပဒါနဝဂ်၌ ပါရှိ၏။) အကျယ်အားဖြင့် ဟောကြားတော်မူပြီးလျှင် လေးပါးသော ရဟန်းကြီးတို့သည် ကြောင်ကြီးလေးစီးတို့ ဖြစ်ကုန်ပြီ။ ကြွက်မသည် ကာဏာဖြစ်ပြီ။ ရွဲထွင်းသမား- ဝါ၊ ကျောက်သွေးသမားသည် ငါဘုရားသာလျှင်တည်း။ ဤသို့ ဇာတ်ကိုပေါင်း၍ “ချစ်သားရဟန်းတို့- ဤသို့လျှင် လွန်လေပြီးသောအခါ၌လည်း ကာဏာသည် နှလုံးမသာယာသည်ဖြစ်၍၊ နောက်ကျုသောစိတ် ရှိသည်ဖြစ်၍၊ ပျံ့လွင့်သောစိတ် ရှိသည်ဖြစ်၍၊ ငါ့စကားဖြင့် ကြည်လင်သော စိတ်ရှိလေ၏၊ နက်လှစွာသော ရေအိုင်ကြီးကဲ့သို့ အထူးသဖြင့် ကြည်လင်သောစိတ် ရှိသည်ဖြစ်ပြီ”ဟု မိန့်တော်မူ၍ အနုသန္ဓေကိုစပ်လျက် တရားဟောတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

[၈၂] ယထာပိ ရဟဒေါ ဂမ္ဘီရော၊ ဝိပ္ပသန္နော အနာဝိလော။
ဧဝံ ဓမ္မာနိ သုတွာန၊ ဝိပ္ပသီဒန္တိ ပဏ္ဍိတာ။

ဂမ္ဘီရော၊ နက်လှစွာသော။ ရဟဒေါ၊ မဟာသမုဒ္ဒရာသည်။ ဝိပ္ပသန္နော၊ ကြည်လင်သည်။ အနာဝိလော၊ မနောက်ကျုသည်။ ဟောတိ ယထာပိ၊ ဖြစ်သကဲ့သို့လည်း။ ဧဝံ၊ ဤအတူ။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ဓမ္မာနိ၊ ဟောကြားအပ်သော တရားတို့ကို။ သုတွာန၊ နာကြားကြရကုန်၍။ ဝိပ္ပသီဒန္တိ ၊ အထူးအားဖြင့် ကြည်လင်ကြကုန်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ကာဏမာတာဝတ္ထုပြီး၏။