ကာကဝတီဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၃၂၇။ ကာကဝတီဇာတ် (၄-၃-၇)

စတုက္ကနိပါတ် - ကုဋိဒူသကဝဂ်

၇။ ကာကဝတီဇာတ်

မယားခိုး ဂဠုန်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဝါတိ စာယံ တတော ဂန္ဓော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကာကဝတီဇာတ်ကို ဇေတဝန် ကျောင်းတော် သီတင်း သုံးနေတော်မူစဉ် ငြီးငွေ့သော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ထိုအခါ ထိုရဟန်းကို ရဟန်း သင် ငြီးငွေ့သောဟူသည် မှန်သလောဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် အဘယ်၏ အစွမ်းဖြင့် ငြီးငွေ့သနည်းဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား ကိလေ သာ၏ အစွမ်းအားဖြင့် ငြီးငွေ့၏ဟု နားတော် လျောက်သည်ရှိသော် ရဟန်း မိန်းမမည်သည်ကား စောင့်ရှောက်ခြင်းငှါ မတတ်ကောင်း၊ ရှေးပညာရှိတို့သည်လည်း မာတုဂါမကို သမုဒ္ဒရာအလယ် လက်ပံပင်ပျိုဗိမာန်၌ နေစေကုန်လျက် စောင့်ရှောက်ကုန်သော်လည်း စောင့်ရှောက်ခြင်းငှာ မတတ်နိုင်ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ် မင်း၏ မိဖုယားကြီးဝမ်း၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် အဘလွန်သဖြင့် မင်းပြု၏။ ဘုရားလောင်း၏ မိဖုယားကြီးသည် ကာကဝတီမည်၏။ နတ်သ္မီးကဲ့သို့ အလွန် အဆင်းလှ၏။

(ဤကာကဝတီဇာတ်၌ ဤသို့ ဆိုအပ်ပြီးသော အတိတ်ဝတ္ထု စကားသည် အကျဉ်းစကားတည်း၊ အကျယ်အားဖြင့်ကား အတိတ်ဝတ္ထုသည် ကုဏာလဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့)

ထိုအခါ၌ကား တခုသော ဂဠုန်မင်းသည် လူ၏အသွင်ဖြင့် သွား၍ မင်းနှင့်တကွ ကြွေအန် ကစားလတ်သော် ကာကဝတီမိဖုယား၌ တပ်စွန်းသော စိတ်ရှိသည်ဖြစ်၍ ကာကဝတီ မိဖုယားကိုယူ၍ ဂဠုန်ပြည်သို့ဆောင်၍ ထိုမိဖုယားနှင့်တကွ မွေ့လျော်၏။ မင်းသည် မိဖုယားကို မမြင်လတ်သော် နဋကုဝေရမည်သော စောင်းသမားကို မိဖုယားကို စုံစမ်းလော့ဟု ဆို၏။ စောင်းသမားသည် စုံစမ်းလတ်သော် ထိုအကြောင်းကို သိ၍ ဂဠုန်မင်းကိုစီး၍ အတောင်ကြားမှ ထွက်၍ တခုသော ရေအိုင်ဝယ် ပြိတ်တော၌အိပ်၍ ထိုပြိတ်တောမှ ဂဠုန်မင်းသွားသည့်ကာလ အတောင်ကြား၌ စီး၍ ဂဠုန်ပြည်သို့ရောက်၍ အတောင်ကြားမှထွက်၍ ထိုကာကဝတီမိဖုယားနှင့်တကွ ကိလေသာကာမ၏ အစွမ်းအားဖြင့် ရောရှက်ခြင်းကိုပြု၍ တဖန် ဂဠုန်မင်း၏ အတောင်ကြား၌လျှင် စီးလျက်လာ၍ ဂဠုန်မင်းသည် ဗာရာဏသီမင်းနှင့်တကွ ကြွေအန်ကစားသောကာလ၌ စောင်းသမားသည် မိမိစောင်းကိုယူ၍ ကြွေအန်ကစားသောပွဲသို့ သွား၍ မင်း၏အထံ၌ ရပ်လျက် သီချင်း သီသည်၏ အစွမ်းအားဖြင့် -

၁၀၅။ ဝါတိ စာယံ တတော ဂန္ဓော၊
ယတ္ထ မေ ဝသတီ ပိယာ။
ဒူရေ ဣတော ဟိ ကာကဝတီ၊
ယတ္ထ မေ နိရတော မနော။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၀၅။ ယတ္ထ၊ အကြင်ဂဠုန်ပြည်၌။ မေ၊ ငါ၏။ ပိယာ၊ မယားသည်။ ဝသတိ၊ နေ၏။ တတော၊ ထိုဂဠုန်ပြည်မှ။ အယံ ဂန္ဓော၊ ဤနတ်နံ့သာကို လိမ်းကျံသော ကာကဝတီ မိဖုယား၏ ကိုယ်နံ့သည်။ ဝါတိ စ၊ လှိုင်သည်သာလျှင်တည်း။ ယတ္ထ၊ အကြင်ကာကဝတီ မိဖုယား၌။ မေ၊ ငါ၏။ မနော၊ စိတ်သည်။ နိရတော၊ မွေ့လျော်၏။ သာ ကာကဝတီ၊ ထိုကာကဝတီ မိဖုယားသည်။ ဣတော၊ ဤဗာရာဏသီပြည်မှ။ ဒူရေ၊ ဝေးသော ဂဠုန်ပြည်၌။ ဝသတိ၊ နေ၏။

ထိုစကားကို ကြား၍ ဂဠုန်မင်းသည်-

၁၀၆။ ကထံ သမုဒ္ဒမတရိ၊ ကထံ အတရိ ကေပုကံ။
ကထံ သတ္တ သမုဒ္ဒါနိ၊ ကထံ သိမ္ဗလိ မာရုဟိ။

ဟူသော နှစ်ခုမြောက်သောဤဂါထာကို ဆို၏။

၁၀၆။ တွံ၊ သင်သည်။ သမုဒ္ဒံ၊ သမုဒ္ဒရာကို။ ကထံ အတရိ၊ အဘယ်သို့ ကူးသနည်း။ ကေပုကံ၊ ကေပုကမည်သော မြစ်ကို။ ကထံ အတရိ၊ အဘယ် သို့ကူးသနည်း။ သတ္တ သမုဒ္ဒါနိ၊ သီဒါ သမုဒ္ဒရာ ခုနစ်တန်တို့ကို။ ကထံ အတိက္ကမိတွာ၊ အဘယ်သို့ လွန်၍။ သိမ္ဗလိံ၊ လက်ပံပင်ကို။ ကထံ အာရုဟိ၊ အဘယ်သိုတက်သနည်း။

ထိုစကားကို ကြား၍ နဋကုဝေရ စောင်းသမားသည်-

၁၀၇။ တယာ သမုဒ္ဒမတရိံ၊ တယာ အတရိံ ကေပုကံ။
တယာ သတ္တ သမုဒ္ဒါနိ၊ တယာ သိမ္ဗလိ မာရုဟိံ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၁၀၇။ အဟံ၊ ငါသည်။ တယာ၊ သင်ဖြင့်။ သမုဒ္ဒံ၊ သမုဒ္ဒရာကို။ အတရိံ၊ ကူးပြီ။ တယာ၊ သင်ဖြင့်။ ကေပုကံ၊ ကေပုကမည်သော မြစ်ကို။ အတရိံ၊ ကူးပြီ။ တယာ၊ သင်ဖြင့်။ သတ္တ သမုဒ္ဒါနိ၊ သီဒါသမုဒ္ဒရာ ခုနစ်တန်တို့ကို။ အတိက္ကမိတွာ၊ လွန်၍။ တယာ၊ သင်ဖြင့်။ သိမ္ဗလိံ၊ လက်ပံပင်ကို။ အာရုဟိံ၊ တက်ပြီ။

ထိုနောက်မှ ဂဠုန်မင်းသည် -

၁၀၈။ ဓီရတ္ထု မံ မဟာကာယံ၊ ဓီရတ္ထု မံ အစေတနံ။
ယတ္ထ ဇာယာယဟံ ဇာရံ၊ အာဝဟာမိ ဝဟာမိ စ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၁၀၈။ ယတ္ထ-ယသ္မာ၊ အကြင့်ကြောင့်။ အဟံ၊ ငါသည်။ ဇာယာယ၊ မယား၏။ ဇာရံ၊ လင်ဖြစ်သော စောင်းသမားကို။ အာဝဟာမိ စ၊ ဂဠုန်ပြည်သို့လည်း ယူ၏။ ဝဟာမိ စ၊ လူ့ပြည်သို့လည်း ပို့ဆောင်၏။ တသ္မာ၊ ထို့ကြောင့်။ မဟာကာယံ၊ ကြီးသောကိုယ်ရှိသော။ မံ၊ ငါ့ကို။ ဓီရတ္ထု၊ ငါ ကဲ့ရဲ့၏။ အစေတနံ၊ ပေါ့သည်၏အဖြစ် လေးသည်၏အဖြစ်ကို မသိသော။ မံ၊ ငါ့ကို။ ဓီရတ္ထု၊ ကဲ့ရဲ့၏။

ထိုဂဠုန်မင်းသည်ကား ကာကဝတီ မိဖုယားကို ဆောင်၍ ဗာရာဏသီမင်းအား ပေး၍ တဖန် ဗာရာဏသီမြို့သို့ မလာပြီ။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကို ပြတော်မူသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ငြီးငွေ့သော ရဟန်းသည် ထိုအခါ နဋကုဝေရမည်သော စောင်းသမား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဗာရာဏသီမင်းဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

စောင့်ရှောက်ခဲလှ၊ ဣတ္ထိယ၊ မိန့်ဟခါခါ မတွယ်တာနှင့်

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကာကဝတီဇာတ်သည် ပြီး၏။

*****