ကပေါတဇာတ် -၂

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၃၇၅။ ကပေါတဇာတ် (၅-၃-၅)

ပဉ္စကနိပါတ် - အဒ္ဓဝဂ်

၅။ ကပေါတဇာတ်

လျှပ်ပေါ်လော်လည်ခြင်းကြောင့် ပျက်စီးရခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဣဒါနိ ခေါမှိအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကပေါတဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တစ်ယောက်သော လျှပ်ပေါ်သောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... လျှပ်ပေါ်သော ရဟန်းဝတ္ထုကို များစွာ ချဲ့အပ်ပြီးသလျှင်တည်း။ ထိုရဟန်းကိုကား သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်း... သင်သည် လျှပ်ပေါ်သောဟူသည် မှန်သလော ဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ ဟု နားတော် လျှောက်သည်ရှိသော် ရဟန်း... သင်သည် ယခုအခါ၌သာ လျှပ်ပေါ်သည် မဟုတ်သေး၊ ရှေး၌လည်း လျှပ်ပေါ်သည်သလျှင်ကတည်း၊ လျှပ်ပေါ်သည်၏ အဖြစ်ကြောင့် အသက်ကုန်ခြင်းသို့ ရောက်ဖူး၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ခိုမျိုး၌ ဖြစ်၍ ဗာရာဏသီ သူဌေး၏ စားဖိုအိမ် အသိုက်တောင်း၌ နေ၏။

ဟင်းခိုးစားသော ကျီးမိုက်ဒုက္ခ

ထိုအခါ တစ်ခုသော ကျီးသည် ငါးအမဲ၌ တပ် စွန်း၍ ထိုခိုနှင့် မိတ်ဖွဲ့၍ ထိုအသိုက်တောင်း၌လျှင် နေ၏။ ထိုကျီးသည် တစ်နေ့သ၌ များစွာသော ငါးအမဲကိုမြင်၍ ငါးအမဲကို စားအံ့ ဟု အလွန်ညည်းညူလျက် အသိုက်တောင်း၌လျှင် အိပ်နေ၏။ ခိုသည် အဆွေကျီး... လာလော့၊ အစာရှာအံ့သောငှာ သွားကုန်အံ့ ဟု ဆိုသော်လည်း ငါသည် အစာမကျေခြင်းကြောင့် အိပ်၏။ သင်သည် သွားလေလော့ ဟု ဆို၍ အစာရှာ မသွားမူ၍ ထိုခိုသွားသည်ရှိသော် ငါ၏ ဆူးငြောင့်ဖြစ်သော ရန်သူသည် သွားပြီ၊ ယခုအခါ ငါသည် အလိုရှိတိုင်း ငါးအမဲကို စားအံ့ ဟု ကြံလျက်-

၁၃၅။ ဣဒါနိ ခေါမှိ သုခိတော အရောဂေါ၊
နိက္ကဏ္ဋကော နိပ္ပတိတော ကပေါတော။
ကာဟာမိ ဒါနိ ဟဒယဿ တုဋ္ဌိံ၊
တထာဟိ မံ မံသသာကံ ဗလေတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၃၅။ အဟံ၊ သည်။ ဣဒါနိ ခေါ၊ ယခုအခါ၌လျှင်။ သုခိတော၊ ချမ်းသာသည်။ အရောဂေါ၊ ရောဂါမရှိသည်။ နိက္ကဏ္ဋကော၊ ဆူးငြောင့်မရှိသည်။ အမှိ၊ ဖြစ်၏။ ကပေါတော၊ ခိုသည်။ နိပ္ပတိတော၊ ထွက်သွားလေပြီ။ ဣဒါနိ၊ ယခုအခါ၌။ ဟဒယဿ၊ နှလုံး၏။ တုဋ္ဌိံ၊ နှစ်သက်သော အမှုကို။ ကာဟာမိ၊ ပြုအံ့။ တထာဟိ၊ ထို့ကြောင့်လျှင်။ မံသသာကံ၊ အမဲ, အမဲဟင်းမှ ကြွင်းသော ဟင်းသည်။ မံ၊ ငါ၏။ ဗလေတိ-ဗလံ ကရောတိ၊ အား, လုံ့လကိုပြု၏။

စားဖိုသည်သည် ငါးအမဲကိုချက်၍ စားဖိုအိမ်မှထွက်၍ ကိုယ်မှချွေးကို သုတ်လျက်နေ၏။ ကျီးသည် တောင်းမှထွက်၍ အမဲကို ဝမ်းပြည့်အောင်စား၍ အမဲကိုထားသော တောင်း၌နား၍ ကိရိ ကိရိ ဟု အသံကို ပြု၏။ စားဖိုသည်သည် လျင် မြန်သဖြင့် လာလတ်၍ ကျီးကိုဖမ်း၍ အလုံးစုံသော အတောင်တို့ကို နုတ်၍ စိုသော ချင်း၊ မုန်ညင်းစေ့တို့ကိုရော၍ ပုပ်သော ရက်တက်ရည်ဖြင့် နယ်၍ အလုံးစုံသောကိုယ်ကို လိမ်း၍ တစ်ခုသော အိုးခြမ်းကို သွေး၍ ချည်ကြိုးဖြင့် ထိုကျီး၏ လည်၌ ဖွဲ့ဆွဲ၍ အသိုက်တောင်း၌လျှင်ထား၍ သွား၏။

ခို၏လှောင်ပြောင်သံ

ခိုသည်လာလတ်၍ ထိုကျီးကိုမြင်၍ ဗျိုင်းသည် အဆွေ ကျီး၏ တောင်း၌အိပ်၏။ အဘယ်ဗျိုင်းနည်း၊ အဆွေ ခင်ပွန်းဖြစ်သော ကျီးသည် ကြမ်းကြုတ်၏။ လာလတ်၍ သင့်ကို ညှဉ်းဆဲရာ၏ ဟု ပြက်ရယ်ပြုလိုရကား-

၁၃၆။ ကာယံ ဗလကာ သိခိနီ၊ စောရီ လင်္ဃီ ပိတာမဟာ။
ဩရံ ဗလာကေ အာဂစ္ဆ၊ စဏ္ဍော မေ ဝါယသော သခါ။

ဟူသော နှစ်ခုမြောက်သာ ဤဂါထာကို ဆို၏။

၁၃၆။ သိခိနီ၊ ဦးစွန်းရှိသော။ စောရီ၊ နေရာတောင်းကို ခိုးသော။ လင်္ဃီ ပိတာမဟာ၊ မိုးဟူသော အဘိုးရှိသော။ အယံ ဗလာကာ၊ ဤဗျိုင်းအောက်မသည်။ ကာ၊ အဘယ်ဗျိုင်းအောက်မနည်း။ ဗလာကေ၊ ဗျိုင်းအောက်မ။ ဩရံ၊ ဤအတွင်းသို့။ အာဂစ္ဆ၊ လာလော့။ မေ၊ ငါ၏။ သခါ၊ အဆွေ ခင်ပွန်းဖြစ်သော။ ဝါယသော၊ ကျီးသည်။ စဏ္ဍော၊ ကြမ်း၏။

မလှောင်ပါနဲ့ ခိုလေးရယ်

ထိုစကားကိုကြား၍ ကျီးသည်-

၁၃၇။ အလံ ဟိ တေ ဇဂ္ဃိတာယေ၊ မမံ ဒိသွာန ဧဒိသံ။
ဝိလူနံ သူဒပုတ္တေန၊ ပိဋ္ဌမဏ္ဍေန မက္ခိတံ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၁၃၇။ သမ္မ၊ အဆွေ။ သူဒပုတ္တေန၊ စားဖိုသည်သည်။ ဝိလူနံ၊ အမွှေးအတောင်ကို နုတ်၍။ ပိဋ္ဌမဏ္ဍေန၊ ချင်း, မုန်ညင်းမှုန့်ဖျော်သော ရက်တက်ရည်ကြည်ဖြင့်။ မက္ခိတံ၊ လိမ်းကျံအပ်သော။ ဧဒိသံ၊ ဤသို့သဘောရှိသော ဆင်းရဲခြင်းရှိသော။ မမံ၊ ငါ့ကို။ ဒိသွာန၊ မြင်၍။ တေ၊ သင့်အား။ ဇဂ္ဃိတာယေ၊ ပြက်ရယ်ပြုခြင်းငှာ အလံ၊ မသင့်သလျှင်ကတည်း။

သင့်မှာလဲ ပြင်လို့ ဆင်လို့

ခိုသည် ပြက်ရယ်ပြုလို၍လျှင် တဖန်-

၁၃၈။ သုနှာတော သုဝိလိတ္တောသိ၊ အန္နပါနေန တပ္ပိတော။
ကဏ္ဌေစ တေ ဝေဠုရိယော၊ အဂမာ နု ကဇင်္ဂလံ။

ဟူသော လေးခုမြောက်သော ဤဂါထာကိုဆို၏။

၁၃၈။ သမ္မ၊ အဆွေ။ တွံ၊ သင်သည်။ သုနှာတော၊ ကောင်းစွာ သုတ်သင်အပ်သည်။ သုဝိလိတ္တော၊ ကေင်းစွာ လိမ်းကျံအပ်သည်။ အန္နပါနေန၊ ထမင်း အဖျော်ဖြင့်။ တပ္ပိတော၊ ရောင့်ရဲသည်။ အသိ၊ ဖြစ်၏။ တေ၊ သင်၏။ ကဏ္ဌေ စ၊ လည်၌ လည်း။ ဝေဠုရိယော၊ ဝေဠုရိယပတ္တမြားကို ဆင်ယင်အပ်၏။ တွံ၊ သင်သည်။ ကဇင်္ဂလံ၊ ဗာရာဏသီပြည်တွင်းသို့။ အဂမာ နု၊ သွားချေသလော။

ထိုနောက်မှ ကျီးသည်-

၁၃၉။ မာ တေ မိတ္တော အမိတ္တော ဝါ၊ အဂမာသိ ကဇင်္ဂလံ။
ပိဉ္ဆာနိ တတ္ထ လာယိတွာ၊ ကဏ္ဌေ ဗန္ဓန္တိ ဝဋ္ဋနံ။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

ငါဒုက္ခရောက်ပြီ

၁၃၉။ ပါရာဝတ၊ ခို။ တေ၊ သင်၏။ မိတ္တော ဝါ၊ အဆွေခင်ပွန်းသည်လည်းကောင်း။ အမိတ္တော ဝါ၊ အဆွေခင်ပွန်းမဟုတ်သော ငှက်သည်လည်းကောင်း။ ကဇင်္ဂလံ၊ ဗာရာဏသီမြို့တွင်းသို့။ မာ အဂမာသိ၊ မသွားစေလင့်။ တတ္ထ၊ ထိုဗာရာဏသီမြို့တွင်း၌။ ပိဉ္ဆာနိ၊ အမွေးအတောင်တို့ကို။ လာယိတွာ၊ နုတ်၍။ ကဏ္ဌေ၊ လည်၌။ ဝဋ္ဋနံ၊ အိုးခြမ်းကို။ ဗန္ဓန္တိ၊ ဖွဲ့ချည်တတ်ကုန်၏။

အကောင်းစားချင်ဦး

ထိုစကားကိုကြား၍ ခိုသည်-

၁၄၀။ ပုနပါပဇ္ဇသီ သမ္မ၊ သီလံ ဟိ တဝ တာဒိသံ။
န ဟိ မနုသကာ ဘောဂါ၊ သုဘုဉ္ဇာ ဟောန္တိ ပက္ခနော။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဆို၏။

၁၄၀။ သမ္မ၊ အဆွေ။ တွံ၊ သင်သည်။ ပုနပိ၊ တဖန်လည်း။ ဧဝရူပံ၊ ဤသို့ သဘောရှိသော ဆင်းရဲသို့။ အာပဇ္ဇသိ၊ ရောက်လတ္တံ့။ ဟိ သစ္စံ၊ မှန်၏။ တဝ၊ သင်၏။ သီလံ၊ အလေ့သည်။ တာဒိသံ၊ ထိုသို့သဘောရှိ၏။ မနုသကာ ဘောဂါ၊ လူ၌ဖြစ်ကုန်သော အသုံးအဆောင်တို့သည်။ ပက္ခိနော၊ ငှက်အား။ သုဘုဉ္ဇာ၊ သုံးဆောင်လွယ်ကုန်သည်။ န ဟောန္တိ၊ မဖြစ်ကုန်သလျှင်ကတည်း။

ဤသို့ ဘုရားလောင်းသည် ထိုကျီးကိုဆုံးမ၍ ထိုအိမ်၌ မနေမူ၍ အတောင်တို့ကိုဖြန့်၍ တစ်ပါးသောအရပ်သို့ ပျံ သွား၏။ ကျီးသည်လည်း ထိုအိမ်၌ပင် အသက်ကုန်ခြင်းသို့ ရောက်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်ဘုရားသည် ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြသည်၏ အဆုံး၌ လျှပ်ပေါ်သော ရဟန်းသည် အနာဂါမိ ဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ လျှပ်ပေါ်သော ရဟန်းသည် ထိုအခါ ကျီးဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ခိုဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကိုယ်နှင့်မထိုက်၊ လိုချင်လိုက်၊ ကျီးမိုက် သေရပြီ

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော ကပေါတဇာတ်သည် ပြီး၏။

*****