ကပေါတဇာတ် -၁

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၂။ ကပေါတဇာတ်

ဧကကနိပါတ်-အတ္ထကာမဝဂ်

၂။ ကပေါတဇာတ်

လျှပ်ပေါ်သောကြောင့် အသက်ဆုံးခြင်းသို့ ရောက်ရသောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလူကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယော အတ္ထကာမဿ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကပေါတဇာတ်ကို ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်တယောက်သော လျှပ်ပေါ်သောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုရဟန်း၏ လျှပ်ပေါ်သောအဖြစ်သည် နဝကနိပါတ် ကာကဇာတ်၌ ထင်စွာဖြစ်လတ္တံ့။ ထိုအခါ၌ကား ရဟန်းတို့သည် ထိုရဟန်းကို မြတ်စွာဘုရားရှေ့တော်သို့ဆောင်၍ အရှင်ဘုရား ဤရဟန်းသည် လျှပ်ပေါ်၏ဟု မြတ်စွာဘုရားအား လျှောက်ကုန်၏။ ထိုအခါ ထိုရဟန်းကို မြတ်ဘုရားသည် ရဟန်း သင်သည် လျှပ်ပေါ်သတတ်ဟူသည် မှန်သလောဟု မေးတော်မူ၏။ အရှင်ဘုရား မှန်ပေ၏ဟု လျှောက်၏။ မြတ်စွာဘုရားသည် သင်သည် ရှေး၌လည်း လျှပ်ပေါ်ခြင်းဟူသောအကြောင်းကြောင့် အသက်ကုန်ခြင်းသို့ ရောက်ဘူးပြီ၊ ပညာရှိတို့သည်လည်း သင့်ကိုမှီ၍ မိမိနေရာမှ ယုတ်ဘူးကုန်ပြီဟု မိန့်တော်မူ၍ လွန်လေပြီးသောအကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုလတ်သည်ရှိသော် ဘုရားလောင်းသည် ခိုအမျိုး၌ဖြစ်၏။ ထိုအခါ ဗာရာဏသီပြည်၌ နေကုန်သောသူတို့သည် ကောင်းမှုကို အလိုရှိသည်၏ အဖြစ်ကြောင့် ထိုထိုအရပ်၌ ငှက်တို့အား ချမ်းသာစွာနေစိမ့်သောငှါ တောင်းကြီးတို့ကို ဆွဲကုန်၏။ ဗာရာဏသီသူဌေး၏လည်း ထမင်းချက်သည် မိမိစဖိုအိမ်၌ တခုသောတောင်းကြီးကိုဆွဲ၍ထား၏။ ဘုရားလောင်းသည် ထိုတောင်း၌နေ၏။ ထိုဘုရားလောင်းသည် စောစောကလျှင်ထွက်၍ ကျက်စားရာအရပ်၌ ကျက်စား၍ ညအခါလာ၍ ထိုတောင်း၌နေလျက် ကာလတိုကုန်စေ၏။ ထိုအခါ တနေ့သ၌ တခုသောကျီးသည် စဖိုအိမ်၏အထက်ဖြင့် သွားသည်ရှိသော် အချဉ် အချို့ ငါးအမဲတို့၏ အမွှေးအကြိုင်အဆောက်အဦတို့ဖြင့် ထုံအပ်သောအနံ့သည်နံ၍ လောဘကိုဖြစ်စေ၍ အဘယ်သူကိုမှီ၍လျှင် ဤငါးအမဲတို့ကို ရအံ့နည်းဟု အနီး၌နေ၍ စုံစမ်းသည်ရှိသော် ညအခါ၌ ဘုရားလောင်းလာ၍ စဖိုအိမ်သို့ဝင်သည်ကိုမြင်၍ ဤခိုကိုမှီ၍ ငါးအမဲကိုရအံ့ဟု နှလုံးသွင်း၍ နက်ဖြန်နေ့၌ စောစောကလျှင်လာလတ်၍ ဘုရားလောင်း၏ ထွက်၍ ကျက်စားအံ့သောငှါ သွားသောကာလ၌ နောက်မှလိုက်၏။

ထိုအခါ ကျီးကို ဘုရားလောင်းသည် အဆွေ သင်သည် အဘယ်ကြောင့် ငါတို့နှင့်တကွ ကျက်စားသနည်းဟု ဆို၏။ အရှင်အရှင်တို့၏ အမူအရာကို အကျွန်ုပ်သည်နှဈသကျ၏။ ဤနေ့မှစ၍ အရှင်တို့ကို အကျွန်ုပ်သည် ခစားအံ့ဟုဆို၏။ အဆွေ သင်တို့သည် တပါးသောအစာရှိကုန်၏။ ငါတို့သည် တပါးသောအစာရှိကုန်၏။ သင်တို့သည် ငါတို့အားခစားခြင်းသည် ခဲခက်၏ဟု ဆို၏။ အရှင်အရှင်တို့၏ အစာယူသောကာလ၌ အကျွန်ုပ်သည်လည်း အစာကိုယူ၍ အရှင်တို့နှင့်တကွသာလျှင်လိုက်အံ့ဟု ဆို၏။ ဘုရားလောင်းသည် ကောင်းပြီ စင်စစ် သင်သည် မမေ့မလျော့သည်ဖြစ်ရာ၏။ ဤသို့ ဘုရားလောင်းသည် ကျီးကိုဆုံးမ၍ အစာကိုရှာ၍ မြက်စေ့အစရှိသည်တို့ကို စား၏။ ဘုရားလောင်း၏ကား အစာကိုယူသောကာလ၌ ကျီးသည်လာ၍ နွားချေးဆိုင်ကိုပယ်၍ ပိုးတို့ကိုစား၍ ဝမ်းကိုပြည့်စေ၏။ ဘုရားလောင်း၏ အထံသို့လာ၍ အရှင်အရှင်တို့သည် အခါလေးမြင့် ကျက်စားကုန်၏။ အလွန်အစားကြူးသည် ဖြစ်ခြင်းငှာမသင့်ဟုဆို၍ ဘုရားလောင်းသည် အစာကိုယူ၍ ညအခါလာသည်ရှိသော် ဘုရားလောင်းနှင့် တကွသာလျှင် စဖိုအိမ်သို့ဝင်၏။ ထမင်းချက်သည် ငါတို့၏ခိုသည် တပါးသော အဖော်ကိုလည်း ယူ၍လာ၏ဟု ကျီးဘို့လည်း တောင်းကိုထား၏။ ထိုနေ့မှစ၍ နှစ်ခုကုန်သောသတ္တဝါတို့သည် နေကြကုန်၏။

ထိုအခါ တနေ့သ၌ သူဌေးအား များစွာသောငါးအမဲတို့ကိုဆောင်ကုန်၏။ ထိုငါးအမဲကိုယူ၍ ထမင်းချက်သည် စဖိုအိမ်၌ ထိုထိုအရပ်၌ ဆွဲ၏။ ကျီးသည် ထိုငါးအမဲကိုမြင်၍ လောဘကိုဖြစ်စေ၏။ ထိုကျီးသည် ကျက်စားရာအရပ်သို့မသွားမူ၍ ဤငါးအမဲကိုလျှင် ငါသည်စားအပ်၏ဟု နှလုံးသွင်း၍ ညဉ့်၌ညည်းညူလျက် အိပ်၏။ နက်ဖြန်နေ့၌ ဘုရားလောင်းသည် ကျက်စားအံ့သောငှာ သွားသည်ရှိသော် အဆွေကျီး လာလောဟုဆို၏။ အရှင်အရှင်တို့သည် သွားကုန်လောဟု အကျွန်ုပ်အား ဝမ်းအနာသည် ရှိ၏ဟုဆို၏။ အဆွေ ကျီးတို့အား ဝမ်းအနာမည်သည် တရံတဆစ်မျှမဖြစ်စဘူး၊ ညဉ့်သုံးယံတို့တွင် တပါးပါးသောယံ၌ အစာကြေသည် ဖြစ်ကုန်၏ ဆီမီးစာကိုမျိုးသောကာလ၌ကား ကျီးတို့အား တခဏမျှ ရောင့်ရဲခြင်းသည် ဖြစ်၏။ သင်သည် ဤငါးအမဲတို့ကို စားလိုသည်ဖြစ်လတ္တံ့၊ လာလော လူတို့၏ အသုံးအဆောင်မည်သည်ကို သင်တို့သည် သုံးဆောင်ခြင်းငှါခဲခက်၏။ သင်သည် ဤသို့သဘောရှိသောအမှုကို မပြုလင့်၊ ငါနှင့်တကွသာလ ကျက်စားခြင်းငှါ သွားလောဟုဆို၏။ အရှင်ငါသည် မတတ်နိုင်ဟူ၍ ကျီးဆို၏။ ထိုသို့တပြီးကား မိမိအမှုဖြင့်ထင်ရှားလတ္တံ့၊ လောဘ၏ အလိုသို့ မလိုက်မူ၍ မမေ့မလျော့ဖြစ်ရစ်လောဟု ဆုံးမ၍ ဘုရားလောင်းသည်ကျက်စားအံ့သောငှါ သွား၏။

ထမင်းချက်သည် အထူးထူးအပြားပြားသော ငါးအမဲတို့ကို ပြည့်စုံစေ၍ အငွေ့ထွက်စိမ့်သောငှါ အိုးတို့ကိုအတန်ငယ်ဖွင့်၍ စဖိုအိမ်ပျဉ်ထက်၌ထား၍ အပသို့ထွက်၍ ချွေးသုတ်လျက်ရပ်၏။ ထိုခဏ၌ ကျီးသည် တောင်းမှ ဦးခေါင်းမော်၍ စဖိုအိမ်ကို ကြည့်သည်ရှိသော် ထမင်းချက်၏ ထွက်သည်၏အဖြစ်ကိုသိ၍ ယခု ဤအခါကား ငါ၏နှလုံးအလိုကိုပြည့်စေ၍ အမဲကိုစားအံ့သောအခါတည်း၊ အမဲတုံးကြီးကိုတည်း စားရအံ့လောထိုသို့မဟုတ်မူ အမဲတုံးငယ်ကိုတည်း စားရအံ့လောဟုကြံ၍ အမဲတုံးငယ်တို့မည်သည်ကား ဝမ်းကို လျှင်ပြည့်စေခြင်းငှါမတတ်နိုင်၊ အမဲတုံးကြီးကိုဆောင်၍ တောင်း၌ထား၍ စားလျက်အိပ်အံ့ဟုကြံ၍ တောင်းမှပျံ၍ စဖိုအိမ်၌နား၏။

ထိုကျီးသည် စဖိုအိမ်၌ ကိရိ-ဟူသော အသံကိုပြု၏ ထမင်းချက်သည် ထိုအသံကိုကြား၍ ဤအသံကား အဘယ်နည်းဟုနှလုံးသွင်း၍ ဝင်သည်ရှိသော် ကျီးကိုမြင်၍ ဤကျီးပျက်သည် သူဌေးကြီးဘို့ချက်သောအမဲကို စားလို၏။ ငါသည်တမူကား သူဌေးကိုမှီ၍ အသက်မွေး၏။ ဤကျီးမိုက်ကိုမှီ၍ အသက်မမွေး၊ ငါ့အား ဤကျီးမိုက်ဖြင့် အဘယ်မူရအံ့နည်း၊ တံခါးကိုပိတ်၍ ကျီးကိုဖမ်း၍ ကိုယ်အလုံး၌ အတောင်တို့ကို နုတ်၍ ချင်းစိမ်း, ဆား ဇီယာ အစရှိသည်တို့ကိုထောင်း၍ ချဉ်သောရက်တက်ဖြင့်မွှေ၍ ထိုရက်တက်ရည်ဖြင့် ထိုကျီး၏ကိုယ်အလုံးကိုလိမ်း၍ ကျီးကိုတောင်း၌ထား၏။ ကျီးသည် သည်းသော ဝေဒနာ နှိပ်စက်သည်ဖြစ်၍ ညည်းညူလျက် အိပ်၏။ ဘုရားလောင်းသည် ညအခါ၌လာလတ်၍ ပျက်စီးခြင်းသို့ ရောက်သောကျီးကိုမြင်၍ လျှပ်ပေါ်သောကျီး ငါ့စကားကိုနားမထောင်၍ သင်သည် လောဘကိုမှီ၍ ကြီးစွာသောပျက်စီးခြင်းသို့ရောက်၏ဟု ဆိုလို၍-

၄၂။ ယော အတ္တကာမဿ ဟိတာနုကမ္ပိနော၊
ဩဝဇ္ဇမာနော န ကရောတိ သာသနံ။
ကပေါတကဿ ဝစနံ အကတွာ၊
အမိတ္တဟတ္ထတ္ထဂတောဝ သေတိ။

ဟူသော ဤဂါထာကို ဆို၏။

၄၂။ ယော၊ အကြင်သူသည်။ ဩဝဇ္ဇမာနော၊ နူးညံ့သော အစီး အပွားကိုအလိုရှိသောစိတ်ဖြင့် ဆုံးမလျက်။ အတ္ထကာမဿ၊ အကျိုးစီးပွားကို အလိုရှိသော။ ဟိတာနုကမ္ပိနော၊ အကျိုးစီးပွားဖြင့် စောင့်ရှောက်တတ်သောသူ၏။ သာသနံ၊ အဆုံးအမကို။ န ကရောတိ၊ နားမထောင်။ သော၊ ထိုသူသည်။ ကပေါတကဿ၊ ခို၏။ ဝစနံ၊ စကားကို။ အကတွာ၊ နားမထောင်၍။ အမိတ္တဟတ္တတ္ထဂတော၊ ရန်သူတို့၏ လက်သို့ရောက်သော။ ကာကာဝ၊ ကျီးကဲ့သို့။ အနုသောစမာနော၊ စိုးရိမ်လျက်။ သေတိ၊ အိပ်ရ၏။

ဘုရားလောင်းသည် ဤဂါထာကိုဆို၍ ယခုအခါ ငါသည်လည်း ဤအရပ်၌နေခြင်းငှါ မတတ်ကောင်းဟု နှလုံးသွင်း၍ တပါးသော အရပ်သို့သွားလေ၏။ ကျီးသည်လည်း ထိုတောင်း၌လျှင် အသက်ကုန်ခြင်းသို့ရောက်၏။ ထိုအခါကျီးကို ထမင်းချက်သည် တောင်းနှင့်တကွယူ၍ တံမြက်ချေးစွန့်ရာအရပ်၌ စွန့်၏။ မြတ်စွာဘုရားသည်လည်း ရဟန်း သင်သည် ယခုသာလျှင် လျှပ်ပေါ်သည်မဟုတ်သေး၊ ရှေး၌လည်း လျှပ်ပေါ်သည်သာလျှင်တည်း၊ သင်၏ လျှပ်ပေါ်ခြင်းကိုလည်းမှီ၍ ပညာရှိတို့သည်လည်း မိမိနေရာမှ ယုတ်ဘူးကုန်ပြီဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၏။ သစ္စာတို့ကိုညပြတော်မူသည်၏ အဆုံး၌ လျှပ်ပေါ်သောရဟန်းသည် အနာဂါမိဖိုလ်ကို ရလေ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် အနုသန္ဓေကိုစပ်၍ ယခုအခါ လျှပ်ပေါ်သောရဟန်းသည် ထိုအခါ ကျီးဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ခိုဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

လောဘရမ္မက်၊ ငမ်းငမ်းတက်၊ အသက်ဆုံးရှာ ကျီးပမာ

နှစ်ခုမြောက်သော ကပေါတဇာတ်သည် ပြီး၏။

*****