ကက္ကဋကဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၂၆၇။ ကက္ကဋကဇာတ် (၃-၂-၇)

တိကနိပါတ်-ပဒုမဝဂ်

၇။ ကက္ကဋကဇာတ်

မ.သံ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သိင်္ဂီ မိဂေါ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကက္ကဋ္ဋကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မထင်ရှားသော မိန်းမကို အကြောင်း ပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌ တယောက်သော သူကြွယ်သည် မိမိ၏မယားကို ယူ၍ ကြွေးမြီဆပ်အံ့သောငှါ ဇနပုဒ်သို့သွား၍ ကြွေးမြီကိုဆပ်၍ ပြန်လတ်သော် လမ်းအကြား၌ ခိုးသူတို့သည် ဖမ်း၏။ ထိုသူကြွယ်၏ မယားသည်ကား အဆင်းလှ၏။ ကြည်ညိုဘွယ်ရှိ၏။ ခိုးသူကြီးသည် ထိုမိန်းမ၌ ချစ်သဖြင့် သူကြွယ်ကို သတ်အံ့သောငှါ အားထုတ်၏။ ထိုမိန်းမသည်ကား သီလရှိ၏။ အကျင့်နှင့်ပြည့်စုံ၏။ လင်ကို နတ်ကဲ့သို့ ကိုးကွယ် သည်ဖြစ်၍ ထိုမိန်းမသည် ခိုးသူကြီး၏ခြေတို့၌ ရှိခိုး၍ အရှင်ခိုးသူကြီး အကျွန်ုပ်၌ အကယ်၍ ချစ်ခင်ခြင်းရှိငြားအံ့၊ အကျွန်ုပ်လင်ကို မသတ်ပါနှင့်၊ အကယ်၍ သတ်အံ့၊ အကျွန်ုပ်သည် အဆိပ်ကို စား၍၎င်း နှာခေါင်းလေကို ချုပ်၍၎င်း သေအံ့၊ သင်နှင့်အတူ မလိုက်ရအံ့၊ အကျွန်ုပ်၏ လင်ကို အကြောင်းမရှိသဖြင့် မသတ်ပါလင့်ဟု တောင်းပန်၍ လင်ကိုလွှတ်စေ၏။ ထိုလင်မယားနှစ်ယောက်တို့သည်လည်း အသက်ချမ်းသာသဖြင့် သာဝတ္ထိပြည်သို့ရောက်၍ ဇေတဝန် ကျောင်းတော်၏နောက်ဖြစ်သော ကျောင်းအစွန်းသို့ဝင်၍ မြတ်စွာဘုရားကို ရှိခိုးကုန်အံ့ဟု ဂန္ဓကုဋိ ပရိဝုဏ်သွား၍ မြတ်စွာဘုရားကိုရှိခိုး၍ တင့်အပ်လျောက်ပတ်စွာ နေကုန်၏။ ထိုလင်မယား နှစ်ယောက်တို့ကို သီတင်းသည်တို့ အဘယ်သို့ သွားကြကုန်သနည်းဟု မြတ်စွာဘုရားသည်။ မေးတော်မူအပ်သည်ရှိသော် ကြွေးမြီဆပ်အံ့သောငှာ သွားပါကုန်၏ဟု လျောက်ကုန်၏။ ခရီးအကြား၌ ရောဂါမရှိသဖြင့် လာရကုန်၏ လောဟု မေးတော်မူသည်ရှိသော် ဘုန်းတော်ကြီးသော အရှင်ဘုရား ခရီးအကြား၌ အကျွန်ုပ်တို့ကို ခိုးသူတို့သည် ဖမ်းကုန်၏။ အကျွန်ုပ်ကို သတ်လိုသောခိုးသူကြီးကို ဤမိန်းမသည် တောင်းပန်၍ လွှတ်စေ၏။ ဤမိန်းမကိုမှီ၍ အသက်ကို ရ၏ ဟု။ သူကြွယ်သည် လျှောက်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် သီတင်းသည် ဤမိန်းမသည် ဤသို့ သင့်အား ယခုအခါ၌ သာလျှင် အသက်ကို ပေးဘူးသည် မဟုတ်၊ ရှေး၌ ပညာရှိတို့အားလည်း အသက်ကို ပေးဘူးသည်သာလျှင်တည်းဟု သဗ္ဗညူ မြတ်စွာဘုရားသည် မိန့်တော်မူ၍ ထိုသူကြွယ်သည် တောင်းပန်အပ်သည် ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဟိမဝန္တာ၌ ရေကန်ကြီးသည် ရှိ၏။ ထိုရေကန်၌ ရွှေပုဇွန်ကြီးသည် နေ၏။ ရွှေပုဇွန်ကြီး၏ နေရာဖြစ်သောကြောင့် ကုဠီရ ရေကန်ဟု ထင်ရှား၏။ ထိုပုဇွန်ကြီးသည် ကောက်နယ်တလင်းဝန်း ပမာဏ ရှိ၏။ ဆင်တို့သည် ထိုပုဇွန်မှ ကြောက်ခြင်းကြောင့် ထိုရေကန်၌ ကျက်စားအံ့သောငှါ မတတ်နိုင်ကုန်၊ ထိုအခါ ဘုရားလောင်းသည် ထိုကုဠီရရေကန်ကို မှီ၍နေသော ဆင်မင်းကိုစွဲ၍ ဆင်မဝမ်း၌ ပဋိသန္ဓေနေ၏။ ထိုအခါ ထိုဆင်မသည် ကိုယ်ဝန်ကို စောင့်အံ့ဟု တပါးသော အရပ်သို့သွား၍ ကိုယ် ဝန်ကိုစောင့်၍ သားကိုဖွား၏။ ထိုဆင်သည် အစဉ်သဖြင့် လိမ္မာသောအဖြစ်သို့ ရောက်လတ်သော် ကြီးသောကိုယ်ရှိ၏။ အစွမ်းနှင့်ပြည့်စုံ၏။ တင့်တယ်ခြင်းအစုသို့ ရောက်၏။ မျက်စဉ်းတောင်ကဲ့သို့ ဖြစ်၏။ ထိုဆင်သည် တခုသော ဆင်မ၌ ပေါင်းဘော်ခြင်းကိုပြု၍ ပုဇွန်ကိုဖမ်းအံ့ဟု မိမိမယားကို၎င်း အမိကို၎င်းယူ၍ ဆင်အပေါင်းသို့ ချဉ်းကပ်၍ အဘကို ဖူးမြင်၍ ဘခင် အကျွန်ုပ်သည် ပုဇွန်ကို ဖမ်းအံ့ဟု ဆို၏။

ထိုအခါ အဘဆင်သည် ချစ်သား ပုဇွန်ကို ဖမ်းအံ့သောငှါ မတတ်နိုင်၊ မဖမ်းလေလင့်ဟု မြစ်၏။ အဖန်တလဲလဲ ဆိုသည်ရှိသော် သင်သည်လျှင် သိလတ္တံ့ဟု ဆို၏။ ထိုဆင်သည် ကုဠီရရေကန်ကိုမှီ၍နေကုန်သော ခပ်သိမ်းကုန်သော ဆင်တို့ကို စည်းဝေးစေ၍ ခပ်သိမ်းသော ဆင်တို့နှင့် တတူတကွ ရေကန်၏ အနီးသို့ သွား၍ ထိုပုဇွန်သည် တက်သောကာလ၌ ဖမ်းသလော၊ အစာစားသောကာလ၌ ဖမ်းသလောဟု မေး၏။ တက်သောကာလ၌ ဖမ်းသည်ဟု ကြား၍ ထိုသို့တပြီးကား သင်တို့သည် ကုဠီရရေကန်သို့သက်၍ အလိုရှိတိုင်း အစာကိုယူပြီး၍ ရှေးဦးစွာ တက်ကြကုန်၊ ငါသည် နောက်၌ နေရစ်အံ့ဟု ဆို၏။ ဆင်တို့သည် ဘုရားလောင်းဆင် ဆိုတိုင်း ပြုကြကုန်၏။ ပုဇွန်သည် နောက်မှတက်သော ဘုရားလောင်းကို ညှပ်ဖြင့် ပန်းဘဲတို့၏ သံချောင်းကို ညှပ်ဘိသကဲ့သို့ တက်မ နှစ်ခုတို့ဖြင့် ခြေ၌ မြဲစွာကိုင်၏။ ဆင်မသည် ဘုရားလောင်းကို မစွန့်မူ၍ အနီး၌သာလျှင် နေ၏။ ဘုရားလောင်းသည် ဆွဲငင်အပ်သည်ရှိသော် ပုဇွန်ကိုဆောင်အံ့သောငှါ မတတ်နိုင်၊ ပုဇွန်သည်ကား ဘုရားလောင်းကိုငင်လျက် မိမိသို့ ရှေးရှုသည်ကို ပြု၏။ ဘုရားလောင်းသည် သေဘေးမှ ကြောက်သည်ဖြစ်၍ မိသော မြည်ခြင်းကို မြည်၏။ ခပ်သိမ်း သော ဆင်တို့သည် ဘေးမှကြောက်ကုန်ရကား ကြိုးကြာသံနှင့်တူသော အသံကိုမြည်၍ ကျင်ကြီးကျင်ငယ်ကို စွန့်ကုန်လျက် ပြေးကုန်၏။ ဆင်မသည်လည်း ကြောက်ခြင်းကို သည်းခံအံ့သောငှါ မတတ်နိုင်၍ ပြေးအံ့သောငှါ အားထုတ်၏။ ထိုအခါ ထိုဆင်မကို ဘုရားလောင်းသည် မိမိအား ပုဇွန်၏ ညှပ်မိသည်၏အဖြစ်ကို သိစေ၍ ထိုဆင်မကို မပြေးစိမ့်သောငှာ-

၄၉။ သိင်္ဂီမိဂေါ အာယတစက္ခုနေတ္တော၊
အဋ္ဌိတ္တစော ဝါရိသယော အလောမော။
တေနာဘိဘူတော ကပဏံ ရုဒါမိ၊
မာဟေဝ မံ ပါဏသမံ ဇဟေယျ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၄၉။ ကရေဏုကေ၊ ဆင်မ၊ သိင်္ဂီမိဂေါ၊ ရွှေပုဇွန်သည်။ အာယတစက္ခုနေတ္တော၊ ရှည်သော မျက်စိရှိ၏။ အဋ္ဌိတ္တစော၊ အရိုးဟူသော အရေရှိ၏။ ဝါရိသယော၊ ရေ၌နေ၏။ အလောမော၊ အမွေးမရှိ။ တေန၊ ထိုရွှေဗုဇွန်သည်။ အဘိဘူတော၊ နှိပ်စက်အပ်သည်ဖြစ်၍။ အဟံ၊ ငါသည်။ ကပဏံ၊ သနားဘွယ်။ ရုဒါမိ၊ ငို၏။ ပါဏသမံ၊ အသက်နှင့်တူသော။ မံ၊ ငါ့ကို။ မာဟေဝ ဇဟေယျ၊ မစွန့်ပါလင့်။

ထိုအခါ ဘုရားလောင်းအား ဆင်မသည် ပြန်၍ နှစ်သိမ့်စေလျက်-

၅၀။ အယျ န တံ ဇဟိဿာမိ၊ ကုဉ္စရံ သဋ္ဌိဟာယနံ။
ပထဗျာ စာတုရန္တာယ၊ သုပိယော ဟောသိ မေ တုံဝံ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၅၀။ အယျ၊ အရှင်။ အဟံ၊ ငါသည်။ သဋ္ဌိဟာယနံ၊ အနှစ်ခြောက်ဆယ် ရှိသောကာလ၌ အားယုတ်သော။ ကုဉ္ဇရံ၊ ဆင်မင်း ဖြစ်သော။ တံ၊ သင့်ကို။ န ဇဟိဿာမိ၊ မစွန့်အံ့။ စာတုရန္တာယ စ၊ သမုဒ္ဒရာလေးစင်း အဆုံးရှိသော။ ပထဗျာ၊ မြေ၌။ တုဝံ၊ သင့်ကို။ မေ၊ ငါသည်။ သုပိယော၊ အလွန်ချစ်သည်။ အဟောသိ၊ ဖြစ်၏။

ထိုအခါ ဘုရားလောင်းကို တောင်းပန်၍ အရှင်ယခု သင့်ကို ပုဇွန်နှင့်တကွ အတန်ငယ် စကားပြောဆို၍ လွတ်စေအံ့ဟု ဆို၍ ပုဇွန်ကို တောင်း ပန်လိုရကား-

၅၁။ ယေ ကုဠီရာ သမုဒ္ဒသ္မိံ၊ ဂင်္ဂါယ ယမုနာယ စ။
တေသံ တွံ ဝါရိဇော သေဋ္ဌော၊ မုဉ္စ ရောဒန္တိယာ ပတိံ။

ဟူသော သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၅၁။ အယျ၊ အရှင်ဗုဇွန်။ ဝါရိဇော၊ ရေ၌ဖြစ်သော။ တွံ၊ သင်သည်။ သမုဒ္ဒသ္မိံ၊ သမုဒ္ဒရာ၌၎င်း။ ဂင်္ဂါယ စ၊ ဂင်္ဂါ၌၎င်း။ ယမုနာယ စ၊ ယမုနာ၌၎င်း။ ယေ ကုဠီရာ၊ အကြင်ဗုဇွန်တို့သည်။ သန္တိ၊ ရှိကုန်၏။ တေသံ၊ ထိုဗုဇွန်တို့ထက်။ သေဋ္ဌော၊ မြတ်၏။ တွံ၊ သင်သည်။ ရောဒန္တိယာ၊ ငိုသော ငါ၏။ ပတိံ၊ လင်ကို။ မုဉ္စ၊ လွှတ်လော့။

ပုဇွန်သည် ဆင်မအသံ၌ မိန်းမသံဟူသော အာရုံကိုယူ၍ မိန်းမသံသည် ငင်အပ်သော စိတ်ရှိသည်ဖြစ်၍ ဆင်ခြေမှ တက်မတို့ကို ဖြေသကဲ့သို့ လျော့စေလျှက် ဤဆင်သည် လျော့သည်ရှိသော် ဤမည်သော အမှုကို ပြုလတ္တံ့ဟု တစုံတခုကို မသိသည်ဖြစ်၏။ ထိုအခါ ဆင်သည် ခြေကိုချီ၍ ပုဇွန်၏ ကျောက်ကုန်း၌ နင်း၏။ ထိုခဏ၌လျှင် အရိုးတို့သည် ကွဲကုန်၏။ ဆင်သည် ဝမ်းမြောက်သောအသံဖြင့် မြည်၏။ ခပ်သိမ်းသော ဆင်တို့သည် စည်းဝေး၍ ပုဇွန်ကိုထုတ်၍ ရေကန် ၏အပဖြစ်သော အပြင်၌ ထားလျက် မှုန့်မှုန့်ညက်ညက် ကြေစေကုန်၏။ ထိုပုဇွန်၏ နှစ်ခုသော တက်မတို့ကို ကိုယ်မှခွဲ၍ လျောက်ပတ်သောအရပ်၌ ထားကုန်၏။ ထိုကုဠီရ ရေကန်သည် ဂင်္ဂါမြစ်နှင့် တစင်တည်းဖြစ်၍ ဂင်္ဂါရေ ပြည့်သောကာလ၌ ရေဖြင့် ပြည့်၏။ ဂင်္ဂါရေ နည်းသည်ရှိသော် ရေကန်မှရေသည် ဂင်္ဂါသို့ ဝင်၏။ ထိုအခါ နှစ်ခုသော ထက်သော တက်မတို့သည်လည်း ဂင်္ဂါ၌ မျောကုန်၏။ တခုသော တက်မသည် သမုဒ္ဒရာသို့ဝင်၍ တခုသော တက်မကိုကား ဒသဘာတိကမင်းတို့သည် ရေကန်၌ ကစားကုန်သော် ရကုန်၍ အာလိင်္ဂမည်သော မရိုးစည်ကို ပြုကုန်၏။ သမုဒ္ဒရာသို့ဝင်သော တက်မကိုကား အသုရာတို့သည် ယူကုန်၍ အာလမ္ဗရမည်သော စည်ကို ပြုကုန်၏။ ထိုအသုရာတို့သည် နောက်ကာလ၌ သိကြားမင်းနှင့် စစ်ထိုးကုန်လတ်သော် ရှုံးကုန်၍ အာလမ္ဗရစည်ကို ပစ်၍ ပြေးကုန်၏။ ထိုအခါ ထိုအာလမ္ဗရစည်ကို သိကြားမင်းသည် မိမိအကျိုးငှါ ယူခဲ့စေ၏။ ထိုစည်ကိုရည်၍ အာလမ္ဗရမိုဃ်းကဲ့သို့ မြည်၏ဟု ဆိုကြကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသခင်သည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကို ပြတော်မူသည်၏အဆုံး၌ နှစ်ယောက်သော လင်မယားတို့သည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ သီတင်းသည်မသည် ထိုအခါ ဆင်မ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဆင် ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

ပညာဉာဏ်ကပ်၊ မိန်းမမြတ်၊ ဖြစ်ရပ်အထူး သက်ကယ်ဘူး

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကက္ကဋ္ဋကဇာတ်သည် ပြီး၏။

*****