Page:UN Charter (Burmese translation).djvu/44

From Wikisource
Jump to navigation Jump to search
This page has been proofread.
အပိုဒ် - ၅။

၁။ ရွေးကောက်တင်မြှောက်ခြင်းမပြုမီ အနည်းဆုံး သုံးလကြိုတင်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သည် ယခုလက်ရှိ ဥပဒေတွင် ပါဝင်သည့် နိုင်ငံများနှင့် သက်ဆိုင်သော ပဋိပက္ခဖျန်ဖြေရေးအမြဲတန်း ခုံရုံးဝင်များအား လည်းကောင်း၊ အပိုဒ် - ၄ စာပိုဒ် (၂) အရ ခန့်ထားသော အမျိုးသားအဖွဲ့များတွင် ပါဝင်သူများအား လည်းကောင်း၊ တရားရုံး၏ အဖွဲ့၀င် တရားသူကြီး၏ တာဝန်များလက်ခံနိုင်သည့် အခြေအနေရှိသော ပုဂ္ဂိုလ်များအား အမည်တင်သွင်းရေးကို အမျိုးသားအဖွဲ့ များအလိုက် သတ်မှတ်ထားသည့် အချိန်အတွင်း တာဝန်ယူဆောင်ရွက်ပေးရန် စာဖြင့် ရေးသား၍ ပန်ကြားရမည်။

၂။ မည်သည့် အမျိုးသားအဖွဲ့ကမှ ပုဂ္ဂိုလ်လေးဦးထက်ပို၍ အမည်မတင် သွင်းရ။ ထိုလေးဦးတွင် မိမိတို့၏ နိုင်ငံသား နှစ်ဦးထက်ပို၍ မပါဝင်စေရ၊ အမျိုးသားအဖွဲ့ တစ်ဖွဲ့အမည်တင်သွင်းသော တရားသူကြီး အရွေးခံသူဦးရေမှာ ဖြည့်သွင်းခန့်ထားရမည့် တရားသူကြီးအရေအတွက်၏ နှစ်ဆထက် မည်သည့်အခါမျှ မပိုစေရ။

အပိုဒ် - ၆။

ထိုသို့ အမည်တင်သွင်းခြင်း မပြုလုပ်မီ အမျိုးသားအဖွဲ့တိုင်းသည် မိမိနိုင်ငံနှင့် သက်ဆိုင်သည့် အမြင့်ဆုံးသော တရားရုံးကိုလည်းကောင်း၊ တက္ကသိုလ်ဥပဒေ သင်ကြားရေးဌာနများနှင့် ဥပဒေပညာသင်ကျောင်းများသို့လည်းကောင်း၊ ဥပဒေပညာလေ့လာလိုက်စားရန် တည်ထောင်ထားသော အမျိုးသားတက္ကသိုလ်များမှစ၍ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များရှိ အမျိုးသားဌာနများကိုလည်းကောင်း၊ နှီးနှောတိုင်ပင်သင့်ကြောင်း ထောက်ခံသည်။

အပိုဒ် - ၇။

၁။အတွင်းရေးမှူးချုပ်သည် ထိုသို့ အမည် တင်သွင်းခြင်းခံရသော ပုဂ္ဂိုလ်တို့၏စာရင်းကို အက္ခရာစဉ်အလိုက် စီစဉ်ပြုလုပ်ရမည်။ အပိုဒ် - ၁၂ စာပိုဒ်(၂)တွင် ပြဋ္ဌာန်းထားသည့်အတိုင်းမှတပါး ဤသို့ အမည်တင်သွင်းခြင်းခံရသော ပုဂ္ဂိုလ်များသာလျှင် အရွေးခံနိုင်ခွင့် ရှိရမည်။

၂။ အတွင်းရေးမှူးချုပ်သည် ထိုစာရင်းကို အထွေထွေ ညီလာခံသို့ လည်းကောင်း၊ လုံခြုံရေးကောင်စီသို့ လည်းကောင်း တင်ပြရမည်။

အပိုဒ် - ၈

အထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီတို့သည် တရားရုံး၏ အဖွဲ့ဝင်တရားသူကြီးများကို ရွေးကောက်ရန် အတွက် တစ်ဖွဲ့ နှင့် တစ်ဖွဲ့ သီးခြားလွတ်လပ်စွာ အရေးယူ ဆောင်ရွက်ရမည်။