အာသင်္ကဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၃၈၀။ အာသင်္ကဇာတ် (၆-၁-၅)


ဆက္ကနိပါတ် - အဝါရိယဝဂ်

၅။ အာသင်္ကာဇာတ်

ကာမဂုဏ်ကြောင့် ဆင်းရဲရခြင်းအကြောင်း

ဟောတော်မူရာဌာန... နက်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အာသာဝတီ နာမ လတာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအာသင်္ကာဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတေမူစဉ် မယားဟောင်း ဖြားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... (ပစ္စုပ္ပန်တ္ထုသည် ဣန္ဒြိယဇာတ်၌ ထင်စွာဖြစ်လတ္တံ့။ )

ဤအာသင်္ကာဇာတ်၌ကား မြတ်စွာဘုရားသည် ထိုရဟန်းကို ခေါ်တော်မူ၍ ရဟန်း... သင်သည် ငြီးငွေ့၏ ဟူသည် မှန်သလောဟု မေးတော်မူလတ်၍ အရှင်ဘုရား... မှန်ပေ၏ ဟု နားတော် လျှောက်သည်ရှိသော် အဘယ်သူသည် ငြီးငွေ့စေသနည်း ဟု မိန့်တော်မူ၍ အရှင်ဘုရား... မယားဟောင်းသည် ငြီးငွေ့စေအပ်၏ ဟု နားတော်လျောက်သည်ရှိသော် ရဟန်း... ဤမိန်းမသည် သင်၏ အကျိုးမဲ့ကို ပြုလေ့ရှိ၏။ သင်သည် ရှေး၌လည်း ဤမိန်းမကိုမှီ၍ စစ်အင်္ဂါလေးပါးနှင့် ယှဉ်၍ ဟိမဝန္တာအရပ်၌ ကြီးစွာသော ဆင်းရဲကို ခံလျက် သုံးနှစ်ပတ်လုံး နေရဖူးပြီ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိရွာဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ သင်အပ်ပြီးသော အတတ်ရှိသည်ဖြစ်၍ ရသေ့ရဟန်းပြု၍ တောသစ်မြစ် သစ်သီး အာဟာရရှိသည်ဖြစ်၍ အဘိညာဉ်တို့ကို လည်းကောင်း၊ သမာပတ်တို့ကိုလည်းကောင်း ဖြစ်စေ၍ ဟိမဝန္တာအရပ်၌နေ၏။

သံသေဒဇမယ်

ထိုအခါ ဘုန်းနှင့်ပြည့်စုံသော တစ်ယောက်သော သတ္တဝါသည် တာဝတိံသာနတ်ပြည်မှ စုတေ၍ ထိုဟိမဝန္တာအရပ်၌ ပဒုမာကန်ဝယ် တစ်ခုသော ပဒုမာတိုက်၌ သူငယ်မအဖြစ်ဖြင့် ဖြစ်၏။ ကြွင်းကုန်သော ပဒုမာတို့သည် ဟောင်းသည်၏ အဖြစ်သို့ ရောက်၍ ကြွေကုန်သော်လည်း ဤပဒုမာသည် ကြီးသောအငုံဖြစ်၍ တည်သည်သာတည်း၊ ရသေ့သည် ဤအကြောင်းကား အသို့နည်း ဟု ကြံ၍ ရေသနုပ်ကိုဝတ်၍ ကူးသွားပြီးလျှင် ထိုပဒုမာကိုဖွင့်၍ ထိုသူငယ်မကို မြင်လတ်သော် သမီး ဟူသောအမှတ်ကို ဖြစ်စေ၍ ကျောင်းသို့ဆောင်၍ မွေး၏။ ထိုသူငယ်မသည် နောက်အဖို့၌ တစ်ဆယ့်ခြောက်နှစ်အရွယ် ရှိသည်ဖြစ်၍ အလွန်အဆင်းလှ၏။ မြတ်သော အဆင်းကို ဆောင်၏။ လူတို့၏ အဆင်းကို လွန်၏။ နတ်တို့၏အဆင်းကိုကား မမီတတ်။

ဖလ်ပြာသာဒ်ပေါ် နေရပြီ

ထိုအခါ သိကြားမင်းသည် ဘုရားလောင်းအား ခစားအံ့သောငှာ လာ၏။ သိကြားမင်းသည် ထိုသတို့သမီးကိုမြင်၍ ဤ သတို့သမီးကို အဘယ်မှရသနည်း ဟု မေး၏။ ငါသည် ပဒုမာအိုင်မှ ရ၏ ဟူသော စကားကို ကြား၏။ ဤမိန်းမအား အဘယ်ကိုရခြင်း သင့်သနည်း ဟု မေး၏။ နေရာကိုလည်းကောင်း, အဝတ်တန်ဆာ ဘောဇဉ်အစီအရင်ကိုလည်းကောင်း ရခြင်းငှာ သင့်၏ ဟု ဆို၏။ သိကြားမင်းသည် အရှင်ဘုရား... ကောင်းပြီ ဟု ထိုရသေ့၏ ကျောင်းအနီး၌ ဖလ်ပြာဿဒ်ကို ဖန်ဆင်း၍ နတ်၌ဖြစ်သော အဝတ်တန်ဆာ နတ်၌ဖြစ်သော ထမင်း အဖျော်တို့ကို ဖန်ဆင်း၏။ ထိုပြာဿဒ်သည် ထိုသတို့သမီး၏ ကိုယ်လက်သုတ်သင်သော ကာလ၌ သက်၍ မြေ၌ တည်၏။ တက်သောကာလ၌ ပျံတက်၍ ကောင်းကင်၌ တည်၏။

မုဆိုးတွေ့၍ မင်းအားလျှောက်သော်

ထိုသတို့သမီးသည် ဘုရားလောင်းအား ဝတ်ကြီး ဝတ်ငယ်ကို ပြုလျက် ပြာသာဒ်၌ နေ၏။ ထိုသတို့သမီးကို တစ်ယောက်သော တောသွားမုဆိုးသည်မြင်၍ အရှင်ဘုရား... ဤသတို့သမီးသည် အရှင်ဘုရားနှင့် အဘယ်သို့တော်သနည်း ဟု မေး၍ ငါ၏ သမီးတည်း ဟူသော စကားကိုကြား၍ ဗာရာဏသီပြည်သို့သွား၍ အရှင်မင်းကြီး... အကျွန်ုပ်သည် ဟိမဝန္တာအရပ်၌ ဤသို့သဘောရှိသော တစ်ယောက်သော ရသေ့သမီးကို မြင်ခဲ့၏ဟု မင်းအား ကြား၏။

မင်းကြီးလာ၍တောင်းခြင်း

ဗာရာဏသီမင်းသည် ကြားခြင်းဟူသော နှီးနှောခြင်းဖြင့်ဖွဲ့အပ်သည်ဖြစ်၍ မုဆိုးကို ခရီးညွှန်ပြု၍ စစ်အင်္ဂါ လေးပါးဖြင့် ထိုအရပ်သို့သွား၍ သစ်တပ်တည်၍ မုဆိုးကိုခေါ်၍ အမတ်အပေါင်း ခြံရံလျက် ကျောင်းသို့ဝင်၍ ရဟန်းတို့အား ဝတ်ကိုပြု၍ အရှင်ဘုရား မိန်းမတို့ မည်သည်ကား မြတ်သောအကျင့်ကို ကျင့်သော ရသေ့ရဟန်းအား မလျောက်ပတ်၊ အရှင်ဘုရားတို့၏ သမီးကို အကျွန်ုပ် လုပ်အံ့ ဟုဆို၏။ ဘုရားလောင်းသည်ကား ဤပဒုမာ၌ အဘယ်နည်းဟု တွေးတောခြင်း ရှိသည်ဖြစ်၍ ရေသို့သက်၍ ဆောင်အပ်သည်၏ အဖြစ်ကြောင့် သတို့သမီးအား အာသင်္ကာ ဟူသော အမည်ကို မှည့်၏။

နာမည်ကို ပြောနိုင်လျှင် ယူသွားလေ

ဘုရားလောင်းသည် မြတ်သော မင်းကြီး. ဤသတို့ သမီးကို ယူ၍သွားလော့ ဟု ဖြောင့်စွာ မဆိုမူ၍ မြတ်သော မင်းကြီး ဤသတို့သမီးအား လျှို့ဝှက်အပ်သော သိမ်မွေ့သော အမည်ရှိ၏။ အမည်ကို သိသည်ရှိသော် ယူသွားလေလော့ ဟု ဆို၏။ အရှင်ဘုရား... အရှင်ဘုရားတို့သည် ဆိုအပ်ကုန်သည်ရှိသော် သိရကုန်အံ့ ဟု ဆို၏။ ငါသည် သင်မင်းကြီးအားမဆို၊ သင်မင်းကြီးသည် အမည်ကိုသိလျှင် ယူ၍ သွားလေလော့ ဟု ဆို၏။ ဗာရာဏသီ မင်းသည်လည်းကောင်းပြီ ဟု ဝန်ခံ၍ ထိုနေ့မှစ၍ အမတ်တို့နှင့်တကွ ဤသတို့သမီးသည် ဘယ်အမည် ရှိသနည်း ဟု အမည်ကို ဆင်ခြင်၏။ ထိုဗြဟ္မဒတ်မင်းသည် သိနိုင်ခဲကုန်သော အကြင်အမည်တို့သည် ရှိကုန်၏။ ထိုအမည်တို့ကို ကြား၍ ဤအမည်ရှိသည် ဖြစ်လတ္တံ့ဟု ဆိုသည်ရှိသော် ဘုရားလောင်းသည် ဤအမည်မဟုတ် ဟု ဆို၏။ မင်းအားလည်း အမည်ကို ဆင်ခြင်စဉ် တစ်နှစ်လွန်၏။ ဆင် မြင်း လူ သူတို့ကို ခြင်္သေ့ အစရှိကုန်သော သတ္တဝါတို့သည် ဖမ်းကုန်၏။ မြွေတို့သည် နှိပ်စက်ကုန်၏။ များစွာကုန်သော လူတို့သည် ပင်ပန်းကုန်သည်ဖြစ်၍ သေကုန်၏။ မင်းသည် ဤမိန်းမဖြင့် အဘယ်အကျိုး ရှိအံ့နည်း ဟု ဘုရားလောင်းအား ဆို၍ သွား၏။ အာသင်္ကာ သတို့သမီးသည် ဖလ်လေသာပြတင်းကို ဖွင့်၍ ရပ်၏။

နတ်မိမယ် စကားကိုဆို

မင်းသည် ထိုအာသင်္ကာ သတို့သမီးကို မြင်၍ ငါတို့သည် သင်၏အမည်ကို သိအံ့သောငှာ မတတ်နိုင်ကုန်၊ သင်သည် ဟိမဝန္တာအရပ်၌ သာလျှင် နေရစ်လော့၊ ငါတို့သည် သွားကုန်အံ့ ဟု ဆို၏။ မြတ်သောမင်းကြီး သွားသည်ရှိသော် ငါကဲ့သို့သော မိန်းမကို အဘယ်မှာ ရလတ္တံ့နည်း၊ တာဝတိံသာ နတ်ပြည်၌ စိတ္တလတာဥယျာဉ်၌ အာသာဝတီမည်သော နွယ်သည်ရှိ၏။ ထိုအာသာဝတီနွယ်၏ အသီး၏ အတွင်း၌ နတ်အဖျော်သည် ဖြစ်၏။ ထိုနတ်အဖျော်ကို တစ်ကြိမ် သောက်သည်ရှိသော် လေးလတို့ပတ်လုံး ယစ်ကုန်၍ နတ်၏အိပ်ရာ၌ အိပ်ကုန်၏။ ထိုအာသာဝတီနွယ်၏ အသီးသည်ကား အနှစ်တစ်ထောင် ရှိသဖြင့် သီး၏။ သူရာကြူးကုန်သော နတ်သားတို့သည် ဤအာသာဝတီနွယ်မှ နတ်၏ အဖျော်ဖြစ်သော အသီးကို ရလတ္တံ့ဟု ချင်ခြင်းကိုသည်းခံ၍ အနှစ်တစ်ထောင်ပတ်လုံး မပြတ်သွား၍ ထိုအာသာဝတီနွယ်ကို ရောဂါကင်းပါ၏လောဟု ကြည့်ကုန်၏။ သင်မင်းကြီးသည် တစ်နှစ်ဖြင့်သာလျှင် ငြီးငွေ့၏။ တောင့်တ ခြင်း၏ အကျိုးကို ရခြင်းမည်သည် ချမ်းသာ၏။ မငြီးငွေ့ လင့် ဟု ဆို၍-

၂၆။ အာသာဝတီ နာမ လတာ၊ ဇာတာ စိတ္တလတာဝနေ။
တဿာ ဝဿသဟဿေန၊ ဧကံ နိဗ္ဗတ္တတေ ဖလံ။
၂၇။ တံ ဒေဝါ ပယိရုပါသန္တိ၊ တာဝ ဒုရဖလံ သတိံ။
အာသိသေဝ တုဝံ ရာဇ၊ အာသာ ဖလဝတီ သုခါ။

ဟူကုန်သော ဤနှစ်ဂါထာတို့ကို ဆို၏။

၂၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ စိတ္တလတာဝနေ၊ စိတ္တလတာဥယျာဉ်၌။ အာသာဝတီ နာမ၊ အာသာဝတီမည်သော။ လတာ၊ နွယ်သည်။ ဇာတာ၊ ဖြစ်၍။ တဿာ၊ ထိုအာသာဝတီနွယ်အား။ ဝဿသဟဿေန၊ အနှစ်တစ်ထောင်ရှိသဖြင့်။ ဧကံ၊ တစ်လုံးသော။ ဖလံ၊ အသီးသည်။ နိဗ္ဗတ္တတေ၊ ဖြစ်၏။

၂၇။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တာဝ၊ ရှေး ဦးစွာ။ ဒုရဖလံ သတိံ၊ ဝေးသာ အသီးရှိသည်ဖြစ်လျက်။ တံ၊ ထိုအာသာဝတီနွယ်ကို။ ဒေဝါ၊ နတ်တို့သည်။ ပယိရုပါသန္တိ၊ အကြိမ်များစွာ အဖန် တလဲလဲ ဆည်းကပ်ကုန်၏။ ရာဇ၊ မင်းကြီး။ တုဝံ၊ သင်မင်းကြီးသည်။ အာသိသေဝ၊ တောင့် တ, ရာသလျှင်ကတည်း။ အာသာဖလဝတီ၊ တောင့်တ ခြင်း၏ အကျိုးကို ရခြင်းသည်။ သုခါ၊ ချမ်းသာ၏။

မင်းကြီး စိတ်ပျက်ပြန်

မင်းသည် ထိုအာသင်္ကာ မင်း သမီး၏ စကားဖြင့်ကပ်ငြိ၍ တဖန် အမတ်တို့ကို စည်းဝေးစေ၍ ဖွဲ့ခြင်းကို ပြုစေ၍ အမည်ကိုရှာလျက် တဖန် တစ်နှစ်ပတ်လုံးလည်း နေ၏။ ထိုသတို့သမီး၏ အမည်ကား အဘယ်သို့နည်းဟု မေး၍ ဤအမည်ရှိဟု ဆိုသည်ရှိသော် ဘုရားလောင်းသည်ပယ်သလျှင်ကတည်း။ တဖန် မင်းသည် ငါ့အား ဤမိန်းမဖြင့် အဘယ်အကျိုးရှိအံ့နည်း ဟု ဆို၍ သွား၏။ ထိုသတို့ သမီးသည်လည်း ပြတင်း၌ ရပ်၍ ကိုယ်ကို ပြ၏။ ဗာရာဏ သီမင်းသည် သင်သည် နေရစ်လော့ ငါတို့သည် သွားကုန်အံ့ ဟု ဆို၏။

နတ်မိမယ်စကားဆို

မြတ်သောမင်းကြီး အဘယ်ကြောင့် သွားအံ့နည်းဟု ဆို၏။ သင်၏အမည်ကို သိခြင်းငှာ မတတ်နိုင်ဟု ဆို၏။ မြတ်သောမင်းကြီး အဘယ့်ကြောင့် အမည်ကို မသိလတ္တံ့နည်း၊ တောင့် တခြင်း ဟူသည်ကား မပြည့်စုံသောမည်သည် မရှိ၊ တစ်ခုသောဗျိုင်းသည် တောင်ထိပ်၌တည်လျက် မိမိတောင့်တအပ်သည်ကို ရ၏။ သင်မင်းကြီးသည် အဘယ့်ကြောင့် မရလတ္တံ့ ရှိအံ့နည်း။ မြတ်သောမင်းကြီး... သည်းခံဦးလော့ ဟုဆို၍ မြတ်သောမင်းကြီး တစ်ခုသောဗျိုင်းသည် တစ်ခုသော ပဒုမာအိုင်၌ အစာကိုယူ၍ တောင် ထိပ်၌ နား၏။ ထိုဗျိုင်းသည် တစ်နေ့သ၌ ထို တောင်ထိပ်၌လျှင် နေ၍ နက်ဖြန်နေ့၌ ငါသည် ဤတောင်ထိပ်၌ ချမ်းသာစွာ နေလျက် ဤတောင်ထိပ်မှ မသက်မူ၍ ဤအရပ်၌ နေလျက်လျှင် အစာကိုယူ၍ ရေကိုသောက်၍ ဤနေ့ပတ်လုံး နေရမူကား ကောင်း၏ဟု ကြံ၏။ ထိုအခါ ထိုနေ့၌လျင် သိကြားမင်းသည် အသုရာတို့ကို နှိပ်နင်း၍ တာတိံသာနတ်ပြည်၌ နတ်စည်း စိမ်ကို ခံစားလျက် ငါ၏ နှလုံးအလိုသည် အပြီးသို့ ရောက်ပြီ။ တစ်ပါးသော တစ်စုံ တစ်ယောက်သော နှလုံးအလိုမပြည့်သော သူသည် ရှိလေသေးသလောဟု ကြံ၏။ ကြံပြီး၍ သိကြားမင်းသည် ဆင်ခြင်သည်ရှိသော် ထိုဗျိုင်းကိုမြင်၍ ဤဗျိုင်း၏ နှလုံးအလိုကို အပြီးသို့ရောက်စေအံ့ဟု ဗျိုင်း၏နေရာမှ မနီးမဝေးသော အရပ်၌ မြစ်တစ်ခုသည် ရှိ၏။ ထိုမြစ်ကို သိကြားသည် ရေအလျဉ်ဖြင့် ပြည့်သည်ကိုပြု၍ တောင်ထိပ်သို့ စီးစေ၏။ ဗျိုင်းသည် ထိုတောင်ထိပ်သို့ စီးသောမြစ်၌ နေလျက်လျင် ငါးတို့ကိုစား၍ ရေကိုသောက်၍ ထိုနေ့ပတ်လုံး ထိုတောင်ထိပ်သို့ စီးသော မြစ်၌လျှင် နေ၏။ ရေသည်လည်း လျှောကျ၍ သွား၏။ မြတ်သောမင်းကြီး.ဤသို့ ဗျိုင်းသည်လျက်လည်း ရှေးဦးစွာ တောင့်တခြင်း အကျိုးကို ရ၏။ သင် မင်းကြီးသည် အဘယ့်ကြောင့် မရလတ္တံ့နည်း ဟု ဆို၍-

၂၈။ အာသီသေတေဝ သော ပက္ခီ၊ အာသိသေတေဝ သော ဒိဇော။
တဿ စာသာ သမိဇ္စျတိ၊ တာဝ ဒူရဂတာ သတိ၊
အာသိသေဝ တုဂဝံ ရာဇ၊ အာသာ ဖလဝတီ သုခံ

ဟူသော ဤဂါထာကို ဆို၏။

၂၈။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တာဝ၊ ရှေး ဦးစွာ။ ဒုရဂတာ သတိ၊ ဝေးစွာသော အဖြစ်သည် ဖြစ်လျက်။ သော ပက္ခီ၊ ထိုဗျိုင်းငှက်သည်။ အာသိသေတေဝ၊ တောင့်တသလျင်ကတည်း။ သော ဒိဇော၊ ထိုဗျိုင်းငှက်သည်။ အာသိသေတေဝ၊ တောင့်တသလျှင်ကတည်း။ တဿ စ၊ ထိုဗျိုင်းငှက်အားလည်း။ အာသာ၊ တောင့်တခြင်း၏ အကျိုးသည်။ သမိဇ္စျတိ၊ ပြည့်စုံသေး၏။ ရာဇ၊ မင်းကြီး တုံဝံ၊ သင်မင်းကြီးသည်။ အာသိသေဝ၊ တောင့်တရာသလျှင်ကတည်း။ အာသာဖလဝတီ၊ တောင့်တခြင်း၏ အကျိုးကို ရခြင်းသည်။ သုခါ၊ ချမ်းသာ၏။

မင်းကြီးစိတ်ပျက်ပြန်ခြင်း

မင်းသည် သတို့သမီး၏ စကားကိုကြား၍ အဆင်း၌ တပ်စွန်း၍ စကားဖြင့်ကပ်ငြိ၍ သွားအံ့ငှာ မတတ်နိုင်၍ အမတ်တို့ကို စည်းဝေးစေ၍ အမည်တစ်ရာကို ပြုစေ၏။ အမည်တစ်ရာ၏ အစွမ်းအားဖြင့် ရှာလျက်လည်း မင်းအား တစ်ဖန် တစ်နှစ်သည် လွန်ပြန်၏။ မင်းသည် သုံးနှစ်လွန်သဖြင့် ဘုရားလောင်းသို့ ကပ်၍ အမည်တစ်ရာ၏ အစွမ်းအားဖြင့် ဤအမည်ရှိသည် ဖြစ်လတ္တံ့ဟု မေး၏။ မြတ်သောမင်းကြီး သင်သည် မသိဟု ဆို၏။ မင်းသည် ယခု ငါတို့သည် သွားကုန်အံ့ဟု ဘုရားလောင်းကို ရှိခိုး၍ သွား၏။

အာသင်္ကာ သတို့သမီးသည်လည်း ဖလ်လေသာပြတင်းကိုမှီ၍ ရပ်၏။ မင်းသည် ထိုသတို့သမီးကိုမြင်၍ သင်သည် နေရစ်တော့၊ ငါတို့သည် သွားကုန်အံ့ဟု ဆို၏။ မြတ်သောမင်းကြီး အဘယ်ကြောင့်သွားအံ့နည်းဟု ဆို၏။ သင်သည် ငါ့အား စကားဖြင့်သာလျှင် ရောင့်ရဲစေ၏။ ကာမနှင့်ယှဉ်သော မွေ့လျော်ခြင်းဖြင့် မရောင့်ရဲစေ၊ သင်၏ သာယာသော စကားဖြင့် ကပ်ငြိ၍နေသော ငါ့အား သုံးနှစ်တို့သည် လွန်ကုန်ပြီ၊ ယခုအခါ သွားအံ့ဟု ဆို၍-

၂၉။ သမ္ပေသိ ခေါ မံ ဝါစာယ၊ န စ သမ္ပေသိ ကမ္မုနာ။
မာလာ သေရေယျကဿေဝ၊ ဝဏ္ဏဝန္တာ အဂန္ဓိကာ။
၃၀။ အဖလံ မဓုရံ ဝါစံ၊ ယော မိတ္တေသု ပကုဗ္ဗတိ။
အဒဒံ အဝိဿဇံ ဘေါဂံ၊ သန္ဓိ တေနဿ ဇီရတိ။
၃၁။ ယဉှိ ကယိရာ တဉှိ ဝဒေ၊ ယံ န ကယိရာ န တံ ဝဒေ။
အကရောန္တံ ဘာသမာနံ၊ ပရိဇာနန္တိ ပဏ္ဍိတာ။
၃၂။ ဗလဉ္စ ဝတ မေ ခီဏံ၊ ပါထေယျဉ္စ န ဝိဇ္ဇတိ။
သင်္ကေ ပါဏူပရောဓာယ၊ ဟန္ဒ ဒါနိ ဝဇာမဟံ။

ဟူကုန်သော ဤဂါထာတို့ကို ဆို၏။

၂၉။ ဘဒ္ဒ၊ ရှင်မ သေရေယျကဿ၊ လိပ်ဆူးရွှေ၏။ ဝဏ္ဏဝန္တာ၊ အဆင်းရှိသော။ အာဂန္ဓိကာ၊ အနံ့ မရှိသော။ မာလာ ဣဝ၊ ပန်းကဲ့သို့။ တွံ၊ ရှင်မသည်။ မံ၊ ငါ့ကို။ ဝါစယ ခေါ၊ စကားဖြင့်သာလျှင်။ သမ္ပေသိ၊ ရောင့်ရဲစေ၏။ ကမ္မုနာ၊ အမှုဖြင့်ကား။ နေဝ သမ္ပေသိ၊ မရောင့်ရဲစေ။

၃၀။ ဘဒ္ဒေ၊ ရှင်မ ယော၊ အကြင်သူသည်။ မိတ္တေသု၊ အဆွေခင်ပွန်းတို့၌။ ဘောဂံ၊ စည်းစိမ်ကို။ အဒဒံ၊ မပေးဘဲလျက်။ အဝိဿဇံ၊ မစွန့်လွှတ်ပဲလျှက်။ အဖလံ၊ အကျိုးမရှိသော။ မဓုရံ၊ သာယာသော။ ဝါစံ၊ စကားကို။ ပကုဗ္ဗတိ၊ ပြောဆို၏။ တေန၊ ထိုသူနှင့်။ သဒ္ဓိံ၊ တကွ အဿ၊ ထိုအဆွေ ခင်ပွန်း၏။ သန္ဓိ၊ မိတ်ဖွဲ့ခြင်းသည်။ ဇီရတိ၊ ပျက်၏။

၃၁။ ဘဒ္ဒ၊ ရှင်မ။ ယံ၊ အကြင်အမှုကို။ ကယိရာ၊ ပြုရာ၏။ တံ ဟိ၊ ထိုအမှုကိုလျှင်။ ဝဒေ၊ ဆိုရာ၏။ ယံ၊ အကြင်အမှုကို။ န ကယိရာ၊ မပြုရာ။ တံ၊ ထိုအမှုကို။ န ဝဒေ၊ မဆိုရာ။ ဘာသမာနံ၊ ဆိုလျက်။ အကရောန္တံ၊ ပြုသောသူကို။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ပရိဇာနန္တိ၊ သိကုန်၏။

၃၂။ ဘဒ္ဒ၊ ရှင်မ။ ဝတ၊ စင်စစ်။ မေ၊ ငါ့အား။ ဗလဉ္စ၊ ဗိုလ်ပါသည်လည်း။ ခီဏံ၊ ကုန်ပြီ။ ပါထေယျဉ္စ၊ ရိက္ခာသည်လည်း။ န ဝိဇ္ဇတိ၊ မရှိ။ ပါဏူပရောဓာယ၊ အသက်၏ ပျက်စီးခြင်း၌။ သင်္ကေ၊ ယုံမှား၏။ ဟန္ဒ ဒါနိ၊ ယခု။ အဟံ၊ ငါသည်။ ဝဇာမိ၊ သွားအံ့။

နတ်မိမယ် နာမည်ကိုပြောပြီ

အသင်္ကာ သတို့သမီးသည် မင်း၏စကားကို ကြား၍ မြတ်သောမင်းကြီး... သင်မင်းကြီးသည် ငါအမည်ကို မသိဟုဆို၏။ သင်မင်းကြီးသည် ငါ၏ အမည်ကို ဆိုအပ်သလျှင်ကတည်း၊ ဤအမည်သည်ကား ငါ၏အမည်တည်း၊ အဘအား ပြောဆို၍ ငါ့ကိုယူသွားလော့ ဟု ဆို၍ မင်းနှင့်တကွ စကားပြောလိုရကား-

၃၃။ ဧတဒေဝ ဟိ မေ နာမံ၊ ယံ နာမသ္မိ ရထေသဘ။
အာဂမေဟိ မဟာရာဇ၊ ပိတရံ အာမန္တ ယာမဟံ။

ဟူသော ဤဂါထာကို ဆို၏။

၃၃။ ရထေသဘ၊ ရထားစီးချင်း မင်းတကာတို့ထက် မြတ်သော။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မေ၊ အကျွန်ုပ်၏။ ယံနာမံ၊ အကြင်အာသင်္ကာဟူသော အမည်သည်။ အသ္မိ၊ ဖြစ်၏။ ဧတဒေဝ ဟိ နာမံ၊ ထိုအာသင်္ကာဟူသော အကျွန်ုပ်၏ အမည်ကိုလျှင်။ တုဝံ၊ သင် မင်းကြီးသည်။ ဝဒသိ၊ ဆို၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အာဂမေဟိ၊ ငံ့ဦးလော့။ အဟံ၊ အကျွန်ုပ်သည်။ ပိတရံ၊ အဖကို။ အာမန္တယာမိ၊ တိုင်ပင်ဦးအံ့။

အာသင်္ကာကို ရပေပြီ

မင်းသည် ဘုရားလောင်း၏ အထံသို့ သွား၍ အရှင်ဘုရား... အရှင်ဘုရားတို့၏သမီးသည် အာသင်္ကာမည်၏ ဟုဆို၏ မြတ်သောမင်းကြီး အမည်ကိုသိသော ကာလမှစ၍ ယူ၍သွားလော့ ဟုဆို၏။ မင်းသည် ဘုရားလောင်းကို ရှိခိုး၍ ဖလ်ဗိမာန်တံခါးသို့သွား၍ ရှင်မ... သင့်အဖသည် ငါ့အား သင့်ကိုပေးအပ်ပြီ၊ လာလော့ ယခုသွားအံ့ ဟု ဆို၏။ မင်းကြီး ငံ့ဦးလော့၊ အကျွန်ုပ်သည် အဘကို တိုင်ပင်ဦးအံ့ ဟု ပြာသာဒ်မှ သက်၍ ဘုရားလောင်းကို ရှိခိုး၍ ကန်တော့၍ မင်း၏အထံသို့ လာ၏။ မင်းသည် အာသင်္ကာ သတို့သမီးကိုယူ၍ ဗာရာဏသီပြည်သို့သွား၍ သားသမီးတို့ဖြင့် ပွားလတ်၍ ချစ်စွာသော နေခြင်းဖြင့်နေ၏။ ဘုရားလောင်းသည် မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်၌ ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ မယားဟောင်းသည် ထိုအခါ အာသင်္ကာသတို့သမီး ဖြစ်ဖူးပြီ။ ယခုအခါ ငြီးငွေ့သောရဟန်းသည် ထိုအခါ မင်းဖြစ်ပြီ။ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့ ဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

မိန်းမတို့မှာ၊ ချစ်သောခါ၊ လိုရာပေးတတ်သည်

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော အာသင်္ကာဇာတ်သည် ပြီး၏။

*****