အသိလက္ခဏဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၁၂၆။ အသိလက္ခဏဇာတ်


ဧကကနိပါတ်-ကုသနာဠှိဝဂ်

၆။ အသိလက္ခဏဇာတ်

တံစိုးစား၍ သန်လျက်လက္ခဏာကိုဘတ်သောပုဏ္ဏား၏ နှာသီးဖျား နှစ်ပိုင်းပြတ်သော အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် တထေဝေကဿ ကလျာဏံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအသိလက္ခဏဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကောသလမင်း၏ သန်လျက်လက္ခဏာကို ဘတ်တတ်သော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုပုဏ္ဏားသည် ပန်းဘဲတို့သည် မင်းအား သန်လျက်ကိုဆက်သောကာလ၌ သန်လျက်ကိုနမ်း၍ဘတ်၏။ ထိုပုဏ္ဏားသည် အကြင် ပန်းဘဲလက်မှ လာဘ်ရ၏။ ထိုပန်းဘဲ၏သန်လျက်ကို လက္ခဏာနှင့် ပြည့်စုံ၏။ မင်္ဂလာနှင့်ယှဉ်၏ဟု ဆို၏။ အကြင်ပန်းဘဲတို့၏လက်မှ လာဘ်မရ၊ ထိုပန်းဘဲတို့၏ သန်လျက်ကို ကဲ့ရဲ၏။ ထိုအခါ တယောက်သော ပန်းဘဲသည် သန်လျက်ကိုပြု၍ သန်လျက်အိမ်၌ သိမ်မွေ့သောငြုတ်မှုန့်ကိုထည့်၍ မင်းအား သန် လျက်ကိုဆက်၏။ မင်းသည် ပုဏ္ဏားကိုခေါ်စေ၍ သန်လျက်ကို စုံစမ်းလောဟု ဆို၏။ သန်လျက်ကိုကိုင်၍ နမ်းသောပုဏ္ဏား၏နှာခေါင်းကို ငြုတ်မှုန့်တို့သည်ဝင်ကုန်၍ ချေလိုသည်၏အဖြစ်ကို ဖြစ်စေကုန်၏။ ချေသောပုဏ္ဏား၏နှာခေါင်းသည် သန်လျက်သွားခတ်မိသည်ဖြစ်၍ နှစ်ပိုင်းပြတ်၏။ ဤသို့ပုဏ္ဏား၏ နှာခေါင်းပြတ်သည်၏ အဖြစ်သည် ရဟန်းသံဃာ၌ ထင်ရှား၏။

ထိုအခါတနေ့သ၌ ရဟန်းတို့သည် တရား သဘင်၌ စည်းဝေးကုန်၍ ငါ့သျှင်တို့ ကောသလမင်း၏ သန်လျက်လက္ခဏာဘတ်တတ်သော ပုဏ္ဏားသည် သန်လျက်ကိုနမ်းလျက် နှာခေါင်းကိုဖြတ်သတတ်ဟူသော စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ၌ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ဤပုဏ္ဏားသည် သန်လျက်ကိုနမ်းလျက် နှာခေါင်းပြတ်ခြင်းသို့ ရောက်သည်မဟုတ်သေး၊ ရှေး၌လည်း ရောက်ဘူးသည်သာ လျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုလတ်သည်ရှိသော် ထိုဗြဟ္မဒတ်မင်းအား သန်လျက်လက္ခဏာကို ဘတ်တတ်သော ပုဏ္ဏားသည်ဖြစ်၏။ အလုံးစုံသောဝတ္ထုသည် ပစ္စုပ္ပန်နှင့် တူသလျှင်ကတည်း၊ ဗြဟ္မဒတ်မင်းသည်ကား ထိုပုဏ္ဏားအား ဆေးများကို ပေး၍ နှာခေါင်းစွန်းကိုကုစားချမ်းသာစေ၍ ချိပ်တို့ဖြင့်နှာခေါင်းတုကိုပြု၍ တဖန်ခစားစေ၏။ ဗာရာဏသီမင်းအားကား သားမရှိ၊ တယောက်သောသ္မီးသည်၎င်း တူသည်၎င်း ရှိ၏။ ထိုဗြဟ္မဒတ်မင်းသည် နှစ်ယောက်လည်းဖြစ်ကုန်သော ထိုသ္မီးတူတို့ကို မိမိ ၏အထံ၌ သာလျှင် ကြီးစေ၏။ ထိုသ္မီးတူတို့သည် တကွနက် ကြီးခြင်းသို့ ရောက်ကုန်သည်ရှိသော် အချင်းချင်း တပ်သောစိတ် ရှိကုန်သည် ဖြစ်ကုန်၏။ မင်းသည်လည်း အမတ်တို့ကိုခေါ်၍ ငါ၏ တူသည်လည်း ဤပြည်၏ သခင်သာလျှင်တည်း၊ သ္မီးကို ထိုတူအားပေး၍ ထိုတူအား ဘိသိက်သွန်းခြင်းကို ပြုအံ့ဟုဆို၍ တဖန် ငါ၏တူသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့်လည်း ငါ၏ ဆွေမျိုး ဖြစ်သလျှင်ကတည်း၊ ထိုတူအား တပါးသော မင်းသ္မီးကိုဆောင်၍ အဘိသိက်သွန်းခြင်းကိုပြု၍ သ္မီးကို တပါးမင်းအား ပေးအံ့၊ ဤသို့ ပြု သည်ရှိသော် ငါ့အား ဆွေမျိုးတို့သည် များကုန် သည်ဖြစ်လတ္တံ့၊ ငါတို့သည်သာလျှင် နှစ်ပြည် ထောင်တို့၏ အရှင်သည် ဖြစ်ကုန်အံ့ဟု ကြံ၏။ ကြံပြီး၍ မင်းသည် အမတ်တို့နှင့်တကွတိုင်ပင်၍ နှစ်ယောက်လည်းဖြစ်ကုန်သော သ္မီးတူတို့ကိုခွဲ၍ နေစိမ့်သောငှါသင့်၏ဟု တူကို တပါးသောအိမ်၌ သ္မီးကို တပါးသောအိမ်၌ နေစေ၏။ ထိုသ္မီးတူတို့သည် တဆယ့်ခြောက်နှစ် အရွယ်ရှိသည်၏ အဖြစ်သို့ ရောက်ကုန်၍ အလွန်လျှင် ထပ်သော စိတ်ရှိကုန်၏။

မင်းသားသည် ဦးရီးသ္မီးကို နန်းတွင်းမှထုတ်စိမ့်သောငှါ အဘယ်ဥပါယ်ဖြင့် တတ်ကောင်းသည်ဖြစ်ရာအံ့နည်းဟု ကြံသည်ရှိသော် တခုသော ဥပါယ်သည်ရှိ၏ဟု နတ်ဝင်မကိုခေါ်စေ၍ ထိုနတ်ဝင်မအား တထောင်သောအသပြာကိုပေး၍ အကျွန်ုပ်သည် အဘယ်အမှုကိုပြုရအံ့နည်းဟု မေးသည်ရှိသော် ဦးရီး၏ သ္မီးကို နန်းတွင်းမှထုတ်၍ ထိုသို့သောအခြင်းအရာအားဖြင့် ပြုလောဟု ဆို၏။

ထိုနတ်ဝင်မသည် အရှင်ကောင်းပြီ၊ ငါသည် မင်းသို့ကပ်၍ ဤသို့ဆိုအံ့၊ မင်းကြီး မင်းသ္မီးအထက်၌ သူယုတ်သည်ရှိ၏။ ဤမျှလောက်သောကာလပတ်လုံး ပြန်၍ကြည့်သောသူသည် မရှိ၊ ငါသည် မင်းသ္မီးကို ဤမည်သော ရထားသို့တင်၍ များစွာကုန်သော လက်နက်လက်စွဲကုန်သော ယောက်ျားတို့ကိုယူ၍ များစွာသော အခြံအရံဖြင့် သုသာန်သို့သွား၍ အင်းပျဉ်ဝန်းခံသော ညောင်စောင်းအောက်၌ သူသေကိုအိပ်စေ၍ ညောင်စောင်း အထက်၌ မင်းသ္မီးကိုထား၍ နံ့သာရေအိုးတရာ့ရှစ်လုံးတို့ဖြင့် ရေချိုးစေ၍ သူယုတ်ကို မျောအံ့၊ ဤသို့ဆို၍ မင်းသ္မီးကို သုသာန်သို့ဆောင်အံ့၊ အရှင့်သားသည် အကျွန်ုပ်တို့၏ ထိုသုသာန်သို့ သွားသောနေ့၌ အကျွန်ုပ်တို့၏ ရှေး ဦးစွာလျှင် အတန်ငယ်ငြုတ်မှုန့်ကိုယူ၍ လက် နက်စွဲကုန်သော မိမိ၏လူတို့ဖြင့် ခြံရံလျက် ရထားကိုစီး၍ ရထားကိုသုသာန်တံခါး၌ တခုသောအရပ်၌ရပ်၍ လက်နက်စွဲကုန်သောသူတို့ကို သုသာန်တောသို့ဝင်စေ၍ မိမိသည် သုသာန် အင်းပျဉ်ဝန်းသို့သွား၍ သူသေကဲ့သို့ မှောက်ခုံအိပ်လော့၊ အကျွန်ုပ်သည် ထိုအရပ်သို့သွား၍ အရှင်မင်းသား၏ အထက်၌ ညောင်စောင်းကိုခင်း၍ မင်းသ္မီးကိုချီ၍ ညောင်စောင်း၌ ထားအံ့၊ ထိုခဏ၌ ငြုတ်မှုန့်ကို နှာခေါင်း၌ထည့်၍ နှစ်ကြိမ် သုံးကြိမ် ချေလော၊ သင် ချေသောကာလ၌ ငါတို့သည် မင်းသ္မီးကိုစွန့်၍ ပြေးကုန်အံ့၊ ထိုအခါ သင်မင်းသားသည် မင်းသ္မီးကို ဦးခေါင်းဆေး၍ မိမိသည်လည်း ဦးခေါင်းဆေး၍ မင်းသ္မီးကိုယူ၍ အိမ်သို့သွားလေလော့ဟု ဆို၏။ မင်းသားသည်ကောင်းပြီဟု ဝန်ခံ၏။

ထိုနတ်ဝင်သည်လည်း သွား၍ မင်းအား ထိုအကြောင်းကို ကြား၏။ မင်းသည်လည်း ဝန်ခံ၏။ မင်းသ္မီးအားလည်း ထိုအကြောင်းကို ကြား၏။ မင်းသ္မီးသည်လည်း ဝန်ခံ၏ နတ်ဝင်သည်လည်း ထွက်သောနေ့၌ မင်းသားအား အမှတ်ပေး၍ များသောအခြံအရံဖြင့် သုသာန်သို့သွားသည်ရှိသော် အစောင့်အရှောက်လူတို့ကို ကြောက်ခြင်းကိုဖြစ်စိမ့်သောငှါ ငါသည် မင်းသ္မီးကိုညောင်စောင်းဝယ် ထားသောကာလ၌ သူ သေယောက်ျားသည် ချေလတ္တံ့၊ ချေ၍လျှင် ညောင်စောင်းအောက်မှထွက်၍ အကြင် အကြင်သူတို့ကို ရှေးဦးစွာ မြင်လတ္တံ့၊ ထိုထိုသူတို့ကိုလျှင် ဖမ်းလတ္တံ့၊ မမေ့ လျော့ကုန်သည် ဖြစ်ကြကုန်လော့ဟု ဆို၏။ မင်းသားသည် ရှေးဦးစွာသွား၍ ဆိုအပ်ပြီးသောနည်းဖြင့်လျှင် သုသာန်၌ အိပ်၏။ နတ်ဝင်မကြီးသည် မင်းသ္မီးကိုချီ၍ အင်းပျဉ်ဝန်းရှိရာ အရပ်သို့သွားလျက် မကြောက်လင့်ဟုအမှတ်ကိုပေး၍ ညောင်စောင်း၌ထား၏။ ထိုခဏ၌ မင်းသားသည် ငြုတ်မှုန့်ကို နှာခေါင်း၌ထည့်၍ ချေ၏။ ချေမျှ၌လျှင် နတ်ဝင်မကြီးသည် မင်းသ္မီးကိုစွန့်၍ ကြီးစွာသောဟစ်ကြွေးခြင်းကို ဟစ်ကြွေးလျှက် အလုံးစုံသောသူတို့၏ ရှေးဦးစွာပြေး၏။ ထို နတ် ဝင်မကြီး၏ ပြေးသောကာလမှစ၍ တယောက်သောသူသည်လည်း တည်ခြင်းငှာ စွမ်းနိုင်သောသူမည်သည် မဖြစ်၊ ကိုင်တိုင်းကိုင်တိုင်းကုန်သော လက်နက်တို့ကိုစွန့်၍ ခပ်သိမ်းကုန်သောသူတို့သည် ပြေးကုန်၏။

မင်းသားသည်လည်း တိုင်ပင်တိုင်းသော အလုံးစုံသောအမှုကိုပြု၍ မင်းသ္မီးကိုယူ၍ မိမိအိမ်သို့သွား၏။ နတ်ဝင်မကြီးသည် သွား၍ ထိုအကြောင်းကိုကြား၍ မင်းအားလျှောက်၏။ မင်းသည် ပကတိအားဖြင့်လည်း ထိုမင်းသ္မီးကို ငါသည် ထိုငါ့တူ၏ အကျိုးငှာသာလျှင် ကြီးစေ၏။ မွေးကျွေးအပ်၏။ စားဘွယ်ဃနာ၌ စွန့်အပ်သောထောပတ်ကဲ့သို့ ဖြစ်ပြီဟု ဝန်ခံ၏။ နောက်အဘို့၌ တူအား မင်းအဖြစ်ကိုပေး၍ သ္မီးကို မိဖုယားကြီးအရာပြုစေ၏။ ထိုတူဖြစ်သောမင်းသည် ထိုသ္မီးနှင့် အညီအညွတ်နေခြင်းကို နေလျှက် တရားသဖြင့် မင်းပြု၏။ ထိုသန်လျက်လက္ခဏာကို ဘတ်တတ်သောပုဏ္ဏားသည်လည်း ထိုမင်းသားကို ခစား၏။

တနေ့သ၌ မင်းခစားအံ့သောငှါလာလတ်၍ နေသို့ရှေးရှုပြု၍ ခစားသောပုဏ္ဏား၏ချိပ်သည် ကြေ၏။ နှာခေါင်းတုသည် မြေ၌ကျ၏။ ထိုပုဏ္ဏားသည်ရှက်၍ အောက်သို့မျက်နှာပြုလျက် နေ၏။ ထိုအခါ ထိုပုဏ္ဏားကို မင်းသည် ပြက်ရယ်ပြုလိုသည်ဖြစ်၍ ဆရာ မကြံကုန်လင့်၊ ချေခြင်းမည်သည် အချို့သောသူအား ကောင်း၏။ အချို့သောသူအား ယုတိ၏။ သင်တို့သည် ချေသဖြင့် နှာ ခေါင်းကို ပြတ်စေကုန်၏။ ငါတို့သည်ကား ချေသဖြင့် ဦးရီးသ္မီးကိုရ၍ မင်းအဖြစ်သို့ ရောက်၏ ဟု ဆိုလို၍-

၁၂၆။ တထေဝေကဿ ကလျာဏံ၊ တထေဝေကဿ ပါပကံ။
တသ္မာ သဗ္ဗံ န ကလျာဏံ၊ သဗ္ဗံ ဝါပိ န ပါပကံ။

ဟူသော ဤဂါထာကို ဆို၏။

၁၂၆။ အာစရိယ၊ ဆရာ။ တထေဝ၊ ထိုချေခြင်းသည်လျှင်။ ဧက ဿ၊ အချို့သောသူအား။ ကလျာဏံ၊ ကောင်း၏။ တထေဝ၊ ထိုချေခြင်းသည်လျှင်။ ဧကဿ၊ အချို့သောသူအား။ ပါပကံ၊ ယုတ်မာ၏။ တသ္မာ၊ ထို့ကြောင့်။ သဗ္ဗံ၊ အလုံးစုံသော ချေခြင်းသည်။ န ကလျာဏံ၊ မကောင်း။ သဗ္ဗံ ဝါပိ၊ အလုံးစုံသောချေခြင်းသည်လည်း။ န ပါပကံ၊ မယုတ်မာ။

ဤသို့ မင်းသည် ဤဂါထာဖြင့် အကြောင်းကိုဆို၍ အလှူအစရှိသောကောင်းမှုတို့ကိုပြု၍ ကံအား လျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဂါထာဖြင့် လောကသည်သမုတ်အပ်ကုန်သော ကောင်းခြင်း ယုတ်မာခြင်းတို့၏ ဧကန် မဟုတ်သည်၏ အဖြစ်ကို ပြပြီး၍ ယခုအခါ သန်လျက်လက္ခဏာ ဘတ်တတ်သောပုဏ္ဏားသည် ထိုအခါ သန်လျက်လက္ခဏာဘတ်တတ်သောပုဏ္ဏား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ တူဖြစ်သောမင်းဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

လောကသမုတ်၊ အဖြေထုတ်၊ ကောင်းယုတ် နေကန်သိ

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော အသိလက္ခဏဇာတ်သည်ပြီး၏။

*****