အသဒိသဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၁၈၁။ အသဒိသဇာတ် (၂-၄-၁)


ဒုကနိပါတ်-အသဒိသဝဂ်

၁။ အသဒိသဇာတ်

လေးဝိဇ္ဇာမင်းသား

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဓနုဂ္ဂဟော အသဒိသော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သောဤအသဒိသဇာတ်ကို ဇေတဝန် ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ် မြတ်သောတောထွက်တော်မူခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ မြတ်စွာဘုရားသည် ရဟန်းတို့ ငါဘုရားသည် ယခုအခါ၌သာလျှင် မြတ်သော တောထွက်တော်မူခြင်း၏ အစွမ်းအားဖြင့် တောထွက်တော်မူသည်ကား မဟုတ်သေး၊ ရှေး၌လည်း ထီးဖြူကိုစွန့်၍ တောထွက်တော်မူဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မဒတ်မင်း၏မိဖုယားဝမ်း၌ ပဋိသန္ဓေကိုယူ၍ ချမ်းသာသဖြင့် ဖွားမြင်သော ထိုဘုရားလောင်းအား အမည်မှည့်သောနေ့၌ အသဒိသသတို့သား ဟူသောအမည်ကို မည်ကုန်၏။ ထို့နောင်မှ ဘုရားလောင်း၏ ရှေးရှူပြေး၍ ထက်ဝန်းကျင်ပြေး၍ သွားနိုင်သောကာလ၌ တယောက်သော ဘုန်းရှိသောသတ္တဝါသည် မိဖုယား၏ဝမ်း၌ပဋိသန္ဓေကိုယူ၏။ ချမ်းသာသဖြင့် ဖွားမြင်သော ထိုသတို့သားအား အမည်ကိုမည့်သောနေ့၌ ဗြဟ္မဒတ်ဟူသော အမည်ကို မှည့်ကုန်၏။ ထိုနှစ်ယောက်ကုန်သော မင်းသားတို့တွင် ဘုရားလောင်းသည် တဆယ့်ခြောက်နှစ် မြောက်သော ကာလ တက္ကသိုလ်ပြည်သို့သွား၍ ဒိသာ ပါမောက္ခဖြစ်သော ဆရာ၏အထံ၌ ဗေဒင်သုံးပုံကို၎င်း တဆယ့်ရှစ်ပါးကုန်သော အတတ်တို့ကို၎င်း သင်၍ လေးသမားတို့၏ အတတ်၌ အတုမရှိသည်ဖြစ်၍ ဗာရာဏသီပြည်သို့ ပြန်လာ၏။ မင်းသည် သေလွန်သည်ရှိသော် အသဒိသမင်းသားအား မင်းအဖြစ်ကိုပေး၍ ဗြဟ္မဒတ်မင်းသားအား အိမ်ရှေ့မင်းအဖြစ်ကို ပေးရစ်ကြကုန်လော့ဟု ဆို၍ သေလွန်၏။ ထိုဗြဟ္မဒတ်မင်းသေလွန်၍ ဘုရားလောင်းသည် မိမိအား မင်းအဖြစ်ကိုပေးသည်ရှိသော် ငါ့အား မင်းအဖြစ်ဖြင့် အလိုမရှိဟု ပယ်၏။ ဗြဟ္မဒတ်မင်းသားကို မင်းအဖြစ်၌ အဘိသိက်သွန်းကုန်၏။ ဘုရားလောင်းသည် အကယ်၍ကား မင်းအဖြစ်ကို အလိုမရှိ၊ ထိုသို့အလိုမရှိသော်လည်း ညီသည် မင်းအဖြစ်ကိုပြုသည်ရှိသော် ပြကတေ့အားဖြင့် မင်း၏ အခြင်းအရာအားဖြင့်သာလျှင် နေ၏။ မင်း၏ခြေရင်း၌ မြဲစွဲကုန်သောသူတို့သည် အသဒိသမင်းသားသည် မင်းအဖြစ်ကို တောင့်တ၏။ ဤသို့ဆိုကုန်၍ မင်း၏အထံ၌ ဘုရားလောင်းကို ဖျက်ဆီးကုန်၏။ ထိုဗြဟ္မဒတ်မင်းသည်လည်း ထိုမင်း၏ ခြေရင်း၌ မြဲစွဲကုန်သောသူတို့၏စကားကိုယူ၍ အချစ်ပျက်သောစိတ်ရှိသည်ဖြစ်၍ ငါ၏ နောင်တော်ကို ဖမ်းကြကုန်လော့ဟု လူတို့ကို စေ၏။

ထိုအခါ ဘုရားလောင်း၏အကျိုးစီးပွားကို ဆောင်ရွက်သော တယောက်သော ယောက်ျားသည် ထိုအကြောင်းကို ဘုရားလောင်းအား ကြား၏။ ဘုရားလောင်းသည် ညီငယ်အား အမျက်ထွက်သောကြောင့် မြို့မှထွက်၍ တပါးသောတိုင်းသို့သွား၍ တယောက်သော လေးသမားသည် လာ၍ မင်းအိမ်တံခါး၌တည်၏ဟု မင်းအားကြားစေ၏။ မင်းသည် အဘယ်မျှသောစည်းစိမ်ကို အလိုရှိသနည်းဟု မေး၏။ တနှစ်ဖြင့် တသိန်းသော ဥစ္စာကိုအလိုရှိ၏ဟု ဆိုသည်ရှိသော် ကောင်းပြီ လာစေလော့ဟု ဆို၏။ ထိုအခါ လာ၍ အနီး၌တည်သော ထိုအသဒိသမင်းသားကို သင်သည် လေးသမားလောဟု မေး၏။ မင်းမြတ် ဟုတ်၏ဟု ဆိုသည်ရှိသော် ကောင်းပြီ ငါ့ကို ခစားလော့ဟုဆို၏။ ထိုအသဒိသမင်းသားသည် ထိုအခါမှစ၍ မင်းကို ခစား၏။ ထိုအသဒိသမင်းအား ပေးအပ်သောရိက္ခာကိုမြင်ကုန်၍ အလွန်များစွာရ၏ဟု လေးသမားဟောင်းတို့သည် ကဲ့ရဲ့ကုန်၏။ ထိုအခါ တနေ့သ၌ မင်းသည် ဥယျာဉ်သို့သွား၍ မင်္ဂလာကျောက်ဖျာအနီး၌ တင်းတိမ်အရံကိုကာရံစေ၍ သရက်ပင်၏အရင်းဖြစ်သော မြတ်သောအိပ်ရာ၌ လျောင်းလျက် အထက်သို့ ကြည့်လတ်သည်ရှိသော် သရက်ပင်ဖျား၌ တခုသော သရက်သီးခိုင်ကိုမြင်၍ ဤသရက်သီးခိုင်ကို တက်၍ယူအံ့သောငှါ မတတ်ကောင်းဟု လေးသမားတို့ကိုခေါ်စေ၍ ဤသရက်သီးခိုင်ကို မြားဖြင့်ဖြတ်၍ ကျစိမ့်သောငှါ စွမ်းနိုင်ကုန်လတ္တံ့လောဟုဆို၏။ မင်းမြတ် ထိုသရက်သီးခိုင်ကို ကျစေခြင်းသည် အကျွန်ုပ်တို့အား ဝန်မလေး၊ အရှင်မင်းမြတ်သည်ကား အကြိမ်များစွာ အကျွန်ုပ်တို့၏အမှုကို မြင်ဘူးတော်မူ၏။ ယခု ရောက်သစ်စဖြစ်သော လေးသမားတော်သည် အကျွန်ုပ်တို့ထကျ များစွာသော ရိက္ခာကိုရ၏။ ထိုသရက်သီးခိုင်ကို ထိုလေးသမားတော်သစ်ကို ကြွေအောင်ပစ်စေတော်မူလော့ဟု လေးသမားဟောင်းတို့ လျှောက်ကြကုန်၏။

မင်းသည် ဘုရားလောင်းကိုခေါ်စေ၍ အမောင် ထိုသရက်သီးခိုင်ကို ကြွေစိမ့်သောငှါ စွမ်းနိုင်လတ္တံ့ လောဟုမေး၏။ မင်းမြတ် တခုသောအရပ်ကို ရသည်ရှိသော် စွမ်းနိုင်ပါလတ္တံ့ ဟု ဘုရားလောင်းသည် လျှောက်၏။ အဘယ်အရပ်ကိုရသည်ရှိသော် စွမ်းနိုင်လတ္တံ့နည်းဟု မင်းသည် မေး၏။ မင်းမြတ် အရှင်မင်းမြတ်တို့၏ နေရာတော်၏ အတွင်းအရပ်ကို ရသည်ရှိသော် စွမ်းနိုင်လတ္တံ့ဟု ဘုရားလောင်းသည် လျှောက်၏။ မင်းသည်အိပ်ရာကို ဆောင်စေ၍ လေးပစ်ရာအရပ်ကိုပြုစေ၏။ ဘုရားလောင်းလက်၌ လေးသည် မရှိ၊ ဝတ်သောပုဆိုး၏အတွင်း၌ လေးကို ဖွဲ့၍သွား၏။ ထို့ကြောင့် တင်းတိမ်ကိုရခြင်းငှါ သင့်၏ဟုဆို၏။ မင်းသည် ကောင်းပြီဟု တင်းတိမ်ကို ဆောင်စေ၍ ရံစေ၏။ ဘုရားလောင်းသည် တင်းတိမ်တွင်းသို့ဝင်၍ အပေါ်၌ အမြဲဝတ်သော ဖြူသောအဝတ်ကိုပယ်၍ တထည်သော နီသောပုဆိုးကို ဝတ်၍ အောက်ပိုးကျိုက်၍ တထည်သော နီသောပုဆိုးကိုဝမ်း၌ဖွဲ့၍ အိမ်မှ အစပ်နှင့်ယှဉ်သော သန်လျက်ကိုထုတ်၍ လက်ဝဲနံပါးဖြင့်လွယ်၍ ရွှေသင်တိုင်းကိုဝတ်၍ လေးထည့်သောကျည်ကို နောက်မှလွယ်၍ အစပ်နှင့်ယှဉ်သော ဆိတ်ချိုလေးကြီးကိုယူ၍ သန္တာအဆင်းနှင့်တူသော ညှို့ကိုတင်၍ သင်းကျစ်ကို ဦးခေါင်း၌စွပ်၍ ထက်စွာသောစဉ်းသွားကို လက်သည်းတို့ဖြင့်ပွတ်လျက် တင်းတိမ်ကိုနှစ်ဖြာလှစ်၍ မြေကိုခွဲ၍ထွက်သော နဂါးလုလင်ကဲ့သို့ထွက်ပြီးလျှင် မြှားပစ်ရာအရပ်သို့သွား၍ စဉ်းသွားကို မြှား၌တပ်၍ မင်းကို မင်းမြတ် ထိုသရက်သီးခိုင်ကို အထက်သို့တက်သောဖြင့် ကျစေရအံ့လော။ ထိုသို့မဟုတ်မူကား အောက်သို့သက်သောမြားဖြင့် ကျစေရအံ့လောဟု လျောက်၏။ အမောင် တက်သောမြားဖြင့် ကျစေသည်ကို ငါမြင်ဘူးသည်ကားများ၏။ အောက်သို့ သက်သာမြှားဖြင့်သော်ကား ကျစေသည်ကို မမြင်စဘူးသေး၊ အောက်သို့သက်သော မြှားဖြင့် ကျစေလောဟု ဆိုသည်ရှိသော် မင်းမြတ် ဤမြှားသည် ဝေးသောအရပ်သို့ တက်လတ္တံ့၊ အကြင်မျှလောက် စတုမဟာရာဇ်နတ်ပြည်သည် ရှိ၏။ ထိုမျှလောက်သွားလေ၍ ညအခါ၌ သက်လတ္တံ့၊ အကြင်မျှလောက် ထိုမြှား၏သက်ခြင်းသည် ရှိ၏။ ထိုမျှလောက် အရှင်မင်းမြတ်တို့သည် သည်းခံအံ့သောငှါ သင့်၏ဟု ဆို၏။ မင်းသည် ကောင်းပြီဟု ဝန်ခံ၏။

ထို့နောင်မှ မင်းမြတ် ဤမြားသည်ကား တက်လတ်သည်ရှိသော် သရက်သီးခိုင်အညှာကို အလယ်တိုင်အောင်ဖြတ်လျက် တက်လတ္တံ့၊ သက်လတ်သည်ရှိသော်ကား ဆံခြည်ဖျားမျှလည်း ဤမှ၎င်း ထိုမှ၎င်း မရွေ့မူ၍ အပိုင်းအခြား၌ သာလျှင်ကျ၍ သရက်သီးခိုင်ကိုယူ၍ သက်လတ္တံ့၊ မင်းမြတ် ရှုတော်မူလော့ဟု တဖန် မင်းကိုဆို၏။ ဆိုပြီးသော် အဟုန်ကိုဖြစ်စေ၍ မြားကိုပစ်၏။ ထိုမြားသည် သရက်သီးခိုင်အညှာကို အလယ်တိုင်အောင်ဖြတ်လျက် တက်၏။ ဘုရားလောင်းသည် ယခုအခါ၌ မြှားသည် စတုမဟာရာဇ်နတ်ပြည်တိုင်အောင် ရောက်သည်ဖြစ်လတ္တံ့၊ ဤသို့သိ၍ ရှေးဦးစွာ ပစ်အပ်သောမြားထက် အထူးသဖြင့် လွန်စွာလျင်မြန်ခြင်းကိုဖြစ်စေ၍ တစင်းသော မြှားကို ပစ်၏။ ထို့နောင်မှ ပစ်အပ်သောမြားသည် သွားလေ၍ ရှေးဦးစွာ ပစ်အပ်သောမြားကို မြားလွှာတောင့်ဖြင့်ခတ်၍ လည်စေ၍ မိမိသည် တာဝတိံသာ နတ်ပြည်သို့ တက်လေ၏။ ထိုတာဝတိံသာနတ်ပြည်၌ ထိုမြားကို နတ်တို့သည် ယူကုန်၏။ ပြန်လည်လာသောမြား၏ လေကိုဖြတ်သောအသံသည် မိုဃ်းကြိုးသံကဲ့သို့ဖြစ်၏။ လူများသည် ဤအသံသည်ကား အဘယ်အသံနည်းဟု ဆိုသည်ရှိသော် ဘုရားလောင်းသည် ပြန်လည်လာသောမြား၏ အသံတည်းဟု ဆို၍ မိမိကိုယ်၌ မြား၏ကျအံ့သောဘေးဖြင့် အလွန်ထိတ်လန့်သော လူများကိုမြင်၍ မကြောက်ကုန်လင့်ဟု နှစ်သိမ့်စေ၍ မြှားအား မြေသို့ကျစိမ့်သောငှါ မပေးဟုဆို၏။ မြားသည် သက်လာသည်ရှိသော် တဆံခြည်ဖျား၎င်း ထိုမှဤမှ မရွေ့မူ၍ အပိုင်းအခြား၌သာလျှင်ကျ၍ သရက်သီးခိုင်ကို ဖြတ်၏။ ဘုရားလောင်းသည် သရက်သီးခိုင်အား၎င်း မြှားအား၎င်း မြေသို့ကျစိမ့်သောငှာ မပေးမူ၍ ကောင်းကင်ပြင်၌သာလျှင်ခံလျက် လက်တဘက်ဖြင့် မြှားကို လက်တဘက်ဖြင့် သရက်သီးခိုင်ကို ယူ၏။ လူများသည် ထိုအံ့ဘွယ်သရဲကို မြင်၍ ငါတို့သည် ဤသို့သဘောရှိသောအတတ်ကို မမြင်စဘူးဟု ဘုရားလောင်းကို ချီးမွမ်းကုန်၏။ ကြီးစွာသော ရယ်ရွှင်ခြင်းကို ရယ်ရွှင်ကုန်၏။ ပဲ့တင်ထပ်စေကုန်၏။ လက်ပန်းပေါက် ခတ်ကုန်၏။ လက်ချောင်းတို့ကို ခါကုန်၏။ ပုဆိုးကို ပစ်လွှားခြင်း များစွာတို့ကို ဖြစ်စေကုန်၏။ မင်း၏ ပရိသတ်တို့သည် နှစ်သက်ရွှင်လန်းခြင်းကြောင့် ဘုရားလောင်းအား ပေးအပ်သော ဥစ္စာသည် ကုဋေအတိုင်းအရှည် ရှိသည်ဖြစ်၏။ မင်းသည်လည်း ထိုဘုရားလောင်းအား မိုဃ်းကြီးသည်းထန်စွာ ရွာဘိသကဲ့သို့ များစွာသော ဥစ္စာကို၎င်း များစွာသော အခြံအရံကို၎င်း ပေး၏။

ဤသို့ မင်းသည် အရိုအသေအလေးအမြတ် ပြုခြင်းကြောင့် ဘုရားလောင်းသည် ထိုပြည်၌နေသည်ရှိသော် အသဒိသမင်းသားသည် ဗာရာဏသီပြည်၌ မရှိသတတ်ဟု ခုနစ်ပြည်ထောင်သော မင်းတို့သည် လာလတ်ကုန်၍ ဗာရာဏသီပြည်ကို ခြံရံကုန်၍ ပြည်ကိုမူလည်း ပေးမည်လော စစ်ထိုးခြင်းကိုမူလည်း ပေးမည်လော၊ ဤသို့ ဗြဟ္မဒတ်မင်းအား အမှာစာကို သ, ကုန်၏။ ဗြဟ္မဒတ်မင်းသည် သေဘေးမှကြောက်သည်ဖြစ်၍ ငါ၏ နောင်တော်သည် အဘယ်အရပ်၌ နေသနည်းဟုမေး၍ တပါးသော ပြည်နီးချင်းမင်းကို ခစား၏။ ဤသို့ ကြား၍ ငါ၏ နောင်တော်သည် မလာသည်ရှိသော် ငါ့အား အသက်သည် မရှိလတ္တံ့၊ သွားကြကုန် ငါ၏စကားဖြင့် ထိုအသဒိသမင်းသား၏ ခြေတော်တို့ကို ရှိခိုးကုန်လျှက် ကန်တော့ ပင့်ဆောင်ကုန်၍ လာကြကုန်လော့ဟု တမန်တို့ကိုစေလိုက်၏။ ထိုတမန်တို့သည် သွားကုန်၍ ဘုရားလောင်းအား ထိုအကြောင်းကို လျောက်ကုန်၏။ ဘုရားလောင်းသည် မင်းကိုပန်၍ ဗာရာဏသီပြည်သို့ တဖန်ပြန်လည်၍ မင်းကို မကြောက်လင့်ဟုနှစ်သိမ့်စေ၍ ငါအသဒိသမင်းသားသည် လာပြီ၊ ဤမြားမှတပါး တစင်းသော မြားကိုပစ်၍ ခပ်သိမ်းကုန်သော မင်းတို့၏ အသက်ကို သေစေအံ့၊ အသက်ဖြင့်အလိုရှိကုန်သော သူတို့သည် ပြေးလေကုန်၊ ဤသို့အက္ခရာတို့ကို မြား၌ရေး၍ ပစ္စင်ပေါ်၌ရပ်၍ ခုနစ်ဦးကုန်သော မင်းတို့၏ စားကုန်စဉ် ရွှေခွက်၏အဖုံး၌သာလျှင် မြှားခုနစ်စင်းတို့ကို ကျစေ၏။ ထိုမင်းတို့သည် အက္ခရာတို့ကို မြင်ကုန်၍ သေဘေးမှ ကြောက်ကုန်၍ ပြေးလေကုန်၏။ ဤသို့ ဘုရားလောင်းသည် တခုသော ယင်ငယ်သည် သောက်လောက်ရုံသော သွေးကိုလည်း မဖြစ်စေမူ၍ ခုနစ်ပြည်ထောင်ကုန်သော မင်းတို့ကိုပြေးစေ၍ ညီတော်ငယ်ကိုပန်၍ ကာမတို့ကိုပယ်ပြီးလျှင် ရသေ့ရဟန်းပြု၍ အဘိညာဉ်တို့ကို၎င်း သမာပတ်တို့ကို၎င်း ဖြစ်စေ၍ အသက်၏အဆုံး၌ ဗြဟ္မာ့ပြည်သို့ လား၏။

သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့ ဤအသဒိသမင်းသားသည် ခုနစ်ပြည်ထောင်သော မင်းတို့ကိုပြေးစ၍ အောင်မြင်ပြီးသော စစ်ပွဲရှိသည်ဖြစ်၍ ရသေ့ရဟန်းအဖြစ် ကပ်လေ၏ဟု ပြတော်မူလိုရကား ဘုရားအဖြစ်သို့ရောက်တော်မူပြီး၍-

၆၁။ ဓနုဂ္ဂဟော အသဒိသော၊ ရာဇပုတ္တော မဟဗ္ဗလော။
ဒူရေပါတီ အက္ခဏဝေဓီ၊ မဟာကာယပ္ပဒါလနော။

၆၂။ သဗ္ဗာမိတ္တေ ရဏံ ကတွာ၊ န စ ကဉ္စိ ဝိဟေဌယိ။
ဘာတရံ သောတ္ထိံ ကတွာန၊ သံယမံ အဇ္ဈုပါဂမိ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

၆၁။ ဘိက္ခဝေ၊ ရဟန်းတို့။ မဟဗ္ဗလော၊ ကြီးသော ကိုယ်အား ဉာဏ်အား ရှိထသော။ ဒူရေပါတီ၊ ဝေးစွာသော စတုမဟာရာဇ် တာဝတိံသာတိုင်အောင်သောအရပ်သို့ မြားကိုရောက်စေနိုင်ထသော။ အက္ခဏဝေဓီ၊ မချွတ်မယွင်း ပစ်နိုင်ထသော။ တနည်း... အက္ခဏဝေဓီ၊ လျှပ်တပြက်၌ ခုနစ်ချက် ရှစ်ချက်မြှားတို့ကို ပစ်နိုင်ထသော။ မဟာကာယပ္ပဒါလနော၊ များစွာကုန်သော အစုအပေါင်းတို့ကို ထုတ်ချင်းထွင်းအောင် ပစ်နိုင်ထသော။ ရာဇပုတ္တော၊ မင်း၏သား ဖြစ်ထသော။ အသဒိသော၊ အသဒိသ အမည်ရှိထသော။ ဓနုဂ္ဂဟော၊ လေးသမားကျော်သည်။ သဗ္ဗာမိတ္တေ၊ ခပ်သိမ်းကုန်သော ရန်သူတို့ကို။ ရဏံ ကတွာ၊ စစ်တိုက်ခြင်းကိုပြု၍။ ပလာပေသိ၊ ပြေးစေ၏။ ကဉ္စိ စ၊ တစုံတယောက်ကို မျှလည်း။ န ဝိသေဌယိ၊ မညှဉ်းဆဲ။ ဘာတရံ၊ ညီတော်ကို။ သောတ္ထိံ ကတွာန၊ ချမ်းသာခြင်းကို ပြု၍။ သံယမံ၊ သီလကို စောင့်ရှောက်သောရသေ့အဖြစ်သို့။ အဇ္စျုပါဂမိ၊ ကပ်လေ၏။

ဇာတ်ပေါင်း... ဤသို့ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ အာနန္ဒာသည် ထိုအခါ ညီငယ် ဖြစ်ဘူးလေပြီ၊ ထိုမှတပါး ယခုအခါ၌ ငါဘုရားသည်သာလျှင် ထိုအခါ အသဒိသမင်းသားဖြစ်ဘူးလေပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

စည်းစိမ်မခင်၊ တောချောင်ဝင်၊ လူတွင် ကျင့်ခဲစွာ

ရှေးဦးစွာသော အသဒိသဇာတ်သည် ပြီး၏။

*****