အရှင်အနုရုဒ္ဓါမထေရ်အကြောင်း

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၅) အရှင်အနုရုဒ္ဓါမထေရ်အကြောင်း

(၅) အရှင်အနုရုဒ္ဓါမထေရ်အကြောင်း

(က) မထေရ်မြတ်၏ ရှေးဆုတောင်း

     ရှေးလွန်ခဲ့ပြီးသော ကမ္ဘာတသိန်းထက်၌ ပဒုမုတ္တရမြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူစဉ် အရှင်အနုရုဒ္ဓါအလောင်း သူတော်ကောင်းသည် အမည်အားဖြင့် မထင်ရှားသော သူကြွယ်တဦးဖြစ်၍ နေမွန်းလွဲပြီးနောက်အခါ တရားနာရန် ကျောင်းတိုက်သို့ သွားရောက်ကြသော လူအပေါင်းနှင့် အတူတကွ လိုက်ပါခဲ့လေသည်။ သူကြွယ်သည် မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုး၍ ပရိသတ်အစွန်အဖျား၌ ရပ်တည်ကာ တရားတော်ကို နာယူလေ၏။ ပဒုမုတ္တရ မြတ်စွာဘုရားသည် တရားဒေသနာတော်ကို အနုသန္ဓေအတိုင်း ဆက်စပ် ဟောကြားတော်မူပြီးနောက် ရဟန်းတပါးကို ဒိဗ္ဗစက္ခုအဘိညာဏ် ရသောအရာဝယ် ဧတဒဂ်ဘွဲ့ထူး ရာထူး၌ ထားတော်မူလေ၏။

     ထိုအခါ သူကြွယ်၏ သန္တာန်ဝယ် “ဤရဟန်းကို မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ပင် ဒိဗ္ဗစက္ခုအဘိညာဏ် ရသောအရာဝယ် ဧတဒဂ်ဘွဲ့ထူး ရာထူး၌ ထားတော်မူပေ၏၊ သို့ရကား ဤရဟန်းသည် သာလွန်မြင့်မြတ်စွာ့တကား၊ ငါသည်လည်း နောက်အခါ ပွင့်တော်မူမည့် တဆူဆူသော ဘုရားရှင်၏ သာသနာဝယ် ဒိဗ္ဗစက္ခုအဘိညာဏ်ရသော ရဟန်းတို့အနက် အသာဆုံး အမြတ်ဆုံး (=ဧတဒဂ်ဘွဲ့ရပုဂ္ဂိုလ်) ဖြစ်ရပါမူ ကောင်းလေစွာ့”ဟု



၁၄၉

စိတ်အကြံဖြစ်ပြီးလျှင် ပရိသတ်အကြားမှပင် မြတ်စွာဘုရား၏ အနီးသို့ သွားရောက်၍ မြတ်စွာဘုရားကို ရဟန်းသံဃာနှင့်တကွ ပင့်ဖိတ်ပြီး နောက်တနေ့၌ ဘုရားအမှူးရှိသော သံဃာတော်အား ကြီးစွာသော အလှူဒါနကို ပေးလှူပြီးလျှင် “ငါကား အလွန်ကြီးသော ရာထူး = ဌာနန္တရကို တောင့်တအပ်လေပြီ”ဟု ကြံစည်စဉ်းစားမိကာ ထိုနည်းအတိုင်းပင် “ယနေ့ ကောင်းမှုကုသိုလ်အလို့ငှါ ကြွတော်မူပါ, နက်ဖြန် ကောင်းမှု ကုသိုလ်အလို့ငှါ ကြွတော်မူပါ”ဟု နေ့စဉ်ရက်ဆက် ပင့်ဖိတ်ကာ ခုနစ်ရက်ပတ်လုံး ကြီးစွာသော အလှူဒါနကို ဖြစ်စေပြီးနောက် အခြံအရံ ရဟန်းတို့နှင့်တကွ မြတ်စွာဘုရားရှင်အား အလွန်မြတ်မွန်သော အဝတ်သင်္ကန်းတို့ကို လှူဒါန်းဆက်ကပ်၍-

“မြတ်စွာဘုရား.. အကျွန်ုပ်သည် ဤပူဇော်သက္ကာရမှုကို နတ်စည်းစိမ်ရဖို့ရန်လည်း ပြုသည်မဟုတ်ပါ၊ လူ့စည်းစိမ် ရဖို့ရန်လည်း ပြုသည်မဟုတ်ပါ၊ စင်စစ်သော်ကား အရှင်ဘုရားတို့သည် ဤယခုနေ့မှအထက် လွန်ခဲ့သော ခုနစ်ရက်က အကြင် ရဟန်းတော်တပါးကို ဒိဗ္ဗစက္ခုအဘိညာဏ် ရသောအရာဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူခဲ့ပါပြီ၊ အကျွန်ုပ်သည်လည်း နောက်အခါ တဆူဆူသော ဘုရားရှင်၏ သာသနာဝယ် ဤရဟန်းကဲ့သို့ပင် ဒိဗ္ဗစက္ခုအဘိညာဏ်ရသော ရဟန်းတို့အနက် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ရပုဂ္ဂိုလ် ဖြစ်ရပါလို၏”-

ဟု ဆုတောင်းပတ္ထနာမှု ပြုပြီးလျှင် မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ဝပ်စင်း၍နေလေ၏။ မြတ်စွာဘုရားရှင်သည် အနာဂတ်ကို ရှုကြည့်တော်မူလတ်သော် ထိုသူကြွယ်၏ ဆုတောင်းပြည့်မည့်အကြောင်းကို ကောင်းစွာ သိမြင်တော်မူ၍ “ဒါယကာ.. နောက်အခါဝယ် ကမ္ဘာတသိန်းအဆုံး၌ ဂေါတမမြတ်စွာဘုရား ထင်ရှားပွင့်ထွန်းပေလိမ့်မည်၊ ထိုမြတ်စွာဘုရား၏ သာသနာဝယ် သင်သည် ဒိဗ္ဗစက္ခုအဘိညာဏ်ရသော ရဟန်းတို့အနက် အသာဆုံး အမြတ်ဆုံးဖြစ်သည့် အနုရုဒ္ဓါမထေရ် အမည်ရှိသူ



၁၅၀

ဖြစ်လိမ့်မည်”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူ၍ ဆွမ်းအနုမောဒနာတရား ဟောကြားပြီးလျှင် ကျောင်းတိုက်တော်သို့ပင် ပြန်ကြွတော်မူလေ၏။

     သူကြွယ်သည်လည်း မြတ်စွာဘုရား သက်တော်ထင်ရှားရှိသမျှ ကာလပတ်လုံး ကုသိုလ်ကောင်းမှုကို ပြုလုပ် အားထုတ်ပြီးလျှင် ပဒုမုတ္တရ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် ခုနစ်ယူဇနာရှိသော ရွှေစေတီကြီး တည်ပြီးလတ်သော် ရဟန်းသံဃာသို့ ချဉ်းကပ်၍ “အရှင်တို့ဘုရား.. ဒိဗ္ဗစက္ခုအဘိညာဏ်၏ ရရန်အကြောင်း ပရိကံကောင်းမှုကား အဘယ်ပါနည်း”ဟူ၍ မေးလျှောက်လေ၏။ ရဟန်းသံဃာတော် အရှင်မြတ်များက “ဒါယကာ.. ဆီမီးအလှူကို ပေးလှူရန် သင့်ပေ၏”ဟု မိန့်ကြားလေလျှင် “ကောင်းပါပြီ အရှင်ဘုရားတို့.. ဆီမီးအလှူဒါနကို ပြုလုပ်ပါအံ့”ဟု လျှောက်ထား၍ ရှေးဦးစွာ တပင်တပင်လျှင် ဆီမီးတိုင် တထောင်စီ တထောင်စီ ပါရှိသော ဆီမီးတိုင် သစ်ပင်ကြီးပေါင်း တထောင်ပြုလုပ်စေကာ လှူဒါန်းလေ၏။ ထိုဆီမီးတိုင် သစ်ပင်ကြီးပေါင်း တထောင်၏ အခြားမဲ့၌ ထိုအောက်ငယ်သည့် ဆီမီးတိုင် သစ်ပင်လတ်တို့ကို၎င်း, ထိုဆီမီးတိုင် သစ်ပင်လတ်တို့၏ အခြားမဲ့၌ ထိုအောက်ငယ်သော ဆီမီးတိုင် သစ်ပင်ငယ်တို့ကို၎င်း ပြုလုပ်စေကာ လှူဒါန်းလေ၏၊ ဤသို့လျှင် ထောင်ပေါင်းများစွာသော ဆီမီးတိုင်သစ်ပင်ကို လှူဒါန်းသည့်ပြင် ကြွင်းသော ဆီမီးတို့သည်ကား မရေမတွက်နိုင်အောင်ပင် များလှစွာကုန်၏။

ကဿပမြတ်စွာစေတီတော်အား ဆီမီးလှူပြန်ခြင်း

     ဤသို့လျှင် အရှင်အနုရုဒ္ဓါအလောင်း ထိုသူကြွယ်သည် အသက် ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြုလုပ်၍ နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်လျက် ကမ္ဘာတသိန်း ကာလကို လွန်မြောက်၍ ဤဘဒ္ဒကမ္ဘာ ကဿပမြတ်စွာဘုရား လက်ထက်တော်အခါဝယ် ဗာရာဏသီပြည်၌ သူကြွယ်ပင်ဖြစ်လတ်၍ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးနောက် တယူဇနာရှိသော စေတီတော်ကြီး တည်ပြီးလတ်သော်



၁၅၁

ရွှေခွက်ပေါင်း များစွာတို့ကို သွန်းခုတ် ပြုလုပ်စေ၍ ထောပတ်ကြည်အပြည့် ရွှေခွက်တိုင်းထည့်ပြီးလျှင် ရွှေခွက်တို့၏ အလယ်၌ တင်လဲခဲကို တည်ထားလျက် မီးညှိပြီးသော် စေတီတော် ပတ်ဝန်းကျင်၌ ရွှေခွက်အနားရေးချင်း ထိစေကာ ဆီမီးပူဇော်သည့်ပြင် မိမိအတွက်လည်း အကြီးဆုံးသော ရွှေခွက်ကြီးတခွက် သွန်းခုတ် ပြုလုပ်စေပြီးနောက် ထောပတ်ကြည်အပြည့်ပင် ထည့်ပြီးလျှင် ထိုရွှေခွက်ကြီး၏ အနားရေး ပတ်ပတ်လည်၌ ဆီမီးစာပေါင်းတထောင် ထွန်းညှိစေ၍ အလယ်တည့်တည့် ဆီမီးစာအတွက်ကိုမူ ပုဆိုးကြမ်းဖြင့် ရစ်ပတ်ထွန်းညှိစေပြီးလျှင် ထိုဆီမီးထောင်ပြည့် ထွန်းညှိထားသော ရွှေခွက်ကြီးကို ဦးခေါင်းဖြင့် ရွက်သယ်ကာ ညဉ့်သုံးယံပတ်လုံး တယူဇနာရှိသော စေတီတော်ကြီးကို လှည့်လည်ပူဇော်လေ၏။ ဤနည်းဖြင့် ထိုဘဝမှာလည်း အသက်ရှည်သမျှ ကာလပတ်လုံး ကုသိုလ်ကောင်းမှု ပြုလုပ်၍ ထိုဘဝမှ စုတေသောအခါ နတ်ပြည်၌ ဖြစ်လေ၏။

အန္နဘာရဘဝ

     တဖန် အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မမူမီ ဗာရာဏသီပြည်မှာပင် သူဆင်းရဲမျိုး၌ ပဋိသန္ဓေ တည်ယူနေ၍ သုမန-အမည်ရှိသော ဗာရာဏသီသူဌေးကြီးကို အမှီပြု၍ နေ၏။ ထိုဆင်းရဲသား၏ အမည်မှာ “အန္နဘာရ” အမည်ရှိလေသည်။ သုမနသူဌေးကြီးသည် နေ့စဉ်နေ့တိုင်းပင် အထီးကျန်သော သူများ, ခရီးသွားများ, ဖုန်းတောင်း ယာစကာများအား မိမိအိမ်တံခါးဝ၌ ကြီးစွာသော အလှူဒါနကို ပေးလှူလေသည်။

     တနေ့သ၌ ဥပရိဋ္ဌ-အမည်တော်ရှိသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်တဆူသည် ဂန္ဓမာဒနတောင်၌ နိရောဓသမာပတ်ကို ၀င်စား၍ ထိုသမာပတ်မှ ထလတ်သော် “ငါသည် ယနေ့ အဘယ်သူ့အား ချီးမြှောက်ရပါမည်နည်း”ဟု စူးစမ်း ဆင်ခြင်တော်မူလေ၏။ အထူးအားဖြင့် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့မည်သည် သူဆင်းရဲတို့ကို အလွန်သနားတော်မူတတ်ကြကုန်၏။ သို့ရကား ဥပရိဋ္ဌ ပစ္စေကဗုဒ္ဓါ



၁၅၂

အရှင်မြတ်သည် “ယနေ့ ငါသည် အန္နဘာရ ဆင်းရဲသားအား ချီးမြှောက်မှုကို ပြုမှသင့်မည်”ဟု ကြံစည်တော်မူ၍ “ယခုအခါ အန္နဘာရ ဆင်းရဲသားသည် တောအုပ်မှ မိမိအိမ်သို့ ပြန်လာတော့မည်”ဟု သိရှိတော်မူကာ သပိတ်,သင်္ကန်းကို ယူဆောင်၍ ဂန္ဓမာဒနတောင်မှ ကောင်းကင်သို့ တက်ကြွကာ ရွာတံခါးဝဝယ် အန္နဘာရဆင်းရဲသား၏ မျက်မှောက်၌ ရှေးရှုမတ်မတ် ရပ်တည်တော်မူလာ၏။

     အန္နဘာရသည် ပစ္စေကဗုဒ္ဓါအရှင်မြတ် အချည်းနှီး (ဆွမ်းမပါ)သော သပိတ်ကို လက်စွဲလျက် ကြွလာသည်ကို မြင်လတ်၍ ရိုသေစွာ ရှိခိုးပြီးလျှင် “အရှင်ဘုရား.. အရှင်မြတ်တို့သည် ဆွမ်းရတော်မူကြပါ၏လော”ဟု မေး၍ ပစ္စေကဗုဒ္ဓါ အရှင်မြတ်က “ရကြပါလိမ့်မည် ဒါယကာ..”ဟု မိန့်တော်မူလေလျှင် “အရှင်ဘုရား.. အတန်ငယ်မျှ ဤနေရာဝယ် ရပ်တည်တော်မူနှင့်ကြပါဦးဘုရား”ဟု လျှောက်ထား၍ လျင်မြန်စွာ သွားပြီးလျှင် မိမိအိမ်၌ အိမ်ရှင်မကို “အိုရှင်မ.. ငါ့အတွက်တာ ချန်ထားသော ဝေပုံကျထမင်း ရှိသလော, မရှိဘူးလော”ဟု မေးလေ၏။ အိမ့်ရှင်မက “ရှိပါသည် အရှင်..”ဟု ပြန်ပြောဆိုလေလျှင် ထိုနေရာမှပင် တဖန် ပြန်လာ၍ ပစ္စေကဗုဒ္ဓါ အရှင်မြတ်၏လက်မှ သပိတ်ကို ယူဆောင်ပင့်ခဲ့၍ အိမ်သို့ရောက်လျှင် “အိုရှင်မ.. ငါတို့သည် ရှေးဘဝက ကုသိုလ်ကောင်းမှု မပြုခဲ့ကြသောကြောင့် ထမင်းအတွက် တတောင့်တတ နေထိုင်ကြရကုန်၏၊ ငါတို့အဖို့ရာ လှူလိုသောစေတနာ ရှိပါသော်လည်း လှူဖွယ်ဝတ္ထုက မရှိပဲ ဖြစ်နေတတ်၏။ လှူဖွယ်ဝတ္ထု ရှိပြန်ပါသော်လည်း အလှူခံပုဂ္ဂိုလ်ကို မရပဲ ရှိကြကုန်၏။ ယနေ့ ငါသည် ဥပရိဋ္ဌ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကို ဖူးတွေ့အပ်လေပြီ၊ ငါ့အဖို့ ဝေပုံကျ ထမင်းကလည်း ရှိနေ၏။ ငါ့အဖို့ ဝေပုံကျထမင်းကို ဤသပိတ်၌ လောင်းထည့်လိုက်လော့”ဟု ပြောဆိုလေ၏။

     လိမ္မာလှစွာသော အိမ့်ရှင်မသည် “ငါ့အရှင်သည် မိမိအဖို့ ဝေပုံကျထမင်းကို ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား လှူဒါန်းရကား



၁၅၃

ငါသည်လည်း ဤအလှူဒါန၌ အဖို့ဝေစုရသူ ဖြစ်သင့်၏”ဟု ကြံစည်စဉ်းစားကာ မိမိ၏ အဖို့ဝေစု ထမင်းကိုပါ ဥပရိဋ္ဌ ပစ္စေကဗုဒ္ဓါ အရှင်မြတ်၏ သပိတ်၌ ထည့်လှူလိုက်လေ၏။ အန္နဘာရသည် သပိတ်ကို ယူဆောင်ခဲ့၍ ပစ္စေကဗုဒ္ဓါအရှင်မြတ်၏ လက်၌ ဆက်ကပ် လှူဒါန်းပြီးသော် “အရှင်ဘုရား.. တပည့်တော်များသည် ဤကဲ့သို့သော ဆင်းရဲပင်ပန်းစွာ အသက်ရှင်ရခြင်းမှ လျင်မြန်စွာ လွတ်မြောက်ကြရပါလိုကုန်၏”ဟု ဆုပန်စကား လျှောက်ထားလေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည်လည်း “ဘုန်းကံကြီးမားသော ဒါယကာ.. ဤသင်ယခု ဆုတောင်းသည့်အတိုင်း ဖြစ်ပါစေသတည်း”ဟု ဆုညွှန်းစကား မိန့်ကြားတော်မူလေ၏။

     အန္နဘာရသည် မိမိ၏ အပေါ်ရုံအဝတ်ကို တနေရာ၌ ခင်းပြီးလျှင် “အရှင်ဘုရား.. ဤနေရာ၌ထိုင်၍ ဘုဉ်းပေးတော်မူကြပါဘုရား”ဟု လျှောက်ထားပြန်လေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် အန္နဘာရ ခင်းပေးသောနေရာ၌ ထိုင်၍ (၁-ဆွမ်းခံသွားရခြင်း- ဂမန, ၂-ရှာမှီးရခြင်း- ပရိယေသန, ၃-သုံးဆောင်ခြင်း- ပရိဘောဂ, ၄-အခြားစီဖြစ်တတ်သော သလိပ် သည်းခြေ သွေး ပြည်ဟူသော- အာသယ, ၅-စု၍ တည်နေရာ အစာသစ်အိမ်ဟူသော- နိဓာန, ၆-မကျက်မကြေသေးခြင်း- အပရိပက္က, ၇-ကြေကျက်ပြီးခြင်း- ပရိပက္က, ၈-အကျိုးရင်း-ဖလ(နှင့်) ထိုမှဤမှ ယိုစီး စိမ့်ထွက်သော အကျိုးဆက်- နိဿန္ဒ, ၉-လူးလည်းခြင်း- မက္ခန ဤသို့) ကိုးပါးအပြားရှိသော စက်ဆုပ်ဖွယ်သဘောကို ဆင်ခြင်၍ ဘုဉ်းပေး သုံးဆောင်တော်မူလေ၏။ ။(ဤ၌- အကျိုးရင်း-ဖလနှင့် အကျိုးဆက်-နိဿန္ဒတို့ကို တခြားစီယူလျှင် အခြင်းအရာ ဆယ်ပါးဖြစ်၏။ ထို ကိုးပါး, ဆယ်ပါး အခြင်းအရာအားဖြင့် စက်ဆုပ်ဖွယ်သဘောကို ဆင်ခြင်ပုံကို ဝိသုဒ္ဓိမဂ်အဋ္ဌကထာ အာဟာရေပဋိကူလသညာ အဖွင့်နှင့် အထူးအားဖြင့် မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီး ရေးသားတော်မူသော ပရမတ္ထသရူပဘေဒနီကျမ်း ကမ္မဋ္ဌာန်းပိုင်း (ဘေဒနီ ၂၊ မျက်နှာ ၃၇၂) အာဟာရေပဋိကူလသညာ အခဏ်း၌ လေ့လာ မှတ်ယူရာ၏။)



၁၅၄

ပစ္စေကဗုဒ္ဓါအရှင်မြတ် ဆွမ်းဘုဉ်းပေးပြီးသောအခါ အန္နဘာရသည် သပိတ်ဆေးရေကို ဆက်ကပ်လေသည်။ ဥပရိဋ္ဌ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးစီးလတ်သော်-

ဣစ္ဆိတံ ပတ္ထိတံ တုယှံ၊ သဗ္ဗမေ၀ သမိဇ္ဈတု။

သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ၊ စန္ဒော ပန္နရသော ယထာ။

တုယှံ = သင်၏။ ဣစ္ဆိတံ = အလိုရှိအပ်သော။ ပတ္ထိတံ = တောင့်တအပ်သော။ သဗ္ဗမေဝ = ခပ်သိမ်းဥဿုံ အလုံးစုံသည်ပင်။ သမိဇ္ဈတု = ပြည့်စုံစေသတည်း။ ပန္နရသော စန္ဒော ယထာ = ပက္ခဆန်းတက် ဆယ့်ငါးရက်ဝယ် စက်ပုံတင့်ရွှန်း လပြည့်ဝန်းကဲ့သို့။ တုယှံ = သင်၏။ သဗ္ဗေ = ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော။ သင်္ကပ္ပါ = စိတ်ဝယ်ကြံဆ ကောင်းမြတ်သော အကြံအစည် ဟူသမျှတို့သည်။ ပူရေန္တု = ပြည့်ပါစေကုန်သတည်း -

ဟု အနုမောဒနာမှု ပြုတော်မူပြီးလျှင် ခရီးဆက်ကာ ကြွသွားတော်မူလေ၏။

နတ်သမီး ကောင်းကြီးပေးခြင်း

     ထိုအချိန်ဝယ် သုမနသူဌေးကြီး၏ ထီးချက်စောင့် နတ်သမီးသည် “အဟော ဒါနံ ပရမဒါနံ၊ ဥပရိဋ္ဌေ သုပတိဋ္ဌိတံ = ဩ.. အလွန်မြတ်သည့် အလှူဒါနကို ဥပရိဋ္ဌ ပစ္စေကဗုဒ္ဓါ အရှင်မြတ်၌ ကောင်းစွာ တည်ထားအပ်လေပြီတကား”ဟု သုံးကြိမ်တိုင်တိုင် ဥဒါန်းစကား မြွက်ကြား၍ ကောင်းကြီးပေးလေ၏။ သုမနသူဌေးကြီးသည် “ဟယ် နတ်သမီး.. သင်သည် ဤမျှ ကာလရှည်လျားစွာ အလှူဒါန ငါပေးလှူနေသည်ကို မမြင်ဘူးလော”ဟု မေးလေ၏။ နတ်သမီးက “အို သူဌေးမင်း.. ငါသည် သင်၏ အလှူဒါနအတွက် သာဓုကောင်းကြီး ပေးသည်မဟုတ်၊ အန္နဘာရ ဆင်းရဲသားက ဥပရိဋ္ဌ ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား လှူဒါန်းအပ်သော ဆွမ်းအတွက် သဒ္ဓါကြည်ညိုလှ၍ သာဓုကောင်းကြီး ငါပေးပေသည်”ဟု ဆိုလေလျှင် သုမနသူဌေးကြီးသည်



၁၅၅

“ဩ.. ဤဖြစ်ရပ်ကား အံ့ဖွယ်ရှိစွာ့၊ ငါသည် ဤမျှ ကာလရှည်လျားစွာ အလှူဒါနကို ပေးလှူရပါလျက် နတ်များကို သာဓုကောင်းကြီး ပေးစေခြင်းငှါ မစွမ်းနိုင်ခဲ့ချေ။ ဤအန္နဘာရ ဆင်းရဲသားကား ငါ့ကိုအမှီပြု၍ နေရသူဖြစ်ပါလျက် လျောက်ပတ်သော အလှူခံပုဂ္ဂိုလ်ကို ရရှိအပ်လေသောကြောင့် ဆွမ်းတကြိမ် လှူဒါန်းခြင်းဖြင့်ပင် ကောင်းကြီးပေးစေနိုင်ခဲ့လေပြီ၊ ဤအန္နဘာရ ဆင်းရဲသားအား သင့်လျော် လျောက်ပတ်သော ဥစ္စာကိုပေး၍ သူလှူသောဆွမ်းကို ငါ့ဥစ္စာဖြစ်အောင်ပြုမှ သင့်မည်”ဟု ကြံစည်ပြီးလျှင် အန္နဘာရကို ခေါ်စေ၍ “သင်သည် ယနေ့ တဦးတယောက်အား တစုံတရာ လှူဖွယ်ဝတ္ထုကို ပေးလှူအပ်သလော”ဟု မေးလေ၏။ အန္နဘာရ ဆင်းရဲသားက “ပေးလှူအပ်ပါသည် အရှင်သူဌေးမင်း.. အကျွန်သည် ဥပရိဋ္ဌပစ္စေကဗုဒ္ဓါ အရှင်မြတ်အား မိမိ၏ ဝေပုံကျထမင်းကို ပေးလှူအပ်ပါသည်”ဟု ပြောဆိုလေလျှင် သုမနသူဌေးကြီးသည် “အမောင်အန္နဘာရ.. ကိုင်း- ရော့ = ယူလော့၊ အသပြာတကျပ်ကို ယူပြီးလျှင် အမောင်လှူအပ်သော ထိုဆွမ်းကို ငါ့အား ပေးပါလော့”ဟု တောင်းဆိုလေ၏။

     အန္နဘာရဆင်းရဲသားက “အရှင်သူဌေးမင်း.. မပေးနိုင်ပါ”ဟု ငြင်းပယ်လတ်သော် သုမနသူဌေးကြီးသည် အသပြာတထောင်တိုင်အောင် တိုးတက်၍ ပေးလေ၏။ အန္နဘာရ ဆင်းရဲသာကမူ “အသပြာ တထောင်ဖြင့်လည်း မပေးနိုင်ပါ”ဟူ၍ ပယ်မြဲပယ်လေ၏။ ထိုအခါ သုမနသူဌေးကြီးသည် ဝယ်ယူရန်အတွက် လက်လျှော့ကာ “အမောင်အန္နဘာရ.. ထိုဆွမ်းကို အမောင် မပေးနိုင်လျှင် ရှိပါစေ၊ အသပြာတထောင်ကို အမောင်လက်ခံ ယူပြီးလျှင် ထိုဆွမ်းအလှူ ကုသိုလ်ကောင်းမှု အဖို့အစုကို ငါ့အား ပေးပါလော့”ဟု တောင်းဆိုပြန်လေ၏။ အန္နဘာရ ဆင်းရဲသားသည် “ဤကုသိုလ်ကောင်းမှု အဖို့အစုကို ပေးသင့်,မပေးသင့်ကိုလည်း အကျွန်ုပ် ကွဲကွဲပြားပြား မသိပါ၊ စင်စစ်သော်ကား အကျွန်ုပ်သည် ဥပရိဋ္ဌ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကို မေးပြီးမှ ပေးသင့်သည်ဆိုလျှင် ပေးပါမည်”ဟု ပြောဆို၍



၁၅၆

ပစ္စေကဗုဒ္ဓါ အရှင်မြတ်နောက်သို့ အပြေးလိုက်ကာ မှီလတ်သောအခါ “အရှင်ဘုရား.. သုမနသူဌေးကြီးက အကျွန်ုပ်အား အသပြာတထောင်ပေးပြီးလျှင် အရှင်မြတ်တို့အား လှူဒါန်းအပ်သော ဆွမ်း၌ ကုသိုလ်ကောင်းမှု အမျှဝေစုကို တောင်းနေပါသည်။ ပေးရပါမည်လော, မပေးရပါမည်လောဘုရား”ဟု လျှောက်ထားလေ၏။ ထိုအခါ ပစ္စေကဗုဒ္ဓါ အရှင်မြတ်က-

“ပညာရှိ.. သင့်အဖို့ရာ ငါ ဥပမာတခုကို ပြုဆောင်ပေအံ့၊ ဥပမာအားဖြင့် အိမ်ခြေတရာရှိသော ရွာဝယ် အိမ်တအိမ်သာလျှင် ဆီမီးညှိထွန်းထားသည် ဆိုကြပါစို့။ ကျန်သော (၉၉)ကိုးဆယ့်ကိုးအိမ်က မိမိ မိမိ၏ ဆီများဖြင့် ဆီမီးစာများကို ဆွတ်ကြ၍ မီးဆက်ညှိကြကာ ယူကြလေလျှင် ရှေးရှိရင်းစွဲ ဆီမီး၏ အရောင်အလင်းသည် ရှိမြဲရှိသလော၊ သို့မဟုတ် မရှိပဲ ယုတ်လျော့၍ သွားသလော”-

ဟု မေးလေလျှင် အန္နဘာရသည် “အရှင်ဘုရား.. ယုတ်လျော့၍ မသွားပါ။ အရောင်အလင်းသည် ရှေးကထက် တိုးတက်၍ ဖြစ်ပွါးပါသည်ဘုရား”ဟု လျှောက်ထားလေ၏။ ထိုအခါ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည်-

“ပညာရှိ.. ဤအတူပင် တယောက်ချိုမျှသော ယာဂုပင်ဖြစ်စေ၊ တယောက်မမျှသော ဆွမ်းပင်ဖြစ်စေ မိမိ လှူဒါန်းအပ်သော ဆွမ်းအလှူ၌ သူတပါးတို့အား ကုသိုလ်ကောင်းမှု အဖို့အစုကို ပေးဝေသော အလှူရှင်၏အဖို့ရာ အခြား လူတရာအားပင် ပေးသည်ဖြစ်စေ၊ လူတထောင်အားပင် ပေးသည်ဖြစ်စေ အကြင်မျှလောက်သော သူတို့အား ပေး၏။ ထိုမျှလောက်သော သူတို့၏အဖို့ ကုသိုလ်ကောင်းမှုတရား တိုးပွါးသည်သာ ဖြစ်၏။ ယခု သင်က ဆွမ်းလှူရာမှာ ဆွမ်းတခုကိုသာ လှူခဲ့လေပြီ၊ အကယ်၍ သုမနသူဌေးကြီးအား သင်က ကုသိုလ်ကောင်းမှု အဖို့ဘာဂ အမျှပေးအပ်သည်ရှိသော် သင့်အတွက် ဆွမ်းအလှူဒါန



၁၅၇

(ရှိရင်းစွဲ) တခု, သုမနသူဌေးကြီးအတွက် ဆွမ်းအလှူဒါန (ကုသိုလ်ပွါး)တခု = ဤသို့အားဖြင့် ဆွမ်းအလှူဒါန နှစ်ပါးတို့ ဖြစ်ကြလေကုန်၏”-

ဟု ရှင်းလင်းစွာ ဖြေကြားတော်မူလေ၏။

     အန္နဘာရဆင်းရဲသားသည် သံသယကင်းပြတ် အားရကျေနပ်ကာ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကို ရိုသေမြတ်နိုး ရှိခိုးပြီးနောက် သုမနသူဌေးကြီးထံသို့ သွားရောက်ပြီးလျှင် “အရှင်သူဌေးမင်း.. အကျွန်ုပ်၏ ဆွမ်းအလှူဒါန၌ ကုသိုလ်ကောင်းမှု အဖို့အစုကို ယူတော်မူပါ”ဟု ဝမ်းမြောက်ဝမ်းသာ ပတ္တိဒါန အမျှပေးစကား ပြောကြားလေ၏။ ထို့နောက် ဆက်၍ သုမနသူဌေးကြီးနှင့် အန္နဘာရ ဆင်းရဲသားတို့ စကားအတုံ့အလှယ် ပြောဆိုကြသည်မှာ-

(သူဌေး)

ကိုင်း-အမောင်..ရော့ အသပြာတထောင်ကို အမောင်ယူလော့။

(အန္န)

အရှင်သူဌေးမင်း.. အကျွန်ုပ်သည် ဆွမ်းကို ရောင်းသည်မဟုတ်ပါ။ စင်စစ်သော်ကား သဒ္ဓါတရား ကြီးမားစွာဖြင့် အရှင်သူဌေးမင်းတို့အား ကုသိုလ်ကောင်းမှု အဖို့ဘာဂကို အမျှပေးပါသည်။

(သူဌေး)

အမောင်.. အမောင်က ငါ့အား သဒ္ဓါတရား ကြီးမားစွာဖြင့် ကုသိုလ်ကောင်းမှု အဖို့ဘာဂကို အမျှပေးပေ၏။ ငါတမူကား သင်၏ ဂုဏ်ကျေးဇူးကို ပူဇော်လိုသည်ဖြစ်၍ အသပြာတထောင် ပေးပါ၏။ ယူသာ ယူပါ အမောင်-

ဤသို့ ပြောဆိုသောအခါ အန္နဘာရသည် “ကောင်းပါပြီ ရှိပါစေတော့ အရှင်သူဌေးမင်း..”ဟု ပြောဆို၍ အသပြာတထောင်ကို လက်ခံယူလိုက်လေ၏။ ထို့နောက် သုမနသူဌေးကြီးသည် “အမောင်.. အမောင်၏အဖို့ရာ အသပြာတထောင်ကို



၁၅၈

ရပြီးသောအချိန်မှ စ၍ မိမိလက်ဖြင့် အလုပ်လုပ်ရန်ကိစ္စ မရှိတော့ချေ (=သင်ကား ရှေးကလို အလုပ်သမား ဆင်းရဲသား မဟုတ်တော့ချေဟု ဆိုလို၏)၊ လမ်းမ၌ နေအိမ်ကို ဆောက်လုပ်၍ နေလော့၊ သင်အလိုရှိအပ်သော ဝတ္ထုကို ငါဆောင်စေပါမည် = ပေးပါမည်၊ သို့ရကား အမောင်အလိုရှိအပ်သော ဝတ္ထုကို အိမ်မှ ဆောင်စေ၍သာ ယူပါလော့”ဟု ဖိတ်မန်စကား ထပ်၍ ပြောကြားလေ၏။

ထိုနေ့ပင် မဟာဓနသူဌေးဖြစ်ခြင်း

     နိရောဓသမာပတ်မှထသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား လှူဒါန်းအပ်သော ဆွမ်းမည်သည် ထိုလှူသောနေ့မှာပင် ဒိဋ္ဌဓမ္မဝေဒနီယ အကျိုးပေး၏၊ သို့ရကား သုမနသူဌေးကြီးသည် အခြားသောနေ့များ၌ အန္နဘာရကိုခေါ်၍ မင်းနန်းတော်သို့ မသွားခဲ့သော်လည်း ထိုနေ့မှာမူကား ဒိဋ္ဌဓမ္မဝေဒနီယ (ဆွမ်းအလှူ) ကောင်းမှု၏ အာနုဘော်ကြောင့် အန္နဘာရကို ခေါ်ဆောင်၍သာလျှင် ရွှေနန်းတော်သို့ သွားရောက်လေ၏။

     နန်းတော်သို့ ရောက်သောအခါ အန္နဘာရ၏ ကောင်းမှုကုသိုလ်ကို အကြောင်းပြု၍ မင်းကြီးသည် သုမနသူဌေးကို မကြည့်ပဲ အန္နဘာရကိုသာ စူးစိုက်ကြည့်ရှုတော်မူလေ၏၊ ထိုအခါ သုမနသူဌေးနှင့် မင်းကြီးတို့ အပြန်အလှန် မေးမြန်းပြောဆိုကြသည်မှာ-

(သူဌေး)

အရှင်မင်းမြတ်.. အဘယ့်ကြောင့် ဤယောက်ျားကို စူးစိုက်ကြည့်ရှုတော်မူပါသနည်း။

(မင်း)

အခြားနေ့များက ဤယောက်ျားကို မမြင်အပ်ဘူးသောကြောင့် ကြည့်ရှုပါသည် သူဌေးကြီး..။

(သူဌေး)

အရှင်မင်းမြတ်.. ဤယောက်ျားကား စူးစိုက် ကြည့်ရှုထိုက်သော ယောက်ျားဖြစ်ပါသည်။

(မင်း)

သူဌေးကြီး.. ဤယောက်ျား၏ စူးစိုက်ကြည့်ရှုထိုက်သော ဂုဏ်ကျေးဇူးဟူသည် အဘယ်နည်း။



၁၅၉

(သူဌေး)

အရှင်မင်းမြတ်.. ဤယောက်ျားသည် ယနေ့ မိမိ၏ ဝေပုံကျရရှိသော ထမင်းကို ကိုယ်တိုင်မစားပဲ ဥပရိဋ္ဌ ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား လှူဒါန်းအပ်လေသောကြောင့် အကျွန်ုပ်၏လက်မှ အသပြာတထောင်ကို ရပြီးသူ ဖြစ်ပါသည်။

(မင်း)

ဤယောက်ျားသည် အဘယ်အမည်ရှိသနည်း။

(သူဌေး)

အန္နဘာရ အမည်ရှိပါသည် အရှင်မင်းမြတ်..။

(မင်း)

သင်သူဌေးကြီး၏လက်မှ အသပြာတထောင် ရအပ်ပြီး ဖြစ်လေသောကြောင့် ငါ၏လက်မှလည်း အသပြာတထောင် ရထိုက်သူ ဖြစ်ပေ၏၊ ငါသည်လည်း ထိုယောက်ျားအား ပူဇော်မှု ပြုပေအံ့”-

ဤကဲ့သို့ ပြောဆို၍ မင်းကြီးကလည်း အန္နဘာရအား အသပြာတထောင် ထပ်၍ပေးလေ၏။

     ထို့နောင်မှ မင်းကြီးသည် မင်းချင်းယောက်ျားတို့ကို “အချင်းတို့.. ဤအန္နဘာရအတွက် နေထိုင်ရန်အိမ်ကို သိကြကုန်လော့”ဟု မိန့်ဆိုလေ၏။ မင်းချင်းယောက်ျားတို့သည် “ကောင်းပါပြီ အရှင်မင်းကြီး..”ဟု ပြောဆိုကြ၍ အိမ်နေရာဟောင်းတခုကို သုတ်သင်ကြသည်ရှိသော် ပေါက်တူးဖြင့် တူးဆွအပ် တူးဆွအပ်တိုင်းသော နေရာ၌ ရတနာရွှေအိုးတို့ လည်ပင်းချင်း ထိခတ်လျက် တည်နေကြသည်ကို အံ့ဩဖွယ်ရာ တွေ့မြင်ကြ၍ မင်းကြီးအား ပြန်ကြား လျှောက်ထားကြလေကုန်၏။ မင်းကြီးက “အချင်းတို့.. ထိုသို့ဖြစ်လျှင် သွားရောက် တူးဖော်ကြလော့”ဟု အမိန့်ပေးလျှင် ထိုမင်းချင်းယောက်ျားတို့ တူးကြ တူးကြစဉ်ပင် ရတနာရွှေအိုးတို့သည် အောက်သို့ သက်၍ သက်၍ သွားကြကုန်၏။ တဖန်ပြန်၍ မင်းကြီးအား ထိုအကြောင်းကို လျှောက်ထားကြလေသော် မင်းကြီးသည် “အချင်းတို့.. ငါ၏စကားဖြင့် မဟုတ်ပဲ



၁၆၀

အန္နဘာရ၏ ညွှန်ကြားချက်စကားဖြင့် တူးကြကုန်လော့”ဟု တဖန် ထပ်၍ စေခိုင်းပြန်လေ၏။ မင်းချင်း ယောက်ျားတို့သည် ထိုနေရာသို့ သွားရောက်ကြ၍ “အန္နဘာရ၏သာလျှင် ညွှန်ကြားချက်စကား ဖြစ်သည်”ဟု ပြောဆို တူးဆွကြကုန်၏။ ပေါက်တူး တူးရွင်းဖြင့် တူးဆွအပ် တူးဆွအပ်တိုင်းသော အရပ်၌ မှိုငုံကြီးများပမာ ရတနာရွှေအိုးတို့သည် အပြိုင်းအပြိုင်းပေါ်တက်၍ လာကြကုန်၏။

     မင်းချင်းယောက်ျားတို့သည် ထိုရွှေငွေဥစ္စာ ရတနာအားလုံးကို စုရုံးယူဆောင်ခဲ့ကြ၍ မင်းကြီး၏အနီး၌ အစုအပုံ ပြုလုပ်ထားကြကုန်၏။ မင်းကြီးသည် အမတ်တို့ကို စည်းဝေးညီမူစေပြီးလျှင် “ဤဗာရာဏသီမြို့ဝယ် အန္နဘာရမှတပါး အခြား မည်သူတဦးတယောက်အား ဤမျှများပြားသောဥစ္စာ ရှိသနည်း”ဟု မေးလေ၏။ အမတ်တို့က “အရှင်မင်းကြီး.. အခြား မည်သူတဦးတယောက်အားမျှ ဤမျှများပြားသောဥစ္စာ မရှိပါဘုရား”ဟု လျှောက်ထားကြလေလျှင် မင်းကြီးသည် “အချင်းတို့.. ထိုသို့ဖြစ်လျှင် ဤအန္နဘာရသည် ဤငါ၏ ဗာရာဏသီ မင်းနေပြည်ဝယ် ‘ဓနသေဋ္ဌိ’ အမည်ရှိသော မင်းအသုံးတော်ခံသူဌေးကြီး ဖြစ်စေ”ဟု အမိန့် တော်မြတ် မှတ်လေ၏။ ထိုနေ့မှာပင်လျှင် အန္နဘာရသည် မင်းကြီးထံမှ သူဌေးထီးဖြူကို ရရှိကာ မင်းအသုံးတော်ခံ မဟာဓနသေဋ္ဌိ အမည်ရှိသော သူဌေးကြီး ဖြစ်လေ၏။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်းအကြောင်း

     အန္နဘာရသည် ထိုသို့ ဓနသေဋ္ဌိ အမည်ရှိသော မင်းအသုံးတော်ခံ သူဌေးကြီး ဖြစ်သည်မှစ၍ အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြုလုပ်၍ ထိုဘဝမှ စုတေလတ်သော် နတ်ပြည်၌ ဖြစ်လေ၏။ ထိုအရှင်အနုရုဒ္ဓါအလောင်း သူတော်ကောင်းသည် ရှည်လျားလှစွာ အခါကာလပတ်လုံး နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်၍ အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူမည့် ကာလဝယ် ကပိလဝတ် မင်းနေပြည်တော် သုက္ကောဒန သာကီဝင်မင်း၏ နန်းအိမ်၌ ပဋိသန္ဓေ ယူနေဖြစ်ပွါးလာလေ၏။



၁၆၁

ထိုမင်းသား၏ အမည်ကို မှည့်ယူသောနေ့၌ “အနုရုဒ္ဓမင်းသား”ဟူသော အမည်ကို မှည့်ကြလေ၏။ ထို အနုရုဒ္ဓမင်းသားကား မြတ်စွာဘုရားရှင်၏ ဘထွေးတော် = သုက္ကောဒန သာကီဝင်မင်း၏ သားဖြစ်၍ မဟာနာမ သာကီဝင်မင်း၏ ညီငယ်ဖြစ်သည့်ပြင် အလွန်သိမ်မွေ့၍ အလွန်ပင် ဘုန်းကြီးသူ ဖြစ်လေသည်။

     မြတ်စွာဘုရားရှင် ပဌမအကြိမ် ကပိလ၀တ် နေပြည်တော်သို့ ကြွရောက်ပြီး ထိုမှအပြန် အနုပီယတောအုပ်၌ သီတင်းသုံး နေတော်မူစဉ် ဤအနုရုဒ္ဓမင်းသားသည် ဘဒ္ဒိယမင်းသား, အာနန္ဒမင်းသား, ဘဂုမင်းသား, ကိမိလမင်းသား, ဒေဝဒတ္တမင်းသား, ဥပါလိဆေတ္တာသည်တို့နှင့် အတူတကွ မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ လာရောက်၍ ရဟန်းပြုလေသည်။ (ထိုအကြောင်းအရာအကျယ်ကို ဤမဟာဗုဒ္ဓဝင်ကျမ်း အောက် တတိယတွဲ စာမျက်နှာ ၁၄၅-မှ ၁၆၀-တိုင်အောင် ဖော်ပြအပ်ခဲ့လေပြီ။ ဤနေရာ၌ ထိုစကားရပ်ကို ပြန်လည်ဖတ်ရှုပါလေ)။

အရှင်အနုရုဒ္ဓါမထေရ် ရဟန္တာဖြစ်ခြင်းအကြောင်း

     သာကီဝင်မင်းသား ခြောက်ဦးတို့ ဥပါလိဆေတ္တာသည်နှင့် အတူတကွ အနုပီယတောအုပ်သို့ သွားရောက် လိုက်ပါကြကာ မြတ်စွာဘုရားရှင်ထံတော်၌ ရဟန်းပြုကြပြီးသည်ရှိသော် ထိုရဟန်းခုနစ်ပါးတို့အနက် ထိုဝါတွင်းမှာပင် ဘဒ္ဒိယမထေရ်သည် အရဟတ္တဖိုလ်သို့ ရောက်တော်မူလေသည် = ရဟန္တာဖြစ်တော်မူလေသည်၊ အနုရုဒ္ဓါမထေရ်သည် ဒိဗ္ဗစက္ခုအဘိညာဏ်ကို ဖြစ်စေတော်မူလေသည် = ရတော်မူလေသည်။ ရှင်ဒေဝဒတ်သည် လောကီသမာပတ် ရှစ်ပါးတို့ကို ဖြစ်ပွါးစေလေသည်၊ လောကီ အဘိညာဏ်တို့ကိုလည်း ရရှိလေသည်၊ အရှင်အာနန္ဒာမထေရ်သည် သောတာပတ္တိဖိုလ်၌ တည်တော်မူလေသည်၊ ဘဂုမထေရ်, ကိမိလမထေရ်တို့ကား နောက်အခါမှာမှ အရဟတ္တဖိုလ်သို့ ရောက်တော်မူကြလေသည်။ ထိုမထေရ်တို့၏ ရှေး ဆုတောင်း ကောင်းမှု အကြောင်းအရာတို့သည် သူ့နေရာနှင့်သူ ထင်ရှားပေလိမ့်မည်။



၁၆၂

     အထူးအားဖြင့် အရှင်အနုရုဒ္ဓါ မထေရ်မြတ်သည် ရဟန်းပြုပြီးနောက် ထိုပဌမ ဝါတွင်းတွင်းမှာပင် သမာပတ်ရှစ်ပါးတို့ကို ရရှိတော်မူကာ လောကဓာတ် စကြဝဠာတိုက်ပေါင်း တထောင်ကို ရှုမြင်ခြင်းငှါ စွမ်းနိုင်သော ဒိဗ္ဗစက္ခုအဘိညာဏ် အသိဉာဏ်ကို ဖြစ်စေတော်မူခဲ့လေသည်။ အရှင်အနုရုဒ္ဓါ မထေရ်မြတ်သည် တနေ့သ၌ အရှင်သာရိပုတ္တရာ မထေရ်မြတ်ထံသို့ သွားရောက်ပြီးလျှင်-

“ငါ့ရှင်သာရိပုတ္တရာ.. အကျွန်ုပ်သည် အထူးသဖြင့် စင်ကြယ်သော လူ၏မျက်စိအမြင်ကို လွန်သော နတ်မျက်စိနှင့်တူသော မျက်စိ (=ဒိဗ္ဗစက္ခု အဘိညာဏ်)ဖြင့် တထောင်သော လောကဓာတ်ကို မြင်နိုင်ပါ၏ (၁)၊ အကျွန်ုပ်သည် မတွန့်မဆုတ် လုံ့လကို အားထုတ်ပါ၏၊ မေ့လျော့ခြင်း မရှိမူ၍ သတိသည် ထင်ပါ၏၊ ကိုယ်သည် ပူပန်ခြင်းမရှိ ငြိမ်းအေး၏၊ စိတ်သည် တခုတည်းသော အာရုံရှိသည်ဖြစ်၍ ကောင်းစွာ တည်ကြည်ပါ၏ (၂)၊ ထိုသို့ဖြစ်ပါလျက်လည်း အကျွန်ုပ်၏စိတ်သည် တဏှာ,ဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ မလွတ်ကင်းသေးပါ (၃)”-

ဟူ၍ လျှောက်သားလေ၏။ ထိုအခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် အရှင်အနုရုဒ္ဓါ မထေရ်မြတ်ကို-

“ငါ့ရှင်အနုရုဒ္ဓါ.. ‘ငါသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ကို လွန်သော နတ်မျက်စိနှင့် တူသော မျက်စိ (=ဒိဗ္ဗစက္ခုအဘိညာဏ်)ဖြင့် တထောင်သော လောကဓာတ်ကို မြင်နိုင်၏’ဟု ဤသို့ အကြံဖြစ်ခြင်းသည်ပင် သင့်သန္တာန်၀ယ် မာနဖြစ်၍နေ၏ (၁)၊

“ငါ့ရှင်အနုရုဒ္ဓါ.. ‘ငါသည် မတန့်မဆုတ် လုံ့လကို အားထုတ်၏, မေ့လျော့ခြင်း မရှိမူ၍ သတိသည် ထင်၏, ကိုယ်သည် ပူပန်ခြင်းမရှိ ငြိမ်းအေး၏, စိတ်သည် တခုတည်းသော အာရုံရှိသည်ဖြစ်၍ ကောင်းစွာ တည်ကြည်၏’ဟု



၁၆၃

ဤသို့ အကြံဖြစ်ခြင်းသည်ပင် သင့်သန္တာန်ဝယ် စိတ်ပျံလွင့်ခြင်း = ဥဒ္ဓစ္စဖြစ်၍နေ၏ (၂)၊

ငါ့ရှင်အနုရုဒ္ဓါ.. ‘ထိုသို့ဖြစ်ပါလျက်လည်း ငါ၏စိတ်သည် တဏှာ,ဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ မလွတ်ကင်း’ဟု ဤသို့ အကြံဖြစ်ခြင်းသည်ပင် သင့်သန္တာန်ဝယ် တွေးတောမှု = သံသယကုက္ကုစ္စ ဖြစ်၍နေ၏ (၃)၊

ငါတိုက်တွန်း တောင်းပန်စကား ပြောကြားလိုသည်မှာ အရှင်အနုရုဒ္ဓါသည် မိမိသန္တာန်၌ ဖြစ်ပွါးနေသော ဤ(မာန, ဥဒ္ဓစ္စ, ကုက္ကုစ္စ) တရားသုံးမျိုးတို့ကို ပယ်စွန့်ကာ ဤတရားသုံးမျိုးလုံးတို့ကို နှလုံးမသွင်းမူ၍ အမြိုက်(နိဗ္ဗာန်)ဓာတ်သို့ မိမိစိတ်ကို ပို့ဆောင်စေချင်ပါသည်”-

ဟူ၍ ကမ္မဋ္ဌာန်းတရား ဟောကြားတော်မူလေ၏။

     အရှင်အနုရုဒ္ဓါမထေရ်သည် ကမ္မဋ္ဌာန်းကို သင်ယူပြီးနောက် မြတ်စွာဘုရားရှင်ကို ပန်ကြား လျှောက်ထားပြီးလျှင် စေတိတိုင်းသို့ သွားရောက်ကာ ထိုစေတိတိုင်းဝယ် (မြတ်စွာဘုရား သီတင်းသုံး နေတော်မူရာမှ) အရှေ့ ဝါးတောအရပ်၌ နေထိုင်တော်မူ၍ ရဟန်းတရားကို ပွါးများ အားထုတ်တော်မူလေသော် တဆယ့်ငါးရက် = လဝက်ပတ်လုံး မအိပ်မနေ စင်္ကြံသွား၍ တရား အားထုတ်တော်မူလေသည်။ မထေရ်မြတ်သည် ကမ္မဋ္ဌာန်းအလုပ် အားထုတ်မှုဒဏ်ချက် ပြင်းထန်စွာ နှိပ်စက်အပ်ရကား ပင်ပန်းနွမ်းနယ်သော ကိုယ်ရှိသည်ဖြစ်၍ ဝါးရုံတခု၏အောက်၌ ခေတ္တ အပန်းဖြေ ထိုင်နေတော်မူလေ၏။ ထိုအခါ အရှင်အနုရုဒ္ဓါ မထေရ်၏ စိတ်သန္တာန်ဝယ် ဤဆိုလတ္တံ့သော ယေက်ျားမြတ်တို့၏ အကြံကြီးများ (=မဟာပုရိသဝိတက်ကြီးများ) ထင်ရှားဖြစ်ပေါ်၍ လာလေ၏။ ဖြစ်ပေါ်လာပုံမှာ-



၁၆၄

     (၁) ဤလောကုတ္တရာတရား ကိုးပါးသည် အလိုနည်းသော (=လိုချင်မှု တဏှာမရှိသော) ပုဂ္ဂိုလ်၏ သန္တာန်မှာသာ ပြည့်စုံနိုင်၏၊ အလိုကြီးသော ပုဂ္ဂိုလ်၏ သန္တာန်မှာ မပြည့်စုံနိုင်။

     (၂) ဤလောကုတ္တရာတရားကိုးပါးသည် ရောင့်ရဲလွယ်သောပုဂ္ဂိုလ်၏ သန္တာန်မှာသာ ပြည့်စုံနိုင်၏၊ မရောင့်ရဲသော ပုဂ္ဂိုလ်၏ သန္တာန်မှာ မပြည့်စုံနိုင်။

     (၃) ဤလောကုတ္တရာတရားကိုးပါးသည် ဆိတ်ငြိမ်မှုရှိသော ပုဂ္ဂိုလ်၏ သန္တာန်မှာသာ ပြည့်စုံနိုင်၏၊ အပေါင်းအဖော်၌ မွေ့လျော်သောပုဂ္ဂိုလ်၏ သန္တာန်မှာ မပြည့်စုံနိုင်။

     (၄) ဤလောကုတ္တရာတရားကိုးပါးသည် ထက်သန်သော လုံ့လရှိသောပုဂ္ဂိုလ်၏ သန္တာန်မှာသာ ပြည့်စုံနိုင်၏၊ ပျင်းရိသော ပုဂ္ဂိုလ်၏ သန္တာန်မှာ မပြည့်စုံနိုင်။

     (၅) ဤလောကုတ္တရာတရားကိုးပါးသည် ထင်လင်းသော သတိရှိသော ပုဂ္ဂိုလ်၏ သန္တာန်မှာသာ ပြည့်စုံနိုင်၏။ သတိလွတ်ကင်းသော ပုဂ္ဂိုလ်၏ သန္တာန်မှာ မပြည့်စုံနိုင်။

     (၆) ဤလောကုတ္တရာတရားကိုးပါးသည် တည်ကြည်သော စိတ်ရှိသော ပုဂ္ဂိုလ်၏ သန္တာန်မှာသာ ပြည့်စုံနိုင်၏၊ မတည်ကြည်သော စိတ်ရှိသော ပုဂ္ဂိုလ်၏ သန္တာန်မှာ မပြည့်စုံနိုင်။

     (၇) ဤလောကုတ္တရာတရားကိုးပါးသည် ပညာရှိသော ပုဂ္ဂိုလ်၏ သန္တာန်မှာသာ ပြည့်စုံနိုင်၏၊ ပညာမဲ့သော ပုဂ္ဂိုလ်၏ သန္တာန်မှာ မပြည့်စုံနိုင်-

ဤသို့ ထင်ရှား ဖြစ်ပေါ်လာလေ၏။

(ဤ၌ အထူးမှတ်ရန်မှာ- (၁) အလိုနည်းသော ပုဂ္ဂိုလ်နှင့်စပ်၍ (က) ပစ္စယအပ္ပိစ္ဆ = ပစ္စည်းလေးပါး၌ အလိုနည်းသောပုဂ္ဂိုလ်, (ခ) အဓိဂမအပ္ပိစ္ဆ = မိမိ မဂ်ဖိုလ်တရားထူးရသည်ကို သူတပါးတို့အား အသိမပေး လျှို့ဝှက်သောပုဂ္ဂိုလ်, (ဂ) ပရိယတ္တိအပ္ပိစ္ဆ = မိမိ ပရိယတ်ဗဟုသုတ ပေါများ တတ်ကျွမ်းသည်ကို သူတပါးတို့အား အသိမပေး လျှို့ဝှက်သောပုဂ္ဂိုလ်, (ဃ) ဓုတင်္ဂအပ္ပိစ္ဆ = မိမိ ဓုတင်ဆောက်တည်သည်ကို



၁၆၅

သူတပါးတို့အား အသိမပေး လျှို့ဝှက်သော ပုဂ္ဂိုလ်ဟူ၍ = အပ္ပိစ္ဆပုဂ္ဂိုလ် လေးမျိုးရှိလေသည်။

(က) ထိုလေးမျိုးတို့တွင် ပစ္စယအပ္ပိစ္ဆပုဂ္ဂိုလ်သည် များများလှူလျှင် နည်းနည်းသာ ခံယူ၏၊ နည်းနည်းလှူလျှင် လှူသည့်အောက် နည်းနည်းသာ ခံယူ၏၊ အကုန်လုံးကို မခံယူ။

(ခ) အဓိဂမအပ္ပိစ္ဆပုဂ္ဂိုလ်သည် မဇ္ဈန္တိကမထေရ်ကဲ့သို့ မိမိရအပ်သော မဂ်ဖိုလ်တရားကို သူတပါးတို့အား အသိမပေးပဲ လျှို့ဝှက်စွာ နေ၏။ (မဇ္ဈန္တိကမထေရ်၏ အကြောင်းဝတ္ထု အကျဉ်းချုပ်ကား- ထိုမထေရ်သည် ရဟန္တာမထေရ်မြတ်ကြီး ဖြစ်၏။ သို့သော် မထေရ်မြတ်၏ သပိတ်သင်္ကန်းကား တပါဒ = တမတ်မျှသာ အဖိုးထိုက်တန်၏။ မထေရ်မြတ်သည် အသောကမင်းတရား၏ ကျောင်းလွှတ်ပူဇော် = ကျောင်းရေစက်ချပွဲ နေ့၌ သံဃမထေရ် ဖြစ်တော်မူ၏။ ထိုအခါ မထေရ်မြတ်၏ သပိတ်သင်္ကန်း အလွန်ခေါင်းပါး = ညံ့ဖျင်း ဟောင်းနွမ်းသည်ကို မြင်ကြ၍ လူအများက အညံ့စား ကိုယ်တော်ကြီးတပါးဟု ထင်မှတ်ကြကာ “အရှင်ဘုရား.. ခဏလောက် အပြင်မှာ ထွက်နေကြပါ”ဟု ပြောဆိုကြလေသည်။ ထိုအခါမှာမှ မထေရ်မြတ်သည် “ငါသို့စဉ် ရဟန္တာပုဂ္ဂိုလ်ကမှ မင်းကြီးအား ချီးမြှောက်မှုကို မပြုလျှင် အဘယ်သူသည် ပြုချိမ့်မည်နည်း”ဟု အောက်မေ့တော်မူကာ ထိုခဏမှာပင် မြေ၌ လျှိုးတော်မူ၍ သံဃမထေရ်အတွက် မြှောက်ချီ လှူဒါန်းအပ်သည့် ဆွမ်းဦးကို ခံယူလျက် အခြားသူများ မသိကြစဉ် ပေါ်တော်မူလာ၏။ ဤသို့လျှင် မထေရ်မြတ်သည် ရှေ့ပိုင်း၌ ကိုယ်တိုင်က ရဟန္တာဖြစ်ပါလျက် “ငါ့ကို ရဟန္တာဟူ၍ လူအများ သိပါစေသတည်း”ဟု အလိုရှိတော်မမူ)။

(ဂ) ပရိယတ္တိအပ္ပိစ္ဆပုဂ္ဂိုလ်သည် မိမိကိုယ်တိုင်က ပိဋကတ်သုံးပုံကို တတ်မြောက်သူ ဖြစ်ပါလျက်လည်း ဗဟုသုတများသောသူ၏ အဖြစ်ကို သူတပါးတို့အား အသိမပေးလို၊ သာကေတအရပ်၌နေသော တိဿမထေရ်ကဲ့သို့တည်း။

ထိုမထေရ်၏ အကြောင်းဝတ္ထု အကျဉ်းချုပ်ကား- မထေရ်မြတ်ကို ရဟန်းတို့က ပါဠိအဋ္ဌကထာ ပို့ချပေးပါရန် တောင်းပန် လျှောက်ထားကြလေသော် ထိုသို့ ပို့ချပေးနိုင်ရန် အချိန်အားမရှိဟု ပြောဆို ပယ်မြစ်တော် မူသည့်အတွက် တောင်းပန်သော ရဟန်းများက “အရှင်ဘုရား.. ထိုသို့ဖြစ်လျှင် သေဖို့ရန် အချိန်ကိုပင် မရနိုင်ကြတော့ဘူး ”ဟု

၁၆၆

အပြစ်တင်စကား ပြောကြားအပ်ရကား မိမိ၏ဂိုဏ်း ပရိသတ်ကို စွန့်၍ နေရင်းကျောင်းတိုက်မှ ဖဲခွါကာ ကဏိကာရဝါလိကသမုဒ္ဒ ကျောင်းတိုက်သို့ ကြွတော်မူ၍ ထိုကျောင်းတိုက်၌ ဝါတွင်းသုံးလပတ်လုံး (မထင်မရှား စာမတတ်သော မထေရ်ကြီးတပါးကဲ့သို့ နေထိုင်ကာ) အတူနေ သီတင်းကြီး, သီတင်းငယ်, သီတင်းလတ် ရဟန်းတို့အပေါ် ဝတ်ကြီးဝတ်ငယ်ပြုကာ များစွာ ကျေးဇူးပြုတော်မူလျက် သီတင်းကျွတ်လပြည့် မဟာပဝါရဏာ ဥပုသ်နေ့၌ တရားပွဲသဘင် ဆင်ယင်ကျင်းပသောအခါ စည်းဝေးရောက်လာသော လူများအပေါင်းကို ကြက်သီးမွေးညှင်းထခြင်း, သာဓုကောင်းကြီးပေးခြင်း, ဦးရစ်ခေါင်းပေါင်း ပစ်မြှောက်ခြင်း စသည်ဖြင့်၎င်း၊ ထိုတရားပွဲသို့ မရောက်လာသော လူများအပေါင်းကိုလည်း “ဘယ်လိုနည်းဖြင့် ငါတို့သည် မထေရ်မြတ်ထံ၌ တရားကို နာကြရပါမည်နည်း”ဟု အုတ်အုတ်ကျက်ကျက် ဖြစ်စေသောအားဖြင့်၎င်း ဤနည်းအားဖြင့် လူအများကို ချောက်ချားစေ၍ “ညဉ့်က တရားဟောသော အရှင်မြတ်သည် ဤအရှင်မြတ်ပင်တည်း”ဟု လူအများ သိကြမည်ကို စိုးခန့်တော်မူသဖြင့် ပရိယတ်၌ အလိုနည်းခြင်း = ပရိယတ္တိအပ္ပိစ္ဆတာကြောင့် လူအများ မသိမီပင် မိမိ၏နေရင်း ပရိဝုဏ်သို့ ပြန်ကြွတော်မူလေ၏။

(ဃ) ဓုတင်္ဂအပ္ပိစ္ဆပုဂ္ဂိုလ်သည် မိမိ ဓုတင်ဆောင်ကြောင်းကို သူတပါးတို့အား အသိမပေးလိုပဲ ရှိ၏၊ ညီနောင် မထေရ်နှစ်ပါးတို့တွင် နောင်တော်မထေရ်ကဲ့သို့တည်း။

ထိုနောင်တော်မထေရ်၏ အကြောင်းဝတ္ထု အကျဉ်းချုပ်ကား- စေတိယတောင်ဝယ် ညီနောင်မထေရ်နှစ်ပါးတို့ သီတင်းသုံး နေထိုင်ကြကုန်၏၊ ထိုမထေရ်နှစ်ပါးတို့တွင် ညီငယ်မထေရ်သည် အလုပ်အကျွေး (ဆွမ်းဒါယကာ) တဦးက နောင်တော်မထေရ်အတွက် ပေးပို့ဆက်ကပ်လိုက်သော ကြံရိုးပိုင်းကို ယူဆောင်ခဲ့ကာ နောင်တော်ထံသို့ သွားရောက်၍ အကြောင်းအကျိုး လျှောက်ထားပြီးလျှင် “သုံးဆောင်တော်မူပါ အရှင်ဘုရား..”ဟု လျှောက်ထားလေ၏။ နောင်တော် မထေရ်မြတ် အဖို့မှာလည်း ထိုအချိန်မှာ ဆွမ်းစားပြီး၍ လုပ်ဆေးသောအခါ ဖြစ်၏။ သို့ရကား နောင်တော်မထေရ်မြတ်က “ငါ့ရှင်.. တော်ပါပြီ”ဟု ပြောဆိုလေလျှင် ညီငယ်မထေရ်သည် “အသို့နည်း = ဘယ့်နှယ်လဲ အရှင်ဘုရား.. နောင်တော်အရှင်ဘုရားတို့သည် ဧကာသနိက်ဓုတင်ကို ကျင့်ဆောင်တော်မူကြပါသလော”ဟု မေးလျှောက်လေ၏။ နောင်တော် မထေရ်မြတ်သည် “ငါ့ရှင်.. ကြံရိုးပိုင်းကို ယူခဲ့လော့”ဟု မိန့်တော်မူကာ

၁၆၇

နှစ်ပေါင်းငါးဆယ်ကြာ ဧကာသနိက်ဓုတင်ကို ဆောင်ခဲ့သူ ဖြစ်ပါသော်လည်း ဓုတင်ကို လျှို့ဝှက်လိုသည့်အတွက် ထိုကြံရိုးကို သုံးဆောင်တော်မူ၍ လုပ်ဆေးပြီးလျှင် တဖန် ဧကာသနိက်ဓုတင်ကို ဆောက်တည်၍ ကြွသွားတော်မူလေ၏။

ဤအပို့စ္ဆပုဂ္ဂိုလ် လေးမျိုးအကြောင်းကို အံ-ဋ္ဌ ၃၊ မျက်နှာ ၂၂၆-မှ ထုတ်ဆောင်ဖော်ပြ၍ ဝတ္ထုများကိုမူ မ-ဋ္ဌ ၂၊ မျက်နှာ ၄၅,၄၆-တို့မှ ထုတ်ဆောင် ဖော်ပြအပ်သည်၊ ထိုမ-ဋ္ဌ ၂၊ မျက်နှာ ၄၅-မှစ၍ ဣစ္ဆာသုံးမျိုး, အပ္ပိစ္ဆတာလေးမျိုး, သန္တောသ ဆယ့်နှစ်မျိုး, ပဝိဝေကသုံးမျိုး, သံသဂ္ဂငါးမျိုး-စသည် အကျယ်လာ၏။ အလိုရှိက ထိုအဋ္ဌကထာ ဋီကာမှ ထုတ်နုတ်မှတ်ယူရာ၏)။

     ထိုသို့ အရှင်အနုရုဒ္ဓါမထေရ်မြတ် မဟာပုရိသဝိတက်ကြီး ခုနစ်ပါးကို ကြံစည်စဉ်းစား ဆင်ခြင်၍နေသော အချိန်မှာ မြတ်စွာဘုရားရှင်သည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ ဘေသကဠာမည်သော ဘေးမဲ့တော၌ သီတင်းသုံး နေထိုင်တော်မူဆဲ ဖြစ်၏၊ ဘေသကဠာတောအုပ်နှင့် အရှင်အနုရုဒ္ဓါနေသော ဝါးတောတို့မှာ ဘေသကဠာ တောအုပ်ကား အနောက်အရပ်၌ တည်ရှိ၍ ဝါးတောကား အရှေ့အရပ်၌ တည်ရှိလေသည်။ ထို့ကြောင့် ထိုဝါးတောကို ပါစီနဝံသဒါယ = မြတ်စွာဘုရား သီတင်းသုံး နေတော်မူရာ ဘေသကဠာတောအုပ်မှ အရှေ့ဝါးတောဟု ဟောကြားအပ်လေသည်။

     အရှင်အနုရုဒ္ဓါ မထေရ်မြတ်သည် ရှေးဖော်ပြရာပါ မဟာပုရိသဝိတက်ကြီး ခုနစ်ပါးတို့ကို ကြံစည်စဉ်းစား ဆင်ခြင်ပြီးနောက် ရှေ့သို့ တဆင့်တက်၍ ရှစ်ခုမြောက်ဖြစ်သော မဟာပုရိသဝိတက်ကြီးကို ဆက်၍ ကြံစည်ဆင်ခြင်ရန် ပင်ပန်းလျက်ရှိလေ၏။ မှန်၏- သာဝကတို့အဖို့ရာ အလိုနည်းခြင်း အပ္ပိစ္ဆတာတရား, ရောင့်ရဲလွယ်ခြင်း သန္တုဋ္ဌိတရား, ကင်းဆိတ်ခြင်း ပဝိဝေကဘရား, အားထုတ်ခြင်း ဝီရိယာရမ္ဘတရား, သတိထင်လင်းခြင်း ဥပဋ္ဌိတသတိတာတရား, တည်ကြည်ခြင်း သမာဓိတရား, ပိုင်းခြား၍သိခြင်း ပညာတရား = ဤတရားများကို စဉ်းစား ဆင်ခြင်ပြီးသောအခါ ထို့ထက် အထက်သို့တက်၍ တရားတမျိုးကို



၁၆၈

စဉ်းစားဆင်ခြင်ရန် ဝန်လေးမြဲ ပင်ပန်းမြဲဓမ္မတာ ဖြစ်လေသည်။ သာဝကတို့အဖို့ရာ ပညာတွင်ရွေ့သာ တရားဆုံး၍ နေမြဲဓမ္မတာဖြစ်သည်။ ထို့ကြောင့်ပင် အရှင်အနုရုဒ္ဓါသည် ခုနစ်ခုမြောက် ပညာနှင့်စပ်သော မဟာပုရိသဝိတက်ကြီးကို ကြံစည်စဉ်းစား ဆင်ခြင်ပြီးနောက် ရှစ်ခုမြောက်ဖြစ်သော မဟာပုရိသဝိတက်ကြီးကို ဆက်၍ ကြံစည်ဆင်ခြင်ရန် ပင်ပန်းလျက် ရှိလေသည်။

     ထိုအခါ မြတ်စွာဘုရားရှင်သည် ဘေသကဠာတောအုပ်၌ နေတော်မူရင်းကပင် “အနုရုဒ္ဓါသည် ရှစ်ခုမြောက် မဟာပုရိသဝိတက်ကြီး၌ ပင်ပန်းလျက်နေ၏”ဟု သိတော်မူ၍ “ထိုအနုရုဒ္ဓါ၏ အလိုအကြံကို ငါဘုရားသည် ပြည့်စေမည် = ဖြည့်စွက်ပေးမည်”ဟု ကြံစည် ဆင်ခြင်တော်မူကာ တန်ခိုးတော်ဖြင့် ခဏအတွင်း မှာပင် အရှင်အနုရုဒ္ဓါ၏ မျက်မှောက်သို့ ကြွရောက်တော်မူလျက် ခင်းထားပြီး ရှိနှင့်သောနေရာ၌ ထိုင်နေတော်မူပြီးလျှင်-

“အနုရုဒ္ဓါ.. ကောင်းစွာ့ ကောင်းစွာ့၊ အနုရုဒ္ဓါ.. သင်သည် ‘(၁) ဤလောကုတ္တရာတရား ကိုးပါးသည် အလိုနည်းသောပုဂ္ဂိုလ်၏ သန္တာန်မှာသာ ပြည့်စုံနိုင်၏။ အလိုကြီးသောပုဂ္ဂိုလ်၏ သန္တာန်မှာ မပြည့်စုံနိုင် ။(ပ)။ (၇) ဤလောကုတ္တရာတရား ကိုးပါးသည် ပညာရှိသော ပုဂ္ဂိုလ်၏ သန္တာန်မှာသာ ပြည့်စုံနိုင်၏၊ ပညာမဲ့သော ပုဂ္ဂိုလ်၏ သန္တာန်မှာ မပြည့်စုံနိုင်’ဟု ယောက်ျားမြတ်တို့၏ အကြံကို ကောင်းစွာသာလျှင် ကြံပေ၏။

အနုရုဒ္ဓါ.. ထိုသို့ဖြစ်လျှင် သင်သည် ‘(၈) ဤလောကုတ္တရာတရား ကိုးပါးသည် သံသရာကို ချဲ့ထွင်တတ်သည့် (တဏှာ, မာန, ဒိဋ္ဌိ တည်းဟူသော) ပပဉ္စတရားမှ ကင်းလွတ်ရာ နိဗ္ဗာန်၌ မွေ့လျော်နှစ်ခြိုက် ပျော်ပိုက်သော ပုဂ္ဂိုလ်၏ သန္တာန်မှာသာ ပြည့်စုံနိုင်၏။ ပပဉ္စတရား၌သာ မွေ့လျော်နှစ်ခြိုက် ပျော်ပိုက်သော ပုဂ္ဂိုလ်၏



၁၆၉

သန္တာန်မှာ မပြည့်စုံနိုင်’ဟု ဤရှစ်ခုမြောက် ယောက်ျားမြတ်တို့၏ အကြံကိုလည်း ကြံဦးလော့”-

ဟု ဤလိုနေသည့် ရှစ်ခုမြောက် မဟာပုရိသဝိတက်ကြီးကို ဖြည့်စွက်ပေးတော်မူလေသည်။ ယင်းသို့ ဖြည့်စွက်ပေးတော်မူပြီးလျှင် ဆက်၍ပင် မြတ်စွာဘုရားရှင်သည် အရှင်အနုရုဒ္ဓါ မထေရ်မြတ်အား ဤမဟာပုရိသဝိတက်ကြီး ရှစ်မျိုးကို ကြံစည်၍နေလျှင် လောကီပဌမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန်တို့ကို အလွယ်တကူ ရယူဝင်စား နေနိုင်ကြောင်းကို၎င်း, ဤမဟာပုရိသဝိတက်ကြီး ရှစ်မျိုးကို ကြံစည်ကာ လောကီဈာန် လေးပါးတို့ကို အလွယ်တကူ ရယူဝင်စားနေလျှင် (၁) စီဝရသန္တောသ = သင်္ကန်း၌ ရောင့်ရဲလွယ်ခြင်း (၂) ပိဏ္ဍပါတသန္တောသ = ဆွမ်း၌ ရောင့်ရဲလွယ်ခြင်း (ဤပိဏ္ဍပါတသန္တောသ၌ပင် ဆေးပစ္စည်း ၌ ရောင့်ရဲလွယ်ခြင်းကိုလည်း ထည့်သွင်းထားသည်ဟု အထူးမှတ်ပါ။) (၃) သေနာသနသန္တောသ = ကျောင်းအိပ်ရာနေရာတို့၌ ရောင့်ရဲလွယ်ခြင်း (၄) ဘာ၀နာရာမတာ = ဘာဝနာအလုပ်၌ မွေ့လျော် ပျော်ပိုက်ခြင်း တည်းဟူသော အရိယဝံသပဋိပဒါ လေးပါးကို အလွယ်နှင့် ရမည်ကို၎င်း အကျယ် ဟောကြားတော်မူလေ၏။ (ဟောကြားတော်မူပုံ အကျယ်ကို ပိဋကတ်မြန်မာပြန် အင်္ဂုတ္တိုရ် တတိယအုပ် စာမျက်နှာ ၆၄-မှစ၍ ကြည့်ရှုရာ၏)။

     ထိုသို့ ဟောကြားတော်မူပြီးနောက် မြတ်စွာဘုရားရှင်သည် “အနုရုဒ္ဓါ၏အဖို့ရာ အဘယ်ကျောင်းအိပ်ရာ နေရာ၌ နေထိုင်လျှင် ကမ္မဋ္ဌာန်းသည် သပ္ပါယ ဖြစ်လိမ့်မည်နည်း”ဟု ဆင်ခြင်တော်မူလတ်သော် ထိုဝါးတော၌ နေမှသာလျှင် သပ္ပါယဖြစ်လိမ့်မည်ဟု ကောင်းစွာ သိတော်မူ၍-

“အနုရုဒ္ဓါ.. ထို့ကြောင့် (ထိုသို့ ဝါးတော၌ နေမှသာ သပ္ပါယဖြစ်မည် ဖြစ်သောကြောင့်) သင်ချစ်သားသည် နောင်အခါ၌လည်း စေတိတိုင်း ဤဝါးတောအရပ်၌သာလျှင် ဝါကပ်၍ နေလေလော့”-



၁၇၀

ဟု မိန့်တော်မူပြီးလျှင် ကောင်းကင်သို့ ပျံတက်တော်မူကာ ဘေသကဠာတောအုပ်သို့ပင် ကြွရောက်တော်မူ၍ ထိုတောအုပ်၌ ရဟန်းတို့အား ဤမဟာပုရိသဝိတက်ကြီးရှစ်ပါး တရားဒေသနာကို အကျယ် ဟောတော်မူပြန်လေ၏။ (အကျယ်ကို ပိဋကတ်မြန်မာပြန် အင်္ဂုတ္တိုရ် တတိယအုပ် စာမျက်နှာ ၆၆-မှစ၍ ကြည့်ရှု မှတ်ယူကုန်ရာ၏)။

     အရှင်အနုရုဒ္ဓါ မထေရ်မြတ်သည် မြတ်စွာဘုရားရှင် ကြွသွားတော်မူလျှင်ပင် ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်တော်မူလေရာ မကြာမြင့်မီပင် (နောက်နှစ် ဝါတွင်း၌) ပု,ဒိ,အာ = ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသော အာသဝေါကုန်ခန်း ရဟန္တာမထေရ်မြတ် ဖြစ်၍ “ဩ.. မြတ်စွာဘုရားသည် ငါ၏စိတ်ကို သိမြင်ကာ ကြွလာတော်မူ၍ ရှစ်ခုမြောက်ဖြစ်သော မဟာပုရိသဝိတက်ကြီးကို ဖြည့်စွက်ပေးတော်မူပါပေ၏၊ ငါ၏ ထိုစိတ်နှလုံး အလိုသည်လည်း ယခုအခါ အထွတ်အထိပ်မြောက် ပေါက်ရောက်လေပြီတကား”ဟု အားရဝမ်းသာ အောက်မေ့တော်မူကာ မြတ်စွာဘုရားရှင်၏ တရားဒေသနာတော်နှင့် မိမိ ရရှိအပ်သော လောကုတ္တရာတရားကို အာရုံပြု၍ ဤဆိုလတ္တံ့သော ဥဒါန်းဂါထာတို့ကို ရွတ်ဆို ကျူးရင့်တော်မူလေ၏။

(က) မမ သင်္ကပ္ပမညာယ၊

သတ္ထာ လောကေ အနုတ္တရော။

မနောမယေန ကာယေန၊

ဣဒ္ဓိယာ ဥပသင်္ကမိ။

လောကေ = လောကသုံးခွင် ဘုံအပြင်၌။ အနုတ္တရော = အတုမရှိ လွန်မြတ်ဘိသော။ သတ္ထာ = လူနတ်တို့ဆရာ ဘုရားမြတ်စွာသည်။ မမ = အနုရုဒ္ဓါ မထေရ်ငါ၏။ သင်္ကပ္ပံ = ဝမ်း၌ဖြစ်ဟန် စိတ်အကြံကို။ အညာယ = ပိုင်းခြားထင်ထင် သိမြင်တော်မူ၍။ မနောမယေန ကာယေန = အဘိညာဏ်စိတ်ကြောင့် ရိပ်ရိပ်လျင်လျား တဟုန်တည်းသွားသော ကိုယ်တော်ဖြင့်။ ဣဒ္ဓိယာ = နှိုင်းတုမလျော်



၁၇၁

တန်ခိုးတော်ဖြင့်။ ဥပသင်္ကမိ = ငါ၏မျက်မှောက် ခဏခြင်း ကြွရောက်တော်မူလာလေပြီ။

(ခ) ယထာ မေ အဟု သင်္ကပ္ပေါ၊

တတော ဥတ္တရိ ဒေသယိ။

နိပ္ပပဉ္စရတော ဗုဒ္ဓေါ၊

နိပ္ပပဉ္စ မဒေသယိ။

မေ = အနုရုဒ္ဓါ မထေရ်ငါ၏ (သန္တာန်၌)။ ယထာ = အကြင်သို့အား ခုနစ်ပါးသော အခြင်းအရာဖြင့်။ သင်္ကပ္ပေါ = ပုဂ္ဂိုလ်ဥက္ကဌ် ယောက်ျားမြတ်တို့၏ အကြံသည်။ အဟု = ဖြစ်ခဲ့လေပြီ။ တတော = ထို ငါအကြံပွါး ခုနစ်ပါးသော ယောက်ျားမြတ်တို့၏ အကြံထက်။ ဥတ္တရိ = အထက်၌ဖြစ်ရန် ရှစ်ခုမြောက်အကြံကို။ ဒေသယိ = ကရုဏာရှေ့ထား ဟောကြားတော်မူလေပြီ။ (ကထံ ဒေသယိ = အဘယ်သို့ ဟောကြားတော်မူသနည်း ဟူမူကား)။ နိပ္ပပဉ္စရတော = ပပဉ္စသုံးပါး သံသရာနယ်ချဲ့တရားတို့မှ ပယ်ရှားလွတ်မြောက်ရာမှန် အသင်္ခတနိဗ္ဗာန်၌ စိတ်သန်မွေ့လျော် ဖလသမာပတ်ဖြင့် ပျော်တော်မူသော။ ဗုဒ္ဓေါ = သဗ္ဗညူဗုဒ္ဓ အမည်ရသည့် လောကထွတ်ထား မြတ်ဘုရားသည်။ နိပ္ပပဉ္စံ = ပပဉ္စသုံးပါး သံသရာနယ်ချဲ့တရားတို့မှ ပယ်ရှားလွတ်မြောက်ရာမှန် အသင်္ခတနိဗ္ဗာန်ကို။ အဒေသယိ = ကရုဏာရှေ့ထား ဟောကြားတော်မူလေပြီ။

(ဂ) တဿာဟံ ဓမ္မမညာယ၊

ဝိဟာသိံ သာသနေ ရတော။

တိဿော ဝိဇ္ဇာ အနုပ္ပတ္တာ၊

ကတံ ဗုဒ္ဓဿ သာသနံ။

အဟံ = အနုရုဒ္ဓါ မထေရ်ငါသည်။ တဿ = ထိုသဗ္ဗညူဗုဒ္ဓ အမည်ရသည့် လောကထွတ်ထား မြတ်စွာဘုရား၏။ ဓမ္မံ = ဟောကြားမိန့်ဖော် တရားတော်ကို။



၁၇၂

အညာယ = အရဟတ္တဖိုလ်ပေါက် အသိဉာဏ်ရောက်၍။ သာသနေ = သုံးပါးသိက္ခာ သာသနာ၌။ ရတော = ဖလသမာပတ်ဖြင့် မပြတ်မွေ့လျော် ပျော်ပိုက်သည်ဖြစ်၍။ ဝိဟာသိံ = မျက်မှောက်ဘဝ ချမ်းသာရ၍ မျှတနေနိုင်ခဲ့လေပြီ။ မေ = အနုရုဒ္ဓါ မထေရ်ငါသည်။ တိဿော ဝိဇ္ဇာ = သုံးပါးဝိဇ္ဇာ ပု,ဒိ,အာ- တို့သို့။ အနုပ္ပတ္တာ = အရဟတ္တဖိုလ်ခိုက် ရောက်ဆိုက်အပ်ကုန်ပြီ။ ဗုဒ္ဓဿ = သဗ္ဗညူဗုဒ္ဓ အမည်ရသည့် လောကထွတ်ထား မြတ်စွာဘုရား၏။ သာသနံ = သုံးပါးသိက္ခာ သာသနာကို။ ကတံ = အရဟတ္တဖိုလ်ရောက် ကျင့်ဆောက်ကြိုးကုတ် အပြီးတိုင် ပြုလုပ်အပ်လေပြီ။

ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

     ထိုမှ နောက်အခါ မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်း တိုက်တော်၌ သီတင်းသုံး နေထိုင်တော်မူစဉ် များစွာသော ရဟန်းတော်တို့အား အသီးအသီး ဧတဒဂ်ဘွဲ့နှင်းသဘင် ဆင်ယင်ကျင်းပသောအခါ ဤအရှင်အနုရုဒ္ဓါ မထေရ်မြတ်အား-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဒိဗ္ဗစက္ခုကာနံ ယဒိဒံ အနုရုဒ္ဓေါ = ရဟန်းတို့.. ဒိဗ္ဗစက္ခု အဘိညာဏ်ရှိသော ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် အနုရုဒ္ဓါသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မြွက်ဆိုတော်မူကာ ဒိဗ္ဗစက္ခု အဘိညာဏ်ကို ရရှိသောအရာ၌ ဧတဒဂ် ထားတော်မူလေ၏။

(ဤ၌။ ။“အခြား တပါးသော တေဝိဇ္ဇရဟန္တာ, ဆဠဘိည ရဟန္တာတို့သည်လည်း ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရတော်မူကြသည်ချည်း ဖြစ်ပါလျက် အဘယ့်ကြောင့် မြတ်စွာဘုရားသည် အရှင်အနုရုဒ္ဓါ မထေရ်အားသာ ထူးချွန်၍ ‘ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရရှိသောအရာ၌’ ဧတဒဂ်ထားတော်မူသနည်း”ဟု မေးဖွယ်ရှိ၏။ အဖြေကား- အခြားသော တေဝိဇ္ဇရဟန္တာ, ဆဠဘိညရဟန္တာတို့သည်လည်း ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရတော်မူကြသည်ချည်း မှန်သော်လည်း ထိုမထေရ်တို့သည် ဒိဗ္ဗစက္ခုအဘိညာဏ်ကို အရှင်အနုရုဒ္ဓါမထေရ်ကဲ့သို့ လွန်လွန်ကဲကဲ



၁၇၃

ဝင်စားတော်မမူကြချေ။ အရှင်အနုရုဒ္ဓါ မထေရ်မြတ်သည်ကား ဆွမ်းခံကြွသွားသောအခါ ဆွမ်းဘုဉ်းပေးသော အခါမျှကို ချန်လှပ်၍ ကြွင်းသောအချိန်အခါ၌ အာလောကကသိုဏ်းကို တိုးချဲ့ပွါးများ၍ ဒိဗ္ဗစက္ခု အဘိညာဏ်ဖြင့် သတ္တဝါတို့ကို ကြည့်ရှု၍သာ အနေများလေသည်၊ ဤသို့လျှင် အရှင်အနုရုဒ္ဓါ မထေရ်မြတ်မှာ နေ့နေ့ညဉ့်ညဉ့် ဒိဗ္ဗစက္ခု အဘိညာဏ်ဝယ် ဝသီဘော်ငါးတန် (အခြားမထေရ်များထက်) အလေ့အကျက် အားသန်သောကြောင့် မြတ်စွာဘုရားသည် အရှင်အနုရုဒ္ဓါ မထေရ်အားသာ ‘ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရရှိသောအရာ၌’ ဧတဒဂ်ထားတော်မူသည်။ ဤကား အဖြေတည်း။

တနည်းဖြေဆိုရလျှင်- အရှင်အနုရုဒ္ဓါသည် ကမ္ဘာတသိန်း ကာလကြာအောင် ဤဒိဗ္ဗစက္ခုက ဧတဒဂ်ရာထူးကို ရရှိရန် အဓိကာရကောင်းမှု ပြုတော်မူခဲ့ တောင့်တပန်ထွာတော်မူခဲ့သောကြောင့် ဤယခု နောက်ဆုံး ပါရမီဆုတောင်း ပြည့်ဝသော ဘဝမှာလည်း ရှေးဆုတောင်း တရားအထုံဝါသနာ ပါရှိသည့်အတိုင်း ဒိဗ္ဗစက္ခု အဘိညာဏ်ကို အခြား တပါးသော ရဟန္တာမထေရ်တို့ထက် လွန်လွန်ကဲကဲ ဝင်စားလေ့လာတော်မူလေသည်။ ထို့ကြောင့် မြတ်စွာဘုရားသည် အရှင်အနုရုဒ္ဓါ မထေရ်အားသာ ‘ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရရှိသောအရာ၌’ ဧတဒဂ် ထားတော်မူသည်၊ ဤကား အဖြေတည်း)။

အရှင်အနုရုဒ္ဓါမထေရ် နတ်လှူဒါန်းသည့် ပံသုကူသင်္ကန်းကို

ရတော်မူခြင်းအကြောင်း

(ဓမ္မပဒ-ဋ္ဌ ၁၊ ၃၈၇-၈-မှ ထုတ်နုတ်ဖော်ပြသည်)

     မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတိုက်၌ နေတော်မူစဉ် တနေ့သ၌ အရှင်အနုရုဒ္ဓါ မထေရ်သည် ဟောင်းနွမ်းသော သင်္ကန်းရှိသည်ဖြစ်ရကား တံမြက်ချေးပုံ- စသည်တို့၌ ပံသုကူသင်္ကန်းကို လှည့်လည် ရှာမှီးတော်မူလေ၏။ မထေရ်၏ ဤယခုဘဝမှ သုံးခုမြောက်ဘဝက ဇနီးဟောင်းသည် တာဝတိံသာ နတ်ပြည်ဝယ် ဇာလိနီအမည်ရှိသော နတ်သမီးဖြစ်၍နေ၏။

     ဇာလိနီနတ်သမီးသည် မထေရ်မြတ်ကို ပံသုကူအဝတ်ကြမ်းများ ရှာမှီးနေသည်ကို မြင်လတ်၍ မထေရ်၏အလို့ငှါ အလျား တဆယ့်သုံးတောင်, အနံ လေးတောင်ရှိသော



၁၇၄

နတ်ဖြစ်ပုဆိုး သုံးထည်တို့ကို ယူဆောင်ခဲ့၍ “အကယ်၍ ငါသည် ဤနတ်ဖြစ်ပုဆိုးတို့ကို ဤပုံဤပန်းအတိုင်း မထေရ်အား လှူဒါန်းလျှင် မထေရ်သည် ခံယူလိမ့်မည်မဟုတ်”ဟု ကြံစည်ပြီးလျှင် ပံသုကူပုဆိုးကြမ်း ရှာနေသော မထေရ်မြတ်၏ ရှေ့မှ အမှိုက်ပုံတခုဝယ် ထိုနတ်ဖြစ်ပုဆိုးတို့၏ အမြိတ်အဆာ အစွန်းမျှသာမြင်အောင်ပြု၍ ထားရှိလေသည်။

     မထေရ်သည် ထိုလမ်းအတိုင်း ပံသုကူရှာ ကြွလာလတ်သော် ထိုနတ်ဖြစ်ပုဆိုးတို့၏ အမြိတ်အဆာ အစွန်းမျှကိုသာ မြင်တော်မူ၍ ထိုနေရာမှာပင် ပံသုကူကောက်ယူလေလျှင် ဖော်ပြရာပါ နတ်ဖြစ်ပုဆိုး သုံးထည်တို့ကို မြင်တော်မူ၍ “ဤအဝတ်ကား ဥက္ကဌ် ပံသုကူပေတကား”ဟု အောက်မေ့ ကောက်ယူကာ ဖဲသွားလေ၏။

     ထို့နောက် မထေရ်မြတ် သင်္ကန်းချုပ်လုပ်သောနေ့၌ မြတ်စွာဘုရားသည် ရဟန်းငါးရာ ခြံရံလျက် သင်္ကန်းချုပ်ရာ ရှင်အနုရုဒ္ဓါ၏ကျောင်းသို့ ကြွရောက်၍ ထိုင်နေတော်မူ၏။ အသီတိသာဝကဂိုဏ်းဝင် မထေရ်ကြီးတို့သည်လည်း ထိုသင်္ကန်းချုပ်ရာ ကျောင်း၌ပင် ထိုင်နေတော်မူကြကုန်၏။ သင်္ကန်းချုပ်ဖို့ရန် အရှင်မဟာ ကဿပမထေရ်က အရင်းပိုင်း = အစပိုင်း၌ ထိုင်နေ၍ အရှင်သာရိပုတ္တရာက အလယ်ပိုင်း, အရှင်အာနန္ဒာက အဖျားပိုင်းက ထိုင်နေကာ သင်္ကန်းချုပ်တော်မူကြ၏၊ ရဟန်းသံဃာက ချည်ကိုကျစ်၍ ပေးလေသည်။ မြတ်စွာဘုရားရှင်က အပ်ချည်များကို အပ်နဖား၌ တပ်၍ပေးလေသည်၊ အရှင်မဟာမောဂ္ဂလာန် မထေရ်က ထိုသင်္ကန်းချုပ်ပွဲဝယ် အကြင်အကြင် အလိုရှိအပ်သမျှသော ပစ္စည်းများကို ရအောင် ရှာဆောင် လှည့်လည်တော်မူလေသည်။

     ဇာလိနီနတ်သမီးသည်လည်း မြို့တွင်းသို့ဝင်၍ “အို လူများအပေါင်းတို့.. ငါတို့အရှင် အနုရုဒ္ဓါမထေရ်အတွက် သင်္ကန်းချုပ်လုပ်ရန် မြတ်စွာဘုရားရှင်သည် အသီတိသာဝက ရဟန္တာမထေရ်မြတ်ကြီးများ ခြံရံအပ်လျက် ရဟန်းငါးရာတို့နှင့် အတူတကွ ကျောင်း၌ ထိုင်နေတော်မူလေသည်။ ယာဂုစသည်တို့ကို ယူဆောင်၍ ကျောင်းတိုက်သို့ သွားကြကုန်လော့”ဟု



၁၇၅

အမျိုးသမီးများ ယာဂုဆွမ်းယူဆောင်၍ သွားကြရန် နှိုးဆော် ဆောက်တည်စေလေ၏။ အရှင်မဟာမောဂ္ဂလာန် မထေရ်သည်လည်း ဆွမ်းမစားမီ အကြားကာလ၌ ဇမ္ဗူ့သပြေသီးခိုင်ကြီးများကို ယူဆောင်ပေး တော်မူလေသည်။ ထိုသပြေသီးများကို ရဟန်းငါးရာတို့ ကုန်အောင်မစားနိုင်ကြကုန်။ သိကြားနတ်မင်းသည် သင်္ကန်းချုပ်လုပ်ရာအရပ်၌ မြေကို အပြေအပြစ်ဖြစ်အောင် ပြုလုပ်ဖန်ဆင်းပေးလေသည်၊ သို့ရကား သင်္ကန်းချုပ်ရာ မြေအပြင်သည် ချိပ်ရည်သွန်းလောင်းထားအပ်သကဲ့သို့ ရှိလေသည်။ ရဟန်းတို့ စားသုံး၍ ကြွင်းကျန်သော ယာဂု, ခဲဖွယ်, ဆွမ်းများမှာ တပုံကြီးဖြစ်၍ နေလေသည်။

     ထိုအခါ ရဟန်းတို့သည် “ဤမျှသော ရဟန်းတို့အတွက် ဤမျှများပြားသော ယာဂု, ခဲဖွယ်, ဆွမ်း-စသည်တို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ (တကယ်ဆိုလျှင်) အတိုင်းအရှည်ကို မှတ်ယူပြီးလျှင် “ဤမျှလောက်ကိုသာ ဆောင်ယူကြလော့”ဟု ဆွေမျိုးများ အလုပ်အကျွေး ဒကာ ဒကာမများကို ပြောဆိုသင့်သည် မဟုတ်လော။ အရှင်အနုရုဒ္ဓါ မထေရ်သည် မိမိမှာ ဆွေမျိုး, အလုပ်အကျွေး ဒကာ ဒကာမများ ပေါများကြောင်းကို သိစေလိုသည် ထင်ပါ၏”ဟု ကဲ့ရဲ့စကား ပြောကြားကြလေ၏။ ထိုအခါ ထိုရဟန်းများကို မြတ်စွာဘုရားရှင်က “ချစ်သားတို့.. အဘယ်စကားကို ပြောကြားနေကြသနည်း”ဟု မေးတော်မူ၍ ရဟန်းများက “ဤမည်သော စကားကို ပြောကြားနေကြပါသည် မြတ်စွာဘုရား..”ဟု ပြန်ကြား လျှောက်ထားကြလေလျှင် မြတ်စွာဘုရားရှင်သည် “ရဟန်းတို့.. သင်တို့သည် ဤယာဂု, ခဲဖွယ်, ဆွမ်း-စသည်များကို အနုရုဒ္ဓါက ဆောင်စေအပ်၏ဟု မှတ်ထင်ကြသလော”ဟု မေးတော်မူ၏။ ရဟန်းများက “ဟုတ်ပါသည် ရှင်အနုရုဒ္ဓါက ဆောင်စေအပ်၏ ဟု မှတ်ထင်ကြပါသည်ဘုရား..”ဟု ပြန်ကြား လျှောက်ထားကြလေသော် မြတ်စွာဘုရားရှင်သည်-

“ရဟန်းတို့.. ငါ၏သားတော် အနုရုဒ္ဓါသည် ဤသို့ သဘောရှိသည့် ပစ္စည်းလေးခဏ်း တောင်းရမ်းစကား



၁၇၆

မပြောကြားချေ။ မှန်၏- ရဟန္တာပုဂ္ဂိုလ်တို့သည် ပစ္စည်းလေးရပ်နှင့် စပ်သောစကားကို အလေးထား၍ မပြောကြားကြကုန်၊ ဤဆွမ်းသည်ကား နတ်၏ အာနုဘော်ကြောင့် ဖြစ်လာလေသည်”-

ဟု မိန့်တော်မူ၍ ရှေ့နောက်စကား အနုသန္ဓေ = ဆက်စပ်တော်မူပြီးလျှင် တရားဟောတော်မူလိုရကား ဤဆိုလတ္တံ့သော ဂါထာကို မိန့်တော်မူလေ၏-

ယဿာသဝါ ပရိက္ခီဏာ၊

အာဟာရေ စ အနိဿိတော။

သုညတော အနိမိတ္တော စ၊

ဝိမောက္ခာ ယဿ ဂေါစရော။

အာကာသေဝ သကုန္တာနံ၊

ပဒံ တဿ ဒုရန္နယံ။

(ဘိက္ခဝေ = ရဟန်းတော်များ အို ချစ်သားတို့..)။ ယဿ = အကြင် ရဟန္တာပုဂ္ဂိုလ်၏ (သန္တာန်၌)။ အာသဝါ = ကာမ, ဘဝ, ဒိဋ္ဌိ, အဝိဇ္ဇာ = လေးဖြာသော အာသဝေါတရားတို့သည်။ ပရိက္ခီဏာ = အငွေ့အသက်မျှပင် ကျန်မထင်အောင် ထက်ဝန်းကျင် ကုန်ခန်းကြလေပြီ။ ယော = အကြင် ရဟန္တာပုဂ္ဂိုလ်သည်။ အာဟာရေ စ = အစာအာဟာရ၌လည်း။ အနိဿိတော = တဏှာ,ဒိဋ္ဌိ နှစ်ပါးတို့ဖြင့် လားလားမျှ စွဲမှီတော်မမူ။ သုညတော ဝိမောက္ခော စ = ရာဂ, ဒေါသ, မောဟဆိတ်သုဉ်း တရားအားလုံးမှလည်း လွတ်မြောက်၍ သုညတဝိမောက္ခ အမည်ရသော နိဗ္ဗာန်သည်၎င်း။ အနိမိတ္တော ဝိမောက္ခော စ = ရာဂ, ဒေါသ, မောဟ နိမိတ်တို့ ပိတ်(ဗိတ်)မရှိ ထိုနိမိတ်တို့မှလည်း လွတ်မြောက်၍ အနိမိတ္တဝိမောက္ခ အမည်ရသော နိဗ္ဗာန်သည်၎င်း။ (အပ္ပဏိဟိတော ဝိမောက္ခော စ = ရာဂ, ဒေါသ, မောဟ ပဏိဓိတို့ ပိတ်(ဗိတ်)မရှိ ထိုပဏိဓိတို့မှလည်း လွတ်မြောက်၍ အပ္ပဏိဟိတမောက္ခ အမည်ရသော



၁၇၇

နိဗ္ဗာန်သည်၎င်း၊ - သဒ္ဓါဖြင့် ဆည်းသည်)။ ယဿ = အကြင် ရဟန္တာပုဂ္ဂိုလ်၏။ ဂေါစရော = ဖလသမာပတ်ဖြင့် မပြတ်ကျက်စားရာမှန် ဂေါစရဂါမ်လည်း ဖြစ်ပေ၏။ အာကာသေ = အဇဋာပြင် မိုးကောင်းကင်၌။ သကုန္တာနံ = သွားရောက်ကုန်ငြား ငှက်အများတို့၏။ ပဒံ = ခြေဖြင့်နင်း၍ သွားရောက်ရာ, ရင် ဦးခေါင်း အတောင်တို့ဖြင့် ထိခတ်၍ သွားရောက်ရာ အရပ်ကို။ ဒုရန္နယံ ဣဝ = သိရန်ခဲကပ် မတတ်နိုင်သကဲ့သို့။ တဿ = ထိုရဟန္တာပုဂ္ဂိုလ်၏။ ပဒံ = စုတိမှနောက် လားရောက်တော်မူရာ အနုပါဒိသေသ နိဗ္ဗာနဓာတ်ကို။ ဒုရန္နယံ = လူသာမန်တို့ သိရန်ခဲကပ် မတတ်နိုင်ချေ။

     ဒေသနာနိဂုံး ဆုံးသောအခါ များစွာသော သူတို့သည် သောတာပတ္တိဖိုလ်- စသည်တို့သို့ လားရောက်ကြလေကုန်၏။

ဤကား အရှင်အနုရုဒ္ဓါမထေရ်အကြောင်းတည်း။

**********