အရှင်သောဏကောဠိဝိသ မထေရ်အကြောင်း

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၁၆) အရှင်သောဏကောဠိဝိသ မထေရ်အကြောင်း

(၁၆) အရှင်သောဏကောဠိဝိသမထေရ်အကြောင်း

(က) မထေရ်၏ရှေးဆုတောင်း

     ဤအရှင်သောဏကောဠိဝိသ မထေရ်အလောင်း သူတော်ကောင်းသည် ရှေး လွန်လေပြီးသောအခါ ပဒုမုတ္တရ မြတ်စွာဘုရားရှင် လက်ထက်တော်ဝယ် သူဌေးမျိုး၌ဖြစ်၍ “သီရိဝဍ္ဎသူဌေးသား”ဟု အမည်တွင်လေသည်။ သီရိဝဍ္ဎသူဌေးသားသည် အရွယ်သို့ ရောက်လတ်သော် ရှေးမထေရ် အလောင်းလျာများနည်းတူ ကျောင်းတော်သို့သွား၍ ပရိသတ်အစွန်အဖျား၌ ရပ်တည်ကာ တရားနာသည်ရှိသော် မြတ်စွာဘုရားရှင်က ရဟန်းတပါးကို “အာရဒ္ဓဝီရိယ = အပြင်းအထန်ကြိုးကုတ် အားထုတ်ကြသော ရဟန်း”တို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ် ထားတော်မူသည်ကို တွေ့မြင်လတ်၍ “ငါသည်လည်း နောက်အခါဝယ် ဤရဟန်းကဲ့သို့ပင်ဖြစ်မှ သင့်တော့မည်”ဟု ကြံစည်ဆင်ခြင်ကာ တရားပွဲပြီးဆုံးသောအခါ မြတ်စွာဘုရားကို ပင့်ဖိတ်၍ ခုနစ်ရက်ပတ်လုံး မဟာဒါနကြီး ပေးလှူပြီးလျှင် ရှေးမထေရ် အလောင်းအလျာများနည်းတူ ဆုတောင်းပတ္ထနာမှု ပြုလေ၏။ မြတ်စွာဘုရားသည် ထိုသူဌေးသား၏ ဆုတောင်းချက် ပြည့်စုံမည်ကို မြင်တော်မူ၍ ရှေးနည်းအတိုင်း ဗျာဒိတ်ကြားပြီးလျှင် ကျောင်းတော်သို့ ပြန်ကြွတော်မူလေ၏။

ဗာရာဏသီပြည်သား အမျိုးကောင်းသားဘဝ

     သီရိဝဍ္ဎသူဌေးသားသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြု၍ နတ်ပြည် လူ့ပြည်တို့၌ ကျင်လည် ကျက်စားလျက် ကမ္ဘာတသိန်းကို လွန်မြောက်၍ ဤဘဒ္ဒကမ္ဘာဝယ်



၂၇၃

ကဿပမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးနောက် အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မမူမီ ဗာရာဏသီပြည်ဝယ် အမျိုးကောင်းအိမ်၌ အမျိုးကောင်းသတို့သား ဖြစ်လာလေ၏။ ထိုအမျိုးကောင်း သတို့သားသည် မိမိ၏ သူငယ်ချင်းများနှင့် အတူတကွ တနေ့သ၌ ဂင်္ဂါမြစ်ဝယ် ရေကစား၍ နေလေ၏။

     ထိုအခါ သင်္ကန်းဟောင်းနွမ်းသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်တဆူသည် “ငါသည် ဗာရာဏသီပြည်ကို အမှီဂေါစရဂါမ်ပြု၍ ဂင်္ဂါမြစ်ကမ်းဝယ် သင်္ခမ်းကျောင်းကို ဆောက်လုပ်ကာ ဝါကပ်ဆိုပေအံ့”ဟု ကြံစည် ဆင်ခြင်တော်မူ၍ ရေအယဉ်ဖြင့် တိုက်ခတ် မျောပါလာသော သစ်သားချောင်းများ ကြိမ်နွယ်များကို ဆယ်ယူစုရုံးလျက် နေတော်မူ၏။ ထိုအခါ အမျိုးကောင်း သတို့သားသည် သူငယ်ချင်းတို့နှင့် အတူတကွ သွားရောက်၍ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကို ရိုသေမြတ်နိုး ရှိခိုးရပ်တည်လျက် “အရှင်ဘုရားတို့.. အဘယ်အမှုကို ပြုနေတော်မူကြပါသနည်း”ဟု မေးလျှောက်လေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် “အမောင်သတို့သား.. ဝါလနီးကပ်လတ်သော် ရဟန်းတို့အဖို့ရာ နေထိုင်ရန် ကျောင်းကိုရမှ သင့်တော်မည်”ဟု မိန့်တော်မူလေ၏။

     ထိုအခါ အမျိုးကောင်း သတို့သားသည် “အရှင်ဘုရား.. အရှင်မြတ်သည် ယနေ့ တရက်တာမျှ ဟုတ်ဟုတ်ငြားငြား = ဖြစ်နိုင်သော နည်းလမ်းဖြင့် ဆိုင်းငံ့တော်မူစေချင်ပါသည်၊ တပည့်တော်သည် နက်ဖြန်ခါ အရှင်ဘုရားအား ကျောင်းဆောက်လုပ် လှူဒါန်းပါမည်ဘုရား”ဟု လျှောက်ထားလေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် “ထိုအမျိုးကောင်း သတို့သားအားလျှင် ချီးမြှောက်မှုကို ပြုလုပ်မည်”ဟု လာခဲ့ရင်း ဖြစ်သောကြောင့် အမျိုးကောင်း သတို့သား၏ ပင့်ဖိတ်ချက်ကို လက်ခံ သာယာတော်မူလေ၏။ အမျိုးကောင်းသားသည် ပစ္စေကဗုဒ္ဓါ အရှင်မြတ်၏ လက်ခံသာယာကြောင်းကို သိရှိ၍ ပြန်သွားပြီးလျှင် နောက်တနေ့၌ ပူဇော်ဖွယ်မှု အစုစုကို ပြုစီရင်ပြီးလျှင် ပစ္စေကဗုဒ္ဓါအရှင်မြတ် ကြွလာတည်မူခြင်းကို စောင့်မျှော် ရပ်တည်လျက် နေလေ၏။



၂၇၄

ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည်လည်း “ယနေ့ အဘယ်အရပ်၌ ဆွမ်းခံလှည့်လည်မှုကို ရရှိလိမ့်မည်နည်း”ဟုဆင်ခြင်လတ်သော် ထိုအကြောင်းကို သိ၍ အမျိုးကောင်းသား၏ အိမ်တံခါးဝသို့ ကြွတော်မူလေ၏။

     အမျိုးကောင်းသားသည် ပစ္စေကဗုဒ္ဓါအရှင်မြတ် ကြွလာသည်ကို မြင်လတ်၍ အလွန် ချစ်ခင်နှစ်သက်လျက် သပိတ်ကိုယူ၍ ဆွမ်းလှူပြီးလျှင် “အရှင်ဘုရား.. အရှင်မြတ်တို့သည် ဤဝါတွင်း သုံးလပတ်လုံး တပည့်တော်၏ အိမ်တံခါးဝသို့သာ ကြွတော်မူကြပါကုန်ဘုရား”ဟု လျှောက်ထား တောင်းပန်ကာ ဝန်ခံချက်ကို ရယူပြီးလျှင် ပစ္စေကဗုဒ္ဓါအရှင်မြတ် ဆွမ်းဘုဉ်းပေးပြီး၍ ကြွသွားတော်မူလတ်သော် သူငယ်ချင်းတို့နှင့် အတူတကွ သွားရောက်၍ နေ့ခြင်းပြီး ပစ္စေကဗုဒ္ဓါအရှင်မြတ် နေထိုင်တော်မူရန် သင်္ခမ်းကျောင်း, စင်္ကြံ, ညဉ့်သန့်ရာ, နေ့သန့်ရာ ဌာနများကို ဆောက်လုပ်စေ၍ ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား လှူဒါန်းလေ၏။

အထူးအားဖြင့် ပစ္စေကဗုဒ္ဓါအရှင်မြတ် သင်္ခမ်းကျောင်းအတွင်းသို့ ကြွဝင်တော်မူသောအခါ နွားချေးအစို လိမ်းကျံအပ်သော မြေအပြင်၌ “ပစ္စေကဗုဒ္ဓါ အရှင်မြတ်၏ ခြေတော်တို့ဝယ် ရွှံ့ညွန်များ မငြိကပ်ပါစေလင့်”ဟူသော ရည်ရွယ်ချက်ဖြင့် မိမိ ခြုံရုံအပ်သည့် အဖိုးတသိန်းတန် ကမ္ဗလာနီကြီးကို ခြေအခင်းပြုကာ ခင်းပြီးလျှင် ကမ္ဗလာနီ၏အဆင်းနှင့် ပစ္စေကဗုဒ္ဓါအရှင်မြတ်၏ ကိုယ်တော်ရောင်တို့ တထပ်တည်း တူမျှနေသည်ကို ဖူးမြော်ရ၍ အလွန်လျှင် သဒ္ဓါကြည်ညိုဖြစ်ရှိကာ “အရှင်ဘုရားတို့ နင်းကြွသော အချိန်မှစ၍ ဤကမ္ဗလာ၏ အရောင်သည် အလွန်လျှင် တင့်တယ်သကဲ့သို့ ဤအတူပင်လျှင် ဖြစ်လေရာရာ သံသရာဘဝ၌ တပည့်တော်၌ လက်ခြေများ၏ အရောင်သည်လည်း လယ်ခေါင်ရန်းပန်းအသွေး နီတွေး တင့်တယ်သည် ဖြစ်ပါစေသတည်း၊ ကိုယ်အတွေ့သည်လည်း အကြိမ်တရာဖတ်အပ်သော ဝါဂွမ်းလွှာ၏



၂၇၅

အတွေ့ပမာ နူးညံ့သည် ဖြစ်ပါစေသတည်း”ဟု ဆုတောင်းပတ္ထနာမှု ပြုခဲ့လေသည်။

     အမျိုးကောင်းသားသည် ဝါတွင်းသုံးလပတ်လုံး ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကို ပြုစုလုပ်ကျွေး၍ ဝါကျွတ်ပြီး ပဝါရဏာပြုပြီးသောအခါ၌ တိစီဝရိက်သင်္ကန်းကို လှူဒါန်းလေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် သပိတ် သင်္ကန်း ပြည့်စုံတော်မူကာ ဂန္ဓမာဒနတောင်သို့သာလျှင် ကြွတော်မူလေ၏။

နောက်ဆုံးဘဝ ရဟန်းပြုခြင်း

     ထိုအမျိုးကောင်းသားသည် အပါယ်လေးပါး မလားမရောက်ရပဲ နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် လက်ထက်တော်အခါဝယ် ကာဠစမ္ပာပြည် ဥသဘသူဌေးအိမ်၌ ပဋိသန္ဓေ တည်ယူနေလေ၏။ ထိုအမျိုးကောင်းသား ပဋိသန္ဓေ တည်ယူနေသောအချိန်မှစ၍ သူဌေး၏အိမ်သို့ အထောင်များစွာ လက်ဆောင်ပဏ္ဏာတို့ လာရောက်ကြကုန်၏။ အမျိုးကောင်းသား ဖွားမြင်သော နေ့၌လည်း ကာဠစမ္ပာပြည် တမြို့လုံး ပူဇော်သက္ကာရဖြင့် ဖုံးလျက်ရှိပေ၏။ ထိုအမျိုးကောင်းသားကို အမည်မှည့်သောနေ့၌ မိဖနှစ်ပါးတို့သည် “ငါတို့သားကား မိမိ၏အမည်ကို မိမိပင် မှည့်၍သာ လာသူဖြစ်၏၊ ငါတို့သား၏ ကိုယ်ရေအရောင်သည် ရွှေနီအရည်ဖြင့် သွန်းဖျန်းအပ်သကဲ့သို့ ဖြစ်ချေ၏”ဟု ပြောဆိုကြကာ အမျိုးကောင်းသား၏ အမည်ကို “သောဏသတို့သား = သောဏသူဌေးသား” ဟူ၍သာ မှည့်ခေါ်ကြလေကုန်၏။ (ဤသို့လျှင် ထိုသူဌေးသား၏ မိဖတို့ မှည့်ခေါ်သော အမည်မှာ သောဏ-ဟူ၍ ဖြစ်သည်၊ ကောဠိဝိသအနွယ် ဖြစ်သောကြောင့် အမည်ရင်းနှင့် အနွယ် နှစ်ရပ်စပ်၍ ထိုသူဌေးသားသည် “သောဏ- ကောဠိဝိသ သူဌေးသား”ဟု ထင်ရှားလေသည်)။ ထို့နောက် ထိုသူဌေးသားအတွက် အထိန်းတော် ခြောက်ကျိပ်တို့ကို ခန့်ထားပြီးလျှင် ထိုသူဌေးသားကို နတ်သားပမာ ချမ်းသာစွာ ပြုစုမှုယု ကြီးပြင်းစေကြလေကုန်၏။



၂၇၆

သူဌေးသားအတွက် အစာအာဟာရ စီမံကြပုံ

     ထိုသူဌေးသားအတွက် အစာအာဟာရ စီမံကြပုံမှာ-

     ရှေးဦးစွာ မင်းပယ် (၆ဝ)ခြောက်ဆယ် ကျယ်ဝန်းသော လယ်မြေအရပ်ကို ထွန်ယက်, စိုက်ပျိုးပြီးသောအခါ (၁) နွားနို့ရေ (၂) နံ့သာရေ (၃) ရေရိုးရိုး = ဤရေသုံးမျိုးဖြင့် သလေးစပါးပင်တို့ကို စောင့်ရှောက် ကြီးပြင်းစေကြရလေသည်။

     လယ်အတွင်း ရေသွန်းမည့် မြောင်းများ၌ နွားနို့ရေ နံ့သာရေ အိုးစရည်းပေါင်းများစွာ သွန်းလောင်းကြရလေသည်။

     သလေးနှံများ နို့ရည်ဝင်သောအခါ ကျေးငှက်-စသော ပိုးမွှားတို့၏ စားကြွင်းပြုမှု ဘေးရန်ကို ကာကွယ်ရန် အတွက်၎င်း, ကောက်သားတို့ နူးညံ့ရန်အတွက်၎င်း လယ်ကွက် ပတ်ဝန်းကျင်နှင့်တကွ လယ်ကွက်အတွင်း အကြားအကြားတို့၌ တိုင်များ စိုက်ထူပြီးလျှင် အခြင်,ရနယ် တန်းများပေး၍ ဖျာမိုးလျက် တင်းထိမ်ကန့်လန့်ကာ ကာရံပြီးလျှင် အပြင်အပ အစွန်းအနား၌ စောင့်နေကြရကုန်၏။

     ကောက်စပါးများ မှည့်ရင့်သောအခါ စပါးကျီကြများကို (ကုင်္ကုမံ, လေးညှင်း, တောင်ဇလပ်ပွင့်, ကက္ကူ = ကမျည်းမှုန့် တည်းဟူသော) နံ့သာလေးမျိုးတို့ဖြင့် လိမ်းကျံ အပြေအပြစ် ပြုပြီးလျှင် ထို၏အထက်၌ အလွန်မွန်မြတ်သော နံ့သာတို့ဖြင့် ထုံလှိုင်ကြိုင်စေကြကုန်သည်။ ထို့နောင်မှ အလုပ်သမားပေါင်း များစွာတို့ လယ်အတွင်း ဆင်းကြကာ သလေးနှံများကို တရိုတသေ အညှာမှဖြတ်၍ အဆုပ်အဆုပ် ပြုလုပ်ကြပြီးလျှင် ကြိုးများဖြင့် စည်းနှောင်၍ အခြောက်လှန်းကြရကုန်၏။

     ထို့နောင်မှ ကျီကြ၏ အောက်ဆုံး၌ နံ့သာတထပ် ခင်းပြီးလျှင် ထို၏အထက်မှ အခြောက်လှန်းပြီးသော စပါးနှံစည်းများကို ခင်းရပြန်သည်၊ ဤနည်းဖြင့် နံ့သာတထပ် စပါးနှံတထပ် အလဲအလှယ် ခင်း၍ ထပ်၍ ကျီကြပြည့်လတ်သော် တံခါးကိုပိတ်လျက် သုံးနှစ်ကြာအောင် ထားကြရလေသည်။



၂၇၇

     သုံးနှစ်ပြည့်သောအခါမှ စပါးကျီကြကို ဖွင့်ကြရသည်၊ ဖွင့်လိုက်သောအခါ စမ္ပာပြည် တပြည်လုံး နံ့သာနံ့ဖုံး၍ သွားလေ၏။

     ထိုသလေးစပါးများကို ဆန်ဖွပ်သောအခါ သေသောက်ကြူးတို့သည် ဖွဲကြမ်း, ဖွဲနုကို အလုအယက် ဝယ်ကြကုန်၏၊ ဆန်ကွဲ ဆန်ကျိုးကိုကား အလုပ်အကျွေး တပည့်များ ရယူကုန်၏။ သလေး ဆန်ရင်း ဆန်သားတို့ကို သူဌေးသားအတွက် ရွေးချယ်၍ ယူကြရလေသည်။

     ထမင်းချက်ကြပုံမှာ- ရွှေချည်မျှင်ဖြင့် ရက်လုပ်အပ်သော ဆန်ဆေးတောင်း၌ ထိုသလေးဆန်ရင်းတို့ကို ထည့်၍ အကြိမ်တရာ ရေစစ်၍ ယူကြပြီးသော် ကျိုက်ကျိုက်ဆူသော ရေနွေး၌ တကြိမ်တည်းနှစ်၍ (ကြာကြာမထားရပဲ) ထုတ်ဆယ်ကြရလေသည်၊ ထိုအခါ ရေနွေးမှ လွတ်တိုင်း လွတ်တိုင်းသော နေရာသည် (ရေနွေးမှ လွတ်လျှင်ပင် ကျက်ပြီးသားဖြစ်၍) မုလေး(မြတ်လေး)ပန်းနှင့်တူသော ထမင်းဘောဇဉ် ဖြစ်၍လာလေ၏။

     ထိုဘောဇဉ်ထမင်းကို ရွှေခွက်၌ ထည့်ကြပြီးလျှင် ထိုရွှေခွက်ကို ကျိုက်ကျိုက်ဆူလျက် ရေမပါသော ဃနာနို့ထမင်းချို အပြည့်ထည့်ထားသော ငွေခွက်ပေါ်၌ (အေးမသွားရန်) တင်ထားပြီးမှ ယူဆောင်လာကြ၍ သူဌေးသား၏ ရှေ့မှောက်ဝယ် ချထားကြရလေသည်။

     သောဏ-ကောဠိဝိသ သူဌေးသားသည် ထိုသလေးထမင်းကို မိမိမျှတရုံသာ စားပြီးလျှင် နံ့သာထုံအပ်သောရေဖြင့် ခံတွင်းလုပ်ကျင်းခြင်း, လက်ခြေဆေးခြင်းအမှုကို ပြုလေသည်။ ထို့နောက် လက်ခြေဆေးပြီးသော ထိုသူဌေးသားအား အထူးထူး အပြားပြားသော (=အမျိုးမျိုးသော) ကွမ်းစသည်များကို ခံတွင်းနံ့ ကြိုင်လှိုင်စေရန် ဆက်သကြရကုန်၏။

     သူဌေးသား သွားတိုင်း သွားတိုင်းသော အရပ်၌ ကောင်းမြတ် ဆန်းကြယ်သော အခင်းများကို ခင်း၍ပေးကြရ၏။ သူဌေးသား၏



၂၇၈

လက်ဖဝါး ခြေဖဝါးတို့သည် လယ်ခေါင်ရန်းပန်းအသွေး တွေးတွေးနီမြန်းကြကုန်၏။ သူဌေးသား၏ အတွေ့သည် အကြိမ်တရာဖတ်အပ်သော ဝါဂွမ်းလွှာပမာ နူးညံ့လှစွာ၏၊ ခြေဖဝါးအပြင်တို့၌ ပတ္တမြား နားဍောင်းဝယ် လက်ျာရစ်လည်၍တည်သော ကြာချည်အဆင်းရှိသည့် မွှေးညှင်းကလေးများ အစီအရီပေါက်လျက် ရှိကုန်၏။ သူဌေးသားသည် တဦးတယောက်၏ အပေါ်၌ စိတ်ဆိုး အမျက်ထွက်လျှင် “သင် သတိထား စဉ်းစား သိရှိလော့၊ ငါသည် ယခုပင် မြေကို နင်းလိုက်အံ့”ဟု ကြိမ်းမောင်းစကား ပြောကြားတတ်၏။ ထိုသူဌေးသား အရွယ်သို့ ရောက်လတ်သော် (အောက် ယသသူဌေးသား အခဏ်းမှာကဲ့သို့) ဥတုသုံးပါးတို့အား လျော်လျောက်ပတ်သည့် ပြာသာဒ်သုံးဆောင်တို့ကို ဆောက်လုပ်စေကာ ကခြေသည် မောင်းမများကိုလည်း (မိဖတို့က) ခစားစေကြလေသည်။ သူဌေးသားသည် ကြီးစွာသော စည်းစိမ်ကို ခံစားသုံးဆောင်လျက် နတ်သားပမာ ချမ်းသာစွာ စိုးအုပ်နေထိုင်လေ၏။

     ထို့နောက် အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးလျှင် ဓမ္မစကြာတရား ဟောကြားတော်မူပြီး၍ ရာဇဂြိုဟ်ပြည်ကို အမှီဂေါစရဂါမ်ပြု၍ နေတော်မူစဉ် မဂဓတိုင်းရှင် ဘုရင်ဗိမ္ဗိသာရ မင်းတရားက သောဏ-သူဌေးသားကို ဆင့်ခေါ်စေတော်မူပြီးလျှင် ရွာသူကြီးပေါင်း ရှစ်သောင်းတို့နှင့် အတူတကွ မြတ်စွာဘုရားရှင်ထံတော်သို့ စေလွှတ်အပ်ရကား သောဏ-သူဌေးသားသည် တရားဒေသနာကို ကြားနာရပြီးလျှင် သဒ္ဓါတရား ကြီးမားစွာ ဖြစ်ရှိလျက် မြက်စွာဘုရားကို ရှင်ရဟန်းပြုပေးပါရန် တောင်းပန် လျှောက်ထားလေ၏။

     ထိုအခါ သောဏ-သူဌေးသားကို မြတ်စွာဘုရားသည် “မိဖနှစ်ပါးတို့က ရှင်ရဟန်းပြုရန် ခွင့်ပြုအပ်ပြီလော”ဟု မေးတော်မူ၍ ခွင့်မပြုအပ်သေးကြောင်း ကြားသိတော်မူပြီးလျှင် “ချစ်သားသောဏ.. မြတ်စွာဘုရားတို့သည် မိဖနှစ်ပါး ခွင့်မပြုအပ်သော သားကို ရှင်ရဟန်းပြု၍ မပေးကြကုန်”ဟု ငြင်းပယ်စကား မိန့်ကြားတော်မူလေ၏။ သူဌေးသားသည် “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု



၂၇၉

မြတ်စွာဘုရားရှင် မိန့်ကြားချက်ကို ဦးထိပ်ရွက် ပန်ဆင်၍ မိဖတို့ထံ ပြန်သွားကာ ခွင့်ပြုစေ၍ ဘုရားရှင် ထံမှောက် တဖန် ပြန်ရောက်ပြီးလျှင် မြတ်စွာဘုရား စေခိုင်းတော်မူချက်အရ ရဟန်းတော်တပါး၏ အထံ၌ ရှင်ရဟန်းပြုလေ၏။ (ဤကား အကြောင်းအရာ အကျဉ်းတည်း၊ ထိုသောဏ-သူဌေးသား ရဟန်းဖြစ်ပုံ အကြောင်းအရာ အကျယ်ကို ဝိနည်းမဟာဝါ ပိဋကတ်မြန်မာပြန် ၅-စမ္မက္ခန္ဓက စာမျက်နှာ ၂၆၃-မှစ၍ ကြည့်ရှု မှတ်ယူကုန်ရာ၏)။

     သောဏမထေရ်သည် ရှင်ရဟန်းအဖြစ်ကို ရယူပြီး၍ ရာဇဂြိုဟ်ပြည်၌နေစဉ် များစွာသော ဆွေမျိုးသားချင်း မိတ်သင်္ဂဟသည် မြတ်နိုးတနာ ပူဇာသက္ကာရမှု များစွာ ပြုကြလေ၏။ မထေရ်၏ ရုပ်အဆင်းတင့်တယ်ပုံ ကျေးဇူးဂုဏ်ကို ချီးမွမ်းစကား များစွာ ပြောကြားကြ၏။ သောဏမထေရ်သည် “ငါ့အထံသို့ များစွာသောလူတို့ လာရောက်ကြကုန်၏။ ဤသို့သာ လာရောက်နေကြလျှင် ငါသည် သမထဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းအလုပ် အဘယ်မှာလျှင် အားထုတ်နိုင်မည်နည်း = အားထုတ်နိုင်တော့မည် မဟုတ်ချေ။ ငါသည် မြတ်စွာဘုရားရှင် အထံတော်၌ ကမ္မဋ္ဌာန်းတရား နာကြားပြီးလျှင် သီတဝနတောအုပ် သုသာန်သို့ သွားရောက်ကာ ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်ရပါမူ ကောင်းလေစွ၊ မှန်၏- ထိုအရပ်၌ ‘သုသာန်’ဟူ၍ စက်ဆုပ်ကြကာ လူအများ လာရောက်ကြမည် မဟုတ်ချေ။ ထိုသို့ မလာကြလျှင် ငါ၏ ရဟန်းကိစ္စသည် အထွတ်အထိပ် = အရဟတ္တဖိုလ်ပေါက် ရောက်ပေလိမ့်မည်”ဟု ကြံစည်ဆင်ခြင်တော်မူပြီးလျှင် မြတ်စွာဘုရားရှင် အထံတော်၌ ကမ္မဋ္ဌာန်းတရား နာကြားပြီးနောက် သီတဝနတောအုပ်သို့ သွားရောက်၍ ရဟန်းတရားကို ပွါးများဖို့ရန် စ-ဖန်အားသစ်လေ၏။

အပြင်းအထန် အားထုတ်တော်မူခြင်း

     သောဏမထေရ်သည် “ငါ၏ကိုယ်ကား အလွန် သိမ်မွေ့စွာ၏၊ စင်စစ်သော်ကား မဂ်ဖိုလ်ချမ်းသာကို အလွယ်တကူနှင့်



၂၈၀

ရောက်ဖို့ရန် မတတ်နိုင်ချေ၊ သို့ရကား မိမိကိုယ်ကို ပင်ပန်းနွမ်းနယ်စေ၍လည်း ရဟန်းတရား ပွါးများအားထုတ်မှ သင့်တော်တော့မည်”ဟု ကြံစည် ဆင်ခြင်တော်မူပြီးနောက် (လျောင်းခြင်း, ထိုင်ခြင်း အလျှင်းပင် မပြုတော့ပဲ) ရပ်ခြင်း, စင်္ကြံသွားခြင်း ဣရိယာပုထ် နှစ်ပါးကိုသာ ဆောက်တည်၍ ပဓာနအလုပ် အပြင်းအထန် အားထုတ်လေ၏။ ထိုအရှင်သောဏမထေရ်၏ အဖို့ရာ အလွန်သိမ်မွေ့ နူးညံ့စွာသော ခြေဖဝါးအပြင် အစွန်းအနားတို့မှာ အဖူးအရူးများ ပေါက်ရောက်ကာ ကွဲကြသဖြင့် စင်္ကြံတခုလုံးမှာ သွေးခြင်းခြင်းနီ၍ နေလေတော့၏။ မထေရ်သည် ခြေထောက်တို့ဖြင့် မသွားနိုင်လတ်သော် တတောင်ဆစ်, ဒူးခေါင်းတို့ဖြင့် လေးဖက်တွားသွားလျက် ရဟန်းတရား ပွါးများ အားထုတ်လေ၏၊ တတောင်ဆစ်, ဒူးခေါင်းတို့လည်း ထို့အတူ ပေါက်ကွဲသဖြင့် စင်္ကြံတခုလုံး သွေးခြင်းခြင်းနီ၍ နေလေ၏။ ဤသို့စဉ် ဝီရိယကို အပြင်းအထန် အားထုတ်ပါသော်လည်း ကမ္မဋ္ဌာန်းနိမိတ် အရိပ်အရောင်ကို ဖြစ်စေခြင်းငှါ မစွမ်းနိုင်ရကား-

“အကယ်၍ ငါမှတပါး အခြားသူတယောက်သည် ဝီရိယကို အပြင်းအထန် အားထုတ်မည်ဆိုပါက ငါကဲ့သို့သာ ဖြစ်လေရာ၏ အားထုတ်လေရာ၏ = ဤမျှထက် ပိုလွန်၍ အားမထုတ်နိုင်လေရာ၊ ငါသည်ကား ဤသို့ပင် အားထုတ်ပါသော်လည်း မဂ်,ဖိုလ်တရားကို ဖြစ်စေခြင်းငှာ မစွမ်းနိုင်ချေ၊ သို့ရကား ငါသည် ဧကန်ပင် ဥဂ္ဃဋိတညူ, ဝိပဉ္စိတညူ, နေယျဟူသော မဂ်ဖိုလ်ရထိုက်သူပုဂ္ဂိုလ် မဖြစ်လေရာ၊ ငါသည် ပဒပရမပုဂ္ဂိုလ်သာ ဖြစ်လေရာ၏။ သို့ရကား ငါ့အဖို့ရာ ရှင်ရဟန်းအဖြစ်ဖြင့် အဘယ်အကျိုးရှိအံ့နည်း = ရှိမည်မဟုတ်လေရာ၊ ငါသည် လူ့ဘောင်သို့ လှည့်လည်လျောကျ၍ လောကစည်းစိမ်များကိုလည်း သုံးဆောင်ပေတော့အံ့၊ (လောကစည်းစိမ် ခံစားရင်းက) ကုသိုလ်ကောင်းမှုများကိုလည်း ပြုလုပ်ပေတော့အံ့”-

ဟု ကြံစည်မိလေ၏။



၂၈၁

ဝီဏောဝါဒ = မလျော့,မတင်း စောင်းကြိုးငြင်း

အဆုံးအမတရား ဟောတော်မူခြင်း

     ထိုအခါ မြတ်စွာဘုရားသည် မထေရ်၏ စိတ်အကြံကို သိတော်မူ၍ ညနေချမ်းအခါ ရဟန်းအပေါင်း ခြံရံအပ်လျက် ထိုအရပ်သို့ ကြွရောက်ကာ သွေးခြင်းခြင်းနီသော စင်္ကြံကို မြင်တော်မူ၍ ရဟန်းတို့ကို “ရဟန်းတို့.. နွားသတ်ရာအရပ်ကဲ့သို့ သွေးခြင်းခြင်းနီနေသော ဤစင်္ကြံသည် အဘယ်ရဟန်း၏ စင်္ကြံနည်း”ဟု (သိတော်မူလျက်နှင့်ပင် တရားဟောရန် ရည်ရွယ်ချက်ဖြင့်) မေးတော်မူလေ၏။ ရဟန်းတို့က “မြတ်စွာဘုရား.. အလွန်အားထုတ်အပ်သော ဝီရိယရှိသည်ဖြစ်၍ စင်္ကြံသွားလျက် တရားကျင့်သော အရှင်သောဏ၏ ခြေဖဝါးတို့သည် ကွဲပေါက်ခဲ့ပါကုန်ပြီ၊ ယခု မြင်တော်မူရသည့် နွားသတ်ရာအရပ်ကဲ့သို့ သွေးခြင်းခြင်းနီနေသော ဤစင်္ကြံသည် ထိုသောဏရဟန်း၏ စင်္ကြံဖြစ်ပါသည်ဘုရား”ဟု လျှောက်ထားကြလေလျှင် မြတ်စွာဘုရားသည် အရှင်သောဏမထေရ်၏ ကမ္မဋ္ဌာန်းကျောင်းသို့ ကြွရောက်၍ အသင့် ခင်းထားအပ်ပြီးသော နေရာဝယ် ထိုင်နေတော်မူလေ၏။

     အရှင်သောဏသည်လည်း မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ လာရောက်ရှိခိုး ဝတ်ပြု၍ အပြစ်လွတ်ရာအရပ်၌ ထိုင်နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားရှင်က အရှင်သောဏမထေရ်ကို ရှေးဆိုအပ်ပြီးသည့်အတိုင်း ချစ်သား၏သန္တာန်၌ အကြံဖြစ်သည် မှန်၏လော-ဟု တိုက်ရိုက် မေးတော်မူလေလျှင် အရှင်သောဏမထေရ်သည် ဟုတ်မှန်ကြောင်း ဝန်ခံစကား ပြန်ကြားလျှောက်ထားလေ၏။ ထို့နောက် မြတ်စွာဘုရားရှင်က အရှင်သောဏမထေရ်ကို “ဝီဏောဝါဒ = မလျော့,မတင်း စောင်းကြိုးငြင်း အဆုံးအမတရား” ဟောကြားတော်မူသည်မှာ-

(ဗုဒ္ဓ)

ချစ်သားသောဏ.. ယခု ငါဘုရားမေးမြန်းမည့် စကားကို သင်ချစ်သား အဘယ်သို့ မှတ်ထင်သဘောကျသနည်း = သင်ချစ်သား သဘောကျသည့်အတိုင်း



၂၈၂

ဖြေဆိုခွင့်ရှိသည်၊ သင်ချစ်သားသည် ရှေး လူဖြစ်စဉ်အခါက စောင်းတီးခြင်း၌ လိမ္မာခဲ့သည် မဟုတ်လော။

(သောဏ)

ဟုတ်ပါသည် မြတ်စွာဘုရား..။

(ဤ၌။ ။အရှင်သောဏကို ငယ်စဉ်အခါက မိဘနှစ်ပါးတို့က “ငါတို့သားသည် အခြားအတတ်ကို သင်ကြားလျှင် ကိုယ်ပင်ပန်းလိမ့်မည်။ ဤစောင်းတီးခြင်း အတတ်ကား နေရာ၌ ချမ်းသာစွာ ထိုင်နေရင်းပင် သင်ယူနိုင်သော အတတ်ဖြစ်သည်”ဟု စဉ်းစားကြ၍ စောင်းအတတ်ကို သင်ကြသဖြင့် မထေရ်သည် စောင်းတီးအတတ်၌ လေ့လာနိုင်နင်းသူ ဖြစ်လေသည်။

မြတ်စွာဘုရားရှင်သည်လည်း “ဤသောဏရဟန်း၏ အဖို့ရာ အခြားကမ္မဋ္ဌာန်းဖြင့် အကျိုးမရှိနိုင်၊ ဤရဟန်းသည် လူဖြစ်စဉ်အခါ စောင်းအတတ်၌ နိုင်နင်းလေ့လာ လိမ္မာသူဖြစ်သည်။ မိမိ၏ စောင်းပညာ အရာ၌တည်၍ တရားဟောရလျှင် လျင်မြန်စွာ သိပေလိမ့်မည်”ဟု သိရှိတော်မူသဖြင့် ဆိုအပ်ပြီးသော အတိုင်း မေးမြန်း၍ တရားဟောတော်မူလေသည်)။

(ဗုဒ္ဓ)

ချစ်သားသောဏ.. ယခု ငါဘုရားမေးမြန်းမည့်စကားကို သင်ချစ်သား အဘယ်သို့ မှတ်ထင်သဘောကျသနည်း၊ သင်၏ စောင်းညှို့ = စောင်းကြိုးများ တင်း၍ နေသောအခါ သင့်စောင်းသည် အသံသာခြင်းရှိသည်, အရှည်တီးရန် ခံ့ခြင်းရှိသည် ဖြစ်၏လော = အသံသာယာ၏လော, အတီးခံ၏လော။

(သောဏ)

မြတ်စွာဘုရား.. ဤသို့မဖြစ်နိုင်ပါ = အသံလည်း မသာယာ, ကြာကြာလည်း အတီးမခံပါ။

(ဗုဒ္ဓ)

ချစ်သားသောဏ.. ယခု ငါဘုရားမေးမြန်းမည့် စကားကို သင်ချစ်သား အဘယ်သို့ မှတ်ထင် သဘောကျသနည်း၊ သင်၏ စောင်းညှို့ = စောင်းကြိုးများ လျော့၍နေသောအခါ သင့်စောင်းသည် အသံသာခြင်းရှိသည်, အရှည်တီးရန် ခံ့ခြင်းရှိသည် ဖြစ်၏လော = အသံ သာယာ၏လော, ကြာကြာ အတီးခံ၏လော။



၂၈၃

(သောဏ)

မြတ်စွာဘုရား.. ဤသို့မဖြစ်နိုင်ပါ = အသံလည်း မသာယာ, ကြာကြာလည်း အတီးမခံပါ။

(ဗုဒ္ဓ)

ချစ်သားသောဏ.. ယခု ငါဘုရားမေးမြန်းမည့် စကားကို သင်ချစ်သား အဘယ်သို့ မှတ်ထင်သဘောကျသနည်း၊ သင်၏ စောင်းညှို့ = စောင်းကြိုးများ မတင်းလွန်း, မလျော့လွန်းပဲ ညီမျှသောဂုဏ်၌ တည်ကြသောအခါ သင့်စောင်းသည် အသံသာခြင်းရှိသည်, အရှည်တီးရန် ခံ့ခြင်းရှိသည် ဖြစ်၏လော = အသံ သာယာ၏လော, ကြာကြာ အတီးခံ၏လော။

(သောဏ)

ဖြစ်ပါသည် မြတ်စွာဘုရား.. အသံလည်း သာယာ, ကြာကြာလည်း အတီးခံပါသည် မြတ်စွာဘုရား။

(ဗုဒ္ဓ)

ချစ်သားသောဏ.. ဤအတူပင် လွန်စွာ အားထုတ်အပ်သော ဝီရိယသည် ပျံလွင့်ခြင်းငှါ ဖြစ်၏ (ဝီရိယလွန်ကဲလျှင် ဥဒ္ဓစ္စဖြစ်၏)၊ ပျော့လွန်းသော ဝီရိယသည် ပျင်းရိခြင်းငှါ ဖြစ်၏၊ (ဝီရိယလျော့လျှင် ကောသဇ္ဇ = အပျင်းဓာတ်ဖြစ်၏)။ ချစ်သားသောဏ.. သို့ရကား သင်ချစ်သားသည် ဝီရိယနှင့် သမာဓိ မျှသောအဖြစ်ကို ဆောက်တည်လော့ (=ဝီရိယနှင့် သမာဓိ မျှအောင် အားထုတ်လော့)။ သဒ္ဓါ-စသော ဣန္ဒြေတို့ ညီမျှသောအဖြစ်ကို သိလော့ (=သဒ္ဓိန္ဒြေ, ဝီရိယိန္ဒြေ, သတိန္ဒြေ, သမာဓိန္ဒြေ, ပညိန္ဒြေ = ဤဣန္ဒြေငါးပါး ညီမျှအောင် ကျင့်လော့)။ ထိုသို့ ညီမျှသောအခါ၌ သမထ-စသော နိမိတ်ကို ဖြစ်စေလော့။

(သောဏ)

ကောင်းပါပြီ မြတ်စွာဘုရား..။

     မြတ်စွာဘုရားရှင်သည် အရှင်သောဏမထေရ်ကို ဖော်ပြရာပါ ဝီဏောဝါဒ = မလျော့,မတင်း စောင်းကြိုးငြင်း အဆုံးအမတရားဖြင့် ဆုံးမတော်မူ၍ ဝီရိယနှင့် သမာဓိ ညီမျှအောင်



၂၈၄

ကျင့်ကြံပုံ ကမ္မဋ္ဌာန်းတရား ဟောကြားတော်မူပြီးလျှင် ဂိဇ္ဈကုဋ် တောင်ပေါ်ကျောင်းတိုက်သို့ ပြန်ကြွတော်မူလေ၏။

     အရှင်သောဏမထေရ်သည်လည်း မြတ်စွာဘုရားရှင်၏ မျက်မှောက်ဩဝါဒ အဆုံးအမကို ရယူတော်မူကာ ရဟန်းတရား မလျော့,မတင်း ပွါးများ အားထုတ်တော်မူလေရာ မကြာမြင့်မီပင် အရဟတ္တဖိုလ်၌ တည်တော်မူလေ၏ = ရဟန္တာ ဖြစ်တော်မူလေ၏။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

     ဤအရှင်သောဏ ကောဠိဝိသ မထေရ်၏ တရားအားထုတ်ပုံကို ပြန်လည်သုံးသပ် ဆင်ခြင်ပါလျှင် “အခြားတပါးသော ရဟန်းတို့၏အဖို့ရာ ဝီရိယတရားမည်သည် (လျော့နေ၍) တိုးတက် ပွါးစေအပ်သော သဘောရှိသည်။ ဤအရှင်မြတ်၏ ဝီရိယကား (တင်းလွန်းနေသဖြင့်) လျှော့စေအပ်သော သဘောရှိသည်”ဟူသော ဤအချက်သည် ထင်ရှားလာ၏။ သို့ရကား မြတ်စွာဘုရားရှင်သည် နောက်တချိန်ဝယ် ရဟန်းတော်တို့အား ဧတဒဂ်ဘွဲ့ထူး နှင်းအပ်သောသဘင် ဆင်ယင်ကျင်းပသောအခါ ဤအရှင်သောဏ ကောဠိဝိသမထေရ်အား-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ အာရဒ္ဓဝီရိယာနံ ယဒိဒံ သောဏော ကောဠိဝိသော = ရဟန်းတို့.. ထက်သန်သော လုံ့လဝီရိယ ရှိကြသော ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် ကောဠိဝိသအနွယ်၌ဖြစ်သော သောဏရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မြွက်ဆိုတော်မူကာ “အာရဒ္ဓဝီရိယ = ထက်သန်သော လုံ့လဝီရိယ ရှိကြသောအရာ”ဝယ် ဧတဒဂ် ထားတော်မူလေ၏။

ဤကား အရှင်သောဏ-ကောဠိဝိသ မထေရ် အကြောင်းတည်း။