အရှင်မောဃရာဇ မထေရ်အကြောင်း

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၄၁) အရှင်မောဃရာဇ မထေရ်အကြောင်း

(၄၁) အရှင်မောဃရာဇမထေရ်အကြောင်း

(ဤအရှင်မောဃရာဇ မထေရ်၏ အကြောင်းအရာကို အင်္ဂုတ္တရအဋ္ဌကထာ, သုတ္တနိပါတအဋ္ဌကထာ, ပါရာယနဝဂ်အဖွင့်တို့မှ ထုတ်နုတ်ရေးသား ဖော်ပြပေအံ့)–

(က) မထေရ်၏ ရှေးဆုတောင်း

     ဤအရှင်မောဃရာဇ မထေရ်အလောင်း သူတော်ကောင်းသည်လည်း ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ်



၅၉၉

ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသားဖြစ်၍ နောက်အဖို့ဝယ် မြတ်စွာဘုရား၏ တရားစကားကို နာကြားစဉ် မြတ်စွာဘုရားရှင်က ရဟန်းတော်တပါးကို အဝတ်အထည်, ချည်, ဆိုးရည်အားဖြင့် သုံးပါးစုံ ခေါင်းပါးဖျင်းညံ့သည့် ပံသုကူသင်္ကန်းကို ဆင်မြန်းဝတ်ရုံ ဆောင်ယူကြသော ရဟန်းတို့အနက် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို မြင်ရ၍ အဓိကာရကောင်းမှု ကုသိုလ်ကိုပြုပြီးလျှင် ထိုလူခစီဝရဓာရီဧတဒဂ် (=ခေါင်းပါးဖျင်းညံ့သည့် ပံသုကူသင်္ကန်းကို ဆင်မြန်းဝတ်ရုံသော အရာဝယ် အသာဆုံး အမြတ်ဆုံး) ရာထူးကို ဆုတောင်းပတ္ထနာမှု ပြုခဲ့လေသည်။ ပဒုမုတ္တရ မြတ်စွာဘုရားရှင်ကလည်း ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့လေသည်။

ကဋ္ဌဝါဟနမင်း၏ အမတ်ကြီးဘဝ

     အမျိုးကောင်းသားသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကိုပြု၍ နတ်ပြည် လူ့ပြည်တို့၌ ကျင်လည် ကျက်စားလျက် ကဿပမြတ်စွာဘုရား ပွင့်ထွန်းတော်မူသည်မှ ရှေးကာလကပင် ကဋ္ဌဝါဟနမြို့ဝယ် အမတ်မျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် ကဋ္ဌဝါဟနမင်းကို ဆည်းကပ်ခစားလျက် အမတ်ကြီးရာထူးကို ရရှိလေ၏။

     ကဋ္ဌဝါဟနမင်း၏ အကြောင်းအရာ အကျယ်ကား (သုတ္တနိပါတ ဋ္ဌ-၂-မှ) လွန်လေပြီးသောအခါ (ကဿပမြတ်စွာ ပွင့်ထွန်းတော်မမူမီ) ဗာရာဏသီပြည်သား လက်သမားဆရာကြီးသည် မိမိ၏ ဆရာ့ဥစ္စာ လက်သမားပညာ၌ နှစ်ယောက်မြောက်သူမရှိ တတ်သိလိမ္မာသူ ဖြစ်၏။ ထိုဆရာကြီးမှာ တပည့်ကြီး (၁၆) တဆယ့်ခြောက်ယောက်ရှိ၍ တပည့်ကြီး တယောက် တယောက်မှာ လက်စောင်အနီးနေ တပည့်ပေါင်း (၁၀၀၀) တထောင်စီ ရှိကြလေသည်။ ဤသို့လျှင် (၁၆၀၁၇) တသောင်းခြောက်ထောင် တကျိပ်ခုနစ်ဦး သော ဆရာတပည့် အားလုံးတို့သည် ဗာရာဏသီပြည်ကို အမှီပြု၍ အသက်မွေးမှု ပြုလုပ်နေထိုင်ကြပုံမှာ-



၆၀၀

သစ်တောတောင်အနီးသို့ သွားရောက်ကြ၍ သစ်များကို ခုတ်လှည်း ခွဲစိတ်ကြကာ ထိုတောအရပ်မှာပင် အမျိုးမျိုးသော ပြာသာဒ်နန်းအိမ်ဆိုင်ရာ သစ်ဘဏ္ဍာ ပရိဘောဂတို့ကို ပြုလုပ် ပြီးပြေစေကြ၍ ဖောင်ကြီးဖွဲ့ကာ တင်ဆောင်ခဲ့ကြလျက် ဂင်္ဂါမြစ်အတိုင်း ဗာရာဏသီပြည်သို့ ဆောင်ခဲ့ကြပြီးလျှင် အကယ်၍ ဗာရာဏသီမင်းက အလိုရှိလျှင် မင်းအား ဘုံတဆင့် (=တထပ်)ရှိသော ပြာသာဒ်ကို၎င်း (ပ) ဘုံခုနစ်ဆင့် (ခုနစ်ထပ်)ရှိသော ပြာသာဒ်ကို၎င်း တပ်ဆင်ဆောက်လုပ်၍ ပေးကြကုန်၏။ အကယ်၍ ဗာရာဏသီမင်းက အလိုမရှိလျှင် အခြားသူများအားလည်း ရောင်း၍ သား,မယားကျွေးမွေးမှုပြု၍ နေကြကုန်၏။

ဆရာကြီး ဂဠုန်ရုပ်စက်ယာဉ်ပျံ တည်ဆောက်ခြင်း

     ထို့နောက် တနေ့သ၌ လက်သမားဆရာကြီးသည် “အမြဲတစေ လက်သမား ဗိသုကာအလုပ်ဖြင့် အသက်မွေးမှု ပြုလုပ်ရန် မတတ်နိုင်ချေ။ မှန်ပေ၏- အသက်အရွယ်ကြီးရင့် အိုမင်းသောအခါ၌ ဤလက်သမားအမှုကို ပြုလုပ်ရန် ခဲယဉ်းလှ၏”ဟု ကြံစည်စဉ်းစားမိ၍ မိမိ၏ တပည့်များကို “အမောင်တို့.. ရေသဖန်းသား-အစရှိသည့် အနှစ်မဲ့ငြား ပေါ့ပါးသော သစ်သားတို့ကို ဆောင်ခဲ့ကြလော့”ဟု ပြောဆိုလေ၏။ တပည့်တို့ကလည်း “ကောင်းပါပြီ”ဟု ဝန်ခံကြကာ ပေါ့ပါးသော သစ်သားတို့ကို ဆောင်ယူခဲ့ကြလေကုန်၏။ ဆရာကြီးသည် ထိုသစ်သားတို့ဖြင့် ဂဠုန်ရုပ်ကြီးလုပ်ကာ ထိုဂဠုန်ရုပ်၏အတွင်းသို့ ဝင်ရောက်ကာ ယန္တရားစက်တို့ကို တပ်ဆင်လေ၏။ ဂဠုန်ရုပ် စက်ယာဉ်ပျံကြီး ပြီးသောအခါ ဆရာကြီးသည် စက်ကိုနှိုး၍ ထိုဂဠုန်ရုပ် စက်ယာဉ်ပျံကိုစီးလျက် တပည့်များ အလုပ်လုပ်နေသည့် တောအရပ်သို့ သွားလေ၏။ ဂဠုန်ရုပ် စက်ယာဉ်ပျံကြီးသည် အသက်ရှင်သော ဂဠုန်မင်းပမာ ကောင်းကင်သို့ ပျံတက်၍ တောအထက်က သွားပြီးလျှင် တပည့်တို့၏ရှေ့၌ သက်ဆင်း ကျရောက်လေ၏။



၆၀၁

     ထိုအခါ ဆရာကြီးသည် တပည့်များကို “အမောင်တို့.. ငါတို့သည် ဤသို့သော ဂဠုန်ရုပ် စက်ယာဉ်ပျံများကို ပြုလုပ်တည်ဆောက်ကြကာ ဇမ္ဗူဒိပ်တကျွန်းလုံး၌ မင်းအဖြစ်ကို ရယူနိုင်ကြကုန်၏၊ အမောင်တို့.. အမောင်တို့လည်း ဤဂဠုန်ရုပ် စက်ယာဉ်ပျံများကို ပြုလုပ် တည်ဆောက်ကြကုန်လော့၊ မင်းအဖြစ်ကို ရယူ၍ အသက်ရှင်ကြကုန်စို့၊ လက်သမားအတတ်ဖြင့် အသက်မွေးရခြင်းသည် ဆင်းရဲ၏”ဟုအကြံပေး တိုက်တွန်းစကား ပြောကြားလေ၏။ တပည့်တို့သည် ဆရာကြီး ညွှန်ကြား ပြောဆိုပြသသည့်အတိုင်း ဂဠုန်ရုပ် စက်ယာဉ်ပျံတို့ကို ပြုလုပ် တည်ဆောက်ကြပြီးလျှင် ဆရာကြီးအား ထိုအကြောင်းကို ပြောကြား သိစေကြကုန်၏။ ထို့နောက်မှ ဆရာကြီးက တပည့်များကို “အမောင်တို့.. အဘယ်ပြည်ကို ငါတို့ သိမ်းယူကြမည်နည်း”ဟု မေးမြန်း တိုင်ပင်လေလျှင် တပည့်များသည် တညီတညွတ်တည်း “ဆရာကြီး.. ဗာရာဏသီပြည်ကို သိမ်းယူကြကုန်စို့”ဟု ပြန်ကြား ပြောဆိုကြလေ၏။ ထိုအခါ ဆရာကြီးက “အမောင်တို့.. မသင့်လျော်ဘူး, ဤသို့ ဗာရာဏသီပြည်ကို သိမ်းယူရန်အကြံကို မနှစ်သက်ကြလင့်၊ မှန်၏- ငါတို့သည် ထိုဗာရာဏသီပြည်ကို သိမ်းယူကြလျှင်လည်း လက်သမားမင်း, လက်သမားအိမ်ရှေ့မင်း, လက်သမားမင်းသား, လက်သမားမင်းအမတ်, ဤသို့စသည်ဖြင့် လက်လမားဟု ပြောဆိုခေါ်ဝေါ်ခြင်းမှ လွတ်မြောက်ကြလိမ့်မည် မဟုတ်ချေ၊ ဇမ္ဗူဒီပကျွန်းကား ကျယ်ဝန်းလှစွာ၏၊ ငါတို့သည် အခြားအရပ်သို့ သွားကြကုန်စို့”ဟု အကြံပေးစကား ပြောကြားလေလျှင် အားလုံးပင် သဘောတူညီကြလေကုန်၏။

ကဋ္ဌဝါဟနမင်းကြီး ဖြစ်လာခြင်း

     ထို့နောင်မှ ဆရာတပည့်ပေါင်း တသောင်း ခြောက်ထောင် တကျိပ်ခုနစ်ဦးတို့သည် သားမယားနှင့် အတူတကွ ဂဠုန်ရုပ် စက်ယာဉ်ပျံ အသီးသီး စီးနင်းကြ၍ လက်နက်များကို အသင့်ပြင်ဆင် စွဲကိုင်ပြီးဖြစ်ကြလျက် ဟိမဝန္တာသို့ရှေးရှု စက်ယာဉ်ပျံတို့ကို မောင်းနှင်သွားကြပြီးလျှင် ဟိမဝန္တာ၏အနီး မြို့တမြို့သို့ ဝင်ရောက်ကြ၍ မင်း၏နန်းတော်၌ပင် စုရုံး ရပ်တည်ကြလေကုန်၏။



၆၀၂

ထိုဆရာတပည့်တို့သည် ထိုမြို့၌ မင်းအဖြစ်ကို သိမ်းယူကြ၍ လက်သမားဆရာကြီးကို ရာဇအဘိသိက် သွန်းဖျန်းကာ မင်းမြှောက်ကြကုန်၏။ ထိုမင်းသည် သစ်သားဖြင့် ပြုလုပ်အပ်သည့် ဂဠုန်ရုပ်စက်ယာဉ်ပျံ၏ အရှင်ဖြစ်သောကြောင့် “ကဋ္ဌဝါဟနမင်း”ဟူ၍ ထင်ရှားလေ၏။ ထိုကဋ္ဌဝါဟနမင်း သိမ်းပိုက် စိုးမိုးအပ်သောကြောင့် ထိုပြည် ထိုမြို့သည်လည်း ကဋ္ဌဝါဟနပြည်, ကဋ္ဌဝါဟနမြို့ဟူ၍ အမည်တွင်လေသည်။ ကဋ္ဌဝါဟနမင်းကြီးသည်၎င်း, အိမ်ရှေ့မင်းသားသည်၎င်း, အမတ်ကြီးရာထူး၌ တင်ထားအပ်သည့် တပည့်ကြီး (၁၆) တကျိပ် ခြောက်ယောက်တို့သည်၎င်း တရားကို လိုက်နာ ကျင့်သုံးကြသည့် ဓမ္မိကမင်း, ဓမ္မိကအမတ်တို့သာ ဖြစ်ကြလေကုန်၏။ ထိုကဋ္ဌဝါဟန တတိုင်းလုံးသည် မင်းကြီးက သင်္ဂဟဝတ္ထု လေးပါးတို့ဖြင့် ချီးမြှောက် စောင့်ရှောက်အပ်ရကား အလွန်ပင် ပြည့်လည်းပြည့်စုံ ဝလည်းဝပြော ဘေးဥပဒ္ဒဝေါလည်း ကင်းရှင်းပေ၏။ မြို့သူမြို့သား ဇနပုဒ် = တိုက်နယ်သူ တိုက်နယ်သားတို့သည် “ငါတို့သည် မင်းကောင်းမင်းမြတ်ကို ရအပ်လေပြီ၊ အလွန်ကောင်းမြတ်သည့် မင်းပရိသတ်ကို ရအပ်လေပြီ”ဟု ဝမ်းမြောက်စကား ပြောကြားကြလျက် မင်းကြီးကို၎င်း, မင်းပရိသတ် မှူးမတ်ဗိုလ်ပါကို၎င်း အလွန်လျှင် အားကိုး မြတ်နိုးကြလေကုန်၏။

ဗာရာဏသီမင်းနှင့် မဟာမိတ်ဖြစ်ခြင်း

     တနေ့သ၌ မဇ္ဈိမတိုက် (ဗာရာဏသီပြည်)မှ ကုန်သည်တို့သည် ရောင်းရန်ဘဏ္ဍာကို ယူဆောင်ခဲ့ကြ၍ ကဋ္ဌဝါဟနမြို့သို့ လာရောက်ကြကာ လက်ဆောင်ပဏ္ဏာကို ယူဆောင်၍ ကဋ္ဌဝါဟန မင်းကြီးကိုလည်း ဖူးမြော်တွေ့ရှိကြကုန်၏။ မင်ကြီးက “အမောင်တို့.. အဘယ်အရပ်မှ လာရောက်ကြသနည်း”ဟု မေးလေလျှင် ကုန်သည်တို့သည် “ဗာရာဏသီပြည်မှ လာရောက်ကြပါသည် အရှင်မင်းကြီး..”ဟု လျှောက်ထားကြကုန်၏။ ကဋ္ဌဝါဟနမင်းကြီးသည် ဗာရာဏသီပြည်၌ အလုံးစုံသော ဖြစ်ရပ်အခြေအနေကို မေးမြန်းပြီးလျှင် “အမောင်တို့.. အမောင်တို့၏ ဗာရာဏသီမင်းနှင့် အကျွန်ုပ်တို့ မိတ်ဆွေ (မဟာမိတ်)ဖြစ်အောင်



၆၀၃

ရွက်ဆောင် ပြုလုပ်ပေးကြပါလော့”ဟု မိန့်ဆိုလေ၏။ ကုန်သည်တို့ကလည်း “ကောင်းပါပြီ”ဟု ဝန်ခံကြကုန်၏။ ကဋ္ဌဝါဟနမင်းကြီးသည် ထိုဗာရာဏသီပြည်သား ကုန်သည်တို့အား စားနပ်ရိက္ခာ နေရာထိုင်ခင်း-စသည် လိုအပ်သမျှ အကူအညီကိုပေး၍ ထိုကုန်သည်များ ပြန်သွားချိန် ရောက်လတ်သော် ထပ်၍တဖန် မဟာမိတ်ဖြစ်လိုကြောင်း ရိုသေစွာ ပြောကြား၍ ကုန်သည်များကို လွှတ်လိုက်လေ၏။

     ထိုကုန်သည်တို့သည် မိမိတို့နေရာ ဗာရာဏသီပြည်သို့ ရောက်ကြလျှင် ဗာရာဏသီမင်းကြီးအား ထိုအကြောင်းကို လျှောက်ထားကြကုန်၏။ ဗာရာဏသီမင်းကြီးသည် ထိုအကြောင်းကို ကြားသိရလျှင် အားရဝမ်းမြောက်လျက် “ကဋ္ဌဝါဟနပြည်မှ လာရောက်ကြသော ကုန်သည်တို့အား ယနေ့မှစ၍ အခွန်အတုတ်ကို ကင်းလွတ်ခွင့်ပြု၏”ဟု စည်လည်စေ၍ “ကဋ္ဌဝါဟနမင်းကြီးသည် ငါ၏အဆွေတော် မဟာမိတ်ဖြစ်စေ”ဟု ဆုံးဖြတ်ချက် ချမှတ်ကာ မင်းနှစ်ပါးလုံးတို့ပင် အဒိဋ္ဌမဟာမိတ် = တဦးကိုတဦး မမြင်ရပဲ အလွန်ချစ်ခင်သည့် မိတ်ဆွေများ ဖြစ်ကြလေကုန်၏။ ကဋ္ဌဝါဟန မင်းကြီးသည်လည်း မိမိ၏မြို့၌ “ယနေ့မှစ၍ ဗာရာဏသီပြည်မှ လာရောက်ကြသော ကုန်သည်တို့အား အခွန်အတုတ်ကို (လွှတ်၏) ကင်းလွတ်ခွင့်ပြု၏၊ ထိုဗာရာဏသီပြည်မှလာသော ကုန်သည်တို့အား စားနပ်ရိက္ခာ နေရာထိုင်ခင်း-စသည် လိုအပ်သမျှ အကူအညီကို ရွှေတိုက်တော်မှ ထုတ်ပေးရမည်”ဟု စည်လည်စေ၏။

     ထို့နောက် ဗာရာဏသီမင်းကြီးသည် ကဋ္ဌဝါဟနမင်းကြီးထံသို့ “အကယ်၍ အဆွေတော်တို့၏ ဇနပုဒ် = တိုက်နယ်၌ ကြည့်ရှုဖို့ရန် နားထောင်ရန် လျော်ကန်သင့်မြတ်သည့် တစုံတခု အံ့ဩဖွယ်များ ဖြစ်ပေါ်လာလျှင် အကျွန်ုပ်တို့ကိုလည်း ကြည့်ရှုခွင့် နားထောင်ခွင့်ရအောင် စီမံဆောင်ရွက်စေချင်ပါသည်”ဟု သဝဏ်လွှာ ပို့သစေလေ၏။ ကဋ္ဌဝါဟန မင်းကြီးကလည်း ထို့အတူပင် ဗာရာဏသီမင်းကြီးထံ ချစ်ကြည်ရေး သဝဏ်လွှာ ပို့သစေလေ၏။



၆၀၄

လက်ဆောင် အပြန်အလှန် ပေးပို့ကြခြင်း

     ဤကဲ့သို့ မင်းနှစ်ပါးတို့ ကတိကဝတ်ထား၍ နေကြစဉ် အခါတပါး၌ ကဋ္ဌဝါဟနမင်းကြီးမှာ တက်သစ်စ နေလုလင်အရောင် တပြောင်ပြောင် တလက်လက် တောက်ပသော အလွန်နူးညံ့လှသည့် ကမ္ဗလာအထည်များ ဖြစ်ပေါ်ရရှိ၍ လာကုန်၏၊ ထိုကမ္ဗလာအထည်တို့ကို တွေ့မြင်ရရှိလျှင်ပင် ကဋ္ဌဝါဟနမင်းကြီးသည် “ငါ့သူငယ်ချင်း ဗာရာဏသီမင်းကြီးထံသို့ ပေးပို့မည်”ဟု မိန့်ဆိုကာ ဆင်စွယ်ပွတ်သမားတို့ကို ဆင်စွယ်ကြုတ်ရှစ်လုံး ထွင်းစေ၍ ကမ္ဗလာအထည်တို့ကို ထိုဆင်စွယ်ကြုတ်တို့၌ ထည့်သွင်းစေပြီးလျှင် တဖန် ချိပ်ဆရာတို့ကို ကြုတ်များ၏ အပြင်အပ၌ ချိပ်လုံးနှင့်တူအောင် မွမ်းမံပြုလုပ်စေပြီးမှ ထိုချိပ်လုံး ရှစ်လုံးတို့ကို တံတင်း = သေတ္တာ၌ ထည့်သွင်းကာ အပေါ်မှ အလွန်နူးညံ့သော အဝတ်ဖြင့် ရစ်ပတ်၍ မင်းတံဆိပ် ခတ်နှိပ်ပြီးလျှင် “ဗာရာဏသီမင်းကြီးအား ဆက်သကြကုန်”ဟု ပြောဆို၍ အမတ်တို့ကို စေလွှတ်လိုက်လေ၏။ ထို့ပြင်လည်း “ဤလက်ဆောင်ကို ရွှေမြို့တော်အလယ်၌ အမတ်အပေါင်း ခြံရံအပ်လျက် အဆွေတော် ဗာရာဏသီမင်းကြီး ဖွင့်လှစ် ကြည့်ရှုစေချင်ပါသည်”ဟူ၍ သဝဏ်လွှာကို ပါးလိုက်ပြန်၏။

     အမတ်တို့သည် သွားကြကာ ဗာရာဏသီမင်းကြီးအား ဆက်သကြကုန်၏။ ဗာရာဏသီမင်းကြီးသည် သဝဏ်လွှာကို ဖတ်ကြား၍ အမတ်တို့ကို စည်းဝေးစေလျက် မြို့၏အလယ် မင်းယင်ပြင်၌ ခတ်နှိပ်ထားသော မင်းတံဆိပ်ကို ဖျက်ကာ ရစ်ပတ်ထားသော အဝတ်ကို ဖယ်ရှား၍ တံတင်း = သေတ္တာကို ဖွင့်လှစ်လိုက်လေလျှင် ချိပ်လုံးရှစ်လုံးတို့ကို တွေ့မြင်ရ၍ “ငါ့သူငယ်ချင်း ကဋ္ဌဝါဟနမင်းသည် ချိပ်လုံးတို့ဖြင့် ပြုံးရွှင်ပျော်ပါး ကစားကြသည့် သူငယ်လေးများအားကဲ့သို့ ငါ့အား (ကစားရန်) ချိပ်လုံးကို လက်ဆောင် ပေးလိုက်ဘိ၏”ဟု အောက်မေ့လျက် နှလုံးမသာမယာ မျက်နှာပျက်ပြီးလျှင် ချိပ်လုံးတလုံးကို မိမိထိုင်နေရာ ရာဇပလ္လင်၌ ထုရိုက်လိုက်လေ၏။ ထိုခဏမှာပင် ချိပ်များ အောက်သို့ကျ၍



၆၀၅

ဆင်စွယ်ကြုတ်သည် ပွင့်လာပြီးလျှင် အဖုံး,အမ နှစ်ဖို့နှစ်ပုံဖြစ်၍ လာလေ၏။ ဗာရာဏသီမင်းသည် ကြုတ်၏အတွင်း၌ ကမ္ဗလာအထည်ကို တွေ့မြင်ရပြီးလျှင် ကျန်သော ကြုတ်ခုနစ်လုံးတို့ကိုလည်း ဖွင့်၍ကြည့်လေ၏၊ ကြုတ်အားလုံး၌ပင် ထို့အတူ ကမ္ဗလာအထည်ကို တွေ့မြင်ရလေ၏။ ကမ္ဗလာ တထည် တထည်လျှင် အလျား(၁၆) တဆယ့်ခြောက်တောင် အနံ (၈)ရှစ်တောင်စီ ရှိလေသည်။ ကမ္ဗလာအထည်တို့ကို ဖြန့်လိုက်သောအခါ မင်းယင်ပြင်တခုလုံး နေအရောင်ဟပ်သကဲ့သို့ တလျှပ်လျှပ် တဖိတ်ဖိတ်ဖြစ်၍ နေလေ၏။

     ထိုအခြင်းအရာကို မြင်ရ၍ လူများအပေါင်းသည် လက်ချောင်းတို့ကို ခါတွက်ကြကုန်၏။ ဦးရစ်ခေါင်းပေါင်း ပစ်လွှင့်ခြင်း အမှုကိုလည်း ပြုကြကုန်၏။ “ငါတို့မင်းကြီး၏ အဒိဋ္ဌသဟာယ = မတွေ့ရဘူးသေးသော မိတ်ဆွေ ကဋ္ဌဝါဟနမင်းကြီးသည် ဤသို့သဘောရှိသော လက်ဆောင်ပဏ္ဏာကို ပို့သတော်မူ၏၊ ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို မဟာမိတ်ဖွဲ့ရန် လျော်ကန် သင့်မြတ်လှပေ၏”ဟု နှစ်လိုအားရ စိတ်တိုင်းကျ ဖြစ်လေ၏။

လက်ဆောင်တုံ့ တဖန်ပြန်ခြင်း

     ဗာရာဏသီမင်းကြီးသည် ရာပြတ်ဝန်တို့ကို ခေါ်စေ၍ ကမ္ဗလာ တထည် တထည်ကို တန်ဖိုးဖြတ်စေတော်မူလေ၏။ အားလုံးပင် အဖိုးမပြတ်နိုင်အောင် ရှိကုန်၏။ ထို့နောင်မှ ဗာရာဏသီမင်းကြီးသည် “လက်ဆောင်တုံ့ တဖန်ပြန်၍ ပို့သသောသူသည် ရှေးဦး = ပဌမ ပို့သအပ်သော လက်ဆောင်ပဏ္ဏာထက် သာလွန်မြင့်မြတ်သော လက်ဆောင်ကို ပို့သမှ သင့်ချေ၏၊ သူငယ်ချင်း ကဋ္ဌဝါဟနမင်းကလည်း ငါ့အထံသို့ အဖိုးအနဂ္ဃ ထိုက်တန်သော ကမ္ဗလာအထည် လက်ဆောင်များကို ပို့သအပ်လေပြီ၊ ငါသည် ငါ့သူငယ်ချင်း ကဋ္ဌဝါဟနမင်း၏ အထံသို့ အဘယ်သို့သော လက်ဆောင်တုံ့ကို ပို့သရပါမည်နည်း”ဟု ကြံစည်စဉ်းစား ဆင်ခြင်လေ၏။



၆၀၆

     ထိုအချိန်၌ ကဿပ မြတ်စွာဘုရားသည် လူသုံးပါး၌ ထင်ရှား ပွင့်ထွန်းတော်မူ၍ ဗာရာဏသီပြည်၌ သီတင်းသုံး နေထိုင်တော်မူဆဲ ဖြစ်၏။ ထိုအခါ ဗာရာဏသီ မင်းကြီး၏ စိတ်သန္တာန်ဝယ် “ဤလောကဝယ် ဘုရား, တရား, သံဃာ = ရတနာသုံးပါးထက် သာလွန်သည့် အခြားရတနာမည်သည် မရှိချေ၊ ကိုင်း.. ငါသည် ငါ့သူငယ်ချင်း ကဋ္ဌဝါဟနမင်းအထံသို့ လောကဝယ် ရတနာသုံးပါး ထင်ရှား ပွင့်ထွန်းနေကြောင်း သတင်းကောင်း လက်ဆောင်တုံ့ကို ပို့သပေအံ့”ဟု စဉ်းစား ဆုံးဖြတ်ပြီးလျှင်-

“ဗုဒ္ဓေါ လောကေ သမုပ္ပန္နော၊ ဟိတာယ သဗ္ဗပါဏိနံ။

ဓမ္မော လောကေ သမုပ္ပန္နော၊ သုခါယ သဗ္ဗပါဏိနံ။

သံဃော လောကေ သမုပ္ပန္နော၊ ပုညက္ခေတ္တံ အနုတ္တရံ။

သမ္မ = ကဋ္ဌဝါဟန နာမမည်လျှင်း အို အဆွေတော်မင်း..။ လောကေ = ငါတို့နေကြ လူ့လောက၌။ ဗုဒ္ဓေါ = သဗ္ဗညူဗုဒ္ဓ အမည်ရသည့် လောကထွတ်ထား မြတ်ဘုရားသည်။ သဗ္ဗပါဏိနံ = ခပ်သိမ်းဥဿုံ အလုံးစုံသော သတ္တဝါတို့၏။ ဟိတာယ = ချမ်းသာဖြစ်ကြောင်း စီးပွါးကောင်းအလို့ငှါ။ သမုပ္ပန္နော = ဥဒည်တောင်စွန်း နေစက်ဝန်းသို့ ပွင့်ထွန်းတော်မူခဲ့လေပြီ။

လောကေ = ငါတို့နေကြ လူ့လောက၌။ ဓမ္မော = မဂ်,ဖိုလ်,နိဗ္ဗာန်, ဓမ္မက္ခန်ဟု ဆယ်တန်ထင်ပေါ် တရားတော်သည်။ သဗ္ဗပါဏိနံ = ခပ်သိမ်းဥဿုံ အလုံးစုံသော သတ္တဝါတို့၏။ သုခါယ = လူ,နတ်,နိဗ္ဗာန် သုံးတန်သော ချမ်းသာအလို့ငှါ။ သမုပ္ပန္နော = ဥဒည်တောင်စွန်း နေစက်ဝန်းသို့ ပွင့်ထွန်းတော်မူခဲ့လေပြီ။

လောကေ = ငါတို့နေကြ လူ့လောက၌။ အနုတ္တရံ = အတုမရှိ လွန်မြတ်ဘိသော။ ပုညက္ခေတ္တံ = ကောင်းမှုမျိုးကို စိုက်ပျိုးကြဲချရာ လယ်ယာမြေစစ် ပုညခေတ်ဖြစ်သော။ သံဃော = ပရမတ္ထအရိယာ သံဃာရတနာသည်။



၆၀၇

သမုပ္ပန္နော = ဥဒည်တောင်စွန်း နေစက်ဝန်းသို့ ပွင့်ထွန်းတော်မူခဲ့လေပြီ” -

     ဤ(မြောက်ပိုဒ် = ခြောက်ပါဒရှိသော) ဂါထာကို၎င်း, ထို့ပြင်လည်း ရဟန်းတပါး၏ ဆိုင်ရာ သီလဖြည့်ကျင့်ပုံမှစ၍ အရဟတ္တဖိုလ်တိုင်အောင်သော ကျင့်စဉ်ပဋိပတ်ကို၎င်း ရွှေပြားရွှေလွှာ၌ ဟင်္သပြဒါးဖြင့် ရေးသားစေပြီးလျှင် ထိုရွှေပြားရွှေလွှာကို ရှေးဦးစွာ (၁) ရတနာခုနစ်ပါး ခြယ်စီသောကြုတ်၌ ထည့်သွင်းစေတော်မူသည်၊ (၂) တဖန် ထိုရတနာခုနစ်ပါး ခြယ်စီသောကြုတ်ကို မြသားကြုတ်၌ ထည့်သွင်းစေတော်မူပြန်သည်၊ (၃) ထိုမြသားကြုတ်ကို မသာရဂလ် ကျောက်မျက်ရတနာကြုတ်၌ ထည့်သွင်းစေတော်မူပြန်သည်၊ (၄) ထိုကြုတ်ကို ပတ္တမြားနီကြုတ်၌ ထည့်သွင်းစေတော်မူပြန်သည်၊ (၅) ထိုပတ္တမြားကြုတ်ကို ရွှေကြုတ်၌ ထည့်သွင်းစေတော်မူပြန်သည်၊ (၆) ထိုရွှေကြုတ်ကို ငွေသားကြုတ်၌ ထည့်သွင်းစေတော်မူပြန်သည်၊ (၇) ထိုငွေကြုတ်ကို ဆင်စွယ်ကြုတ်၌ ထည့်သွင်းစေတော်မူပြန်သည်။ (၈) ထိုဆင်စွယ်ကြုတ်ကို သစ်သားနှစ် = နံ့သာနှစ်ကြုတ်၌ ထည့်သွင်းစေတော်မူပြန်သည်။ ထိုနံ့သာနှစ်ကြုတ်ကို သေတ္တာ၌ထည့်၍ ထိုသေတ္တာကို တဖန် နူးညံ့သောအဝတ်ဖြင့် ရစ်ပတ်ပြီးမှ မင်းတံဆိပ် ခတ်နှိပ်စေတော်မူသည်။

     ထို့နောင်မှ အမုန်ယစ်သော ဆင်ရတနာကို ရွှေအလံစိုက်တင် ရွှေတန်းဆာဆင်ယင် ရွှေဇာကွန်ရက်ဖြင့် ဖုံးအုပ်စေပြီးမှ ထိုဆင်ရတနာ၏ အထက်၌ ပလ္လင်ကိုခင်းစေ၍ ပလ္လင်ထက်၌ လက်ဆောင်ရတနာ သေတ္တာကို တင်ထားပြီးလျှင် ထီးဖြူတော်အုပ်မိုးလျက် အလုံးစုံသော နံ့သာမျိုး, ပန်းမျိုး-စသည်တို့ဖြင့် ပူဇော်ပြုလုပ်ကာ တူရိယာမျိုးစုံ တီး,မှုတ်,သီဆိုမှု အဖုံဖုံတို့ဖြင့် မိမိ၏ ကာသိတိုင်း နယ်စွန်နယ်စပ်တိုင်အောင် လမ်းခရီးကို သုတ်သင် တန်းဆာဆင်စေပြီးလျှင် ဗာရာဏသီမင်းကြီးကိုယ်တိုင် အုပ်ချုပ်၍ လက်ဆောင်တို့ကို ပို့သစေလေ၏။ ဤတွင်မှ မကသေး- ဗာရာဏသီမင်းကြီးသည် မိမိ၏နယ်စပ်၌ ရပ်တည် စံနေတော်မူကာ



၆၀၈

ပြည်နီးနားချင်း မင်းများအထံသို့လည်း “ဤနည်းနှင်နှင် အသင် ပြည်ထောင်မင်းတို့သည် ပူဇော်မှု ပြုလုပ်ကြကာ ဤရတနာ လက်ဆောင်ပဏ္ဏာကို အဆင့်ဆင့် ပို့သကြရမည်”ဟု သဝဏ်လွှာနှင့် လက်ဆောင် ပဏ္ဏာများကို ပို့သစေလေ၏။ ထိုသဝဏ်လွှာစကားကို ကြားသိကြရ၍ ထိုထိုပြည်နီးနားချင်း မင်းတို့သည် ခရီးရင်ဆိုင် လာရောက်ကြိုဆိုကြကာ ကဋ္ဌဝါဟနတိုင်းနယ်စပ်တိုင်အောင် အခမ်းအနားကြီးစွာဖြင့် ပို့ဆောင်ကြလေကုန်၏။

     ကဋ္ဌဝါဟန မင်းကြီးသည်လည်း ရတနာလက်ဆောင် ပဏ္ဏာတော် လာရောက်ကြောင်း သတင်းကောင်း ကြားသိရ၍ ခရီးရင်ဆိုင် သွားရောက်ကြိုဆိုလျက် ထိုနည်းအတူ ပူဇော်ကာ နေပြည်တော်သို့ ပင့်သွင်း၍ အမတ်များ, မြို့သူမြို့သားများကို စည်းဝေးစေတော်မူကာ မင်းယင်ပြင် (=နန်းတော်မြေကွက်လပ်)၌ ပရိသတ်မျက်မှောက်ဝယ် အပေါ်ကရစ်ပတ်သော အဝတ်အထည်ကို ဖယ်ရှား၍ သေတ္တာကို ဖွင့်ကြည့်လေသော် သေတ္တာအတွင်း၌ နံ့သာနှစ်ကြုတ်ကို တွေ့ရ၍ အစဉ်သဖြင့် ကြုတ်ရှစ်လုံးတို့ကို အဆင့်ဆင့် ဖွင့်၍ဖွင့်၍ ကြည့်ရှုလေလျှင် ရွှေပြားရွှေလွှာ၌ ရတနာသုံးပါး ပွင့်ထွန်းနေကြောင်းနှင့် ပဋိပတ်ကျင့်စဉ် အရေးအသားကို ဖတ်ကြားတွေ့ရှိရ၍ “ဩ.. ငါ့သူငယ်ချင်း ဗာရာဏသီမင်းသည် အသိန်းသင်္ချာ ကမ္ဘာတို့ဖြင့် လွန်စွာရခဲလှသော လက်ဆောင်မွန် ရတနာကို ပို့သပါပေသည်”ဟု နှစ်လိုအားရ စိတ်တိုင်းကျ ဖြစ်ရှိ လျက် “ရှေးက မကြားဘူးသည့် ‘လောကဝယ် မြတ်စွာဘုရား ပွင့်ထွန်းတော်မူနေပြီ’ဟူသော သတင်းထူးကို ငါတို့ ကြားရကုန်ပြီတကား၊ ငါသည် သွားရောက်ကာ မြတ်စွာဘုရားကိုလည်း ဖူးမြင်ရ, တရားတော်ကိုလည်း နာယူရပါမူ ကောင်းလေစွာ့”ဟု ကြံစည်ဆင်ခြင်၍ မိမိ၏ အမတ်တို့ကို “အမောင်တို့.. လောက၌ ဘုရား, တရား, သံဃာ = ရတနာသုံးပါးတို့ ထင်ရှား ပွင့်ထွန်းတော်မူကြပြီတဲ့၊ အဘယ်သို့ ပြုသင့်သည်ဟု မောင်တို့ မှတ်ထင် သဘောရပါကုန်သနည်း”ဟု မေးမြန်းလေ၏။ အမတ် တကျိပ်ခြောက်ယောက်တို့သည် “မြတ်သောမင်းကြီး..



၆၀၉

အရှင်မင်းကြီးတို့သည် ဤကဋ္ဌဝါဟနမြို့မှာပင် စံနေတော်မူရစ်ကြပါကုန်၊ အကျွန်ုပ်တို့ သွားရောက်၍ ဖြစ်ပုံအခင်း သတင်းကိုသိအောင် ထောက်လှမ်း စုံစမ်းကြပါကုန်အံ့”ဟု တညီတညွတ်တည်း လျှောက်ဆိုကြလေကုန်၏။

အမတ်တို့ သွားရောက်စုံစမ်းကြခြင်း

     ထို့နောင်မှ (တကျိပ်ခြောက်ယောက်ပေါင်းလျှင်)တသောင်း ခြောက်ထောင် အခြံအရံရှိကြသည့် တပည့်လက်စောင် အမတ်ကြီး တကျိပ်ခြောက်ယောက်တို့သည် ကဋ္ဌဝါဟနမင်းကြီးကို ရိုသေစွာ ရှိခိုးကြ၍ “မြတ်သောမင်းကြီး.. အကယ်၍ လောကဝယ် မြတ်စွာဘုရား ထင်ရှား ပွင့်ထွန်းတော်မူရိုး မှန်ပါလျှင် အကျွန်ုပ်တို့အဖို့ရာ တဖန်ပြန်၍ အရှင်မင်းကြီးတို့ကို ဖူးမြင်နိုင်ခွင့် မရှိတော့ပါ (ရဟန်းပြုကြတော့မည်ဟု ဆိုလိုသည်)၊ အကယ်၍ မြတ်စွာဘုရား ထင်ရှား ပွင့်ထွန်းတော်မူသည် မဟုတ်ပါလျှင် အရှင်မင်းကြီးထံ အကျွန်ုပ်တို့ တဖန်ပြန်၍ လာကြပါကုန်အံ့”ဟု လျှောက်ထားကာ ပြည်မှ ထွက်ကြလေကုန်၏။

     အထူးအားဖြင့် ကဋ္ဌဝါဟနမင်းကြီး၏ တူအရင်း (နှမ၏သား)ဖြစ်သော အမတ်သည် နောက်ဆုံးမှ မင်းကြီးကို ရှိခိုး၍ “အကျွန်ုပ်သည်လည်း သွားပါတော့အံ့”ဟူ၍ လျှောက်ဆိုလေသော် မင်းကြီးသည် “ချစ်သား.. သင်သည် ထိုမဇ္ဈိမတိုက်အရပ်၌ မြတ်စွာဘုရား ပွင့်ထွန်းတော်မူသည်ကို သိပြီးလျှင် တဖန်ပြန်လာ၍ ငါ့အား လျှောက်ကြားပါဦး”ဟု အထူးမှာတမ်း ပြောဆိုလိုက်လေ၏။ တူဖြစ်သော အမတ်သည် “ကောင်းပါပြီ”ဟု ဝန်ခံ၍ သွားရောက်လေ၏။

     အခြံအရံ တပည့်ပရိသတ်ပေါင်း တသောင်းခြောက်ထောင်နှင့် တကွသော ထိုအမတ်ကြီး တကျိပ်ခြောက်ယောက်တို့သည် လမ်းခရီးအကြား ခပ်သိမ်းသော အရပ်တို့၌ တညဉ့်မျှ အိပ်နေခြင်းဖြင့် ခရီးပြင်းသွားကြ၍ ဗာရာဏသီပြည်သို့ ဆိုက်ရောက်ကြကုန်၏။ အထူးအားဖြင့် ထိုအမတ်တို့ ဗာရာဏသီပြည်သို့ မရောက်ကြမီပင်



၆၁၀

ကဿပ မြတ်စွာဘုရားရှင်သည် ပရိနိဗ္ဗာန် ဝင်စံတော်မူပြီး ဖြစ်နှင့်လေသည်။ အမတ်တို့သည် ကျောင်းတိုက်တော်သို့ ဝင်ရောက်ကြကာ “အဘယ်သူသည် မြတ်စွာဘုရားပါနည်း၊ ယခုအခါ မြတ်စွာဘုရားသည် အဘယ်အရပ်၌ နေပါသနည်း”ဟု မေးကြ၍ ကျောင်းတိုက်တခုလုံး လှည့်လည်ကြလေသော် မျက်မှောက် သာဝက မထေရ်ကြီးများကို ဖူးတွေ့ကြ၍ ထိုအကြောင်းကို မေးမြန်းမိကြလေကုန်၏။

     မျက်မှောက်သာဝက မထေရ်ကြီးများသည် အမတ်တို့အား “မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူသွားပြီ”ဟု မိန့်ကြားတော်မူကြကုန်၏။ အမတ်တို့သည် “ဩ.. ခရီးဝေးစွာ လာရောက်ကြရပါလျက် မြတ်စွာဘုရားကို ဖူးမျှော်ရုံမျှကိုလည်း ငါတို့ မရကုန်တကား” ဟု ပြောဆို ငိုကြွေးကြကုန်လျက် တဖန်ဆက်၍ မထေရ် ကြီးတို့ကို “အရှင်ဘုရားတို့.. မြတ်စွာဘုရား ပေးသနားတော်မူအပ်ခဲ့သော တစုံတရာ အဆုံးအမ ဩဝါဒများ ကျန်ရှိရစ်ပါသလော”ဟု မေးလျှောက်ကြလေကုန်၏။ မထေရ်ကြီးတို့က “ဒါယကာတို့.. အိမ်း.. ကျန်ရှိရစ်ပေသည်။ သရဏဂုံသုံးပါး၌ တည်ကြရမည်၊ ငါးပါးသီလတို့ကို ဆောက်တည် ကျင့်သုံးကြရမည်၊ အင်္ဂါရှစ်ပါးရှိသော အဋ္ဌင်္ဂဥပုသ်ကို ကျင့်သုံးကြရမည်၊ အလှူဒါန ပေးလှူကြရမည်၊ (ထို့ထက် တတ်နိုင်လျှင်) ကိုယ်တိုင်ပင် သာသနာဝန်ထမ်း ရှင်ရဟန်းပြုကြရမည်”ဟု မိန့်တော်မူကြလေလျှင် အမတ်တို့သည် တူဖြစ်သော အမတ်ကိုထား၍ အားလုံးပင် အခြံအရံ ပရိသတ်နှင့်တကွ ရဟန်းပြုကြလေကုန်၏။

ကဋ္ဌဝါဟနမင်းကြီး အသက်ထက်ဆုံး ကောင်းမှုပြု၍

နတ်ရွာစံခြင်း

     တူဖြစ်သော အမတ်သည် မျက်မှောက်သာဝက မထေရ်ကြီးတို့အထံမှ ပရိဘောဂဓာတ် = ပရိဘောဂစေတီကို ပင့်ဆောင်၍ ကဋ္ဌဝါဟနမြို့သို့ တဖန် ပြန်ခဲ့လေ၏။ ပရိဘောဂဓာတ် = ပရိဘောဂစေတီ ဟူသည်မှာ မြတ်စွာဘုရား သုံးဆောင်တော်မူသွားသော ဗောဓိပင်, သပိတ်, သင်္ကန်း, ဓမကရိုဏ်ရေစစ်- စသည်ကို



၆၁၁

ခေါ်ဆို၏။ တူဖြစ်သော အမတ်သည်ကား မြတ်စွာဘုရား သုံးဆောင်တော်မူသွားသော ဓမကရိုဏ် ရေစစ်တည်းဟူသော ပရိဘောဂစေတီတော်နှင့်တကွ သုတ်, ဝိနည်း, အဘိဓမ္မာကို ဆောင်သော မထေရ်တပါးကို ပင့်ဆောင်၍ ကဋ္ဌဝါဟနမြို့သို့ တဖန် ပြန်လာလေသည်။

     အမတ်သည် အစဉ်သဖြင့် ကဋ္ဌဝါဟနမြို့သို့ ရောက်လေသော် မင်းကြီးအား “ဦးရီးတော်မင်းကြီး.. လောက၌ မြတ်စွာဘုရား ပွင့်ထွန်းတော်မူသည်မှာလည်း အမှန်ပင်ဖြစ်၏။ ယခုအခါ ပရိနိဗ္ဗာန် ဝင်စံတော်မူသွား သည်မှာလည်း အမှန်ပင် ဖြစ်၏”ဟု လျှောက်ထား၍ မြတ်စွာဘုရား ပေးသနားအပ်ခဲ့သည့် အဆုံးအမ ဩဝါဒကို မထေရ်ကြီးများ မိန့်ကြားလိုက်သည့်အတိုင်း ပြန်ကြား လျှောက်ထားလေ၏။ ကဋ္ဌဝါဟနမင်းကြီးသည် ပိဋကသုံးပုံဆောင် မထေရ်ကို ဆည်းကပ်၍ တရားတော်ကို နာကြားလျက် မထေရ်မြတ်အတွက် ကျောင်းကို တည်ဆောက် ကိုးကွယ်ပြီးလျှင် တူတော်အမတ် ယူဆောင်လာသည့် ဓမကရိုဏ် ရေစစ်ကို စေတီတော် တည်ထားလျက် ဗောဓိပင်အသစ် စိုက်ပျိုးပူဇော်ကာ သရဏဂုံနှင့်တကွ ငါးပါးသီလတို့၌ အမြဲတည်လျက် ဥပုသ်နေ့များဝယ် အဋ္ဌင်္ဂဥပုသ်ကို စောင့်သုံးကာ ဒါန-အစရှိသော ကောင်းမှုတို့ကို ပြုလုပ်၍ အသက်တမ်းပြည့် တည်နေပြီးသော် ကာမာဝစရနတ်ပြည်၌ ဖြစ်လေ၏။ တပည့်ကြီးအမတ် တကျိပ်ခြောက်ယောက်တို့သည်လည်း ပရိသတ်အခြံအရံ တသောင်း ခြောက်ထောင်တို့နှင့် အတူတကွ ရဟန်းပြုကြ ရဟန်းတရား ပွါးများ အားထုတ်ကြ၍ ပုထုဇန်တို့၏ သေခြင်းဖြင့်ပင် စုတိပြတ်ကြွေ သေလွန်ကြ၍ ကဋ္ဌဝဟနနတ်မင်း၏ အခြံအရံနတ်များ ဖြစ်ကြလေကုန်၏။ (ဤတပည့်ကြီး တကျိပ်ခြောက်ယောက်တို့၌ အရှင်မောဃရာဇ မထေရ်အလောင်း သူတော်ကောင်းသည်လည်း တပည့်ကြီး အမတ်တယောက် ရဟန်းတပါးအဖြစ်ဖြင့် ပါဝင်လျက်ရှိသည်ကို သတိချပ်၍ သိမှတ်ရာ၏)။



၆၁၂

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

     ထိုဆရာတပည့် တစုတို့သည် ဗုဒ္ဓန္တရအသင်္ချေယျ တကပ်ပတ်လုံး နတ်ပြည်၌ အချိန်ကို ကုန်လွန်စေကြ၍ အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မမူမီပင် နတ်ပြည်မှ စုတေခဲ့ကြပြီးလျှင် ဆရာဖြစ်သူသည် ပသေနဒီ ကောသလမင်း၏ ဖခမည်းတော် မဟာကောသလမင်းကြီး၏ ပုရောဟိတ်ကြီး၏သားဖြစ်၍ အမည်အားဖြင့် ဗာဝရီဟူ၍ မည်တွင်လေသည်။ ထိုဗာဝရီပုဏ္ဏားကား မဟာပုရိသလက္ခဏာကြီး သုံးပါးတို့နှင့်လည်း ပြည့်စုံသူဖြစ်၏။ ဗေဒင်သုံးခဏ်း ကမ်းဆုံးရောက် တတ်မြောက်သူလည်း ဖြစ်၏။ ထိုဗာဝရီ ပုဏ္ဏားသည် ခမည်းတော် ပုရောဟိတ်ကြီး ကွယ်လွန်သောအခါ မဟာကောသလမင်းကြီး၏ ပုရောဟိတ်ရာထူးကို ရရှိလေ၏။ ကြွင်းကျန်သည့် တသောင်း ခြောက်ထောင် တကျိပ် ခြောက်ယောက်သော တပည့်တို့သည်လည်း သာဝတ္ထိပြည်မှာပင် ပုဏ္ဏားမျိုး၌ ဖြစ်ကြလေကုန်၏။ ထိုတသောင်း ခြောက်ထောင် တကျိပ်ခြောက်ယောက်တို့တွင်-

“အဇိတော တိဿမေတ္တေယျော၊

ပုဏ္ဏကော, အထ မေတ္တဂူ။

ဓောတကော, ဥပသီဝေါ စ၊

နန္ဒော စ အထ ဟေမကော။

တောဒေယျ, ကပ္ပါ ဒုဘယော၊

ဇတုကဏ္ဏီ စ ပဏ္ဍိတော။

ဘဒြာဝုဓော, ဥဒယော စ၊

ပေါသာလော စာပိ ဗြာဟ္မဏော။

မောဃရာဇာ စ မေဓာဝီ၊

ပိင်္ဂိယော စ မဟာဣသိ”–

ဟူသော (ခု ၁၊ မျက်နှာ ၄၃၁-၄၃၂-လာ) ဂါထာအတိုင်း (၁) အဇိတလုလင် (၂) တိဿမေတ္တေယျလုလင် (၃) ပုဏ္ဏကလုလင် (၄) မေတ္တဂူလုလင် (၅) ဓောတကလုလင် (၆) ဥပသီဝလုလင် (၇) နန္ဒလုလင် (၈) ဟေမကလုလင် (၉) တောဒေယျလုလင်



၆၁၃

(၁၀) ကပ္ပလုလင် (၁၁) ဇတုကဏ္ဏီလုလင် (၁၂) ဘဒြာဝုဓလုလင် (၁၃) ဥဒယလုလင် (၁၄) ပေါသာလလုလင် (၁၅) မောဃရာဇလုလင် (၁၆) ပိင်္ဂိယလုလင် = ဤတကျိပ် ခြောက်ယောက်သော တပည့်ကြီးတို့သည် ဗာဝရီဆရာကြီးအထံ၌ အတတ်ပညာ သင်ယူကြကုန်၏။ ကျန်သော (၁၆၀၀၀) တသောင်း ခြောက်ထောင်သော တပည့်တို့သည် ထိုလက်စောင်တပည့်ကြီး တကျိပ်ခြောက်ယောက်တို့အထံ၌ အသီးအသီး တထောင်စီ ပညာသင်ကြကုန်၏။ ဤသို့လျှင် ထိုဆရာတပည့်ပေါင်း (၁၆၀၁၇) တသောင်း ခြောက်ထောင် တကျိပ် ခုနစ်ဦးလုံးတို့ပင် ဤနောက်ဆုံး ပစ္ဆိမဘဝ၌ တဖန်ပြန်၍ ပေါင်းမိကြပြန်လေ၏။ (ဖော်ပြရာပါ တပည့်ကြီး တကျိပ်ခြောက်ယောက်တွင် အမှတ်-၁၅ မောဃရာဇလုလင်သည်ပင် နောက်တချိန်၌ အရှင်မောဃရာဇမထေရ် ဖြစ်လာမည်ကို ကြိုတင် သတိချပ် သိမှတ်ထားနှင့်ရာ၏)။

ဗာဝရီပုရောဟိတ်ဆရာကြီး တပည့်တို့နှင့်တကွ

ရသေ့ရဟန်းပြုခြင်း

     မဟာကောသလမင်းကြီး နတ်ရွာစံပြီးသောအခါ သားတော် ပသေနဒိ ကောသလမင်းကို မင်းအဖြစ်၌ အဘိသိက်ရေချမ်း သွန်းဖျန်းကြကုန်၏။ ဗာဝရီပုရောဟိတ် ဆရာကြီးသည် ပသေနဒိ ကောသလမင်း၏ လက်ထက်၌လည်း ပုရောဟိတ်ဆရာကြီးပင် ဆက်၍ ဖြစ်လေ၏၊ ပသေနဒိ ကောသလမင်းသည် ခမည်းတော် မဟာကောသလမင်းကြီး ပေးအပ်သော စည်းစိမ်အပြင် မိမိလက်ထက်၌ အခြား များစွာသော စည်းစိမ်ကိုလည်း ဗာဝရီ ပုရောဟိတ်ဆရာကြီးအား ပေးကမ်းချီးမြှောက် ပူဇော်လေသည်။ မှန်၏- ပသေနဒိ ကောသလမင်းသည် အသက်အရွယ် ငယ်စဉ်အခါ ဗာဝရီဆရာကြီး၏ အထံမှာပင် အတတ်ပညာကို သင်ယူခဲ့ရလေသည်။ (ထို့ကြောင့် ဗာဝရီဆရာကြီးသည် ပသေနဒိ ကောသလမင်း၏ အကြီးတော်လည်းဖြစ် ပုရောဟိတ်လည်း ဖြစ်ရကား ထိုဆရာကြီးအား ပသေနဒိ ကောသလမင်းသည် ခမည်းတော် မဟာကောသလမင်းကြီး ပေးခဲ့ရင်းဖြစ်သော စည်းစိမ်အပြင်



၆၁၄

အခြား များစွာသော စည်းစိမ်ကိုလည်း ပေးကမ်းချီးမြှောက် ပူဇော်လေသည်)။

     တနေ့သ၌ ဗာဝရီဆရာကြီးသည် ဆိတ်ငြိမ်ရာသို့ ကပ်ရောက်လျက် မိမိ၏ ဗေဒင်အတတ်ပညာ အနှစ်သာရကို ကြည့်ရှုဆင်ခြင်လေလျှင် တမလွန်လောက၌ သုံးဆောင်ခံစံရမည့် အနှစ်သာရကို မတွေ့မြင်၍ “ရသေ့ရဟန်းပြုလုပ်ကာ တမလွန်လောကအတွက် အနှစ်သာရကို ငါ ရှာကြံတော့အံ့”ဟု ကြံစည်ဆင်ခြင်ပြီးလျှင် ပသေနဒိ ကောသလမင်းထံ သွားရောက်၍ “မြတ်သောမင်းကြီး.. ငါသည် ရသေ့ရဟန်း ပြုတော့အံ့”ဟု ပြောဆိုလေ၏။ ကောသလမင်းကြီးက “ဆရာကြီး.. ဆရာကြီးတို့ ရှိနေလျှင် ကျွန်ုပ်၏ ဖခမည်းတော် မင်းတရား မားမားမတ်မတ် ရပ်တည်နေသကဲ့သို့ ဖြစ်ပါသည်၊ ရဟန်းပြုတော် မမူကြပါလင့်”ဟု တားမြစ်စကား ပြောကြားလေလျှင် ပါရမီအာနုဘော် လှုံ့ဆော်အပ်ရကား ဗာဝရီဆရာကြီးသည် “မြတ်သောမင်းကြီး.. (ငါ့အဖို့ရာ ရဟန်းမပြုပဲ နေရန်) မသင့်၊ ဧကန်ပင် ရဟန်းပြုပေအံ့”ဟု အတင်းအကြပ် ပြောဆိုလေ၏။ ပသေနဒိ ကောသလမင်းကြီးသည် တားမြစ်ရန် မတတ်နိုင်ရကား နောက်ဆုံး၌ “ဆရာကြီး.. ထိုသို့ဖြစ်လျှင် ညဉ့်နံနက် အလိုရှိသောအချိန်၌ အကျွန်ုပ် အလွယ်တကူ ဖူးမြော် တွေ့ရှိနိုင်ရာ မင်းဥယျာဉ်၌ ရသေ့ရဟန်းပြု၍ နေတော်မူကြစေချင်ပါ၏”ဟု တောင်းပန်စကား ပြောကြားလေ၏။ ဆရာကြီးသည် တပည့်ငယ် တသောင်းခြောက်ထောင် အခြံအရံရှိကြသည့် လက်စောင်တပည့်ကြီး တကျိပ်ခြောက်ယောက်တို့နှင့် အတူတကွ ရသေ့ရဟန်း ပြုလုပ်၍ ကောသလမင်းကြီး၏ ဥယျာဉ်၌ နေထိုင်လေ၏။ ကောသလမင်းကြီးသည် ပစ္စည်းလေးပါးတို့ဖြင့် ထောက်ပံ့ပြုစုသည့်ပြင် ညဉ့်နံနက်မှန်မှန် ဆရာကြီးထံ ဆည်းကပ်ရန် သွားရောက်လေ၏။

     ထို့နောက် တနေ့သ၌ တပည့်တို့သည် ဆရာကြီးကို “ဆရာကြီး.. မြို့၏အနီး၌ နေရခြင်းမည်သည် ပလိဗောဓ ကြောင့်ကြများလှ၏။ ဆရာကြီး.. လူများ အသွားအလာပြတ်သည့် အရပ်သို့ သွားကြစို့၊



၆၁၅

မြို့ရွာနှင့်ဝေးသော အရပ်၌ နေရခြင်းမည်သည် ရသေ့ရဟန်းတို့ အဖို့ရာ လွန်စွာ ကျေးဇူးများလှပါသည်”ဟု တညီတညွတ်တည်း ပြောကြား အကြံပေးကြကုန်၏။ ဆရာကြီးသည် “ကောင်းပြီ”ဟု ဝန်ခံ၍ ကောသလမင်းကြီးအား ထိုအကြောင်းကို ပြောကြားလေ၏။ ကောသလမင်းကြီးသည် သုံးကြိမ်တိုင်တိုင် တားမြစ်၍ မရသည့်အဆုံး၌ အသပြာနှစ်သိန်း ပေးအပ်ပြီးလျှင် အမတ်နှစ်ယောက်တို့ကို “ရသေ့အပေါင်းတို့ နေထိုင်လိုရာ အရပ်၌ သင်္ခမ်းကျောင်း ဆောက်လုပ်၍ ပေးကြရမည်”ဟု အမိန့်ပေး၍ ထည့်လိုက်လေ၏။

     ဗာဝရီဆရာရသေ့ကြီးသည် တပည့်ရသေ့ပေါင်း တသောင်း ခြောက်ထောင် တကျိပ်ခြောက်ယောက်တို့ ဝန်းရံအပ်လျက် အမတ်တို့၏ အချီးအမြှောက် အပြုအစုကို ခံယူကာ သာဝတ္ထိပြည်မှ တောင်အရပ်မျက်နှာသို့ ရှေးရှူသွားလေ၏။ ထိုသို့သွားသည်ရှိသော် မဇ္ဈိမတိုက်၏ အပြင်ဖက် အဿကမင်း, အဠကမင်းတို့ စိုးပိုင်ရာ အဿကတိုင်း, အဠကတိုင်း = နှစ်တိုင်းတို့၏ အကြားဝယ် ဂေါဓာဝတီမြစ်ကြီး နှစ်မြွာကွဲ၍ သုံးယူဇနာ ကျယ်ဝန်းသော အလယ်ကျွန်းဖြစ်ရာ သီးပင်တောဖြင့် ဖုံးလွှမ်းအပ်သည့် ရှေးအခါ က သရဘင်္ဂ-အစရှိသော ရသေ့ဆရာကြီးတို့ နေထိုင်ရာအရပ်ကို တွေ့ရလေလျှင် ဗာဝရီ ရသေ့ဆရာကြီးသည် အမတ်တို့အား “ဤနေရာကား ရှေးရသေ့ရဟန်းတို့ နေရာဖြစ်၍ ရဟန်းတို့အား သင့်လျောက်ပတ်၏”ဟု ပြောကြားသိစေလေ၏။

     အမတ်တို့သည် မြေနေရာကို ရယူရန် အဿကမင်းအား အသပြာတသိန်း, အဠကမင်းအား အသပြာတသိန်းကို ပေးဆက်ကြကုန်၏၊ ထိုမင်းနှစ်ပါးတို့ကလည်း ထိုသုံးယူဇနာရှိသော အရပ်အပြင် နောက်ထပ်၍ နှစ်ယူဇနာ ကျယ်ဝန်းသောအရပ် ဤသို့အားဖြင့် အလုံးစုံ ၅-ယူဇနာမျှ ကျယ်ဝန်းသောအရပ်ကို ကျေကျေနပ်နပ်ပင် ပေးကြလေကုန်၏။ သာဝတ္ထိပြည်မှ လိုက်ပါလာကြသော အမတ်နှစ်ယောက်တို့သည် ထိုအရပ်၌ သင်္ခမ်းကျောင်းတိုက် (ရသေ့ကျောင်းတိုက်) အရာမ်ကို ဆောက်လုပ်စေကြပြီးလျှင်



၆၁၆

သာဝတ္ထိပြည်မှ နောက်ထပ် အခြားဥစ္စာများကိုလည်း ယူဆောင်စေကြ၍ ဆွမ်းခံကြီး တည်ထားပြီးလျှင် ပြန်သွားကြလေ၏ (ဤကား သုတ္တနိပါတ်အဋ္ဌကထာ အဆိုတည်း)။ (အင်္ဂုတ္တိုရ် အဋ္ဌကထာ အလိုမှာ) အမတ်တို့ ရသေ့ကျောင်းတိုက် တည်ဆောက်ပြီး ပြန်သွားကြသည့်နောက် တနေ့သ၌ ယောက်ျားတယောက်သည် ရသေ့တို့ကို ဖူးမြော်ရန် လာရောက်ပြီးလျှင် ထိုရသေ့တို့ ခွင့်ပြုချက်အရ ထိုရသေ့တို့ပိုင်သည့် မြေအရပ်၌ မိမိ၏နေအိမ်ကို ဆောက်လုပ်နေထိုင်လေ၏၊ ထိုလူနေအိမ်ဆောက်၍ နေသည်ကို မြင်၍ အခြားအိမ်ထောင်သည် တရာတို့ကလည်း ထိုအရပ်၌ အိမ်ပေါင်းတရာ ဆောက်လုပ် နေထိုင်ကြလေ၏။ ဤနည်းဖြင့် ထိုဗာဝရီ ရသေ့ဆရာကြီးကို အကြောင်းပြု၍ ရွာကြီးသည် တနေ့တခြား ကြီးမားပြန့်ပြော စည်ပင်၍ လာလေ၏။ တပည့်တို့နှင့် တကွသော ဗာဝရီ ရသေ့ဆရာကြီးသည် ထိုရွာကြီး၌ ဆွမ်းခံခြင်းဖြင့်၎င်း, ရံခါ တောသစ်သီးတို့ကို ရှာမှီးသုံးဆောင်ခြင်းဖြင့်၎င်း ချမ်းသာစွာ နေထိုင်လေ၏။

ဗာဝရီဆရာကြီး နှစ်စဉ် အသပြာတသိန်း

အလှူကြီးပေးခြင်း

     ထိုဂေါစရဂါမ်ရွာကြီး၌ လယ်လုပ်မှု- အစရှိသည်ဖြင့် နှစ်စဉ် အခွန်တသိန်း ဖြစ်လေသည်။ ထိုအခွန်ဘဏ္ဍာ အသပြာတသိန်းကို ယူဆောင်ကြ၍ ထိုရွာနေ သူကြွယ်တို့သည် အဿကမင်းထံသို့ “အရှင်မင်းကြီးသည် ဤအခွန်အသပြာကို လက်ခံ သာယာတော်မူပါလော့”ဟု သွားရောက် ပြောဆို ပို့သကြကုန်၏။ အဿကမင်းသည် “ဤအခွန်အသပြာ တသိန်းကို ငါ လက်မခံလို မသာယာလို၊ ဗာဝရီဆရာကြီး၏ အထံသို့သာ ပို့ဆောင်ကြကုန်လော့”ဟု ငြင်းပယ်စကား ပြောကြားလိုက်လေ၏။ သူကြွယ်တို့သည် ထိုအသပြာတသိန်းကို ဗာဝရီဆရာကြီးထံသို့ ယူဆောင်လာကြလေသော် ဆရာကြီးက “အဘယ်အလို့ငှါ ဤအသပြာတို့ကို ယူဆောင်ခဲ့ကုန်သနည်း”ဟု မေးသဖြင့် သူကြွယ်တို့သည် “အရှင်ဆရာကြီး.. အကျွန်ုပ်တို့ အရှင်ဆရာကြီးများပိုင် မြေအရပ်၌ ချမ်းသာစွာ စားသောက်လုပ်ကိုင် နေထိုင်ရခြင်းအတွက်



၆၁၇

ကျေးဇူးတုံ့ဆပ် ပေးလှူရန်အလို့ငှါ ယူဆောင်အပ်ခဲ့ပါကုန်သည်”ဟု ပြန်ကြား လျှောက်ထားကြလေကုန်၏။ ဗာဝရီဆရာကြီးက “ငါသည် အကယ်၍ ရွှေငွေကို အလိုရှိလျှင် များစွာသော ဥစ္စာစုကို စွန့်ပယ်၍ ရသေ့ရဟန်းပြုမည်မဟုတ် = ရွှေငွေကို အလိုမရှိ၍သာ များစွာသော ဥစ္စာကို စွန့်၍ ရသေ့ရဟန်း ပြုခဲ့ပေသည်၊ သင်တို့၏ဥစ္စာကို ယူဆောင်၍သာ သွားကြလော့”ဟု မြစ်ပယ်စကား မိန့်ကြားလေလျှင် သူကြွယ်တို့သည် “တပည့်တော်တို့သည် အရှင်မြတ်အား စွန့်လှူအပ်ပြီးသော ဥစ္စာကို တဖန်ပြန်၍ မယူကြပါကုန်၊ စင်စစ်သော်ကား နှစ်စဉ်နှစ်တိုင်းပင် ဤနည်းဖြင့် အသပြာ တသိန်း တသိန်း ဆောင်ကြပါမည်၊ ဤအသပြာတို့ကို လက်ခံတော်မူ၍ အရှင်ဆရာကြီးသည် အလှူဒါနကို ပေးလှူစေချင်ပါသည်”ဟု တောင်းပန် လျှောက်ထားကြကုန်၏။ ဗာဝရီ ရသေ့ဆရာကြီးသည် ငြင်းဆန်၍ မရသည့်အဆုံး၌ ထိုအသပြာတသိန်းကို လက်ခံလိုက်ရ၍ အထီးကျန်ကပ္ပါး ဆင်းရဲသား, ခရီးသွား, ဖုန်းတောင်း, ယာစကာတို့အား ထိုအသပြာတသိန်းကို ပေးစွန့်လှူဒါန်းခြင်းအမှု နှစ်စဉ် နှစ်စဉ် ပြုလေ၏။ ထိုဆရာကြီး၏ နှစ်စဉ် နှစ်စဉ် အသပြာ တသိန်း တသိန်း မဟာဒါနကြီး ပေးစွန့် လှူဒါန်းကြောင်း သတင်းကောင်းသည် အဆင့်ဆင့် ဇမ္ဗူဒိပ်ကျွန်းအလုံး၌ ပြန့်နှံ့ထင်ရှား ကျော်ကြား၍နေလေ၏။

လူလိမ်ပုဏ္ဏားတယောက် လာရောက် ခြောက်လှန့်ခြင်း

     ဤသို့လျှင် ဗာဝရီဆရာကြီးသည် နှစ်စဉ်နှစ်စဉ် အလှူကြီးပေးလှူ၍ လာခဲ့ရာ တခုသောနှစ်၌ ထိုအလှူကြီး ပေးလှူပြီးနောက် ထိုရွာမှ ထွက်ခဲ့၍ မိမိ၏ သင်္ခမ်းကျောင်းသို့ ဝင်ရောက်ပြီးလျှင် “ငါသည် အလှူကြီးကို ကောင်းမွန်အောင်မြင်စွာ ပေးလှူအပ်လေပြီ”ဟု မိမိ၏ အလှူဒါနကို ဝမ်းမြောက်စွာ အောက်မေ့ကာ လျောင်းစက်၍ နေလေ၏။ ထိုခဏ၌ ကလိင်္ဂတိုင်း ဒုန္နိဝိဋ္ဌမည်သော ပုဏ္ဏားရွာဝယ် ဇူဇကာပုဏ္ဏား၏ အနွယ်အဆက်၌ဖြစ်သော လူလိမ်ပုဏ္ဏားတယောက်၏ အိမ့်ရှင်ပုဏ္ဏေးမသည် ခဏခဏ အပြစ်ကိုဖော်ပြလျက် ထိုလူလိမ်ပုဏ္ဏားကို “ဗာဝရီပုဏ္ဏားကြီးသည်



၆၁၈

အလှူကြီး ပေးနေသတဲ့၊ သင်သွားရောက်၍ ထိုအလှူပေးရာအရပ်မှ ရွှေငွေကို ဆောင်ခဲ့လော့”ဟု မောင်းမဲပြောဆိုလေ၏။ လူလိမ်ပုဏ္ဏားသည် ပုဏ္ဏေးမက အပြစ်တင်ပြ မောင်းမဲ ပြောဆိုအပ်ရကား ရပ်တည်၍ မနေနိုင်တော့ပဲ ဗာဝရီဆရာကြီးထံသို့ သွားရောက်လေရာ ရှေးဖော်ပြရာပါ (ဗာဝရီဆရာကြီး မိမိ၏အလှူကို ဝမ်းမြောက်စွာ အောက်မေ့နေသော) အချိန်၌ ဆိုက်ရောက်လာလေ၏။

     ထိုသို့ ဆိုက်ရောက်လာပြီး ထိုလူလိမ်ပုဏ္ဏားသည် “အို ဗာဝရီပုဏ္ဏား.. ငါ့အား အလှူဒါနကို ပေးလော့၊ အို ဗာဝရီပုဏ္ဏား.. ငါ့အား အလှူဒါနကို ပေးလော့”ဟု တစာစာတောင်းရမ်းလေ၏။ ဗာဝရီဆရာကြီးက “အိုပုဏ္ဏား.. သင်ကား အခါမဟုတ်မှ နောက်ကျ၍ ရောက်လာဘိ၏၊ ငါသည် ရောက်ဆိုက်လာသော အလှူခံပုဂ္ဂိုလ်တို့အား ပေးလှူအပ်ပြီးလေပြီ၊ ယခုအခါ ငါ့မှာ အသပြာမရှိတော့ချေ”ဟု ပြောဆိုလေလျှင် လူလိမ်ပုဏ္ဏားသည် “အိုဗာဝရီပုဏ္ဏား.. ငါသည် အသပြာများစွာတို့ကို အလိုမရှိပါ၊ ဤမျှလောက် အလှူဒါနကြီးကို ပေးလှူနေသော သင့်အဖို့ရာ အသပြာတို့နှင့် ကင်းကွာမှု ဘယ်နည်းနှင့်မျှ မဖြစ်နိုင်၊ ငါ့အား အသပြာငါးရာတို့ကို ပေးလော့”ဟု အတင်းအကြပ် တောင်းရမ်းလေ၏။ တဖန် ဗာဝရီဆရာကြီးက “အိုပုဏ္ဏား.. ငါ့မှာ အသပြာ ငါးရာတို့လည်း မရှိပါကုန် နောက်တဖန် လှူဒါန်းသောအချိန်သို့ ရောက်လတ်လျှင် သင်ရပါလိမ့်မည်”ဟု အပြေအလည်စကား ပြောကြားပြန်လေလျှင် လူလိမ်ပုဏ္ဏားသည် “ငါသည် သင်လှူဒါန်းသောအခါကာလကို စောင့်ဆိုင်းငံ့လင့်နေရမှာတဲ့လား”ဟု အမျက်ထွက်စကား ပြောကြားပြီးလျှင် နွားချေး, ပန်းနီ, သမန်းမြက်- စသည်တို့ကို ယူဆောင်ခဲ့၍ လျင်လျင်မြန်မြန် ဗာဝရီဆရာကြီး၏ သင်္ခမ်းကျောင်း တံခါးဝသို့ သွားရောက်လျက် နွားချေးဖြင့် မြေကိုလိမ်းကျံ, ပန်းနီတို့ကို ဖြန့်ကြဲ, သမန်းမြက်တို့ကို ခင်းပြီးနောက် မိမိ၏ လက်ဝဲခြေကို ကရားရေဖြင့်ဆေး၍ ခုနစ်လှမ်းမျှ



၆၁၉

လှမ်းသွားကာ မိမိ၏ ခြေပြင်ကို သုံးသပ်ဆုပ်နယ်လျက် မန္တန်စိပ်သည့်အဟန် နှုတ်ခမ်းကို တဆတ်ဆတ် လှုပ်ပြီးသော်-

“သစေ မေ ယာစမာနဿ၊ ဘဝံ နာနုပဒဿတိ။

သတ္တမေ ဒိဝသေ တုယှံ၊ မုဒ္ဓါ ဖလတု သတ္တဓာ။

ယာစမာနဿ = တောင်းခံသော။ မေ = ငါ့အား။ ဘဝံ = အရှင် ဗာဝရီပုဏ္ဏားသည်။ သစေ နာနုပဒဿတိ = အသပြာငါးရာ အကယ်၍ မပေးပါအံ့။ သတ္တမေ ဒိဝသေ = ယနေ့မှနောက် ခုနစ်ရက်မြောက်သော နေ့၌။ တုယှံ = သင် ဗာဝရီပုဏ္ဏား၏။ မုဒ္ဓါ = ဦးခေါင်းဦးထိပ်သည်။ သတ္တဓာ = ခုနစ်စိတ် ခုနစ်မြွာ။ ဖလတု = ကွဲစေသတည်း” -

ဤကဲ့သို့ ကျိန်ဆဲသည့်ဂါထာကို ရွတ်ဆိုလေ၏။

     ထိုအခါ ဗာဝရီဆရာကြီးသည် “ထိုပုဏ္ဏား၏ စကားသည် တရံတခါ မှန်သော်မူ မှန်လေရာ၏”ဟု စဉ်းစားအောက်မေ့ကာ ပြင်းစွာ စိတ်ပူပန်လျက် အိပ်ရာ ညောင်စောင်းထက်ဝယ် လျောင်း၍ နေလေ၏။ ထိုသို့နေစဉ် သန်းခေါင်ယံအချိန်၌ အခြား လွန်ခဲ့သောဘဝက ဗာဝရီဆရာကြီး၏ အမိဖြစ်ခဲ့ဘူးသော နတ်သမီး (သင်္ခမ်းကျောင်းစောင့် နတ်သမီး)သည် မိမိ၏သား စိုးရိမ်ပူဆွေးနေသည်ကို သိမြင်၍ အနီးသို့ ရောက်လာပြီးလျှင်-

“န သော မုဒ္ဓံ ပဇာနာတိ၊ ကုဟကော သော ဓနတ္ထိကော။

မုဒ္ဓနိ မုဒ္ဓပါတေ ဝါ၊ ဉာဏံ တဿ န ဝိဇ္ဇတိ။

တာတ = ချစ်သား ဗာဝရီ..။ သော = ထိုပုဏ္ဏားသည်။ မုဒ္ဓံ = မုဒ္ဓမည်ငြား ဦးခေါင်း ဦးထိပ်ခေါ်သော တရားကို။ န ပဇာနာတိ = ပိုင်းခြားထင်ထင် မသိမြင်ချေ။ သော = သင့်ထံရောက်ငြား ထိုပုဏ္ဏားသည်။ ဓနတ္ထိကော = သင့်ဥစ္စာကို သက်သက် အလိုရှိသော။ ကုဟကော = သင့်ကိုလှည့်ဖြား လူလိမ်ပုဏ္ဏားတည်း။ မုဒ္ဓနိ ဝါ = မုဒ္ဓမည်ငြား ဦးခေါင်းဦးထိပ် တရား၌၎င်း။ မုဒ္ဓပါတေ ဝါ = မုဒ္ဓါဓိပါတ



၆၂၀

နာမခေါ်ရိပ် ထိုဦးထိပ်ကို ခွဲစိတ်နိုင်တောင်း တရားကောင်း၌၎င်း။ ဉာဏံ = အသိဉာဏ်သည်။ တဿ = ထို ကောက်ကျစ်လှည့်ဖြား လူလိမ်ပုဏ္ဏား၏ (သန္တာန်၌)။ န ဝိဇ္ဇတိ = တစိုးတစိ မရှိချေ” -

ဤသို့ ရှင်းလင်းပြောပြလေ၏။ ထိုအခါ ဗာဝရီဆရာကြီးသည် ထိုအမိဟောင်း နတ်သမီးကို “အို မိခင်နတ်သမီး.. အရှင် မိခင်နတ်သမီးသည် မုဒ္ဓ = ဦးခေါင်း ဦးထိပ်မည်သော တရား, မုဒ္ဓါဓိပါတ = ထိုဦးခေါင်းဦးထိပ်ကို ခွဲစိတ်ဖောက်ထွင်းနိုင်သော တရား = ဤနှစ်ပါးကို အကယ်၍ သိမြင်ပါလျှင် အကျွန်ုပ်အား ဟောကြား ဖြေဆိုပါလော့၊ မိခင်ဟောကြား ထိုတရားစကားကို အကျွန်ုပ်တို့ နာကြားပါရစေ”ဟု တောင်းပန်စကား ပြောကြားလေ၏၊ (ဆိုင်ရာဂါထာကို သုတ္တနိပါတပါဠိ ခု ၁၊ မျက်နှာ ၄၃၀-မှ ထုတ်နုတ် မှတ်ယူကုန်ရာ၏)။ နတ်သမီးက “ချစ်သားဗာဝရီ.. ဤတရားနှစ်မျိုးကို မိခင်လည်း မသိမမြင်ပါ၊ ဤတရားနှစ်မျိုး၌ အသိဉာဏ်သည် ငါမိခင်မှာ မရှိပါ။ မုဒ္ဓ, မုဒ္ဓဓိပါတ ဤတရားနှစ်မျိုး၌ သိမြင်သော အသိဉာဏ်ကား ဘုရားတို့မှာသာလျှင် ရှိပါ၏”ဟု ပြောဆိုလေလျှင် ဗာဝရီဆရာကြီးသည် “မိခင်တို့မှ မသိလျှင် အဘယ်သူသည် မုဒ္ဓ, မုဒ္ဓဓိပါတ = ဤတရားနှစ်မျိုးကို သိပါသနည်း၊ ထိုသိသောသူကို အကျွန်ုပ်အား ညွှန်ကြားပါလော့”ဟု တဖန် တောင်းပန်လေ၏။ နတ်သမီးက သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား မြတ်စွာဘုရားသည် သိမြင်ကြောင်းကို ဖြေကြားလေလျှင် ဗာဝရီဆရာကြီးသည် ဘုရားဟူသော စကားကို ကြားရလျှင် ပင် သောကငြိမ်းပျောက် အလွန်လျှင် ဝမ်းမြောက်လျက် “ယခုအခါ မြတ်စွာဘုရား အဘယ်အရပ်၌ သီတင်းသုံးနေပါသနည်း”ဟု မေးမြန်း၍ နတ်သမီးကလည်း သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ မြတ်စွာဘုရား သီတင်းသုံး နေတော်မူကြောင်းကို ဖြေကြား ပြောဆိုလေသည်။

     ဗာဝရီဆရာကြီးသည် နံနက်မိုးသောက် နောက်တနေ့ အရုဏ်တက်လျှင်ပင် မိမိ၏ လက်စောင်ကပည့်ကြီး



၆၂၁

တဆယ့်ခြောက်ယောက်လုံးတို့ကို ခေါ်၍ “အမောင်တို့.. လောက၌ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူနေပြီတဲ့၊ အမောင်တို့သည် လျင်စွာ သွားကြ၍ ဘုရား ဟုတ်,မဟုတ် သိအောင် စုံစမ်းပြီးလျှင် ငါ့ထံသို့ တဖန်ပြန်လာ၍ ပြောကြားကြပါဦး၊ ငါသည် မြတ်စွာဘုရားထံတော်သို့ လိုက်ပါပေအံ့၊ စင်စစ်သော်ကား အသက်အရွယ်ကြီးလှပြီ ဖြစ်သောကြောင့် ငါ၏ အသက်အန္တရာယ်ကား သိနိုင်ခဲလှ၏။ အမောင်တို့သည် ဘုရားရှင်အထံတော်သို့ သွားရောက်ကြ၍ ဤနည်းဤနည်းဖြင့် ပြဿနာတို့ကို မေးကြကုန်လော့”ဟု အမေးပုစ္ဆာ ခုနစ်ချက်ပါသည့် “မုဒ္ဓဖာလန”မည်သော (တနည်း- မုဒ္ဓဓိပါတ-မည်သော) ပြဿနာကို မေးမြန်းပုံနှင့်တကွ အပြည့်အစုံ သင်ကြား၍ ပေးလေ၏။ (နောက်၌ ထင်ရှားလတ္တံ့)။

(အထူးမှတ်ရန်မှာ- ဗာဝရီဆရာကြီး ဂေါဓာဝရီမြစ်ကမ်း သင်္ခမ်းကျောင်း၌နေစဉ် ရှစ်နှစ်လွန်မြောက်သောအခါ၌ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူလေသည်။ ။သုတ္တနိပါတ ဋ္ဌ ၂။ မျက်နှာ ၂၉၇-မှ)။

     ထို့နောင်မှ ဗာဝရီဆရာကြီးသည် “ဤငါ၏တပည့်ကြီး လုလင် တဆယ့်ခြောက်ဦးစလုံးတို့ပင် ပညာရှိသူများ ဖြစ်ကြလေသည်။ မြတ်စွာဘုရား၏ တရားစကားကို ကြားနာကြရ၍ မိမိတို့၏ ရဟန်းကိစ္စ အထွတ်အထိပ်မြောက် ရောက်လတ်လျှင် တဖန် ငါ့အထံသို့ ပြန်လိုမူလည်း ပြန်လာကြလိမ့်မည်။ မပြန်လာပဲသော်မူလည်း ရှိကြလိမ့်မည်”ဟု ကြံစည် ဆင်ခြင်ပြီးလျှင် မိမိ၏တူ ပိင်္ဂိယအမည်ရှိသော လုလင်အား “အမောင်ပိင်္ဂိယ ငါ့တူ.. သင်သည်ကား ဧကန်ပင် ငါ့အထံသို့ တဖန် ပြန်လာခြင်းငှါ ထိုက်၏။ သင်ရအပ်သော လောကုတ္တရာ ဂုဏ်ကျေးဇူးကို ငါ့အား တဖန်ပြန်၍ ဟောကြားပါဦး”ဟု အထူး မှာတမ်းလိုက်လေသည်။

     ထို့နောက် တပည့်ရသေ့ပေါင်း တသောင်းခြောက်ထောင်တို့သည် အဇိတလုလင် (တပည့်ကြီး)ကို အကြီးအမှူး ဦးစီးဥက္ကဋ္ဌပြု၍ တပည့်ကြီး တဆယ့်ခြောက်ယောက်တို့နှင့် အတူတကွ ဆရာကြီးဗာဝရီကို ရိုသေမြတ်နိုး ရှိခိုးအရိုအသေပြုကြ၍ ထိုရသေ့သင်္ခမ်းကျောင်းတိုက်မှ မြောက်အရပ်သို့ ရှေးရှု ထွက်ခဲ့ကြကုန်၏။



၆၂၂

(ထိုရသေ့တို့သည် အဠကမင်း၏ စိုးပိုင်ရာ မာဟိဿတိပြည်, ဥဇ္ဇေနီပြည်, ဂေါနဒ္ဓပြည်, ဝေဒိသပြည်, ပဝနပြည်, ကောသမ္ဗီပြည်, သာကေတပြည်, သာဝတ္ထိပြည်, သေတဗျပြည်, ကပိလဝတ်ပြည်, ကုသိနာရုံပြည်, ပါဝါပြည်, ဘောဂပြည်, ဝေသာလီပြည်, မဂဓတိုင်း ရာဇဂြိုဟ်ပြည် = ဤပြည်တို့သို့ အစဉ်အတိုင်း တပြည်၀င် တပြည်ထွက် ယူဇနာပေါင်းများစွာ ခရီးဆက်ခဲ့ကြလေသည်)။

     ထိုရသေ့တို့ ရောက်ရာ ရောက်ရာ ဌာနတို့၌ လူအများက “အရှင်ဘုရားတို့.. အဘယ်အရပ်သို့ ကြွကြမည်နည်း”ဟု မေးမြန်းကြ၍ “ငါတို့သည် မြတ်စွာဘုရား အထံတော်သို့ ပြဿနာမေးလျှောက်ရန် သွားရောက်ကြကုန်အံ့”ဟု ဖြေကြားကြသဖြင့် ထိုထို ရောက်ရာ ရောက်ရာ ဌာနတို့မှ လူအများ စုရုံး၍ လိုက်ပါလာကြ သည်မှာ ကောသမ္ဗီပြည်မှ သာကေတပြည်သို့ ရောက်လာကြလျှင်ပင် ပရိသတ်ကား ခြောက်ယူဇနာမျှ ရှိလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “ဗာဝရီ၏တပည့် ရသေ့တို့သည် လူများအပေါင်းကို တိုးပွါးစေလျက် လာရောက်ကြကုန်၏။ ထိုရသေ့တို့၏ ဣန္ဒြေများကား ရင့်ကျက်ခြင်းသို့ မရောက်ကြကုန်သေး၊ ဤသာဝတ္ထိအရပ်သည်လည်း ထိုရသေ့တို့အဖို့ရာ သပ္ပါယအရပ် မဟုတ်ချေ။ စင်စစ်သော်ကား မဂဓတိုင်း ပါသာဏကစေတီအရပ်သည် ထိုရသေ့တို့၏ သပ္ပါယအရပ် ဖြစ်သည်၊ မှန်၏- ထိုအရပ်၌ ငါဘုရား တရားဟောလျှင် လူများအပေါင်း၏ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခြင်းသည်လည်း ဖြစ်ပေလိမ့်မည်။ ထိုရသေ့တို့သည်လည်း ပြည်အားလုံးတို့သို့ဝင်၍ လာရောက်ကြလျှင် အလွန်များစွာသော လူအပေါင်းဖြင့် လာရောက်ကြလိမ့်မည်”ဟု ဆင်ခြင်တော်မှု၍ ရဟန်းအပေါင်း ခြံရံအပ်လျက် သာဝတ္ထိပြည်မှ ရာဇဂြိုဟ်ပြည်သို့ ရှေးရှုအလျင် ကြွနှင့်တော်မူလေ၏။

     ထိုရသေ့တို့သည်လည်း သာဝတ္ထိပြည်သို့ရောက်၍ ဇေတဝန် ကျောင်းတိုက်တော်သို့ ဝင်ပြီးလျှင် “အဘယ်သူသည် မြတ်စွာဘုရားပါနည်း၊ ယခုအခါ မြတ်စွာဘုရားသည် အဘယ်အရပ်၌



၆၂၃

နေပါသနည်း”ဟု စုံစမ်း ရှာဖွေကြသည်ရှိသော် ဂန္ဓကုဋီကျောင်းတော်၏ အနီးသို့ ရောက်ကြ၍ (ထိုရသေ့တို့မြင်အောင် မြတ်စွာဘုရားရှင် အဓိဋ္ဌာန်တော်မူ၍ ချထားတော်မူအပ်သော) ဘုရားခြေတော်ရာကို မြင်ကြလေလျှင်-

ရတ္တဿ ဟိ ဥက္ကုဋိကံ ပဒံ ဘဝေ၊

ဒုဋ္ဌဿ ဟောတိ အဝကဍ္ဎိတံ ပဒံ။

မူဠှဿ ဟောတိ သဟသာနုပီဠိတံ၊

ဝိဝဋစ္ဆဒဿ ဣဒမီဒိသံ ပဒံ။

ရာဂများသူ၏ ခြေရာသည် အလယ်က မထိပဲ ရှိတတ်၏။

ဒေါသများသူ၏ ခြေရာသည် နောက်သို့ ငင်သကဲ့သို့ ရှိ၏။

မောဟများသူ၏ ခြေရာသည် ခြေဖျားဖနောင့်တို့ဖြင့် ဖိ၍နင်းသကဲ့သို့ ရှိ၏။

ယခု တွေ့မြင်ရသော ဤခြေရာကား ကိလေသာအမိုး ဖျက်ချိုး ဖွင့်လှစ်ပြီးသူ သဗ္ဗညူ မြတ်စွာဘုရား၏ ခြေတော်ရာဖြစ်၏။

ဟူသော ဤဂါထာအရ “ဤခြေတော်ရာ့ရှင်ကား သဗ္ဗညူဗုဒ္ဓ မြတ်စွာဘုရားတည်း”ဟု ဆုံးဆုံးဖြတ်ဖြတ် သိမှတ်ကြလေကုန်၏။

     မြတ်စွာဘုရားသည်လည်း အစဉ်အတိုင်း သေတဗျပြည်, ကပိလဝတ်ပြည်- စသည်တို့သို့ ဝင်တော်မူ၍ လူအပေါင်းကို တိုးပွါးစေတော်မူကာ မဂဓတိုင်း ရာဇဂြိုဟ်ပြည် ပါသာဏစေတီသို့ ဆိုက်ရောက်တော်မူလေ၏။ ရသေ့တို့သည်လည်း ထိုသို့ဆုံးဖြတ် သိမှတ်ပြီးသော ခဏမှာပင် သာဝတ္ထိမှ ထွက်ခဲ့၍ ထိုသေတဗျပြည်, ကပိလဝတ်ပြည်- အစရှိသော အလုံးစုံသော ပြည်တို့သို့ ဝင်ရောက်ကြကာ အစဉ်သဖြင့် မဂဓတိုင်း ရာဇဂြိုဟ်ပြည် ပါသာဏကစေတီသို့ ရောက်ဆိုက်ကြလေကုန်၏။

(ပါသာဏကစေတီ ဟူသည်မှာ ဘုရားပွင့်တော်မမူမီ ရှေးအခါက ကြီးစွာသော ကျောက်ဖျာထက်၌ နတ်ကွန်းရှိလေသည်။ မြတ်ဘုရားရှင် ပွင့်ထွန်းတော်မူလာသောအခါ ထိုနေရာကို ဒါယကာတို့



၆၂၄

ကျောင်းဆောက်လုပ်၍ သာသနာတော်အား လှူဒါန်းလေသည်။ ထိုကျောင်းတိုက်သည် ရှေးအမည်ဟောင်းအတိုင်း “ပါသာဏကစေတီ”ဟူ၍ တွင်မည်လေသည်။

     ထိုပါသာဏကစေတီ၌ သိကြားမင်းသည် ကြိုတင်၍ တရားမဏ္ဍပ်ကြီး ဖန်ဆင်းထားအပ်လေသည်။ ရသေ့တို့သည် မြတ်စွာဘုရားရှင်ကို အမှီလိုက်လာကြရာ ညချမ်းသွားရမည့်ခရီးကို နံနက်, နံနက်သွားရမည့်ခရီးကို ညချမ်း ခရီးကြမ်းနှင်ခဲ့ကြသဖြင့် “ဤပါသာဏကစေတီ ကျောင်းတိုက်၌ မြတ်စွာဘုရား ရှိတော်မူ၏”ဟူ၍ ကြားသိကြရလေလျှင် အေးမြသောရေကို တွေ့သည့် ရေငတ်သူကဲ့သို၎င်း, ကြီးစွာသောလာဘ်ကို ရရှိသည့် ကုန်သည်ကဲ့သို့၎င်း, အရိပ်ကိုတွေ့ရှိသည့် ခရီးပန်းသူကဲ့သို့၎င်း အလွန့်အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရှိကြကာ ထိုပါသာဏကစေတီ ကျောင်းတိုက်ကုန်းသို့ အပြေးအလွှား တက်၍ သွားကြလေကုန်၏။

     ထိုအချိန်၌ မြတ်စွာဘုရားသည် ရဟန်းအပေါင်း ခြံရံအပ်လျက် တောအတွင်းဝယ် ခြင်္သေ့မင်း ဟောက်သကဲ့သို့ ရဟန်းတို့အား တရားဟောနေတော်မူဆဲ ဖြစ်၏။ အဇိတလုလင် (တပည့်ကြီးရသေ့)သည် ရောင်ခြည်တော်ခြောက်သွယ် လက္ခဏာတော် ကြီးငယ်တို့ဖြင့် တင့်တယ်လှစွာ နေစက်ဝန်း, လပြည့်ဝန်းပမာ တရားမဏ္ဍပ်၌ ထိုင်နေကာ တရားဟောလျက်ရှိသော မြတ်စွာဘုရားကို ဖူးတွေ့ရသည့်ပြင် မြတ်စွာဘုရားရှင်က “ရသေ့တို့.. အသို့နည်း = ဘယ့်နှယ်လဲ ဥတုဒဏ် ခံနိုင်ကြပါ၏လော” ဤသို့စသည်ဖြင့် ဝမ်းမြောက်ဖွယ်စကား မိန့်ကြားအပ်လေလျှင် “အိုအရှင်ဂေါတမ.. အကျွန်ုပ်တို့သည် ဥတုဒဏ်ကို ခံနိုင်ကြပါ၏” ဤသို့စသည်ဖြင့် ကိုယ်တိုင်ကလည်း အစေ့အစပ်စကား ပြောကြားရသဖြင့် အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရှိကာ အပြစ်လွတ်ရာအရပ်က ရပ်တည်လျက် မိမိတို့ဆရာကြီး ဗာဝရီက မှာတမ်းလိုက်သည့်အတိုင်း (နှုတ်က မမြွက်မဆိုပဲ) စိတ်ဖြင့်သာ-

အာဒိဿ ဇမ္မနံ ဗြူဟိ၊ ဂေါတ္တံ ဗြူဟိ သလက္ခဏံ။

မန္တေသု ပါရမိံ ဗြူဟိ၊ ကတိ ဝါစေတိ ဗြာဟ္မဏော။



၆၂၅

(စိတ်ထဲကသာ ရည်ညွှန်းလျက်)- (၁) ကျွန်ုပ်တို့ဆရာကြီး၏ အသက်အရွယ်ကို ဟောဆိုပါလော့၊ (၂) ကျွန်ုပ်တို့ဆရာကြီးမှာ ရရှိသော မဟာပုရိသလက္ခဏာနှင့်တကွ (၃) ကျွန်ုပ်တို့ဆရာကြီး၏ အနွယ်ကို ဟောဆိုပါလော့၊ (၄) ကျွန်ုပ်တို့ ဆရာကြီး၏ ဝေဒကျမ်းတို့၌ တဖက်ကမ်းရောက် (=အပြီးအဆုံး တတ်မြောက်)ပုံကို ဟောဆိုပါလော့၊ (၅) ကျွန်ုပ်တို့ ဆရာပုဏ္ဏားသည် အဘယ်မျှလောက်သော တပည့်တို့ကို ဝေဒကျမ်းများ ကိုယ်တိုင် ပို့ချနေပါသနည်း-

ဟူ၍ မေးမြန်းလေ၏။ (အဇိတလုလင်ကို ဗာဝရီဆရာကြီးက ဤအမေးဂါထာကို သင်ပေးပြီး “ဤအမေး ဂါထာကို အမောင် စိတ်ဖြင့်သာမှတ်၍ မေးလေ၊ ဘုရားစင်စစ် ဧကန်ဖြစ်လျှင် အမောင်က စိတ်ဖြင့် မေးသည်ကို နှုတ်မြွက်၍ ဖြေဆိုလိမ့်မည်”ဟု မှာတမ်းလိုက်သည့်အတိုင်း အဇိတလုလင် (ခေါင်းဆောင်တပည့်ကြီး)သည် ဤဂါထာကို စိတ်ဖြင့်သာ အောက်မေ့မှတ်၍ ပြဿနာ၅-ရပ် မေးလေသည်)။

     ထိုအခါ မြတ်စွာဘုရားသည် အဇိတလုလင် စိတ်ဖြင့် မေးမြန်းအပ်သည့် ပြဿနာ၅-ရပ်ကို ဖြေဆိုတော်မူလိုသည်ဖြစ်၍-

ဝီသံ ဝဿသတံ အာယု၊ သော စ ဂေါတ္တေန ဗာဝရီ။

တီဏိဿ လက္ခဏာ ဂတ္တေ၊ တိဏ္ဏံ ဝေဒါန ပါရဂူ။


လက္ခဏေ ဣတိဟာသေ စ၊ သနိဃဏ္ဍုသကေဋုဘေ။

ပဉ္စသတာနိ ဝါစေတိ၊ သဓမ္မေ ပါရမိံ ဂတော။

(၁) ချစ်သားအဇိတ.. သင်တို့ဆရာကြီး၏ အသက်သည် နှစ်ပေါင်း (၁၂၀) တရာ့နှစ်ဆယ်ရှိပြီ၊ (၂) ထိုသင်တို့ဆရာကြီးသည် အနွယ်အားဖြင့် ဗာဝရီဖြစ်၏။ (၃) ထိုသင်တို့ဆရာ ဗာဝရီ၏ကိုယ်၌ မဟာပုရိသလက္ခဏာကြီး သုံးပါးတို့ ပါရှိကြကုန်၏။ (၄) ထိုသင်တို့ဆရာ



၆၂၆

ဗာဝရီပုဏ္ဏားကြီးသည် ဗေဒင်သုံးပုံတို့၌ တဖက် ကမ်းရောက် တတ်မြောက်သည့်ပြင်-

နိဃဏ္ဍုခေါ် အဘိဓာန်ကျမ်း, ကေဋုဘခေါ် အလင်္ကာကျမ်းတို့နှင့် တကွသော မဟာပုရိသလက္ခဏာကျမ်း, ဣတိဟာသကျမ်း (ပုရာဏ်ကျမ်း)တို့၌လည်း တဖက်ကမ်းရောက် (=အပြီးအဆုံးရောက်) တတ်မြောက်သူ ဖြစ်၏၊ (၅) ထိုသင်တို့ဆရာ ဗာဝရီပုဏ္ဏားကြီးသည် မိမိ၏ ဥစ္စာဖြစ်သော ဝေဒကျမ်းတို့၌ တဖက်ကမ်း (=အပြီးအဆုံး)ရောက် တတ်မြောက်သူဖြစ်လျက် ပျင်းရိသူ ဉာဏ်ထိုင်း သူ တပည့်ငါးရာတို့ကို ကိုယ်တိုင်ပင် ဝေဒကျမ်းများ ပို့ချနေ၏-

ဤနှစ်ဂါထာတို့ကို နှုတ်မြွက်မိန့်ဆို ရဲရဲတောက် ဖြေကြားတော်မူလေ၏။

     ထိုအခါ အဇိတလုလင်သည် (၃)အမှတ်ပြ တတိယအဖြေဝယ် “မဟာပုရိသလက္ခဏာကြီး သုံးပါးတို့ ပါရှိကြကုန်၏”ဟု အပေါင်းအရေအတွက် သင်္ချာမျှ ဖြေဆိုတော်မူသည်ကို သရုပ်အကောင်အထည်နှင့်တကွ ထင်ရှားစွာ ဖြေဆိုစေလို၍ တဖန် စိတ်ဖြင့်သာ-

လက္ခဏာနံ ပဝိစယံ၊ ဗာဝရိဿ နရုတ္တမ။

ကင်္ခစ္ဆိဒ ပကာသေဟိ၊ မာ နော ကင်္ခါယိတံ အဟု။

ကင်္ခစ္ဆိဒ = လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ယုံမှားကို ပယ်ရှား ဖြတ်တောက်တော်မူနိုင်သော။ နရုတ္တမ = လူတို့ထက် မြတ်တော်မူသော ရှင်ပင်ဘုရား..။ ဗာဝရိဿ = အကျွန်ုပ်တို့ဆရာ ဗာဝရီပုဏ္ဏား၏။ လက္ခဏာနံ = ခန္ဓာကိုယ်ဝယ် တင့်တယ်ဖြစ်ပွါး လက္ခဏာကြီးသုံးပါးတို့၏။ ပဝိစယံ = သိမှတ်စဖွယ် အကျယ်ဖြစ်သော သရုပ်အကောင်အထည်ကို။ ပကာသေဟိ = ထင်ရှားသိသာ ပြတော်မူပါလော့။ နော = အကျွန်ုပ်တို့၏ (သန္တာန်၌)။



၆၂၇

ကင်္ခါယိတံ = သို့လောသို့လော တွေးတောယုံမှားခြင်းသည်။ မာ အဟု = မဖြစ်ပါစေလင့်” -

ဟူ၍ မေးမြန်းပြန်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် အဇိတလုလင်ကို ရွှေနှုတ်တော်မြွက်ဟ၍-

မုခံ ဇိဝှါယ ဆာဒေတိ၊ ဥဏ္ဏဿ ဘမုကန္တရေ။

ကောသောဟိတံ ဝတ္ထဂုယှံ၊ ဧဝံ ဇာနာဟိ မာဏဝ။

မာဏဝ = အဇိတမည်တွင် အိုလုလင်..။ သော = ထိုသင်တို့ဆရာ ဗာဝရီပုဏ္ဏားသည်။ (၁) ဇိဝှါယ = မိမိ လျှာဖြင့်။ မုခံ = မျက်နှာပြင်တခုလုံးကို။ ဆာဒေတိ = ဖုံးအုပ်နိုင်၏ (ထူလဇီဝှတာ လက္ခဏာကို ဆိုသည်)။ (၂) အဿ = ထိုသင်တို့ဆရာ ဗာဝရီပုဏ္ဏား၏။ ဘမုကန္တရေ = မျက်မှောင်နှစ်ဖတ် အလယ်ချက်၌။ ဥဏ္ဏာ = ဥဏ္ဏလုံခေါ်တွင် မွေးမှင်ရှင်သည်။ ဇာတံ = ပေါက်ရောက် ဖြစ်ပွားလျက်ရှိ၏ (မုဒုဩဒါတဥဏ္ဏလောမတာလက္ခဏာကို ဆိုသည်)။ (၃) အဿ = ထိုသင်တို့ဆရာ ဗာဝရီပုဏ္ဏား၏။ ဝတ္ထဂုယှံ = အဝတ်ဖြင့်ဖုံးရမည့် ပုရိသအင်္ဂါသည်။ ကောသောဟိတံ = ဆဒ္ဒန်ဆင်ပုံဟပ် အအိမ်ဖြင့် ဖုံးအပ်ပေ၏။ (ကောသောဟိတဝတ္ထဂုယှလက္ခဏကို ဆိုသည်)။ တွံ = အဇိတမည်တွင် သင်လုလင်သည်။ ဧဝံ ဇာနာဟိ = လက္ခဏာသုံးပါး ဤသို့အားဖြင့် ထင်ရှားသိလေလော့ -

ဤကဲ့သို့ အတိအကျ ဖြေကြားတော်မူလေ၏။ ထိုအခါ တစုံတရာ အမေးပုစ္ဆာသံကို မကြားရပဲ မြတ်စွာဘုရား ဖြေကြားအပ်သည့် ပြဿနာ (=အဖြေ)တို့ကို ကြားရ၍ (တဆယ့်နှစ်ယူဇနာ ကျယ်ဝန်းသည့်) ပရိသတ် လူအပေါင်းသည် နှစ်ထောင်းအားရ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြလျက် လက်အုပ်ကိုယ်စီ မြှောက်ချီလျက် “စိတ်ဖြင့်မေးအပ်သည့် ပြဿနာတို့ကို အဘယ်သူသည် မေးလိုက်ပါလိမ့်၊ နတ်သည်ပင် မေးလေသလော၊ ဗြဟ္မာသည်ပင်



၆၂၈

မေးလေသလာ၊ သူဇာသက်နှင်း သိကြားမင်းသည်ပင် မေးလေသလော။ မြတ်စွာဘုရားသည် ဤအဖြေကို အဘယ်သူအား ဖြေကြားတော်မူပါလိမ့်”ဟု တအံ့တဩ ပြောဆို ကြံစည်လေ၏။

     ဤသို့လျှင် အဇိတလုလင်သည် ပြဿနာ ၅-ရပ်တို့၏ အဖြေကို ကြားနာရပြီးလျှင် ပြဿနာ ၂-ရပ်တို့ကို မေးလိုရကား စိတ်ဖြင့်သာလျှင်-

မုဒ္ဓံ မုဒ္ဓါဓိပါတဉ္စ၊ ဗာဝရီ ပရိပုစ္ဆတိ။

တံ ဗျာကရောဟိ ဘဂဝါ၊ ကင်္ခံ ဝိနယ နော ဣသေ။

ဣသေ = သီလက္ခန္ဓ- စသည်ကျေးဇူး ဂုဏ်အထူးကို ဆည်းပူးရှာမှီး လေ့လာတော်မူပြီးသော မြတ်စွာဘုရား..။ ဗာဝရီ = အကျွန်ုပ်တို့ဆရာ ဗာဝရီပုဏ္ဏားသည်။ မုဒ္ဓဉ္စ = မုဒ္ဓ- ခေါ်ငြား ဦးခေါင်း ဦးထိပ်မည်သော တရားကို၎င်း (၆)။ မုဒ္ဓါဓိပါတဉ္စ = မုဒ္ဓါဓိပါတ နာမခေါ်ရိပ် ထိုဦးထိပ်ကို ခွဲစိတ်နိုင်ကြောင်း တရားကောင်းကို၎င်း (၇)။ ပရိပုစ္ဆတိ = သိလိုရေးဖြင့် မေးလျှောက်လိုက်ပါ၏။ ဘဂဝါ = ဘုန်းတော်ကြီးသော မြတ်စွာဘုရား..။ တံ = မုဒ္ဓ, မုဒ္ဓါဓိပါတ ဓမ္မအပြား ထိုနှစ်ပါးကို။ ဗျာကရောဟိ = ကရုဏာရှေ့ထား ဖြေကြားတော်မူပါလော့။ နော = အကျွန်ုပ်တို့၏။ ကင်္ခံ = သို့လောသို့လော တွေးတော ယုံမှားခြင်းကို။ ဝိနယ = ဒေသနာဉာဏ်စက်သွားဖြင့် ပယ်ရှားဖျောက်လွှင့်တော်မူပါလော့ -

ဟူ၍ မေးမြန်းပြန်လေ၏။ မြတ်စွာဘုရားသည် အဇိတလုလင် စိတ်ဖြင့်သာ မေးမြန်းအပ်သည်ကို ရွှေနှုတ်တော်မြွက်ဟ၍-

အဝိဇ္ဇံ မုဒ္ဓါတိ ဇာနာဟိ၊ ဝိဇ္ဇာ မုဒ္ဓါဓိပါတိနီ။

သဒ္ဓါသတိသမာဓီဟိ၊ ဆန္ဒဝီရိယေန သံယုတာ။

အဇိတ = အဇိတမည်တွင် အိုလုလင်..။ (၆) အဝိဇ္ဇံ = သစ္စာလေးခဏ်း မမြင်ကန်းအောင် ဖုံးလွှမ်းတတ်စွာ အဝိဇ္ဇာ = မောဟကို။ မုဒ္ဓါတိ = အနမတဂ္ဂ



၆၂၉

သံသာရ၏ မုဒ္ဓခေါ်ငြား ဦးခေါင်း ဦးထိပ်တရားဟူ၍။ ဇာနာဟိ = သတိစွဲချပ် သင် သိမှတ်လော့။ (၇) သဒ္ဓါသတိသမာဓီဟိ = သဒ္ဓါတရား, သတိတရား, သမာဓိတရားနှင့်၎င်း။ ဆန္ဒဝီရိယေန = ဆန္ဓတရား, ဝီရိယတရားနှင့်၎င်း။ သံယုတာ = ယှဉ်သော။ ဝိဇ္ဇာ = အရဟတ္တမဂ္ဂဝိဇ္ဇာ ဉာဏ်ပညာသည်။ မုဒ္ဓါဓိပါတိနီ = အဝိဇ္ဇာတည်းဟူသော သံသရာ့ဦးထိပ်ကို ခွဲစိတ်နိုင်တောင်း တရားကောင်းပေတည်း -

ဤကဲ့သို့ အတိအကျ ဖြေကြားတော်မူလေ၏။ ထိုအခါ အဇိတလုလင် (ရသေ့)သည် အလွန့်အလွန် ဝမ်းမြောက်လှ၍ သစ်နက်ရေကို လက်ဝဲပခုံးထက်၌ စံပယ်တင်ပြီးလျှင် မြတ်စွာဘုရားရှင်၏ ခြေတော်တို့ကို ဦးခေါင်းဖြင့် ဦးခိုက်၍-

ဗာဝရီ ဗြာဟ္မဏော ဘောတော၊

သဟ သိဿေဟိ မာရိသ။

ဥဒဂ္ဂစိတ္တော သုမနော၊

ပါဒေ ဝန္ဒတိ စက္ခုမ။

မာရိသ = ဒုက္ခခပ်သိမ်း ငြိမ်းတော်မူပြီးသော။ စက္ခုမ = စက္ခု၅- မျိုး စိုးမိုးပိုင်သ လောကထွတ်ထား ရှင်တော်မြတ်ဘုရား..။ ဗာဝရီဗြာဟ္မဏော = ဗာဝရီခေါ်ငြား တပည့်တော်တို့၏ ဆရာပုဏ္ဏားသည်။ ဥဒဂ္ဂစိတ္တော = အလွန်တက်ကြွ အားရသော စိတ်ရှိသည်ဖြစ်၍။ သုမနော = နှစ်လိုအားရမ်း ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍။ သိဿေဟိ သဟ = တပည့်ရသေ့ပေါင်း တသောင်းခြောက်ထောင်ကျော်တို့နှင့်တကွ။ ဘောတော =ရှင်တော်ဘုရား၏။ ပါဒေ = ခြေတော်အစုံ ကြာပဒုံတို့ကို။ ဝန္ဒတိ = ရိုသေမြတ်နိုး ဦးညွှတ်လျှိုး၍ ရှိခိုးလိုက်ပါ၏ဘုရား -

ဤဂါထာကို ရွတ်ဆိုဟစ်အော် ကြွေးကြော်ကာ ဆရာတပည့် အားလုံးတို့ကိုယ်စား အားရဝမ်းသာ ရှိခိုးလေ၏။ မြတ်စွာဘုရားရှင်သည်လည်း



၆၃၀

ထိုအဇိတလုလင် (ရသေ့)ကို မေတ္တာ, ကရုဏာ ကြီးလှစွာသောကြောင့်-

သုခိတော ဗာဝရီ ဟောတု၊

သဟ သိဿေဟိ ဗြာဟ္မဏော။

တွဉ္စာပိ သုခိတော ဟောဟိ၊

စိရံ ဇီဝါဟိ မာဏဝ။

မာဏဝ = အဇိတမည်တွင် အိုလုလင်..။ ဗာဝရီဗြာဟ္မဏော = သင်တို့ဆရာ ဗာဝရီပုဏ္ဏားသည်။ သိဿေဟိ သဟ = တပည့်များမြောင် သောင်းခြောက်ထောင်ကျော်တို့နှင့်တကွ။ သုခိတော = ကာယ, စိတ္တ သုခနှစ်သင်း ဖြစ်ခြင်းရှိသည်။ ဟောတု = ဖြစ်ပါစေသတည်း။ တွဉ္စာပိ = အဇိတမည်တွင် သင်လုလင်သည်လည်း။ သုခိတော = ကာယ,စိတ္တ သုခနှစ်သင်း ဖြစ်ခြင်းရှိသည်။ ဟောဟိ = ဖြစ်ပါစေသတည်း။ စိရံ = အာယုကပ်ကြာ ရှည်မြင့်စွာ။ ဇီဝါဟိ = အသက်ရှည်ထွေ တည်နေပါစေသတည်း။ (ဤဂါထာဖြင့် ဆုတောင်းအာသီသ ပြုတော်မူပြီးလျှင် တဖန်ဆက်၍)-

ဗာဝရိဿ စ တုယှံ ဝါ၊ သဗ္ဗေသံ သဗ္ဗသံသယံ။

ကတာဝကာသာ ပုစ္ဆဝှေါ၊ ယံကိဉ္စိ မနသိစ္ဆထ။

မာဏဝ = အဇိတမည်တွင် အိုလုလင်..။ ယံကိဉ္စိ = အမှတ်မထင် သံသယဝင်သည့် အကြင်ပြဿနာကို။ မနသိ = သင်တို့စိတ်၌။ ဣစ္ဆထ = တောင့်တလင့်ဆို မေးလိုကြကုန်၏။ ဗာဝရိဿ စ = သင်တို့ဆရာ ဗာ၀ရီပုဏ္ဏား၏၎င်း။ တုယှံ ဝါ = အဇိတမည်တွင် သင်လုလင်၏၎င်း။ သဗ္ဗေသံ = ခပ်သိမ်းဥဿုံ အလုံးစုံသော သင်တို့ ဆရာတပည့်တစုတို့၏။ သဗ္ဗသံသယံ = အလုံးစုံရှိသမျှ ယုံမှားသံသယကို။ ကတာဝကာသာ = ငါဘုရားတို့ သနားသမှု အခွင့်ပြုအပ်သော သင်တို့သည်။ ပုစ္ဆဝှေါ = အားမနာတမ်း ဉာဏ်ထောက်လှမ်း၍ မေးမြန်းကြကုန်လော့ -



၆၃၁

ဟု သဗ္ဗညုပဝါရဏာ = မြတ်စွာဘုရားရှင်တို့၏ ဖိတ်ကြားခြင်းဖြင့် ဖိတ်ကြား မိန့်ဆိုတော်မူလေ၏။

     ထိုသို့ မြတ်စွာဘုရားရှင်က ပြဿနာမေးလျှောက်ရန် ဖိတ်ကြား ခွင့်ပြုတော်မူအပ်လျှင် ထိုရသေ့တို့သည် ရပ်တည်နေရာမှ အားလုံးထိုင်ကြ၍ လက်အုပ်ကိုယ်စီ မြှောက်ချီကြလျက် အဇိတလုလင်က အစဦးစွာ ပြဿနာ မေးလျှောက်လေသည်။ မြတ်စွာဘုရားရှင်ကလည်း မေးအပ်သော ပြဿနာကို အရဟတ္တဖိုလ် အထွတ်တပ်၍ ဖြေကြားတော်မူလေသည်။ ဒေသနာနိဂုံး ဆုံးသောအခါ အဇိတလုလင်သည် တပည့်ပေါင်း တထောင်တို့နှင့်တကွ အရဟတ္တဖိုလ်၌ တည်လေ၏။ ထောင်ပေါင်းများစွာ အခြား တရားနာပရိသတ်တို့သည်လည်း မဂ်ဖိုလ်သို့ ဆိုက်ရောက်ကြလေ၏။ အရဟတ္တဖိုလ်သို့ ရောက်သည်နှင့် တပြိုင်နက် အရှင်အဇိတနှင့်တကွ တပည့်တထောင်တို့သည် ဧဟိဘိက္ခုရဟန်းအဖြစ်ကို ရရှိကြကာ ရသေ့အသွင်ပျောက်၍ အဝါခြောက်ဆယ်ရသော မထေရ်ကြီးများကဲ့သို့ ဣဒ္ဓိမယပရိက္ခရာတို့ ကိုယ်မှာ ဆင်ယင်ပြီး ဖြစ်ကြလျက် မြတ်စွာဘုရားရှင်ကို ရိုသေစွာ လက်အုပ်ချီမိုး ရှိခိုး၍ ထိုင်နေကြကုန်၏။ (ကြွင်းသော တပည့်ကြီးတို့ မြတ်စွာဘုရားကို ပြဿနာ မေးလျှောက်ရာ၌လည်း ဤနည်းအတူပင်တည်း။ ပြဿနာမေးလျှောက်ပုံ, မြတ်စွာဘုရားရှင်က ဖြေဆိုပုံတို့ကို သုတ္တနိပါတ ပိဋကတ်မြန်မာပြန် “ခုမြန် ၁၊ စာမျက်နှာ ၄၁၀-မှစ၍” အစဉ်အတိုင်း ကြည့်ရှု မှတ်ယူကုန်ရာ၏၊ ဤကျမ်း၌ကား အရှင်မောဃရာဇ မထေရ်အကြောင်းနှင့် ဗာဝရီဆရာကြီး၏ နောက်ပိုင်းအကြောင်းကိုသာ သိသာရုံ ဖော်ပြပါအံ့)–

     အဇိတလုလင် ပဌမရှေးဦးစွာ ပြဿနာ မေးလျှောက်ပြီးနောက် ရှေးဖော်ပြရာပါ တပည့်ကြီး လုလင်တို့သည် အစဉ်အတိုင်း မိမိတို့အလိုရှိရာ ပြဿနာတို့ကို မေးလျှောက်ကြလေသည်။ မေးတိုင်း မေးတိုင်းသော ပြဿနာတို့ကို မြတ်စွာဘုရားသည် ရှင်းလင်းဖြေဆိုကာ တရားဟောတော်မူလေသည်။ အမေး, အဖြေ တရပ် တရပ် ပြီးဆုံးသောအခါ ပြဿနာရှင် တပည့်ကြီးနှင့်တကွ



၆၃၂

အန္တေဝါသိကတပည့် တထောင် တထောင်တို့ ရဟန္တာဖြစ်ကြကာ ဧဟိဘိက္ခုရဟန်းအဖြစ်ကို ခံယူရရှိကြလေသည်။

     အထူးအားဖြင့် ထိုတပည့်ကြီး တကျိပ်ခြောက်ယောက်တို့တွင် မောဃရာဇလုလင်ကား “ငါသည် ထိုသူအားလုံးတို့ထက် အထူးသဖြင့် ပညာရှိသူဖြစ်၏”ဟု မာနခက်ထန်သူ ဖြစ်လေသည်။ မောဃရာဇလုလင်၏ စိတ်၌ “ဤအဇိတလုလင်သည် တပည့်ကြီး အားလုံးတို့အနက် အကြီးဆုံးဖြစ်သည်၊ ငါသည် သူ၏အလျင် ပြဿနာမေးလျှောက်ရန် မသင့်လျော်ချေ”ဟု အကြံဖြစ်ရှိကာ အဇိတလုလင်၏အပေါ် ရှက်နိုး သဖြင့် အလျင်လက်ဦး ပြဿနာမပေးသေးပဲ ထိုအဇိတလုလင် မေးပြီးသောအခါ ဒုတိယတပည့်ကြီးအနေဖြင့် မောဃရာဇလုလင်က မြတ်စွာဘုရားရှင်ကို ပြဿနာ မေးလျှောက်လေသည်။

     မြတ်စွာဘုရားရှင်သည် “မောဃရာဇလုလင်ကား မာန်မာနခက်ထန်သူ ဖြစ်၏။ သူ၏ ဉာဏ်ပညာသည် မရင့်ကျက်သေး၊ သူ၏မာနကို တားမြစ်မှ သင့်မည်”ဟု ဆင်ခြင်တော်မူကာ “မောဃရာဇ.. သင် ဆိုင်းငံ့ဦး၊ အခြားသူများ ပြဿနာကို မေးကြကုန်စေဦး”ဟု ဟန့်တားစကား မိန့်ကြားတော်မူလေ၏။ မောဃရာဇလုလင်သည် မြတ်စွာဘုရားက ဟန့်တားအပ်သည်ရှိသော် “ငါသည် ဤမျှ ကာလကြာမြင့်အောင် ငါ့ထက် ပညာရှိသောသူမည်သည် မရှိဟု အောက်မေ့ကာ လှည့်လည်နေထိုင်ခဲ့၏။ ဘုရားရှင်တို့မည်သည်လည်း မသိပဲ မိန့်ဆိုတော်မမူကြကုန်၊ မြတ်စွာဘုရားသည် ဧကန်ပင် ငါ၏ မေးလျှောက်ခြင်း၌ အပြစ်တစုံတရာ မြင်တော်မူသည် ဖြစ်ပေလိမ့်မည်”ဟု ကြံစည်ကာ ဆိတ်ဆိတ်နေလေ၏။

     မောဃရာဇလုလင်သည် ၁-အဇိတ, ၂-တိဿမေတ္တေယျ, ၃-ပုဏ္ဏက, ၄-‌မေတ္တဂူ, ၅-ဓောတက, ၆-ဥပသီဝ, ၇-နန္ဒ, ၈-ဟေမကလုလင်တို့ မေးပြီးသောအခါ မမေးပဲ မနေနိုင်ပြန်သဖြင့် တဖန် မေးလျှောက်ပြန်လေသည်။ မြတ်စွာဘုရားသည်လည်း မောဃရာဇလုလင်၏ ဣန္ဒြေ မရင့်ကျက်သေးသဖြင့် ရှေးနည်းအတူ



၆၃၃

ဟန့်တားတော်မူလေ၏။ မောဃရာဇလုလင်လည်း ဆိတ်ဆိတ်ပင် နေပြန်၍ ၉-တောဒေယျလုလင်, ၁၀-ကပ္ပလုလင်, ၁၁-ဇတုကဏ္ဏီလုလင် ၁၂-ဘဒြာဝုဓလုလင် ၁၃-ဥဒယလုလင်, ၁၄-ပေါသာလလုလင်တို့ ပြဿနာ မေးလျှောက်ပြီးကြသောအခါ “ငါသည် ဘယ်နည်းနှင့်မျှ သံဃနဝက = သံဃနော = သံဃာအငယ်ဆုံး အဖြစ်မခံနိုင်”ဟု ကြံစည် အောက်မေ့ကာ တဆယ့်ငါးယောက်မြောက် ပြဿနာရှင်ဖြစ်၍ မြတ်စွာဘုရားရှင်ကို မေးလျှောက်လေ၏။ ဤအကြိမ်၌ကား မောဃရာဇလုလင်၏ ဣန္ဒြေမှာ ရင့်ကျက်ပြီဖြစ်၍ မြတ်စွာဘုရားရှင်သည်လည်း မောဃရာဇလုလင်၏ အမေးကို ဖြေကြားတော်မူလေသည်။ မေးဖြေကြပုံမှာ-

(မောဃရာဇ)

ဒွါဟံ သက္ကံ အပုစ္ဆိဿံ၊

န မေ ဗျာကာသိ စက္ခုမာ။

ယာဝတတိယဉ္စ ဒေဝီသိ၊

ဗျာကရောတီတိ မေ သုတံ။

အဟံ = မောဃရာဇ နာမတွင်ခေါ် တပည့်တော်သည်။ သက္ကံ = သာကီဝင်မင်းသား မြတ်စွာဘုရားကို။ ဒွေ ဝါရေ = အဇိတလုလင် မေးပြီးစက တကြိမ်, ဟေမကလုလင် မေးပြီးစက တကြိမ် = ဤသို့ နှစ်ကြိမ်တို့တိုင်တိုင်။ အပုစ္ဆိဿံ = ပြဿနာနက်လေး သိလိုရေးဖြင့် မေးလျှောက်ခဲ့ပါပြီ။ စက္ခုမာ = စက္ခု၅- မျိုး စိုးမိုးပိုင်သ လောကထွတ်ထား မြတ်ဘုရားသည်။ မေ = အကျွန်ုပ်အား။ န ဗျာကာသိ = မြစ်ပယ်ဟန့်တား ဖြေကြားတော်မမူခဲ့ချေ။ ဒေဝီသိ = ဝိသုဒ္ဓိနတ် ဘုရားမြတ်မည်သည်။ ယာဝတတိယံ = သုံးကြိမ်တိုင်အောင်။ ပုဋ္ဌော စ = သိလိုရေးဖြင့် မေးလျှောက်အပ်လျှင်မူ။ ဗျာကရောတိ = ကရုဏာရှေ့ထား ဖြေကြားတော်မူ၏။ ဣတိ = ဤသို့။ မေ = မောဃရာဇတွင်ခေါ် တပည့်တော်သည်။ သုတံ = ဂေါဓာဝရီမြစ်ကမ်း၌ နေစဉ်ကပင် ကြားအပ်ဘူးပါပြီ။



၆၃၄

အယံ လောကော ပရော လောကော၊

ဗြဟ္မလောကော သဒေဝကော။

ဒိဋ္ဌိံ တေ နာဘိဇာနာတိ၊

ဂေါတမဿ ယသဿိနော။

အယံ လောကော = ပစ္စုပ္ပန္န ဤလူ့ပြည်လောကသည်၎င်း။ ပရော လောကော = လူမှတပါး အခြားကြွင်းကျန်သော လောကသည်၎င်း။ သဒေဝကော = ဗြဟ္မာကိုချန်လှပ်၍ ဥပပတ္တိနတ် သမ္မုတိနတ်နှင့် တကွသော။ ဗြဟ္မလောကော = ဗြဟ္မာလောကသည်၎င်း (လူရောနတ်ပါ ဗြဟ္မာမကြွင်း သတ္တဝါခပင်းကို ဆိုလိုသည်)။ ဂေါတမဿ = ဂေါတမအနွယ် ဖြစ်တော်မူသော။ ယသဿိနော = များသောအခြံအရံ အကျော်အစော ရှိတော်မူသော။ တေ = ရှင်ပင်ဘုရား၏။ ဒိဋ္ဌိံ = အယူကို။ နာဘိဇာနာတိ = မသိဧကန် မှန်လှပါ၏။

ဧဝံ အဘိက္ကန္တဒဿာဝိံ၊ အတ္ထိ ပ‌ဉှေန အာဂမံ။

ကထံ လောကံ အဝေက္ခန္တံ၊ မစ္စုရာဇာ န ပဿတိ။

ဧဝံ = ဤသို့။ အဘိက္ကန္တဒဿာဝိံ = နှစ်လိုဖွယ်အပ် မြတ်သောအသိအမြင် ရှိတော်မူသော။ (ဝါ) သတ္တလောက၏ အာသယ, အဓိမုတ္တိ, ဂတိ, ပရာယဏ- စသည်ကုန်စင် ထိုးထွင်း သိမြင်တော်မူနိုင်သော မြတ်စွာဘုရား အထံတော်သို့။ ပဉှေန = အမေးပုစ္ဆာ ပြဿနာဖြင့်။ အတ္ထိ = အလိုရှိသည်ဖြစ်၍။ (ဝါ) ပဉှေန အတ္ထိ = ပြဿနာနက်လေး မေးလျှောက်လိုသည်ဖြစ်၍။ အာဂမံ = ရွှေဖဝါးအောက် တပည့်တော် လာရောက်ခဲ့ပါပြီ။ လောကံ = သက်ရှိသက်မဲ့ ပြဲ့ပြဲ့ကုန်စင် သင်္ခါရလောကကို။ ကထံ = အဘယ်သို့ အဘယ်ပုံ။ အဝေက္ခန္တံ = စေ့စေ့ငုငု ဉာဏ်စက္ခုဖြင့် ရှုကြည့်သောသူကို။ မစ္စုရာဇာ = မစ္စုခေါ်လျှင်း ရှင်သေမင်းသည်။ န ပဿတိ = မမြင်နိုင်ပါသနည်း။ (သက်ရှိသက်မဲ့ သင်္ခါရလောက တရားအစုကို



၆၃၅

အဘယ်သို့ ရှုသောသူသည် အရဟတ္တမဂ်, အရဟတ္တဖိုလ် ပေါက်ရောက်သဖြင့် သေခြင်းတရားမှ လွတ်မြောက်နိုင်ပါသနည်း = သေခြင်းတရားမှ လွတ်မြောက်အောင် သင်္ခါရလောကကို အဘယ်သို့ ရှုရပါမည်နည်း-ဟု မေးလိုရင်းဖြစ်သည်)။

ဤသို့ မောဃရာဇလုလင်က ၃-ဂါထာတို့ဖြင့် အကျိုးအကြောင်း ဖော်ပြချီးမွမ်း၍ နောက်ဆုံးဂါထာ နောက်ထက်ဝက်ဖြင့် ပြဿနာ မေးလျှောက်အပ်လေသော် မြတ်စွာဘုရားရှင်သည်-

သုညတော လောကံ အဝေက္ခဿု၊

မောဃရာဇ သဒါ သတော။

အတ္တာနုဒိဌိံ ဦဟစ္စ၊

ဧဝံ မစ္စုတရော သိယာ။

ဧဝံ လောကံ အဝေက္ခန္တံ၊

မစ္စုရာဇာ န ပဿတိ။

မောဃရာဇ = ချစ်သား မောဃရာဇ်..။ တွံ = သင် ချစ်သားသည်။ သဒါ = နေ့ရောညဉ့် ပါ အခါခပ်သိမ်း။ သတော = အောက်မေ့မှု = သတိ လင်းလင်းရှိလျက်။ အတ္တာနုဒိဋ္ဌိံ = ခန္ဓာငါးဝ တရားမျှဝယ် အတ္တ = လိပ်ပြာ ငါဟုမှတ်စွဲ အယူလွဲကို။ ဦဟစ္စ = ပညာထိန်းချုပ် စွန့်ပယ်နုတ်၍။ လောကံ = သက်ရှိသက်မဲ့ ပြဲ့ပြဲ့ကုန်စင် သင်္ခါရလောကကို။ သုညတော = အလိုသို့မလိုက်ပါ သင်္ခါရသက်သက်မျှ သုညတရားပါတကားဟူ၍။ အဝေက္ခဿု = စေ့စေ့ငုငု ဉာဏ်စက္ခုဖြင့် ရှုကြည့်လေလော့။ ဧဝံ = ဤသို့ ရှုကြည့်သည်ရှိသော်။ မစ္စုတရော = သေခြင်းတရားကို လွန်မြောက်သည်။ သိယာ = ဖြစ်ရာ၏။ ဧဝံ = ဤသို့ဤပုံ။ လောကံ = သက်ရှိသက်မဲ့ ပြဲ့ပြဲ့ကုန်စင် သင်္ခါရလောကကို။ အဝေက္ခန္တံ = စေ့စေ့ငုငု ဉာဏ်စက္ခုဖြင့် ရှုကြည့်သောသူကို။ မစ္စုရာဇာ = မစ္စုမည်လျှင်း ရှင်သေမင်းသည်။ န ပဿတိ = မမြင်နိုင် -



၆၃၆

ဟူသော ဤတရားဒေသနာ အဖြေဂါထာကို ဟောကြားတော်မူလေ၏။

(အတ္တဒိဋ္ဌိ = သက္ကာယဒိဋ္ဌိကို စွဲ၍ သင်္ခါရတရားအစုကို အနတ္တ-ဟူ၍ သုည-ဟူ၍ ရှုရမည်၊ ထိုသို့ ရှုဖန်များလျှင် သေခြင်းတရားကို လွန်မြောက်၏-ဟု ဆိုလိုသည်။ အရဟတ္တဖိုလ်သို့ရောက်လျှင် သေခြင်းတရားကို လွန်မြောက်သောကြောင့် “သေခြင်းတရားကို လွန်မြောက်၏”ဟု ဟောဆိုသဖြင့် “အရဟတ္တဖိုလ်သို့ ရောက်၏”ဟု ဟောဆိုခြင်းကိစ္စ ပြီးသည်။ ထို့ကြောင့် ယခု မြတ်စွာဘုရား ဟောကြားအပ်သော တရားဂါထာသည် အရဟတ္တဖိုလ် အထွတ်တပ်သော တရားဂါထာ ဖြစ်လေသည်)။

     ဤသို့ အရဟတ္တဖိုလ် အထွတ်တပ်လျက် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော တရားဂါထာ ဒေသနာနိဂုံး ဆုံးသောအခါ မောဃရာဇ လုလင်သည်လည်း ရှေးတပည့်ကြီးများနည်းတူ မိမိ၏ အန္တေဝါသိက တပည့်ပေါင်း တထောင်နှင့်တကွ အရဟတ္တဖိုလ် ပေါက်ရောက်၍ ဧဟိဘိက္ခု ရဟန်းအဖြစ်ကို ခံယူရရှိလေ၏။ ထောင်ပေါင်းများစွာ တရားနာ ပရိသတ်တို့သည်လည်း မဂ်ဖိုလ်အကျွတ်တရားကို ရရှိကြကုန်၏။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

     ဤမောဃရာဇ ရဟန္တာမထေရ်မြတ်သည် ထိုသို့ ဧဟိဘိက္ခု ရဟန်းအဖြစ်ကို ရရှိသောအချိန်မှစ၍ (၁) ဝတ္ထလူခ = အဝတ်အထည် အမျိုးအစားအားဖြင့် ကြမ်းတမ်းညံ့ဖျင်း၍ (၂) သုတ္တလူခ= သင်္ကန်းချုပ်သော ချည်အနေအားဖြင့်လည်း ကြမ်းတမ်း ခေါင်းပါး ညံ့ဖျင်းလျက် (၃) ရဇနလူခ = ဆိုးရည်အနေအားဖြင့်လည်း အပ်စပ်သည်ဟု ဆိုရရုံ ကြမ်းတမ်း ခေါင်းပါး ညံ့ဖျင်းသည့် ဆိုးရည်ဖြင့် ဆိုးအပ်သည့် သင်္ကန်းကိုသာ ဝတ်ရုံသုံးဆောင်တော်မူလေ့ရှိ၏။ ထို့ကြောင့် မြတ်စွာဘုရားသည် နောက်တချိန်ဝယ် ဇေတဝန်ကျောင်းတိုက်၌ နေတော်မူလျက် မထေရ်မြတ်တို့ကို အစဉ်အတိုင်း ဧတဒဂ်ရာထူး = ဌာနန္တရ၌ ထားတော်မူသည်ရှိသော် အရှင်မောဃရာဇမထေရ်မြတ်ကို-



၆၃၇

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ လူခစီဝရဓရာနံ ယဒိဒံ မောဃရာဇာ = ရဟန်းတို့.. သုံးမျိုးသော အခြင်းအရာဖြင့် ခေါင်းပါးညံ့ဖျင်းသော သင်္ကန်းကို ဆင်မြန်းဝတ်ရုံ သုံးဆောင်လေ့ရှိကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် မောဃရာဇရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “လူခစီဝရဓရ = ခေါင်းပါး ညံ့ဖျင်းသော သင်္ကန်းကို ဆင်မြန်းဝတ်ရုံ သုံးဆောင်သောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား အရှင်မောဃရာဇမထေရ် အကြောင်းတည်း။

**********

နောက်ဆက်တွဲ

ဗာဝရီဆရာကြီးအကြောင်း

     ဗာဝရီဆရာကြီး၏ တပည့်ကြီး တကျိပ်ခြောက်ယောက်တို့အနက် အဇိတလုလင်အစ မောဃရာဇလုလင်တိုင်အောင်သော တပည့်ကြီး တကျိပ်ငါးယောက်တို့ ပြဿနာ မေးလျှောက်ကြ၍ မိမိတို့၏ အန္တေဝါသိက = အနီးနေတပည့်ပေါင်း တထောင်စီနှင့်တကွ အရဟတ္တဖိုလ်ပေါက် ရောက်ကြ၍ ဧဟိဘိက္ခုရဟန်း အသီးသီး ဖြစ်ကြပြီးသော အဆုံး၌ ထိုဗာဝရီဆရာကြီး၏ တူအရင်း အသက် နှစ်ပေါင်း (၁၂၀) တရာ့နှစ်ဆယ် ရှိပြီဖြစ်သော ပိင်္ဂိယလုလင်သည် နောက်ဆုံး တကျိပ်ခြောက်ယောက်မြောက် ပုဂ္ဂိုလ်ဖြစ်၍ မြတ်စွာဘုရားရှင်ကို-

ဇိဏ္ဏောဟမသ္မိ အဗလော ဝီတဏ္ဏော၊

နေတ္တာ န သုဒ္ဓါ သဝနံ န ဖာသု။

မာဟံ နဿံ မောမုဟော အန္တရာဝ၊

အာစိက္ခ ဓမ္မံ ယမဟံ ဝိဇညံ။

ဇာတိဇရာယ ဣဓ ဝိပ္ပဟာနံ။



၆၃၈

ဘန္တေ = သုံးလောကထွတ်ထား မြတ်စွာဘုရား..။ အဟံ = ပိင်္ဂိယတွင်ခေါ် တပည့်တော်သည်။ ဇိဏ္ဏော = အရွယ်ယိုယွင်း အိုမင်းသူသည်။ အဗလော = ဇရာဖိစီး အားနည်းသူသည်။ ဝီတဝဏ္ဏော = ငယ်ကရုပ်ဆင်း ကင်းပျောက်ပြီးသူသည်။ အသိ = ဖြစ်ပါ၏။ မေ = တပည့်တော်၏။ နေတ္တာ = မျက်စိတို့သည်။ န သုဒ္ဓါ = မှုန်မှုန်ရီရီ မကြည်ကြတော့ပါကုန်။ သဝနံ = နားသည်။ န ဖာသု = ထိုင်းမှိုင်းဘိတောင်း ကောင်းကောင်း မကြားရတော့ပါ။ အဟံ = တပည့်တော်သည်။ အန္တရာဝ = အရှင်ဘုရား ဟောမိန့်ကြားသည့် တရားတော်ကို မျက်မှောက်မပြုရမီ အကြား၌သာလျှင်။ မောမုဟော = အဝိဇ္ဇာလွှမ်းထွေ တွေဝေသူဖြစ်လျက်။ မာ နဿံ = ကိုယ်ခန္ဓာပြုန်းတီး မပျက်စီးပါရစေနှင့်ဘုရား။ ဣဓ = ဣဓေဝ = ဓမ္မရာဇ်သနင်း ဤအရှင်ဘုရား၏ ခြေတော်ရင်း၌ပင်။ အဟံ = တပည့်တော်သည်။ ဇာတိဇရာယ = ပဋိသန္ဓေနေခြင်း အိုခြင်းကို။ ဝိပ္ပဟာနံ = ပယ်စွန့်နိုင်ကြောင်းဖြစ်သော။ ယံ ဓမ္မံ = နိဗ္ဗာန်ရောက်ကြောင်း အကြင်တရားကောင်းကို။ ဝိဇညံ = သိနိုင်ရာပါ၏။ တံ ဓမ္မံ = ထိုနိဗ္ဗာန်ရောက်ကြောင်း တရားကောင်းကို။ အာစိက္ခ = ကရုဏာရှေ့ထား ဟောကြားတော်မူပါဘုရား -

ဤသို့ တောင်းပန် လျှောက်ထားလေ၏။ ပိင်္ဂိယလုလင်ကား ကိုယ်၌ ငြိကပ်တွယ်တာသူ ဖြစ်သောကြောင့် ခန္ဓာကိုယ်ရေး ဤမျှလောက် ဦးစားပေးကာ လျှောက်ထားနေလေသည်။ ထို့ကြောင့် မြတ်စွာဘုရားသည် ထိုပိင်္ဂိယလုလင်၏ ကိုယ်ခန္ဓာ၌ (အထူးသဖြင့် ရုပ်တရား) တွယ်တာတပ်စွဲမှုကို ပယ်ဖျောက်ရန်-

ဒိသွာန ရူပေသု ဝိဟညမာနေ၊

ရုပ္ပန္တိ ရူပသေု ဇနာ ပမတ္တာ။

တသ္မာ တုဝံ ပိင်္ဂိယ အပ္ပမတ္တော၊

ဇဟဿု ရူပံ အပုနဗ္ဘဝါယ။



၆၃၉

ပိင်္ဂိယ = ချစ်သားပိင်္ဂိယ..။ ပမတ္တာ = သတိယွင်းပေါ့ မေ့လျော့ကုန်သော။ ဇနာ = သတ္တဝါထိုထို လူဗိုလ်ဗိုလ်တို့ကို။ ရူပေသု = သင်နှစ်သက်ငြား ရုပ်တရားတို့ကြောင့်။ ရုပ္ပန္တိ = ကိုးဆယ့်ခြောက်ဖြာ ဘေးရောဂါတို့ ကျင်နာခံခက် ရုပ်ဆင်းပျက်အောင် နှိပ်စက်အပ်ကုန်၏။ တသ္မာ = ထို့ကြောင့်။ တုဝံ = သင်ချစ်သားသည်။ တေ စ = ထိုရုပ်ရှိသောကြောင့် ရောဂါမှောင့်သဖြင့် တကြောင့်ကြကြ ဆင်းရဲရသည့် များလှဘိတောင်း မေ့လျော့သူ လူအပေါင်းတို့ကို၎င်း။ ရူပေသု = ရုပ်တရားတို့ကြောင့်။ ဝိဟညမာနေ = သုံးဆယ့်နှစ်ဖြာ ကံကြမ္မာ- အစရှိသည်တို့ဖြင့် မချိအောင် နှိပ်စက်အပ်၍ တလျှပ်လျှပ်ဟိန်းဟဲ ဆင်းရဲကြသူ လူအပေါင်းတို့ကို၎င်း။ ဒိသွာန = မျက်ဝါးထင်ထင် သင်ချစ်သား တွေ့မြင်ပြီးဖြစ်ရကား။ (ဝါ) တွေ့မြင်ပြီး ဖြစ်သောကြောင့်။ အပ္ပမတ္တော = အပ္ပမာဒတရား လက်ကိုင်ထားလျက်။ အပုနဗ္ဘဝါယ = တဖန်ဘဝသစ် မဖြစ်ရန်အလို့ငှါ။ ရူပံ = ရုပ်တရားကို။ (ဝါ) ရုပ်၌တွယ်တာသည့် တဏှာလောဘတရားကို။ ဇဟဿု = အနုသယအမြစ်မကျန် တွန်းလှန်ပယ်စွန့်လေလော့ -

ဤဂါထာကို ဟောကြားတော်မူလေသည်။ ။(ဤ၌ အရဟတ္တဖိုလ်ရောက်လျှင် တဖန် ဘဝသစ်၌ မဖြစ်သောကြောင့် “အပုနဗ္ဘဝါယ = တဖန် ဘဝသစ် မဖြစ်ရန်အလို့ငှါ”ဟူသော စကားရပ်ဖြင့်ပင် မြတ်စွာဘုရားသည် အရဟတ္တဖိုလ်တိုင်အောင်သော အကျင့်ပဋိပတ်ကို ဟောတော်မူလိုက်လေသည်)။ ဤသို့ မြတ်စွာဘုရားရှင်က အရဟတ္တဖိုလ်တိုင်အောင် ဟောကြားအပ်သည့် ပဋိပတ်ကို ကြားနာရသော်လည်း ပိင်္ဂိယလုလင်သည် အိုမင်းအားနွဲ့သူ ဖြစ်သောကြောင့် မဂ်ဖိုလ်တရားထူးကို မရနိုင်သေးဘဲ တဖန်ထပ်၍-



၆၄၀

ဒိသာ စတဿော ဝိဒိသာ စတဿော၊

ဥဒ္ဓံ အဓော ဒသ ဒိသာ ဣမာယော။

န တုယှံ အဒိဋ္ဌံ အသုတံ အမုတံ၊

အထော အဝိညာတံ ကိဉ္စနမတ္ထိ လောကေ။

အာစိက္ခ ဓမ္မံ ယမဟံ ဝိဇညံ၊

ဇာတိဇရာယ ဣဓ ဝိပ္ပဟာနံ။

ဘန္တေ = သုံးလောကထွတ်ထား မြတ်စွာဘုရား..။ လောကေ = ယခုနေကြ လူ့လောက၌။ စတဿော ဒိသာ = တူရူခေါ်အပ် အရပ်လေးမျက်နှာတို့၎င်း။ စတဿော ဝိဒိသာ = အထောင့်ခေါ်အပ် အရပ်လေးပါးတို့၎င်း။ ဥဒ္ဓံ = အထက်အရပ်၎င်း။ အဓော = အောက်အရပ်၎င်း။ ဣမာယော ဒသ ဒိသာ = အရပ်မျက်နှာ ဤဆယ်ဖြာတို့၌။ တုယှံ = အရှင်ဘုရားသည်။ အဒိဋ္ဌံ = မမြင်အပ်သော။ အသုတံ = မကြားအပ်သော။ အမုတံ = နှာ,လျှာ,ကိုယ်တို့ဖြင့် မရောက်အပ်သော။ အထော = ထိုမှတပါး။ အဝိညာတံ = စိတ်ဖြင့် မသိအပ်သော။ ကိဉ္စနံ = တစုံတခုသော တရားမျှ။ န အတ္ထိ = မရှိဧကန် မှန်လှပါသည်ဘုရား။ (တသ္မာ = ထို့ကြောင့်။ တွံ = အရှင်ဘုရားသည်)။ ဣဓ ဣဓေ၀ = ဓမ္မရာဇ်သနင်း ဤအရှင်ဘုရား၏ ခြေရင်း၌ပင်။ ဇာတိဇရာယ = ပဋိသန္ဓေနေခြင်း အိုခြင်းကို။ ဝိပ္ပဟာနံ = ပယ်စွန့်ကြောင်းဖြစ်သော။ ယံ ဓမ္မံ = အကြင် နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းကို။ အဟံ = တပည့်တော်သည်။ ဝိဇညံ = သိနိုင်ရာပါ၏။ တံ ဓမ္မံ = ထို နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းကို။ အာစိက္ခ = ကရုဏာရှေ့ထား ဟောကြားတော်မူပါဘုရား -

ဟု မြတ်စွာဘုရားကို ချီးမွမ်းလျက် တရားဟောရန် တောင်းပန်ပြန်လေ၏။ ထိုအခါ ပိင်္ဂိယလုလင်အား မြတ်စွာဘုရားသည် အရဟတ္တဖိုလ်တိုင်အောင်သော အကျင့်ပဋိပတ်ကို ပြတော်မူလို၍-



၆၄၁

တဏှာဓိပန္နေ မနုဇေ ပေက္ခမာနော၊

သန္တာပဇာတေ ဇရသာ ပရေတေ။

တသ္မာ တုဝံ ပိင်္ဂိယ အပ္ပမတ္တော၊

ဇဟဿု တဏှံ အပုနဗ္ဘဝါယ။

ပိင်္ဂိယ = ချစ်သား ပိင်္ဂိယ..။ တဏှာဓိပန္နေ = တဏှာနှိပ်စက် လွှမ်းမိုး ဖျက်ဆီးအပ်ကုန်သောကြောင့်။ သန္တာပဇာတေ = ဇာတိစသည်ဖြင့် ပူပန်ခြင်းဖြစ်ရှိ၍ နေကြကုန်သော။ ဇရသာ = အရွယ်ယိုယွင်း အိုမင်းခြင်းဖြင့်။ ပရေတေ = အတင်းအကြပ် နှိပ်စက်အပ်ကုန်သော။ မနုဇေ = လူအပေါင်းတို့ကို။ ပေက္ခမာနော = မျက်ဝါးထင်ထင် သင်ချစ်သား တွေ့မြင်ရ၏။ တသ္မာ = ထို့ကြောင့်။ တုဝံ = သင်ချစ်သားသည်။ အပ္ပမတ္တော = ကုသိုလ်တရား ဟူသည်များ၌ မခြားနေ့ည ကြိုးလုံ့လသား အပ္ပမာဒတရား လက်ကိုင်ထားလျက်။ အပုနဗ္ဘဝါယ = တဖန် ဘဝသစ် မဖြစ်ရန်အလို့ငှါ။ တဏှံ = ကာမ, ဘဝ, ဝိဘဝဟု သုံးဝအပွား တဏှာတရားကို။ ဇဟဿု = အနုသယအမြစ်မကျန် သမုစ္ဆေဒပဟာန်ဖြင့် တွန်းလှန် ပယ်စွန့်လေလော့ -

ဤတရားဂါထာကို ဟောကြားတော်မူ၏။ ဤသို့ အရဟတ္တဖိုလ် အထွတ်တပ်၍ ဟောကြားအပ်သည့် တရားဒေသနာ ဂါထာနိဂုံး ဆုံးသောအခါ အရှင်ပိင်္ဂိယသည် အနာဂါမိဖိုလ်၌ တည်လေ၏ = အနာဂါမ်အရိယာ ဖြစ်လေ၏။ ထိုအရှင်ပိင်္ဂိယသည်ကား တရားနာစဉ် အကြားအကြား၌ “ဤသို့စဉ် ဆန်းကြယ်သော ပဋိဘာန် အသိဉာဏ်ပါရှိသည့် တရားဒေသနာကို ဦးရီးတော် (=အမေ့မောင်) ဗာဝရီဆရာကြီးသည် ကြားနာခွင့်ကို မရရှာပါတကား”ဟု စဉ်းစားဆင်ခြင် အကြံဝင်၍ဝင်၍ နေ၏၊ ထိုသို့ ဦးရီးတော်အပေါ် ချစ်ခင်မှုဖြင့် စိတ်ပျံ့လွင့်နေသောကြောင့် အရဟတ္တဖိုလ်သို့ မရောက်နိုင်ချေ။ သူ၏တပည့် ရသေ့တထောင်တို့သည်ကား အရဟတ္တဖိုလ်သို့ ရောက်ကြကုန်၏ = ရဟန္တာ ဖြစ်ကြကုန်၏။



၆၄၂

ထိုသို့ အနာဂါမ်, ရဟန္တာ အရိယာများ ဖြစ်ကြပြီးနောက် ဆရာတပည့်အားလုံးပင် ဣဒ္ဓိမယ ပရိက္ခရာတို့ကို ဆင်မြန်းကြရသည့် ဧဟိဘိက္ခု ရဟန်းတို့ချည်း ဖြစ်ကြလေကုန်၏။

[ဤဗာဝရီဆရာကြီး၏ တပည့်ကြီး တကျိပ်ခြောက်ယောက်တို့ မိမိတို့အလိုရှိရာ မေးလျှောက်ကြ၍ မြတ်စွာဘုရားရှင်က ဖြေကြားအပ်သော အမေး,အဖြေ တရားဒေသနာ တစုတစုကို အဇိတသုတ္တန်- စသည်ဖြင့် တသုတ်တသုတ်ထား၍ သံဂီတိကာရကမထေရ်တို့ သံဂါယနာ တင်တော်မူကြလေသည်။ ဝတ္ထုဂါထာနှင့်တကွ ထိုသုတ်ပေါင်း (၁၆)တဆယ့်ခြောက်သုတ်တို့ကို “သံသရာ၏ ထိုမှာဖက်ကမ်းဖြစ်သည့် နိဗ္ဗာန်ထုတ်ချောက် ရောက်စေကြောင်း ဖြစ်သောကြောင့်” “ပါရာယနသုတ္တန်”ဟု ခေါ်၏။ (ပါရ = နိဗ္ဗာန်သို့ + အယန = ထုတ်ချောက်ရောက်စေနိုင်သော တရားများဟု ဆိုလိုသည်။)]

     ပါရာယနသုတ္တန်ကို မြတ်စွာဘုရား ဟောကြား ပြီးဆုံးသောအခါ (၁၆ဝ၁၆) တသောင်းခြောက်ထောင် တကျိပ်ခြောက်ယောက်သော ရသေ့တို့ (ပိင်္ဂိယရသေ့တဦးသာ အနာဂါမိဖိုလ်သို့ရောက်၍ ကျန်အားလုံးတို့) အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြလေသည်။ ထိုမှကြွင်းသည့် နတ်,လူပေါင်း (၁၄ဝ,ဝဝဝ,ဝဝဝ) တဆယ့်လေးကုဋေတို့သည်လည်း သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြလေသည်။

     တရားပွဲကြီး ပြီးဆုံးသောအခါ ထိုထိုအရပ်မှ လာကြသည့် တရားနာသူ လူတို့သည် မြတ်စွာဘုရား၏ အာနုဘော်တော်ကြောင့် မိမိတို့နေရာ ရွာ,နိဂုံးတို့၌ ထင်ရှားဖြစ်ကြ = အလိုလိုရောက်ပြီး ဖြစ်ကြလေသည်။ မြတ်စွာဘုရားသည်လည်း (အရှင်ပိင်္ဂိယမထေရ်ကို ထား၍) ထောင်ပေါင်းများစွာသော ရဟန်းတို့ ခြံရံအပ်လျက် သာဝတ္ထိပြည်သို့ ပြန်ကြွတော်မူလေ၏။

အရှင်ပိင်္ဂိယ ဗာဝရီဆရာကြီးအား တဖန်ပြန်၍

တရားဟောခြင်း

     အရှင်ပိင်္ဂိယသည်ကား မြတ်စွာဘုရားကို ရှိခိုး၍ “မြတ်စွာဘုရား.. တပည့်တော်သည် ဦးရီးတော် ဗာဝရီအား လောက၌



၆၄၃

မြတ်စွာဘုရား ပွင့်ထွန်းတော်မူနေကြောင်း ပြောကြားရန် ဦးရီးတော်ထံ သွားပါရစေဘုရား၊ မှန်ပါသည်- တပည့်တော်သည် ထိုဗာဝရီ ဦးရီးတော်အား တဖန်ပြန်ခဲ့မည်ဟု ဝန်ခံအပ်ခဲ့ပါသည်ဘုရား”ဟု ခွင့်ပန်စကား လျှောက်ထားပြီးနောက် မြတ်စွာဘုရား၏ ခွင့်ပြုတော်မူချက်အရ ဉာဏ်ဖြင့်သွားခြင်း (ဣဒ္ဓိဝိဓအဘိညာဏ်ဖြင့် ခဏအတွင်း သွားရောက်ခြင်း)ဖြင့် ဂေါဓာဝရီဆိပ်ကမ်းသို့ ကြွရောက်တော်မူပြီးလျှင် ထိုနေရာမှ ခြေလျင်သွားခြင်းဖြင့် ဗာဝရီဆရာကြီးနေရာ သင်္ခမ်းကျောင်းသို့ ရှေးရှု သွားတော်မူလေ၏။

     ဗာဝရီဆရာကြီးသည် လာမည့်လမ်းကို မျှော်၍ ထိုင်နေစဉ် အရှင်ပိင်္ဂိယမထေရ်သူမြတ် ရသေ့ပရိက္ခရာ အသုံးအဆောင်များ မပါရှိပဲ ရဟန်းအသွင်ဖြင့် ကြွလာလတ်သည်ကို အဝေးမှပင် မြင်၍ “လောက၌ မြတ်စွာဘုရား ပွင့်ထွန်းတော်မူနေပြီ”ဟု ဆုံးဖြတ်ချက် ချမှတ်လေ၏။ သင်္ခမ်းကျောင်းသို့ ရောက်ရှိလာသော အရှင်ပိင်္ဂိယမထေရ်ကို “အသို့နည်း = ဘယ့်နှယ်လဲ ပိင်္ဂိယ.. လောက၌ မြတ်စွာဘုရား ပွင့်ထွန်းတော်မူနေပြီလော”ဟု မေးလေ၏။ အရှင်ယမထေရ်က “အိမ်း.. ဟုတ်ပေသည် ပုဏ္ဏား.. လောက၌ မြတ်စွာဘုရား ပွင့်ထွန်းတော်မူနေပြီ၊ ပါသာဏကစေတီ ကျောင်းတိုက်၌ နေတော်မူလျက် ငါတို့အား တရားဟောတော်မူလိုက်ပြီ၊ ထိုတရားကို ငါသည် သင့်အား တဖန်ပြန်၍ ဟောပေအံ့”ဟု မိန့်ဆိုလေလျှင် ဗာဝရီဆရာကြီးသည် တပည့်ပရိသတ် လုလင်ငါးရာတို့နှင့် အတူတကွ အရှင်ပိင်္ဂိယကို ကြီးစွာသော ပူဇော်ခြင်းဖြင့် ပူဇော်၍ နေရာခင်းပေးလေသည်။ ထိုနေရာ၌ ထိုင်နေတော်မူကာ အရှင်ပိင်္ဂိယမထေရ်သည် ဗာဝရီဆရာကြီးအား “ပါရာယနာနုဂီတိ”မည်သော တရားဒေသနာ ၁၅-ဂါထာတို့ကို ဟောကြားတော်မူလေသည်။ (ဂါထာပါဠိတို့ကို ခု ၁၊ သုတ္တနိပါတပါဠိ စာမျက်နှာ ၄၄၉-မှစ၍ ကြည့်ရှု လေ့ကျက်ကုန်ရာ၏။ ဤကျမ်း၌ကား မြန်မာပြန် သက်သက်ကိုသာ နားလည်လွယ်သော စကားဖြင့် ရေးသားဖော်ပြပေအံ့)-



၆၄၄

     (၁) အရှင်ပိင်္ဂိယသည် ဤသို့ ဟောဆို၏-

မြတ်စွာဘုရား ဟောကြားအပ်သော ပါရာယနသုတ်ကို အတုယူ၍ ငါဟောပေအံ့။ ကိလေသာအညစ်အကြေး ကင်းတော်မူသော, မြေကြီးနှိုင်းဆွယ် အပြန့်ကျယ်သော ပညာရှိတော်မူသော, ကာမမှ ထွက်မြောက်တော်မူပြီးသော, ကိလေသာ ကင်းတော်မူပြီးသော, ရဟန္တာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် သစ္စာဘိသမ္ဗောဓဉာဏ်, အသာဓာရဏဉာဏ်တော်ဖြင့် သိမြင်တော်မူသည့်အတိုင်း တရားကို ဟောကြား တော်မူ၏။ ထိုမြတ်စွာဘုရားသည် အဘယ့်ကြောင့် ချွတ်လွဲသောစကားကို ပြောကြားလိမ့်မည်နည်း = မပြောကြားသည်သာတည်း။

(၂) တွေဝေမှု = မောဟတည်းဟူသော အညစ်အကြေးကိုလည်း ပယ်ပြီးသော, ထောင်လွှားမှု = မာန, သူ့ကျေးဇူးကန်းမှု = မက္ခ တရားဆိုးတို့ကိုလည်း ပယ်ပြီးသော မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးနှင့်စပ်သော တရားစကားကို ယခုအခါ သင့်အား ငါ ဟောကြားပေအံ့။

(၃) ပုဏ္ဏား.. မြတ်စွာဘုရားသည် ကိလေသာ အမိုက်မှောင်ကို ပယ်ဖျောက်ပြီး ဖြစ်၏။ ထက်ဝန်းကျင် မြင်နိုင်သော ဉာဏ်မျက်စိ ရှိတော်မူ၏။ လောကအဆုံးသို့ ရောက်တော်မူပြီး ဖြစ်၏။ ဘဝအားလုံးကိုလည်း လွန်မြောက်ပြီး ဖြစ်တော်မူ၏၊ အာသဝတရား ကင်းတော်မူ၏။ ဆင်းရဲအားလုံးကို ပယ်ပြီးသူလည်း ဖြစ်၏။ ဗုဒ္ဓ-ဟူသော အမည်မှန်လည်း ရှိတော်မူ၏၊ အို ပုဏ္ဏား.. ငါသည် ထိုမြတ်စွာဘုရားကို ဆည်းကပ်အပ်ခဲ့လေပြီ။

(၄) ပုဏ္ဏား.. ငှက်သည် အသီးနည်းသည့် စက်ဆုပ်ဖွယ်တောကို ပယ်စွန့်ကာ အသီးများစွာရှိသော တောကိုမှီလျက် နေသကဲ့သို့ ဤအတူ ငါသည် ဉာဏ်အမြင်နည်းသူတို့ကို ပယ်စွန့်၍ ဟင်္သာသည် ရေများသောအိုင်သို့



၆၄၅

သက်ဆင်းမိသကဲ့သို့ ဉာဏ်ပညာရေများသည့် ဘုရားရှင်ထံမှောက် သက်ဆင်း ဆိုက်ရောက်ခဲ့လေပြီ။

(၅) ပုဏ္ဏား.. ဂေါတမမြတ်စွာ သာသနာတော် မပေါ်ထွန်းသေးမီ ရှေးအခါက အကြင်ဆရာတို့သည် “ဤသို့ဖြစ်ပြီ၊ ဤသို့ဖြစ်လိမ့်မည်”ဟု မိမိတို့၏ အယူဝါဒကို ငါ့အား ပြောဆိုခဲ့ကြပြီ၊ ထိုဆရာတို့ ပြောဆိုအပ်သမျှ အယူဝါဒအလုံးစုံသည် ဤသို့တဲ့, ဤလိုတဲ့ဟု တဆင့်စကား ပြောသံကြားမျှသာ ဖြစ်၏။ ထိုဝါဒအလုံးစုံသည် ကာမဝိတက်စသော အကုသိုလ်အကြံ သုံးမျိုးကိုသာ ပွါးစေတတ်၏။

(၆) ပုဏ္ဏား.. ဂေါတမနွယ်ဖွား ထိုငါဆည်းကပ်ခဲ့သော မြတ်စွာဘုရားသည် ပြိုင်ဖက်မပြူ တဆူတည်း ဖြစ်တော်မူ၏။ ကိလေသာအမိုက်မှောင်ကို ဖျက်ဆီးပြီးကာ နေတော်မူ၏။ ကိုယ်တော်ရောင် တောက်ပသည့်ပြင် ဝေနေယျတို့အတွက်တာ ပညာအရောင်ကိုလည်း ပြုတော်မူ၏၊ ဂေါတမနွယ်ဖွား ငါ့ဆရာ မြတ်စွာဘုရားသည် ပညာတံခွန် ရှိတော်မူ၏။ မြေကြီးနှိုင်းဆွယ် ကျယ်ပြန့်သော ပညာရှိတော်မူ၏။

(၇) ပုဏ္ဏား.. ယင်း ငါ့ဆရာ မြတ်စွာဘုရားသည် ငါ့အား ကိုယ်တိုင်လည်း သိမြင်အပ်, အခါမလင့် အကျိုးလည်းပေးတတ်, တပ်မက်မှု = တဏှာ၏ ကုန်ရာလည်းဖြစ်, ဘေးရန်လည်း မရှိသည့် တရားကို ဟောတော်မူ၏၊ ယင်း ငါ့ဆရာ မြတ်စွာဘုရားမှာ တစုံတရာ နှိုင်းယှဉ်ဖွယ်ရာ ဥပမာမရှိချေ။

(၈-၉) (ထိုအခါ ဗာဝရီဆရာကြီးက အရှင်ပိင်္ဂိယကို ဤသို့ပြောဆို မေးမြန်းပြန်လေသည်)— ပိင်္ဂိယ.. ယင်း သင့်ဆရာ မြတ်စွာဘုရားသည် သင့်အား ကိုယ်တိုင်လည်း သိမြင်အပ်, အခါမလင့် အကျိုးလည်း ပေးတတ်,

၆၄၆

တပ်မက်မှု = တဏှာ၏ ကုန်ရာလည်းဖြစ်, ကိလေသာ ဘေးရန်လည်းမရှိသည့် တရားကို ဟောတော်မူ၏- ဆိုလျှင် ယင်း သင့်ဆရာ မြတ်စွာဘုရားမှာ တစုံတရာ နှိုင်းယှဉ်ဖွယ်ရာ ဥပမာ မရှိဘူးပ–ဆိုလျှင် ပညာတံခွန်လည်း ရှိတော်မူ, မြေကြီးနှိုင်ဆွယ် ကျယ်ပြန့်သော ပညာလည်း ရှိတော်မူသော ထိုသင့်ဆရာ မြတ်စွာဘုရားမှ သင်သည် တမုဟုတ်မျှပင် ကင်း၍ အဘယ့်ကြောင့် နေဘိသနည်း။ (သင် ချီးမွမ်းအပ်သည့်အတိုင်း သင့်ဆရာ မြတ်စွာဘုရားသည် ကျေးဇူးဂုဏ်နှင့် ပြည့်စုံသူဖြစ်ပါလျှင် ထိုသို့သော ဆရာမျိုးနှင့် တမုဟုတ်မျှပင် ကင်းကွာ၍ မနေသင့်၊ ယခုမူ သင် အဘယ့်ကြောင့် ကင်းကွာ၍ နေဘိသနည်း-ဟု မိမိ၏ တူရင်းအပေါ်၌ အပြစ်တင်၍ ပြောဆိုခြင်းဖြစ်သည်)။

(၁၀-၁၁) (ထိုအခါ အရှင်ပိင်္ဂိယသည် မိမိမှာ စိတ်အားဖြင့် ဘုရားရှင်နှင့် ကင်းကွာ၍ မနေကြောင်းကို ဖော်ပြလျက် ဗာဝရီဆရာကြီးကို ဤဆိုလတ္တံ့သောအတိုင်း ပြန်လည် ဖြေကြားတော်မူလေသည်)— ပုဏ္ဏား.. ယင်း ငါ့ဆရာ မြတ်စွာဘုရားသည် ငါ့အား ကိုယ်တိုင်လည်း သိမြင်အပ်, အခါမလင့် အကျိုးလည်းပေးတတ်, တပ်မက်မှု = တဏှာ၏ ကုန်ရာလည်းဖြစ်, ကိလေသာ ဘေးရန်လည်း မရှိသည့် တရားကို ဟောတော်မူ၏၊ ယင်း ငါ့ဆရာ မြတ်စွာဘုရားမှာ တစုံတရာ နှိုင်းယှဉ်ဖွယ်ရာ ဥပမာလည်း မရှိချေ။ ပညာတံခွန်လည်း ရှိတော်မူ, မြေကြီးနှိုင်းဆွယ် ကျယ်ပြန့်သော ပညာလည်း ရှိတော်မူသော ထိုငါ့ဆရာ မြတ်စွာဘုရားမှ ငါသည် တမုဟုတ်မျှပင် ကင်းကွာ၍ မနေပါ။ (အရှင်ပိင်္ဂိယ၏ စကားမကုန်သေး)-

(၁၂) ပုဏ္ဏား.. ထိုငါ့ဆရာ မြတ်စွာဘုရားကို ပကတိ မံသမျက်စိဖြင့် မြင်နေရသကဲ့သို့ မမေ့မလျော့မူ၍ နေ့ရောညဉ့်ပါ စိတ်ဖြင့်မြင်၍ နေပါ၏၊ ငါသည် ထိုငါ့ဆရာ မြတ်စွာဘုရားကို ရှိခိုးလျက်သာ ညဉ့်အချိန်ကို



၆၄၇

ကုန်လွန်စေပါ၏။ ထို့ကြောင့်ပင် တမုဟုတ်မျှ ကင်း၍မနေဟု ငါ မှတ်ယူ သိမြင်ပေ၏။

(၁၃) ပုဏ္ဏား.. ငါ၏ ယုံကြည်မှု = သဒ္ဓါတရား, နှစ်သက်မှု = ပီတိတရား, သိမှု = စိတ်တရား, အောက်မေ့မှု = သတိတရား = ဤတရားများသည် ငါ၏ဆရာ ဂေါတမမြတ်စွာ အဆုံးအမ = သာသနာမှ ကင်းဖဲ၍ မသွားကြကုန်။ မြေကြီးနှိုင်းဆွယ် ကျယ်ပြန့်သော ပညာရှိသည့် ငါ့ဆရာ မြတ်စွာဘုရား ကြွသွားရာရာ အရပ်သို့သာလျှင် ငါသည် (စိတ်ဖြင့်) အမြဲတစေ ညွတ်ကိုင်းနေသူ ဖြစ်ပေ၏။

(၁၄) ပုဏ္ဏား.. အိုမင်း၍ အား,အစွမ်း နည်းနေသောကြောင့်သာ ငါ၏ကိုယ်သည် ထိုဆရာ မြတ်စွာဘုရားရှိရာသို့ မသွားရောက်နိုင်ပါ၊ ငါသည် စိတ်အကြံဟူသော သွားခြင်းဖြင့်သာ ထိုငါ့ဆရာ မြတ်စွာဘုရားရှိရာသို့ အမြဲ သွားရောက်နေပါ၏၊ မှန်၏- ငါ၏စိတ်သည် ထိုငါ့ဆရာ မြတ်စွာဘုရား ရှိရာအရပ်နှင့် အမြဲတစေ စပ်ယှဉ်၍ နေပေ၏။

(၁၅) ပုဏ္ဏား.. ငါသည် ကာမညွန်ထဲ လျောင်းလဲလျက် အမြဲတုန်လှုပ်ကာ ဆရာတဦးတည်းဟူသော = ကျွန်းတခုမှ အခြား ဆရာတဦးတည်းဟူသော = ကျွန်းတခုသို့ ပြောင်းလဲ ဆည်းကပ်ကာ မျောပါခဲ့ရလေပြီ။ အို ပုဏ္ဏား.. ထိုသို့ ပြောင်းလဲကာ မိစ္ဆာအယူရေကြော မျောပါ၍နေရာမှ ယခုအခါ ငါသည် ပါသာဏကစေတီ ကျောင်းတိုက်၌ သံသရာအယဉ် = ဩဃကိုလည်း လွန်မြောက်တော်မူပြီးသော, အာသဝတရားလည်း ကင်းတော်မူသော ငါ့ဆရာ မြတ်စွာဘုရားကို ဖူးတွေ့ရလေပြီ။

(ဤဗာဝရီဆရာကြီး တူ,ဝရီးတို့ အပြန်အလှန် ပြောဆိုကြရာ၌ အရှင်ပိင်္ဂိယ မထေရ်ကလည်း မိမိမှာ အရိယာ ရဟန်းတော်တပါး ဖြစ်သဖြင့် ရဟန်းပီသစွာ “ဗြာဟ္မဏ = ပုဏ္ဏား..”ဟူ၍သာ ဦးရီးတော်ကို

၆၄၈

ခေါ်ဆိုလေသည်။ ဗာဝရီဆရာကြီးကလည်း မိမိတူအရင်းဖြစ်၍ ရှေးကခေါ်မြဲတိုင်းပင် “ပိင်္ဂိယ”ဟူ၍ ခေါ်ဆို ပြောနေလေသည်။ ရိုင်းပြသည်ဟု မမှတ်ယူသာ)။

မြတ်စွာဘုရား ရောင်ခြည်တော်လွှတ်၍ တရားဟောခြင်း

     ဤဖော်ပြရာပါ ၁၅-ခုမြောက် ဂါထာအဆုံး၌ အရှင်ပိင်္ဂိယမထေရ်(နှင့်) ဦးရီးတော် ဗာဝရီဆရာကြီးတို့၏ ဣန္ဒြေများ (=သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာ = ဤတရား၅-ပါးတို့) ရင့်ကျက်နေပြီကို သိတော်မူ၍ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန် ကျောင်းတိုက်တော်၌ နေတော်မူရင်းကပင် ရွှေရောင်အဆင်း ဝါဝင်းထိန်ပြေသော ပီတရောင်ခြည်တော်ကို (ရုပ်ရှင်ပွဲ, ဇာတ်ပွဲတို့၌ လျှပ်စစ်မီးမောင်းကြီး ထိုးပြလိုက်သကဲ့သို့ လွှတ်တော်မူလိုက်လေ၏။ အရှင်ပိင်္ဂိယမထေရ်သည် ဦးရီးတော် ဗာဝရီဆရာကြီးအား မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းနေရင်းကပင် ထိုရောင်ခြည်တော်ကို ဖူးမြင်ရ၍ “ဤအရာကား အဘယ်နည်း = ဒီဟာ ဘာပါလိမ့်”ဟု ဂရုတစိုက် ကြည့်ရှုလေလျှင် မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးကို မိမိ၏ရှေ့၌ မားမားမတ်မတ် ရပ်တည်တော်မူနေသကဲ့သို့ ဖူးမြင်ရ၍ ဗာဝရီဆရာကြီးအား “ဟော မြတ်စွာဘုရား ကြွလာတော်မူပြီ”ဟု အံ့အားသင့်စွာ ပြောကြားလေ၏။

     ထိုအခါ ဗာဝရီဆရာကြီးသည်လည်း နေရာမှထကာ လက်အုပ်မြှောက်ချီ ရပ်တည်၍ နေလေ၏။ မြတ်စွာဘုရားသည်လည်း ရောင်ခြည်တော်ကို တိုးတက်ကာ ဖြန့်၍ ဗာဝရီဆရာကြီးအား ကိုယ်တော်ထင်ထင် ပြတော်မူလျက် တူ,ဝရီး နှစ်ဦးလုံးအားပင် သပ္ပါယဖြစ်မည်ကို သိမြင်တော်မူကာ အရှင်ပိင်္ဂိယမထေရ်ကိုပင် အာလုပ်ထား ခေါ်တော်မူ၍-

ယထာ အဟူ ဝက္ကလိ မုတ္တသဒ္ဓေါ၊

ဘဒြာဝုဓော အာဠဝိ ဂေါတမော စ။

ဧဝမေဝ တွမ္ပိ ပမုဉ္စဿု သဒ္ဓံ၊

ဂမိဿသိ တွံ ပိင်္ဂိယ မစ္စုဓေယျဿ ပါရံ။



၆၄၉

ပိယ = ချစ်သား ပိင်္ဂိယ..။ ဝက္ကလိ = ဝက္ကလိ ရဟန်းသည်၎င်း။ ဘဒြာဝုဓော = ဗာဝရီ၏ တပည့်ကြီးများ တဆယ့်ခြောက်ပါးတွင် အဝင်အပါ ဘဒြာဝုဓ ရဟန်းသည်၎င်း။ အာဠဝိဂေါတမော စ = အာဠဝီပြည်သား ဂေါတမ ရဟန်းသည်၎င်း။ မုတ္တသဒ္ဓေါ = ယုံကြည်မှု = သဒ္ဓါတရားကို စေလွှတ်လျက်။ မစ္စုဓေယျဿ ပါရံ = သေမင်းတည်ရာ သံသရာ၏ တဖက်ကမ်း နိဗ္ဗာန်နန်းသို့။ ဂစ္ဆတိ ယထာ = အရဟတ္တဖိုလ်ပေါက် ရောက်သကဲ့သို့။ ဧဝံမေဝ = ဤအတူပင်လျှင်။ တွမ္ပိ = သင်ချစ်သားသည်လည်း။ သဒ္ဓံ = ယုံကြည်မှု = သဒ္ဓါတရားကို။ ပမုဉ္စဿု = နိဗ္ဗာန်သို့ဦးညွှတ် စေလွှတ်လေလော့။ ဧဝံ = ဤသို့ စေလွှတ်သည်ရှိသော်။ ဝိပဿနံ အာရဘိတွာ = ဝိပဿနာတရား အားထုတ်၍။ တွံ = သင်ချစ်သားသည်။ မစ္စုဓေယျဿ = သေမင်းတည်ရာ သံသရာ၏။ ပါရံ = ဟိုမှာဖက်ကမ်း နိဗ္ဗာန်နန်းသို့။ ဂမိဿသိ = ပဋိဘာန အရဟတ္တဖိုလ်ပေါက် ရောက်ရလိမ့်သတည်း -

ဤတရားဒေသနာ ဂါထာကို ဟောတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးသောအခါ အရှင်ပိင်္ဂိယမထေရ်သည် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်၍ ဗာဝရီဆရာကြီးသည် အနာဂါမိဖိုလ်သို့ ဆိုက်ရောက်လေ၏။ ဗာဝရီဆရာကြီး၏ တပည့်လုလင် ငါးရာတို့သည်ကား သောတာပန်အရိယာတို့ ဖြစ်ကြလေကုန်၏။

     ယခုအခါ အရှင် ပိင်္ဂိယသည် မိမိ၏ သဒ္ဓါကြည်ညိုမှုကို အထင်အရှား ပြောကြား ထုတ်ဖော်လိုသောကြောင့် ဤဆိုလတ္တံ့သော သုံးဂါထာတို့ကို ရွတ်ဆိုလေ၏-

ဧသ ဘိယျော ပသီဒါမိ၊

သုတွာန မုနိနော ဝစော။

ဝိဝဋ္ဋစ္ဆဒေါ သမ္ဗုဒ္ဓေါ၊

အခိလော ပဋိဘာနဝါ။ (၁)



၆၅၀

အဓိဒေဝေ အဘိညာယ၊

သဗ္ဗံ ဝေဒိ ၀ရော၀ရံ။

ပဉှာနန္တကရော သတ္ထာ၊

ကင်္ခီနံ ပဋိဇာနတံ။ (၂)

ဘန္တေ = မြတ်စွာဘုရား..။ ဧသ = ဧသော အဟံ = ပိင်္ဂိယတွင်ခေါ် ထိုတပည့်တော်သည်။ မုနိနော = မဟာမုနိ အတုမရှိသော မြတ်စွာဘုရား၏။ ဝစော = မိန့်ဖော်ဟောကြား တရားစကားကို။ သုတွာန = သဒ္ဓါနားဖြင့် နာကြားရသောကြောင့်။ ဘိယျော ပသီဒါမိ = ဆဆထပ်ပိုး တိုး၍ကြည်လင် သဒ္ဓါသက်ဝင်လှပါ၏။ ဝိဝဋ္ဋစ္ဆဒေါ = သုံးပါးဝဋ်မျိုး သံသရာ့အမိုးကို ဖျက်ချိုးဖွင့်လှစ်တော်မူပြီးသော။ အခိလော = ကိလေသာတံသင်း ကင်းတော်မူပြီးထသော။ ပဋိဘာနဝါ = ပဋိဘာန ပဋိသမ္ဘိဒါ ပညာဉာဏ်လည်း ရှိတော်မူပေထသော။

ပဉှာနံ = အမေးပုစ္ဆာ ပြဿနာခပင်းတို့၏။ အန္တကရော = အဆုံးကို ပြုတော်မူတတ်သော။ ကင်္ခီနံ = ဝိစိကိစ္ဆာ ငြောင့်တံသင်း ယုံမှားခြင်း ရှိကြပါကုန်လျက်။ ပဋိဇာနတံ = ယုံမှားကင်းသူ ဆရာတဆူဟု အယူဖောက်ပြန် ဝန်ခံကြသူတို့၏။ သတ္ထာ = ဆရာတဆူ ဖြစ်တော်မူသော။ သမ္ဗုဒ္ဓေါ = လောကထွတ်ထား မြတ်စွာဘုရားသည်။ အဓိဒေဝေ = သမ္မုတိနတ် ဥပပတ္တိနတ်တို့ထက် ဥက္ကဌ်ကဲချွန် သာလွန်မြင့်မြတ် ဝိသုဒ္ဓိနတ်ဖြစ်သော အရိယာတို့ကို။ အဘိညာယ = ထူးသောဉာဏ်ဖြင့် သိတော်မူ၍။ သဗ္ဗံ ဝရောဝရံ = ဝိသုဒ္ဓိနတ်အဖြစ်ကို ပြုတတ်သည့် အမြတ်,အယုတ်အား = နှစ်ထွေပြားသည့် တရားဥဿုံ အလုံးစုံကို။ ဝေဒိ = ပိုင်းခြားချဲ့ထွင် သိမြင်တော်မူလေပြီ။



၆၅၁

အသံဟီရံ အသံကုပ္ပံ၊

ယဿ နတ္ထိ ဥပမာ ကွစိ။

အဒ္ဓါ ဂမိဿာမိ န မေတ္ထ ကင်္ခါ၊

ဧဝံ မံ ဓာရေဟိ အဓိမုတ္တစိတ္တံ။

မုနိ = ခပ်သိမ်းသောတရားကို ပိုင်းခြားသိမြင်တော်မူသော မြတ်စွာဘုရား..။ အဟံ = ပိင်္ဂိယတွင်ခေါ် တပည့်တော်သည်။ ယဿ = အကြင်နိဗ္ဗာန်တရား၏။ ကွစိ = တစုံတခုသော။ ဥပမာ = နှိုင်းယှဉ်ဖွယ်ရာ ဥပမာသည်။ နတ္ထိ = မရှိ။ အသံဟိရီ = ရွေ့ရှားတုန်လှုပ်ခြင်း အလျှင်းမရှိသော။ အသံကုပ္ပံ = ဖောက်ပြန်ပျက်စီးခြင်း အလျှင်းမရှိသော။ တံ = ထိုအနုပါဒိသေသ နိဗ္ဗာနဓာတ်သို့။ အဒ္ဓါ ဂမိဿာမိ = မချွတ်ဧကန် အမှန်ပင် ရောက်ရပါအံ့။ ဧတ္ထ = ဤအနုပါဒိသေသ နိဗ္ဗာနဓာတ်သို့ မချွတ် ဆိုက်ရောက်မှု၌။ မေ = ပိင်္ဂိယတွင်ခေါ် တပည့်တော်၏ (အဖို့ရာ)။ ကင်္ခါ = သို့လောသို့လော တွေးတောဝိုးဝါး ယုံမှားခြင်းသည်။ န အတ္ထိ = တစိုးတစိ မရှိပါဘုရား။ မံ = ပိင်္ဂိယတွင်ခေါ် တပည့်တော်ကို။ ဧဝံ = ဤသို့ “ဧဝမေဝ တွမ္ပိ ပမုဉ္စဿု သဒ္ဓံ”ဟု ရှင်ပင်ဘုရား မိန့်ကြားတော်မူသည့်အတိုင်း။ အမိမုတ္တစိတ္တံ = သဒ္ဓါတရား အဦးထား၍ သုံးပါးယာဉ်သာ လက္ခဏာဖြင့် ခေမာသိဝ နိဗ္ဗာနကို အရဟတ္တဖိုလ်ထိ စိတ်ညွတ်ခြင်းရှိသူဟူ၍။ ဓာရေဟိ = စိတ်တော်စွဲယူ သိမှတ်တော်မူပါဘုရား..။

ဤကား နောက်ဆက်တွဲ ဗာဝရီဆရာကြီး အကြောင်းတည်း။

ဤတွင် (ထေရာပဒါန)အခဏ်း-၄၃ ပြီး၏။

ဤတွင် မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပဌမပိုင်း) ပြီး၏။