အရှင်ဗာကုလ မထေရ်အကြောင်း

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၃၃) အရှင်ဗာကုလ မထေရ်အကြောင်း

(၃၃) အရှင်ဗာကုလမထေရ်အကြောင်း

(က) မထေရ်မြတ်၏ ရှေးဆုတောင်း

     ဤအရှင်ဗာကုလ မထေရ်အလောင်း သူတော်ကောင်းသည် ရှေးလွန်လေပြီးသောအခါ တသင်္ချေနှင့် ကမ္ဘာတသိန်းထက်၌ အနောမဒဿီ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မမူမီ ရှေးဦးကပင်



၅၀၂

ပုဏ္ဏားမျိုး၌ ပဋိသန္ဓေ ယူနေဖြစ်ပွါး၍ အရွယ်သို့ ရောက်လတ်သော် ဗေဒင်သုံးရပ် သင်ကြားတတ်မြောက်ပြီးလျှင် ထိုဗေဒင်ကျမ်းများ၌ အနှစ်သာရကို မတွေ့မမြင်ရကား “ငါသည် တမလွန်လောက ကောင်းကျိုးကို ရှာကြံပေတော့အံ့”ဟု ကြံစည် ဆင်ခြင်မိ၍ တောင်ခြေတခုဝယ် “ရသေ့ရဟန်း ပြုလုပ်ပြီးကာ အဘိညာဏ်ငါးရပ် သမာပတ်ရှစ်ပါးတို့ကို ရရှိလျက် ဈာန်ကို ဝင်စားမွေ့လျော်မှုဖြင့် အချိန်ကို ကုန်လွန်စေလေ၏။

     ထိုအခါ အနောမဒဿီ ဘုရားအလောင်းတော်သည် သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရရှိကာ လူသုံးပါး၌ ဘုရားစင်စစ် ဖြစ်တော်မူ၍ အရိယာ သံဃာအပေါင်း ခြံရံလျက် ဒေသစာရီ ကြွချီလှည့်လည်တော်မူလေ၏။ အရှင်ဗာကုလအလောင်း ရသေ့သည် “လောကဝယ် ဘုရား, တရား, သံဃာ ရတနာသုံးပါး ထင်ရှားပွင့်ထွန်းလာပြီ”ဟူသော သတင်းစကားကို ကြားသိရ၍ အနောမဒဿီ မြတ်စွာဘုရားရှင် အထံတော်သို့ သွားရောက်ကာ တရားတော်ကို နာကြားရလေလျှင် တရားဒေသနာအဆုံး၌ သရဏဂုံသုံးပါးကို ခံယူဆောက်တည်သူ ဖြစ်ပါသော်လည်း မိမိ၏တောင်ခြေ သင်္ခမ်းကျောင်းကို မစွန့်နိုင်သဖြင့် ထိုတောင်ခြေသင်္ခမ်းကျောင်း၌ပင် ရသေ့ရဟန်းအဖြစ်ဖြင့် နေထိုင်လေ၏။ အခါမပြတ်လည်း ဘုရားဖူးရန် သွားရောက်၍ တရားတော်ကို နာကြားလေ၏။

     တနေ့သ၌ အနောမဒဿီ မြတ်စွာဘုရားရှင် ကိုယ်တော်မှာ လေနာရောဂါ ဖြစ်ပွါးလာလေ၏။ ရသေ့သည် ဘုရားဖူးရန် လာလတ်သည်တွင် “မြတ်စွာဘုရားရှင် မမာမကျန်းဖြစ်နေသည်”ဟူသော သတင်းစကားကို ကြားသိရ၍ “အရှင်ဘုရား.. အဘယ်ရောဂါ အနာပါနည်းဘုရား”ဟု မေးလျှောက်လေ၏။ “ဝမ်းလေနာတည်း”ဟု ဖြေဆိုပြန်ကြားအပ်လေသော် ရသေ့သည် “ဤအခါကား ငါ့အဖို့ရာ ကောင်းမှုပြုရန် အခါကောင်းတည်း”ဟု ကြံစည် အောက်မေ့ကာ တောင်ခြေသို့ သွားရောက်၍ အထူးထူးသော ဆေးတို့ကို ဖော်စပ်ပြီးလျှင် “ဤဆေးကို မြတ်စွာဘုရားအား ဆက်ကပ်တော်မူကြပါဘုရား”ဟု အလုပ်အကျွေး



၅၀၃

မထေရ်လက်သို့ ဆက်ကပ် အပ်နှင်းခဲ့လေ၏။ ထိုဆေးကို သုံးဆောင်တော်မူလိုက်သည်နှင့် တပြိုင်နက် မြတ်စွာဘုရားကိုယ်၌ စွဲကပ်သော ဝမ်းလေနာသည် အပြီးတိုင် ငြိမ်းစဲ ပျောက်ကင်းလေ၏။

     ရသေ့သည် မြတ်စွာဘုရားရှင် ကျန်းမာတော်မူသောအခါ၌ ဘုရားရှင်ထံတော်မှောက်သို့ သွားရောက်ပြီးလျှင် “မြတ်စွာဘုရား.. တပည့်တော်၏ဆေးဖြင့် မြတ်စွာဘုရား၏ ကျန်းမာတော်မူခြင်းသည် ဖြစ်ခဲ့ပါပြီ၊ ထိုကောင်းမှု၏ အကျိုးဆက်ကြောင့် ဖြစ်လေရာရာ သံသရာဘဝ၌ တပည့်တော်၏ ကိုယ်ခန္ဓာဝယ် နွားနို့တကြိမ်ညှစ် ကာလမျှလည်း အနာရောဂါ မဖြစ်ပါစေသား”ဟု ဆုတောင်းစကား လျှောက်ထားလေ၏။ ဤသည်ကား အရှင်ဗာကုလအလောင်း သူတော်ကောင်း၏ ထိုဘဝ၌ ပြုအပ်သော ကောင်းမှုအထူး ဖြစ်ပေသည်။

အနာကင်းသောအရာ ဧတဒဂ်ဆုတောင်းခြင်း

     ထိုအရှင်ဗာကုလအလောင်း သူတော်ကောင်းသည် ထိုဘဝမှ စုတေလတ်သော် ဗြဟ္မာ့ပြည်၌ဖြစ်၍ တသင်္ချေရှည်လျားစွာ အခါကာလပတ်လုံး နတ်ပြည် လူ့ပြည်တို့၌ ကျင်လည် ကျက်စားလျက် ပဒုမုတ္တရ မြတ်စွာဘုရားရှင် လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသား ဖြစ်လတ်၍ မြတ်စွာဘုရားရှင်က ရဟန်းတော်တပါးကို အနာကင်းသောအရာဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ် ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အဓိကာရကောင်းမှု (ရှေးဖော်ပြရာပါ မဟာသာဝက အလောင်းလျာကြီးများနည်းတူ) ပြုလုပ်၍ ထိုအနာကင်းသော အရာဝယ် အသာဆုံး အမြတ်ဆုံး = အပ္ပါဗာဓ ဧတဒဂ်ရာထူးကို ဆုတောင်းပတ္ထနာမှု ပြုလေ၏။ မြတ်စွာဘုရားရုင်ကလည်း ဗျာဒိတ်စကား မိန့်ကြားတော်မူလေ၏။



၅၀၄

တဖန် ရသေ့ဘဝ ဆေးကုသခြင်း

     ထိုအမျိုးကောင်းသားသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြု၍ နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် (ဤကမ္ဘာမှအထက် ကိုးဆယ့်တကမ္ဘာထက်ဝယ်) ဝိပဿီမြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မမူမီ ရှေးဦးကပင် ဗန္ဓုမတီမြို့ဝယ် ပုဏ္ဏားမျိုး၌ ဖြစ်လတ်၍ ရှေးနည်းအတူပင် ရသေ့ရဟန်း ပြုလုပ်ကာ ဈာန်ရပုဂ္ဂိုလ်ဖြစ်လျက် တောင်ခြေ၌ ချမ်းသာစွာ နေထိုင်လေ၏။

     ဝိပဿီမြတ်စွာဘုရား အလောင်းတော်သည်လည်း သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရရှိကာ လူသုံးပါး၌ ဘုရားစင်စစ် ဖြစ်တော်မူ၍ ရဟန်းသံဃာတော်ပေါင်း (၆,၈ဝဝ,ဝဝဝ) ခြောက်သန်းရှစ်သိန်း ခြံရံလျက် ဗန္ဓုမတီ မင်းနေပြည်ကို အမှီပြုကာ ခမည်းတော် ဗန္ဓုမ-မင်းတရားအား ချီးမြှောက်မှု ပြုတော်မူလျက် ခေမာ-မည်သော မိဂဒါဝုန်တော၌ သီတင်းသုံး နေထိုင်တော်မူ၏။

     ထိုအခါ ဤအရှင်ဗာကုလအလောင်း ရသေ့သူတော်ကောင်းသည် လောက၌ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူကြောင်းကို ကြားသိရ၍ ဘုရားရှင့်ထံမှောက်သို့ သွားရောက် ဆည်းကပ်ကာ တရားတော်ကို နာရသဖြင့် သရဏဂုံ ခံယူဆောက်တည်သူ ဖြစ်ပါသော်လည်း မိမိ၏ ရသေ့ရဟန်းအဖြစ်ကို မစွန့်နိုင်ပဲ တောင်ခြေ သင်္ခမ်းကျောင်း၌ပင် ရသေ့ရဟန်းအဖြစ်ဖြင့် နေထိုင်လျက် အခါမပြတ် မြတ်စွာဘုရားရှင်ကို ဆည်းကပ်ပြုစုရန် သွားရောက်လေ၏။

     ထို့နောက် တနေ့သ၌ ဟိမဝန္တာဝယ် အဆိပ်ပင်များ ပွင့်ကြသဖြင့် ထိုအဆိပ်ပင် အဆိပ်ပွင့်တို့ကို တိုက်ခတ်လာသော လေအတွေ့ကြောင့် (မြတ်စွာဘုရားနှင့် အဂ္ဂသာဝက မထေရ်မြတ် နှစ်ပါးတို့ကို ချန်လှပ်၍) ကြွင်းကျန်သော ရဟန်းအားလုံးတို့၏ ကိုယ်မှာ ပြင်းစွာသော ဦးခေါင်းနာရောဂါ စွဲကပ်ဖြစ်ပွါး၍ လာလေ၏။ ရသေ့သူမြတ်သည် မြတ်စွာဘုရားရှင်ကို ဆည်းကပ်ပြုစုရန် လာလတ်သည်ရှိသော် ရဟန်းတော်များ ခေါင်းမြီးခြုံ၍



၅၀၅

လျောင်းနေတော်မူကြသည်ကို တွေ့မြင်ရ၍ “အရှင်ဘုရားတို့.. ရဟန်းသံဃာတော်၏ ကိုယ်မှာ အဘယ်သို့သော မကျန်းမမာမှု ဖြစ်ရှိပါသနည်း”ဟု မေးမြန်းလေ၏။ “ငါ့ရှင်ရသေ့.. ရဟန်းသံဃာတို့မှာ အဆိပ်မြက်ပွင့် ဘေးဒဏ်သင့်သောရောဂါ ဖြစ်ရှိနေ၏”ဟု ဖြေကြားလေလျှင် ရသေ့သူတော်စင်သည် “ဤအခါကား ငါ့အဖို့ရာ ကိုယ်တိုင်ကိုယ်ကျ ဝေယျာဝစ္စပြု၍ ကောင်းမှုကိုဆည်းပူးရန် လျော်ကန်သင့်မြတ်သော အခါတည်း”ဟု ကြံစည်အောက်မေ့ကာ မိမိ၏ အာနုဘော်ဖြင့် ဆေးအမျိုးမျိုးတို့ကို စုဆောင်း ဖော်စပ်ပြီးလျှင် ရဟန်းသံဃာတော်အား လှူဒါန်း ဆက်ကပ်လေ၏။ ထိုဆေးကို နမ်းရှူရုံမျှဖြင့်ပင် ရဟန်းတော်အားလုံးတို့၏ ရောဂါသည် တခဏချင်း ပျောက်ကင်းငြိမ်းစဲ၍ သွားလေ၏။

ကျောင်းတိုက်အိုကို မွမ်းမံပြင်ဆင်ခြင်း

     ထိုရသေ့သူမြတ်သည် အသက်တမ်းအတိုင်း လူ့ပြည်၌နေ၍ ထိုဘဝမှ စုတေလတ်သော် ဗြဟ္မာ့ပြည်၌ ဖြစ်ပြီးလျှင် ကိုးဆယ့်တကမ္ဘာ အခါကာလတို့ပတ်လုံး နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် ကဿပမြတ်စွာ သာသနာခေတ်သို့ ရောက်လတ်သော် ဗာရာဏသီပြည်ဝယ် အမျိုးကောင်းသား ဖြစ်လာ၍ အိမ်ရာကို စိုးအုပ်နေထိုင်စဉ် တနေ့သ၌ “ငါ၏နေအိမ်ကား အားနွဲ့၏၊ ပစ္စန္တရစ်သို့ သွားရောက်ကာ သစ်အဆောက်အဦများကို ယူဆောင်ခဲ့ကာ အိမ်သစ် ဆောက်လုပ်ပေအံ့”ဟု လက်သမားများနှင့် အတူတကွ ပစ္စန္တရစ်သို့ သွားလေသော် လမ်းခရီးအကြား၌ ကျောင်းတိုက်အိုကြီးတတိုက်ကို တွေ့မြင်ရ၍ “ငါ၏အတွက် အိမ်သစ်ဆောက်ရန်အမှု ရှိပစေဦး (ဆိုင်းထားဦးမည်)၊ အိမ်သည် ငါနှင့်အတူတကွ သံသရာတလျှောက် လိုက်ပါလိမ့်မည်မဟုတ်၊ တစုံတရာအမှုကို ပြုလုပ်လျှင် ကိုယ်နှင့် ထက်ကြပ်မကွာ သံသရာတလျှောက် လိုက်ပါမည့် ကောင်းမှုကိုသာ အလျင်လက်ဦး ပြုသင့်၏”ဟု ကြံစည်ဆင်ခြင်၍ ထိုအဖော်ခေါ်လာသည့် လက်သမားများကိုပင် သစ်အဆောက်အဦများကို



၅၀၆

တောမှ ယူဆောင်စေ၍ ထိုကျောင်းတိုက်အိုကြီး၌ ဥပုသ်အိမ် အသစ်, ဆွမ်းစားကျောင်း အသစ်, မီးတင်းကုပ်အသစ်, စင်္ကြံအသစ်, ချွေးအောင်းရုံအသစ်, ကပ္ပိယကုဋီအသစ်, ဝစ္စကုဋီအသစ်, အာရောဂျသာလာ = ကျန်းမာရေး ဆေးကျောင်း အသစ်များကို ဆောက်လုပ်စေကာ သံဃာအား လှူဒါန်းလေ၏။ ရဟန်းသံဃာတော်များ သုံးဆောင်နိုင်သည့် စားဆေး သောက်ဆေး ရှူဆေးစသော ဆေးအမျိုးမျိုးကိုလည်း အလုံးစုံ စီမံထားရှိကာ သံဃာတော်အား လှူဒါန်းလေ၏။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

     ထိုအရှင်ဗာကုလအလောင်း သူတော်ကောင်း အမျိုးသားသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြု၍ ဗုဒ္ဓန္တရအသင်္ချေယျ (ကဿပမြတ်စွာဘုရားနှင့် အကျွန်ုပ်တို့၏ မြတ်စွာဘုရား = ဤနှစ်ဆူသော ဘုရားရှင်တို့၏ အကြား မရေမတွက်နိုင်သော နှစ်ပရိစ္ဆေဒ အခါကာလ)ပတ်လုံး နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မမူမီ ရှေးဦးကပင် ကောသမ္ဗီပြည် သူဌေးကြီး၏အိမ်၌ ပဋိသန္ဓေ ယူနေလေသည်၊ ထိုအမျိုးကောင်းသား ပဋိသန္ဓေ ယူနေသောနေ့မှ စ၍ ထို သူဌေးအိမ်မှာ လာဘ်လာဘ အထွတ်အထိပ်, ကောင်းသောသတင်း ကျော်စောခြင်း အထွတ်အထိပ်သို့ ရောက်ရှိလေသည်။ ထို့နောက် ထိုအမျိုးကောင်းသား၏မိခင် သူဌေးကတော်သည် သားကို ဖွားမြင်ပြီးလျှင် “ငါ၏သား ဤသူငယ်သည် ဘုန်းကံကြီးမားသူ အဓိကာရကောင်းမှု ပြုခဲ့သူ ဖြစ်သည်။ ထိုသည့်ငါ့သား အသက်ရှည်ကြာ အနာကင်း၍ တည်ရှိနေသမျှ ကာလပတ်လုံး ငါတို့အား စည်းစိမ်ဥစ္စာကို ပေးစွမ်းမည့်သား ဖြစ်သည်။ မွေးဖွားသောနေ့မှာပင် ယမုနာမြစ်ကြီး၌ ရေချိုးသော သူငယ်တို့သည် အသက်ရှည်ကြာ အနာကင်းကုန်၏”ဟု ကြံစည်ဆင်ခြင်၍ ထိုသူငယ်ကို ယမုနာမြစ်သို့ ရေချိုးရန် အခမ်းအနားဖြင့် ပို့စေလေ၏၊ (မဇ္ဈိမနိကာယ်ဆောင် မထေရ်တို့ အလိုအားဖြင့် မွေးဖွားပြီးနောက် ငါးရက်မြောက်၌



၅၀၇

ဦးခေါင်းဆေး၍ မြစ်ရေကစားရန် ထိုသူငယ်ကို ပို့စေလေသည်)။

     ထိုယမုနာမြစ်၌ အထိန်းတော်ကြီးက သူငယ်ကို ငုပ်ချည်ပေါ်ချည်ပြုလျက် ရေကစားနေစေစဉ်ပင် ငါးကြီးတကောင်သည် သူငယ်ကိုမြင်၍ “ဤဝတ္ထုကား ငါ၏ အစာတည်း”ဟု အောက်မေ့မှတ်ထင်ကာ ခံတွင်းကို ဖွင့်လျက် (=ဟလျက်) သူငယ်ရှိရာသို့ ချဉ်းကပ်လာလေ၏။ အထိန်းတော်ကြီးသည် ကြောက်လန့်၍ သူငယ်ကို စွန့်ပစ်ကာ ပြေးသွားလေလျှင် ငါးကြီးသည် သူငယ်ကို မျိုလေ၏။

     သူငယ်သည် ဘုန်းကံကြီးမားသူ ဖြစ်ရကား ဆင်းရဲဒုက္ခသို့ မရောက်ပဲ အိပ်ရာတိုက်ခန်းသို့ ဝင်၍ လျောင်းရသကဲ့သို့ ဖြစ်လေ၏။ (သာမည သူငယ်တယောက်ဖြစ်က ငါးအမျိုခံရလျှင်ပင် သေလွန်သွားနိုင်သော်လည်း သူငယ်မှာမူ နောက်အခါ ဗာကုလရဟန္တာမထေရ် ဖြစ်ပေလိမ့်မည်။ ထိုသို့ ထိုသူငယ်သန္တာန်၌ ဖြစ်ပေါ်လတ္တံ့သော အရဟတ္တမဂ်ဉာဏ်၏ အာနုဘော်ကြောင့် ထိုသူငယ် မသေပဲ အသက်ချမ်းသာရသည်။ ဤတန်ခိုးဣဒ္ဓိမျိုးကို ဉာဏဝိပ္ဖါရဣဒ္ဓိဟု ခေါ်၏)။ ငါးကြီးသည် သူငယ်၏ တန်ခိုးအရှိန်ကြောင့် လောလောပူသည့် သံတွေခဲကို မျိုမိသည့်ပမာ ပြင်းစွာပူလောင်၍ အလွန်လျင်သော အဟုန်ဖြင့် ယူဇနာ သုံးဆယ်တိုင်တိုင် ပြေးသွား၍ ဗာရာဏသီမြို့နေ တံငါသည်၏ ပိုက်ကွန်တွင်းသို့ ဝင်မိလေ၏။ အထူးအားဖြင့်- ငါးကြီးများ ပိုက်ကွန်၌မိလျှင် တမင်သတ်မှ သေကြမြဲဓမ္မတာ ဖြစ်သော်လည်း ဤငါးကြီးကား သူငယ်၏ တန်ခိုးအရှိန်ကြောင့် ပိုက်ကွန်မှ ထုတ်လိုက်လျှင်ပင် မထုရ, မရိုက်ရပဲ သူ့အလိုလို သေ၍သွားလေ၏။ ထို့ပြင်လည်း တံငါသည်တို့သည့် ငါးကြီးများကို ရကြလျှင် အစုစု ခွဲစိတ်ပြီးမှ ရောင်းချကြမြဲဓမ္မတာ ဖြစ်သော်လည်း ထိုငါးကြီးကိုမူ သူငယ်၏ အာနုဘော်ကြောင့် အစုစု မခွဲမစိတ်ပဲ ငါးအကောင်လိုက်ပင် ထမ်းပိုးဖြင့် ထမ်းဆောင်၍ “ငွေတထောင်ဖြင့် ဝယ်ယူမှ



၅၀၈

ပေးကြမည်”ဟု ပြောဆိုကြလျက် မြို့တွင်း၌ လှည့်လည်ကြကုန်၏။ တဦးတယောက်မျှ မဝယ်ယူနိုင်ချေ။

     အထူးအားဖြင့် ထိုဗာရာဏသီမြို့မှာ ကုဋေရှစ်ဆယ် ကြွယ်ဝလျက် သား,သမီး မဖြစ်ထွန်းသော သူဌေးကြီး အိမ်ထောင်တခု ရှိလေသည်။ ထိုသူဌေးအိမ်တံခါးဝသို့ ရောက်လျှင် အိမ်သူအိမ်သားတို့က ထိုငါးကြီးအဖိုးကိုမေး၍ အသပြာတထောင်ပေးကာ ဝယ်ယူကြလေ၏။ သူဌေးကတော်ကြီးသည်လည်း အခြားသော နေ့များ၌ သားငါးကို ကိုယ်တိုင် မစီမံသော်လည်း ထိုနေ့၌ သူငယ်၏ အာနုဘော်ကြောင့် သူဌေးကတော်ကြီး ကိုယ်တိုင် ထိုငါးကြီးကို ခွဲစိတ်ချက်ပြုတ်ရန် စဉ်းတီးပျဉ်ချပ်၌ တင်၍ ခွဲစိတ်လေသည်။ အခြားသော မိန်းမတို့သည် ငါးကို ခွဲစိတ်ကြလျှင် ဝမ်းဖက်မှ ခွဲစိတ်ကြမြဲဓမ္မတာ ဖြစ်သော်လည်း သူဌေးကတော်ကြီးကား ထိုငါးကို ကျောဖက်မှ ခွဲစိတ်လေလျှင် ငါး၏ဝမ်း၌ ရွှေအဆင်းရှိသော သူငယ်ကို တွေ့မြင်ရ၍ အားရဝမ်းသာစွာ “ငါသည် ငါး၏ဝမ်းတိုက်၌ သားကို ရအပ်လေပြီ”ဟု ကျူးရင့်ပြောဆိုကာ သူငယ်ကို ပွေ့ချီ၍ အိမ့်ရှင်သူဌေးကြီးထံသို့ သွားရောက်လေ၏။ သူဌေးကြီးသည် ထိုခဏမှာပင် မြို့တွင်း၌ ထိုအကြောင်းကို စည်လည်စေပြီးနောက် သူငယ်ကို ယူဆောင်၍ ဗာရာဏသီ မင်းကြီးထံသို့ သွားရောက်ပြီးလျှင် “အရှင်မင်းကြီး.. အကျွန်ုပ်သည် ငါးဝမ်းတိုက်၌ သူငယ်ကို ရအပ်ပါပြီ၊ အသို့ပြုကြရပါမည်နည်း”ဟု မေးလျှောက်လေ၏။ ဗာရာဏသီမင်းကလည်း “ငါး၏ဝမ်း၌ အနာမဲ့ကာ ချမ်းသာစွာ နေနိုင်သော ဤသူငယ်ကား ဧကန္တ ဘုန်းကံကြီးမားသူ ဖြစ်ပေသည်။ ထိုသူငယ်ကို သင်သူဌေးကြီးပင် ကျွေးမွေးပြုစုလေလော့”ဟု မိန့်ဆိုလေ၏။

ဗာကုလ-ဟု အမည်တွင်ခြင်း

     မိဖအရင်းဖြစ်သည့် ကောသမ္ဗီ သူဌေးအိမ်ကလည်း “ဗာရာဏသီပြည်၌ သူဌေးအိမ်တအိမ်မှာ ငါးဝမ်းတိုက်မှ သူငယ်ကို ရရှိသတဲ့”ဟူသော သတင်းစကားကို ကြားသိရ၍



၅၀၉

မိဖအရင်း ဖြစ်ကြသည့် ကောသမ္ဗီသူဌေး ဇနီးမောင်နှံတို့သည် ဗာရာဏသီပြည်သို့ သွားရောက်ကြလေ၏။ ဗာရာဏသီပြည်သို့ ရောက်သောအခါ သူငယ်၏ မွေးမိခင်သည် အဆင်တန်းဆာ ဆင်ယင်လျက် ပြုံးရွှင်ပျော်ပါး ကစားစေအပ်သော (မိမိ၏သား) သူငယ်ကို မြင်ရလျှင် “ဤသူငယ် အလွန်နှစ်သက်ဖွယ်ရှိ”ဟု ချီးမွမ်းကာ မိမိ၏ သားဖြစ်ကြောင်းကို ပြောကြားလေ၏။ ထို့နောက် သူဌေးကတော် နှစ်ယောက်တို့ သူ့သားငါ့သား အငြင်းပွါးကြသည်မှာ-

(ကျွေးမယ်တော်)

ဤသူငယ်ကား ကျွန်ုပ်၏သား ဖြစ်သည်။

(မွေးမယ်တော်)

သင်သည် အဘယ်အရပ်၌ ဤသားကို ရအပ်သနည်း။

(ကျွေးမယ်တော်)

ငါးဝမ်းတိုက်၌ ငါရအပ်ပေသည်။

(မွေးမယ်တော်)

ထိုသို့ဖြစ်လျှင် (=ဒီလိုဆိုလျှင်) ဤသူငယ်သည် သင်၏သားမဟုတ်၊ ငါ့သား ဖြစ်သည်။

(ကျွေးမယ်တော်)

သင်သည် ဤသားကို အဘယ်အရပ်၌ ရအပ်သနည်း။

(မွေးမယ်တော်)

ငါသည် ဤသားကို ဆယ်လကြာ ဝမ်းဖြင့် လွယ်ဆောင်၍ မွေးဖွားအပ်ပါသည်၊ ထိုသို့ မွေးဖွားပြီးနောက် ထိုငါ့သားကို ယမုနာမြစ်၌ ရေချိုးကစားစေအပ်စဉ် ငါးကြီးသည် သားကိုမျို၍ သွားလေသည်။

(ကျွေးမယ်တော်)

သင့်သားကို အခြားငါးက မျိုအပ်ပါလိမ့်မည်။ ဤသားကိုကား ငါသည် ငါးဝမ်း၌ အမှန်တကယ် ရအပ်ပါသည်-



၅၁၀

ဤသို့စသည်ဖြင့် မွေးမယ်တော်နှင့် ကျွေးမယ်တော် သူဌေးကတော် နှစ်ယောက်တို့သည် သူ့သား ငါ့သား အငြင်းပွါးကြလျက် နှစ်ယောက်လုံးပင် ဗာရာဏသီမင်းကြီးထံ အဆုံးအဖြတ် ခံယူရန် နန်းတော်သို့ သွားရောက်ကြလေကုန်၏။

     ဗာရာဏသီမင်းသည် “ဤကောသမ္ဗီ သူဌေးကတော်ကား ဆယ်လလုံး ဝမ်းကြာတိုက်ဖြင့် ဆောင်ပိုက်ခဲ့သူ ဖြစ်သောကြောင့် ထိုသူဌေးကတော်ကို အမိမဟုတ်ဟူ၍လည်း မဆုံးဖြတ်နိုင်၊ ငါးကို ဝယ်ယူသော သူတို့မည်သည် အညို့, အသည်း- စသည်တို့ကို အပြင်ထုတ်၍ ဝယ်ယူရိုးထုံးတမ်း မရှိ = ဝမ်းတွင်းပါ ပစ္စည်းနှင့် တကွသာ ဝယ်ယူရိုးဖြစ်သောကြောင့် ထိုငါး၏ဝမ်း၌ ရအပ်ရကား ဤဗာရာဏသီ သူဌေးကတော်ကိုလည်း အမိမဟုတ်ဟူ၍ မဆုံးဖြတ်နိုင်၊ ဤသူငယ်ကား ကောသမ္ဗီ သူဌေးကတော်၏အဖို့ အတြဇသားဖြစ်၍ ဗာရာဏသီ သူဌေးကတော်၏အဖို့မူ ဒိန္နကသား ဖြစ်လေသည်၊ သို့ရကား သူငယ်သည် ကောသမ္ဗီသူဌေးအိမ်, ဗာရာဏသီသူဌေးအိမ် = နှစ်အိမ်လုံး၏ အမွေခံသား ဖြစ်စေ”ဟု ဆုံးဖြတ်ချက် ချမှတ်လေ၏။ ထိုအချိန်မှစ၍ သူဌေးအိမ် နှစ်အိမ်လုံးကိုပင် လာဘ်လာဘ အထွတ်အထိပ်, ကောင်းသောသတင်း ကျော်စောခြင်း အထွတ်အထိပ်သို့ ရောက်ရှိကြလေကုန်၏။ ထိုသူငယ်၏ အမည်ကိုလည်း သူဌေးအိမ် နှစ်အိမ်လုံးကပင် ချမ်းသာစွာ ကြီးပြင်းစေအပ်သောကြောင့် “ဗာကုလကုမာရ = ဗာကုလသူဌေးသား”ဟူ၍ မှည့်ခေါ်ကြကုန်၏။

ဗာကုလသူဌေးသား၏ စည်းစိမ်

     ထိုဗာကုလသူဌေးသား အရွယ်သို့ ရောက်လတ်သည်ရှိသော် ကောသမ္ဗီပြည်, ဗာရာဏသီပြည် နှစ်ပြည်လုံး၌ပင် မယ်တော် ခမည်းတော်တို့က စံအိမ်ပြာသာဒ် သုံးဆောင်စီ သုံးဆောင်စီ ဆောက်လုပ်စေကြ၍ ကခြေသည် မောင်းမမိဿံ များစွာတို့ကို ပြုစုဖျော်ဖြေ ခစားစေကြလေကုန်၏၊ ဗာကုလသူဌေးသားသည် တမြို့ တမြို့၌ လေးလ လေးလသာ စံနေ၏။ ဗာကုလသူဌေးသား



၅၁၁

တမြို့၌ လေးလပတ်လုံး သူဌေးစည်းစိမ်ကို ခံစံသုံးဆောင် နေထိုင်ပြီးလတ်သော် ပေါင်းကူးလှေကြီးတို့၌ မဏ္ဍပ်ကြီးစွာ ဆောက်လုပ်စေပြီးလျှင် ထိုမဏ္ဍပ်၌ သူဌေးသားဗာကုလကို ကခြေသည် မောင်းမမိဿံ များနှင့်တကွ တင်ဆောင်၍ ကြီးစွာသော အခမ်းအနားဖြင့် အခြားမြို့သို့ ပို့စေကြလေသည်။ ဗာကုလသူဌေးသားသည် ကြီးစွာသော သူဌေးစည်းစိမ်ကို ခံစားသုံးဆောင်လျက် လေးလရှိမှ အခြားမြို့သို့ ရောက်ဆိုက်လေသည်။

     ထိုအခြားမြို့မှာ နေထိုင်ကြရသည့် ကခြေသည် မောင်းမမိဿံတို့သည် “နှစ်လ(၂-လ)တာ အချိန်ဖြင့် အရှင်သူဌေးသားသည် လမ်းထက်ဝက်သို့ ရောက်ဆိုက်တော်မူလာလိမ့်မည်”ဟု လမ်းထက်ဝက်ကပင် ခရီးဦးကြိုနှင့်ကြ၍ ဗာကုလသူဌေးသားကို ဝိုင်းဝန်းဖျော်ဖြေ ပြုစုယုယကြကာ နှစ်လ (၂-လ)အချိန်ဖြင့် မိမိတို့မြို့သို့ရောက်အောင် ဆောင်ယူခဲ့ကြလေ၏၊ လိုက်၍ပို့သော မြို့မှ ကခြေသည် မောင်းမမိဿံတို့သည် လမ်းထက်ဝက်ကပင် မိမိတို့မြို့သို့ ပြန်ကြရကုန်၏။ ထိုရောက်သောမြို့၌ ဗာကုလ သူဌေးသားသည် လေးလကြာ သူဌေးစည်းစိမ်ကို ခံစားသုံးဆောင် နေထိုင်ပြီးလျှင် ထိုနည်းအတိုင်းပင် အခြားမြို့သို့ သွားပြန်လေ၏။ ဤသို့လျှင် ဗာကုလသူဌေးသားသည် အလွန်ကြီး စွာသော သူဌေးစည်းစိမ်ကို ခံစားသုံးဆောင်လျက် ချမ်းသာစွာ နေထိုင်ခဲ့ရာ အသက်အရွယ် အနှစ်ရှစ်ဆယ် တင်းတင်းပြည့်သောအချိန်သို့ ရောက်ခဲ့လေ၏။

ဗာကုလသူဌေးသား ရဟန်းပြု၍ ရဟန္တာဖြစ်ခြင်း

     ဗာကုလသူဌေးသား အသက်ရှစ်ဆယ်အရွယ် တင်းတင်းပြည့်လတ်သောအခါ အကျွန်ုပ်တို့၏ မြတ်စွာဘုရား အလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိကာ ဘုံသုံးပါး၌ ဘုရားစင်စစ် ဖြစ်တော်မူပြီးလျှင် ဓမ္မစကြာတရားဦး ဟောတော်မူပြီးနောက် အစဉ်သဖြင့် ခရီးဒေသစာရီ ကြွချီတော်မူရာ



၅၁၂

ကောသမ္ဗီပြည်သို့ ရောက်ဆိုက်တော်မူလာလေ၏။ (မဇ္ဈိမဘာဏက မထေရ်တို့အလို ဗာရာဏသီပြည်သို့ ရောက်ဆိုက်တော်မူလာလေ၏)။ ဗာကုလသူဌေးသည်လည်း “မြတ်စွာဘုရားရှင် မိမိတို့မြို့သို့ ရောက်ဆိုက် ကြွချီတော်မူလာပြီ”ဟူသော သတင်းစကားကို ကြားသိရလျှင် ရှေးအဓိကာရ ကောင်းမှုကုသိုလ်ကံက တိုက်တွန်း လှုံ့ဆော်အပ်ရကား များစွာသော နံ့သာပန်းတို့ကို ယူဆောင်၍ မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်၍ တရားနာလေသော် သဒ္ဓါတရား ကြီးမားစွာဖြစ်ကာ သာသနာဝန်ထမ်း ရဟန်းပြု လေ၏။ ထိုဗာကုလမထေရ်သည် ခုနစ်ရက်သာလျှင် ပုထုဇန်ဖြစ်လျက် ရှစ်ရက်မြောက်အရုဏ်၌ ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်တော်မူလေသည်။

     ထိုအခါ ဗာရာဏသီပြည်, ကောသမ္ဗီပြည် = နှစ်ပြည်မှာရှိကြသည့် အရှင်ဗာကုလမထေရ်၏ လူဖြစ်စဉ်အခါ အလုပ်အကျွေး အဖျော်အဖြေ ကခြေသည် မောင်းမမိဿံတို့သည် မိမိတို့မိဖအိမ်သို့ ပြန်လာကြ၍ ထိုမိဖတို့အိမ်၌ နေထိုင်ကြရင်းပင် သင်္ကန်းတို့ကို ချုပ်လုပ်၍ အရှင်ဗာကုလ မထေရ်မြတ်ထံ ပို့သလှူဒါန်းကြလေ၏။ မထေရ်မြတ်သည် လ-ဝက် (=တပက္ခ)ပတ်လုံး ကောသမ္ဗီမြို့၌ နေသူတို့က ပို့သလှူဒါန်းသော သင်္ကန်းကို သုံးဆောင်တော်မူ၏။ အခြားလ-ဝက် (တပက္ခ)ပတ်လုံး ဗာရာဏသီပြည်၌ နေသူတို့က ပို့သလှူဒါန်းသော သင်္ကန်းကို သုံးဆောင်တော်မူ၏။ ဤနည်းဖြင့် နှစ်မြို့နေသူတို့က လှူဒါန်းသည့်သင်္ကန်းကို လ-ဝက်စီ အလဲအလှယ် သုံးဆောင်တော်မူ၏။ ဤနည်းဖြင့်ပင် ဗာရာဏသီ, ကောသမ္ဗီ = နှစ်ပြည်တို့၌ မွန်မြတ်သောဝတ္ထု ပေါ်ပေါက်တိုင်း ပေါ်ပေါက်တိုင်း အရှင်ဗာကုလမထေရ်မြတ် အထံသို့သာ ပို့ဆက်လှူဒါန်းအပ်လေ၏။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

     အရှင်ဗာကုလမထေရ်မှာ နှစ်ပေါင်းရှစ်ဆယ်ကြာ အိမ်ရာတည်ထောင် လူ့ဘောင်၌နေစဉ် လက်နှစ်ချောင်းဖြင့် နံ့သာစိုင်



၅၁၃

နံ့သာခဲကို ကောက်ယူကာ နမ်းရှူသည့်အချိန် (=နံ့သာတရှူ အချိန် မျှလောက်သော်မှလည်း တစုံတရာ အနာဟူ၍ မဖြစ်ခဲ့စဘူး၊ အနှစ်ရှစ်ဆယ်မြောက်၌ ချမ်းသာစွာ ရဟန်းအဖြစ်သို့ ကပ်ရောက်တော်မူခဲ့လေသည်၊ ရဟန်းဖြစ်သော အခါမှာလည်း အရှင်ဗာကုလမထေရ်၏ အဖို့ရာ အနည်းငယ်မျှသော အနာရောဂါဟူ၍ မရှိသည့်ပြင် ပစ္စည်းလေးပါးတို့ဖြင့် ချို့တဲ့ခြင်းဟူ၍လည်း အလျှင်းမရှိချေ။ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်တော်၌ အရိယသံဃာတော်အား ဧတဒဂ်ဘွဲ့ထူး ချီးကျူးသော ဓမ္မသဘင်ဝယ် အရှင်ဗာကုလမထေရ်မြတ်ကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ အပ္ပါဗာဓာနံ ယဒိဒံ ဗာကုလော = ရဟန်းတို့.. အနာရောဂါ ကင်းကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် ဗာကုလရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”—

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “အပ္ပါဗာဓ = အနာရောဂါ ကင်းသောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

အရှင်ဗာကုလ၏ အံ့ဩဖွယ်များ

     ဤအရာ၌ အရှင်ဗာကုလမထေရ်၏ အံ့ဩဖွယ်တို့ကို ဥပရိပဏ္ဏာသ ဗာကုလသုတ်မှ ထုတ်နုတ်ဖော်ပြပါဦးအံ့-

     အခါတပါး၌ အရှင်ဗာကုလမထေရ်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတိုက်၌ သီတင်းသုံး နေထိုင်တော်မူစဉ် ထိုအရှင်ဗာကုလ၏ ရှေးလူ့ဘဝက မိတ်ဆွေဖြစ်သော အစေလကဿပသည် (=အဝတ်မလွှမ်းသော ကဿပသည်) အရှင်ဗာကုလမထေရ်ထံသို့ လာရောက်၍ ဝမ်းမြောက်ဖွယ်စကား ပြောကြားပြီးလျှင် အပြစ်လွတ်ရာအရပ်၌ ထိုင်နေပြီးသော် အရှင်ဗာကုလမထေရ်ကို “ရှင်ဗာကုလ.. သင် ရဟန်းပြုသည်မှာ အဘယ်မျှ ကြာပြီနည်း”ဟု မေးလေ၏။ အရှင်ဗာကုလမထေရ်မြတ်က “ငါ့ရှင်.. ငါ ရဟန်းပြုသည်မှာ အနှစ်ရှစ်ဆယ်ရှိပြီ”ဟု



၅၁၄

ဖြေတော်မူလေလျှင် အစေလကဿပသည် အရှင်ဗာကုလမထေရ်ကို “ဤအနှစ် ရှစ်ဆယ်အတွင်းမှာ ဘယ်နှစ်ကြိမ် မေထုန်အကျင့်ကို သင် မှီဝဲဘူးသနည်း”ဟု ရိုင်းပြရင့်သီးစွာ သာသနာပြင်ပ ဗာဟိရက ရဟန်းတုပီပီ မေးမြန်းလေ၏။

     ထိုအခါ အရှင်ဗာကုလမထေရ်သည် ဤဆိုလတ္တံ့သောအတိုင်း မိမိ၏ အံ့ဩဖွယ်တို့ကို ဟောကြားမိန့်ဆိုတော်မူလေ၏။ မိန့်ဆိုတော်မူပုံမှာ–

     (၁) ငါ့ရှင်ကဿပ.. ငါ့ကို ‘ငါ့ရှင်ဗာကုလ.. ဤအနှစ်ရှစ်ဆယ်အတွင်းမှာ ဘယ်နှစ်ကြိမ် မေထုန်အကျင့်ကို သင် မှီဝဲဘူးသနည်း’ဟု ရိုင်းပြရင့်သီးစွာ မမေးမြန်းသင့်၊ ငါ့ရှင်ကဿပ.. ငါ့ကို ‘ငါ့ရှင်ဗာကုလ.. သင့်၏ စိတ်သန္တာန်မှာ ဤအနှစ်ရှစ်ဆယ်အတွင်း ကာမဂုဏ်နှင့်စပ်သော အမှတ်သညာ ဘယ်နှစ်ကြိမ် ဖြစ်ဘူးသနည်း’ ဟူ၍သာ မေးမြန်းသင့်၏။ ငါ့ရှင်ကဿပ.. ငါရဟန်းပြုခဲ့သည်မှာ အနှစ်ရှစ်ဆယ်တို့ ရှိပြီ၊ (ထိုအချိန်၌ အရှင်ဗာကုလမှာ သက်တော်-၁၆ဝ၊ ဝါတော်-၈ဝ ရှိနေလေပြီ)၊ ဤအနှစ်ရှစ်ဆယ် = ဝါရှစ်ဆယ်အတွင်း ငါ့သန္တာန်မှာ ကာမဂုဏ်နှင့်စပ်သော အမှတ်သညာ = ကာမသညာ တကြိမ်တခါမျှ မဖြစ်ဘူးချေ။ (ယင်းသို့ အနှစ်ရှစ်ဆယ် = ဝါရှစ်ဆယ်အတွင်း ကာမသညာ တကြိမ်တခါမျှ မဖြစ်ခြင်းသည်လည်း အရှင် ဗာကုလမထေရ်၏ အံ့ဖွယ်တပါးတည်း)။

     (၂) (၃) ငါ့ရှင်ကဿပ.. ငါရဟန်းပြုခဲ့သည်မှာ အနှစ်ရှစ်ဆယ်တို့ ရှိပြီ၊ ဤအနှစ်ရှစ်ဆယ် = ဝါရှစ်ဆယ်အတွင်း ငါ့သန္တာန်မှာ သူတပါးကို ဖျက်ဆီးလိုမှုနှင့်စပ်သော သညာ = ဗျာပါဒသညာ, သူတပါးကို ညှဉ်းဆဲလိုမှုနှင့်စပ်သော သညာ = ဝိဟိံသာသညာ ဤသညာနှစ်ပါး တကြိမ်တခါမျှ မဖြစ်ဘူးချေ။ (ယင်းသို့ ဗျာပါဒသညာ တကြိမ်တခါမျှ မဖြစ်ခြင်းသည်လည်း အံ့ဖွယ်တပါး, ဝိဟိံသာသညာ တကြိမ်တခါမျှ မဖြစ်ခြင်းသည်လည်း အံ့ဖွယ်တပါး ဖြစ်သည်)။



၅၁၅

     (၄) ငါ့ရှင်ကဿပ.. ငါရဟန်းပြုခဲ့သည်မှာ အနှစ်ရှစ်ဆယ်တို့ ရှိပြီ၊ ဤအနှစ်ရှစ်ဆယ် = ဝါရှစ်ဆယ်အတွင်း ငါ့သန္တာန်မှာ ကာမဂုဏ်နှင့်စပ်သော ကြံစည်မှု = ကာမဝိတက် တကြိမ်တခါမျှ မဖြစ်ဘူးချေ။ (ယင်းသို့ ကာမဝိတက် တကြိမ်တခါမျှ မဖြစ်ခြင်းသည်လည်း အံ့ဖွယ်တပါးဖြစ်သည်)။

     (၅-၆) ငါ့ရှင်ကဿပ.. ငါရဟန်းပြုခဲ့သည်မှာ အနှစ်ရှစ်ဆယ်တို့ ရှိပြီ၊ ဤအနှစ်ရှစ်ဆယ် = ဝါရှစ်ဆယ်အတွင်း ငါ့သန္တာန်မှာ သူတပါးကို ဖျက်ဆီးလိုမှုနှင့်စပ်သော ကြံစည်မှု = ဗျာပါဒဝိတက်, သူတပါးကို ညှဉ်းဆဲလိုမှုနှင့်စပ်သော ကြံစည်မှု = ဝိဟိံသာဝိတက် ဤဝိတက်နှစ်ပါး တကြိမ်တခါမျှ မဖြစ်ဘူးချေ။ (ယင်းသို့ ဗျာပါဒဝိတက် တကြိမ်တခါမျှ မဖြစ်ခြင်းသည်လည်း အံ့ဖွယ်တပါး, ဝိဟိံသာဝိတက် တကြိမ်တခါမျှ မဖြစ်ခြင်းသည်လည်း အံ့ဖွယ်တပါးဖြစ်သည်)။

     (၇) ငါ့ရှင်ကဿပ.. ငါရဟန်းပြုခဲ့သည်မှာ အနှစ်ရှစ်ဆယ်တို့ ရှိပြီ၊ ဤအနှစ်ရှစ်ဆယ် = ဝါရှစ်ဆယ်အတွင်း (ဆွေမျိုးမတော်သည့်) ဒါယကာတို့လှူသော သင်္ကန်းကို မသာယာစဘူး မခံယူစဘူးချေ။ (ယင်းသို့ ဆွေမျိုးမတော်သည့် ဒါယကာတို့လှူသော သင်္ကန်းကို တကြိမ်မျှ မသာယာခြင်း မခံယူခြင်းသည်လည်း အံ့ဖွယ်တပါးဖြစ်သည်)။

     (၈) ငါ့ရှင်ကဿပ.. ငါရဟန်းပြုခဲ့သည်မှာ အနှစ်ရှစ်ဆယ်တို့ ရှိပြီ၊ ဤအနှစ်ရှစ်ဆယ် = ဝါရှစ်ဆယ်အတွင်း ငါသည် သင်္ကန်းကို (သင်္ကန်းလျာအထည်ကို သင်္ကန်းပြုလုပ်ရန်) ဓားဖြင့် တကြိမ်မျှ မဖြတ်စဘူး။ (ယင်းသို့ မဖြတ်ဘူးခြင်းသည်လည်း အံ့ဖွယ်တပါး ဖြစ်သည်)။

     (၉-၃၃) ငါ့ရှင်ကဿပ.. ငါရဟန်းပြုခဲ့သည်မှာ အနှစ်ရှစ်ဆယ်တို့ ရှိပြီ၊ ဤအနှစ်ရှစ်ဆယ် = ဝါရှစ်ဆယ်အတွင်း ငါသည်-

သင်္ကန်းကို တကြိမ်မျှ အပ်ဖြင့် မချုပ်စဘူး၊ (ပ)

သင်္ကန်းကို တကြိမ်မျှ ဆိုးရည်ဖြင့် မဆိုးစဘူး၊



၅၁၆

ကထိန်သင်္ကန်းကို တကြိမ်မျှ မချုပ်လုပ်စဘူး၊

သီတင်းသုံးဖော်တို့ သင်္ကန်းချုပ်ရာ၌ တကြိမ်မျှ မပါဝင် မစီရင်စဘူး၊

ဒါယကာတို့ ပင့်ဖိတ်သောဆွမ်းကို တကြိမ်မျှ မသာယာစဘူး၊

“ဒါယကာ တဦးတယောက်က ငါ့ကို ပင့်ဖိတ်ပါမူ ကောင်းလေစွာ့”ဟု ဤသို့သော စိတ်မျိုး ငါ့သန္တာန်မှာ တကြိမ်မျှ မဖြစ်စဘူး၊

မြို့ရွာအတွင်း အိမ်တံစက်မြိတ်အတွင်း၌ တကြိမ်မျှ မထိုင်စဘူး၊

မြို့ရွာအတွင်း၌ တကြိမ်မျှ ဆွမ်းမစားစဘူး၊

မာတုဂါမကို မိန်းမဟူသော အမှတ်လက္ခဏာဖြင့် တကြိမ်မျှ မကြည့်စဘူး၊

မာတုဂါမအား အယုတ်ဆုံး လေးပါဒရှိသော ဂါထာမျှဖြင့်လည်း တရားမဟောစဘူး၊

(မာတုဂါမအား ၅-ခွန်း, ၆-ခွန်းသော စကားတို့ဖြင့် တရားဟောကောင်း၏၊ ပြဿနာ မေးအပ်သော်ကား ဂါထာတထောင်ကိုပင်သော်လည်း ရွတ်ဆို ဖြေကြားကောင်း၏။ မထေရ်မြတ်ကား အပ်စပ်လျက်ပင် ပြုတော်မမူ၊ မှန်၏.. ဤတရားဟောခြင်း အလုပ်ကား များသောအားဖြင့် ဒကာအိမ်သို့ ကပ်ရောက်သော = ကုလူပကမထေရ်တို့၏ အလုပ်ဖြစ်သည်။ အထူးမှတ်ရန်)။

ဘိက္ခုနီမကျောင်းသို့ မချဉ်းကပ် မသွားရောက်စဘူး၊

(ဤ၌လည်း ဘိက္ခုနီမကျောင်းသို့ သူနာမေးရန်ကား သွားရောက်ကောင်း၏၊ မထေရ်ကား အပ်စပ်လျက်ပင် ပြုတော်မမူ။ အရာခပ်သိမ်း ဤနည်းချည်း)။

၅၁၇

ဘိက္ခုနီမအား တရားမဟောစဘူး၊

သိက္ခမာန်မအား တရားမဟောစဘူး၊

သာမဏေမအား တရားမဟောစဘူး၊

ဥပဇ္ဈာယ်ဆရာပြုလျက် ရှင်ပြုမပေးစဘူး၊

ဥပဇ္ဈာယ်ဆရာပြုလျက် ရဟန်းခံမပေးစဘူး၊

ရဟန်းတပါးအားမျှ နိဿယည်း မပေးစဘူး၊

သာမဏေကို မလုပ်ကျွေးစေစဘူး (=သာမဏေ၏ အပြုအစု အလုပ်အကျွေးကို မခံစဘူး)၊

ရေချိုးအုံ = ရေချိုးအိမ်၌ ရေမချိုးစဘူး၊

ရေချိုးကသယ်မှုန့် (=ဆပ်ပြာမှုန့်မျိုး)ဖြင့် ပွတ်တိုက်၍ ရေမချိုးစဘူး၊

သီတင်းသုံးဖော် တဦးဦးကို ကိုယ်ကိုဆုပ်နယ်မှု၌ မစီရင်စဘူး(=သီတင်းသုံးဖော် တဦးဦးကိုမျှ ငါ့ကိုယ်ကို ဆုပ်နယ်ပေးစမ်းပါဟူ၍ မခိုင်းရစဘူးဟု ဆိုလိုသည်)၊

အယုတ်သဖြင့် ငါ၏ကိုယ်ဝယ် နွားနို့တညှစ် အချိန်ခန့်မျှလည်း အနာရောဂါ မဖြစ်စဘူး၊

အယုတ်သဖြင့် သျှိသျှားသီးပိုင်းမျှဖြစ်သော ဆေးကိုမျှလည်း မသုံးဆောင်ရစဘူး (=ကျန်းမာရေးအတွက် ဆေးအနေဖြင့် သျှိသျှားသီးပိုင်းကလေးမျှကိုမှ မစားရစဘူးဟု ဆိုလိုသည်)၊

တံကဲပျဉ်ကိုမှီ၍ မအိပ်စဘူး၊

အိပ်ရာ၌ လျောင်း၍ မအိပ်စဘူး၊ (ဤသည်လည်း အံ့ဖွယ်တပါး ဖြစ်သည်)။

     (၃၄) ငါ့ရှင်ကဿပ.. ငါရဟန်းပြုခဲ့သည်မှာ အနှစ်ရှစ်ဆယ်တို့ ရှိပြီ၊ ဤအနှစ်ရှစ်ဆယ် = ဝါရှစ်ဆယ်အတွင်း ငါသည်



၅၁၈

ရွာနီးကျောင်း၌ ဝါမကပ်စဘူး။ (ယင်းသို့ ရဟန်းဝါနှင့်အမျှ တောကျောင်း၌ နေခြင်းသည်လည်း အံ့ဖွယ်တပါး ဖြစ်သည်)။

     (၃၅) ငါ့ရှင်ကဿပ.. ငါသည် ရဟန်းဖြစ်ပြီးနောက် ခုနစ်ရက်သာလျှင် ကိလေသာရှိသူ (ပုထုဇန်ရဟန်း)ဖြစ်၍ တိုင်းပြည်၏ဆွမ်းကို စားခဲ့ပြီ၊ ထို့နောက် ရှစ်ရက်မြောက်၌ ငါ့သန္တာန်ဝယ် အရဟတ္တဖိုလ်တရား ထင်ရှားဖြစ်ခဲ့ပြီ၊ (ထိုသို့ဖြစ်ခြင်းသည်လည်း အရှင်ဗာကုလ၏ အံ့ဖွယ်တပါး ဖြစ်သည်)။

(အရှင်ဗာကုလမထေရ်၏ ဤအံ့ဖွယ်များကို ကြားနာရသောအခါ အစေလကဿပသည် အရှင်ဗာကုလထံဤသာသနာတော်၌ မိမိ ရှင်ရဟန်းပြုလိုကြောင်း တောင်းပန် လျှောက်ထားသည်။ အရှင်ဗာကုလမထေရ်သည်လည်း မိမိကိုယ်တိုင်က ဥပဇ္ဈာယ်ဆရာ ပြုလုပ်ကာ ရှင်ရဟန်းပြု၍ မပေးပဲ အခြား သင့်လျော်သော မထေရ်မြတ်ကို ဥပဇ္ဈာယ်ဆရာပြုလုပ်ရန် စီမံ၍ အစေလကဿပကို ရှင်ရဟန်းအဖြစ်ရောက် ချီးမြှောက်တော်မူလေသည်။

ထို့နောက် အရှင်ကဿပသည် ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်သဖြင့် မကြာမြင့်မီပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကာ ရဟန္တာဖြစ်တော်မူလေ၏)။

     (၃၆) ထို့နောက် အခါတပါး၌ အရှင်ဗာကုလမထေရ် (သက်တော် တရာ့ခြောက်ဆယ်)သည် သံကောက် = သော့ကိုယူ၍ တကျောင်းမှ တကျောင်းသို့ သွားရောက်ပြီးလျှင် “အရှင်တို့.. ကြွတော်မူကြကုန်လော့၊ အရှင်တို့.. ကြွတော်မူကြကုန်လော့၊ ယနေ့ တပည့်တော်၏ ပရိနိဗ္ဗာန် ဝင်စံခြင်းသည် ဖြစ်ပေလိမ့်မည်”ဟု လှည့်လည်ပြောဆို ဖိတ်ကြားတော်မူ၏၊ (ထိုသို့ ဖိတ်ကြား ပြောဆိုနိုင်ခြင်းသည်လည်း အရှင်ဗာကုလမထေရ်၏ အံ့ဖွယ်တပါး ဖြစ်သည်)။

     (၃၇) အရှင်ဗာကုလမထေရ်သည် ဤသို့ သံဃာတော်များကို ဖိတ်ခေါ်ပြီးလျှင် သီတင်းသုံးဖော် သံဃာတော်များ စုရုံး



၅၁၉

စည်းဝေးမိသောအခါ “ငါသည် အသက်ရှင်စဉ်လည်း အခြားရဟန်း တပါးပါး၏ တာဝန်မဖြစ်ချေ = မိမိခန္ဓာကိုယ်ရေးအတွက် အခြားရဟန်းတပါးအားမျှ တာဝန်မပေးခဲ့ချေ။ ယခု ပရိနိဗ္ဗာန် ဝင်စံသောအခါမှာလည်း ဤငါ့ကိုယ်ခန္ဓာသည် သီတင်းသုံးဖော် ရဟန်းသံဃာတော်၏ ပလိဗောဓ ကြောင့်ကြဖွယ်မှု မဖြစ်ရစ်ပါစေလင့်”ဟု ဆင်ခြင် အောက်မေ့တော်မူကာ တေဇောကသိဏဈာန်ကို ဝင်စားတော်မူ၍ ရဟန်းသံဃာ၏ အလယ်၌ ထိုင်လျက်ပင်လျှင် ပရိနိဗ္ဗာန် ဝင်စံတော်မူလေ၏။ ပရိနိဗ္ဗာန် ဝင်စံလျှင်ပင် ခန္ဓာကိုယ်မှ တေဇောဓာတ်မီး ဟုန်းကနဲထ၍ လောင်ကျွမ်းသဖြင့် အရေ, အသား, အသွေးတို့ ကုန်ခန်းပြီးလျှင် မုလေးပန်းငုံ အဆင်းရှိသော ဓာတ်တော်တို့သာ ကြွင်းကျန်လေကုန်၏။ (ဤသို့ ဖြစ်ခြင်းသည်လည်း အရှင်ဗာကုလမထေရ်၏ အံ့ဖွယ်တပါး ဖြစ်သည်)။

ဤကား အရှင်ဗာကုလမထေရ် အကြောင်းတည်း။

**********