အရှင်နန္ဒ မထေရ်အကြောင်း

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၃၇) အရှင်နန္ဒ မထေရ်အကြောင်း

(၃၇) အရှင်နန္ဒမထေရ်အကြောင်း

(က) မထေရ်၏ ရှေးဆုတောင်း

     ဤအရှင်နန္ဒအလောင်း သူတော်ကောင်းသည်လည်း ပဒုမုတ္တရ မြတ်စွာဘုရားရှင် လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသားဖြစ်၍ အရွယ်သို့ ရောက်လတ်သော် မြတ်စွာဘုရား အထံတော်၌ တရားတော်ကို ကြားနာစဉ် မြတ်စွာဘုရားရှင်က ရဟန်းတပါးကို



၅၃၂

“ဣန္ဒြိယေသုဂုတ္တဒွါရ = ဣန္ဒြေခြောက်ပါးတို့၌ တံခါးကို လုံခြုံစေကြသည့် ရဟန်း”တို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို မြင်ရ၍ အဓိကာရကောင်းမှု ကုသိုလ်ကို ပြုပြီးလျှင် ထိုရာထူးဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုခဲ့လေသည်။ မြတ်စွာဘုရားရှင်ကလည်း ဗျာဒိတ်စကား ကြားတော်မူခဲ့လေသည်။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

     ထိုအမျိုးကောင်းသားသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြု၍ နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားခဲ့ရလျက် ဤနောက်ဆုံး ပစ္ဆိမဘဝဝယ် ကပိလဝတ် မင်းနေပြည်၌ မြတ်စွာဘုရား၏ မိထွေးတော် မဟာပဇာပတိဂေါတမီ၏သား ဖြစ်လာလေသည်။ (မယ်တော် မဟာမာယာဒေဝီမှ အလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်ပြီးနောက် နှစ်ရက်,သုံးရက်မြောက်တွင် မာယာဒေဝီ၏ ညီမတော် = ဘုရားအလောင်း၏ မိထွေးတော် မဟာပဇာပတိ ဂေါတမီမှ နန္ဒမင်းသားကို ဖွားမြင်လေသည်။ ဤနန္ဒမင်းသား ရဟန်းပြုသောအကြောင်းကို အောက် မဟာဗုဒ္ဓဝင် တတိယတွဲ အခဏ်း ၁၊ စာမျက်နှာ ၁၂၉-မှစ၍ ပြန်လည်ကြည့်ရှု သုံးသပ်ကုန်ရာ၏)။

     မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်ပြီးနောက် ကပိလဝတ်နေပြည်တော်သို့ ပဌမအခေါက် ကြွရောက်တော်မူသည့် သုံးရက်မြောက်သောနေ့၌ ညီတော် နန္ဒမင်းသားကို ရဟန်းပြုပေးတော်မူလေသည်၊ (အကြောင်းအရာအကျယ် အောက်က ဖော်ပြခဲ့ပြီ)။

     အရှင်နန္ဒမထေရ်သည် ရဟန်းဖြစ်သောနေ့မှစ၍ နှမ ဇနပဒကလျာဏီက မှာကြား ပြောဆိုလိုက်သည့် “အို အရှင့်သား.. လျင်မြန်စွာ ပြန်လာတော်မူခဲ့ပါ”ဟူသော စကားကိုသာလျှင် ပြန်လည်အောက်မေ့ အမှတ်တရရှိ၍ နေ၏၊ ထိုသို့ ပြန်လည် အောက်မေ့မိသောအခါ အရှင်နန္ဒ၏အဖို့ရာ ဇနပဒကလျာဏီသည် မိမိအနီး၌ လာရောက်ရပ်တည်၍ နေသကဲ့သို့ ဖြစ်ရှိနေ၏။ အရှင်နန္ဒသည် သာသနာတော်ဝယ် မမွေ့လျော်မှုဖြင့် နှိပ်စက်အပ်ရကား



၅၃၃

နိဂြောဓာရုံကျောင်းတိုက်မှ အနည်းငယ် အပြင်ဖက်ဌာနရောက်အောင် ထွက်၍ ပြေးသွားလေ၏။ ထိုအခါ အရှင်နန္ဒ၏အဖို့ရာ ချုံဖုတ်တခု သစ်ပင်စု တခုလောက်ကို လွန်အောင် သွားမိလျှင်ပင် မြတ်စွာဘုရားရှင်သည် ရှေ့မှ ရပ်တည်တော်မူလာသကဲ့သို့ ဖြစ်ရှိနေလေ၏။ ထိုအခါ အရှင်နန္ဒသည် မီး၌ ပစ်ချအပ်သော ကြက်တောင်ပမာ တွန့်ဆုတ်၍ မိမိနေရာ ကျောင်းသို့ပင် ဝင်ပြန်လေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် “နန္ဒရဟန်းသည် အလွန်လျှင် မေ့မေ့လျော့လျော့ နေဘိ၏၊ သာသနာတော်၌ မမွေ့လျော်ခြင်းကို ပယ်ဖျောက်ခြင်းငှါ မစွမ်းနိုင်ရှာ၊ ငါဘုရားသည် နန္ဒရဟန်း၏ စိတ်ငြိမ်းချမ်းမှုရအောင် ပြုမှ သင့်တော့မည်”ဟု ကြံစည် ဆင်ခြင်တော်မူပြီးလျှင် အရှင်နန္ဒမထေရ်ကို “လာလော့ ချစ်သားနန္ဒ.. နတ်ပြည်၌ ခရီးလှည့်လည်ခြင်း = ဒေသစာရီ လှည့်လည်သွားကြစို့”ဟု မိန့်တော်မူလေ၏။ အရှင်နန္ဒမထေရ်က “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တန်ခိုးရှင်တို့မှသာ သွားရောက်နိုင်သော နတ်ပြည်လောက ဘုံဌာနသို့ တပည့်တော်သည် အဘယ်သို့လျှင် သွားရောက်နိုင်ပါမည်နည်း = မသွားရောက်နိုင်ပါ ဘုရား”ဟု လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် အရှင်နန္ဒမထေရ်ကို “ချစ်သားချစ်သားနန္ဒ.. သင်ချစ်သားသည် နတ်ပြည်သွားလိုသော စိတ်ကိုသာ ဖြစ်စေလော့၊ ထိုသို့ သင်ချစ်သားက သွားလိုသောစိတ်ကို ဖြစ်စေလျှင် နတ်ပြည်သို့ သွားရောက်၍ နတ်အာရုံတို့ကို သင်ချစ်သား မြင်ရပါလိမ့်မည်”ဟု အားပေးစကား မိန့်ကြားတော်မူလေ၏။ (ဤဆိုအပ်ပြီးသည်ကား အံ ဋ္ဌ ၁၊ စာမျက်နှာ ၂၄၄-၂၄၅-မှ ဖြစ်သည်။ ဤမှနောက်၌ အရှင်နန္ဒမထေရ်အကြောင်းကို ဥဒါနပါဠိ အဋ္ဌကထာတို့ကို မှီ၍ ရေးသား ပြဆိုပေအံ့)–

     မြတ်စွာဘုရားရှင်သည် ထိုကဲ့သို့ မိန့်ကြားတော်မူပြီးနောက် “နန္ဒရဟန်း၏ သန္တာန်၌ ဖြစ်ပွါးနေသော ရာဂကို ဥပါယ်တမျဉ်ဖြင့် ငြိမ်းစေမည်”ဟု ကြံစည်တော်မူပြီးလျှင် အရှင်နန္ဒမထေရ်ကို



၅၃၄

လက်ရုံး၌ ဆွဲကိုင်၍ ခေါ်ဆောင်သွားသည့်ပမာ ကိုယ်တော်မြတ်၏ တန်ခိုးအစွမ်းဖြင့် တာဝတိံသာ နတ်ပြည်သို့ ခေါ်ဆောင်သွားတော်မူသည်ရှိသော် (နတ်ပြည်သို့ တိုက်ရိုက်မသွားသေးပဲ) လမ်းခရီးအကြားဝယ် မီးလောင်ထားသည့် လယ်ကွက်အတွင်း မီးလောင်ထားသည့် သစ်ငုတ်တခုထိပ်၌ နား, နှာခေါင်း, အမြီးများ မီးသင့်ထား၍ စုတ်ပြတ်ကာ လွန်စွာရွတ်တွ အိုမင်းနေသော မျောက်အိုမတကောင်ကို မြင်စေပြီး (=ပြတော်မူပြီး)မှ တာဝတိံသာ နတ်ပြည်သို့ ကြွတော်မူလေ၏။

(ဤ၌။ ။အကယ်၍ မြတ်စွာဘုရားရှင်သည် အရှင်နန္ဒမထေရ်အား တာဝတိံသာ နတ်ပြည်ကို မြင်ရရုံမျှ (သို့မဟုတ်) အရှင်နန္ဒမထေရ် တာဝတိံသာနတ်ပြည်သို့ ဝင်ရောက်ရုံမျှကိုသာ အလိုတော်ရှိခဲ့လျှင် လောကဝိဝရဏတန်ခိုး ပြတော်မူသော အခါမှာကဲ့သို့ ဇေတဝန်ကျောင်းတော်၌ ထိုင်နေတော်မူရင်းကပင် အရှင်နန္ဒမထေရ် နတ်ပြည်ကိုမြင်အောင် ပြတော်မူလေရာ၏၊ (သို့မဟုတ်) ကိုယ်တော်မြတ်၏ တန်ခိုးဖြင့် အရှင်နန္ဒမထေရ် တပါးတည်း နတ်ပြည်သို့ လွှတ်လိုက်တော်မူလေ၏။

စင်စစ်သော်ကား နတ်၌ဖြစ်သော အတ္တဘောထက် လူ၌ဖြစ်သော အတ္တဘောက ယောနိအားဖြင့် ယုတ်ညံ့ စက်ဆုပ် ရွံရှာဖွယ် ဖြစ်သည်ကို အရှင်နန္ဒမထေရ် မှတ်ယူလွယ်စေရန် လမ်းခရီးအကြား၌ ထိုမျောက်အိုမကိုလည်း ပြတော်မူလို၏၊ နတ်ပြည်လောက၌ဖြစ်သော ကျက်သရေ စည်းစိမ်တို့ကိုလည်း သက်သက် ဝင်ဝင် ပြတော်မူလို၏၊ ထိုသို့ ပြမှသာလျှင် အရှင်နန္ဒအဖို့ရာ နတ်စည်းစိမ်အလို့ငှါ သုံးပါးသိက္ခာ သာသနာတည်းဟူသော မြတ်သောအကျင့်ကို ကျင့်သုံးခြင်း၌ အထူးသဖြင့် မွေ့လျော်ပျော်ပိုက်ခြင်း တည်းဟူသော အကျိုးကို ရလိမ့်မည်ဖြစ်၏။ ထို့ကြောင့် မြတ်စွာဘုရားသည် အရှင်နန္ဒမထေရ်ကို ကိုယ်တော်တိုင် ခေါ်ဆောင်၍ နတ်ပြည်သို့ ကြွရောက်တော်မူလေ၏ဟု အထူးမှတ်ယူရာ၏)။

     ဤသို့လျှင် မြတ်စွာဘုရားသည် အရှင်နန္ဒမထေရ်ကို တာဝတိံသာ နတ်ပြည်သို့ ခေါ်ဆောင်တော်မူ၍ ထိုတာဝတိံသာ နတ်ပြည်သို့ ရောက်သောအခါ သိကြားနတ်မင်းအား ယုယဖျော်ဖြေရန် လာရောက်ကြသည့် ခိုခြေအသွေး နီတွေးသော ခြေရှိကြသည့် နတ်သမီးငါးရာတို့ ကိုယ်တော်မြတ်ကို ရှိခိုး၍ ရပ်တည်နေကြသည်တို့ကို



၅၃၅

အရှင်နန္ဒအား ပြတော်မူပြီးလျှင် မြတ်စွာဘုရားရှင်နှင့် အရှင်နန္တမထေရ်တို့ အတုံ့အပြန် မေးဖြေတော်မူကြသည်မှာ-

(ဗုဒ္ဓ)

နန္ဒ.. သင်သည် ခိုခြေအဆင်းရှိသည့် ဤနတ်သမီးငါးရာတို့ကို မြင်၏လော။

(အရှင်နန္ဒ)

မြင်ပါသည် မြတ်စွာဘုရား..။

(ဗုဒ္ဓ)

နန္ဒ.. ယခု ငါဘုရားမေးမည့် စကားကို သင် အဘယ်သို့ သဘောကျသနည်း = သဘောကျသည့်အတိုင်း ဖြေဆိုနိုင်သည်၊ သာကီဝင်မင်းသမီး ဇနပဒကလျာဏီနှင့် ခိုခြေအဆင်းရှိကြသည့် ဤနတ်သမီး ငါးရာတို့အနက် အဘယ်သူက ပို၍ အဆင်းလှသနည်း, ပို၍ ရှုချင်ဖွယ်ရှိသနည်း, ပို၍ နှစ်သက်ဖွယ်ရှိသနည်း။

(အရှင်နန္ဒ)

မြတ်စွာဘုရား.. နား, နှာခေါင်း စုတ်ပြတ်ကာ ကိုယ်အင်္ဂါပျက်စီးသော (လမ်းမှာတွေ့ခဲ့သည့်) မျောက်အိုမကဲ့သို့ ဤအတူပင် ဤနတ်သမီးငါးရာတို့ကို ထောက်ဆလျှင် သာကီဝင်မင်းသမီး ဇနပဒကလျာဏီသည် မိန်းမဟူသော အရေအတွက်သို့ပင် မဝင်တော့ပါ, တစိတ်မျှ မမှီပါ, မနှိုင်းစာလောက်ပါ၊ စင်စစ်မှာမူ ဤနတ်သမီး ငါးရာတို့ကသာ ပို၍ အဆင်းလှပါကုန်၏၊ ပို၍ ရှုချင်ဖွယ် ရှိပါကုန်၏၊ ပို၍ နှစ်သက်ဖွယ် ရှိပါကုန်၏။

(ဗုဒ္ဓ)

နန္ဒ.. သာသနာတော်၌ ပျော်ရွှင်စွာနေလော့၊ နန္ဒ.. သာသနာတော်၌ ပျော်ရွှင်စွာ နေလော့၊ ခိုခြေ အဆင်းရှိသည့် နတ်သမီးငါးရာတို့ကို ရဖို့ရန်အတွက် ငါဘုရား အာမခံ (=တာဝန်ယူ)၏။ (=သင်ချစ်သားကသာ သာသနာတော်၌ ပျော်ရွှင်စွာနေ၍ တရားအားထုတ်လျှင် နတ်သမီးငါးရာတို့ကို ရရှိရန်အတွက် ငါဘုရား အာမခံ၏ = တာဝန်ယူ၏-ဟု ဆိုလိုသည်)။

(အရှင်နန္ဒ)

မြတ်စွာဘုရား.. မြတ်စွာဘုရားသည် တပည့်တော်အတွက် ခိုခြေအဆင်းရှိသည့် နတ်သမီးငါးရာတို့ကို



၅၃၆

ရဖို့ရန် အာမခံ (=တာဝန်ယူ)နိုင်ပါမူ တပည့်တော်သည် သာသနာတော်ဝယ် ဘုရားရှင့်အထံတော်၌ ပျော်ရွှင်စွာ နေပါမည်-

ဤသို့ အပေးအယူစကား မိန့်ကြားတော်မူပြီးနောက် မြတ်စွာဘုရားသည် ခဏအတွင်းမှာပင် အရှင်နန္ဒမထေရ်ကို လက်ရုံး၌ဆွဲ၍ ခေါ်ယူသည့်ပမာ ခေါ်ဆောင်တော်မူ၍ တာဝတိံသာ နတ်ပြည်၌ ကွယ်ခဲ့ပြီးလျှင် ဇေတဝန် ကျောင်းတိုက်တော်၌ ထင်ရှားဖြစ်တော်မူလာ၏။

(ဤ၌။ ။အဘယ့်ကြောင့် မြတ်စွာဘုရားသည် ရာဂကိလေသာ နှိပ်စက်ခံနေရသည့် အရှင်နန္ဒမထေရ်ကို နတ်သမီးများကို ပြတော်မူသနည်းဟု မေးဖွယ်ရှိ၏။ အဖြေကား- အရှင်နန္ဒ၏သန္တာန်၌ ဖြစ်နေသော ကိလေသာတို့ကို အလွယ်နှင့် ပယ်ထုတ်ဖို့ရန် နတ်သမီးများကို ပြတော်မူ၏။ ထင်ရှားစေဦးအံ့- လိမ္မာသော ဆေးဆရာသည် သလိပ်, သည်းခြေ, လေဒေါသတို့ ပြောများနေသော သူနာကို အလွယ်တကူနှင့် ဆေးကုလိုသည်ရှိသော် ရှေးဦးစွာ ဆီဆေး-စသည်ဖြင့် ဒေါသတို့ကို ပွရွနူးနပ်စေပြီး နောက်မှ အန်ဆေး ဝမ်းလားဆေးတို့ဖြင့် ထိုဒေါသတို့ကို အလွယ်နှင့် ထုတ်ဆောင်သကဲ့သို့ ထို့အတူပင် ဝေနေယျတို့ကို ဆုံးမခြင်း၌ အတုမရှိ လိမ္မာတော်မူသော မြတ်စွာဘုရား ဆေးသမားကြီးသည် ရာဂတည်းဟူသော ဒေါသပြောများ၍နေသော အရှင်နန္ဒမထေရ် တည်းဟူသော သူနာကို နတ်သမီးအာရုံ တည်းဟူသော ဒေါသနှပ်ဆေး (=ဒေါသဆေး) တိုက်ကျွေးတော်မူသည်မှာ အရိယမဂ် တည်းဟူသော ကိလေသာအန်ဆေး ဝမ်းလားဆေးတို့ဖြင့် ကိလေသာတည်းဟူသော ဒေါသတို့ကို အကြွင်းမဲ့ ပယ်ထုတ်တော်မူလိုသောကြောင့် ဖြစ်သည်ဟု အထူး မှတ်ယူရာ၏။

တဖန်- မြတ်စွာဘုရားသည် အရှင်နန္ဒမထေရ်အတွက် သာသနာတော် တည်းဟူသော မြတ်သောအကျင့်ဖြင့် နေခြင်းကို အလိုရှိတော်မူသည် ဖြစ်ပါလျက် နတ်သမီးတို့နှင့် အတူတကွ နေရခြင်း တည်းဟူသော = အဗြဟ္မစရိယဝါသ အလို့ငှါ အဘယ့်ကြောင့် အာမခံ = တာဝန်ယူတော်မူသနည်းဟု မေးရန်ရှိပြန်၏။ အဖြေကား- ဇနပဒကလျာဏီ တည်းဟူသော အာရုံ၌ ကာလမြင့်ကြာ အခိုင်အမာ ကျရောက်နေသော ရာဂကိလေသာကို အာဂန္တုကဖြစ်သည့် နတ်သမီးအာရုံ၌ ပြောင်းရွေ့ပေးမှ

၅၃၇

အလွယ်နှင့် စွန့်နိုင်မည် ဖြစ်သောကြောင့် အာမခံ = တာဝန်ယူတော်မူသည်ဟူပေ။ (မြတ်စွာဘုရားရှင်၏ တရားဟောစဉ် = အာနုပုဗ္ဗိကထာ၌ သဂ္ဂကထာ = နတ်ရွာချမ်းသာနှင့်စပ်သော တရားစကား ဟောကြားတော်မူခြင်းမှာ ဤအနက်အဓိပ္ပါယ်အတွက် သက်သေသာဓက ဖြစ်သည်)ဟု အထူး မှတ်ယူရာ၏။ ဥဒါန ဋ္ဌ၊ ၁၅၄-၁၅၅-မှ)။

     ဇေတဝန် ကျောင်းတိုက်တော်သို့ ရောက်သည့်အချိန်မှ စ၍ အရှင်နန္ဒမထေရ်သည် နတ်သမီးတို့ကို ရယူလိုသည့်အတွက် နေ့ညဉ့်ဆက်ကာ ရဟန်းတရား အားထုတ်လေ၏၊ ထိုအခါ မြတ်စွာဘုရားရှင်သည် ရဟန်းတို့ကို “ချစ်သားရဟန်းတို့.. သင်ချစ်သားတို့သည် နန္ဒရဟန်း၏ ကမ္မဋ္ဌာန်းကျောင်းနေရာ အနီးဌာနဝယ် ‘ရဟန်းတပါးသည် မြတ်စွာဘုရားကို အာမခံထား၍ နတ်သမီးတို့ကို ရယူလိုသောကြောင့် ရဟန်းတရားကို မနေမနား အားထုတ်နေသတဲ့’ဟု ထိုထိုအရပ်၌ ပြောဆိုကြကာ လှည့်လည်ကြကုန်လော့”ဟု မိန့်တော်မူလေ၏။ ရဟန်းတို့သည် “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု ဝန်ခံကြကာ အရှင်နန္ဒမထေရ် ကြားလောက်ရာအရပ်၌ “အရှင်နန္ဒသည် နတ်သမီးတို့ကို ရလိုမှုကြောင့် မြတ်သောအကျင့်ကို ကျင့်နေသတဲ့၊ ထိုအရှင်နန္ဒအတွက် ခိုခြေအဆင်းရှိသော နတ်သမီးငါးရာတို့ကို ရဖို့ရန် မြတ်စွာဘုရားက အာမခံ = တာဝန်ယူတော်မူခဲ့သတဲ့၊ အရှင်နန္ဒသည် ကြေးစားဖြစ်စွာ့တကား၊ အရှင်နန္ဒသည် အဝယ်တော် ဖြစ်စွတကား”ဟု ကြေးစားဟူသော စကားလုံး, အဝယ်တော်ဟူသော စကားလုံးတို့ဖြင့် ပြက်ရယ်ကျီစယ် ပြောဆိုကြလေကုန်၏။

     ထိုစကားကို ကြားရ၍ အရှင်နန္ဒမထေရ်သည် “ဤရဟန်းတို့ကား တပါးသူကို ပြောကြသည်မဟုတ်၊ ငါ့ကိုသာ အကြောင်းပြု၍ ပြောဆိုကြ၏၊ ငါ၏ အလုပ်ကား မသင့်လျော်စွတကား” ဟူ၍၎င်း, “ငါသည် ဣန္ဒြေတို့ကို မစောင့်စည်းမှုကို အမှီပြု၍ ဤကဲ့သို့ ရှက်ဖွယ်လိလိ အဖော်ရဟန်းတို့၏ ပြက်ရယ်ကျီစယ်မှုကို ခံရလေသည်။ ထိုဣန္ဒြေတို့ကို ငါကား ကောင်းစွာ နှိမ်နင်း စောင့်စည်းပေတော့အံ့” ဟူ၍၎င်း အကြံတော်ဖြစ်ရှိကာ ထိုအချိန်မှစ၍ အရှေ့, အနောက်, တောင်, မြောက်, အထက်, အောက်, ဖီလာ,



၅၃၈

အထောင့်ဟူသော အရပ်မျက်နှာတို့ကို ကြည့်ရှုတော်မူလိုလျှင် လောဘ, ဒေါသ-စသော အကုသိုလ်တရားတို့ မဖြစ်ပွါးအောင် သတိသမ္ပဇဉ် အမြဲယှဉ်၍ ကြည့်ရှုတော်မူခြင်း တည်းဟူသော = ဣန္ဒြိယသံဝရ ဥက္ကဌ်ပဋိပတ်ကို ကျင့်ကြံတော်မူလျက် ရဟန်းတရားကို ပွါးများကြိုးကုတ် အားထုတ်တော်မူလေရာ မကြာမြင့်မီပင် အာသဝေါကုန်ခန်း ရဟန္တာအဖြစ်သို့ ရောက်တော်မူလေ၏။

     ထိုအခါ ရဟန္တာ ဗြဟ္မာကြီးတယောက်သည် သန်းခေါင်ယံအချိန်ဝယ် မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ လာရောက် ရပ်တည်လျက် အရှင်နန္ဒမထေရ် ရဟန္တာဖြစ်ပြီဖြစ်ကြောင်း သတင်းကောင်းစကား လျှောက်ထားလာလေ၏။ ဗြဟ္မာကြီး လျှောက်ထားသည့် စကား၏ အခြားမဲ့မှာပင် “အဘယ်သို့နည်း”ဟု ဆင်ခြင်တော်မူသော မြတ်စွာဘုရား၏ သန္တာန်တော်မှာလည်း “နန္ဒရဟန်းသည် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုအပ်ပြီ”ဟု သိမြင်သော အသိဉာဏ်တရား ထင်ရှားဖြစ်ပေါ်လာလေ၏။

အာမခံမှ လွှတ်ခြင်း,လွတ်တော်မူခြင်း

     အရှင်နန္ဒမထေရ်သည် သူငယ်ချင်းရဟန်းတို့က ပြက်ရယ် ကျီစယ် ပြောင်လှောင်မှု ပြုအပ်သည်ရှိသော် “ငါသည် ကောင်းစွာ ဟောကြားအပ်သည့် ဓမ္မ,ဝိနယ သာသနာတော်ဝယ် ရဟန်းပြုပြီးလျှင် နတ်သမီးတို့ကို ရရှိရေးအတွက် မြတ်စွာဘုရားကို အာမခံပုဂ္ဂိုလ်တယောက်ဖြစ်အောင် ပြုမိခဲ့လေပြီ၊ ငါကား ဝန်လေးသောအမှုကို ပြုအပ်ပြီတကား”ဟု သံဝေဂကြီးစွာ ဖြစ်ရှိလျက် အရှက်,အကြောက် အားကြီးကာ ရဟန်းတရားကို မနေမနား ပွါးများအားထုတ်၍ အရဟတ္တဖိုလ်သို့ ရောက်ရှိပြီးနောက် “ငါသည် မြတ်စွာဘုရားကို ထိုအာမခံ = တာဝန်ယူခြင်းမှ လွတ်စေတော့အံ့”ဟု ကြံစည် ဆင်ခြင်မိလေသည်။ ထိုသို့ကြံစည် ဆင်ခြင်ပြီးနောက် နံနက်မိုးသောက် ရောက်သောအခါ အရှင်နန္ဒမထေရ်သည် မြတ်စွာဘုရားရှင့် ထံတော်မှောက်သို့ သွားရောက်ရှိခိုးကာ အပြစ်လွတ်ရာအရပ်၌ ထိုင်နေလျက် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား.. တပည့်တော်အတွက် ခိုခြေအဆင်းရှိသည့် နတ်သမီးငါးရာတို့ကို



၅၃၉

ရရှိဖို့ရန် မြတ်စွာဘုရားက အာမခံ = တာဝန်ယူတော်မူခဲ့ပါ၏။ မြတ်စွာဘုရား.. ရှင်တော်ဘုရားကို တပည့်တော်သည် ထိုအာမခံ = တာဝန်ယူချက်မှ လွှတ်ပါ၏ဘုရား”ဟု လျှောက်ထားလေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် အရှင်နန္ဒမထေရ်ကို “ချစ်သားနန္ဒ.. ငါဘုရား သည်လည်း ‘နန္ဒရဟန်းသည် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုအပ်လေပြီ’ဟု ငါဘုရားစိတ်ဖြင့် သင်၏စိတ်ကို ပိုင်းခြား၍ သိပြီးဖြစ်သည်၊ ဤတွင်မျှမက ဗြဟ္မာကလည်း သင်ချစ်သား အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြောင်း လာရောက် လျှောက်ထားပြီး ဖြစ်လေသည်။ ချစ်သားနန္ဒ.. သင်ချစ်သား၏စိတ် စွဲလမ်းမှုကင်းလျက် အာသဝေါတရားတို့မှ ကျွတ်လွတ်သော အခါကပင် (=သင်ချစ်သား အရဟတ္တဖိုလ်သို့ရောက်သော အခါကပင်) ငါဘုရားသည် ထိုအာမခံချက် = တာဝန်ယူချက်မှ လွတ်ပြီးဖြစ်လေတော့သည် (=သင်ချစ်သား၏စိတ် အာသဝေါတရားတို့မှ လွတ်ပြီးသည်၏ အခြားမဲ့မှာပင် ငါဘုရားသည် ထိုအာမခံချက် = တာဝန်ယူချက်မှ သဘာဝအားဖြင့် လွတ်ပြီးဖြစ်တော့သည်၊ သင်ချစ်သားက အထူးလွှတ်ရန်မလို)”ဟု မိန့်တော်မူပြီးနောက် အရှင်နန္ဒမထေရ်၏ ခပ်သိမ်းသော အာသဝေါတရားတို့ကို ကုန်ခန်းစေပြီး ဖြစ်သည့်အတွက် သုခ, ဒုက္ခ-အစရှိသော လောကဓံတို့ကြောင့် ဖောက်ပြန်တုန်လှုပ်ခြင်း အလျှင်းမရှိမှုဟူသော အနက်သဘောကို ထင်ရှားစွာ သိမြင်တော်မူသည့်အတွက် လွန်စွာအားရမ်း ဝမ်းမြောက်တော်မူကာ ဤဆိုလတ္တံ့သော ဥဒါန်းဂါထာကို ကျူးရင့်တော်မူလေ၏-

ယဿ နိတ္တိဏ္ဏော ပင်္ကော၊

မဒ္ဒိတော ကာမကဏ္ဋကော။

မောဟက္ခယံ အနုပ္ပတ္တော၊

သုခဒုက္ခေသု န ဝေဓတီ သ ဘိက္ခု။

ယဿ = အကြင် အရိယာပုဂ္ဂိုလ်သည်။ ပင်္ကော = သံသရာနက်ရှောင်း ရွှံ့ညွန်ပျောင်းကို။



၅၄၀

နိတ္တိဏ္ဏော = နိဗ္ဗူသာဝှမ်း ထိုမှာကမ်းသို့ ဖြောင့်တန်းတောက်လျောက် အရိယမဂ် တံတားဆောက်၍ ကူးမြောက်အပ်လေပြီ။ ယဿ = အကြင် အရိယာပုဂ္ဂိုလ်သည်။ ကာမကဏ္ဋကော = လူနတ်ဗြဟ္မာ သတ္တဝါကို မခံသာအောင် ထိုးဆွသည့် ကိလေသကာမ တည်းဟူသော ဆူးငြောင့်ကို။ မဒ္ဒိတော = အရဟတ္တမဂ်ဉာဏ် တုတ်လှင်ကန်ဖြင့် မကျန်မြူလောက် ပယ်ဖျောက် ဖျက်ဆီးအပ်လေပြီ။ ယော = အကြင် အရိယာပုဂ္ဂိုလ်သည်။ မောဟက္ခယံ = မောဟ၏ကုန်ရာ အရဟတ္တဖိုလ် နိဗ္ဗာန်သို့။ အနုပ္ပတ္တော = မဂ်ဉာဏ်လေးထောက် အစဉ်လျှောက်၍ ဆိုက်ရောက်ခဲ့လေပြီ။ = သော ဘိက္ခု = ကိလေသာမဲ မှောင်ထုခဲကို ဖြိုခွဲပြီးလစ် ရဟန္တာဖြစ်သော ထိုရဟန်းသည်။ သုခဒုက္ခေသု = သုခ,ဒုက္ခ စသည်ရှစ်တန် လောကဓံတို့ကြောင့်။ န ဝေဓတိ = ပုထုဇန် သူငါများကဲ့သို့ စိတ်ထားမမှန် ယောက်ယက်ဆန်သည့် ဖောက်ပြန်တုန်လှုပ်ခြင်း အလျှင်းရှိတော်မမူချေ။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

     မြတ်စွာဘုရားသည် နောက်တချိန်ဝယ် ဇေတဝန် ကျောင်းတိုက်တော်၌ သီတင်းသုံး နေထိုင်တော်မူစဉ် အရိယသံဃာတို့ အလယ်၌ အရှင်နန္ဒမထေရ်ကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဣန္ဒြိယေသု ဂုတ္တဒွါရာနံ ယဒိဒံ နန္ဒော = ရဟန်းတို့.. ဣန္ဒြေခြောက်ပါးတို့၌ တံခါးကို လုံခြုံစေကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် နန္ဒရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “ဣန္ဒြိယေသု ဂုတ္တဒွါရတာ = ဣန္ဒြေခြောက်ပါး တံခါးကို လုံခြုံစေကြသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။



၅၄၁

(ဤ၌။ ။မြတ်စွာဘုရား၏ တပည့်သား အခြားသော ရဟန်းတို့သည်လည်း ဣန္ဒြေကို စောင့်စည်းတော်မူကြသည်သာ ဖြစ်၏။ ထိုသို့ ဖြစ်သော်လည်း အရှင်နန္ဒမထေရ်သည်ကား အခြားသော သာဝကတို့ထက် ထူးချွန်စွာ အရပ်ဆယ်မျက်နှာတို့ကို ကြည့်ရှုတော်မူလိုလျှင် ရှေး၌ ဆိုအပ်ပြီးသောအတိုင်း သတ္ထကသမ္ပဇဉ်, သပ္ပါယသမ္ပဇဉ်, ဂေါစရသမ္ပဇဉ်, အသမ္မောဟသမ္ပဇဉ် တည်းဟူသော သမ္ပဇဉ်လေးပါးတို့ဖြင့် ပိုင်းခြားဆင်ခြင်ပြီးမှသာ ကြည့်ရှုတော်မူလေ့ရှိ၏၊ မှန်၏- ထိုအရှင်နန္ဒမထေရ်မြတ်သည် “ငါကား ဣန္ဒြေတို့ကို မစောင့်စည်းမှုကြောင့် သာသနာတော်ဝယ် မမွေ့လျော်ခြင်း-စသည် ဖောက်ပြန်မှုသို့ ရောက်ခဲ့ရလေပြီ၊ ယင်း ဣန္ဒြေမစောင့်စည်းမှုကိုပင် အတိုင်းထက်အလွန် နှိပ်ကွပ်ပေအံ့”ဟု အထူးလုံ့လ အားသစ်သည် ဖြစ်၍၎င်း, အားကြီးသော ဟိရီ,ဩတ္တပ္ပရှိသည် ဖြစ်၍၎င်း, ဣန္ဒြေတို့ကို စောင့်စည်းခြင်းအတွက် လွန်ခဲ့သော ကမ္ဘာတသိန်းထက်ကပင် အဓိကာရကောင်းမှု ပြုခဲ့သူ ဖြစ်ရကား ယင်းတို့ကို စောင့်စည်းမှု၌ သူ့ထက်ကဲချွန် အထွတ်အထိပ်မြောက် ရောက်တော်မူသည်ဖြစ်၍၎င်း သမ္ပဇဉ်လေးပါးကို လက်မလွတ်စေပဲ အလုံးစုံသော အရပ်မျက်နှာတို့ကို ကြည့်ရှုတော်မူလေ့ရှိ၏၊ ထို့ကြောင့် ဤအရှင်နန္ဒမထေရ်ကိုသာ မြတ်စွာဘုရားသည် “ဣန္ဒြိယေသု ဂုတ္တဒွါရတာ = ဣန္ဒြေခြောက်ပါး တံခါးခြောက်ပေါက်တို့ကို လုံခြုံစေသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ဟု အထူးမှတ်ယူရာ၏။)

ဤကား အရှင်နန္ဒမထေရ် အကြောင်းတည်း။

**********