အယောဃရဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၅၁၀။ အယောဃရဇာတ် (၁၄)

ဝီသတိနိပါတ်

၁၄။ အယောဃရဇာတ်

မြတ်သော တောထွက်တော်မူခြင်း အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယမေကရတ္တိံ ပဌမံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ အယောဇရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မြတ်သော တောထွက်ခြင်းကိုပင်လျှင် အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ ထိုအခါ၌လည်း သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့- ယခုအခါ၌သာလျှင် ငါဘုရားသည် မြတ်သော ထွက်တော်မူခြင်းကို တောထွက်တော်မူသည် မဟုတ်သေး၊ ရှေး၌လည်း မြတ်သောထွက်ခြင်းကို တောထွက်တော် မူဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့- လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ထိုဗြဟ္မဒတ်မင်းကြီး၏ မိဖုယားကြီးသည် ကိုယ်ဝန်ကိုရလျှင် ကိုယ်ဝန် အစောင့်အရှောက်ကို ပေး၍ ကိုယ်ဝန်ရင့်လတ်သော် မိုးသောက်ယံ၏ အခြားမဲ့၌ သားကိုဖွား၏။ ထိုမိဖုယားကြီးအား ရှေးဘဝ၌ တယောက်သော လင်တူမိန်းမသည် သင်၏ ဖွားတိုင်းဖွားတိုင်းသော သားတို့ကို စားရလို၏ဟု ဆုတောင်းခြင်းကို ဖြစ်စေ၏။ ထိုလင်တူမိန်းမသည် မိမိမြုံသည်ဖြစ်၍ သားဟူသော အကြောင်းကြောင့် အမျက်ထွက်သဖြင့် ထိုဆုတောင်းခြင်းကို ပြု၍ ဘီလူးအမျိုး၌ ဖြစ်သတတ်၊ တယောက်သော မိန်းမသည် မင်း၏ မိဖုယားကြီးဖြစ်၍ ဤသားကို ဖွား၏။ ဤဘီလူးမသည် ထိုအခါ၌ အခွင့်ရ၍ မိဖုယားမြင်စဉ်လျှင် ကြောက်မက်ဘွယ်သော အဆင်းရှိသည်ဖြစ်၍ လာလတ်ပြီးလျှင် သူငယ်ကို ယူ၍ ပြေး၏။ မိဖုယားသည် ဘီလူးမသည် ငါ့သားကိုယူ၍ ပြေးခဲ့ပြီဟု ကျယ်စွာသောအသံဖြင့် ဟစ်ကြွေး၏။ ဘီလူးမသည်လည်း သူငယ်ကို ကြာစွယ်ကြာရင်းကဲ့သို့ ကျွတ်ကျွတ်ဝါး၍ စားပြီးလျှင် မိဖုယားအား လက်၏ ဖောက်ပြန်ခြင်း အစရှိသည်တို့ဖြင့် ကြောက်မက်ဘွယ်သော အဆင်းကိုပြသဖြင့် ခြိမ်းချောက်၍ သွား၏။

မင်းသည် ထိုမိဖုယားစကားကို ကြား၍ ဘီလူးမအား အသို့ပြုခြင်းငှါ တတ်နိုင်အံ့နည်းဟု ဆို၍ ဆိတ်ဆိတ်နေ၏။ တဖန် မိဖုယား သားဖွားသောအခါ မြဲမြံစွာ အစောင့်အရှောက်ကို ပြု၏။ မိဖုယားသည် တဖန် သားဖွားပြန်၏။ ဘီလူးမသည် လာလတ်၍ ထိုသားကိုလည်း စား၍သွားပြန်၏။ သုံးကြိမ်မြောက်၌ကား ထိုမိဖုယား၏ ဝမ်း၌ ဘုရားလောင်းသည် ပဋိသန္ဓေယူ၏။ မင်းသည် လူများကို စည်းဝေးစေ၍ မိဖုယားကြီး ဖွားတိုင်း ဖွားတိုင်းသော သားကို တယောက်သော ဘီလူးမသည် စား၏။ အသို့လျှင် ပြုအပ်သနည်းဟု မေး၏။

ထိုအခါ တယောက်သော အမတ်သည် ဘီလူးမသည်ကား ထန်းရွက်ကို ကြောက်ကုန်၏။ အရှင်မိဖုယား၏ လက်ခြေတို့၌ ထန်းရွက်ကို ဆွဲခြင်းငှါ သင့်၏ဟု တင်လျှောက်၏။ ထို့နောင်မှ အမတ်တယောက်သည် ဘီလူးမတို့မည်သည်ကား သံအိမ်ကို ကြောက်ကုန်၏။ သံအိမ်ကို ပြုခြင်းငှါ သင့်၏ဟု တင်လျှောက်၏။ မင်းသည် ကောင်းပြီဟု မိမိတိုင်းနိုင်ငံ၌ ပန်းပဲတို့ကို စည်းဝေးစေပြီးလျှင် သံအိမ်ကို ပြုကြကုန်လော့ဟုစေ၍ အမတ်တို့ကိုပေး၏။ မြို့တွင်း၌ သာလျှင် မွေ့လျော်ဘွယ်ရှိသော မြေအဘို့၌ သံအိမ်ကို ဆောက်လုပ်ကုန်၏။ တိုင်ကိုအစ၍ အလုံးစုံကုန်သော အဆောက်အဦတို့သည် သံဖြင့်ပြီးသည်သာလျှင် ဖြစ်ကုန်၏။ ကိုးလတို့ဖြင့် သံဖြင့်ပြီးသော ကြီးစွာသော မုတ်ထွဋ်လေးခုရှိသော သံအိမ်သည် အပြီးသို့ရောက်၏။ ထိုသံအိမ်သည် အခါခပ်သိမ်း ထွန်းအပ်သော ဆီမီးရှိသည်သာလျှင် ဖြစ်၏။ မင်းသည် မိဖုယားကြီး ကိုယ်ဝန်ရင့်သည်ကို သိ၍ သံအိမ်ကို တန်ဆာဆင်စေပြီးလျှင် ထိုမိဖုယားကိုယူ၍ သံအိမ်သို့ ဝင်၏။ မိဖုယားသည် ထိုသံအိမ်၌ ဘုန်းပညာလက္ခဏာနှင့် ပြည့်စုံသောသားကို ဖွား၏။ ထိုသားအား အယောဃရမင်းသား ဟူသော အမည်ကို မှည့်ကုန်၏။

ထိုမင်းသားကို အထိန်းတို့အား ပေးပြီးလျှင် များစွာသော အစောင့်အရှောက်ကို စီရင်၍ မင်းသည် မိဖုယားကြီးကို ယူ၍ မြို့ကို လကျ်ာရစ် လှည့်လည်သည်ကိုပြု၍ တန်ဆာဆင်အပ်သော ပြာသာဒ်အပြင်သို့ တက်၏။ ဘီလူးမသည် ရေခပ်အလှည့်ရောက်၍ ဝေဿဝဏ်နတ်မင်းအား ရေကိုဆောင်သည်ရှိသော် အသက်ကုန်ခြင်းသို့ ရောက်၏။ ဘုရားလောင်းသည် သံအိမ်၌ သာလျှင် ကြီး၍ သိကြားလိမ်မာသော အဖြစ်သို့ရောက်လျှင် ထိုသံအိမ်၌သာလျှင် အလုံးစုံသော အတတ်တို့ကို သင်၏။ မင်းသည် ငါ့သားတော် အရွယ် အဘယ်မျှရှိပြီနည်းဟု မှူးမတ်တို့ကို မေး၍ အရှင်မင်းကြီး- တဆယ့်ခြောက်နှစ်ရှိပြီ၊ တဆယ့်ခြောက်နှစ်ရှိသော သူသည် ရဲရင့်၏။ အားအစွမ်းနှင့် ပြည့်စုံ၏။ ဘီလူးတထောင်ကိုသော်လည်း တားမြစ်ခြင်းငှါ စွမ်းနိုင်၏ဟု ကြား၍ မင်းအဖြစ်ကို ငါပေးအံ့၊ အလုံးစုံသောမြို့ကို တန်ဆာဆင်၍ သံအိမ်မှ သားတော်ကိုထုတ်၍ ဆောင်ယူခဲ့ကုန်လော့ဟု ဆို၏။ မှူးမတ်တို့သည် အရှင်မင်းကြီး- ကောင်းပြီဟုဆိုကုန်၍ တဆယ့်နှစ်ယူဇနာရှိသော မြို့ကို တန်ဆာဆင်ပြီးလျှင် ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သော မင်္ဂလာဆင်တော်ကို ယူ၍ သံအိမ်သို့သွား၍ မင်းသားကို တန်ဆာဆင်ပြီးလျှင် မင်္ဂလာဆင်တော် ကျောက်ကုန်း၌ စီးစေ၍ အရှင်မင်းသား- အမျိုး၏ ဥစ္စာဖြစ်သော တန်ဆာဆင်အပ်သော မြို့တော်ကို လကျ်ာရစ်လှည့်သည်ကို ပြု၍ ခမည်းတော်ဖြစ်သော ကာသိမင်းကြီးကို အရှင်မင်းသားတို့သည် ရှိခိုးတော်မူကုန်လော့၊ ယနေ့ပင်လျှင် ထီးဖြူကို ရကုန်လတ္တံ့ဟု တင်လျှောက်ကုန်၏။

ဘုရားလောင်းသည် မြို့ကို လကျ်ာရစ် လှည့်သည်ရှိသော် မွေ့လျော်ဘွယ်ရှိသော အရံ ဥယျာဉ်တော် ရေကန် ရွှေနန်းပြာသာဒ် အစရှိသည်တို့ကိုမြင်၍ ကြံ၏။ ငါ၏ ခမည်းတော်မင်းကြီးသည် ငါ့ကို ဤမျှလောက်သော ကာလပတ်လုံး နှောင်အိမ်၌ နေစေ၏။ ဤသို့သဘောရှိသော တန်ဆာဆင်သော မြို့ကို မြင်ခြင်းငှါ မပေး၊ ငါ့အား အဘယ်အပြစ် ရှိသနည်းဟု မှူးတော်မတ်တော်တို့ကို မေး၏။ အရှင်မင်းသား- အရှင်မင်းသားတို့အား အပြစ်သည် မရှိ၊ ထိုသို့ မရှိသော်လည်း အရှင်မင်းသား၏ နောင်တော် နှစ်ပါးတို့ကို ဘီလူးမတယောက်သည် စား၏။ ထိုသို့စားသောကြောင့် အရှင်မင်းသား၏ ခမည်းတော်မင်းကြီးသည် သံအိမ်၌ နေစေ၏။ သံအိမ်ကြောင့် အရှင်မင်းသား၏ အသက်ကို ရ၏ဟု တင်လျှောက်ကုန်၏။

ဘုရားလောင်းသည် ထိုအမတ်ကြီးတို့၏ စကားကိုကြား၍ ကြံ၏။ ငါသည် ဆယ်လပတ်လုံး လောဟကုမ္ဘီငရဲနှင့်တူသော ဘင်ပုပ်ငရဲနှင့်တူသော အမိဝမ်း၌နေပြီး၍ အမိဝမ်းမှ ဖွားမြင်သောအခါမှစ၍ တဆယ့်ခြောက်နှစ်တို့ပတ်လုံး ထိုနှောင်အိမ်၌ နေရ၏။ အပသို့ ကြည့်ခြင်းငှာ မရ၊ ဥဿဒငရဲ၌ ပစ်ချသကဲ့သို့ ဖြစ်၏။ ဘီလူးမလက်မှ လွတ်သော်လည်း ငါသည် မအိုမနာမသေသည် မဖြစ်ရာ၊ ငါ့အား မင်းအဖြစ်ဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ မင်းအဖြစ်၌ တည်သောအခါမှစ၍ ထွက်နိုင်ခဲသည်ဖြစ်၏။ ယနေ့ပင်လျှင် ခမည်းတော်ကို ရဟန်းအဖြစ်ကို ခွင့်ပြုစေပြီးလျှင် ဟိမဝန္တာသို့ဝင်၍ ရဟန်းပြုအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုဘုရားလောင်းသည် မြို့ကို လက်ျာရစ် လှည့်သည်ကိုပြု၍ နန်းတော်သို့ ဝင်ပြီးလျှင် ခမည်းတော် မင်းကြီးကို ရှိခိုး၍ တည်၏။

ခမည်းတော် မင်းကြီးသည် သားတော်၏ ကိုယ်၏ တင့်တယ်ခြင်းကို ရှုကြည့်၍ အားကြီးစွာသော ချစ်ခြင်းဖြင့် အမတ်တို့ကို ကြည့်၏။ ထိုအမတ်တို့သည် အရှင်မင်းကြီး အသို့ပြုရကုန်အံ့နည်းဟု တင်လျှောက်ကုန်၏။ အမတ်တို့- ငါ့သားတော်ကို ရတနာအစု၌ထား၍ ရွှေခရုသင်း, ငွေခရုသင်း, ပကတိ ခရုသင်းဟူသော သုံးပါးသော ခရုသင်းတို့ဖြင့် အဘိသိက်သွန်း၍ ရွှေပန်းကို၎င်း, ထီးဖြူကို၎င်း ဆောင်နှင်းကြကုန်လော့ဟု ဆို၏။

ဘုရားလောင်းသည် ခမည်းတော်မင်းကြီးကို ရှိခိုး၍ မြတ်သောမင်းကြီး- အကျွန်ုပ်အား မင်းအဖြစ်ဖြင့် အလိုမရှိ၊ အကျွန်ုပ်သည် ရဟန်းပြုပါအံ့၊ အကျွန်ုပ်အား ရဟန်းအဖြစ်ကို ခွင့်ပြုတော်မူပါကုန်ဟု တင်လျှောက်၏။ ချစ်သား- ချစ်သားသည် မင်းအဖြစ်ကိုပယ်၍ အဘယ့်ကြောင့် ရဟန်း ပြုလိုသနည်းဟု မေး၏။ အရှင်မင်းကြီး- အကျွန်ုပ်သည် အမိဝမ်း၌ ဆယ်လပတ်လုံး မစင်ဘင်ပုပ် ငရဲ၌ကဲ့သို့နေ၍ အမိဝမ်းမှ ဖွားမြင်သည်ရှိသော် ဘီလူးမဘေးကြောင့် တဆယ့် ခြောက်နှစ်ပတ်လုံး နှောင်အိမ်၌ နေရသည်ဖြစ်၍ အပသို့ ကြည့်ခြင်းငှါလည်း မရ၊ ဥဿဒငရဲ၌ ပစ်ချသကဲ့သို့ ဖြစ်၍ ဘီလူးမလက်မှ လွတ်ရ၏။ ထိုသို့ လွတ်ပါသော်လည်း မအိုမနာ မသေသည် မဖြစ်ရ၊ သေမင်းစစ်သည်ကို တစုံတယောက်သော သူသည် အောင်ခြင်းငှါ၎င်း, လှည့်ပတ်ခြင်းငှါ၎င်း မတတ်နိုင်၊ ဘဝသုံးပါးတို့၌ ငြီးငွေ့သည် ဖြစ်၏။ မြတ်သောမင်းကြီး- အကြင်မျှလောက် အကျွန်ုပ်အား အိုခြင်း, နာခြင်း သေခြင်းတို့သည် မရောက်ကုန်သေး၊ ထိုမျှလောက် မရောက်မီ ရဟန်းပြု၍ ရဟန်းတရားကို ကျင့်ပါအံ့၊ မင်းအဖြစ်ဖြင့် အလိုမရှိ၊ မြတ်သောမင်းကြီး- အကျွန်ုပ်ကို ခွင့်ပြုတော်မူပါလော့ဟု ဆို၍ ခမည်းတော်မင်းကြီးအား တရားဟောလိုရကား-

၃၆၃။ ယမေကရတ္တိံ ပဌမံ၊ ဂဗ္ဘေ ဝသတိ မာဏဝေါ။
အဗ္ဘုဋ္ဌိတောဝ သော ယာတိ၊ သဂစ္ဆံ န နိဝတ္တတိ။
။ လ။
၃၈၆။ န ဟိ ဓမ္မော အဓမ္မော စ၊ ဥဘော သမဝိပါကိနော။
အဓမ္မော နိရယံ နေတိ၊ ဓမ္မော ပါပေတိ သုဂ္ဂတိံ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

၃၆၃။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယံ - ယော မာဏဝေါ၊ အကြင်သတ္တဝါသည်။ ဧကရတ္တိံ၊ တညဉ့်၌။ ပဌမံ၊ ရှေးဦးစွာ။ ဂဗ္ဘေ၊ အမိဝမ်း၌။ ဝသတိ၊ နေရ၏။ သော မာဏဝေါ၊ ထိုသတ္တဝါသည်။ ဥဋ္ဌိတော၊ တက်သော။ အဗ္ဘော ဣဝ၊ တိမ်ကဲ့သို့။ ယာတိ၊ ရှေးရှုသွားရ၏။ သော မာဏဝေါ၊ ထိုသတ္တဝါသည်။ ဂစ္ဆံ-၈စ္ဆန္တော၊ သွားသည်ရှိသော်။ န နိဝတ္တတိ၊ မပြန်ရပြီ။

၃၆၄။ မဟာရာဇ၊ ခမည်းတော်မင်းကြီး။ ယုဇ္ဈမာနာ၊ နှစ်ဘက်မှတက်သော စစ်မြေအရပ်၌ စစ်ထိုးကုန်သော။ ဗလေန၊ ကိုယ်အစွမ်း သူရဲ သူခက်အစွမ်းနှင့်။ ဝဿိတာ၊ ပြည့်စုံကုန်သော။ နရာ၊ လူတို့သည်။ န ဇီရန္တိ၊ မအိုကုန်သည်ကား။ ၊ မဟုတ်ကုန်။ ဇီရန္တိ ဧဝ၊ အိုကုန်သည်သာတည်း။ န စာပိ မီယရေ၊ မသေကုန်သည်ကား။ ၊ မဟုတ်ကုန်။ မီယန္တိ ဧဝ၊ သေကုန်သည်သာတည်း။ သဗ္ဗံဟိ၊ အလုံးစုံသာလျှင်ဖြစ်သော။ တံ၊ ထိုသတ္တဝါအပေါင်းကို။ ဇာတိဇရာယ၊ ပဋိသန္ဓေနေခြင်း အိုခြင်းသည်။ ဥပဒ္ဒုတံ၊ နှိပ်စက်အပ်၏။ တံ-တေန၊ ထိုအကြောင်းကြောင့်။ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။ ဓမ္မံ၊ တရားကို။ စရာမိ၊ ကျင့်အံ့။ ဣတိ၊ ဤသို့။ မေ၊ အကျွန်ုပ်၏။ မတိ၊ စိတ်နှလုံးသည်။ ဟောတိ၊ ဖြစ်၏။

၃၆၅။ မဟာရာဇ၊ မြတ်သောမင်းကြီး။ စတုရင်္ဂိနိံ၊ ဆင်, မြင်း, ရထား, ခြေသည်ဟူသော စစ်အင်္ဂါလေးပါးရှိသော။ သေနံ၊ စစ်သည်ကို၎င်း။ သုဘိံသရူပံ၊ အလွန်ကြောက်မက်ဘွယ် သဘောရှိသော။ ရဋ္ဌာဓိပတိံ၊ ပြည်တိုင်းကားကို အစိုးရသော ပြည့်ရှင်မင်းကို၎င်း။ ပသယှ၊ နှိပ်စက်၍။ ဧကစ္စေ၊ အချို့ကုန်သော မင်းတို့သည်။ ဇယန္တိ၊ အောင်ကုန်၏။ တေပိ၊ ထိုသို့ အောင်ကုန်သော မင်းတို့သည်လည်း။ မစ္စုနော၊ သေမင်း၏။ သေနံ၊ စစ်သည်ကို။ ဇယိတုံ၊ အောင်ခြင်းငှါ။ န ဥဿဟန္တိ၊ မစွမ်းနိုင်ကုန်။ တံ-တေန၊ ထိုအကြောင်းကြောင့်။ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။ ဓမ္မံ၊ တရားကို။ စရာမိ၊ ကျင့်အံ့။ ဣတိ၊ ဤသို့။ မေ၊ အကျွန်ုပ်၏။ မတိ၊ စိတ်နှလုံးသည်။ ဟောတိ၊ ဖြစ်၏။

၃၆၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဟတ္ထီဟိ၊ ဆင်တို့ဖြင့်၎င်း။ အဿေဟိ၊ မြင်းတို့ဖြင့်၎င်း။ ရထေဟိ၊ ရထားတို့ဖြင့်၎င်း။ ပတ္တီဟိ၊ ခြေသည်သူရဲတို့ဖြင့်၎င်း။ ပရိဝါရိတာ၊ ခြံရံအပ်ကုန်သော။ ဧကစ္စိယာ၊ အချို့ကုန်သော မင်းတို့သည်။ ပစ္စာမိတ္တာနံ၊ ရန်သူတို့၏။ ဟတ္ထတော၊ လက်မှ။ မုဉ္စရေ၊ လွတ်နိုင်ကုန်ရာ၏။ တေပိ၊ ထိုလွတ်ကုန်သော မင်းတို့သည်လည်း။ မစ္စုနော၊ သေမင်း၏။ ဟတ္ထတော၊ လက်မှ။ မုဉ္စိတုံ၊ လွတ်ခြင်းငှါ။ န ဥဿဟန္တိ၊ မစွမ်းနိုင်ကုန်။ တံ- တေန၊ ထိုသို့ သေမင်းလက်မှ လွတ်ခြင်းငှါ မစွမ်းနိုင်သောကြောင့်။ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။ ဓမ္မံ၊ တရားကို။ စရာမိ၊ ကျင့်အံ့။ ဣတိ၊ ဤသို့။ မေ၊ အကျွန်ုပ်၏။ မတိ၊ စိတ်နှလုံးသည်။ ဟောတိ၊ ဖြစ်၏။

၃၆၇။ မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။ ဟတ္ထီဟိ၊ ဆင်တို့ဖြင့်၎င်း။ အဿေဟိ၊ မြင်းတို့ဖြင့်၎င်း။ ရထေဟိ၊ ရထားတို့ဖြင့်၎င်း။ ပတ္တီဟိ၊ ခြေသည်သူရဲတို့ဖြင့်၎င်း။ ပစ္စတ္ထိကရာဇူနံ၊ ရန်သူမင်းတို့၏။ ပုရာ၊ ပြည်တို့ကို။ ပဘဉ္ဇန္တိ၊ ဖျက်ဆီးနိုင်ကုန်၏။ ပဓံသယန္တိ၊ ဗိုလ်ထုကိုဖျက်ဆီးလျက် အသက်ကုန်ခြင်းသို့ ရောက်စေကုန်၏။ တေပိ၊ ထိုမင်းတို့သည်လည်း။ မစ္စုနော၊ သေမင်းကို။ ဘဉ္ဇိတုံ၊ ဖျက်ဆီးခြင်းငှါ။ န ဥသဟန္တိ၊ မစွမ်းနိုင်ကုန်။ တံ-တေန၊ ထိုသို့သော အကြောင်းကြောင့်။ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။ ဓမ္မံ၊ တရားကို။ စရာမိ၊ ကျင့်အံ့။ ဣတိ၊ ဤသို့။ မေ၊ အကျွန်ုပ်၏။ မတိ၊ စိတ်နှလုံးသည်။ ဟောတိ၊ ဖြစ်၏။

၃၆၈။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ပဘိန္နာ၊ ပါးစောင်နှစ်ဘက် သိုအိမ်ဟု ဆိုအပ်သော သုံးပါးသောအရပ်တို့၌ ပေါက်ကုန်သည်ဖြစ်၍။ ဘိန္နဂဠာ၊ ပေါက်ရာအရပ်မှ ယိုစီးသော မုန်ရှိကုန်သော။ မတ္တာ၊ အမုန်ယစ်ကုန်သော။ ဂဇာ၊ ဆင်တို့သည်။ နဂရာနိ၊ တဘက်ရန်သူမြို့တို့ကို။ မဒ္ဒန္တိ၊ နှိပ်နင်းနိုင်ကုန်၏။ ဇနံ၊ လူအပေါင်းကို။ ဟနန္တိ၊ သတ်နိုင်ကုန်၏။ တေပိ၊ ထိုအမုန်ယစ်သော ဆင်တို့သည်လည်း။ မစ္စုနော၊ သေမင်းကို။ မဒ္ဒိတုံ၊ နှိပ်နင်းခြင်းငှါ။ န ဥဿဟန္တိ၊ မစွမ်းနိုင်ကုန်။ တံ-တေန၊ ထို့ကြောင့်။ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။ ဓမ္မံ၊ တရားကို။ စရာမိ၊ ကျင့်အံ့။ ဣတိ၊ ဤသို့။ မေ၊ အကျွန်ုပ်၏။ မတိ၊ စိတ်နှလုံးသည်။ ဟောတိ၊ ဖြစ်၏။

၃၆၉။ မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။ ဓီရာ၊ ရဲရင့်ကုန်သော။ ကတဟတ္တာ၊ ကောင်းစွာ သင်အပ်ပြီးသော လေးအတတ်ရှိကုန်သော။ ဒူရေပတီ၊ ဝေးသောအရပ်၌ မြားကို ကျစေခြင်းငှါ စွမ်းနိုင်ကုန်သော။ ဣဿာသိနော၊ လေးသမားတို့သည်၎င်း။ အက္ခဏဝေဓိနော၊ မချွတ်မယွင်း ပစ်နိုင်ကုန်သော။ ဣဿာသိနောပိ၊ လေးသမားတို့သည်၎င်း။ မစ္စုနော၊ သေမင်းကို။ ဝိဇ္ဈိတုံ၊ ပစ်ခြင်းငှါ။ န ဥဿဟန္တိ၊ မစွမ်းနိုင်ကုန်။ တံ-တေန၊ ထို့ကြောင့်။ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။ ဓမ္မံ၊ တရားကို။ စရာမိ၊ ကျင့်အံ့။ ဣတိ၊ ဤသို့။ မေ၊ အကျွန်ုပ်၏။ မတိ၊ စိတ်နှလုံးသည်။ ဟောတိ၊ ဖြစ်၏။

၃၇၀။ မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။ သရာနိ၊ အနဝတတ် အစရှိသော အိုင်ကြီးတို့သည်၎င်း။ ခီယန္တိ၊ ခန်းခြောက်ကုန်၏။ သသေလကာနနာ၊ တောင်တောနှင့် တကွသော မြေကြီးသည်၎င်း။ ခီယတိ၊ ကုန်တတ်၏။ သဗ္ဗံ၊ အလုံးစုံသော။ တံ၊ ထိုသင်္ခါရသည်။ ဒီဃမန္တရံ၊ ရှည်မြင့်စွာသော ကာလသို့။ ပတ္တာ၊ ရောက်၍။ ခီယတိ ဧဝ၊ ကုန်တတ်သည်သာတည်း။ သဗ္ဗံ၊ အလုံးစုံသော။ တံ၊ ထိုသင်္ခါရသည်။ ကာလပရိယာယံ၊ ပျက်ချိန် ကာလအလှည့်သို့။ ပတွာ၊ ရောက်သည်ရှိသော်။ ဘဉ္ဇရေဟိ-ဘဉ္ဇရေ ဧဝ၊ ပျက်တတ်သည်သာတည်း။ တံ-တေန၊ ထို့ကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။ ဓမ္မံ၊ တရားကို။ စရာမိ၊ ကျင့်အံ့။ ဣတိ၊ ဤသို့။ မေ၊ အကျွန်ုပ်၏။ မတိ၊ စိတ်နှလုံးသည်။ ဟောတိ၊ ဖြစ်၏။

၃၇၁။ မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။ ဣဓ၊ ဤလောက၌။ ပါဏဘူတာနံ၊ သတ္တဝါဖြစ်ကုန်သော။ နရနာရီနံ၊ ယောက်ျား မိန်းမတို့၏။ ဇီဝိတံ၊ အသက်သည်။ စလာစလံ၊ တုန်လှုပ်သည်သာတည်း။ ဓုတ္တဿ၊ သေသောက်ကြူး၏။ ပဋော၊ ပုဆိုးသည်။ စလော ဣဝ စ၊ တုန်လှုပ်သကဲ့သို့၎င်း။ ကူလဇော၊ မြစ်ကမ်းနား၌ရောက်သော။ ဒုမော၊ သစ်ပင်သည်။ စလော ဣဝ စ၊ တုန်လှုပ်သကဲ့သို့၎င်း။ ဧဝံ၊ ဤအတူ။ သတ္တာနံ၊ သတ္တဝါတို့၏။ ဇီဝိတံ၊ အသက်သည်။ စလံ၊ တုန်လှုပ်၏။ တံ-တေန၊ ထို့ကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။ ဓမ္မံ၊ တရားကို။ စရာမိ၊ ကျင့်အံ့။ ဣတိ၊ ဤသို့။ မေ၊ အကျွန်ုပ်၏။ မတိ၊ စိတ်နှလုံးသည်။ ဟောတိ၊ ဖြစ်၏။

၃၇၂။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဒုမပ္ဖလာနိ၊ သစ်ရွက်သစ်သီးတို့သည်။ ပတန္တိ ဣဝ၊ ကြွေကျကုန်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ဒဟရာ စ၊ ငယ်သည်လည်း ဖြစ်ကုန်သော။ ဝုဍ္ဎာ စ၊ ကြီးသည်လည်း ဖြစ်ကုန်သော။ နာရိယော စ၊ မိန်းမတို့သည်၎င်း။ နရာ စ၊ ယောက်ျားတို့သည်၎င်း။ မဇ္ဈိမပေါရိသာ စ၊ ဥဘတောဗျည်း, နပုန်း ပဏ္ဍုက်တို့သည်၎င်း။ ဣမေ မာဏဝါ၊ ဤသတ္တဝါတို့သည်။ သရီရဘေဒါ၊ ခန္ဓာကိုယ် ပျက်ခြင်းကြောင့်။ ပတန္တိ၊ သေခြင်းတည်းဟူသော မြေ၌ ကျကုန်၏။ တံ-တေန၊ ထို့ကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။ ဓမ္မံ၊ တရားကို။ စရာမိ၊ ကျင့်အံ့။ ဣတိ၊ ဤသို့။ မေ၊ အကျွန်ုပ်၏။ မတိ၊ စိတ်နှလုံးသည်။ ဟောတိ၊ ဖြစ်၏။

၃၇၃။ မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။ အယံ ဝယော၊ ဤသတ္တဝါတို့၏ အရွယ်သည်။ တာရကရာဇသန္နိဘော၊ ကြယ်အပေါင်းတို့၏ မင်းဖြစ်သော လနှင့်တူသည်ဖြစ်၍ လဆုတ်ပက္ခ၌ ကုန်ပြီးလျှက် လဆန်းပက္ခ၌ ပြည့်ပြန်သည်။ န ဟောတိ၊ မဖြစ်။ ဟိ-သစ္စံ၊ မှန်၏။ သတ္တာနံ၊ သတ္တဝါတို့၏။ ယံ၊ အကြင် အရွယ်သည်။ အဗ္ဘတီတံ၊ လွန်လေပြီ။ တံ၊ ထိုအရွယ်သည်။ ဂတမေဝ၊ လွန်သွားသည်သာတည်း။ ဒါနိ၊ ယခုအခါ၌။ တံ၊ ထိုလွန်သွားပြီးသော အရွယ်သည်။ တဿ၊ ထို သတ္တဝါအား။ ပုန၊ တဖန်။ အာဂမနံ၊ လာပြန်ခြင်းသည်။ န အတ္ထိ၊ မရှိ။ ဇိဏ္ဏဿ၊ အိုမင်းပြီးသော သူအား။ ရတိပိ၊ ကာမဂုဏ်၌ မွေ့လျော်ခြင်းသည်လည်း။ န အတ္ထိ၊ မရှိ။ သုခံ၊ ကာမဂုဏ်ကိုစွဲ၍ ဖြစ်သော ချမ်းသာသည်။ ကုတော၊ အဘယ်မှာ ရှိအံ့နည်း။ တံ - တေန၊ ထို့ကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။ ဓမ္မံ၊ တရားကို။ စရာမိ၊ ကျင့်အံ့။ ဣတိ၊ ဤသို့။ မေ၊ အကျွန်ုပ်၏။ မတိ၊ စိတ်နှလုံးသည်။ ဟောတိ၊ ဖြစ်၏။

၃၇၄။ မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။ ယက္ခာ စ၊ တန်ခိုးကြီးသော ဘီလူးတို့သည်၎င်း။ ပိသာ စ၊ မြေဘုတ် ဘီလူးတို့သည်၎င်း။ အထ ဝါ၊ ထိုမှတပါး။ ပေတာပိ၊ ပြိတ္တာတို့သည်၎င်း။ ကုပိတာ၊ အမျက်ထွက်ကုန်၍။ မနုဿေ၊ လူတို့ကို။ အဿာသန္တိ၊ ထွက်သက်လေဖြင့် ပုတ်ခတ်သတ်နိုင်ကုန်၏။ ဝါ၊ ဝင်နိုင်ကုန်၏။ တေ၊ ထို ဘီလူးပြိတ္တာတို့သည်။ မစ္စုနော၊ သေမင်းကို။ အဿာသိတုံ၊ ထွက်သက်လေဖြင့် ပုတ်ခတ်သတ်ခြင်းငှါ။ ဝါ၊ ဝင်ခြင်းငှါ။ န ဥဿဟန္တိ၊ မစွမ်းနိုင်ကုန်။ တံ- တေန၊ ထို့ကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။ ဓမ္မံ၊ တရားကို။ စရာမိ၊ ကျင့်အံ့။ ဣတိ၊ ဤသို့။ မေ၊ အကျွန်ုပ်၏။ မတိ၊ စိတ်နှလုံးသည်။ ဟောတိ၊ ဖြစ်၏။

၃၇၅။ မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။ ကုပိတေ၊ အမျက်ထွက်တတ်ကုန်သော။ ယက္ခေပိ၊ တန်ခိုးကြီးသော ဘီလူးတို့ကို၎င်း။ ပိသာစေပိ၊ မြေဘုတ်ဘီလူးတို့ကို၎င်း။ အထ ဝါ၊ ထိုမှတပါး။ ပေတေပိ၊ ပြိတ္တာတို့ကို၎င်း။ ဘူတဝေဇ္ဇာ၊ ဘူတဝိဇ္ဇာကို တတ်ကုန်သော ဆေးသမားတို့သည်။ နိဇ္ဈာပနံ၊ ပူဇော်သောအမှုဖြင့် သည်းခံစေခြင်း, ကြည်ညိုစေခြင်းကို။ ကရောန္တိ၊ ပြုနိုင်ကုန်၏။ မစ္စုနော၊ သေမင်းကို။ နိဇ္ဈာပနံ၊ ပူဇော်သောအမှုဖြင့် သည်းခံစေခြင်း ကြည်ညိုစေခြင်းကို။ ကာတုံ၊ ပြုခြင်းငှါ။ န ဥဿဟန္တိ၊ မစွမ်းနိုင်ကုန်။ တံ-တေန၊ ထို့ကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။ ဓမ္မံ၊ တရားကို။ စရာမိ၊ ကျင့်အံ့။ ဣတိ၊ ဤသို့။ မေ၊ အကျွန်ုပ်၏။ မတိ၊ စိတ်နှလုံးသည်။ ဟောတိ၊ ဖြစ်၏။

၃၇၆။ မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။ အပရာဓကေ၊ မင်းအား ပြစ်မှားတတ်ကုန်သော သူတို့ကို၎င်း။ ဒူသကေ၊ ပြည်ရွာကို ဖျက်ဆီးတတ်ကုန်သော သူတို့ကို၎င်း။ ဟေဌကေ စ၊ အိမ်ခြံစပ်ကို ဖောက်ဖျက်ခြင်း စသည်တို့ဖြင့် လုယက်ညှဉ်းဆဲတတ်ကုန်သော သူတို့ကို၎င်း။ ရာဇာနာ၊ ပြည့်ရှင်မင်းတို့သည်။ ဒေါသံ၊ အပြစ်ကို။ ဝိဒိတွာန၊ သိကုန်၍။ ဒဏ္ဍန္တိ၊ အပြစ်အားလျော်စွာ ဒဏ်ထားနိုင်ကုန်၏။ တေပိ၊ ထိုမင်းတို့စင်လျှက်လည်း။ မစ္စုနော၊ သေမင်းကို။ ဒဏ္ဍယိတုံ၊ ဒဏ်ပေးခြင်းငှါ။ န ဥဿဟန္တိ၊ မစွမ်းနိုင်ကုန်။ တံ-တေန၊ ထို့ကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။ ဓမ္မံ၊ တရားကို။ စရာမိ၊ ကျင့်အံ့။ ဣတိ၊ ဤသို့။ မေ၊ အကျွန်ုပ်၏။ မတိ၊ စိတ်နှလုံးသည်။ ဟောတိ၊ ဖြစ်၏။

၃၇၇။ မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။ အပရာဓကာ၊ မင်းအား ပြစ်မှားတတ်ကုန်သော သူတို့သည်၎င်း။ ဒူသကာ၊ ပြည်ရွာကို ဖျက်ဆီးတတ်ကုန်သော သူတို့သည်၎င်း။ ဟေဌကာ စ၊ အိမ်ခြံစပ်ကို ဖောက်ခြင်းစသည်တို့ဖြင့် လုယက်ညှဉ်းဆဲတတ်ကုန်သော သူတို့သည်၎င်း။ တေပိ၊ ထိုသူတို့သည်လည်း။ ရာဇိနော၊ မင်းအား။ နိဇ္ဈာပေတုံ၊ သက်သေတို့ဖြင့် အပြစ်မရှိသည်၏ အဖြစ်ကိုပြလျက် ကြည်ညိုစေ၍ သည်းခံစိမ့်သောငှါ။ လဘန္တိ၊ ရကုန်၏။ မစ္စုနော၊ သေမင်းကို။ နိဇ္ဈာပနံ၊ သက်သေတို့ဖြင့် အပြစ်မရှိသည်၏ အဖြစ်ကိုပြလျက် ကြည်ညိုစေခြင်းကို။ န ကရောန္တိ၊ မပြုနိုင်ကုန်။ တံ-တေန၊ ထို့ကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ ဝိဗ္ဗဇိတွာ၊ ရဟန်းပြု၍။ ဓမ္မံ၊ တရားကို။ စရာမိ၊ ကျင့်အံ့။ ဣတိ၊ ဤသို့။ မေ၊ အကျွန်ုပ်၏။ မတိ၊ အယူသည်။ ဟောတိ၊ ဖြစ်၏။

၃၇၈။ မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။ အယံ၊ ဤသူသည်ကား။ ခတ္တိယော၊ မင်းတည်း။ ဧဝံပိ၊ ဤသို့လည်း။ မစ္စုရာဇဿ၊ သေမင်း၏။ အပေက္ခံ၊ ငဲ့ကွက်ခြင်းသည်။ န အတ္ထိ၊ မရှိ။ အယံ၊ ဤသူသည်ကား။ ဗြာဟ္မဏော၊ ပုဏ္ဏားတည်း။ ဧဝံပိ၊ ဤသို့လည်း။ မစ္စုရာဇဿ၊ သေမင်း၏။ အပေက္ခံ၊ ငဲ့ကွက်ခြင်းသည်။ န စ အတ္ထိ၊ မရှိသည်သာတည်း။ အယံ၊ ဤသူသည်ကား။ အဍ္ဎကော၊ ကြွယ်ဝသောသူတည်း။ အယံ၊ ဤသူသည်ကား။ ဗလဝါ၊ ခွန်အားကြီးသောသူတည်း။ အယံ၊ ဤသူသည်ကား။ တေဇဝါ၊ ဘုန်းတန်ခိုးကြီးသောသူတည်း။ ဧဝံပိ၊ ဤသို့လည်း။ မစ္စုရာဇဿ၊ သေမင်း၏။ အပေက္ခံ၊ ငဲ့ကွက်ခြင်းသည်။ န စ အတ္ထိ၊ မရှိသည်သာတည်း။ တံ-တေန၊ ထို့ကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။ ဓမ္မံ၊ တရားကို။ စရာမိ၊ ကျင့်အံ့။ ဣတိ၊ ဤသို့။ မေ၊ အကျွန်ုပ်၏။ မတိ၊ အယူသည်။ ဟောတိ၊ ဖြစ်၏။

၃၇၉။ မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။ သီဟာ စ၊ ခြင်္သေ့တို့သည်၎င်း။ ဗြဂ္ဃါ စ၊ ကျားတို့သည်၎င်း။ အထော၊ ထိုမြို့။ ဒီပိယော စ၊ သစ်တို့သည်၎င်း။ ဝိပ္ဖန္ဒမာနံ၊ တုန်လှုပ်သော သတ္တဝါကို။ ပသယှ၊ နှိပ်စက်၍။ ခါဒန္တိ၊ စားကုန်၏။ တေပိ၊ ဤခြင်္သေ့, ကျား, သစ်တို့သည်လည်း။ မစ္စုနော၊ သေမင်းကို။ ခါဒိတုံ၊ စားခြင်းငှါ။ န ဥဿဟန္တိ၊ မစွမ်းနိုင်ကုန်။ တံ-တေန၊ ထို့ကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။ ဓမ္မံ၊ တရားကို။ စရာမိ၊ ကျင့်အံ့။ ဣတိ၊ ဤသို့။ မေ၊ အကျွန်ုပ်၏။ မတိ၊ အယူသည်။ ဟောတိ၊ ဖြစ်၏။

၃၈၀။ မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။ မာယာကာရာ၊ မျက်လှည့်သည်တို့သည်။ ရင်္ဂမဇ္ဈေ၊ ပွဲသဘင်အလယ်၌။ မာယံ၊ လှည့်ပတ်ခြင်းကို။ ကရောန္တာ၊ ပြုကုန်သည်ဖြစ်၍။ တာဝဒေ၊ ထိုသို့ လှည့်ပတ်သော ခဏ၌။ ဇနဿ၊ လူအပေါင်း၏။ စက္ခူနိ၊ မျက်စိတို့ကို။ မောဟေန္တိ၊ မဟုတ်သည်ကို အဟုတ်ပြုလျက် တွေဝေစေနိုင်ကုန်၏။ မစ္စုနော၊ သေမင်းအား။ မောဟယိတုံ၊ တွေဝေစိမ့်သောငှါ။ န ဥဿဟန္တိ၊ မစွမ်းနိုင်ကုန်။ တံ-တေန၊ ထို့ကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။ ဓမ္မံ၊ တရားကို။ စရာမိ၊ ကျင့်အံ့။ ဣတိ၊ ဤသို့။ မေ၊ အကျွန်ုပ်၏။ မတိ၊ အယူသည်။ ဟောတိ၊ ဖြစ်၏။

၃၈၁။ မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။ ဥဂ္ဂတေဇာ၊ ထက်သော အဆိပ်ဟူသော တန်ခိုးရှိကုန်သော။ အာသီဝိသာ၊ မြွေတို့သည်။ ကုပိတာ၊ အမျက်ထွက်ကုန်သည်ဖြစ်၍။ မနုဿေ၊ လူတို့ကို။ ဍံသန္တိ၊ ကိုက်နိုင်ကုန်၏။ မာရေန္တိ၊ သတ်နိုင်ကုန်၏။ တေပိ၊ ထိုမြွေတို့သည်လည်း။ မစ္စုနော၊ သေမင်းကို။ ဍံသိတုံ၊ ကိုက်ခြင်းငှါ။ န ဥဿဟန္တိ၊ မစွမ်းနိုင်ကုန်။ တံ-တေန၊ ထိုကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။ ဓမ္မံ၊ တရားကို။ စရာမိ၊ ကျင့်အံ့။ ဣတိ၊ ဤသို့။ မေ၊ အကျွန်ုပ်၏။ မတိ၊ နှလုံးအယူသည်။ ဟောတိ၊ ဖြစ်၏။

၃၈၂။ မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။ အာသီဝိသာ၊ မြွေတို့သည်။ ကုပိတာ၊ အမျက်ထွက်ကုန်သည်ဖြစ်၍။ ယံ၊ အကြင်သူကို။ ဍံသန္တိ၊ ကိုက်ကုန်၏။ တံ၊ ထိုသူကို။ တိကိစ္ဆကာ၊ အဆိပ်ကိုနိုင်သော ဆေးသမားတို့သည်။ တေသံ၊ ထိုမြွေတို့၏။ ဝိသံ၊ အဆိပ်ကို။ ဟနန္တိ၊ ဖျောက်နိုင်ကုန်၏။ ဍဋ္ဌဿ၊ ကိုက်သော။ မစ္စုနော၊ သေမင်းဟူသော မြွေ၏။ ဝိသံ၊ အဆိပ်ကို။ န ဟနန္တိ၊ မဖျောက်နိုင်ကုန်။ တံ-တေန၊ ထို့ကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။ ဓမ္မံ၊ တရားကို။ စရာမိ၊ ကျင့်အံ့။ ဣတိ၊ ဤသို့။ မေ၊ အကျွန်ုပ်၏။ မတိ၊ နှလုံးအယူသည်။ ဟောတိ၊ ဖြစ်၏။

၃၈၃။ မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။ ဓမ္မန္တရီ စ၊ ဓမ္မန္တရီမည်သော ဆေးသမားသည်၎င်း။ ဝေတရဏီ စ၊ ဝေတရဏီမည်သော ဆေးသမားသည်၎င်း။ ဘောဇော စ၊ ဘောဇမည်သော ဆေးသမားသည်၎င်း။ ဘုဇင်္ဂမာနံ၊ မြွေတို့၏။ ဝိသာနိ၊ အဆိပ်တို့ကို။ ဟန္တွာန၊ ပယ်ဖျောက်၍။ သုယျန္တိ၊ ကောင်းစွာ သွားနိုင်ကုန်၏။ တေ၊ ထိုဓမ္မန္တရီ စသော ဆေးသမားတို့သည်။ တထေဝ၊ ထို့အတူလျှင်။ ဍဋ္ဌဿ၊ ကိုက်သော။ မစ္စုနော၊ သေမင်း၏။ ဝိသာနိ၊ အဆိပ်တို့ကို။ န ဟနန္တိ၊ မဖျောက်နိုင်ကုန်။ တေ၊ ထိုဆေးသမားတို့သည်။ ကာလင်္ကတာ၊ သေလေကုန်ပြီ။ တံ- တေန၊ ထိုကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။ ဓမ္မံ၊ တရားကို။ စရာမိ၊ ကျင့်အံ့။ ဣတိ၊ ဤသို့။ မေ၊ အကျွန်ုပ်၏။ မတိ၊ နှလုံး အယူသည်။ ဟောတိ၊ ဖြစ်၏။

၃၈၄။ မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။ ဝိဇ္ဇာဓရာ၊ ဝိဇ္ဇာဓိုရ်တို့သည်။ ဃောရံ၊ ဃောရမည်သော အတတ်, ဂန္ဓာရီမည်သော အတတ်ကို။ အဓီယမာနာ၊ သင်ကုန်၍။ မောစေန္တိ၊ ရန်သူလက်မှ လွတ်နိုင်ကုန်၏။ ဃောရံ၊ ဃောရမည်သောအတတ်, ဂန္ဓာရီမည်သောအတတ်ကို။ သာဓေတွာ၊ ပြီးစေ၍။ ဩသဓေဟိ၊ ဆေးတို့ဖြင့်။ အဒဿနံ၊ ရန်သူတို့မမြင်ရာသို့။ ဝဇန္တိ၊ ရောက်နိုင်ကုန်၏။ မစ္စုရာဇဿ၊ သေမင်း၏။ အဒဿနံ၊ မမြင်ရာသို့။ န ဝဇန္တိ၊ မရောက်နိုင်ကုန်။ တံ- တေန၊ ထို့ကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။ ဓမ္မံ၊ တရားကို။ စရာမိ၊ ကျင့်အံ့။ ဣတိ၊ ဤသို့။ မေ၊ အကျွန်ုပ်၏။ မတိ၊ အယူသည်။ ဟောတိ၊ ဖြစ်၏။

၃၈၅။ မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။ ဓမ္မော၊ ကုသိုလ်တရားသည်။ ဓမ္မစာရိံ၊ ကုသိုလ်တရားကို ကျင့်သောသူကို။ ဟဝေ၊ စင်စစ်။ ရက္ခတိ၊ စောင့်တတ်၏။ သုစိဏ္ဏော၊ ကောင်းစွာ ကျင့်အပ်သော။ ဓမ္မော၊ ကုသိုလ်တရားသည်။ သုခံ၊ လူ, နတ်, နိဗ္ဗာန် ချမ်းသာကို။ အာဝဟတိ၊ ရွက်ဆောင်တတ်၏။ ဧသ- ဧသော၊ ဤသို့ ချမ်းသာကို ဆောင်ခြင်းသည်။ သုစိဏ္ဏေ-သုစိဏ္ဏဿ၊ ကောင်းစွာ ကျင့်အပ်သော။ ဓမ္မေ- ဓမ္မဿ၊ ကုသိုလ် တရား၏။ အာနိသံသော၊ အကျိုးတည်း။ ဓမ္မစာရီ၊ ကုသိုလ်တရားကို ကျင့်သောသူသည်။ ဒုဂ္ဂတိံ၊ အပါယ်လေးပါးသို့။ န ဂစ္ဆတိ၊ မလားရ။

၃၈၆။ မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။ ဓမ္မော စ၊ ကုသိုလ်တရား၎င်း။ အဓမ္မော စ၊ အကုသိုလ်တရား၎င်း။ ဣတိ၊ ဤသို့။ ဥဘော၊ နှစ်ပါးကုန်သော ကုသိုလ်တရား အကုသိုလ်တရားတို့သည်။ သမဝိပါကိနော၊ တူမျှသော အကျိုးကို ပေးခြင်းရှိကုန်သည်။ န ဟိ ဟောန္တိ၊ မဖြစ်ကုန်။ အဓမ္မော၊ အကုသိုလ်တရားသည်။ နိရယံ၊ ငရဲသို့။ နေတိ၊ ဆောင်တတ်၏။ ဓမ္မော၊ ကုသိုလ်တရားသည်။ သုဂတိံ၊ သုဂတိဘဝသို့။ ပါပေတိ၊ ရောက်စေတတ်၏။

ဤသို့ ဘုရားအလောင်း အယောဃရမင်းသားသည် ဤနှစ်ဆယ့် လေးဂါထာတို့ဖြင့် ခမည်းတော်မင်းကြီးအား တရားဟော၍ မြတ်သော ခမည်းတော်မင်းကြီး- ခမည်းတော်မင်းကြီး တိုင်းပြည်သည် ခမည်းတော် မင်းကြီးတို့အားသာလျှင် ဖြစ်စေလော့၊ အကျွန်ုပ်အား ဤမင်းအဖြစ်ဖြင့် အလိုမရှိ၊ စင်စစ်သော်ကား ခမည်းတော် မင်းကြီးနှင့်တကွ စကားပြောဟောစဉ်လျှင် အကျွန်ုပ်သို့ အိုခြင်း, နာခြင်း သေခြင်းတို့သည် ကပ်ရောက်လာကုန်၏။ အရှင်မင်းကြီးတို့သည် နေတော်မူရစ်ကြကုန်လော့ဟု ဆို၍ သံကြိုးကိုဖြတ်၍ ထွက်သွားသော အမုန်ယစ်သော ဆင်ပြောင်ကဲ့သို့၎င်း, ရွှေချိုင့်ကိုဖောက်၍ ထွက်သော ခြင်္သေ့ပျိုကဲ့သို့၎င်း ကာမတို့ကိုစွန့်၍ မယ်တော် ခမည်းတော်တို့ကို ရှိခိုး၍ မြို့နန်းမှ ထွက်၏။

ထိုသို့ ဘုရားလောင်း ထွက်သည်ရှိသော် ခမည်းတော်မင်းကြီးသည် ငါ့အားလည်း မင်းအဖြစ်ဖြင့် အလိုမရှိဟုကြံ၍ တိုင်းပြည်ကို စွန့်ခဲ့ပြီးလျှင် ဘုရားလောင်းနှင့် တကွလျင် ထွက်၏။ ထိုမင်း ထွက်သည်ရှိသော် မယ်တော်မိဖုယားသည်၎င်း ပုဏ္ဏားသူကြွယ် အစရှိသော သူတို့သည်၎င်း အလုံးစုံသောမြို့၌ နေကုန်သော သူတို့သည် အိမ်တို့ကိုစွန့်ပစ်၍ ထွက်ခဲ့ကုန်၏။ အစည်းအဝေးသည် များ၏။ ပရိသတ်တို့သည် တဆယ့်နှစ်ယူဇနာ ရှိကုန်၏။ ထိုပရိသတ်တို့ကိုယူ၍ ဘုရားလောင်းသည် ဟိမဝန္တာသို့ သွား၏။

သိကြားမင်းသည် ဘုရားလောင်း တောထွက်သော အဖြစ်ကိုသိ၍ ဝိသုကြုံနတ်သားကိုစေ၍ အလျား တဆယ့်နှစ်ယူဇနာ အနံ ခုနစ်ယူဇနာရှိသော ကျောင်းကို ဖန်ဆင်း၍ ပြုစေ၏။ အလုံးစုံသော ရဟန်းပရိက္ခရာတို့ကို စီရင်စေ၏။

ဤဆိုခဲ့ပြီးသည်မှ နောက်၌ ဘုရားလောင်း ရဟန်းပြုခြင်းကို၎င်း၊ အဆုံးအမပေးခြင်းကို၎င်း, ဗြဟ္မာ့ပြည်သို့ လားရသည်၏ အဖြစ်ကို၎င်း, ပရိသတ်၏ အပါယ်မလားသည်၏ အဖြစ်ကို၎င်း အလုံးစုံသော စကားကို အောက် ဟတ္ထိပါလဇာတ်၌ ဆိုအပ်ပြီးသောနည်းဖြင့်လျှင် သိအပ်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာတော်ကို ဆောင်တော်မူ၍ ရဟန်းတို့- ဤသို့လျှင် ရှေး၌လည်း ငါဘုရားသည် မြတ်သော တောထွက်ခြင်းကို ထွက်ဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ယခုအခါ မြတ်သော သာကီဝင် မင်းမျိုးတို့သည် ထိုအခါ မယ်တော် ခမည်းတော်တို့ ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားပရိသတ်တို့သည် ထိုအခါ ကြွင်းသော ပရိသတ်တို့ ဖြစ်ဘူးကုန်ပြီ၊ ယခုအခါငါဘုရားသည်လျှင် ထိုအခါ အယောဃရ ပညာရှိ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အို နာ သေရေး၊ ဘေးသုံးဘေး၊ ပြေး၍ မလွတ်ပြီ

တဆယ့်လေးခုမြောက်သော အယောဃရဇာတ်သည် ပြီး၏။

*****