အပဏ္ဏကဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု  (၁၉၉၅ ခုနှစ်)  by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၁။ အပဏ္ဏကဇာတ်

ငါးရာငါးဆယ်ဇာတ်ဝတ္ထု

မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ပထမတွဲ

ဧကကနိပါတ်-အပဏ္ဏကဝဂ်

၁။ အပဏ္ဏကဇာတ်

ကျိန်းသေဖြစ်သော အလုပ်ကိုမှ လုပ်သင့်ကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ရှေးဦးစွာသော အပဏ္ဏက ဓမ္မဒေသနာကို သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဟောတော်မူသည်။ အဘယ်သူကို အကြောင်းပြု၍ ဤစကားသည် ဖြစ်သနည်း ဟူမူကား- အနာထပိဏ်သူဌေး၏ အဆွေခင်ပွန်းဖြစ်ကုန်သော ငါးရာကုန်သော တိတ္ထိတို့၏တပည့်တို့ကို အကြောင်းပြု၍ ဤစကားသည် ဖြစ်၏။

တရံရောအခါ အနာထပိဏ်သူဌေးသည် မိမိ၏ အဆွေခင်ပွန်း ဖြစ်ကုန်သော ငါးရာကုန်သော တိတ္ထိတို့၏ တပည့်တို့ကို ခေါ်၍ များစွာကုန်သော ပန်းနံ့သာ နံ့သာပျောင်းတို့ကို၎င်း ဆီပျားတင်လဲ အဝတ် အလွှမ်း အစရှိသည်တို့ကို၎င်း ယူခဲ့စေ၍ ဇေတဝန် ကျောင်းတော်သို့ သွား၍ မြတ်စွာဘုရားကို ရှိခိုး၍ ပန်းနံ့သာ အစရှိသည်တို့ဖြင့် ပူဇော်၍ ဆီပျားတင်လဲ အစရှိကုန်သော ဆေးတို့ကို၎င်း အဝတ် ပုဆိုးတို့ကို၎င်း ရဟန်း သံဃာတို့အား လှူဒါန်း၍ ခြောက်ပါးကုန်သော နေရာ၏ အပြစ်တို့ကိုကြဉ်၍ တင့်အပ် လျောက်ပတ်သောအရပ်၌ နေ၏။

ထိုငါးရာကုန်သော တိတ္ထိတို့၏ တပည့်တို့သည်လည်း မြတ်စွာဘုရားကို ရှိခိုး၍ မြတ်စွာဘုရား၏ လပြည့်ဝန်းကဲ့သို့ တင့်တယ်စွာသော မျက်နှာတော်ကို၎င်း ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့ဖြင့် တန်ဆာဆင်အပ်သော တလံမျှလောက်သော ရောင်ခြည်တော်သည် ခြံရံအပ်သော ဗြဟ္မာမင်း၏ ကိုယ်နှင့်တူသော ကိုယ်တော်ကို၎င်း အသွယ်အသွယ် အစုံအစုံ အစုအစု ဖြစ်ကုန်၍ ပြိုးပြိုးပြက် ထွက်လတ်ကုန်သော တခဲနက်ကုန်သော ဘုရား၏ ရောင်ခြည်တော်တို့ကို၎င်း ကြည့်ကုန်လျက် အနာထပိဏ်သူဌေး၏ အနီး၌လျှင် နေကုန်၏။

ထိုအခါ နတ်နှင့်တကွသောလူအပေါင်းကို ဆုံးမတော်မူတတ်သော မြတ်စွာဘုရားသည် ထိုပရိသတ်တို့အား ဆေးဒန်း မြင်းသီလာဖြင့်ပြီးသော ကျောက်ဖျာအပြင်၌ ခြင်္သေ့သံကို ဟောက်သော ခြင်္သေ့ပျိုကဲ့သို့ ကျူးရင့်လျက် ကမ္ဘာပြုမိုယ်းရွာဘိသကဲ့သို့၎င်း ကောင်းကင်ပြင်မှ မြစ်ရေအယဉ်သည် စီးလာဘိသကဲ့သို့၎င်း ရတနာပန်းကုံးကို သီကုံးဘိသကဲ့သို့၎င်း ရှစ်ပါးသောအင်္ဂါနှင့်ပြည့်စုံသော နာချင်ဘွယ် နှစ်သက်ဘွယ်ရှိသော ဗြဟ္မာမင်း၏ အသံနှင့်တူသော အသံတော်ဖြင့် အထူးထူးသော နည်းနာနယတို့ဖြင့် ဆန်းကြယ်သာယာသော တရားကို ဟောတော်မူ၏။

ထိုငါးရာကုန်သော တိတ္ထိတို့၏ တပည့်တို့သည် ဘုရားဟောတော်မူသော တရားတော်ကိုနာကုန်၍ ကြည်ညိုသော စိတ်ရှိကုန်သည်ဖြစ်၍ နေရာမှထကုန်၍ ကိုယ်တော်အား ဆယ်ပါး, ဉာဏ်တော်အား ဆယ်ပါးနှင့် ပြည့်စုံတော်မူသော သဗ္ဗညူဘုရားရှင်ကို ရှိခိုးကုန်၍ သာသနာတော်မှ အပဖြစ်ကုန်သော တိတ္ထိတို့၏ သရဏဂုံကို ဖျက်ကုန်၍ မြတ်ဘုရားကို ကိုးကွယ်ခြင်း သရဏဂုံကို ယူကုန်၏။ ထိုးရာကုန်သော တိတ္ထိတို့၏ တပည့်တို့သည် ထိုအခါမှစ၍ အစဉ်တစိုက် အနာထပိဏ် သူဌေးနှင့်တကွ နံ့သာပန်း အစရှိသည်တို့ကို ယူကုန်လျက် ဇေတဝန်ကျောင်းတော်သို့ သွားကုန်၍ တရားတော်ကို နာကြကုန်၏။ အလှူပေးကုန်၏။ သီလစောင့်ကုန်၏။ ဥပုသ်ဆောက်တည်ကုန်၏။

ထိုအခါ ဘုန်းတော်ကြီးသော သဗ္ဗညူဘုရားရှင်သည် သာဝတ္ထိပြည်မှ တဘန် ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူ၏။ ထိုငါးရာကုန်သော တိတ္ထိတို့၏ တပည့်တို့သည် သဗ္ဗညူဘုရားရှင်၏ ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူသော ကာလ၌ ထိုသရဏဂုံကို ဖျက်၍ တဘန် သာသနာတော်မှ အပဖြစ်သော တိတ္ထိတို့၏ သရဏဂုံကို ယူကုန်၍ မိမိတို့ တည်မြဲတိုင်းဌာန၌သာ တည်ပြန်ကုန်၏။ ဘုန်းတော်ကြီးသော ဘုရား သဗ္ဗညူသည်လည်း ခုနစ်လ ရှစ်လတို့ကိုလွန်စေ၍ တဘန် ဇေတဝန်ကျောင်းတော်သို့လျှင် ကြွတော်မူလာ၏။ အနာထပိဏ်သူဌေးသည် တဘန်လည်း ထိုငါးရာကုန်သော တိတ္ထိတို့၏တပည့်တို့ကို ဘုရားအထံတော်သို့ ခေါ်သွား၍ ဘုရားသဗ္ဗညူကို ပန်းနံ့သာအစ ရှိသည်တို့ဖြင့် ပူဇော်ခြင်း ရှိခိုးခြင်းကိုပြု၍ တင့်အပ်လျောက်ပတ်သော အရပ်၌နေ၏။ ထိုငါးရာကုန်သော တိတ္ထိတို့၏ တပည့်တို့သည်လည်း သဗ္ဗညူဘုရားရှင်ကို ရှိခိုးကုန်၍ တင့်အပ်လျောက်ပတ်သော အရပ်၌ နေကုန်၏။

ထိုအခါ သဗ္ဗညူမြတ်စွာဘုရားသည် ဒေသစာရီ ကြွချီတော်မူသည်ရှိသော် ထိုငါးရာကုန်သော တိတ္ထိတို့၏တပည့်တို့သည် ယူအပ်ပြီးသော သရဏဂုံကိုဖျက်၍ တဘန် သာသနာတော်မှအပဖြစ်ကုန်သော တိတ္ထိတို့၏ သရဏဂုံကိုသာလျှင် ယူကြကုန်၍ မူလရင်း၌ တည်သည့်အဖြစ်ကို ဘုန်းတော်ကြီးသော ဘုရားသဗ္ဗညူအား ကြားလျှောက်၏။ ဘုန်းတော်ကြီးသဗ္ဗညူ မြတ်စွာဘုရားသည် မနှိုင်းယှဉ်အပ်သော ကမ္ဘာအကုဋေတို့ပတ်လုံး မပြတ်ဖြစ်စေအပ်သော ကုသိုလ်စရိုက်တော် အာနုဘော်ကြောင့် နတ်နံ့သာအစရှိသော အထူးထူးသော နံ့သာတို့ဖြင့်ပြည့်သော ရတနာကြုတ်ကိုဖွင့်လှစ်ဘိသကဲ့သို့ ခံတွင်းတော် ကြာတိုက်ကိုဖွင့်လှစ်၍ သာယာသော အသံတော်ကို မြှောက်တော်မူလျက် သီတင်းသည်တို့ သင်တို့သည် သရဏဂုံ သုံးပါးတို့ကို ဖျက်ကုန်၍ သာသနာတော်မှ အပဖြစ်ကုန်သော တိတ္ထိတို့၏ သရဏဂုံကို ယူကုန်သော ဟူသည် မှန်ကုန်သလော ဟု မေးတော်မူ၏။

ထိုအခါ ငါးရာကုန်သော တိတ္ထိတို့၏ တပည့်တို့သည် ဖုံးလွှမ်းအံ့သောငှာ မတတ်နိုင်ကုန်သည်ဖြစ်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ ဟူ၍ လျှောက်ကုန်လတ်သော် နတ်နှင့်တကွေ့သောလောကကို ဆုံးမတော်မူတတ်သော မြတ်စွာဘုရားသည် သီတင်းသည်တို့ အောက်အဝီစိ အထက်ဘဝဂ် ထက်ဝန်းကျင် အတိုင်းအရှည်မရှိကုန်သော လောကဓာတ်တို့၌ သီလအစရှိကုန်သော ဂုဏ်ကျေးဇူးတို့ဖြင့် ဘုရားနှင့်တူသောသူမည်သည်ကား မရှိ၊ လွန်သောသူသည် အဘယ်မှာရှိအံ့နည်း၊ အကြင်မျှလောက်ကုန်သော အခြေမရှိသည်လည်း ဖြစ်ကုန်သော အခြေနှစ်ချောင်းရှိသည်လည်း ဖြစ်ကုန်သော အခြေလေးချောင်း ရှိသည်လည်းဖြစ်ကုန်သော ( ) သတ္တဝါတို့သည်ရှိကုန်၏။ ထိုသတ္တဝါတို့တွင် ဘုရားကိုအမြတ်ဆုံးဟူ၍ ဆိုအပ်၏။ ဤလူ့ပြည်၌၎င်း နဂါးပြည် ဂဠုန်ပြည်၌၎င်း နတ်ပြည် ဗြဟ္မာပြည်တို့၌၎င်း ဘုရား, တရား, သံဃာနှင့်တူသော မြတ်သော ရတနာမည်သည် မရှိ၊ မြတ်သော ရတနာသုံးပါးတို့၌ ကြည်ညိုကုန်ငြားအံ့၊ မြတ်သော။ ကောင်းကျိုးသည် ဖြစ်၏။ ဤသို့ အစရှိကုန်သော သုတ်တို့ဖြင့် ပြအပ်ကုန်သော ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးတို့ကို ပြတော်မူ၍ ဤသို့ မြတ်သော ဂုဏ်တို့နှင့် ပြည့်စုံသော ရတနာသုံးပါးတို့ကို ကိုးကွယ်ခြင်းသို့ ရောက်ကုန်သော သီတင်းသည် ယောက်ျားတို့သည်၎င်း၊ သီတင်းသည် မိန်းမတို့သည်၎င်း ငရဲအစရှိသည်တို့၌ ဖြစ်သောမည်သည်မရှိ၊ အပါယ်လားခြင်းမှကင်းလွတ်၍ နတ်ပြည်၌ဖြစ်၍ ကြီးစွာသော စည်းစိမ်ချမ်းသာကို ခံစားရကုန်၏။ အဘယ့်ကြောင့်သင်တို့သည် ဤသို့စဉ် သဘောရှိသော သရဏဂုံကို ဖျက်ကုန်၍ သာသနာတော်မှ အပဖြစ်သော တိတ္ထိတို့အား ကိုးကွယ်ခြင်းသို့ ရောက်ကုန်သဖြင့် မသင့်မလျော်သည်ကို ပြုဘိသနည်းဟူ၍ မိန့်တော်မူ၏။

ဤအရာ၌လည်း ရတနာသုံးပါးတို့ကို ဆင်းရဲမှ လွတ်စေတတ်သည်၏ အစွမ်းအားဖြင့်၎င်း မြတ်သည်၏ အစွမ်းအားဖြင့်၎င်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ကုန်သော သူတို့မှာ အပါယ်တို့၌ ဖြစ်ခြင်း၏မရှိသောအဖြစ်ကို ပြအံ့-

ယေကေစိ ဗုဒ္ဓံ သရဏံ ဂတာသေ။ လ။ ဗဟူ ဝေ သရဏံ ယန္တိ။ လ။ ပမုစ္စတိဟူသော ပါဠိတော်ကို ပြကုန်၏။ ထိုပါဠိတော်၏ အနက်ကား-

ယေကေစိ၊ ခပ်သိမ်းကုန်သောသူတို့သည်။ ဗုဒ္ဓံ၊ မြတ်ဘုရားကို။ ဓမ္မံ၊ တရားကို။ သံဃံ၊ သံဃာကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂတာသေ၊ ဆည်းကပ်ကုန်၏။ တေ၊ ထိုသူတို့သည်။ အပါယံ၊ အပယ်သို့။ န ဂမိဿန္တိ၊ မလားရကုန်လတ္တံ့။ မာနုသံ ဒေဟံ၊ လူ၌ဖြစ်သောကိုယ်ကို။ ပဟာယ၊ စွန့်၍။ ဒေဝကာယံ၊ နတ်ပြည်သို့။ ပရိပူရေဿန္တိ၊ ပြည့်စေကုန်လတ္တံ့။

* ( ) ပါဠိ၌ ဗဟုပ္ပဒါဝါ-ဟု ပါရှိ၏။ အခြေများစွာ ရှိသည်လည်း ဖြစ်ကုန်သော-ဟု ဘာသာပြန်ပါလေ။ *

ဘယတဇ္ဇိတာ၊ ဘေးမှကြောက်ကုန်သော။ ဗဟူ၊ များစွာကုန်သော။ မနုဿာ၊ လူတို့သည်။ ဝေ၊ စင်စစ်။ ပဗ္ဗတာနိ စ၊ တောင်တို့ကို၎င်း။ ဝနာနိ စ၊ တောတို့ကို၎င်း။ အာရာမရုက္ခစေတျာနိ စ၊ အရံ ပူဇော်ရာ သစ်ပင်ကြီးတို့ကို၎င်း။ သရဏံ၊ ကိုးကွယ်ခြင်းသို့။ ယန္တိ၊ ရောက်ကုန်၏။

ဝေ၊ စင်စစ်။ ဧတံ သရဏံ၊ ထိုတောင် အစရှိသည်ကို ကိုးကွယ်ခြင်းသည်။ န ခေမံ၊ ဘေးကို မလုံစေတတ်။ ဧတံ သရဏံ၊ ထိုတောင်အစရှိသည်ကို ကိုးကွယ်ခြင်းသည်။ န ဥတ္တမံ၊ မမြတ်။ ဧတံ သရဏံ၊ ထိုတောင် အစရှိသည်ကို ကိုးကွယ်ခြင်းကို။ အာဂမ္မ၊ စွဲ၍။ သဗ္ဗဒုက္ခာ၊ ခပ်သိမ်းသော ဆင်းရဲမှ။ န ပမုစ္စတိ၊ မလွတ်။

ယော၊ အကြင်သူသည်။ ဗုဒ္ဓဉ္စ၊ ဘုရားကို၎င်း။ ဓမ္မဉ္စ၊ တရားကို၎င်း။ သံဃဉ္စ၊ သံဃာကို၎င်း။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂတော၊ ဆည်းကပ်၏။ သော၊ ထိုသူသည်။ ဒုက္ခံ၊ ဒုက္ခသစ္စာ၎င်း။ ဒုက္ခသမုပ္ပါဒံ၊ ဒုက္ခကို ဖြစ်စေတတ်သော သမုဒယသစ္စာ၎င်း။ ဒုက္ခဿ၊ ဆင်းရဲကို။ အတိက္ကမဉ္စ၊ လွန်သော နိရောဓသစ္စာ၎င်း။ ဒုက္ခူပသမဂါမိနံ၊ ဒုက္ခ၏ ငြိမ်းရာနိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော။ အရိယံ၊ အရိယာ၏ အဖြစ်ကိုပြုတတ်သော။ အဋ္ဌင်္ဂိကံ၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော။ မဂ္ဂံ၊ မဂ္ဂသစ္စာ၎င်း။ ဣတိ၊ ဤသို့။ စတ္တာရိ၊ လေးပါးကုန်သော။ အရိယသစ္စာနိ၊ အရိယာအဖြစ်ကို ပြုတတ်ကုန်သော သစ္စာတို့ကို။ သမ္မပ္ပညာယ၊ မဘောက်မပြန်သော ကောင်းမြတ်သောပညာဖြင့်။ ပဿတိ၊ မြင်၏။

ခေါ၊ စင်စစ်။ ဧတံ သရဏံ၊ ထိုဘုရားတရားသံဃာကိုကိုးကွယ်ခြင်းသည်။ ခေမံ၊ ဘေးကင်းစေတတ်၏။ ဧတံ သရဏံ၊ ထိုဘုရား တရားသံဃာကို ကိုးကွယ်ခြင်းသည်။ ဥတ္တမံ၊ မြတ်၏။ ဧတံ သရဏံ၊ ထိုဘုရားတရား သံဃာကို ကိုးကွယ်ခြင်းကို။ အာဂမ္မ၊ စွဲ၍။ သဗ္ဗဒုက္ခာ၊ ခပ်သိမ်းသော ဆင်းရဲမှ။ ပမုစ္စတိ၊ လွတ်၏။

ဤကား သရဏဂုံ၏အကျိုးကိုပြသော ပါဠိတော်၏အနက်တည်း။ စင်စစ်လျှင် ထိုငါးရာကုန်သော တိတ္ထိတို့၏ တပည့်တို့အား သဗ္ဗညူ မြတ်စွာဘုရားသည် ဤမျှသော တရားတို့ကိုလျင်တော်မူသည် မဟုတ်၊ ထိုမှတပါးလည်း သီတင်းသည်တို့ ဘုရားဂုဏ်ကျေးဇူးကို အဘန်တလဲလဲအောက်မေ့ခြင်း ကမ္မဋ္ဌာန်း, တရားဂုဏ်ကျေးဇူးကို အဘန်တလဲလဲ အောက်မေ့ခြင်း ကမ္မဋ္ဌာန်း သံဃာ့ဂုဏ်ကျေးဇူးကို အဘန်တလဲလဲ အောက်မေ့ခြင်း ကမ္မဋ္ဌာန်းမည်သည်ကား သောတာပတ္တိမဂ် သောတာပတ္တိဖိုလ် သကဒါဂါမိမဂ် သကဒါဂါမိဖိုလ် အနာဂါမိမဂ် အနာဂါမိဖိုလ် အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ပေးတတ်၏။ ဤသို့ အစရှိသော နည်းတို့ဖြင့်လည်း တရားကို ပြတော်မူ၍ သင်တို့သည် ဤသို့စဉ် သဘောရှိသော သရဏဂုံကိုဖျက်ကုန်သဖြင့် မသင့်လျော်သည်ကို ပြုဘိ၏ဟု မိန့်တော်မူ၏။

ဤအရာ၌လည်း ဘုရားဂုဏ်ကျေးဇူးကို အဘန်တလဲလဲ အောက်မေ့ခြင်း အစရှိကုန်သော ကမ္မဋ္ဌာန်းတို့၏ သောတာပတ္တိမဂ်, သောတာပတ္တိဖိုလ် အစရှိသည်ကို ပေးတတ်သည်၏ အဖြစ်ကို ဧကဓမ္မော ဘိက္ခဝေ။ လ။ ဗုဒ္ဓါနုဿတီတိ ဤသို့ အစရှိသော ပါဠိတော်တို့ဖြင့် ပြအပ်၏။

ဘိက္ခဝေ၊ ရဟန်းတို့။ ဘာဝိတော၊ ပွားစေအပ်သော။ ဗဟုလီကတော၊ အကြိမ်များစွာ ပြုအပ်သော။ ဧကဓမ္မော၊ တပါးသော တရားသည်။ ဧကန္တနိဗ္ဗိဒါယ၊ စင်စစ် ဝဋ်၌ ငြီးငွေ့ခြင်းငှါ။ ဝိရာဂါယ၊ ဝဋ်၌တပ်စွန်းခြင်းကင်းသောမဂ်ဖိုလ်ရခြင်းအကျိုးငှါ။ နိရောဓာယ၊ ဝဋ်၌ တပ်စွန်းတတ်သော တဏှာ၏ ချုပ်ခြင်းအကျိုးငှါ။ ဥပသမာယ၊ ဝဋ်၏ ငြိမ်းခြင်း အကျိုးငှါ။ အဘိညာယ၊ ထူးမြတ်သောဉာဏ်ဖြင့် နိဗ္ဗာန်ကို သိခြင်းအကျိုးငှာ။ သမ္ဗောဓာယ၊ မဘောက်မပြန် သစ္စာတရားကို သိခြင်းအကျိုးငှာ။ နိဗ္ဗာနာယ၊ အရဟတ္တဖိုလ် နိဗ္ဗာန်ကို သိခြင်းအကျိုးငှါ။ သံဝတ္တတိ၊ ဖြစ်၏။ သော ဧကဓမ္မာ၊ ထိုတပါးသော တရားသည်။ ကတမော၊ အဘယ်သည်နည်း ဟူမူကား။ ဗုဒ္ဓါနုဿတိ၊ ဘုရားဂုဏ်ကျေးဇူးကို အဘန်တလဲလဲ အောက်မေ့ခြင်းတည်း။

ဤကား ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း၏အကျိုးကိုပြသော ပါဠိတော်၏ အနက်တည်း။

ဤသို့လည်း ဘုန်းတော်ကြီးမြတ်လှသော မြတ်စွာဘုရားသည် အထူးထူး အပြားပြားကုန်သော တရားတို့ဖြင့် သီတင်းသည်တို့ကို ဆုံးမတော်မူ၍ သီတင်းသည်တို့ ရှေးအခါ၌လည်း လူတို့သည် ကိုးကွယ်ရာ မဟုတ်သည်ကို ကိုးကွယ်ရာဟုတ်၏ဟူ၍ ကြံဆ၍ ယူသောအယူဖြင့် ဆန့်ကျင်စွာသောအယူကို ယူကုန်၍ ဘီလူးသိမ်းဆည်းသော ကန္တာရ၌ ဘီလူး၏ အစာဖြစ်ကုန်၍ ကြီးစွာသောပျက်စီးခြင်းသို့ ရောက်ဘူးကုန်၏။ မချွတ်မယွင်း စင်စစ်ဧကန်မှန်သော မဆန့်ကျင်သော အယူကို ယူကုန်သော သူတို့သည် ထိုကန္တာရ၌သာလျှင် ချမ်းသာအဖြစ်သို့ ရောက်ဘူးကုန်ပြီ၊ ဤသို့ မိန့်တော်မူ၍ ဆိတ်ဆိတ်နေတော်မူ၏။

ထိုအခါ အနာထပိဏ် သူဌေးသည် နေရာမှထ၍ မြတ်စွာဘုရားကို ရှိခိုးလျက်ချီးမွမ်း၍ ဦးခေါင်းထက်၌ လက်အုပ်တင်၍ ဘုန်းတော်ကြီး အရှင်ဘုရား ရှေးဦးစွာ ယခုအခါ၌ ဤသီတင်းသည်တို့၏ မြတ်သော သရဏဂုံကို ဖျက်၍ ချွတ်ယွင်းသောအယူကိုယူခြင်းသည် အကျွန်ုပ်တို့အားထင်ရှားပါပြီ၊ ရှေးကာလ၌ကား ဘီလူးတို့သည် သိမ်းဆည်းအပ်သော ကန္တာရ၌ ချွတ်ယွင်းသော အယူကို ယူကုန်သော သူတို့၏ ပျက်စီးသော အဖြစ်သည်၎င်း မချွတ်ယွင်းသောအယူကို ယူကုန်သောသူတို့၏ ချမ်းသာသော အဖြစ်သည်၎င်း အကျွန်ုပ်တို့အား မထင်ရှားပါ၊ ဘုန်းတော်ကြီးကုန်သော အရှင်ဘုရားတို့အားသာ ထင်ရှားကုန်၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား အကျွန်ုပ်တို့သည် တောင်းပန်ပါကုန်၏။ အကျွန်ုပ်တို့အား တိမ်မြူစင်သော ကောင်ကင်ပြင်၌ လပြည့်ဝန်းကို ထင်စေဘိသကဲ့သို့ ဤအကြောင်းကို ဘုန်းတော်ကြီး အရှင်ဘုရားသည် ထင်ရှားပြုတော်မူပါလောဟု လျှောက်၏။

ထိုအခါ ဘုန်းတော်ကြီးသော သဗ္ဗညူ ဘုရားရှင်သည် သူကြွယ် ငါသည်တမူကား မနှိုင်းယှဉ်အပ်သော ကာလပတ်လုံး ဆယ်ပါးကုန်သောပါရမီတို့ကို ဖြည့်၍ လူနတ် အပေါင်းတို့၏ ယုံမှားသင်္ကာကို ပယ်ဖျောက်အံ့သောငှာလျှင် သဗ္ဗညုတဉာဏ်ကို ရအပ်၏။ ခြင်္သေ့ဆီဖြင့် ရွှေကြုတ်ကို ပြည့်စေဘိသကဲ့သို့ ရိုသေစွာ သောတပသာဒတိုထား၍ နာလော့ဟူ၍ အနာထပိဏ်သူဌေးအား သတိကိုဖြစ်စေ၍ ဆီးနှင်းတိမ်တိုက်ကို ခွဲလှစ်၍ လပြည့်ဝန်းကို ဆောင်ဘိသကဲ့သို့ ဘဝတပါးသည် ဖုံးလွှမ်းအပ်သော အကြောင်းကို ထင်စွာပြုတော်မူ၏။

အတိတ်ဝတ္ထု... အနာထပိဏ်သူဌေး-လွန်လေပြီးသောအခါ ကာသိတိုင်း ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြု၏။ ထိုအခါ ဘုရားလောင်းသည် လှည်းကုန်သည်အမျိုး၌ဖြစ်၍ အစဉ်သဖြင့် အရွယ်ရောက်လတ်သော် လှည်းငါးရာတို့ဖြင့် ကုန်သွယ်အံ့သောငှာ သွား၏။ ထိုလှည်းကုန်သည်သည် ရံခါ အရှေ့အရပ်မှ အနောက်အရပ်သို့ သွား၏။ ရံခါ အနောက်အရပ်မှ အရှေ့အရပ်သို့ သွား၏။ ဗာရာဏသီပြည်၌ပင်လျှင် တပါးဖြစ်သော မိုက်သော မလိမ်မာသော အကြောင်းဟုတ်သည်မဟုတ်သည်ကိုမသိသောလှည်းကုန်သည်သားသည် ရှိ၏။ ထိုအခါ ဘုရားလောင်းသည် ဗာရာဏသီပြည်မှ အဘိုးများစွာထိုက်သော ဥစ္စာတို့ကိုယူ၍ လှည်းငါးရာတို့ကို ပြည့်စေ၍ သွားအံ့သောငှါ အစီအရင်တို့ကို ပြု၍ထား၏။ ထိုမိုက်သော လှည်းကုန်သည်များသည်လည်း ထို့အတူပင်လျှင် ငါးရာသောလှည်းတို့ကို ပြည့်စေ၍ သွားအံ့သောငှါ အစီအရင်တို့ကို ပြု၍ထား၏။ ထိုအခါ ဘုရားလောင်းသည် ကြံ၏။ ဤလှည်းကုန်သည်တို့သည် ငါနှင့်တကွသာလျှင် အကယ်၍ သွားသည်ဖြစ်ငြားအံ့၊ လှည်းသားတထောင်သည် တကွနက်သွားသည်ရှိသော် ခရီးသည် မလောက်လတ္တံ့၊ ထင်း ရေ အစရှိသည်တို့ကို၎င်း နွားတို့၏ မြက်တို့ကို၎င်း ရခဲကုန်သည် ဖြစ်လတ္တံ့၊ ထိုလှည်းကုန်သည်သည်၎င်း ငါသည်၎င်း ရှေ့မှသွားခြင်းငှါ သင့်၏ဟု ဤသို့ကြံ၏။

ထိုဘုရားလောင်းသည် ထိုလှည်းကုန်သည်ကို ခေါ်စေ၍ ဤအကြောင်းကိုကြား၍ နှစ်ယောက်လည်း ဖြစ်ကုန်သော ငါတို့သည် တကွနက် သွားခြင်းငှာ မတတ်ကောင်း၊ သင်သည် ရှေ့မှသွားလတ္တံ့လော၊ ထိုသို့မဟုတ်မူကား နောက်မှ သွားလတ္တံ့လော ဤသို့ ဘုရားလောင်းသည် ဆို၏။ ထိုမိုက်သော လှည်းကုန်သည့်သားသည် ကြံ၏။ ငါသည် ရွှေမှသွားသည်ရှိသော် များကုန်သော အကျိုးတို့သည် ဖြစ်ကုန်၏။ မပျက်သည်သာလျှင် ဖြစ်သော ခရီးဖြင့် သွားရအံ့၊ နွားတို့သည်လည်း တခြားသောနွားတို့ မစားကုန်သေးသော မြက်ကို စားရကုန်လတ္တံ့၊ လူတို့အား သူတပါးတို့သည် မခူးအပ်သေးသော ဟင်းရွက်ဦးသည် ဖြစ်လတ္တံ့၊ ရေသည် ကြည်သည်ဖြစ်လတ္တံ့၊ အလိုရှိတိုင်း အဘိုးထား၍ ဥစ္စာကို ရောင်းရလတ္တံ့ဟု ကြံ၏။ ထိုမိုက်သော လှည်းကုန်သည်သည် အဆွေ-ငါသည်ရှေ့မှ သွားအံ့ ဤသို့ဆို၏။

ဘုရားလောင်းသည်လည်း နောက်မှသွားခြင်း၌ များစွာကုန်သော အကျိုးတို့ကို မြင်၏။ ထိုစကားသည် မှန်၏။ ရှေ့မှသွားကုန်သောသူတို့သည် ခရီး၌ မညီညွတ်ရာအရပ်၌ ညီညွတ်ခြင်းတို့ကိုပြုရကုန်လတ္တံ့၊ ငါတို့သည် ထိုလှည်းကုန်သည်တို့သွားသောခရီးဖြင့် သွားရအံ့၊ ရှေ့မှသွားသော နွားတို့သည် ဟောင်းကုန် ကြမ်းကုန်သောမြက်တို့ကို စားရကုန်၏။ ငါတို့၏နွားတို့သည် တဘန် ပေါက်ကုန်သော ချိုသောမြက်တို့ကို စားရကုန်လတ္တံ့၊ သူတပါးတို့သည် ခူးအပ်ယူအပ်သော ဟင်းရွက်ရာမှပေါက်သော ဟင်းရွက်နုသည် ချိုသည်ဖြစ်လတ္တံ့၊ ရေမရှိသောအရပ်၌ တူး၍ ထိုရှေ့မှသွားသော လှည်းကုန်သည်တို့သည် ရေကို ဖြစ်စေကုန်လတ္တံ့၊ ထိုလှည်းကုန်သည်တို့သည် တူးအပ်ကုန်သော ရေတွင်းတို့၌ ငါတို့သည် သောက်ရကုန်အံ့၊ အဘိုးထားခြင်းမည်သည်ကား လူတို့၏ ဇီဝိတိန္ဒြေကို ချခြင်းနှင့်တူ၏။ ငါသည် နောက်မှသွား၍ ထိုရှေ့မှသွားကုန်သော ကုန်သည်တို့သည် ထားအပ်ကုန်သော အဘိုးတို့ဖြင့် ဥစ္စာကို ရောင်းရအံ့၊ ဤသို့သော အကြံသည်ဘုရားလောင်းအား ဖြစ်၏။ ဤသို့သော အကျိုးအာနိသင်တို့ကိုမြင်၍ အဆွေသည် ရှေ့မှသွားနှင့်လော့ဟု ဆို၏။ အဆွေ-ကောင်းပြီဟုဆို၍ လှည်းကုန်သည်မိုက်သည် လှည်းတို့ကိုက၍ ထွက်သွားလေသည်ရှိသော် အစဉ်သဖြင့် လူတို့၏နေရာမှလွန်၍ ကန္တာရ၏ အဦးအဝသို့ ရောက်၏။

* ကန္တာရမည်သည်ကား စောရကန္တရ၊ ဝါဠကန္တာရ၊ နိရုဒကကန္တာရ၊ အမနုဿကန္တာရ၊ အပ္ပဘက္ခကန္တာရဟူ၍ ငါးပါးအပြားရှိ၏။

ထိုငါးပါးသောကန္တရတို့တွင် ခိုးသူနေအပ်သော ခရီးသည် စောရကန္တာရမည်၏။ ခြင်္သေ့အစရှိသောသားရဲတို့နေအပ်သောခရီးသည် ဝါဠကန္တာရမည်၏။ အကြင်အရပ်၌ ချိုးအံ့သောငှါ၎င်း သောက်အံ့သောငှါ၎င်း ရေသည် မရှိ၊ ထိုအရပ်သည် နိရုဒကကန္တာရ မည်၏။ ဘီလူးတို့နေအပ်သော အရပ်သည် အမနုဿကန္တာရ မည်၏။ အဖျော် ခဲဘွယ် အစရှိသည်တို့မှကင်းသောအရပ်သည် အပ္ပဘက္ခကန္တာရ မည်၏။

ဤငါးပါးသော ကန္တာရတို့တွင် ထိုလှည်းကုန်သည်တို့သွားသော ကန္တာရသည် ရေမရှိသော ကန္တာရလည်း ဖြစ်၏။ ဘီလူးရှိသော ကန္တရလည်းဖြစ်၏။ ထို့ကြောင့် ထိုမိုက်သော လှည်းကုန်သည်သည် လှည်းတို့၌ ကြီးကုန် ကြီးကုန်သော အိုးတို့ကိုတင်၍ ရေဖြင့်ပြည့်စေ၍ ယူဇနာ ခြောက်ဆယ်ရှိသော ကန္တာရကို သွား၏။

ထိုအခါ လှည်းကုန်သည်မိုက်၏ ကန္တာရအလယ်သို့ ရောက်သောအခါ၌ ကန္တာရ၌နေသော ဘီလူးသည် ဤသူတို့သည် ယူအပ်သော ရေကိုစွန့်စေ၍ အားနည်းသည်တို့ကို ပြု၍ ခပ်သိမ်းသောလူတို့ကို စားအံ့ဟု အလုံးစုံ ဖြူသောပျိုသော နွားတို့ဖြင့်ကသော နှလုံးမွေ့လျော်ဘွယ်ရှိသော ယာဉ်ငယ်ကိုဖန်ဆင်း၍ ရေ ညွှန်တို့ဖြင့် လိမ်းကျံအပ်ကုန်သော ကာ, လက်နက်စွဲကိုင်ကုန်သော တကျိပ်နှစ်ယောက်ကုန်သော ဘီလူးတို့ဖြင့်ခြံရံလျက် ကြာညို ကြာဖြူ ကြာနီ ကြာပဒုမာ ကြာပုဏ္ဍရိက် စသည်တို့ကိုယူ၍ ကြာစွယ်ကြာရင်းတို့ကို စားကုန်လျက် ယိုစီးသော ရေပေါက်တို့ဖြင့်၎င်း။ ညွန်တို့ဖြင့်၎င်း လာကုန်၏။ လှည်းကုန်သည်တို့မည်သည်ကား အကြင်အခါ၌ ရှေ့မှလေသည်လာအံ့၊ ထိုအခါ ယာဉ်ငယ်၌နေ၍ အလုပ်အကျွေး ခြံရံကာ မြူကိုပယ်ရှားကုန်လျက် ရှေ့မှသွားကုန်၏။ အကြင်အခါ၌ နောက်မှ လေလာအံ့၊ ထိုအခါ ထိုနည်းဖြင့်လျှင် နောက်မှသွားကုန်၏။ ထိုအခါ၌ကား ရှေ့မှ လေသည် လာသည်ဖြစ်၏။ ထို့ကြောင့် ထိုလှည်းကုန်သည်သည် ရှေ့မှ သွား၏။ ထိုဘီလူးသည် လာလတ်သော လှည်းကုန်သည်ကို မြင်၍ မိမိ၏ ယာဉ်ငယ်ကို ခရီးမှဖဲစေ၍ အမောင် အဘယ်မှ လာသနည်း၊ ဤသို့ လှည်းကုန်သည်နှင့်တကွ စကားပြောဆိုခြင်းကို ပြု၏။ လှည်းကုန်သည်သည်လည်း မိမိယာဉ်ငယ်ကို ခရီးမှဖဲစေ၍ လှည်းတို့၏သွားရန်အခွင့်ကိုပေး၍ တင့်အပ်သော အရပ်၌နေလျက် ထိုဘီလူးကိုဆို၏။ အရှင်ရှေးဦးစွာ ငါတို့သည် ဗာရာဏသီပြည်မှ လာခဲ့ကုန်၏။ သင်တို့သည်ကား ကြာညို ကြာဖြူ ကြာနီ ကုမုဒြာကြာတို့ကိုပန်ကုန်၍ ကြာပဒုမ္မာ ကြာပုဏ္ဍရိက်စည်းတို့ကို ကိုင်ကုန်၍ ကြာစွယ်ကြာရင်းတို့ကို စားကုန်၍ ညွန်ဖြင့် လိမ်းကျံကုန်သည်ဖြစ်၍ ယိုစီးကုန်သော ရေပေါက်တို့ဖြင့် လာကုန်၏။ သင်တို့သည် လာသောခရီး၌ မိုဃ်းရွသလော၊ ကြာညိုအစရှိသည်တို့ဖြင့် ဖုံးလွှမ်းအပ်ကုန်သော အိုင်တို့သည် ရှိကုန်သလောဟုမေး၏။

ဘီလူးသည် ထိုလှည်းကုန်သည်၏စကားကိုကြား၍ အဆွေ အဘယ်ကြောင့် ဤစကားကို ဆိုဘိသနည်း၊ ဤသို့သော တောအရေးသည် ထင်၏။ ထိုသို့သော တောအရေးမှစ၍ အလုံးစုံသော တောသည် တစပ်တည်းသော ရေရှိ၏။ မိုဃ်းသည် မပြတ်ရွာ၏။ ချောက်တို့သည် ရေဖြင့် ပြည့်ကုန်၏။ ထိုထိုအရပ်၌ ပဒုမာအစရှိသည်တို့ဖြင့် ဖုံးလွှမ်းအပ်ကုန်သော အိုင်တို့သည် ရှိကုန်၏။ ဤသို့ဆို၍ အစဉ်သဖြင့် သွားကုန်သော လှည်းတို့တွင် ဤလှည်းတို့ကိုယူ၍ အဘယ်အရပ်သို့ သွားကုန်အံ့နည်းဟု ဘီလူးသည်မေး၏။ ဤမည်သောဇနပုဒ်သို့ သွားအံ့ဟု လှည်းကုန်သည်ကဆို၏။ ဤမည်သော ဤမည်သောလှည်း၌ အဘယ်မည်သော ဘဏ္ဍာနည်းဟု ဘီလူးသည် မေး၏။ ဤမည်သော ဤမည်သော ဘဏ္ဍာတည်းဟု လှည်းကုန်သည်က ဆို၏။ နောက်မှလာလတ်သောလှည်းသည် အလွန်လျှင် လေးသည်ဖြစ်၍ လာ၏။ ထိုလှည်း၌ အဘယ်မည်သော ဘဏ္ဍာနည်းဟု မေး၏။ ထိုလှည်း၌ ရေတည်းဟု လှည်းကုန်သည်က ဆို၏။ ရှေ့က ရှေးဦးစွာ ရေကို ဆောင်ခဲ့ကုန်သော သင်တို့သည် နှစ်သက်ဘွယ်ကို ပြုအပ်ပြီ၊ ဤကာလမှစ၍ကား ရေဖြင့်ကိစ္စမရှိ ရှေ့မှာ ရေသည်များ၏။ ရေအိုးတို့ကို ခွဲ၍ ရေကိုစွန့်၍ ချမ်းသာသဖြင့် သွားလေကုန်လော့ဟု ဘီလူးသည်ဆို၏။ ဤသို့ဆို၍ သင်တို့သည် သွားကြကုန်လော၊ ငါတို့အား ကြာမြင့်၏ဟု ဆိုပြီးလျှင် စဉ်းငယ်သွား၍ ထိုလှည်းကုန်သည်တို့၏ မမြင်ရာ အရပ်သို့ရောက်၍ မိမိ၏ ဘီလူးမြို့သို့သာလျှင် သွားလေ၏။

ထိုမိုက်သော လှည်းကုန်သည်သည်လည်း မိမိ၏မိုက်သည်၏ အဖြစ်ကြောင့် ဘီလူးစကားကိုယုံ၍ ရေအိုးတို့ကို ခွဲ၍ တလက်ဖက်မျှ ဖြစ်သောရေကို မကြွင်းစေမူ၍ အလုံးစုံကိုစွန့်၍ လှည်းတို့ကို နှင်၏။ ရှေ့၌ အနည်းငယ်မျှ ဖြစ်သောရေသည် မရှိ၊ လူတို့ သောက်ရေကို မရကုန်သည်ဖြစ်၍ ပင်ပန်းကုန်၏။ ထိုလှည်းကုန်သည်တို့သည် နေဝင်သည်တိုင်အောင် သွားကုန်၍ လှည်းတို့ကို ချွတ်ကုန်၍ လှည့်သဖြင့် ထားကုန်၍ နွားတို့ကို လှည်းနံဘေးတို့၌ ချည်ကုန်၏။ နွားတို့အား ရေသည်၎င်း၊ လူတို့အား ထမင်း ယာဂုသည်၎င်း မဖြစ်၊ လူတို့သည် အားနည်းကုန်သည်ဖြစ်၍ ထိုထိုအရပ်၌ လျောင်းကုန်၍အိပ်ကုန်၏။ ညဉ့်အဘို့၏အခြားမဲ့၌ ဘီလူးမြို့မှ ဘီလူးတို့သည် လာလတ်ကုန်၍ အလုံးစုံသော နွားတို့ကို၎င်း လူတို့ကို၎င်း အသက်ကုန်ခြင်းသို့ ရောက်စေကုန်လျက် အသားကို စားကုန်၍ အရိုးတို့ကိုချန်ခဲ့ကုန်၍ သွားကုန်၏။ ဤသို့ တယောက်သော လှည်းကုန်သည်မိုက်ကို မှီ၍ အလုံးစုံလည်းဖြစ်ကုန်သော ထိုလှည်းကုန်သည်တို့သည် ပျက်စီးခြင်းသို့ ရောက်ကုန်၏။ လက်ရိုးအစရှိသည်တို့သည် ထက်ဝန်းကျင်သောအရပ်တို့၌ ဖရိုဖရဲရှိသည်ဖြစ်ကုန်၏။ ငါးရာကုန်သော လှည်းတို့သည် ပြည့်မြဲတိုင်းသော ဝန်ရှိကုန်သည် ဖြစ်ကုန်၍သာလျှင် တည်ကုန်၏။ ဘုရားလောင်းသည်လည်း လှည်းကုန်သည်မိုက်၏ ထွက်သောနေ့မှစ၍ လခွဲကိုလွန်စေ၍ ငါးရာကုန်သောလှည်းတို့ဖြင့် မြို့မှထွက်၍ အစဉ်သဖြင့် ကန္တရ အဦးအဝသို့ ရောက်၏။

ထိုဘုရားလောင်းသည် ထိုအရပ်၌ ရေအိုးတို့ကို ပြည့်စေ၍ များစွာသောရေကိုယူ၍ သစ်ခက်တပ်၌ စည်လည်သဖြင့် လူတို့ကိုစည်းဝေးစေ၍ ဤသို့ဆို၏။ သင်တို့သည် ငါ့ကို မပန်မကြားမူ၍ တလက်ဖက်မျှသော ရေကိုလည်း မသုံးဆောင်ကြကုန်လင့်၊ ကန္တာရ၌ အဆိပ်ပင်တို့မည်သည် ရှိကုန်၏။ သင်တို့သည် ရှေး၌ မစားဘူးသော အရွက်ကို၎င်း အပွင့်ကို၎င်း အသီးကို၎င်း ငါ့ကိုမပန်ဘဲ မစားကုန်လင့်၊ ဤသို့ လူတို့အား အဆုံးအမကိုပေး၍ လှည်းငါးရာတို့ဖြင့် ကန္တာရကို သွား၏။ ထိုကန္တာရအလယ်သို့ရောက်သည်ရှိသော် ဘီလူးသည် ရှေးနည်းဖြင့်သာလျှင် ဘုရားလောင်းအား ခရီးရင်ဆိုင်၌ မိမိကိုယ်ကိုပြ၏။ ဘုရားလောင်းသည် ထိုဘီလူးကိုမြင်လျှင် ဤကန္တာရ၌ ရေသည်မရှိ၊ ဤကန္တရသည် နိရုဒကကန္တာရ မည်၏။ ဤသူသည် ကြောက်လည်းမကြောက်၊ မျက်စိလည်း နီ၏။ ဤသူ၏အရိပ်လည်းမထင်၊ မချွတ်လျှင် ဤသူသည် ရှေ့ကသွားသော လှည်းကုန်သည်မိုက်ကို အလုံးစုံရေကိုစွန့်စေ၍ ပင်ပန်းစေလျက် ပရိသတ်နှင့်တကွ စားအပ်သည် ဖြစ်လတ္တံ့၊ ငါ့အား ပညာရှိသည်၏အဖြစ် အကြောင်းဟုတ်သည် မဟုတ်သည်၌ လိမ်မာသူ၏ အဖြစ်ကို မသိလေယောင် တကားဟု ကြံအောက်မေ့၏။ ထို့နောင်မှ ဘီလူးကို ဆို၏။ သင်တို့သည် သွားကြကုန်၊ ငါတို့ကုန်သည်တို့မည်သည်ကား တပါးသောရေကိုမမြင်မူ၍ ယူခဲ့သောရေကို မစွန့်ကုန်၊ မြင်သောအရပ်၌သာ ထိုရေကိုစွန့်၍ လှည်းတို့ကို ပေါ့သည်တို့ကိုပြု၍ သွားကုန်အံ့ဟုဘုရားလောင်း ဆို၏။ ဘီလူးသည် အတန်ငယ်သွား၍ မမြင်ရာအရပ်သို့ ဖဲ၍ မိမိတို့ ဘီလူးပြည်သို့သာလျှင် သွားလေ၏။

ဘီလူး သွားပြီးသည်ရှိသော်ကား လူတို့သည် ဘုရားလောင်းကို ဆိုကုန်၏။ အရှင်ဤလူတို့သည် ဤညိုသော တောအရေးသည် ထင်၏။ ဤအရပ်မှ စ၍ မပြတ်မိုဃ်းရွာ၏ဟု ဆို၍ ကြာညို ကြာဖြူ ကြာနီ ကုမုဒြာ ကြာပန်းတို့ကိုပန်ကုန်လျက် ကြာပဒုမာ ကြာပုဏ္ဍရိက်စည်းတို့ကို ယူကုန်၍ ကြာစွယ် ကြာရင်းတို့ကို စားကုန်လျက် စိုသောအဝတ် စိုသောဆံ ယိုသောရေပေါက် ရှိကုန်သည်ဖြစ်၍ လာကုန်၏။ ရေကိုစွန့်၍ ပေါ့သောလှည်းတို့ဖြင့် လျင်စွာ သွားကြကုန်အံ့ဟု ဆို၏။

ဘုရားလောင်းသည် ထိုသူတို့၏ စကားကိုကြား၍ လှည်းတို့ကို ရပ်စေ၍ ခပ်သိမ်းကုန်သောလူတို့ကို စည်းဝေးစေ၍ သင်တို့သည် ဤကန္တာရ၌ အိုင်သည်၎င်း လေးထောင့်ကန်သည်၎င်း ရှိ၏ဟု တစုံတယောက်သောသူ၏ စကားကို ကြားဘူးသလာဟု မေး၏။ အရှင်မကြားစဘူးဟု ဆိုကုန်၏။ ဤကန္တာရသည် နိရုဒကကန္တာရ မည်၏ဟု ဆို၏။ အရှင်ယခုပင်လျှင် အချို့ကုန်သောလူတို့သည် ဤညိုသောအရေး၏ ရှေ့မှ မိုဃ်းရွာ၏ဟု ပြောဆိုကုန်သည်တကားဟု ဆိုကုန်သည်ရှိသော် မိုဃ်းသက်လေသည် အဘယ်မျှသော အရပ်သို့ လာသနည်း၊ အရှင်တယူဇနာမျှသောအရပ်သို့ လာ၏ဟု ဆိုကုန်၏။ သင်တို့တွင် အမှတ်မဲ့ဖြစ်သော တယောက်သောသူ၏လည်း ကိုယ်ကို မိုဃ်းသက်လေသည် ခတ်သလောဟု ဆို၏။ အရှင်မခတ်ပေဟု ဆိုကုန်၏။ မိုဃ်းတိမ်ညွန့်မည်သည်ကား အဘယ်မျှလောက်သော အရပ်၌ ထင်သနည်းဟု မေး၏။ အရှင်သုံးယူဇနာမျှလောက်သောအရပ်၌ ထင်၏ဟု ဆိုကုန်၏။ သင်တို့တွင် တစုံတယောက်သောသူသည် တခုသောမိုဃ်းတိမ်ကို မြင်သလောဟု မေး၏။ အရှင်မမြင်ဟု ဆိုကုန်လျှင် လျှပ်မည်သည်ကား အဘယ်မျှလောက်သော အရပ်၌ ထင်သနည်းဟု မေး၏။ အရှင်လေးယူဇနာအရပ်၌ထင်၏ဟု ဆိုကုန်၏။ သင်တို့တွင် တစုံတယောက်သောသူသည် လျှပ်ရောင်ကို မြင်သလောဟုမေး၏။ အရှင်မမြင်ဟုဆိုကုန်၏။ မိုဃ်းသံမည်သည်ကို အဘယ်မျှလောက်သော အရပ်က ကြားသနည်းဟုမေး၏။ အရှင်တယူဇနာမျှ လောက်သော အရပ်က ကြား၏ဟု ဆိုကုန်၏။ သင်တို့တွင် တစုံတယောက်သော သူသည် မိုဃ်းသံကိုကြားသလောဟု မေး၏။ အရှင်မကြားဟု ဆိုကုန်၏။ ထိုသူတို့သည် လူမဟုတ်ကုန် ဘီလူးတို့တည်း၊ ထိုသူတို့သည် ငါတို့ကို ရေကိုစွန့်စေကုန်၍ အားနည်းသည်ကိုပြုကုန်၍ စားလိုကုန်ရကား လာကုန်သည် ဖြစ်ကုန်လတ္တံ့၊ ရှေ့ကသွားသောလှည်းကုန်သည်မိုက်သည် အကြောင်းဟုတ်သည် မဟုတ်သည်ကို မသိ၊ စင်စစ် ထိုလှည်းကုန်သည်မိုက်ကို ထိုဘီလူးတို့သည် ရေကိုစွန့်စေ၍ ပင်ပန်းစေ၍ စားအပ်ပြီးသည် ဖြစ်လတ္တံ့၊ လှည်းငါးရာတို့သည်လည်း ပြည့်မြဲတိုင်းသော ဝန်ရှိကုန်သည်ဖြစ်၍သာလျှင် တည်ကုန်လတ္တံ့၊ ယခု ငါတို့သည် လှည်းတို့ကို မြင်ရကုန်အံ့၊ တလက်ဖက်သော ရေကိုလည်း မစွန့်မူ၍ လျင်စွာလျင်စွာ နှင်ကြလောဟု ဆို၍ လှည်းတို့ကို နှင်စေ၏။

ထိုဘုရားလောင်းသည် သွားသည်ရှိသော် ပြည့်မြဲတိုင်း ဝန်ဖြင့် ပြည့်သည်သာလျှင် ဖြစ်ကုန်သော လှည်းငါးရာတို့ကို၎င်း နွားတို့၏၎င်း လူတို့၏၎င်း ထက်ဝန်းကျင်သော အရပ်တို့၌ ဖရိုဖရဲရှိကုန်သော လက်ရိုး အစရှိသည်တို့ကို၎င်း မြင်၍ လှည်းတို့ကိုလှည့်သဖြင့်သစ်ခက်တဲဖွဲ့စေ၍ အလုံးစုံသာလျှင်ဖြစ်ကုန်သော လူတို့ကို၎င်း နွားတို့ကို၎င်း ညစာစားစေကုန်၍ လူတို့၏အလယ်၌ နွားတို့ကို အိပ်စေကုန်၍ မိမိသည် ဗိုလ်ပါတို့၏ အမှူးဖြစ်၍ သန်လျက်ကို လက်စွဲလျက် ညည့်သုံးယာမ်ပတ်လုံး အစောင့်အရှောက်ကိုယူ၍ ရပ်လျက်သာလျှင် အရုဏ်ကို တက်စေ၏။ နက်ဖြန် နေ့၌ နံနက် စောစောကလျှင် ခပ်သိမ်းသော ကိစ္စတို့ကို ပြီးစေ၍ နွားတို့ကို စားစေ၍ အားနည်းကုန်သော လှည်းတို့ကို စွန့်ပစ်စေခြင်း ခိုင်ခံ့ကုန်သော လှည်းတို့ကိုယူခဲ့စေခြင်း အဘိုးမထိုက်သောဘဏ္ဍာကိုစွန့်စေခြင်း အဘိုးများစွာထိုက်သော ဘဏ္ဍာကို တင်ခဲ့စေခြင်းတို့ကိုပြု၍ အလိုရှိရာ အရပ်သို့ရောက်၍ နှစ်ဆတက်ဖြစ်သော အဘိုးဖြင့် ဘဏ္ဍာကိုရောင်း၍ အလုံးစုံသော ပရိသတ်ကိုယူ၍ တဘန်မိမိနေရာ ဗာရာဏသီပြည်သို့သာလျှင်ပြန်သွား၏။

နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၍ သူကြွယ် ဤသို့ ရှေးသောအခါ၌ ကြံသဖြင့်ချွတ်ယွင်းသော အကြောင်းကို ယူကုန်သော သူတို့သည် ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ကုန်ပြီ၊ မချွတ်ယွင်းသော အကြောင်းကို ယူကုန်သော သူတို့သည်ကား ဘီလူးတို့၏ လက်မှ လွတ်၍ ချမ်းသာသဖြင့် လိုရာအရပ်သို့ ရောက်၍တဘန် မိမိတို့၏ နေရာအရပ်သို့သာလျှင် ပြန်လည်ရကုန်ပြီဟုမိန့်တော်မူ၍ နှစ်ပါးကုန်သော ဝတ္ထုတို့ကိုစပ်၍ ဤအပဏ္ဏကဓမ္မဒေသနာ၌ ဘုရားဖြစ်တော်မူပြီး၍-

။ အပဏ္ဏကံ ဌာနမေကေ၊ ဒုတိယံ အာဟု တက္ကိကာ။
ဧတဒညာယ မေဓာဝီ၊ တံ ဂဏှေယျ အပဏ္ဏကံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၁။ ဧကေ၊ ဘုရားလောင်းအဦး အကြီးအမှူးရှိကုန်သောသူတို့သည်။ အပဏ္ဏကံ၊ ဧကန်စင်းစင်း ဆင်းရဲခြင်းမှ လွတ်ကင်းစေတတ်သော အကျင့်မြတ်ကို။ ဌာနံ၊ အရေးအခွင့် သင့်တင့်အကြောင်းဟူ၍။ အာဟု၊ ဆိုကုန်ပြီ။ တက္ကိကာ၊ အကြံသာရှိ ဉာဏ်မရှိ၍ အမှန်မသိကုန်သော လှည်းကုန်သည်မိုက် လူတသိုက်တို့သည်။ ဒုတိယံ၊ နှစ်ခုမြောက်သော။ ပဏ္ဏကံ၊ ဧကန်စင်းစင်း ဆင်းရဲခြင်းမှ မလွတ်မကင်း စေတတ်သော အကျင့်ကို။ ဌာနံ၊ အရေးအခွင့် သင့်တင့်သောအကြောင်းဟူ၍။ အာဟု၊ ဆိုကုန်ပြီ။ မေဓာဝီ၊ ပညာရှိသည်ကား။ ဧတံ၊ ဤပဏ္ဏက အပဏ္ဏကအားဖြင့် နှစ်ပါးသော အကျင့်ကို။ အညာယ၊ ပိုင်းခြားထင်ထင် သိမြင်သည်ဖြစ်၍။ တံ အပဏ္ဏကံ၊ ထိုမချွတ်မယွင်း မှန်လေခြင်းကြောင့် ဆင်းရဲကင်းစေတတ်သော အကျင့်မြတ်ကို။ ဂဏေယျ၊ ယူရာ၏။

ထိုဂါထာ၌ သရဏဂုံသုံးပါး ငါးပါးသောသီလ ရှစ်ပါးသောသီလ ပါတိမောက္ခသံဝရသီလ ဣန္ဒြိယသံဝရသီလ အာဇီဝပါရိသုဒ္ဓိသီလ ပစ္စယပဋိသေဝန-ဟူသော အလုံးစုံသော စတုပါရိသုဒ္ဓိသီလ ဣန္ဒြိယေသု ဂုတ္တဒွါရတာ ဘောဇနေမတ္တညုတာ ဇာဂရိယာနုယောဂ ဈာန် ဝိပဿနာ အဘိညာဉ် သမာပတ် အရိယမဂ် အရိယဖိုလ်ဟူသော ဤအလုံးစုံသည် အပဏ္ဏကဌာန မည်၏။ ဤ အပဏ္ဏက အကျင့်မည်သည်ကား ခပ်သိမ်းကုန်သော ဘုရား ပစ္စေကဗုဒ္ဓ ဘုရားသားတော်တို့၏ အကျင့်တည်း၊ ခပ်သိမ်းကုန်သော ဘုရားတို့သည် အပဏ္ဏက အကျင့်ကိုသာလျှင် ကျင့်ကုန်၍ မြဲစွာ ဝီရိယဖြင့် ပါရမီကိုဖြည့်ကုန်၍ ဗောဓိပင်၏အရင်း၌ ဘုရားဖြစ်ကုန်၏။ ပစ္စေကဗုဒ္ဓါတို့သည် ပစ္စေကဗောဓိဉာဏ်တို့ကို ဖြစ်စေကုန်၏။ ဘုရားသားတော်တို့သည်လည်း သာဝကပါရမီဉာဏ်ကို သိကုန်၏။ ထို့ကြောင့် ပညာရှိသည် အပဏ္ဏကအကျင့်ကိုသာလျှင် ယူရာ၏။ ဤသို့ မြတ်စွာဘုရားသည် ထိုသီတင်းသည်တို့အား သုံးပါးသော ကုလသမ္မတ္တိတို့ကို၎င်း ကာမာဝစရ နတ်ပြည်ခြောက်ထပ် ဗြဟ္မာ့ပြည်နှစ်ဆယ်တို့၌ သမ္မတ္တိတို့ကို၎င်း ပြပြီး၍ အဆုံး၌ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ပေးတတ်သော အကျင့်သည် အပဏ္ဏက အကျင့်မည်၏။ လေးပါးကုန်သော အပါယ်တို့၌၎င်း ငါးပါးကုန်သော ယုတ်သော အမျိုးတို့၌၎င်း ဖြစ်ခြင်းကို ပေးတတ်သော အကျင့်သည် ပဏ္ဏကအကျင့် မည်၏ဟု ဤအပဏ္ဏက ဓမ္မဒေသနာကို ပြတော်မူပြီး၍ အလွန် လေးပါးကုန်သော သစ္စာတို့ကို တဆယ့်ခြောက်ပါးကုန်သော အခြင်းအရာတို့ဖြင့် ပြတော်မူ၏။ ဤသစ္စာလေးပါးကို ပြသည်၏အဆုံး၌ အလုံးစုံလည်းဖြစ်ကုန်သော ထိုငါးရာကုန်သော တိတ္ထိတို့၏တပည့်ဖြစ်ဘူးကုန်သော သီတင်းသည်တို့သည် သောတာပတ္တိဖိုလ်၌ တည်ကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ပြတော်မူပြီး၍ နှစ်ပါးကုန်သော ဝတ္ထုတို့ကို ဟောတော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မိုက်သောလှည်းကုန်သည့်သား ဖြစ်လေပြီ၊ ယခုအခါ ဒေဝဒတ်၏ပရိသတ်သည် ထိုအခါ ထိုမိုက်သောလှည်းကုန်သည့်သား၏ ပရိသတ်ဖြစ်လေပြီ၊ ယခုအခါ ဘုရားပရိသတ်သည် ထိုအခါ ပညာရှိသော လှည်းကုန်သည့်သား၏ ပရိသတ်ဖြစ်လေပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိသော လှည်းကုန်သည့်သား ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

အကြောင်းမှန်က၊ အကျိုးရ၊ ချွတ်ကပျက်မည်သာ

ရှေးဦးစွာသော အပဏ္ဏကဇာတ်သည် ပြီး၏။

*****