အနာထပိဏ်သူဌေးအကြောင်း

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၂) အနာထပိဏ်သူဌေးအကြောင်း

၁၅၃

အနာထပိဏ်သူဌေးအကြောင်း

(က) သူဌေး၏ ရှေးဆုတောင်း

     ဤအနာထပိဏ် သူဌေးအလောင်း သူတော်ကောင်းသည် ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသား ဖြစ်လတ်၍ မြတ်စွာဘုရား၏ တရားစကားကို ကြားနာစဉ် မြတ်စွာဘုရားရှင်က ဥပါသကာတယောက်ကို “ဒါယက = အလှူအတန်း၌ မွေ့လျော်ကြသူ ဥပါသကာတို့တွင်” အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အားကျနှစ်သက်ကာ အဓိကာရ ကောင်းမှု ကုသိုလ်ကို ပြုပြီးလျှင် ထိုဧတဒဂ်ရာထူး ဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုခဲ့လေသည်။

(ခ) နောက်ဆုံးဘဝ သူဌေးဖြစ်ခြင်း

     ထိုအမျိုးကောင်းသားသည် ကမ္ဘာတသိန်းပတ်လုံး နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားခဲ့၍ ဤအကျွန်ုပ်တို့၏ မြတ်စွာဘုရားသာသနာ ခေတ်အခါဝယ် သာဝတ္ထိပြည် သုမနသူဌေးကြီး၏သား ဖြစ်လာလေသည်၊ သူ၏အမည်ကို မိဖတို့က သုဒတ္တဟူ၍ မှည့်ခေါ်ကြသည်။

အနာထပိဏ် အမည်တွင်ခြင်း

     သုဒတ္တ သူဌေးသားသည် နောက်အဖို့၀ယ် အိမ်ရာကိုစိုးအုပ် ဦးစီးပြုလုပ် တည်နေလတ်သော် ကိုးကွယ်ရာမဲ့သူတို့အား အစာထမင်း ပေးကမ်းစွန့်ကြဲခြင်း၌ မွေ့လျော်သူဖြစ်ကာ ထိုဂုဏ်ကျေးဇူးကြောင့်ပင်လျှင် “အနာထပိဏ္ဍိက = အနာထ = ကိုးကွယ်ရာ မဲ့သူတို့အား + ပိဏ္ဍိက = အစာထမင်း ပေးကမ်းသောသူဌေး = အနာထပိဏ်သူဌေး”ဟူ၍ ထင်ရှားလေတော့၏။ (ဤအနာထပိဏ် သူဌေးကြီးအကြောင်း အကျယ်ကို အောက် မဟာဗုဒ္ဓဝင် တတိယတွဲ အခဏ်း ၂ဝ၊ စာမျက်နှာ ၁၈၀-မှစ၍ ပြန်လည်သုံးသပ် ကြည့်ရှုကုန်ရာ၏။ ဤ၌ကား အင်္ဂုတ္တရအဋ္ဌကထာ လာသည့်အတိုင်း အကျဉ်းမျှ ပြဆိုပေအံ့)–



၁၅၄

     အနာထပိဏ်သူဌေးသည် တနေ့သောအခါ လှည်းအစီးငါးရာတို့ဖြင့် ရောင်းချရန် ကုန်ဘဏ္ဍာတို့ကို တင်ဆောင်၍ မိမိ၏သူငယ်ချင်း ရာဇဂြိုဟ်ပြည် သူဌေးအိမ်သို့ ရောက်လတ်သော် ထိုရာဇဂြိုဟ်ပြည်၌ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူနေကြောင်း သတင်းကောင်းကြားသိရကာ မိုးသောက်အားကြီး လင်းခါနီး၌ နတ်တို့အာနုဘော်ဖြင့် ဟင်းလင်းပွင့်သော မြို့တံခါးမှ ထွက်၍ မြတ်စွာဘုရားထံတော်သို့ ချဉ်းကပ် တရားနာလတ်သော် သောတာပတ္တိဖိုလ် ၌တည်၍ နောက်တနေ့ဝယ် ဘုရားအမှူးရှိသော သံဃာအား မဟာဒါနကြီး ပေးလှူပြီးလျှင် သာဝတ္ထိပြည်သို့ ကြွရောက်တော်မူရန် မြတ်စွာဘုရားရှင်၏ ဝန်ခံချက်ကို ရယူပြီးနောက် ပြန်ခဲ့၍ လမ်းခရီးအကြား ၄၅-ယူဇနာခရီးဝယ် တယူဇနာ တယူဇနာလျှင် အသပြာ တသိန်း တသိန်း အဖိုးတန်သည့် စံကျောင်းတော် တဆောင် တဆောင် ဆောက်လုပ်ရန် မိမိ၏မိတ်ဆွေများအား အပ်နှံခဲ့၍ သာဝတ္ထိပြည်သို့ ရောက်သောအခါ ဇေတမင်းသား၏ ဥယျာဉ်မြေကို ရွှေဒင်္ဂါးဒေါ်လာ အသပြာချင်း အစွန်းချင်း ထိအောင် ခင်း၍ တဆယ့်ရှစ်ကုဋေဖြင့် ဝယ်ယူ, တဆယ့် ရှစ်ကုဋေတို့ဖြင့်ပင် ကျောင်းတိုက်ကြီး တည်ဆောက် ပြီးမြောက်သောအခါ နံနက်ရောနေ့ပါ အလိုရှိအပ်ရာ အလှူဒါနကို ပေးလှူလျက် တဆယ့်ရှစ်ကုဋေ အကုန်အကျခံကာ ကျောင်းလွှတ်ပူဇော်ပွဲ = ကျောင်းရေစက်ချ အလှူပွဲကြီး ကျင်းပ ဆင်ယင်လေသည်။ ကျောင်းလွှတ်ပူဇော်ပွဲ = ကျောင်းရေစက်ချပွဲ ကျင်းပဆင်ယင်သော ကာလအပိုင်းအခြားနှင့်စပ်၍ ကိုးလ, ငါးလ, သုံးလ အသီးသီး ဆရာတို့ ပြောဆိုကြရာဝယ် သုံးလဟူသော ကာလအပိုင်းအခြား၌ ဆရာအားလုံး ငြင်းခုံမှုမရှိ = သဘောတူ လက်ခံတော်မူကြ၏။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

     ဤသို့လျှင် အနာထပိဏ်သူဌေးကြီးသည် ငါးဆယ့်လေးကုဋေသော ဥစ္စာကို ဤသာသနာ၌ စွန့်လှူပြီးနောက် နေ့စဉ်အမြဲ မိမိအိမ်၌ ဤဆိုလတ္တံ့သော အလှူဒါနကို ဖြစ်စေလေသည်-



၁၅၅

နေ့တိုင်း စာရေးတံဆွမ်းငါးရာ (=စာရေးတံမဲကျသော ရဟန်းငါးရာတို့အား လှူအပ်သော ဆွမ်း)ကို လှူဒါန်း၏။

ပက္ခိကဆွမ်း ငါးရာတို့ကို လှူဒါန်း၏ = လဆန်းပက္ခ၌ တကြိမ်, လဆုတ်ပက္ခ၌ တကြိမ် အထူးဝတ်ထား၍ သံဃာငါးရာအား ဆွမ်းလှူ၏။

နေ့တိုင်း စာရေးတံ ယာဂုဆွမ်း ငါးရာတို့ကို လှူဒါန်း၏ = စာရေးတံမဲကျသော ရဟန်းငါးရာတို့အား နေ့စဉ် ယာဂုဆက်ကပ်သည်ဟု ဆိုလို၏။

ပက္ခိကယာဂုဆွမ်း ငါးရာတို့ကို လှူဒါန်း၏ = လဆန်းပက္ခ၌ တကြိမ်, လဆုတ်ပက္ခ၌ တကြိမ် အထူးဝတ်ထား၍ သံဃာငါးရာအား ယာဂုဆက်ကပ်သည်ဟု ဆိုလို၏။

ဓုရဘတ် = နိစ္စဘတ်ဆွမ်း ငါးရာတို့ကို လှူဒါန်း၏။ (စာရေးတံဆွမ်း ငါးရာဖြင့် သံဃိက နိစ္စဘတ်ဆွမ်းကို ဆိုပြီးရကား ဤ၌ ပုဂ္ဂလိက နိစ္စဘတ်ဆွမ်းငါးရာတို့ကို လှူဒါန်း၏ဟု ဆိုလိုသည်)။

အာဂန္တုကဆွမ်း ငါးရာတို့ကို၎င်း, ဂမိကဆွမ်း ငါးရာတို့ကို၎င်း, ဂိလာနဆွမ်း ငါးရာတို့ကို၎င်း, ဂိလာနုပဋ္ဌာကဆွမ်း ငါးရာတို့ကို၎င်း နေ့စဉ်လှူဒါန်း၏ = ရောက်သစ်စ လမ်းပန်းမကျွမ်းကျင်ကြသေးသည့် အာဂန္တုက ရဟန်းငါးရာတို့အား၎င်း, ခရီးသွားမည့် ရဟန်းငါးရာတို့အား၎င်း, မမာမကျန်းသော ရဟန်းငါးရာတို့၎င်း, သူနာပြုရဟန်း ငါးရာတို့အား၎င်း နေ့စဉ် ဆွမ်းလှူဒါန်း၏ဟု ဆိုလိုသည်။

အနာထပိဏ်သူဌေး၏အိမ်၌ အမြဲပင် ရဟန်းသံဃာ ထိုင်နေရန်အတွက် နေရာငါးရာတို့ကို အမြဲတမ်း ခင်း၍ ထားအပ်ကုန်လေသည်-

၁၅၆

သို့ရကား မြတ်စွာဘုရားရှင်သည် နောက်တချိန်ဝယ် ဇေတဝန် ကျောင်းတိုက်တော်၌ နေထိုင်တော်မူလျက် ဥပါသကာတို့ကို အစဉ်အတိုင်း ဧတဒဂ်ရာထူး ဌာနန္တရ၌ ထားတော်မူသည်ရှိသော် ဤအနာထပိဏ်သူဌေး (ငယ်မည် သုဒတ္တ)ကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဥပါသကာနံ ဒါယကာနံ ယဒိဒံ သုဒတ္တော ဂဟပတိ အနာထပိဏ္ဍိကော = ရဟန်းတို့.. လှူဒါန်းပေးကမ်း စွန့်ကြဲခြင်း၌ မွေ့လျော်ကြသည့် ငါဘုရား၏ တပည့် = သာဝက ဥပါသကာတို့တွင် အနာထပိဏ္ဍိက အမည်ရသော သုဒတ္တသူကြွယ်သည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”—

ဟု ချီးကျူး မိန့်မြွက်တော်မူကာ ဒါယကအရာဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

အနာထပိဏ်သူဌေး အလွန်နှစ်သက်သည့်

အနာထပိဏ္ဍိကောဝါဒသုတ္တန်

(ဤအရာ၌ ဗုဒ္ဓဝင်စာဖတ် သူတော်စင် ပရိသတ်တို့ အထူးမှတ်ယူဖွယ် အနာထပိဏ်သူဌေးကြီး အလွန်နှစ်သက် မြတ်နိုးအပ်သည့် အနာထပိဏ္ဍိကောဝါဒသုတ္တန်ကို အတတ်နိုင်ဆုံး အကျဉ်းချုံ၍ ဖော်ပြပေအံ့။ အကျယ်ကို အလိုရှိမူ ပိဋကတ်တော် မြန်မာပြန် ဥပရိပဏ္ဏာသ စာမျက်နှာ ၃၀၆-မှစ၍ ကြည့်ရှု မှတ်ယူကုန်ရာ၏)။

     မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ ကိန်းအောင်းမွေ့လျော် နေတော်မူသောအခါ အနာထပိဏ်သူဌေးသည် ဖျားနာနေ, ဒုက္ခရောက်နေ, အသည်းအသန် မမာနေဆဲ ဖြစ်၏ = သေရာညောင်စောင်း လျောင်းနေဆဲဖြစ်၏။ ထိုအခါ အနာထပိဏ်သူဌေးသည် အစေအပါး ယောက်ျားတယောက်ကို ခေါ်၍ “အမောင်ယောက်ျား.. သွားပါလေ၊ သင်သည် မြတ်စွာဘုရားထံတော်သို့ ဆည်းကပ်ပြီးလျှင် ငါ၏စကားဖြင့် ‘မြတ်စွာဘုရား.. အနာထပိဏ်သူဌေးသည် ဖျားနာနေ, ဆင်းရဲနေ, အသည်းအသန် မမာနေပါသည်၊ ထိုအနာထပိဏ်သူဌေးသည်



၁၅၇

မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါ၏’ဟု လျှောက်ထားကာ (ငါ့ကိုယ်စား) မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါလော့။ (ထို့ပြင်လည်း) အရှင်သာရိပုတ္တရာအထံသို့ ဆည်းကပ်ပြီးလျှင် ငါ၏စကားဖြင့် ‘အရှင်ဘုရား.. အနာထပိဏ်သူဌေးသည် ဖျားနာနေ, ဆင်းရဲနေ, အသည်းအသန် မမာနေပါသည်၊ ထို အနာထပိဏ်သူဌေးသည် အရှင်သာရိပုတ္တရာ၏ ခြေတော်တို့ကို ဦးတိုက်ပါ၏’ဟု လျှောက်ထားကာ (ငါ့ကိုယ်စား) အရှင်သာရိပုတ္တရာ၏ ခြေတော်တို့ကို ဦးတိုက်ပါလော့။ ဆက်၍လည်း ‘အရှင်ဘုရား.. တောင်းပန်စကား လျှောက်ထားလိုပါသည်မှာ- အရှင်သာရိပုတ္တရာသည် အနာထပိဏ်သူဌေး၏ အိမ်သို့ မေတ္တာရှေ့ထား သနားသမှု အကြောင်းပြု၍ ကြွတော်မူစေချင်ပါသတဲ့ဘုရား’ ဟူ၍လည်း လျှောက်ထားလေလော့” ဟု ပြောဆိုမှာကြား၍ လွှတ်လိုက်လေ၏။

(အနာထပိဏ်သူဌေးကား ပကတိ ကျန်းမာနေစဉ် တနေ့လျှင် အနည်းဆုံး တကြိမ် သို့မဟုတ် အကြောင်းညီညွတ်လျှင် ညီညွတ်သလို နှစ်ကြိမ်, သုံးကြိမ် ဇေတဝန်ကျောင်းသို့ သွားရောက်၍ မြတ်စွာဘုရားရှင်နှင့် မထေရ်ကြီးတို့ထံ ဆည်းကပ်မှုကို မကျိုးမပြတ် ပြုခဲ့လေသည်။ သူသည် ယခုအခါ သေရာညောင်စောင်း လျောင်းနေဆဲ ဖြစ်ရကား ခြေဖြင့် မသွားနိုင်တော့သဖြင့် အစေအပါး ယောက်ျားတယောက်ကို လွှတ်ကာ ဤသို့ လျှောက်ထားစေခြင်းဖြစ်သည်)။

     ထိုအစေအပါး ယောက်ျားသည် “ကောင်းပါပြီ အရှင်သူဌေး..”ဟု အနာထပိဏ်သူဌေး၏ စကားကို ဝန်ခံပြီးလျှင် သူဌေးမှာလိုက်သည့်အတိုင်း မြတ်စွာဘုရား ထံတော်သို့ ဆည်းကပ်, လျှောက်ထား, ဦးတိုက်ပြီးလျှင် (မြတ်စွာဘုရားရှင်ကို ပန်ကြား လျှောက်ထားပြီးမှ နေဝင်လုလုအချိန်၌) အရှင်သာရိပုတ္တရာထံသို့ ဆည်းကပ်, လျှောက်ထား, ဦးတိုက်ပြီးနောက် သူဌေးမှာလိုက်သည့်အတိုင်း ပင့်လျှောက်လေ၏။ အရှင်သာရိပုတ္တရာသည် ဆိတ်ဆိတ်နေသဖြင့် ထိုပင့်လျှောက်ချက်ကို လက်ခံတော်မူ၏။



၁၅၈

     ထို့နောက် အရှင်သာရိပုတ္တရာသည် သင်္ကန်းကို ပြင်ဝတ်၍ သပိတ်, သင်္ကန်းကို ယူဆောင်ကာ အရှင်အာနန္ဒာကို အဖော် နောက်လိုက်ရဟန်းပြု၍ အနာထပိဏ်သူဌေးအိမ်သို့ ကြွရောက်လျက် အသင့် ခင်းထားအပ်သော နေရာ၌ ထိုင်နေပြီးသော် အနာထပိဏ်သူဌေးကို “သူဌေး.. အသို့နည်း = ဘယ့်နှယ်လဲ၊ သင့်အဖို့ရာ (ဒုက္ခဝေဒနာကို) ခံနိုင်စွမ်းရှိ၏လော = ခံ့ကျန်း၏လော၊ (ဣရိယာပထ) မျှတ၏လော၊ ဒုက္ခဝေဒနာတို့သည် ဆုတ်ယုတ်ကုန်၏လော၊ မတိုးတက်ပဲ ရှိကုန်၏လော၊ ထိုဒုက္ခဝေဒနာတို့၏ တိုးတက်မည့် အရိပ်မထင်ပဲ ဆုတ်ယုတ်မည့် အရိပ်ထင်၏လော”ဟု မေးမြန်းတော်မူလေ၏။

     ထိုအခါ အနာထပိဏ်သူဌေးသည် အရှင်သာရိပုတ္တရာကို မိမိအဖို့ရာ ဒုက္ခဝေဒနာကို ခံနိုင်စွမ်းမရှိကြောင်း = မခံ့ကျန်းကြောင်း, ဣရိယာပထ မမျှတကြောင်း, ဒုက္ခဝေဒနာကို မဆုတ်ယုတ်ပဲ တိုးတက်၍သာ နေကြောင်း, ဆုတ်ယုတ်မည့် အရိပ်မထင်ပဲ တိုးတက်မည့်အရိပ်သာ ထင်နေကြောင်းကို ဥပမာလေးချက်တို့ဖြင့် အကျယ်ပြန်ကြား လျှောက်ထားလေသည်။

     ထိုအခါ အရှင်သာရိပုတ္တရာသည် “သူဌေးကြီး၏ ဤယခု ရောဂါဝေဒနာကား သေမှ အဆုံးသတ် ရပ်မည့် = မရဏန္တိက ရောဂါဝေဒနာ ဖြစ်သည်၊ တားမြစ်ခြင်းငှါ မတတ်နိုင်ချေ၊ ဤအနေမျိုးတွင် အခြားစကားများသည် အကျိုးမရှိ၊ ထိုသူဌေးကြီးအား တရားစကားကိုသာ ဟောကြားတော့မည်”ဟု ကြံစည် ဆင်ခြင်တော်မူပြီးလျှင် ဤဆိုလတ္တံ့သော တရားစကား အကျယ်ကို ဟောကြားတော်မူလေ၏-

     သူဌေး.. (ဒွါရ ၆-ပါး, အာရုံ ၆-ပါး, ဝိညာဏ် ၆-ပါး, ဖဿ ၆-ပါး, ဝေဒနာ ၆-ပါး အစရှိသော တရားတို့၌ တဏှာစွဲ, မာနစွဲ, ဒိဋ္ဌိစွဲတို့ဖြင့် ငါ့ဥစ္စာ, ငါ, ငါ့လိပ်ပြာဟု စွဲယူနေသောသူသည် မိမိသန္တာန်ဝယ် ဖြစ်ပေါ်လာသည့် သေမှအဆုံးသတ် ရပ်မည့် = မရဏန္တိက ရောဂါဝေဒနာကို တားမြစ်ခြင်းငှါ စွမ်းနိုင်သောမည်သည် မရှိချေ)၊ ထို့ကြောင့် သင်သည် ဤသို့ ကျင့်ရမည်-



၁၅၉

“ငါသည် စက္ခုပသာဒ = မျက်စိသမုတ် အကြည်ရုပ်ကို အစွဲသုံးပါးတို့ဖြင့် မစွဲယ မိအောင်, ငါ၏စိတ်သည်လည်း မျက်စိသမုတ် အကြည်ရုပ်၌ (သိမ်မွေ့သော နိကန္တိတဏှာဖြင့်) မှီတွယ်သည် မဖြစ်အောင်”ဟု ဤကဲ့သို့ မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် သိက္ခာသုံးပါး ကျင့်တရားကို ပွါးများကြိုးကုတ် အားထုတ်ရမည်။ (ဒွါရ ၆-ပါးအခဏ်း မဆုံးသေးပါ)။

(ဤ၌။ ။“စက္ခုပသာဒ = မျက်စိသမုတ် အကြည်ရုပ်ကို အစွဲသုံးပါးတို့ဖြင့် မစွဲယူမိအောင် ကျင့်ရမည်”ဟူသော စကားရပ်ဖြင့် စက္ခုပသာဒ = မျက်စိအကြည်ရုပ်ကို အနိစ္စ, ဒုက္ခ, အနတ္တဟူ၍ ရှုရမည်ဟူသော အနက်အဓိပ္ပါယ်ကို ပြ၏။ မှန်၏- စက္ခုပသာဒ = မျက်စိအကြည်ရုပ်ကို အနိစ္စဟု ရှုလျှင် ငါဟူသော မာနစွဲသည် ထောက်တည်ရာ မရနိုင် (=ငါဟူ၍ မာနစွဲဖြင့် မစွဲတော့ချေ)၊ ထိုစက္ခုပသာဒ = မျက်စိအကြည်ရုပ်ကို ဒုက္ခဟု ရှုလျှင် ငါ့ဥစ္စာ-ဟူသော တဏှာစွဲသည် ထောက်တည်ရာ မရနိုင် (=ငါ့ဥစ္စာ-ဟူ၍ တဏှာစွဲဖြင့် မစွဲတော့ချေ)။ ထိုစက္ခုပသာဒ = မျက်စိအကြည်ရုပ်ကို အနတ္တ-ဟု ရှုလျှင် ငါ့လိပ်ပြာဟူသော ဒိဋ္ဌိစွဲသည် ထောက်တည်ရာမရနိုင် (=ငါ့လိပ်ပြာ-ဟူ၍ ဒိဋ္ဌိစွဲဖြင့် မစွဲတော့ချေ)။ သို့ရကား- ထိုပဌမစကားရပ်ဖြင့် စက္ခုပသာဒ = မျက်စိအကြည်ရုပ်၌ ငါ့ဥစ္စာ-ဟူသော တဏှာစွဲ, ငါ-ဟူသော မာနစွဲ, ငါ့လိပ်ပြာ-ဟူသော ဒိဋ္ဌိစွဲ = ဤအစွဲသုံးပါးတို့ ကင်းပြုတ်အောင် ထိုစက္ခုပသာဒ = မျက်စိအကြည်ရုပ်ကို အနိစ္စ, ဒုက္ခ, အနတ္တ-ဟု အဖန်ဖန် ရှုဆင်ခြင်ရမည်ဟု ဆိုလိုရင်းဖြစ်သည်။

ထိုတဏှာဂါဟ = တဏှာစွဲ, မာနဂ္ဂါဟ = မာနစွဲ, ဒိဋ္ဌိဂ္ဂါဟ = ဒိဋ္ဌိစွဲ ဤအစွဲသုံးမျိုးကား ရုန့်ရင်းကြမ်းတမ်းသော တရားများ ဖြစ်လေသည်။ ထိုအစွဲ = ဂါဟတရား ကင်းသော်လည်း စက္ခုပသာဒ = မျက်စိအကြည်ရုပ်၌ နှစ်သက်သည့် နိကန္တိခေါ်သော သိမ်မွေ့သော တဏှာလောဘတရားကား တည်ရှိနေသေးရာ၏၊ ထို့ကြောင့် ထိုနိကန္တိတဏှာကိုပါ ပယ်စွန့်တော်မူစေလိုသဖြင့် အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် တဖန် ဆက်၍ “ငါ၏စိတ်သည်လည်း မျက်စိသမုတ် အကြည်ရုပ်၌ (သိမ်မွေ့သော နိကန္တိတဏှာဖြင့်) မှီတွယ်သည်မဖြစ်အောင် ကျင့်ရမည်”ဟူသော တရားစကားကို ထပ်၍ မိန့်ကြား ဟောတော်မူလေသည်။ နောက်နောက် တရားတို့၌လည်း ဤနည်းအတူ မှတ်ယူရာ၏)။

၁၆၀

     အရှင်သာရိပုတ္တရာသည် အနာထပိဏ်သူဌေးအား စက္ခုပသာဒ = မျက်စိအကြည်ရုပ်၌ အစွဲကြီး သုံးပါးနှင့်တကွ နိကန္တိတဏှာကို ပယ်စွန့်ရန် ဟောတော်မူပြီးနောက် ကျန်သော တရားတို့အတွက်လည်း ဤဆိုလတ္တံ့သောနည်းအတိုင်း ဆက်၍ ဟောတော်မူလေသည်-

     သူဌေး.. ထို့ကြောင့် သင်သည် ဤသို့ ကျင့်ရမည် “ငါသည် နားဟုသမုတ် အကြည်ရုပ်ကို (ပ)၊ နှာခေါင်းသမုတ် အကြည်ရုပ်ကို (ပ)၊ လျှာဟုသမုတ် အကြည်ရုပ်ကို (ပ)၊ ကိုယ်ဟုသမုတ် အကြည်ရုပ်ကို (ပ)၊ မနောတွင်မည် စိတ်အကြည်ကို အစွဲသုံးပါးတို့ဖြင့် မစွဲယူမိအောင်, ငါ၏စိတ်သည်လည်း မနောတွင်မည် စိတ်အကြည်၌ (သိမ်မွေ့သော နိကန္တိတဏှာဖြင့်) မှီတွယ်သည် မဖြစ်အောင်”ဟု ဤကဲ့သို့ မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် သိက္ခာသုံးပါး ကျင့်တရားကို ပွါးများကြိုးကုတ် အားထုတ်ရမည်။ (၁)

     သူဌေး.. ထို့ကြောင့် သင်သည် ဤသို့ ကျင့်ရမည် “ငါသည် အဆင်းမျိုးစုံ ရူပါရုံကို (ပ)၊ အသံမျိုးစုံ သဒ္ဒါရုံကို (ပ)၊ အနံ့မျိုးစုံ ဂန္ဓာရုံကို (ပ)၊ ရသာမျိုးစုံ ရသာရုံကို (ပ)၊ အတွေ့မျိုးစုံ ဖောဋ္ဌဗ္ဗာရုံကို(ပ)၊ ရုပ်နာမ်မျိုးစုံ ဓမ္မာရုံကို အစွဲသုံးပါးတို့ဖြင့် မစွဲယူမိအောင်, ငါ၏စိတ်သည်လည်း ရုပ်နာမ်မျိုးစုံ ဓမ္မာရုံ၌ (သိမ်မွေ့သော နိကန္တိတဏှာဖြင့်) မှီတွယ်သည် မဖြစ်အောင်”ဟု ဤကဲ့သို့ မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် သိက္ခာသုံးပါး ကျင့်တရားကို ပွါးများကြိုးကုတ် အားထုတ်ရမည်။ (၂)

     သူဌေး.. ထို့ကြောင့် သင်သည် ဤသို့ ကျင့်ရမည် “ငါသည် မြင်မှု = စက္ခုဝိညာဏ်ကို (ပ)၊ ကြားမှု = သောတဝိညာဏ်ကို (ပ)၊ နံမှု = ဃာနဝိညာဏ်ကို (ပ)၊ လျက်မှု = ဇိဝှါဝိညာဏ်ကို (ပ)၊ ထိမှု = ကာယဝိညာဏ်ကို (ပ)၊ သိမှု = မနောဝိညာဏ်ကို အစွဲသုံးပါးတို့ဖြင့် မစွဲယူမိအောင်, ငါ၏စိတ်သည်လည်း သိမှု = မနောဝိညာဏ်၌ (သိမ်မွေ့သော နိကန္တိတဏှာဖြင့်) မှီတွယ်သည် မဖြစ်အောင်”ဟု ဤကဲ့သို့ မွန်မြတ်သော ရည်ရွယ်ချက်ဖြင့်



၁၆၁

သိက္ခာသုံးပါး ကျင့်တရားကို ပွါးများကြိုးကုတ် အားထုတ်ရမည် (၃)။

     သူဌေး.. ထို့ကြောင့် သင်သည် ဤသို့ ကျင့်ရမည် “ငါသည် မျက်စိအတွေ့ = စက္ခုသမ္ဖဿကို (ပ)၊ နားအတွေ့= သောတသမ္ဖဿကို (ပ)၊ နှာခေါင်းအတွေ့ = ဃာနသမ္ဖဿကို (ပ)၊ လျှာအတွေ့ = ဇိဝှါသမ္ဖဿကို (ပ)၊ ကိုယ်အတွေ့ = ကာယသမ္ဖဿကို (ပ)၊ စိတ်အတွေ့= မနောသမ္ဖဿကို အစွဲသုံးပါးတို့ဖြင့် မစွဲယူမိအောင်, ငါ၏စိတ်သည်လည်း စိတ်အတွေ့= မနောသမ္ဖဿ၌ (သိမ်မွေ့သော နိကန္တိတဏှာဖြင့်) မှီတွယ်သည် မဖြစ်အောင်”ဟု ဤကဲ့သို့ မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် သိက္ခာသုံးပါး ကျင့်တရားကို ပွါးများကြိုးကုတ် အားထုတ်ရမည် (၄)။

     သူဌေး.. ထို့ကြောင့် သင်သည် ဤသို့ ကျင့်ရမည် “ငါသည် မျက်စိအတွေ့ကြောင့်ဖြစ်သော ခံစားမှု = ဝေဒနာကို (ပ)၊ နားအတွေ့ကြောင့်ဖြစ်သော ခံစားမှု = ဝေဒနာကို (ပ)၊ နှာခေါင်း အတွေ့ကြောင့်ဖြစ်သော ခံစားမှု=ဝေဒနာကို (ပ)၊ လျှာအတွေ့ကြောင့်ဖြစ်သော ခံစားမှု = ဝေဒနာကို (ပ)၊ ကိုယ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု = ဝေဒနာကို (ပ)၊ စိတ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု = ဝေဒနာကို အစွဲသုံးပါးတို့ဖြင့် မစွဲယူမိအောင်, ငါ၏စိတ်သည်လည်း စိတ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု = ဝေဒနာ၌ (သိမ်မွေ့သော နိကန္တိတဏှာဖြင့်) မှီတွယ်သည် မဖြစ်အောင်”ဟု ဤကဲ့သို့ မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် သိက္ခာသုံးပါး ကျင့်တရားကို ပွါးများကြိုးကုတ် အားထုတ်ရမည် (၅)။

     သူဌေး.. ထို့ကြောင့် သင်သည် ဤသို့ ကျင့်ရမည် “ငါသည် ပထဝီဓာတ်ကို (ပ)၊ အာပေါဓာတ်ကို (ပ)၊ တေဇောဓာတ်ကို (ပ)၊ ဝါယောဓာတ်ကို (ပ)၊ အာကာသဓာတ်ကို (ပ)၊ ဝိညာဏဓာတ်ကို အစွဲသုံးပါးတို့ဖြင့် မစွဲယူမိအောင်, ငါ၏စိတ်သည်လည်း ဝိညာဏဓာတ်၌ (သိမ်မွေ့သော နိကန္တိတဏှာဖြင့်) မှီတွယ်သည် မဖြစ်အောင်”ဟု ဤကဲ့သို့ မွန်မြတ်သော ရည်ရွယ်ချက်ဖြင့်



၁၆၂

သိက္ခာသုံးပါး ကျင့်တရားကို ပွါးများကြိုးကုတ် အားထုတ်ရမည် (၆)။

     သူဌေး.. ထို့ကြောင့် သင်သည် ဤသို့ ကျင့်ရမည် “ငါသည် ရုပ်ကို (ပ)၊ ဝေဒနာကို (ပ)၊ သညာကို (ပ)၊ သင်္ခါရတို့ကို (ပ)၊ ဝိညာဏ်ကို အစွဲသုံးပါးတို့ဖြင့် မစွဲယူမိအောင်, ငါ၏စိတ်သည်လည်း ဝိညာဏ်၌ (သိမ်မွေ့သော နိကန္တိတဏှာဖြင့်) မှီတွယ်သည် မဖြစ်အောင်”ဟု ဤကဲ့သို့ မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် သိက္ခာသုံးပါး ကျင့်တရားကို ပွါးများကြိုးကုတ် အားထုတ်ရမည် (၇)။

     သူဌေး.. ထို့ကြောင့် သင်သည် ဤသို့ ကျင့်ရမည် “ငါသည် အာကာသာနဉ္စာယတနဈာန်ကို (ပ)၊ ဝိညာဏဉ္စာယတနဈာန်ကို (ပ)၊ အာကိဉ္စညာယတနဈာန်ကို (ပ)၊ နေဝသညာနာသညာယတနဈာန်ကို အစွဲသုံးပါးတို့ဖြင့် မစွဲယူမိအောင်, ငါ၏စိတ်သည်လည်း နေဝသညာနာသညယတနဈာန်၌ (သိမ်မွေ့သော နိကန္တိတဏှာဖြင့်) မှီတွယ်သည် မဖြစ်အောင်”ဟု ဤကဲ့သို့ မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် သိက္ခာသုံးပါး ကျင့်တရားကို ပွါးများကြိုးကုတ် အားထုတ်ရမည် (၈)။

     သူဌေး.. ထို့ကြောင့် သင်သည် ဤသို့ ကျင့်ရမည် “ငါသည် ဤမျက်မှောက်လောကကို အစွဲသုံးပါးတို့ဖြင့် မစွဲယူမိအောင်, ငါ၏ စိတ်သည်လည်း ဤမျက်မှောက်လောက၌ (သိမ်မွေ့သော နိကန္တိတဏှာဖြင့်) မှီတွယ်သည် မဖြစ်အောင်”ဟု ဤကဲ့သို့ မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် သိက္ခာသုံးပါး ကျင့်တရားကို ပွါးများကြိုးကုတ် အားထုတ်ရမည်။

     သူဌေး.. ထို့ကြောင့် သင်သည် ဤသို့ ကျင့်ရမည် “ငါသည် တမလွန်လောကကို အစွဲသုံးပါးတို့ဖြင့် မစွဲယူမိအောင်, ငါ၏ စိတ်သည်လည်း တမလွန်လောက၌ (သိမ်မွေ့သော နိကန္တိတဏှာဖြင့်) မှီတွယ်သည် မဖြစ် အောင် = မမှီတွယ်အောင်”ဟု ဤကဲ့သို့ မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် သိက္ခာသုံးပါး ကျင့်တရားကို ပွါးများကြိုးကုတ် အားထုတ်ရမည်။

(ဤ၌။ ။ပဌမဝါရ, ဒုတိယဝါရ-စသော ရှေးဝါရတို့ဖြင့် သတ္တလောကကို ဟောအပ်ပြီး ဖြစ်သောကြောင့် မျက်မှောက်လောကအရ



၁၆၃

ယခုဘဝ ရရှိနေသည့် နေအိမ်, အဝတ်, အစား အသုံးအဆောင်-စသော သင်္ခါရလောကကို ဆိုလိုရင်း ဟောလိုရင်း ဖြစ်၏။ လူ့ပြည်လောကမှ ကျန်သမျှကို တမလွန်လောကအရ ကောက်ယူရာ၏၊ ထိုတမလွန် လောကဝါရကို “ငါသည် ဤမည်သော နတ်ပြည်၌ဖြစ်၍ ဤမည်သော ဌာန၌ ဖြစ်ရပါစေ၊ ဤမည်သော ခဲဖွယ်ကို ဘောဇဉ်ကို အဝတ်ကို ခဲရပါစေ, စားရပါစေ, ဝတ်ရပါစေ (ဝါ) ဝတ်ရပါလို၏”ဟု ဤကဲ့သို့ တောင့်တမှု တဏှာတရား သူဌေးကြီးသန္တာန်၌ မဖြစ်ပွါးစေရန် ပယ်ရှားစေရန် မထေရ်မြတ်သည် ဟောကြား တော်မူအပ်၏)။

     သူဌေး.. ထို့ကြောင့် သင်သည် ဤသို့ ကျင့်ရမည် “ငါသည် မြင်ရ, ကြားရ, တွေ့ရ, သိရ, ရောက်ရ, ရှာမှီးရ, အဖန်ဖန်ရှာမှီးရ, စိတ်ဖြင့် လေ့လာရသော အာရုံအလုံးစုံကို အစွဲသုံးပါးတို့ဖြင့် မစွဲယူမိအောင်, ငါ၏ စိတ်သည်လည်း ထိုမြင်ရ, ကြားရ, တွေ့ရ, သိရ, ရောက်ရ, ရှာမှီးရ, အဖန်ဖန်ရှာမှီးရ, စိတ်ဖြင့် လေ့လာရသောအာရုံအလုံးစုံ၌ (သိမ်မွေ့သော နိကန္တိတဏှာဖြင့်) မှီတွယ်သည် မဖြစ်အောင် = မမှီတွယ်အောင်”ဟု ဤကဲ့သို့ မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် သိက္ခာသုံးပါး ကျင့်တရားကို ပွါးများကြိုးကုတ် အားထုတ်ရမည် (၉)-

ဟု အရှင်သာရိပုတ္တရာသည် အနာထပိဏ်သူဌေးကြီးအား ဝါရပေါင်း (၉) ကိုးဝါရတို့ဖြင့် တန်းဆာဆင်လျက် အကျယ်တဝင့် တရားဟောတော်မူလေ၏။ (ဤ၌- အရဟတ္တဖိုလ်သို့ ရောက်လျှင် အစွဲသုံးပါး အမြစ်ပြတ်ပြုတ်လေတော့၏။ ဒိဋ္ဌိစွဲမှာ သောတာပတ္တိမဂ် ခဏကပင် ပြုတ်လေတော့သည်။ ထို့ကြောင့် “အစွဲသုံးပါးဖြင့် မစွဲယူမိအောင် ကျင့်ရမည်”ဟု ဟောတော်မူသဖြင့် အရဟတ္တဖိုလ်ပေါက် ကျင့်ရမည်ဟု ဟောဆိုခြင်းကိစ္စ ပြီးလေရကား အရှင်သာရိပုတ္တရာ မထေရ်သည် အနာထပိဏ်သူဌေးကြီးအား ဒွါရ, အာရုံ, ဝိညာဏ်, ဖဿ, ဝေဒနာ, ဓာတ်, ခန္ဓာ, အရူပဈာန်, သဗ္ဗဓမ္မ တည်းဟူသော (၉)ကိုးဝါရတို့ဖြင့် အရဟတ္တဖိုလ် အထွတ်တပ်ကာ သုညတသဘောကို အကျယ် ဟောတော်မူလေသည်)။

     ဤသို့ အရှင်သာရိပုတ္တရာ မထေရ်မြတ် တရားဟောအပ်ပြီးသည်ရှိသော် အနာထပိဏ်သူဌေးကြီးသည် သည်းစွာ ငိုကြွေးလေ၏။



၁၆၄

ထိုအခါ အရှင်အာနန္ဒာနှင့် အနာထပိဏ်သူဌေးကြီးတို့ အတုံ့အလှယ် ပြောဆိုကြသည်မှာ-

(အရှင်အာနန္ဒာ)

သူဌေး.. သင်သည် စည်းစိမ်တို့၌ ငြိကပ်သလော၊ သူဌေး.. သင်သည် ကုသိုလ်တို့၌ ဆုတ်နစ်သလော။

(အနာထပိဏ်သူဌေး)

အရှင်ဘုရားအာနန္ဒာ.. တပည့်တော်သည် စည်းစိမ်တို့၌ မငြိကပ်ပါ၊ ကုသိုလ်တို့၌လည်း မဆုတ်နစ်ပါ။ စင်စစ်သော်ကား တပည့်တော်သည် ကာလရှည်မြင့်စွာ မြတ်စွာဘုရားကိုလည်း ဆည်းကပ်ခဲ့ပါ၏၊ စိတ်နှလုံးကို ပွါးတိုး = စိုပြေစေတတ်သည့် = မနောဘာဝနီယ ရဟန်းတို့ကိုလည်း ဆည်းကပ်ခဲ့ပါ၏။ သို့သော်လည်း တပည့်တော်သည် ဤသို့သဘောရှိသော တရားစကားကို မကြားနာရစဘူးပါ။

(အရှင်အာနန္ဒာ)

သူဌေး.. အဝတ်ဖြူဝတ်သူ လူတို့အဖို့ရာ ဤသို့သဘောရှိသော တရားစကားသည် မထင်နိုင် (=သူဌေး.. လူတို့အဖို့ရာ လယ်မြေ, ယာမြေ, ငွေ, ရွှေ, ကျွန်မိန်းမ, ကျွန်ယောက်ျား, သား, မယား- စသည်တို့၌ တွယ်တာမှု တပ်နှစ်သက်မှု ပြင်းထန်လှဘိ၏၊ ထိုလူတို့အဖို့ရာ “ဤလယ်မြေ, ယာမြေ- စသည်တို့၌ တွယ်တာမှုကို မပြုသင့်၊ တပ်မက်မှုကို မပြုသင့်” ဤသို့စသော တရားစကားသည် မထင်နိုင် = ဤတရားစကားမျိုးကို မနှစ်သက်နိုင်-ဟု ဆိုလိုသည်)၊ သူဌေး.. ရဟန်းတို့အဖို့ရာသာလျှင် ဤသို့ သဘောရှိသော တရားစကားသည် ထင်နိုင်၏ = ဤသို့သဘောရှိသော တရားစကားကို နှစ်သက်နိုင်၏။

(အနာထပိဏ်သူဌေး)

အရှင်ဘုရား သာရိပုတ္တရာ.. တပည့်တော် တောင်းပန် တိုက်တွန်းပါရစေ၊ အဝတ်ဖြူ ဝတ်သူ လူတို့အဖို့ရာလည်း ဤသို့သဘောရှိသော တရားစကားကို ထင်ပါစေ (=ဤသို့သော တရားမျိုးကို



၁၆၅

လူတို့အားလည်း ဟောကြားတော်မူပါ-ဟု ဆိုလိုသည်)၊ အရှင်ဘုရား.. ဉာဏ်ပညာမျက်စိဝယ် ကိလေသာမြူမှုန် နည်းပါးသော သဘောရှိကုန်သော အမျိုးကောင်းသားတို့သည် များစွာရှိကြပါကုန်သည်၊ ထိုသူတို့အဖို့ရာ တရားမနာရခြင်းကြောင့် လောကုတ္တရာတရားမှ ဆုံးရှုံးနစ်နာကြရပါကုန်၏။ အရှင်ဘုရားတို့ ဟောကြားလျှင် တရားတော်ကို အရဟတ္တဖိုလ်ရောက် အသိဉာဏ်ပေါက်ကြမည့် သူများလည်း ထင်ရှားဖြစ်ပေါ်လာကြပါလိမ့်မည်။ ။ဤကား အတုံ့အလှယ် ပြောဆိုကြပုံတည်း။

(ဤ၌။ ။အနာထပိဏ်သူဌေးကြီးက “တပည့်တော်သည် မြတ်စွာဘုရား၏ အထံတော်မှလည်း ဤသို့ သဘောရှိသော တရားစကားကို မကြားနာရစဘူးပါ”ဟု လျှောက်ဆို၏၊ မြတ်စွာဘုရားရှင်က အနာထပိဏ်သူဌေးကို ဤသို့သဘောရှိသည့် သိမ်မွေ့နက်နဲသော တရားစကားကို မဟောကြားဘူးလော-ဟု မေးဖွယ်ရှိ၏။ အဖြေကား- မဟောသည် မဟုတ် = ဟောပါ၏။ သို့သော်လည်း ဤယခု အနာထပိဏ္ဍိကောဝါဒသုတ္တန်လာအတိုင်း ဒွါရ ၆-ပါး, အာရုံ ၆-ပါး, ဝိညာဏ် ၆-ပါး, ဖဿ ၆-ပါး, ဝေဒနာ ၆-ပါး, ဓာတ် ၆-ပါး, ခန္ဓာ ၅-ပါး, အရူပ ဈာန်လေးပါး, ဤပစ္စုပ္ပန်လောကနှင့် တမလွန်လောကတို့ကို သူ့ဝါရနှင့်သူ အသေးစိတ်ဖော်ပြလျက် မြင်အပ်, ကြားအပ်, ရောက်အပ်, သိအပ်သော တရားအလုံးစုံတို့၏ အစွမ်းဖြင့် အရဟတ္တဖိုလ်၌ ထည့်ကာ ထည့်ကာ ဟောကြားအပ်သော တရားစကားကိုကား ဤအနာထပိဏ်သူဌေးကြီးသည် ရှေးက မကြားအပ်စဘူး၊ ထို့ကြောင့် ဤကဲ့သို့ လျှောက်ဆိုလေသည်။

တနည်းကား- ဤကျောင်းဒကာကြီးသည် ဒါနကောင်းမှု၌ စိတ်အလွန်ညွတ်ကိုင်းသူ, ဒါနကောင်းမှု၌ အလွန်မွေ့လျော်သူ ဖြစ်ရကား ဘုရားရှင်နှင့် မနောဘာဝနီယရဟန်းတို့ထံ သွားရောက်လျှင် လက်အချည်းနှီး တခါတခေါက်မျှ မသွားရောက်ဘူးချေ။ နံနက်အခါ ကျောင်းတော်သို့ သွားရောက်လျှင် ယာဂုခဲဖွယ်- စသည်တို့ကို ယူဆောင်စေ၍သာ သွားလေ့ရှိ၏။ နေလွဲအခါ ကျောင်းတော်သို့ သွားရောက်လျှင် ထောပတ် ပျား တင်လဲ-စသည်တို့ကို ယူဆောင်စေ၍သာ သွားလေ့ရှိ၏၊ မတတ်နိုင်သည့် အဆုံးဝယ် သဲနုနုကိုသော်လည်း မိမိ၏ အစေအပါးတို့ကို ယူဆောင်ခဲ့စေ၍ ဂန္ဓကုဋီကျောင်းတော် ပရိဝုဏ်အတွင်း၌



၁၆၆

ခင်းကျင်းကြဲဖြန့်စေလေသည်။ ကျောင်းတော်သို့ ရောက်လျှင်လည်း အလှူဒါနကို ပေးလှူပြီး သီလကို စောင့်ထိန်းပြီးလျှင် အိမ်သို့ ပြန်သွားလေ့ရှိသည်၊ ဤသည့် ကျောင်းဒကာ အနာထပိဏ် သူဌေးကြီးသည်ကား ဘုရားလောင်းကဲ့သို့သော ဖြစ်ရပ်အလားရှိသတဲ့။ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် နှစ်ဆယ့်လေးနှစ်ကြာ ကာလတို့ပတ်လုံး အနာထပိဏ်သူဌေးအား များသောအားဖြင့် “ဒါယကာ.. ဤဒါနကောင်းမှုမည်သည် ဘုရားအလောင်းတော်တို့၏ သွားရာလမ်းကြောင်းဖြစ်သည်။ ငါဘုရားသည် လေးအသင်္ချေ ကမ္ဘာတသိန်းကြာ ဒါနကောင်းမှုကို ပြုအပ်ခဲ့လေသည်။ သင်သည် ငါဘုရားလမ်းကြောင်းကို အစဉ်တစိုက် လိုက်ပါပေ၏” ဤသို့စသည်ဖြင့် ဒါနနှင့်စပ်သော တရားစကားကိုသာ ဟောကြားတော်မူ၏။ အရှင်သာရိပုတ္တရာ- အစရှိသော မဟာသာဝကကြီးတို့ကလည်း မိမိတို့ထံမှောက် ကျောင်းဒကာကြီး လာရောက်သောအခါ များသောအားဖြင့် ဒါနကထာတရားကိုသာ ဟောတော်မူကြလေသည်။ ထို့ကြောင့် “သူဌေး.. အဝတ်ဖြူဝတ်သူ လူတို့အဖို့ရာ ဤသို့သဘောရှိသော တရားစကားသည် (စိတ်၌ နှစ်နှစ်သက်သက်) မထင်နိုင်”ဟု အရှင်အာနန္ဒာမထေရ်က မိန့်ကြားတော်မူခြင်းဖြစ်လေသည်။

ဤအဖို့ရာဝယ် ဤသို့ဆိုသဖြင့် “မြတ်စွာဘုရားရှင်က အနာထပိဏ်သူဌေးအား မဂ်ဖိုလ်ရကြောင်း ဝိပဿနာတရားကို လုံးဝမဟောကြား”ဟု မမှတ်ယူရာ၊ ဤအနာထပိဏ္ဍိကောဝါဒသုတ္တန်၌လာသော အစီအစဉ်အတိုင်း (၉) ကိုးဝါရတို့ဖြင့် အကျယ် ဟောပြအပ်သည်ကိုသာ မနာဘူးလေသည်။ ဖြောင့်မှန်စွာ အရိယမဂ်သို့ရောက်ကြောင်း ဝိပဿနာအကျင့်ကိုကား ထိုသူဌေးကြီးသည် ကြားနာဘူးပေ၏၊ ထို့ကြောင့် ဥဇုမဂ္ဂါဝဟာ ဝိပဿနာ ဘဂဝတာ ပနဿ ကထိကပုဗ္ဗာ = စင်စစ်သော်ကား မြတ်စွာဘုရားသည် ဤသူဌေးကြီးအား ဖြောင့်မှန်စွာ အရိယမဂ်သို့ရောက်ကြောင်း ဝိပဿနာတရားကို ရှေးက ဟောအပ်ဘူးလေပြီ-ဟု ဤသုတ်အဖွင့် ဋီကာ၌ အထူးဖွင့်ပြအပ်လေပြီ။ ။ဤကား အထူးမှတ်ရန်တည်း)။

အနာထပိဏ်သူဌေးကြီး

တုသိတာနတ်ပြည်၌ နတ်သားဖြစ်ခြင်း

     ထိုအခါ အရှင်သာရိပုတ္တရာနှင့် အရှင်အာနန္ဒာတို့သည် အနာထပိဏ်သူဌေးကို ဤအဆုံးအမဖြင့် ဆုံးမတော်မူကြ၍ နေရာမှထကာ ဖဲသွားတော်မူကြလေကုန်၏။ ထို့နောက်



၁၆၇

အနာထပိဏ်သူဌေးသည် အရှင်နှစ်ပါး ကြွသွား၍ မကြာမြင့်မီပင် စုတေကွယ်လွန်၍ တုသိတာနတ်ပြည်၌ ဖြစ်လေ၏။

ထိုအခါ အနာထပိဏ္ဍိကနတ်သားသည် သန်းခေါင်ယံအချိန်၌ မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ လာရောက်ရှိခိုးကာ အပြစ်လွတ်ရာအရပ်၌ ရပ်တည်လျက် မြတ်စွာဘုရားရှင်ကို ဤဆိုလတ္တံ့သော ဂါထာတို့ဖြင့် လျှောက်ထားလေ၏-

(ဤ၌ ဂါထာတို့ကို နောက်မှဆက်၍ ဖော်ပြပေအံ့၊ အထူးမှတ်ဖွယ်ကို ရှေးဦးစွာ ဖော်ပြလိုသည်မှာ- “အဘယ့်ကြောင့် အနာထပိဏ္ဍိက နတ်သားသည် ဘုရားထံတော်မှောက်သို့ လာရောက်သနည်း”ဟု မေးဖွယ်ရှိ၏။ အဖြေကား- တုသိတာနတ်ပြည်၌ ဖြစ်လျှင်ဖြစ်ခြင်းပင် သုံးဂါဝုတ်မျှ ပမာဏရှိသည့် ရွှေတုံးရွှေစိုင်ပမာ တောက်ပစွာသော နတ်၏ ကိုယ်ခန္ဓာ အတ္တဘောနှင့် နတ်ဥယျာဉ်, ဗိမာန်, ပဒေသာပင် အစရှိသော နတ်စည်းစိမ်တို့ကို မြင်ရလျှင် အနာထပိဏ္ဍိက နတ်သား၏ စိတ်သန္တာန်၌ “ငါ၏ ဤစည်းစိမ်ကား ကြီးကျယ်လှဘိ၏။ ငါသည် လူ့ပြည် လူ့လမ်းကြောင်း၌ အဘယ်ကောင်းမှုကိုများ ပြုအပ်ခဲ့လေသနည်း”ဟု အကြံဖြစ်ကာ ဉာဏ်ပညာဖြင့် ဆင်ခြင် ကြည့်ရှုလေသော် ရတနာသုံးပါးတို့၌ အဓိကာရ ကောင်းမှုပြုခဲ့သည့် ကုသိုလ်ကို မြင်လတ်၍ “ဤနတ်အဖြစ်မည်သည် မေ့လျော့ရာဌာန ဖြစ်၏။ မှန်၏- ဤနတ်စည်းစိမ်ဖြင့် ဝမ်းမြောက်ရွှင်ပျော် မွေ့လျော်သော ငါ့အဖို့ရာ သတိမေ့ပျောက်ခြင်းသည်လည်း ဖြစ်နိုင်၏၊ ငါသည် ယခုပင် သွားရောက်၍ ငါဆောက်လှူသည့် ဇေတဝန်ကျောင်းတိုက်ကြီး, ရဟန်းသံဃာတော်, မြတ်စွာဘုရား, အရိယမဂ်, အရှင်သာရိပုတ္တရာမထေရ်တို့၏ ဂုဏ်ကျေးဇူးကို ချီးကျူး လျှောက်ထားပြီးလျှင် လူ့ပြည်က ပြန်လာသောအခါမှ ဤနတ်စည်းစိမ်ကို သုံးဆောင်ခံစားပေအံ့”ဟု ကြံစည်မိလေသည်။ ထို့ကြောင့် အနာထပိဏ္ဍိကနတ်သားသည် ဘုရားထံတော်မှောက်သို့ လာရောက်လေသည်။ ဤကား အဖြေတည်း)။

အနာထပိဏ္ဍိကနတ်သား လျှောက်ထားသော ၄-ဂါထာ

ဣဒံ ဟိ တံ ဇေတဝနံ၊ ဣသိသံဃနိသေဝိတံ။

အာဝုတ္ထံ ဓမ္မရာဇေန၊ ပီတိသဉ္ဇနနံ မမ။

ဘန္တေ = ဘုန်းတော်ကြီးသော မြတ်စွာဘုရား..။ ဣဒံ တံ ဇေတ၀နံ = ဇေတဝန်ခေါ် ဤကျောင်းတိုက်တော်သည်။



၁၆၈

ဣသိသံဃနိသေဝိတံ = သီလက္ခန္ဓ စသည်ကျေးဇူး ဂုဏ်အထူးကို ဆည်းပူးရှာမှီး လေ့ကျက်ပြီး, လေ့ကျက်ဆဲ ရှိကြသည့် အရိယသံဃာ ပုထုဇန်သံဃာတို့ မကွာနေ့ည နိစ္စအမြဲ မှီဝဲနေထိုင်ရာလည်း ဖြစ်ပါပေ၏။ ဓမ္မရာဇေန = ဓမ္မရာဇ်မှန်ကင်း တရားမင်းဘုရားသည်။ အာဝုတ္ထံ = အမြိုက်အောင်ပွဲ ဆင်ယင်နွှဲလျက် အမြဲနေထိုင်တော်မူရာလည်း ဖြစ်ပါပေ၏။ (တသ္မာ = ထို့ကြောင့်)။ မမ = အနာထပိဏ္ဍိက နာမတွင်ခေါ် တပည့်တော်၏။ ပီတိသဉ္ဇနနံ = နှစ်သိမ့်ခြင်း = ပီတိတရားကို အမြဲတမ်း ဖြစ်ပွါးစေပါ၏ဘုရား။

(ဤ၌။ ။ဇေတဝန်ကျောင်းတိုက်တော်မှာ ဂန္ဓကုဋီကျောင်းတော်, လေးထောင့်ပြာသာဒ်, အပြောက်ချယ်သော ကျောင်းဆောင်တော်များ စသည်အားဖြင့်၎င်း၊ သစ်ပင်, နွယ်ပင်, ပန်းပင်- စသည်အားဖြင့်၎င်း၊ နေစရာ ထိုင်စရာအားဖြင့်၎င်း အခြားတပါးသော အရာမ်တို့နှင့် မတူသည့် မွေ့လျော်ဖွယ်တို့ကား များလှစွာ၏၊ သို့သော် ထိုမွေ့လျော်ဖွယ်များမှာ အာရုံငါးပါး ကာမတရား၌မှီသော မွေ့လျော်ဖွယ်များ ဖြစ်ခြင်းကြောင့် ဘုရားမြတ်စွာ အရိယာသံဃာတို့၏ နေထိုင်ရာဖြစ်ခြင်းကဲ့သို့ အရိယာသာဝကတို့ စိတ်နှလုံးကို မနှစ်သိမ့်စေနိုင်၊ အရိယာသံဃာတို့၏ နေထိုင်ရာဖြစ်ခြင်းကသာလျှင် အနာထပိဏ်တို့လို အရိယာသာဝကတို့၏ စိတ်နှလုံးကို ပိုလွန်၍ နှစ်သိမ့်စေနိုင်သည်။ ထို့ကြောင့် ဘုရားမြတ်နှင့် အရိယာသံဃာတို့၏ နေထိုင်ရာဖြစ်ခြင်း တည်းဟူသော ဂုဏ်ဖြင့် ဇေတဝန်ကျောင်းတိုက်တော်ကို ချီးကျူးဖွဲ့ဆိုလေသည်)။

ကမ္မံ ဝိဇ္ဇာ စ ဓမ္မော စ၊ သီလံ ဇီဝိတမုတ္တမံ။

‌ဧတေန မစ္စာ သုဇ္ဈန္တိ၊ န ဂေါတ္တန ဓနေန ဝါ။

ကမ္မံ = မဂ်၌ယှဉ်သော စေတနာ၎င်း။ ဝိဇ္ဇာ စ = အရိယမဂ်၌ပါသည့် သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ မဂ္ဂင်နှစ်ပါး၎င်း။ ဓမ္မော စ = အရိယမဂ်၌ပါသည့် သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ မဂ္ဂင်သုံးပါး၎င်း။ သီလဉ္စ = အရိယမဂ်၌ပါသည့် သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ မဂ္ဂင်သုံးပါး၎င်း။



၁၆၉

(ဧတသ္မိံ သီလေ ပတိဋ္ဌိတဿ = ဤအရိယမဂ်သီလ၌ တည်ပြီးသောသူ၏)။ ဥတ္တမံ = အတုမရှိ လွန်မြတ်ဘိသော။ ဇီဝိတံ = အပြစ်လွတ်ကင်း အသက်မွေးခြင်း၎င်း။ ဧတေန = ဤမဂ္ဂင်ရှစ်ပါး အကျင့်တရားဖြင့်။ မစ္စာ = သတ္တဝါတို့သည်။ သုဇ္ဈန္တိ = ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်ကုန်၏။ ဂေါတ္တန ဝါ = အနွယ်ဖြင့်၎င်း။ ဓနေန = ဥစ္စာဖြင့်၎င်း။ န သုဇ္ဈန္တိ = ကိလေသာ အညစ်အကြေးတို့မှ မကင်းဝေး မစင်ကြယ်နိုင်ကြကုန်။

(ဤဂါထာဖြင့် အရိယမဂ်၏ ဂုဏ်ကျေးဇူးကို ချီးကျူးဖွဲ့ဆိုလေသည်။)

တသ္မာ ဟိ ပဏ္ဍိတော ပေါသော၊ သမ္ပဿံ အတ္ထမတ္တနော။

ယောနိသော ဝိစိနေ ဓမ္မံ၊ ဧဝံ တတ္ထ ဝိသုဇ္ဈတိ။

တသ္မာ ဟိ-တသ္မာ ဧဝ = ထိုသို့ အနွယ်,ဥစ္စာဖြင့် ကိလေသာတို့မှ မစင်ကြယ်နိုင်, အဋ္ဌင်္ဂိကမဂ်ဖြင့်သာ ကိလေသာတို့မှ စင်ကြယ်နိုင်သောကြောင့်သာလျှင်။ အတ္တနော = မိမိ၏။ အတ္ထံ = နိဗ္ဗာန်တိုင်ပွါးတိုး ကောင်းမြတ်သောအကျိုးကို။ သမ္ပဿံ- သမ္ပဿန္တော = ကောင်းစွာဆင်ခြင် မြော်သိမြင်သော။ ပဏ္ဍိတော ပေါသော = အမျိုးကောင်းသား ပညာရှိ မင်းယောက်ျားသည်။ ယောနိသော = မဂ်ကိုပွါးကြောင်း ဥပါယ်ကောင်းဖြင့်။ ဓမ္မံ = ဥပါဒါနက္ခန္ဓာငါးပါး တရားအစုကို။ ဝိစိနေ = အနိစ္စ, ဒုက္ခ, အနတ္တဟု လက္ခဏာယာဉ် သုံးချက်တင်၍ ဆင်ခြင်သမှု ဝိပဿနာရှုရာ၏။ ဧဝံ = ဤသို့ ရှုသည်ရှိသော်။ တတ္ထ = ထိုဥပါဒါနက္ခန္ဓာ အဦးဖြာသည့် သစ္စာလေးပါး တရားအစု တည်းဟူသော အာရုံအကြောင်းနိမိတ်ကြောင့်။ ဝိသုဇ္ဈတိ = ပဋိဝေဓဉာဏ်သက်ဝင် ကိလေသာတို့မှ စင်ကြယ်နိုင်၏။

(ဤ၌။ ။ပညာရှိသည် ဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားအစုကို ဝိပဿနာရှုရမည်၊ ထိုသို့ ရှုသဖြင့် ဝိပဿနာဉာဏ် အထွတ်အထိပ်သို့ ရောက်သောအခါ မဂ်ဉာဏ်ပေါ်၍ ဒုက္ခသစ္စာကို ပရိညာပဋိဝေဓဖြင့်၎င်း, သမုဒယသစ္စာကို ပဟာနပဋိဝေဓဖြင့်၎င်း, နိရောဓသစ္စာကို



၁၇၀

သစ္ဆိကိရိယာပဋိဝေဓဖြင့်၎င်း, မဂ္ဂသစ္စာကို ဘာဝနာပဋိဝေဓဖြင့်၎င်း ထိုးထွင်းကာသိ၍ ကိလေသာတို့မှ အပြီးတိုင် လွတ်မြောက်စင်ကြယ်၏ဟု ဆိုလိုရင်းဖြစ်သည်။ ။ဤဂါထာဖြင့် ဝိပဿနာဉာဏ် အရိယမဂ်ဉာဏ်တို့၏ ဂုဏ်ကျေးဇူးကို ချီးကျူး ဖွဲ့ဆိုလေသည်)။

သာရိပုတ္တောဝ ပညာယ၊ သီလေန ဥပသမေန စ။

ယောပိ ပါရင်္ဂတော ဘိက္ခု၊ ဧတာဝပရမော သိယာ။

ယောပိ ဘိက္ခု = အမှတ်မထင် အကြင် ရဟန်းသည်လည်း။ ပါရင်္ဂတော = သံသရာတဖက်ကမ်း နိဗ္ဗာန်နန်းသို့ ကူးသန်းထုတ်ချောက် ရောက်ဆိုက်ပေ၏။ သောပိ = ထိုရဟန်းသည်လည်း။ ဧတာဝပရမော = ဤနိဗ္ဗာန်ထုတ်ချောက် ရောက်ရခြင်းလျှင် လွန်သော မြတ်သော အပိုင်းအခြားရှိသည်။ သိယာ = ဖြစ်၏။ သီလေန = သီလဂုဏ်ကျေးဇူးဖြင့်၎င်း။ ပညာယ = ပညာဂုဏ်ကျေးဇူးဖြင့်၎င်း။ ဥပသမေန စ = ကိလေသာငြိမ်းခြင်း ဂုဏ်ဖြင့်၎င်း။ သာရိပုတ္တောဝ = သာဝကများစွာ ထေရ်သံဃာတွင် ပညာဧတဒဂ်ရ သာရိပုတ္တမထေရ်သည်သာလျှင်။ သေယျော = အထူးသဖြင့် ချီးမွမ်းအပ် မြတ်တော်မူပါပေ၏။

(ဤဂါထာဖြင့် အရှင်သာရိပုတ္တရာမထေရ်၏ ဂုဏ်ကျေးဇူးကို ချီးကျူးဖွဲ့ဆိုလေသည်။)

     အနာထပိဏ္ဍိက နတ်သားသည် ဤ၄-ဂါထာကို လျှောက်ထားလေ၏၊ မြတ်စွာဘုရားသည် အနာထပိဏ္ဍိကနတ်သား လျှောက်ထားချက်ကို (မဟန့်မတား) ခွင့်ပြုတော်မူ၏။ ထိုအခါ အနာထပိဏ္ဍိက နတ်သားသည် “ငါ၏ လျှောက်ထားချက်ကို မြတ်စွာဘုရားသည် မဟန့်မတား ခွင့်ပြုတော်မူ၏”ဟု အောက်မေ့ ဝမ်းမြောက်ကာ မြတ်စွာဘုရားရှင်ကို ရှိခိုး အရိုအသေပြုပြီးနောက် ထိုအရပ်မှာပင် ကွယ်ပျောက်လေ၏။

     ထိုနောက် မြတ်စွာဘုရားသည် ထိုညဉ့်လွန်မြောက် နောက်တနေ့ ရောက်သောအခါ ရဟန်းတို့ကို “ရဟန်းတို့.. ဤညဉ့်၌



၁၇၁

နတ်သားတဦးသည် သန်းခေါင်ယံအချိန်၌ ငါဘုရားထံမှောက်သို့ လာရောက်ရှိခိုးလျက် အပြစ်လွတ်ရာအရပ်၌ ရပ်တည်ပြီးလျှင် ငါဘုရားကို ဤဂါထာတို့ဖြင့် လျှောက်ဆို၏”ဟု မိန့်တော်မူ၍ အနာထပိဏ္ဍိကနတ်သား လျှောက်ထားသည့် ၄-ဂါထာတို့ကို ရဟန်းတို့အား တဖန်ပြန်၍ ဟောကြားတော်မူပြန်လေ၏။

(ဤ၌။ ။မည်သည့်နတ်သားဟူ၍ နတ်သား၏အမည်ကို ဖော်ထုတ်၍ မိန့်တော်မမူခြင်းမှာ အရှင်အာနန္ဒာမထေရ်၏ အနုမာနဉာဏ်အစွမ်းကို ထင်ရှားစေလိုတော်မူသောကြောင့် ဖြစ်သည်)။

     ထို့ကြောင့်ပင် မြတ်စွာဘုရား မိန့်ကြားတော်မူချက် ပြီးဆုံးသောအခါ အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်ကို အချိန်မဆိုင်းပဲ “မြတ်စွာဘုရား.. ထိုနတ်သားသည် ဧကန်ပင် အနာထပိဏ္ဍိကနတ်သား ဖြစ်ပါလိမ့်မည်၊ မြတ်စွာဘုရား.. အနာထပိဏ်သူဌေးသည် အရှင်သာရိပုတ္တရာ၌ အလွန်ကြည်ညိုသူ ဖြစ်ပါ၏ဘုရား”ဟု လျှောက်ထားလေသည်။ ထိုအခါ မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာမထေရ်ကို “အာနန္ဒာ.. ကောင်းပေစွာ့ ကောင်းပေစွာ့၊ အာနန္ဒာ.. ကြံစည်တွေးဆခြင်းဖြင့် ရောက်သင့်ရောက်ထိုက်သော အရာမှန်သမျှသို့ သင်ချစ်သား ရောက်ပေ၏။ အာနန္ဒာ.. ထိုနတ်သားသည် အနာထပိဏ္ဍိက နတ်သားပင်တည်း”ဟု မိန့်တော်မူလေ၏။

ဤကား အနာထပိဏ်သူဌေး အကြောင်းတည်း။

**********