အဏ္ဍဘူတဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၆၂။ အဏ္ဍဘူတဇာတ်

ဧကကနိပါတ်-ဣတ္ထိဝဂ်

၂။ အဏ္ဍဘူတဇာတ်

မိန်းမတို့ကိုစောင့်ရှောက်ထိန်းသိမ်း၍ မလုံနိုင်သောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်ယံ ဗြာဟ္မဏာ အဝါဒေသိအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအဏ္ဍဘူတဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် သာသနာတော်၌ ငြီးငွေ့သောရဟန်းကိုပင် အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း သင်သည် သာသနာတော်၌ ငြီးငွေ့ သတတ်ဟူသည် မှန်သလောဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်သည် ရှိသော် ရဟန်း မိန်းမတို့သည်ကား စောင့်ရှောက်ခြင်းငှာ မတတ်နိုင်ကုန်၊ ရှေးပညာရှိတို့သည် မိန်းမကို အမိဝမ်းခေါင်းအောင်းသောအခါမှစ၍ စောင့်ရှောက်သော်လည်း စောင့်ရှောက်ခြင်းငှါ မတတ်နိုင်ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည်မင်းပြုသည်ရှိသော် ဘုရားလောင်းသည် မိဖုယားကြီးဝမ်း၌ဖြစ်၍ အရွယ်သို့ရောက်၍ အလုံးစုံသော အတတ်တို့၌ အပြီးသို့ရောက်၍ အဘလွန်သဖြင့် မင်းအဖြစ်သို့ရောက်၍ တရားနှင့်အညီ မင်းပြု၏။ ထိုဘုရားလောင်း ဗြဟ္မဒတ်မင်းသည် ပုရောဟိတ်နှင့်အတူ ကြွေအန်ကစား၏။ ကစားလတ်သော်ကား-
သဗ္ဗာနဒီ ဝင်္ကဂတီ၊ သဗ္ဗေ ကဋ္ဌမယာ ဝနာ။
သဗ္ဗတ္ထိယော ကရေ ပါပံ၊ လဘမာနေ နိဝါတကေ။

သဗ္ဗာနဒီ၊ ခပ်သိမ်းသော မြစ်တို့သည်။ ဝင်္ကဂတီ၊ ကောက်သော အလားရှိကုန်၏။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဝနာ၊ တောတို့သည်။ ကဋ္ဌမယာ၊ ထင်းအတိသာဖြစ်ကုန်၏။ နိဝါတကေ၊ ဆိတ်ကွယ်ရာအရပ်ကို။ လဘမာနေ၊ ရသည်ရှိသော်။ သဗ္ဗတ္ထိယော၊ ခပ်သိမ်းသော မိန်းမတို့သည်။ ပါပံ၊ မကောင်းမှုကို။ ကရေ-ကရေယျ၊ ပြုကုန်ရာ၏။

ဤကြွေအန်သီချင်းကိုသီလျက် ပျဉ်၌ ရွှေဖြင့်ပြုအပ်သော အန်လက်တို့ကို ပစ်၏။ ဤသို့ ကစားသည်ရှိသော် မင်းသည်ကား အမြဲနိုင်၏။ ပုရောဟိတ်သည် ရှုံး၏။ ထိုပုရောဟိတ်သည် အစဉ်သဖြင့် အိမ်၌စည်းစိမ်ဥစ္စာကုန်လတ်သည်ရှိသော် ကြံ၏။ အဘယ်သို့ ကြံသနည်းဟူမူကား ဤသို့ဖြစ်သည်ရှိသော် ဤအိမ်၌ အလုံးစုံသော ဥစ္စာသည်ကုန်လတ္တံ့၊ ရှာ၍ ယောက်ျားတပါး မရောက်ဘူးသောမိန်းမကို အိမ်သူပြုအံ့ဟု ကြံ၏။ ထိုနောက်မှ ပုရောဟိတ်အား ဤသို့သော အကြံသည်ဖြစ်ပြန်၏။ တပါးသော ယောက်ျားကို မြင်ဘူးသောမိန်းမကို စောင့်ရှောက်ခြင်းငှါ မတတ်နိုင်လတ္တံ့၊ အမိဝမ်းခေါင်းအောင်းသောအခါမှစ၍ မိန်းမကို စောင့်ရှောက်၍ အရွယ်သို့ရောက်သောထိုမိန်းမကို မိမိအလို၌ တည်စေ၍ တယောက်တည်းသော ယောက်ျားရှိသည်ကိုပြု၍ မြဲစွာအစောင့်အရှောက်ကိုစီရင်၍ မင်းအိမ်၌ ဥစ္စာကိုဆောင်အံ့၊ ဤသို့အကြံသည် ဖြစ်၏။ ထိုပုရောဟိတ်ပုဏ္ဏားသည်လည်း ဣတ္ထိ ပုရိသလက္ခဏာကျမ်း၌ လိမ်မာ၏။ ထိုအခါ တယောက်သောကိုယ်ဝန်ဆောင်သော ဆင်းရဲသောမိန်းမကိုမြင်၍ သားမိန်းမဖွားလတ္တံ့သည်ကိုသိ၍ ထိုမိန်းမကိုခေါ်စေပြီးလျှင် ရိက္ခာပေး၍ အိမ်၌သာလျှင်နေစေလျက် ဖွားသောကာလ၌ ဥစ္စာကိုပေး၍ လွှတ်လိုက်၏။ ထိုသတိုးသ္မီးကို တပါးကုန်သောယောက်ျားတို့အား မြင်ခြင်းကိုမပေးမူ၍ မိန်းမတို့၏ လက်၌သာပေး၍ မွေးစေ၏။ အရွယ်သို့ ရောက်သောကာလ၌ ထိုသတိုးသ္မီးကို မိမိအလို၌ တည်စေ၍ အကြင်မျှလောက် ထိုသတိုးသ္မီးသည် မကြီးသေး၊ ထိုမျှလောက် မင်းနှင့်ကြွေအန်ကို မကစား၊ ထိုသတုးသ္မီးကိုကား မိမိအလို့၌တည်စေ၍ မြတ်သောမင်းကြီး ကြွေအန်ကစားကုန်အံ့ဟု ဆို၏။

မင်းကြီးသည် ကောင်းပြီဟု ရှေးနည်းဖြင့်သာ ကစား၏။ မင်းကြီးသည် ကြွေအန်သီချင်းကိုသီ၍ အန်လက်ကိုပစ်သော ကာလ၌ ပုရောဟိတ်သည် ဌပေတွာ မမ မာဏဝိကံဟု ဆို၏။ ထိုအခါမှစ၍ ပုရောဟိတ်သည် နိုင်၏။ မင်းကြီးသည် ရှုံး၏။ ဘုရားလောင်းသည် ဤပုဏ္ဏား၏ အိမ်၌ တယောက်တည်းသော ယောက်ျားရှိသော တယောက်သောမိန်းမရှိသည် ဖြစ်ရာ၏ဟု စုံစမ်းသည်ရှိသော် ရှိသောအဖြစ်ကိုသိ၍ မိန်းမ၏သီလကို ဖျက်ဆီးစေအံ့ဟု တယောက်သော သေသောက်ကြူးကို ခေါ်စေ၍ ပုရောဟိတ်မိန်းမ၏သီလကို ဖျက်ဆီးအံ့သောငှါ တတ်နိုင်လတ္တံ့လောဟု မေး၏။ ရှင်မင်းကြီး တတ်နိုင်ပါ၏ဟု လျှောက်၏။ ထိုအခါ သေသောက်ကြူအား မင်းသည်ဥစ္စာပေး၍ ထိုသို့တပြီးကား လျှင်စွာပြီးစေလောဟု ထိုသေသောက်ကြူးကိုစေ၏။ ထိုသေသောက်ကြူးသည် မင်းအထံမှဥစ္စာကိုယူ၍ နံ့သာ အခိုးအထုံ နံ့သာမှုန့် ပရုပ် အစရှိသည်တို့ကိုယူ၍ ထိုပုရောဟိတ်အိမ်မှအနီး၌ အလုံးစုံသော နံ့သာဈေးကို ကျင်း၏။ ပုရောဟိတ်၏အိမ်သည်လည်း ဘုံခုနစ်ဆင့်ရှိ၏။ အလုံးစုံသောတံခါးမုတ်တို့၌လည်း မိန်းမအစောင့်အရှောက်တို့သာထား၍ ပုရောဟိတ်ပုဏ္ဏားအိမ်သို့ ဝင်ခြင်းငှါရသော တပါးသောယောက်ျားမည်သည်မရှိ၊ အမှိုက်စွန့်သောတောင်းကိုလည်း သုတ်သင်၍လျှင်သွင်းရ၏။ ထိုလုလင်မကို ပုဏ္ဏားသာလျှင် မြင်ခြင်းငှာ ရ၏။ ထိုလုလင်မအားလည်း တယောက်သော အလုပ်အကျွေးမိန်းမသည်ရှိ၏။

ထိုအခါ လုလင်မ၏ အလုပ်အကျွေးမိန်းမသည် နံ့သာဘိုး ပန်းဘိုးကိုယူ၍သွားသည်ရှိသော် ထိုသေသောက်ကြူ၏ ဈေးအနီးဖြင့်သွား၏။ ထိုသေသောက်ကြူသည် ဤမိန်းမသည်ကား ထိုလုလင်မ၏ အလုပ်အကျွေးတည်းဟု ကောင်းစွာသိ၍ တနေ့သ၌ လာလတ်သောအလုပ်အကျွေးမိန်းမကို မြင်၍လျှင် ဈေးမှထ၍ သွားပြီးလျှင် ထိုအလုပ်အကျွေးမိန်းမ၏ ခြေရင်း၌လှည်း၍ လက်နှစ်ဘက်တို့ဖြင့် ခြေ၌မြဲစွာကိုင်၍ မိခင် ဤမျှလောက်သော ကာလပတ်လုံး အဘယ်အရပ်သို့ သွားသနည်းဟုဆို၍ ငိုကြွေး၏။ ကြွင်းကုန်သော အဖော်ဖြစ်ကုန်သော သေသောက်ကြူးတို့သည်လည်း တင့်အပ်သောအရပ်၌ ရပ်၍သလျှင် လက်ခြေမျက်နှာသဏ္ဌာန်တို့ဖြင့်၎င်း၊ အသွင်အပြင်တို့ဖြင့်၎င်း အမိသားတို့သည် ထပ်မျှတူကုန်သည်သာလျှင်တည်းဟု ဆိုကုန်၏။ ထိုအလုပ်အကျွေး မိန်းမသည် သေသောက်ကြူးတို့ဆိုကုန်သည်ရှိသော် မိမိသည် ကောင်းစွာယုံကြည်၍လည်း ဤသူသည် ငါ့သားဖြစ်လတ္တံ့ဟု မိမိသည်လည်း ငိုခြင်းငှါအားထုတ်၏။ ထိုနှစ်ယောက်ကုန်သော သူတို့သည်လည်း ငိုကုန်၍ မျက်ရည်ယိုကုန်လျက် အချင်းချင်း လည်ဘက်၍ တည်ကုန်၏။

ထိုအခါ သေသောက်သည် မိခင် အဘယ်အရပ်၌ နေသနည်းဟု မေး၏။ ချစ်သား ငါသည် ကိန္နရီမ၏တင့်တယ်ခြင်းစမ္ပယ်ခြင်းနှင့်တူသော အဆင်း၏တင့်တယ်ခြင်းအစုသို့ရောက်သော ပုရောဟိတ်၏ ငယ်စွာသောမိန်းမအား လုပ်ကျွေးခြင်းကိုပြု၍ နေရ၏ဟု ဆို၏။ မိခင် ယခုအခါ အဘယ်သို့ သွားအံ့နည်းဟု မေး၏။ ထိုလုလင်မဘို့ နံ့သာပန်းအစရှိသည်တို့၏အကျိုးငှါ သွားအံ့ဟု ဆို၏။ မိခင် သင် တပါးသောအရပ်သို့သွား၍ အဘယ်အကျိုးရှိအံ့နည်း၊ ဤနေ့မှစ၍ ငါ၏အထံမှလျှင် ဆောင်လောဟု ဆို၍ အဘိုးမယူဘဲ များစွာကုန်သော ပန်းညို ကရဝေးအစရှိသည်တို့ကို၎င်း၊ အထူးထူးအပြားပြားသော ပန်းတို့ကို၎င်း ပေး၏။ လုလင်မသည် များစွာသော နံ့သာပန်းတို့ကိုမြင်၍ မိခင် ယနေ့ငါတို့အား ပုဏ္ဏားသည် ကြည်ညိုသလောဟု ဆို၏။ ချစ်သ္မီး အဘယ်ကြောင့် ဤသို့ဆိုသနည်းဟု ဆိုသည်ရှိသော် ဤနံ့သာ ပန်းတို့၏ များသည်၏ အဖြစ်ကိုမြင်၍ ဆို၏ဟု လုလင်မငယ်က ဆို၏။ ပုဏ္ဏားသည် များစွာသောအဘိုးကိုမပေး၊ ငါသည်ကား ထိုနံ့သာပန်းတို့ကို ငါ့သားအထံမှဆောင်ခဲ့၏ဟု ဆို၏။

ထိုနေ့မှစ၍ အလုပ်အကျွေးမိန်းမသည် ပုဏ္ဏားပေးသော နံ့သာဘိုးကို မိမိယူ၍ သေသောက်ကြူးထံမှ နံ့သာပန်းအစရှိသည်တို့ကို ဆောင်၏။ သေသောက်ကြူးသည် နှစ်ရက်သုံးရက်လွန်သဖြင့် နာဟန်ကိုပြု၍အိပ်၏။ ထိုအလုပ်အကျွေး မိန်းမသည် သေသောက်ကြူး၏ ဈေးတံခါးသို့သွား၍ ထိုသေသောက်ကြူးကို မမြင်သည်ရှိသော် ငါ့သားကားအဘယ်မှာနည်းဟုမေး၏။ သင့်သားအား မချမ်းသာခြင်းသည်ဖြစ်၏ဟု ဆိုကုန်၏။ ထိုအလုပ်အကျွေးမိန်းမသည် သေသောက်ကြူး၏ အိပ်ရာသို့သွား၍ ထိုင်ပြီးလျှင် ကျောက်ကုန်းကို ဆုပ်နယ်လျက် ချစ်သား သင့်အား အဘယ်မချမ်းသာခြင်းသည် ဖြစ်သနည်းဟု မေး၏။ ထိုသေသောက် ကြူးသည် ဆိတ်ဆိတ်နေ၏။ ချစ်သား အဘယ်ကြောင့် မဆိုသနည်းဟု မေး၏။ မိခင် သေသော်လည်း မိခင်အား ဆိုခြင်းငှါမတတ်ကောင်းဟု ဆိုသည်ရှိသော် ချစ်သား ငါ့အားမဆိုမူ အဘယ်သူအား ဆိုအံ့နည်း၊ ချစ်သား ဆိုလောဟုဆို၏။ မိခင် ငါ့အား တပါးသောမချမ်းသာခြင်းမည်သည် မရှိ၊ ထိုလုလင်မ၏ကား ကျေးဇူးကိုကြား၍ တပ်စွန်းသောစိတ်ရှိသည်ဖြစ်၏။ ထိုလုလင်မကို ရသည်ရှိသော် အသက်ရှင်အံ့၊ မရသည်ရှိသော်ဤအရပ်၌ပင်လျှင် သေအံ့ဟု ဆို၏။

ချစ်သား ဤဝန်သည် ငါ၏ဝန်တည်း၊ သင်သည် ထိုလုလင်မကို မှီ၍မကြံလင့်ဟု သေသောက်ကြူးကို နှစ်သိမ့်စေ၍ များစွာကုန်သော ပန်း နံ့သာအစရှိသည်တို့ကိုယူ၍ လုလင်မ၏ အထံသို့သွား၍ ချစ်သ္မီး ငါ၏သားသည် ငါ့အထံမှ ချစ်သီး၏ကျေးဇူးစကားကိုကြား၍ တပ်စွန်းသောစိတ်ရှိသည်ဖြစ်၏။ အဘယ်ကို ပြုရအံ့နည်းဟု ဆို၏။ မိခင် သင့်သားကို ဆောင်ခြင်းငှါ တတ်နိုင်အံ့၊ ငါသည် အခွင့်ပေးအပ်သလျှင်တည်းဟု ဆို၏။ ထိုအလုပ် အကျွေး မိန်းမသည် လုလင်မ၏စကားကိုကြားသည်ရှိသော် ထိုနေ့မှစ၍ ထိုလုလင်မ၏ အိမ်အဆောင်တို့မှ များစွာကုန်သောအမှိုက်တို့ကိုစုရုံး၍ အစောင့်အရှောက် မိန်းမအပေါ်၌စွန့်၏။ ထိုအစောင့် အရှောက်မိန်းမသည် ထိုအမှိုက်စွန့်ခြင်းဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ဖဲ၏။ အလုပ်အကျွေး မိန်းမသည် ထိုနည်းဖြင့်လျှင် အကြင်မိန်းမသည် တစုံတခုသော စကားကို ဆို၏။ ထိုမိန်းမအပေါ်၌အမှိုက်ကို စွန့်၏။ ထိုအခါမှစ၍ အလုပ်အကျွေးမိန်းမသည် အကြင်ဝတ္ထုကို ဆောင်လည်းဆောင်၏။ ထုတ်လည်းထုတ်၏။ ထိုဝတ္ထုကို တစုံတယောက်သောသူသည် သုတ်သင်ခြင်းငှာမဝံ့၊ ထိုအခါ၌ အလုပ် အကျွေးမိန်းမသည် သေသောက်ကြူးကို ပန်းတောင်း၌ အိပ်စေ၍ လုလင်မအထံသို့ဆောင်၏။ သေသောက်ကြူးသည် လုလင်မ၏သီလကိုဖျက်ဆီး၍ တရက်နှစ်ရက် ပြာဿာဒ်ထက်၌ သာလျှင်နေ၏။ ပုရောဟိတ် အပသို့ထွက်သည်ရှိသော် နှစ်ယောက်သော သူတို့သည်မွေ့လျော်ကုန်၏။ ပုရောဟိတ်လာလတ်သည်ရှိသော် သေသောက်ကြူးသည် ပုန်း၍ နေ၏။

ထိုအခါ သေသောက်ကြူးကို လုလင်မသည် တရက်နှစ်ရက် လွန်သဖြင့် အရှင်ယခုအခါ သင်သည် သွားခြင်းငှါသင့်ပြီဟုဆိုသည်ရှိသော် ငါသည် ပုဏ္ဏားကိုထောင်း၍သွားလို၏ဟု ဆို၏။ ထိုလုလင်မသည် ဤသိုထောင်းလိုသည်ရှိသော် ထောင်းစေအံ့ဟုဆို၍ သေသောက်ကြူးကို ပုန်း၍နေစေပြီးလျှင် အရှင်ငါသည် သင်တို့စောင်းတီးသည်ရှိသော် ကခြင်းငှါအလိုရှိ၏ဟု ဆို၏။ ရှင်မ ကောင်းပြီ ကလော့ဟုဆို၍ စောင်းတီး၏။ သင်တို့ကြည့်ကုန်သည်ရှိသော် ရှက်၏။ သင့်မျက်နှာကို ပုဆိုးဖြင့်ဖွဲ့၍ ကအံ့ဟုဆို၏။ ငါ့ကို အကယ်၍ရှက်သည်ဖြစ်အံ့၊ ဤသို့ပြုလောဟု ဆို၏ လုလင်မသည် တခဲနက်သော ထူသောပုဆိုးကိုယူ၍ ထိုပုဏ္ဏား၏မျက်စိတို့ကို ပိတ်စေလျက် မျက်နှာကိုဖွဲ့၏။ ပုဏ္ဏားသည်မျက်နှာကို ဖွဲ့စေပြီးသော် စောင်းကိုတီး၏။

ထိုလုလင်မသည် တခဏမျှက၍ အရှင်ငါသည် သင့်ဦးခေါင်း၌ တကြိမ်ထောင်းလို၏ဟု ဆို၏။ မိန်းမ၌တပ်စွန်းခြင်းကြီးသောပုဏ္ဏားသည် တစုံတခုသောအကြောင်းကိုမသိသည် ဖြစ်၍ ထောင်းလောဟု ဆို၏။ လုလင်မသည် သေသောက် ကြူးအား အမှတ်ပေး၏။ သေသောက်ကြူးသည် အသာ အယာလာလတ်၍ ပုဏ္ဏား၏ ကျောက်ကုန်း၌ရပ်လျက် ဦးခေါင်း၌ တတောင်ဖြင့်ထောင်း၏။ ပုဏ္ဏား၏မျက်စိတို့သည် ထွက်အံ့သကဲ့သို့ ဖြစ်ကုန်၏။ ဦးခေါင်း၌ ဖူးဖူးရောင်ခြင်းသည် ဖြစ်၏။ ပုဏ္ဏားသည် ဝေဒနာသို့ရောက်သည်ဖြစ်၍ သင်၏ လက်မဟုတ်ဟု လုလင်မကို ဆို၏။ လုလင်မသည် မိမိ၏လက်ကိုမြှောက်၍ ပုဏ္ဏားလက်၌ထား၏။ လက်သည်ကား နူးညံ့၏။ ထောင်းသည်ကား ပြင်းထန်လှ၏ဟု ပုဏ္ဏားဆို၏။ သေသောက်ကြူးသည် ပုဏ္ဏားကိုထောင်းပြီးလျှင် ပုန်း၍နေ၏။ လုလင်မသည် သေသောက်ကြူးပုန်းသည်ရှိသော် ပုဏ္ဏား၏ မျက်နှာမှ ပုဆိုးကိုဖြေ၍ ဆီကိုယူပြီးလျှင် ဦးခေါင်း၌ထောင်းရာကို ဆုပ်နယ်၏။ ပုဏ္ဏားသည် အပသို့ထွက်သည်ရှိသော် တဖန် အလုပ်အကျွေးမိန်းမသည် သေသောက်ကြူးကို တောင်း၌ အိပ်စေ၍ ထုတ်၏။ ထိုသေသောက်ကြူးသည် မင်းအထံသို့သွား၍ အလုံးစုံသောထိုအကြောင်းကို လျှောက်၏။ မင်းကြီးသည် မိမိအား ခစားအံ့သောငှာလာသော ပုဏ္ဏားကို ပုဏ္ဏား ယနေ့ ကြွေအန်ကစားကုန်အံ့ဟု ဆို၏။

အရှင်မင်းကြီး ကောင်းပြီဟု ပုဏ္ဏားဆို၏။ မင်းသည် ကြွေအန်ကစားရာအိမ်ကို တန်ဆာဆင်စေ၍ ရှေးနည်းဖြင့်သာလျှင် ကြွေအန်သီချင်းကို သီ၍ ကြွေအန်လက်တို့ကို ပစ်၏။ ပုဏ္ဏားသည် လုလင်ငယ်မ၏သီလပျက်သောအဖြစ်ကို မသိ၍ ဌပေတွာ မမ မာဏဝိကံ ဟူ၍ ဆို၏။ ဤသို့ ဆိုငြားသော်လည်း ရှုံးသည်သာလျှင်တည်း၊ မင်းကြီးသည်နိုင်၍ ပုဏ္ဏား အသို့ဆိုသနည်း၊ သင်၏ လုလင်ငယ်မ၏သီလသည် ပျက်ပြီ၊ သင်သည် မာတုဂါမကို အမိဝမ်းခေါင်းအောင်းသည်မှစ၍ စောင့်သည်ရှိသော် ခုနစ်ဌာနတို့၌ အစောင့်အရှောက်ကိုပြုသည်ရှိသော် စောင့်ရှောက်ခြင်းငှါတတ်နိုင်၏ဟု အောက်မေ့၏။ မာတုဂါမမည်သည်ကို ဝမ်း၌ထည့်၍ သွားသောသူသည်လည်း စောင့်အံ့သောငှါမတတ်နိုင်၊ တယောက်သော ယောက်ျားရှိသောမိန်းမမည်သည် မရှိ၊ သင်၏လုလင်ငယ်မသည် ကလို၏ဟု ဆို၏။ စောင်းကိုတီးသော သင်၏ မျက်နှာကို ပုဆိုးဖြင့်ဖွဲ့၍ မိမိ၏သယောက်လင်ကို သင်၏ဦးခေါင်း၌ တတောင်ဖြင့်ထောင်းစေ၍ လွှတ်လိုက်၏။ ယခုအခါ အသို့ထားတုံအံ့နည်းဟု ဆိုလို၍-

၆၂။ ယံ ဗြာဟ္မဏော အဝါဒေသိ၊ ဝီဏံ သမုခဝေဌိတော။
အဏ္ဍဘူတာ ဘတာ ဘရိယာ၊ တာသု ကော ဇာတု ဝိဿသေ။

ဟူသော ဤဂါထာကို ဆို၏။

၆၂။ ယံ ယေန ကာရဏေန၊ အကြင်အကြောင်းကြောင့်။ ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ သမုခဝေဋ္ဌိတော၊ မျက်နှာနှင့်တကွ ထူသော ပုဆိုးဖြင့်ရစ်အပ်သည်ဖြစ်၍။ ဝီဏံ၊ စောင်းကို။ အဝါဒေသိ၊ တီးစေ၏။ တံ ကာရဏံ၊ ထိုအကြောင်းကို။ န ဇာနာသိ၊ မသိ။ ဘရိယာ၊ မယားကို။ အဏ္ဍဘူတာဘတာ၊ အမိဝမ်းမှ မဖွားမီကာလ၌လျှင် ဆောင်အပ်၏။ တနည်းကား- အဏ္ဍဘူတာ ဘတာ၊ အမိဝမ်းမှ မဖွားမီကာလ၌လျှင် မွေးမြူအပ်၏။ တာသု၊ ထိုသို့သဘောရှိကုန်သော မယားတို့၌လည်း။ ကော၊ အဘယ်မည်သော ပညာရှိသည်။ ဇာတု၊ စင်စစ်။ ဝိဿသေ၊ ယုံကြည်ရာအံ့နည်း။

ဤသို့ ဘုရားလောင်းသည် ပုဏ္ဏားအား တရားဟော၏။ ပုဏ္ဏားသည် ဘုရားလောင်း၏ တရားကိုနာရ၍ အိမ်သို့သွားပြီးလျှင် လုလင်ငယ်မကို သင်သည် ဤသို့ သဘောရှိသောအမှုကို ပြသတတ်ဟု ဆို၏။ အရှင်အဘယ်သူ ဤသို့ဆိုသနည်း၊ ငါမပြု ငါသည်ပင်လျှင် သင့်ကိုထောင်း၏။ တပါးသောသူမထောင်း၊ အကယ်၍ မယုံကြည်သည်ဖြစ်အံ့၊ ငါသည် သင့်ကိုထား၍ တပါးသောယောက်ျား၏ လက်အတွေ့ကိုမသိဟု သစ္စာပြုခြင်းကိုပြု၍ မီးသို့ဝင်ပြီးလျှင် သင်တို့ကိုယုံကြည်စေအံ့ဟု ဆို၏။ ပုဏ္ဏားသည် ဤသို့ဖြစ်စေဟု ကြီးစွာသောထင်းပုံကို ပုံစုစေ၍ မီးကိုညှိပြီးလျှင် ထိုလုလင်ငယ်မကိုခေါ်စေ၍ အကယ်၍ မိမိအား ယုံကြည်စေလိုသည်ဖြစ်အံ့ မီးသို့ဝင်လာဟု ဆို၏။ လုလင်ငယ်မသည်လည်း မိမိ၏ အလုပ် အကျွေးမိန်းမကို မိခင် သင့်သားကို ထိုအရပ်သို့သွား၍ ငါမီးသို့ဝင်အံ့သောကာလ၌ လက်ကိုကိုင်ခြင်းကို ပြုစိမ့်သောငှါဆိုချေဟု ရှေးဦးစွာကလျှင် သင်စေ၏။ ထိုအလုပ်အကျွေး မိန်းမသည်သွား၍ လုလင်ငယ်မမှာတိုင်း ပြောဆို၏။ သေသောက် ကြူးသည် လာလတ်၍ ပရိသတ်အလယ်၌ ရပ်၍နေ၏။

ထိုလုလင်ငယ်မသည် ပုဏ္ဏားကို လှည့်စားလိုသည်ဖြစ်၍ လူများအလယ်၌ရပ်ပြီးလျှင် ပုဏ္ဏား သင့်ကိုထား၍ တပါးသောယောက်ျား၏ လက်အတွေမည်သည်ကို မသိစဘူး၊ ဤသစ္စာကြောင့် ဤမီးသည် ငါ့ကိုမလောင်စေသတည်းဟုဆို၍ မီးသို့ ဝင်အံ့သောငှါ အားထုတ်၏။ ထိုသို့ အားထုတ်သောခဏ၌လျှင် သေသောက်ကြူးသည် အို အချင်းတို့ ပုရောဟိတ် ပုဏ္ဏား၏ အမှုကို ရှုပါကုန်လော၊ ဤသို့သဘောရှိသောမိန်းမကို မီးသို့ဝင်စေ၏ဟု ဆိုလျက် လုလင်ငယ်မ၏လက်ကို ကိုင်၏။ လုလင်ငယ်မသည် လက်ကိုလွှတ်စေ၍ အရှင်ငါ၏သစ္စာပြုခြင်းမည်သည် ပျက်ပြီ မီးသို့ဝင်ခြင်းငှါ မတတ်ကောင်းဟု ပုရောဟိတ်ကိုဆို၏။ အဘယ့်ကြောင့် မတတ်ကောင်းသနည်းဟုဆိုသော် ယနေ့ ငါသည် သင်၏ လက်ကိုထား၍ တပါးသောယောက်ျား၏ လက်အတွေ့ကို မသိစဘူး၊ ဤသို့သဘောရှိသော သစ္စာပြုခြင်းကိုပြုအပ်၏။ ယခုအခါ၌လည်း ဤယောက်ျားသည် လက်ကိုကိုင်အပ်သည်ဖြစ်၏။ ထို့ကြောင့် မီးသို့ဝင်ခြင်းငှါ မတတ်ကောင်းဟု ဆိုသည်ရှိသော် ပုဏ္ဏားသည် ဤမိန်းမကား ငါ့ကိုလှည့်စားအပ်ပြီဟုသိ၍ ထိုမိန်းမကိုပုတ်ခတ်နှင်ထုတ်စေ၏။

ဤသို့လျှင် မိန်းမတို့သည် သူယုတ်တို့၏အကျင့်နှင့် ပြည့်စုံကုန်သတတ်၊ ကြီးစွာသော မကောင်းမှုကံကိုပြု၍ မိမိလင်ကို လှည့်စားအံ့သောငှါ ငါသည် ဤသို့သဘောရှိသောအမှုကို မပြုအံ့၊ တနေ့ပတ်လုံးလည်း ကျိန်ခြင်းကိုပြုကုန်လျက် အထူးထူးလှည့်စားခြင်းရှိသည်သာလျှင် ဖြစ်ကုန်၏။ မြတ်စွာဘုရားသည် မာတုဂါမကိုစောင့်ရှောက်ခြင်းငှါ မတတ်နိုင်ဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ သာသနာတော်၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် အနုသန္ဓေကိုစပ်၍ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

မာတုဂါမ၊ ဟူတုံက၊ စောင့်ရ ခဲယဉ်းပေ

နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော အဏ္ဍဘူတဇာတ်သည် ပြီး၏။

*****