အဋ္ဌိသေနကဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၀၃။ အဋ္ဌိသေနကဇာတ် (၇-၁-၈)

သတ္တကနိပါတ် - ကုက္ကုဝဂ်

၈။ အဋ္ဌိသေနဇာတ်

သူတော်ကောင်းတို့သည် မတောင်းအပ်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်ဘုရားသခင်သည် "ယေ မေ အဟံ န ဇာနာမိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ အဋ္ဌိသေနဇာတ်ကို အာဠဝီပြည်ကိုမှီ၍ အဂ္ဂါဠဝစတေီ၌ သီတင်း သုံးနေတော်မူစဉ် ကုဋိကာရသိက္ခာပုဒ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုကို အောက် မဏိကဏ္ဌဇာတ်၌ ဆိုအပ်ပြီးသလျှင်ကတည်း။ အထူးကား- သဗ္ဗညူမြတ်စွာဘုရားသည် ထိုရဟန်းတို့ကို ခေါ်တော်မူ၍ ရဟန်းတို့... ဘုရား မဖြစ်မီ သာသနာပ၌ ရဟန်းပြုကုန်သော ရဟန်းတို့သည် ဖိတ်ကုန်လျက်လည်း တောင်းခြင်းမည်သည်ကား သူတစ်ပါးတို့သည် မချစ် မနှစ်သက်အပ်ဟု နှလုံးပြု၍ မတောင်းကုန်ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တစ်ခုသောနိဂုံးဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၏။ ထိုဘုရားလောင်းအား အဋ္ဌိသေန သတို့သား ဟူသောအမည်ကို မှည့်ကုန်၏။

ရသေ့ဝတ်ခြင်း

ထိုသတို့သားသည် အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကို သင်၍ နောက်အဖို့၌ ကာမတို့၌ အပြစ်ကိုမြင်၍ အိမ်မှထွက်၍ ရသေ့ရဟန်းပြု၍ ဈာန်အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ ဟိမဝန္တာအရပ်၌ ကြာမြင့်စွာနေ၍ ချဉ်ဆားမှီဝဲအံ့သောငှာ လူ့ပြည်သို့သက်၍ အစဉ်သဖြင့် ဗာရာဏသီပြည်သို့ ရောက်၍ မင်းဥယျဉ်၌နေ၍ နက်ဖြန်နေ့၌ ဆွမ်းခံသွားသည်ရှိသော် မင်းရင်ပြင်သို့ ရောက်၏။

မင်းကိုးကွယ်ခြင်း

မင်းသည် ဘုရားလောင်း၏ အကျင့်ဣရိယာပုထ်တို့၌ ကြည်ညို၍ ဘုရားလောင်းကိုဖိတ်၍ ပြာသာဒ်အပြင်၌ ခင်းအပ်သော ပလ္လင်၌ နေစေ၍ ကောင်းသော ဘောဇဉ်ကိုကျွေး၍ ဆွမ်းစားပြီးသောအဆုံး၌ အနုမောဒနာကို နာရ၍ ကြည်ညို သည်ဖြစ်၍ မင်း၏ဥယျာဉ်၌ အမြဲနေစိမ့်သောငှာ တောင်းပန်၍ မင်းသည် ဝန်ခံခြင်းကိုယူ၍ ဘုရားလောင်းကို မင်း၏ဥယျာဉ်၌ နေစေ၍ နေ့တိုင်းလည်း နှစ်ကြိမ် သုံးကြိမ် ခစားအံ့သော သွား၏။ မင်းသည် တစ်နေ့သ၌ တရားစကားဖြင့် ကြည်ညို၍ မင်းအဖြစ်ကို အစပြု၍ အရှင်ဘုရားအား အကြင်ဝတ္ထုဖြင့် အလိုရှိ၏။ ထိုဝတ္ထုကို အရှင်ဘုရားသည် ဆိုပါလော့ဟု ဖိတ်၏။

ဘုရားလောင်းသည် ငါ့အား ဤဝတ္ထုကို ပေးလော့မဆို၊ တစ်ပါးကုန်သော သူတောင်းစားတို့ သည်ကား ဤဝတ္ထုကိုပေးလော့၊ ဤဝတ္ထုကိုပေးလော့ဟု အလိုရှိတိုင်း အလိုရှိတိုင်းသော ဝတ္ထုကို တောင်းကုန်၏။ မင်းသည် ငြိတွယ်ခြင်းမရှိသည်ဖြစ်၍ ပေးသလျှင်ကတည်း။

အဘယ့်ကြောင့် မတောင်းသနည်း

မင်းသည် တစ်နေ့သ၌ တစ်ပါးကုန်သော သူတောင်းစားတို့သည် ဤမည်သော ဝတ္ထုကို ငါတို့အား ပေးလော့ဟု တောင်းကုန်၏။ အရှင်အဋ္ဌိသေနသည်ကား ဖိတ်သောကာလမှစ၍ တစ်စုံ တစ်ခုသော ဝတ္ထုကိုမျှ မတောင်း၊ ဤအရှင်ဘုရားကား ပညာရှိသလျှင်ကတည်း၊ ဥပါယ်၌ လိမ္မာသလျှင်ကတည်း၊ ထိုအကြောင်းကို မေးအံ့ဟု ကြံ၏။ ကြံပြီး၍ မင်းသည် တစ်နေ့သ၌ နံနက်စာစားပြီးသော် သွား၍ ရှိခိုး၍ တင့်အပ်သောအရပ်၌ နေလျက် တစ်ပါးကုန်သော သူတို့၏ တောင်းသော အကြောင်းကိုလည်းကောင်း၊ ရှင်ရသေ့၏ မတောင်းသော အကြောင်းကိုလည်းကောင်း မေးလိုသည်ဖြစ်၍-

၅၄။ ယေ မေ အဟံ န ဇာနာမိ၊ အဋ္ဌိသေန ဝနိဗ္ဗကေ။
တေ မံ သင်္ဂမ္မ ယာစန္တိ၊ ကသ္မာ မံ တွံ န ယာစသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၅၄။ အဋ္ဌိသေန၊ အရှင်အဋ္ဌိသေန။ ယေမေ ဝနိဗ္ဗကေ၊ အကြင် သူတောင်းစားတို့ကို။ အဟံ၊ အကျွန်ုပ်သည်။ န ဇာနာမိ၊ မသိ။ တေ၊ ထိုသူတို့သည်။ မံ၊ အကျွန်ုပ်သို့။ သင်္ဂမ္မ၊ အညီအညွှတ် လာလတ်၍။ ယာစန္တိ၊ တောင်းကုန်၏။ ကသ္မာ၊ အဘယ့်ကြောင့်။ တွံ၊ သင်သည်။ မံ၊ အကျွန်ုပ်ကို။ န ယာစသိ၊ မတောင်းသနည်း။

တောင်းလျှင် မုန်းတတ်သည်

ထိုစကားကိုကြား၍ ဘုရားလောင်းသည်-

၅၅။ ယာစကော အပ္ပိယော ဟောတိ၊ ယာစံ အဒဒမပ္ပိယော။
တသ္မာဟံ တံ န ယာစာမိ၊ မာ မေ ဝိဒဿနာ အဟု။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၅၅။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယာစကော၊ တောင်းတတ်သောသူကို။ ဒါယကဿ၊ ပေးတတ်သောသူသည်။ အပ္ပိယော၊ မချစ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ ယာစံ၊ တောင်းသောဝတ္ထုကို။ အဒဒံ၊ မပေးသောသူကို။ ယာစကဿ၊ တောင်းသောသူသည်။ အပ္ပိယော၊ မချစ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ မေ၊ ငါ့အား။ ဝိဒေဿနာ၊ မုန်းခြင်းသည်။ မာ အဟု၊ မဖြစ်စေသတည်းဟု၊ အဟံ၊ ငါသည်။ တံ၊ သင်မင်းကြီးကို။ န ယာစာမိ၊ မတောင်း၊

အလိုရှိရာ တောင်းပါ

ထိုအခါ ဘုရားလောင်း၏ စကားကိုကြား၍ မင်းသည်-

၅၆။ ယော စ ယာစနဇီဝါနော၊ ကာလေ ယာစံ န ယာစတိ၊
ပရဉ္စ ပုညံ ဓံသေတိ၊ အတ္တနာပိ န ဇီဝတိ။
၅၇။ ယော စ ယာစနဇီဝါနော၊ ကာလေ ယာစံ ဟိ ယာစတိ။
ပရဉ္စ ပုညံ လဗ္ဘေတိ၊ အတ္တနာပိ စ ဇီဝတိ။
၅၈။ န ဝိဒေဿန္တိ သပ္ပညာ၊ ဒိသွာ ယာစက မာဂတေ။
ဗြဟ္မစာရီ ပိယော မေသိ၊ ဝဒ တွံ ဘညမိစ္ဆသိ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၅၆။ အယျအဋ္ဌိသေန၊ အရှင်အဋ္ဌိသေန။ ယာစနဇီဝါနော၊ တောင်း၍ အသက်မွေးသော။ ယော စ၊ အကြင်ရဟန်းပုဏ္ဏားသည်လည်း။ ကာလေ၊ တောင်းသင့်သောကာလ၌။ ယာစံ၊ တောင်းအပ်သော ဝတ္ထုကို။ န ယာစတိ၊ မတောင်း။ သော၊ ထိုရဟန်းပုဏ္ဏားည်။ ပရဉ္စ၊ သူတစ်ပါးကိုလည်း။ ပုညံ၊ ကောင်းမှုကို။ ဓံသတိ၊ ယုတ်စေ၏။ အတ္တနာပိ၊ မိမိသည်လည်း။ န ဇီဝတိ၊ ချမ်းသာစွာ အသက်မမွေးရ။

၅၇။ အယျအဋ္ဌိသေန၊ အရှင်အဋ္ဌိသေန။ ယာစနဇီဝါနော၊ တောင်း၍ အသက်မွေးသော။ ယော စ၊ အကြင်ရဟန်း ပုဏ္ဏားသည်လည်း။ ကာလေ၊ တောင်းသင့်သောကာလ၌။ ယာစနံ၊ တောင်းအပ်သော ဝတ္ထုကို။ ယာစတိ၊ တောင်း၏။ သော၊ ထိုရဟန်းပုဏ္ဏားသည်။ ပရဉ္စ၊ သူတစ်ပါးကိုလည်း။ ပုညံ၊ ကောင်းမှုကို။ လဗ္ဘေတိ၊ ရစေ၏။ အတ္တနာပိ စ၊ မိမိသည်လည်း။ ဇီဝတိ၊ ချမ်းသာစွာ အသက်မွေးရ၏။

၅၈။ အယျ အဋ္ဌိသေန၊ အရှင်အဋ္ဌိသေန။ သပ္ပညာ၊ ဒါန ဒါနဖလကို သိကုန်သော ပညာရှိတို့သည်။ ယာစက မာဂတေ၊ လာကုန်သော ယာစကာတို့ကို။ ဒိသွာ၊ မြင်၍။ န ဝိဒေဿန္တိ၊ အမျက်မထွက် ကုန်။ မေ၊ အကျွန်ုပ်သည်။ ဗြဟ္မစာရီ၊ မြတ်သောအကျင့်ရှိသော အရှင်ဘုရားကို။ ပိယော၊ ချစ်အပ်သည်။ အသိ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ တွံ၊ အရှင်ဘုရားသည်။ ဘညံ-ဘဏိတဗ္ဗဝစနံ ယံကိဉ္စိ ဝတ္တဗ္ဗံ၊ တစ်စုံ တစ်ခု ဆိုဖွယ်စကားကို။ ဣစ္ဆသိ၊ အလိုရှိအံ့။ ဝဒ၊ ဆိုသာဆိုတော်မူ။ သဗ္ဗဉ္စ ရဇ္ဇမ္ပိ၊ ပြည်အလုံးကိုလည်း။ တေ၊ အရှင်ဘုရားအား။ တံ၊ ထိုဆုကို။ ဒဿမိယေဝ၊ ပေးအံ့မချွတ်တည်း။

ဤသို့ မင်းသည် မင်းအဖြစ်ဖြင့် ဖိတ်အပ်သော်လည်း တစ်စုံတစ်ခုသော ဝတ္ထုကို မတောင်းသလျှင်ကတည်း။

မြတ်သော တောင်းခြင်း

မင်းသည် ဤသို့ မိမိအလိုကို ဆိုသည်ရှိသော် ဘုရားလောင်းသည် ရဟန်းတို့၏အကျင့်ကို ပြအံ့သောငှာ မြတ်သောမင်းကြီး ဤတောင်းခြင်းမည်သည်ကား ကာမစည်းစိမ်ကို ခံစားကုန်သောလူတို့၏ အလေ့အကျင့်တည်း၊ ရဟန်းပြုကုန်သော သူတို့၏ အလေ့အကျင့်မဟုတ်၊ ရဟန်းသည် ရဟန်းပြုသော ကာလမှစ၍ လူတို့နှင့်မတူသော စင်ကြယ်သော အသက်မွေးခြင်းရှိသည် ဖြစ်ရာ၏ ဟု ရဟန်း၏အကျင့်ကို ပြလိုရကား-

၅၉။ န ဝေ ယာစန္တိ သပ္ပညာ၊ ဓီရော စ ဝေဒိတုမရဟတိ။
ဥဒ္ဒိဿ အရိယာ တိဋ္ဌန္တိ၊ ဧသာ အရိယာန ယာစနာ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

၅၉။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဝေ၊ စင်စစ်။ သပ္ပညာ၊ ဘုရားအစရှိကုန်သော ပညာရှိတို့သည်။ န ယာစန္တိ၊ မတောင်းကုန်။ ၊ ထိုသို့ပင် မတောင်းငြားသော်လည်း။ ဓီရော၊ ပညာရှိသော ဒါယကာသည်။ ဝေဒိတုံ၊ အလိုလိုသာလျှင် သိခြင်းငှာ။ အရဟတိ၊ ထိုက်၏။ အရိယာ၊ ဘုရားအစရှိကုန်သော အရိယာသူတော်ကောင်းတို့သည်။ ဥဒ္ဒိဿ၊ ရည်၍။ တိဋ္ဌန္တိ၊ ရပ်ကုန်၏။ ဧသာ၊ ဤသိုရည်၍ ရပ်ခြင်းသည်။ အရိယာနံ၊ ဘုရားအစရှိကုန်သော အရိယာတို့၏။ ယာစနာ၊ တောင်းခြင်းမည်၏။

နွားအုပ်တစ်ထောင်ကို လှူခြင်း

မင်းသည် ဘုရားလောင်း၏စကားကိုကြား၍ အရှင်ဘုရား... ပညာရှိသော အလုပ်အကျွေးသည် မိမိသည်လျှင် သိ၍ ဆရာအား လှူအပ်သော ဝတ္ထုကို အကယ်၍ လှူငြားအံ့၊ အကျွန်ုပ်သည်လည်း အရှင်ဘုရားတို့အား ဤမည်သောဝတ္ထုကို လှူအံ့ဟု ဆိုလိုရကား-

၆၀။ ဒဒါမိ တေ ဗြာဟ္မဏ ရောဟိဏီနံ၊
ဂဝံ သဟဿံ သဟ ပုင်္ဂဝေန။
အရိယော ဟိ အရိယဿ ကထံ န ဒဇ္ဇာ၊
သုတွာန ဂါထာ တဝ ဓမ္မယုတ္တာ။

ဟူသော ခုနစ်ခုမြောက်သော ဤဂါထာကိုဆို၏။

၆၀။ ဗြာဟ္မဏ၊ ရှင်ရဟန်း။ တေ၊ အရှင်ဘုရားအား။ ပုင်္ဂဝေန၊ နွားလားနှင့်။ သဟ၊ တကွ။ ရောဟိဏိနံ၊ နီသောအဆင်းရှိကုန်သော။ ဂဝံ၊ နွားမတို့၏။ သဟဿံ၊ တစ်ထောင်ကို။ ဒဒါမိ၊ ပေးအံ့။ တဝ၊ အရှင်ဘုရား၏။ ဓမ္မယုတ္တာ၊ တရားနှင့်ယှဉ်ကုန်သော။ ဂါထာ၊ ဂါထာတို့ကို။ သုတွာန၊ နာရ၍။ အရိယော၊ မြတ်သော အကျင့်ရှိသော အကျွန်ုပ်သည်။ အရိယဿ၊ မြတ်သောအကျင့်ရှိသော အရှင်ဘုရား။ ကထံ န ဒဇ္ဇာ၊ အဘယ့်ကြောင့် မလှူဘဲရှိအံ့နည်း။

ရသေ့ အလှူမခံ

ဤသို့ဆိုသည်ရှိသော် ဘုရားလောင်းသည် မြတ်သောမင်းကြီး... ငါသည် ပလိဗောဓမရှိသော ရဟန်းတည်း၊ ငါ့အား နွားမတို့ဖြင့် အလိုမရှိဟု ပယ်၏။ မင်းသည် ဘုရားလောင်း၏ အဆုံးအမ၌တည်၍ အလှူအစရှိသော ကောင်းမှုတို့ကိုပြု၍ နတ်ပြည်သို့ လား၏။ ဘုရားလောင်းသည်လည်း မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်၌ ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ များစွာကုန်သော ရဟန်းတို့သည် သောပတ္တိဖိုလ် အစရှိသည်တို့၌ တည်ကုန်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ အဋ္ဌိသေန ရသေ့ဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

တောင်းလျှင်လည်းမုန်း၊ မပေးမုန်း၊ နောက်ဆုံးမိတ်ဆွေပျက်

ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော အဋ္ဌိသေနဇာတ်သည် ပြီး၏။

*****