အကိတ္တိဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၈၀။ အကိတ္တိဇာတ် (၇)


တေရသကနိပါတ်

၇။ အကိတ္တိဇာတ်

ဒါနတရားမည်သည်ကို လူရှင်ရဟန်းတိုင်း ပြုသင့်ကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အကတ္တိံ ဒိသာ သမ္မန္တံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ အကိတ္တိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် သာဝတ္ထိပြည်၌နေသော အလှူရှင်ဖြစ်သော

ဒါယကာတယောက်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ထိုစကားကို ချဲ့ဦးအံ့။ ထိုဒါယကာသည် မြတ်စွာဘုရားကို ပင့်ဘိတ်၍ ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသော ရဟန်းသံဃာအား အလှူကြီးကိုပေး၍ အဆုံးနေ့၌ အရိယာသံဃာအား အလုံးသော ပရိက္ခရာတို့ကို လှူ၏။ ထိုအခါ ထိုဒါယကာအား မြတ်စွာဘုရားသည် ပရိသတ်အလယ်၌သာလျှင် အနုမောဒနာ ပြုတော်မူလိုသည်ဖြစ်၍ ဒါယကာ သင်၏ စွန့်ကြဲခြင်းသည် များလှ၏။ သင်သည် ပြုနိုင်ခဲသောအမှုကို ပြုပေစွ၊ ထိုစကားသည် မှန်၏။ ဤအလှူအနွယ်မည်သည်ကား ရှေးပညာရှိတို့၏ အနွယ်တည်း၊ အလှူမည်သည်ကို လူသည်၎င်း ရဟန်းသည်၎င်း လှူအပ်သည်သာတည်း၊ ရှေးပညာရှိတို့သည်ကား ရဟန်းပြု၍ တော၌နေကုန်သော်လည်း ဆားမရှိသော ပေါ့သောအရသာရှိသော ရေဖြင့်ပြုတ်ကာမျှဖြစ်သော ကံပြင်းရွက်ကို စားရကုန်သော်လည်း ရောက်လာသော အလှူခံတို့အား အလိုရှိတိုင်းလှူ၍ မိမိသည် ပီတိချမ်းသာဖြင့် မျှဘူးကုန်ပြီဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား ဤအလုံးစုံသော ပရိက္ခရာအလှူသည် လူများအား ထင်ရှားပါပြီ၊ အရှင်ဘုရားတို့သည် မိန့်တော်မူအပ်သော စကားတော်သည် မထင်ရှားပါသေး၊ အကျွန်ုပ်တို့အား ထင်ရှားစွာ ဟောတော်မူပါကုန်လော့ဟု ထိုဒါယကာသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယကာ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကုဋေရှစ်ဆယ် ဥစ္စာကြွယ်ဝသော ဗြာဟ္မဏ မဟာသာလ ပုဏ္ဏားမျိုး၌ ဖြစ်၏။ ထိုဘုရားလောင်းအား အကိတ္တိ ဟူသော အမည်ကိုမည့်ကုန်၏။ ထိုဘုရားလောင်း ခြေဖြင့်သွားနိုင်သောအခါ နှမကို ဖွားမြင်၏။ ထိုနှမအား ယသဝတီဟူသော အမည်ကို မှည့်ကုန်၏။ ဘုရားလောင်းသည် တဆယ့်ခြောက်နှစ် ရှိသောအခါ တက္ကသိုလ်ပြည်သို့သွား၍ အလုံးစုံသော အတတ်တို့ကို သင်ပြီးလျှင် ပြန်ခဲ့၏။ ထိုဘုရားလောင်း မိဘတို့သည် သေကုန်၏။ ထိုဘုရားလောင်းသည် မိဘတို့အား သူသေကိစ္စတို့ကို ပြုပြီးလျှင် ဥစ္စာကို ကြည့်သည်ရှိသော် ဤမည်သောသူသည် ဤမျှလောက်သောဥစ္စာကို ဖြစ်စေ၍ လွန်လေပြီ၊ ဤမည်သောသူသည် ဤမျှသောဥစ္စာကို ဖြစ်စေ၍ လွန်လေပြီဟု ဤသို့သောစကားကို ကြားရလျှင် ထိတ်လန့်သော စိတ်ရှိသည်ဖြစ်၍ ဤဥစ္စာသည်လျှင် ထင်၏။ ဥစ္စာကို ဆည်းပူးသောသူတို့သည် မထင်၊ ဥစ္စာကို ဆည်းပူးသောသူတို့သည် ဤဥစ္စာကို စွန့်၍သွားကုန်ပြီ၊ ငါသည်ကား ထိုဥစ္စာကို ယူ၍သွားအံ့ဟုကြံ၍ နှမကို ခေါ်စေပြီးလျှင် နှမ သင်သည် ဤဥစ္စာကို စီရင်လော့ဟု ဆို၏။ မောင်ကြီးတို့၏ အလိုသည်ကား အသို့နည်းဟု မေးသည်ရှိသော် ငါသည် ရဟန်းပြုလို၏ဟု ဆို၏။

မောင်ကြီး အကျွန်ုပ်သည် သင်မောင်ကြီးတို့ စွန့်အပ်သော တံတွေးပေါက်ကို ဦးခေါင်းဖြင့် မခံအံ့၊ အကျွန်ုပ်သည်လည်း ဤဥစ္စာကို အလိုမရှိပါ၊ အကျွန်ုပ်သည်လည်း ရဟန်းပြုပါအံ့ဟု ဆိုသည်ရှိသော် ဘုရားလောင်းသည် မင်းကိုပန်ကြား၍ စည်လည်စေ၏။ ဥစ္စာကို အလိုရှိကုန်သော သူတို့သည် အကိတ္တိ ပညာရှိအိမ်သို့ လာစေကုန်သတည်းဟု စည်လည်စေ၏။ ဘုရားလောင်းသည် ခုနစ်ရက်ပတ်လုံး အလှူကြီးကို ဖြစ်စေ၍ ဥစ္စာမကုန်နိုင်သည်ရှိသော် ကြံ၏။ ဤသင်္ခါရတရားတို့သည် ကုန်တတ်ကုန်၏။ ငါ့အား ဥစ္စာ၌ မြူးတူးသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ အလိုရှိကုန်သော သူတို့သည် ထိုဥစ္စာကို ယူကုန်လတ္တံ့ဟု ကြံ၏။ ကြံပြီးလျှင် တံခါးကိုဖွင့်၍ ငါလှူသည်သာတည်း၊ ငါ၏ဥစ္စာကို ယူစေကုန်သတည်းဟု ရွှေတိုက်ငွေတိုက်တို့ကို စွန့်၍ ဆွေမျိုးအပေါင်းသည် ငိုကြွေးစဉ် နှမငယ်ကိုယူ၍ ဗာရာဏသီပြည်မှ ထွက်ခဲ့၏။ အကြင်တံခါးဖြင့် ဘုရားလောင်းသည် ထွက်၏။ ထိုတံခါးသည် အကိတ္တိတံခါးဟူသော အမည်တွင်၏။ အကြင်ဆိပ်ဖြင့် ဘုရားလောင်းသည် မြစ်ကိုကူး၏။ ထိုဆိပ်သည် အကိတ္တိဆိပ်ဟူသော အမည် တွင်၏။

ထိုဘုရားလောင်း အကိတ္တိပုဏ္ဏားသည် နှစ်ယူဇနာ သုံးယူဇနာတို့သို့ သွားပြီးလျှင် မွေ့လျော်ဘွယ်ရှိသော အရပ်၌ ကျောင်းဆောက်၍ နှမငယ်နှင့်တကွ ရဟန်းပြု၏။ ရဟန်းပြုသောအခါမှစ၍ များစွာကုန်သော ရွာနိဂုံး မင်းနေပြည်၌ နေကုန်သောသူတို့သည်လည်း ရဟန်းပြုကုန်၏။ များစွာသော အခြံအရံသည် ဖြစ်၏။ များစွာသော လာဘ်ပူဇော်သက္ကာရသည် ဖြစ်၏။ ဘုရားဖြစ်တော်မူသောအခါကဲ့သို့ ဖြစ်၏။ ထိုအခါ ဘုရားလောင်းသည် ဤလာဘ်ပူဇော် သက္ကာရသည် များ၏။ အခြံအရံသည်လည်း များ၏။ တယောက်တည်း နေခြင်းငှါ သင့်၏ဟု ကြံ၍ အခါမဲ့၌။ အယုတ်သဖြင့် နှမငယ်ကိုလည်း မသိစေမူ၍ တယောက်တည်းထွက်သွား၍ အစဉ်သဖြင့် ဒမိဠတိုင်းသို့ရောက်၍ ကာဝိရမည်သော သင်္ဘောဆိပ်၏ အနီးဖြစ်သော ဥယျာဉ်၌ နေလျက် ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၏။ ထိုဥယျာဉ်၌လည်း များစွာသော ပူဇော်သက္ကာရသည် ဖြစ်၏။ ထိုဘုရားလောင်းသည် ထိုလာဘ် ပူဇော်သက္ကာရကို စက်ဆုပ်သဖြင့် စွန့်၍ ကောင်းကင်ခရီးဖြင့်သွား၍ နာဂဒီပကျွန်း၏ အနီးဖြစ်သော ကာရဒီပကျွန်း၌ သက်၏။ ထိုအခါ ကာရဒီပကျွန်းသည် အဟိဒီပကျွန်း မည်၏။ ဘုရားလောင်းသည် ထိုကာရဒီပကျွန်း၌ ကံပြင်းပင်ကြီးကို အမှီပြုသဖြင့် ကျောင်းဆောက်၍ နေ၏။ ထိုအရပ်၌ ဘုရားလောင်းနေသော အဖြစ်ကို တစုံတယောက်သောသူသည် မသိ။

ထိုအခါ နှမငယ်သည် မောင်ကိုရှာသည်ဖြစ်၍ အစဉ်သဖြင့် ဒမိဠတိုင်းသို့ရောက်လျှင် ထိုမောင်ကို မမြင်၍ ထိုမောင်နေရာ အရပ်၌ သာလျှင် နေ၏။ ဈာန်ကိုဖြစ်စိမ့်သောငှါ မတတ်နိုင်၊ ဘုရားလောင်းသည် အလိုနည်းသည်၏ အဖြစ်ကြောင့် တပါးသောအရပ်သို့ မသွားမူ၍ ထို ကံပြင်းပင် သီးသောအခါ အသီးကိုစား၏။ အရွက်ရှိသောအခါ အရွက်ကိုရေဖြင့် ပြုတ်၍ စား၏။ ထိုဘုရားလောင်း၏ သီလတန်ခိုးကြောင့် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ ကျောက်နေရာသည် ပူသော အခြင်းအရာကို ပြ၏။ သိကြားမင်းသည် အဘယ်သူသည်လျှင် ငါ့အား နေရာမှ ရွေ့လျောစေလိုသနည်းဟု ဆင်ခြင်လတ်သော် ဘုရားလောင်း အကိတ္တိပညာရှိကို မြင်၍ အဘယ်အကျိုးငှါ ဤရသေ့သည် သီလတို့ကို စောင့်သနည်း၊ သိကြားမင်းအဖြစ်ကို တောင့်တလေသလော၊ ထိုသို့မဟုတ်မူကား တပါးကို တောင့်တလေသလော၊ ထိုရသေ့ကို စုံစမ်းအံ့ဟုကြံ၍ ဤရသေ့သည် ဆင်းရဲငြိုငြင်စွာ အသက်ကိုမွေး၏။ ရေဖြင့် ပြုတ်အပ်သော ကံပြင်းရွက်တို့ကို စား၏။ သိကြားမင်းအဖြစ်ကို အကယ်၍ တောင့်တအံ့၊ မိမိ ကံပြင်းရွက်ပြုတ်တို့ကို ငါ့အား လှူလတ္တံ့၊ သိကြားမင်းအဖြစ်ကို အကယ်၍ မတောင့်တအံ့၊ မလှူလတ္တံ့ဟု ကြံ၍ ပုဏ္ဏားအသွင်ဖြင့် ဘုရားလောင်းအထံသို့ သွား၏။ ဘုရားလောင်းသည်လည်း ကံပြင်းရွက်တို့ကို ပြုတ်၍ ခုံလောက်မှချပြီးလျှင် အေးသော ကံပြင်းရွက်တို့ကို စားအံ့ဟု ကျောင်းတံခါး၌ နေ၏။

ထိုအခါ ဘုရားလောင်းရှေ့မှ သိကြားမင်းသည် ဆွမ်းအလို့ငှါ ရပ်၏။ ဘုရားလောင်းသည် သိကြားမင်းကိုမြင်လျှင် နှစ်လိုဝမ်းသာခြင်းသို့ ရောက်သည်ဖြစ်၍ အကြင်ငါသည် အလှူခံတို့ကို မြင်ရ၏။ ထိုငါ့အား အရတော်ပေစွတကား၊ ယနေ့ငါ၏ အလိုကို အပြီးသို့ ရောက်စေ၍ အလှူကို လှူအံ့ဟု အိုးဖြင့်ယူ၍ လာလတ်ပြီးလျှင် ဤ ငါ၏အလှူသည် သဗ္ဗညုတ ဉာဏ်တော်၏ အကြောင်း ဖြစ်စေသတည်းဟု မိမိဘို့ မကြွင်းစေမူ၍လျှင် ပုဏ္ဏားခွက်၌ ထည့်၏။ ပုဏ္ဏားသည် ထိုကံညင်းရွက်ကိုယူ၍ အတန်ငယ်သွားပြီးလျှင် ကွယ်၏။ ဘုရားလောင်းသည် ပုဏ္ဏားအား လှူပြီးလျှင် တဖန် မပြုတ်မူ၍ ပီတိချမ်းသာဖြင့် လွန်စေသဖြင့် နက်ဖြန်နေ့၌ ကံပြင်းရွက်ကို ပြုတ်ပြီးလျှင် ထိုရှေးအတူလျှင် ကျောင်းတံခါး၌ နေ၏။ သိကြားမင်းသည် တဖန် ပုဏ္ဏားအသွင်ဖြင့် လာပြန်၏။ တဖန်လည်း ထိုသိကြားမင်းအားလှူ၍ ထိုဘုရားလောင်းသည် ထိုရှေးအတူသာလျှင် ကာလကို လွန်စေ၏။ သုံးရက်မြောက်သော နေ့၌လည်း ထိုရှေးအတူလျှင် လှူ၍ ငါ့အား အရတော်ပေစွတကား၊ ကံပြင်းရွက်တို့ကို မှီ၍ များစွာသော ကောင်းမှုတို့ကို ပွားစေရ၏ဟု နှစ်သက်ခြင်းသို့ ရောက်သည်ဖြစ်၍ သုံးရက်ပတ်လုံး အစာကင်းသည်၏ အဖြစ်ကြောင့် အားနည်းသည် ဖြစ်သော်လည်း မွန်းတည့်သောအခါ ကျောင်းမှထွက်၍ အလှူကို ဆင်ခြင်လျက် ကျောင်းတံခါး၌ နေ၏။

သိကြားမင်းသည်လည်း ကြံ၏။ ဤပုဏ္ဏားသည် သုံးရက်ပတ်လုံး အစာကင်းသည်ဖြစ်၍ အားနည်းသော်လည်း အလှူကိုလှူလျက် နှစ်သက်သော စိတ်ရှိသည်ဖြစ်၍လျှင် လှူ၏။ စိတ်ဖောက်ပြန်ခြင်းသည်လည်း မရှိ၊ ငါသည် ဤမည်သည်ကို တောင့်တ၍ လှူ၏ဟု မသိ၊ မေး၍ ထိုရသေ့၏ အလိုကို ကြား၍ လှူသော အကြောင်းကို သိအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုသိကြားမင်းသည် မွန်းတည့်သောအခါ လွန်လတ်သော် ကြီးစွာသော ကျက်သရေ၏ တင့်တယ်ခြင်းဖြင့် ကောင်းကင်ပြင်၌ နေကဲ့သို့ ထွန်းတောက်ပလျက် လာလတ်ပြီးလျှင် ဘုရားလောင်း၏ ရှေ့မှရပ်၍ အို ရသေ့ ဤသို့သဘောရှိသော တော၌ လေနေပူဖြင့်ခပ်အပ်သော အရံမရှိသော ကံပြင်းပင်၌ အဘယ်အကျိုးငှါ ခြိုးခြံသောအမှုကို ပြုသနည်းဟု မေး၏။ ထိုအကြောင်းကို ထင်ရှား ပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၈၃။ အကိတ္တိံ ဒိသွာ သမ္မန္တံ၊ သက္ကော ဘူတပတီ ဗြဝိ။
ကိံ ပတ္ထယံ မဟာဗြဟ္မေ၊ ဧကော သမ္မသိ ဃမ္မနိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဟောတော်မူ၏။

၈၃။ ဘိက္ခဝေ၊ ရဟန်းတို့။ သမ္မန္တံ၊ ငြိမ်သက်စွာသော။ အကိတ္တိံ၊ အကိတ္တိရသေ့ကို။ ဒိသွာ၊ မြင်၍။ ဘူတပတိ၊ သတ္တဝါတို့၏ အရှင်ဖြစ်သော။ သက္ကော၊ သိကြားမင်းသည်။ ဣဒံ၊ ဤစကားကို။ အဗြဝိ၊ ဆို၏။ မဟာဗြဟ္မေ၊ ပုဏ္ဏားမြတ်။ ကိံ၊ အဘယ်ကို။ ပတ္ထယံ-ပတ္ထယန္တော၊ တောင့်တသည် ဖြစ်၍။ ဧကော၊ တယောက်တည်း။ ဃမ္မနိ၊ ပူလှစွာသောအရပ်၌။ သမ္မသိ၊ ငြိမ်သက်စွာနေသနည်း။

ဘုရားလောင်းသည် ထိုစကားကိုကြား၍ သိကြမင်း အဖြစ်ကို သိလျှင် ငါသည် ဤစည်းစိမ်တို့ကို မတောင့်တ သဗ္ဗညူအဖြစ်ကို ဖြည့်သည်ဖြစ်၍ ခြိုးခြံသောအကျင့်ကို ကျင့်၏ဟု ပြလိုရကား-

၈၄။ ဒုက္ခော ပုနဗ္ဘဝေါ သက္က၊ သရီရဿ စ ဘေဒနံ။
သမ္မောဟ မရဏံ ဒုက္ခံ၊ တသ္မာ သမ္မာမိ ဝါသဝ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၈၄။ သက္က၊ သိကြားမင်း။ ပုနဗ္ဘဝေါ၊ တဖန်ဘဝ၌ ဖြစ်ခြင်းသည်။ ဒုက္ခော၊ ဆင်းရဲ၏။ သရီရဿ၊ ကိုယ်ခန္ဓာ၏။ ဘေဒနံ၊ ပျက်ခြင်းသည်။ ဒုက္ခံ၊ ဆင်းရဲ၏။ သမ္မောဟ မရဏံ၊ တွေဝေလျက် သေရခြင်းသည်။ ဒုက္ခံ၊ ဆင်းရဲ၏။ ဝါသဝ၊ သိကြားမင်း။ တသ္မာ၊ ထို့ကြောင့်။ သမ္မာမိ၊ နိဗ္ဗာန်ကိုတောင့်တလျက် ငြိမ်သက်စွာ နေ၏။

ထိုစကားကိုကြား၍ သိကြားမင်းသည် နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ ဤရသေ့သည် အလုံးစုံသော ဘဝတို့၌ ငြီးငွေ့သည်ဖြစ်၍ နိဗ္ဗာန်အလို့ငှါ တော၌ နေသတတ်၊ ထိုရသေ့အား ဆုကို ငါပေးအံ့ဟု ဆုဖြင့် ဘိတ်လိုရကား-

၈၅။ ဧတသ္မိံ တေ သုလပိတေ၊ ပတိရူပေ သုဘာသိတေ။
ဝရံ ကဿပ တေ ဒမ္မိ၊ ယံကိဉ္စိ မနသိစ္ဆသိ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၈၅။ ကဿပ၊ ကဿပအနွယ်ဖြစ်သော ရှင်ရသေ့။ တေ၊ ရှင်ရသေ့သည်။ ဧတသ္မိံ၊ ထိုစကားကို။ သုလပိတေ၊ ကောင်းစွာဆိုသည်ရှိသော်။ ပတိရူပေ၊ သင့်တင့်တော်လျော်သော စကားကို။ သုဘာသိတေ၊ ကောင်းစွာ ဆိုသည်ရှိသော်။ တေ၊ ရှင်ရသေ့အား။ ဝရံ၊ ဆုကို။ ဒမ္မိ၊ ငါပေး၏။ ယံကိဉ္စိ၊ အကြင်အမှတ်မရှိသော ဆုကို။ မနသာ၊ စိတ်ဖြင့်။ ဣစ္ဆသိ၊ အလိုရှိ၏။ တံ၊ ထိုအလိုရှိသော ဆုကို။ ဂဏှာဟိ၊ ယူလော့။

ဘုရားလောင်းသည် ထိုဆုကို ယူလိုရကား-

၈၆။ ဝရဉ္စေ မေ အဒေါ သက္က၊ သဗ္ဗဘူတာနမိဿရ။
ယေန ပုတ္တေ စ ဒါရေ စ၊ ဓနဓညံ ပိယာနိ စ။
လဒ္ဓါ နာညာနိ တပ္ပေန္တိ၊ သောလောဘော န မယိ ဝသေ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၈၆။ သဗ္ဗဘူတာနံ၊ ခပ်သိမ်းသောသတ္တဝါတို့ကို။ ဣဿရ၊ အစိုးရသော။ သက္က၊ သိကြားမင်း။ မေ၊ ငါ့အား။ စေ၊ အကယ်၍။ ဝရံထ၊ ဆုကို။ အဒေါ၊ ပေးလိုအံ့။ ယေနလောဘေန၊ အကြင်လောဘဖြင့်။ ပုတ္တေ စ၊ သားသ္မီးတို့ကို၎င်း။ ဒါရေ စ၊ မယားတို့ကို၎င်း။ ဓနဓညံ စ၊ ဥစ္စာစပါးကို၎င်း။ အညာနိ၊ တပါးကုန်သော။ ပိယာနိ စ၊ ချစ်အပ်သော ဥစ္စာတို့ကို၎င်း။ လဒ္ဓါ၊ ရကုန်၍။ သတ္တာ၊ သတ္တဝါတို့သည်။ န တပ္ပေန္တိ၊ မရောင့်ရဲနိုင်ကုန်။ သော လောဘော၊ ထိုလောဘသည်။ မယိ၊ ငါ၌။ န ဝသေ၊ မဖြစ်စေသတည်း။

ထိုအခါ ဘုရားလောင်းအား သိကြားမင်းသည် နှစ်သက်သည်ဖြစ်၍ အလွန်လည်း ဆုကိုပေးသည်ရှိသော် ဘုရားလောင်းသည်လည်း ထိုဆုကို ယူလိုရကား-

၈၇။ ဧတသ္မိံ တေ သုလပိတေ။ လ။
၈၈။ ဝရဉ္စေ မေ အဒေါ သက္က၊ သဗ္ဗဘူတာနမိဿရ။
ခေတ္တံ ဝတ္ထုံ ဟိရညဉ္စ၊ ဂဝဿံ ဒါသပေါရိသံ။
ယေန ဇာတေန ဇီယန္တိ၊ သော ဒေါသော န မယိ ဝသေ။
၈၉။ ဧတသ္မိံ တေ သုလပိတေ။ လ။
၉၀။ ဝရဉ္စေ မေ အဒေါ သက္က၊ သဗ္ဗဘူတာနမိဿရ။
ဗာလံ န ပဿေ န သုဏေ၊ န စ ဗာလေန သံဝသေ။
ဗာလေနလ္လာပသလ္လာပံ၊ န ကရေ န စ ရောစယေ။
၉၁။ ကိန္နု တေ အကရံ ဗာလော၊ ဝဒ ကဿပ ကာရဏံ။
ကေန ကဿပ ဗာလဿ၊ ဒဿနံ နာဘိကင်္ခသိ။
၉၂။ အနယံ နယတိ ဒုမ္မေဓော၊ အဓုရာယံ နိယုဉ္ဇတိ။
ဒုန္နယော သေယျသော ဟောတိ၊ သမ္မာဝုတ္တော ပကုပ္ပတိ။
ဝိနယံ သော န ဇာနာတိ၊ သာဓု တဿ အဒဿနံ။
၉၃။ ဧတသ္မိံ တေ သုလပိတေ။ လ။
၉၄။ ဝရဉ္စေ မေ အဒေါ သက္က၊ သဗ္ဗဘူတာနမိဿရ။
ဓီရံ ပဿေ သုဏေ ဓီရံ၊ ဓီရေန သဟ သံဝသေ။
ဓီရေနလ္လာပသလ္လာပံ၊ တံ ကရေ တဉ္စ ရောစယေ။
၉၅။ ကိန္နု တေ အကရံ ဓီရော၊ ဝဒ ကဿပ ကာရဏံ။
ကေန ကသပ ဓီရဿ၊ ဒဿနံ အဘိကင်္ခသိ။
၉၆။ နယံ နယတိ မေဓာဝီ၊ အဓုရာယံ န ယုဉ္ဇတိ။
သုနယော သေယျသော ဟောတိ၊
သမ္မာ ဝုတ္တော န ကုပ္ပတိ။
ဝိနယံ သော ပဇာနာတိ၊ သာဓု တေန သမာဂမော။
၉၇။ ဧတသ္မိံ တေ သုလပိတေ။ လ။
၉၈။ ဝရဉ္စေ မေ အဒေါ သက္က၊ သဗ္ဗဘူတာနမိဿရ။
တတော ရတျာ ဝိဝသာနေ၊ သူရိယုဂ္ဂမနံ ပတိ။
ဒိဗ္ဗာ ဘက္ခာ ပါဘုဘဝေယျုံ၊
သီလဝန္တော စ ယာစကာ။
၉၉။ ဒဒတော မေ န ခီယေထ၊ ဒတွာ နာနုတပေယျဟံ။
ဒဒံ စိတ္တံ ပသာဒေယျံ၊ ဧတံ သက္က ဝရံ ဝရေ။
၁၀၀။ ဧတသ္မိံ တေ သုလပိတေ။ လ။
၁၀၁။ ဝရဉ္စေ မေ အဒေါ သက္က၊ သဗ္ဗဘူတာနမိဿရ။
န မံ ပုန ဥပေယျာသိ၊ ဧတံ သက္က ဝရံ ဝရေ။
၁၀၂။ ဗဟူဟိ ဝတ္တစရိယာဟိ၊ နရာ စ အထ နာရိယော။
ဒဿနံ အဘိကင်္ခန္တိ၊ ကိန္နု မေ ဒဿနေ ဘယံ။
၁၀၃။ တံ တာဒိသံ ဒေဝဝဏ္ဏံ၊ သဗ္ဗကာမသမိဒ္ဓိနံ။
ဒိသွာ တပေါ ပမဇ္ဇေယျ၊ ဧတံ တေ ဒဿနံ ဘယံ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၈၇။ ကဿပ၊ ကဿပ အနွယ်ဖြစ်သော ရှင်ရသေ့။ တေ၊ ရှင်ရသေ့သည်။ ဧတသ္မိံ၊ ထိုစကားကို။ သုလပိတေ၊ ကောင်းစွာပြောသည်ရှိသော်။ ပတိရူပေ၊ သင့်တင့်လျောက်ပတ်သော စကားကို။ သုဘာသိတေ၊ ကောင်းစွာဆိုသည်ရှိသော်။ တေ၊ ရှင်ရသေ့အား။ ဝရံ၊ ဆုကို။ ဒမ္မိ၊ ပေး၏။ ယံကိဉ္စိ၊ အမှတ်မရှိသောဆုကို။ မနသာ၊ စိတ်ဖြင့်။ ဣစ္ဆသိ၊ အလိုရှိ၏။ တံ၊ ထိုဆုကို။ ဂဏှာဟိ၊ ယူလော့။

၈၈။ သဗ္ဗဘူတာနံ၊ ခပ်သိမ်းသော သတ္တဝါတို့ကို။ ဣဿရ၊ အစိုးရတော်မူသော။ သက္က၊ သိကြားမင်း။ စေ၊ အကယ်၍။ မေ၊ ငါ့အား။ ဝရံ၊ ဆုကို။ အဒေါ၊ ပေးလိုအံ့။ ယေန ဒေါသေန၊ အကြင်ဒေါသသည်။ ဇာတေန၊ ဖြစ်လတ်သော်။ ခေတ္တံ စ၊ လယ်ကို၎င်း။ ဝတ္ထုံ စ၊ ယာကို၎င်း။ ဟိရညဉ္စ၊ ရွှေကို၎င်း။ ဂဝဿံ၊ နွားမြင်းကို၎င်း။ ဒါသပေါရိသံ၊ ကျွန်အမှုလုပ်ကို၎င်း။ ဇီယန္တိ၊ ဆုံးရှုံးစေတတ်ကုန်၏။ သော ဒေါသော၊ ထိုဒေါသသည်။ မယိ၊ ငါ၌။ န ဝသေ၊ မဖြစ်စေသတည်း။

၈၉။ ကဿပ၊ ကဿပအနွယ် ဖြစ်သော ရှင်ရသေ့။ တေ၊ ရှင်ရသေ့သည်။ ဧတသ္မိံ၊ ထိုစကားကို။ သုလပိတေ၊ ကောင်းစွာပြောသည်ရှိသော်။ ပတိရူပေ၊ သင့်တင့်လျောက်ပတ်သော စကားကို။ သုဘာသိတေ၊ ကောင်းစွာ ဆိုသည်ရှိသော်။ တေ၊ ရှင်ရသေ့အား။ ဝရံ၊ ဆုကို။ ဒမ္မိ၊ ငါပေး၏။ ယံကိဉ္စိ၊ အမှတ်မရှိသော ဆုကို။ မနသာ၊ စိတ်ဖြင့်။ ဣစ္ဆသိ၊ အလိုရှိ၏။ တံ၊ ထိုဆုကို။ ဂဏှာဟိ၊ ယူလော့။

၉၀။ သဗ္ဗဘူတာနံ၊ ခပ်သိမ်းသော သတ္တဝါတို့ကို။ ဣဿရ၊ အစိုးရတော်မူသော။ သက္က၊ သိကြားမင်း။ စေ၊ အကယ်၍။ မေ၊ ငါ့အား။ ဝရံ၊ ဆုကို။ အဒေါ၊ ပေးလိုအံ့။ ဗာလံ၊ သူမိုက်ကို။ န ပဿေ၊ မမြင်ရလို။ န သုဏေ၊ မကြားရလို။ ဗာလေန၊ သူမိုက်နှင့်။ န စ သံဝသေ၊ မပေါင်းဖော်ရလို။ ဗာလေန၊ သူမိုက်နှင့်။ အလ္လာပသလ္လာပံ၊ စကားပြောဟောခြင်းကို။ န ကရေ၊ မပြုရလို။ ဗာလံ၊ သူမိုက်ကို။ န စ ရောစယေ၊ မနှစ်သက်ရလို။

၉၁။ ကဿပ၊ ကဿပအနွယ်ဖြစ်သော ရှင်ရသေ့။ တေ၊ ရှင်ရသေ့အား။ ဗာလော၊ သူမိုက်သည်။ ကိန္နု ခေါ၊ အသို့လျှင်။ အကရံ၊ ပြုသနည်း။ ကဿပ၊ ကဿပအနွယ်ဖြစ်သော ရှင်ရသေ့။ ကာရဏံ၊ အကြောင်းကို။ ဝဒ၊ ဆိုလော့။ ကေန၊ အဘယ့်ကြောင့်။ ဗာလဿ၊ သူမိုက်အား။ ဒဿနံ၊ မြင်ခြင်းကို။ နာဘိကင်္ခသိ၊ အလိုမရှိသနည်း။

၉၂။ သက္က၊ သိကြားမင်း။ ဒုမ္မေဓော၊ သူမိုက်သည်။ အနယံ၊ ပျက်စီးခြင်းကို။ နယတိ၊ ဆောင်တတ်၏။ အဓုရာယံ၊ မပွားစေအပ်သောအရာ၌။ နိယုဉ္ဇတိ၊ အမြဲယှဉ်တတ်၏။ သေယျသော၊ မြတ်သောအားဖြင့်။ ဒုန္နယော၊ သိနိုင်ခဲသည်။ ဟောတိ၊ ဖြစ်၏။ သမ္မာ၊ ကောင်းစွာ။ ဝုတ္တောပိ၊ ဆိုပါသော်လည်း။ ပကုပ္ပတိ၊ အမျက်ထွက်တတ်၏။ သော၊ ထိုသူမိုက်သည်။ ဝိနယံ၊ အာစာရဝိနည်းကို။ န ဇာနာတိ၊ မသိ။ တဿ၊ ထိုသူမိုက်အား။ အဒဿနံ၊ မမြင်ရခြင်းသည်။ သာဓု၊ ကောင်း၏။

၉၃။ ကဿပ၊ ကဿပ အနွယ်ဖြစ်သော ရှင်ရသေ့။ တေ၊ ရှင်ရသေ့သည်။ ဧတသ္မိံ၊ ဤစကားကို။ သုလပိတေ၊ ကောင်းစွာ ပြောသည်ရှိသော်။ ပတိရူပေ၊ သင့်တင့်လျောက်ပတ်သော စကားကို။ သုဘာသိတေ၊ ကောင်းစွာဆိုသည်ရှိသော်။ တေ၊ ရှင်ရသေ့အား။ ဝရံ၊ ဆုကို။ ဒမ္မိ၊ ငါပေး၏။ ယံကိဉ္စိ၊ အမှတ်မရှိသောဆုကို။ မနသာ၊ စိတ်ဖြင့်။ ဣစ္ဆသိ၊ အလိုရှိ၏။ တံ ဝရံ၊ ထိုဆုကို။ ဂဏှာဟိ၊ ယူလော့။

၉၄။ သဗ္ဗဘူတာနံ၊ ခပ်သိမ်းသော သတ္တဝါတို့ကို။ ဣဿရ၊ အစိုးရသော။ သက္က၊ သိကြားမင်း။ မေ၊ ငါ့အား။ ဝရံ၊ ဆုကို။ စေ အဒေါ၊ အကယ်၍ ပေးလိုအံ့။ ဓီရံ၊ ပညာရှိကို။ ပဿေ၊ မြင်ရလို၏။ ဓီရံ၊ ပညာရှိကို။ သုဏေ၊ ကြားရ လို၏။ ဓီရေန၊ ပညာရှိနှင့်။ သဟ၊ တကွ။ သံဝသေ၊ ပေါင်းဖော်ရလို၏။ ဓီရေန၊ ပညာရှိနှင့်။ တံ အလ္လာပသလ္လာပံ၊ ထိုစကား ပြောဟောခြင်းကို။ ကရေ၊ ပြုရလို၏။ တဉ္စ၊ ထိုပညာရှိကိုလည်း။ ရောစယေ၊ နှစ်သက်ရလို၏။

၉၅။ ကဿပ၊ ကဿပ အနွယ်ဖြစ်သော ရှင်ရသေ့။ ဓီရော၊ ပညာရှိသည်။ တေ၊ ရှင်ရသေ့အား။ ကိန္နု၊ အသို့လျှင်။ အကရံ၊ ပြုသနည်း။ ကာရဏံ၊ အကြောင်းကို။ ဝဒ၊ ဆိုလော့။ ကဿပ၊ ကဿပအနွယ်ဖြစ်သော ရှင်ရသေ့။ ကေန၊ အဘယ့်ကြောင့်။ ဓီရဿ၊ ပညာရှိအား။ ဒဿနံ၊ မြင်ခြင်းကို။ အဘိကင်္ခသိ၊ အလိုရှိသနည်း။

၉၆။ သက္က၊ သိကြားမင်း။ မေဓာဝီ၊ ပညာရှိသည်။ နယံ၊ အစီးအပွားသို့။ နယတိ၊ ဆောင်တတ်၏။ အဓုရာယံ၊ မပွားစေအပ်သည်၌။ န ယုဉ္ဇတိ၊ မယှဉ်။ သေယျသော၊ မြတ်သောအားဖြင့်။ သုနယော၊ သိလွယ်သည်။ ဟောတိ၊ ဖြစ်၏။ သမ္မာ၊ ကောင်းစွာ။ ဝုတ္တော၊ ဆိုအပ်သည်ရှိသော်။ န ကုပ္ပတိ၊ အမျက်မထွက်။ သော၊ ထိုပညာရှိသည်။ ဝိနယံ၊ အာစာဝိနည်းကို။ ပဇာနာတိ၊ သိ၏။ တေန၊ ထိုပညာရှိနှင့်။ သမာဂမော၊ ပေါင်းဖော်ခြင်းသည်။ သာဓု၊ ကောင်းမြတ်၏။

၉၇။ ကဿပ၊ ကဿပအနွယ်ဖြစ်သော ရှင်ရသေ့။ တေ၊ ရှင်ရသေ့သည်။ ဧတသ္မိံ၊ ထိုစကားကို။ သုလပိတေ၊ ကောင်းစွာပြောသည်ရှိသော်။ ပတိရူပေ၊ သင့်တင့်လျောက်ပတ်သော စကားကို။ သုဘာသိတေ၊ ကောင်းစွာ ဆိုသည်ရှိသော်။ တေ၊ ရှင်ရသေ့အား။ ဝရံ၊ ဆုကို။ ဒမ္မိ၊ ငါပေး၏။ ယံကိဉ္စိ၊ အမှတ်မရှိသောဆုကို။ မနသာ၊ စိတ်ဖြင့်။ ဣစ္ဆသိ၊ အလိုရှိ၏။ တံဝရံ၊ ထိုဆုကို။ ဂဏှာဟိ၊ ယူလော့။

၉၈။ သဗ္ဗဘူတာနံ၊ ခပ်သိမ်းသော သတ္တဝါတို့ကို။ ဣဿရ၊ အစိုးရသော။ သက္က၊ သိကြားမင်း။ မေ၊ ငါ့အား။ ဝရံ၊ ဆုကို။ စေ အဒေါ၊ အကယ်၍ ပေးလိုအံ့။ တတော၊ ထိုအခါမှ။ ရတျာဝိသာနေ၊ ညဉ့်၏ အဆုံး၌။ သူရိယုဂ္ဂမနံပတိ၊ နေထွက်သောအခါ၌။ ဒိဗ္ဗာဘက္ခာ စ၊ နတ်၌ဖြစ်သောအစာတို့သည်၎င်း။ သီလဝန္တော၊ သီလရှိကုန်သော။ ယာစကာ စ၊ အလှူခံတို့သည်၎င်း။ ပါတုဘဝေယျုံ၊ ထင်ရှား ဖြစ်စေကုန်သတည်း။

၉၉။ သက္က၊ သိကြားမင်း။ ဒဒတော၊ ပေးလှူသော။ မေ၊ ငါ့အား။ န ခီယေထ၊ မကုန်နိုင်စေကုန်သတည်း။ အဟံ၊ ငါသည်။ တံ၊ ထိုအလှူကို။ ဒတွာ၊ လှူပြီး၍။ နာနုတပေယျံ၊ နောင်တမရှိရလို။ ဒဒံ-ဒဒန္တော၊ ပေးလှူဆဲဖြစ်သော ငါသည်။ စိတ္တံ၊ စိတ်ကို။ ပသာဒေယျံ၊ ကြည်စေနိုင်ရလို၏။ ဧတံ ဝရံ၊ ထိုဆုကို။ ဝရေ၊ ငါ အလိုရှိ၏။

၁၀၀။ ကဿပ၊ ကဿပ အနွယ်ဖြစ်သော ရှင်ရသေ့။ တေ၊ ရှင်ရသေ့သည်။ ဧတသ္မိံ၊ ထိုစကားကို။ သုလပိတေ၊ ကောင်းစွာ ဆိုသည်ရှိသော်။ ပတိရူပေ၊ သင့်တင့်လျောက်ပတ်သော စကားကို။ သုဘာသိတေ၊ ကောင်းစွာဆိုသည်ရှိသော်။ တေ၊ ရှင်ရသေ့အား။ ဝရံ၊ ဆုကို။ ဒမ္မိ၊ ပေး၏။ ယံကိဉ္စိ၊ အမှတ်မရှိသော ဆုကို။ မနသာ၊ စိတ်ဖြင့်။ ဣစ္ဆသိ၊ အလိုရှိ၏။ တံ ဝရံ၊ ထိုဆုကို။ ဂဏှာဟိ၊ ယူလော့။

၁၀၁။ သဗ္ဗဘူတာနံ၊ ခပ်သိမ်းသော သတ္တဝါတို့ကို။ ဣဿရ၊ အစိုးရသော။ သက္က၊ သိကြားမင်း။ မေ၊ ငါ့အား။ ဝရံ၊ ဆုကို။ စေ အဒေါ၊ အကယ်၍ ပေးလိုအံ့။ မံ၊ ငါ့သို့။ ပုန၊ တဖန်။ န ဥပေယျာသိ၊ သင်မကပ်လာလင့်။ သက္က၊ သိကြားမင်း။ ဧတံ ဝရံ၊ ထိုဆုကို။ ဝရေ၊ အလို ရှိ၏။

၁၀၂။ တာပသ၊ ရှင်ရသေ့။ နရာ စ၊ ယောက်ျားတို့သည်၎င်း။ အထ၊ ထိုမှတပါး။ နာရိယော စ၊ မိန်းမတို့ သည်၎င်း။ ဗဟူဟိ၊ များစွာကုန်သော။ ဝတ္တစရိယာဟိ၊ အကျင့်ဝတ်တို့ဖြင့်။ ဒဿနံ၊ သိကြားမင်းကို ဖူးမြင်ခြင်းကို။ အဘိကင်္ခန္တိ၊ အလွန်တောင့်တကုန်၏။ မေ၊ ငါ့အား။ ဒဿနေ၊ မြင်ခြင်း၌။ ကိံ ဘယံ၊ အဘယ်ဘေးသည်။ ဟောတိနု၊ ဖြစ်သနည်း။

၁၀၃။ သက္က၊ သိကြားမင်း။ သဗ္ဗကာမသမိဒ္ဓိနံ၊ ခပ်သိမ်းသော ကာမဂုဏ်နှင့် ပြည့်စုံသော။ တံ တာဒိသံ၊ သင် သိကြားမင်းနှင့် တူသော။ ဒေဝဝဏ္ဏံ၊ နတ်အဆင်းကို။ ဒိသွာ၊ မြင်၍။ တပေါ၊ ခြိုးခြံသောအကျင့်သည်။ ပမဇ္ဇေယျ၊ မေ့လျော့ရာ၏။ ဧတံ၊ ဤသို့ မေ့လျော့ခြင်းသည်။ တေ၊ သင် သိကြားမင်းအား။ ဒဿနေ၊ မြင်ခြင်း၌။ ဘယံ၊ ဘေးတည်း။

သိကြားမင်းသည် အရှင်ဘုရား ကောင်းပြီ၊ ဤယနေ့မှစ၍ အရှင်ဘုရားအထံသို့ မလာအံ့ဟု ဆို၍ ထိုဘုရားလောင်းရသေ့ကို ရိုသေစွာ ရှိခိုးသဖြင့် ကန်တော့၍ သွားလေ၏။ ထိုဘုရားလောင်းသည် အသက်ထက်ဆုံး ထိုအရပ်၌ သာလျှင် နေလျက် ဗြဟ္မဝိဟာရတရားတို့ကို ပွားစေ၍ ဗြဟ္မာ့ပြည်၌ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဒါယကာ ယခုအခါ အနုရုဒ္ဓါသည် ထိုအခါ သိကြားမင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ အကိတ္တိပညာရှိ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

လူရှင်ရဟန်း၊ ဒါနခဏ်း၊ မြတန်းပြုသင့်သည်

ခုနစ်ခုမြောသော အကိတ္တိဇာတ်သည် ပြီး၏။

*****