သံဝရဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၆၂။ သံဝရဇာတ် (၈)


ဧကာဒသကနိပါတ်

၈။ သံဝရဇာတ်

ပညာရှိတို့ စကားကိုနာယူ၍ မင်းဖြစ်ခြင်း

ဟောတော်မူရာဌာန... နတ်လူတို့၏ဆရာ ဖြစ်တော်မူသော သဗ္ဗညူမြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသည်ရှိသော် တစ်ယောက်သော ဝီရိယကိုလျှော့သောရဟန်းကို အကြောင်း ပြု၍ ဇာနန္တော နော မဟာရာဇ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသံဝရဇာတ်ကို ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုစကားကို ချဲ့ဦးအံ့။ သာဝတ္ထိပြည်၌နေသော အမျိုးကောင်းသား တစ်ယောက်သည် ဘုရားသခင်၏ တရားဒေသနာကို ကြားနာရ၍ ရဟန်းပဉ္စင်းအဖြစ်ကို ရပြီးသော် ဥပဇ္ဈာယ်ဆရာဝတ်ကိုဖြည့်လျက် နှစ်ပါးသော ပါတိမောက်တို့ကို နှုတ်တက်လေ့လာသည်ကိုပြု၍ ငါးဝါပြည့်လျှင် ကမ္မဋ္ဌာန်းကိုသင်၍ တော၌နေအံ့ ဟု ကြံ၍ ဆရာဥပဇ္ဈာယ်ကို ပန်ကြား၍ ကောသလတိုင်း၌ တစ်ခုသော ပစ္စန္တရစ်ရွာသို့ သွား၍ ထိုရွာဝယ် ဣရိယာပုထ်၌ ကြည်ညိုသောလူတို့သည် သစ်ရွက်မိုးသော ကျောင်းဆောက်လုပ်၍ လုပ်ကျွေးလျှင် ဝါဆိုလျက် လုံလပြုလတ်သော် အာရုံစိတ်ကို ထိစေလျက် အလွန်အားထုတ်သော လုံ့လဖြင့် ဝါတွင်းသုံးလပတ်လုံး ကမ္မဋ္ဌာန်းကို ပွားစေ၍ တရားအထူးကို ရခြင်း၏ အရိပ် နိမိတ်မျှလည်း ဖြစ်စိမ့်သောငှာ မတတ်နိုင်၍ ကြံ၏။ ငါကား ဘုရားသခင်သည် ဟောတော်မူအပ်ကုန်သော လေးယောက်သော ပုဂ္ဂိုလ်တို့တွင် ပဒပရမတည်း။ (ပုဂ္ဂိုလ်လေးယောက်ဟူသည် (၁) ဥဂ်ဃါဋိတညူပုဂ်ဂိုလျတဈယောကျ (၂) ဝိပဉ္စိတညူ ပုဂ္ဂိုလ်တစ်ယောက် (၃) နေယျပုဂ္ဂိုလ်တစ်ယောက် (၄) ပဒပရမပုဂ္ဂိုလ်တစ်ယောက်။ ဤလေးယောက်တို့တည်း)။

ငါ့အား တော၌နေ၍ အဘယ်အကျိုးရှိအံ့နည်း၊ ဇေတဝန် ကျောင်းတော်သို့ သွား၍ ဘုရားသခင်၏ အဆင်းတော်၏ တင့်တယ်ခြင်းကို ဖူးမြင်လျှက် သာယာသော တရားဒေသနာတော်ကို ကြားနာလျက် ကာလကို လွန်စေအံ့ ဟု ကြံလျက် ထိုရဟန်းသည် ဝီရိယကိုလျှော့၍ ထိုတောကျောင်းမှ ထွက်ခဲ့၍ အစဉ်သဖြင့် ဇေတဝန် ကျောင်းတော်သို့ သွား၍ ဆရာ ဥပဇ္ဈာယ်ယ်တို့သည်လည်းကောင်း၊ မြင်ဖူးသော အဆွေ ခင်ပွန်း, အတူတကွ သုံးဆောင်စားသောက်ဖူးသော အဆွေခင်ပွန်းတို့သည်လည်းကောင်း လာကြောင်းကို မေးသည်ရှိသော် ထိုအကြောင်းကိုကြား၍ ထိုဥပဇ္ဈာယ်, အဆွေခင်ပွန်းတို့သည် အဘယ့်ကြောင့် ဤသို့ ပြုဘိသနည်း ဟု ကဲ့ရဲ့၍ ဘုရားသခင်၏အထံသို့ ဆောင်၍ ရဟန်းတို့ အဘယ့်ကြောင့် အလိုမရှိသော ရဟန်းကို ခေါ်ခဲ့ကုန်သနည်းဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား ဤရဟန်းသည် ဝီရိယကိုလျှော့၍ လာ၏ ဟု ကြားလျှောက်သည်ရှိသော် ဘုရားသခင်သည် မှန်သလော ဟု မေးတော်မူလျှင် အရှင်ဘုရား မှန်ပေ၏ ဟု လျှောက်လတ်သော် ရဟန်း အဘယ့်ကြောင့် ဝီရိယကို လျှော့ဘိသနည်း၊ ဤသာသနာတော်၌ လုံ့လမရှိ၊ ပျင်းရိသော ပုဂ္ဂိုလ်အား အရဟတ္တဖိုလ်မည်သည် မရှိ၊ အားထုတ်သော လုံ့လရှိသောသူကိုသာလျှင် ဤငါဘုရား တရားတော်သည် နှစ်သက်စေကုန်၏။ သင်သည် ရှေး၌လည်း လုံ့လရှိ၏။ ဆုံးမခြင်းငှာ ခံ့၏။ ထို့ကြောင့်သာလျှင် ဗာရာဏသီမင်း၏ သားတစ်ရာတွင် အငယ်ဆုံးဖြစ်၍လည်း ပညာရှိတို့၏ အဆုံးအမ၌တည်၍ ထီးဖြူကို ဆောင်းရခြင်းသို့ ရောက်၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် သံဝရမည်သော မင်းသားသည် သားတစ်ရာတို့၏ အငယ်ဆုံးဖြစ်၏။ မင်းသည် တစ်ယောက် တစ်ယောက်သော သားကို အတတ်ပညာ သင်ကြကုန် ဟုဆို၍ တစ်ယောက် တစ်ယောက်သော အမတ်အား ပေးအပ်၏။ သံဝရမင်းသား၏ ဆရာဖြစ်သော အမတ်သည် ဘုရားလောင်းဖြစ်၏။ ပညာရှိ၏။ လိမ္မာ၏။ အဖအရာ၌ တည်၏။ အမတ်တို့သည် သင်ပြီးသင်ပြီးကုန်သော မင်းသားတို့ကို မင်းအား အတတ်ကို ပြစေကုန်၏။ မင်းသည် ထိုသားတို့အား ဇနပုဒ်မြို့ရွာ

ကိုပေး၍ လွှတ်လိုက်၏။

ခြေရင်းမှာနေပါရစေ

သံဝရမင်းသားသည် အလုံးစုံသော အတတ်၏ ပြီးခြင်းသို့ရောက်၍ ဘုရားလောင်းကို မေး၏။ ဆရာ အမတ် အကယ်၍ အကျွန်ုပ်ခမည်းတော်မင်းကြီးသည် ဇနပုဒ် ပြည်ရွာကို ပေးလတ်အံ့၊ အသို့ပြုရအံ့နည်း ဟု မေး၏။ မင်းသား သင်သည် ဇနပုဒ်ပြည်ရွာကို ပေးသည်ရှိသော် ထိုဇနပုဒ်ကို မယူမူ၍ အရှင်မင်းကြီး အကျွန်ုပ်သည် အလုံးစုံသော သားတို့၏ အငယ်ဆုံးတည်း၊ အကျွန်ုပ်လည်း သွားသည်ရှိသော် ခမည်းတော်မင်းကြီး၏ ခြေရင်းသည် ဆိတ်ညံ့သည် ဖြစ်လတ္တံ့၊ အကျွန်ုပ်သည် ခမည်းတော်တို့၏ ခြေရင်း၌သာလျှင် နေပါအံ့ ဤသို့ တင်လျှောက်လော့ ဟု ဆို၏။

ထိုအခါဝယ် တစ်နေ့သ၌ ရှိခိုး၍ တင့်အပ်သော အရပ်၌နေသော ထိုသံဝရမင်းသားကို မင်းကြီးသည် မေး၏။ ချစ်သား အသို့နည်း၊ သင်ချစ်သားအား အတတ်သည် ပြီးပြီလော ဟု မေး၏။ ခမည်းတော် မင်းကြီး ပြီးပြီ ဟု လျှောက်လတ်သော် ချစ်သား သင့်အားလည်း ဇနပုဒ်မြို့ရွာကို ငါပေး၏ ဟု ဆို၏။ ရှင်မင်ကြီး ခမည်းတော်တို့၏ ခြေရင်းသည် ဆိတ်ညံလတ္တံ့၊ အကျွန်ုပ်သည် ခမည်းတော်တို့၏ ခြေရင်း၌ သာလျှင် ဖြစ်ပါအံ့ ဟု ဆို၏။ မင်းသည် နှစ်သက်၍ ကောင်းပြီဟု ဝန်ခံ၏။ ထိုသံဝရ မင်းသားသည် ထိုအခါမှစ၍ မင်းကြီး၏ ခြေရင်း၌သာလျှင်ဖြစ်၍ တစ်ဖန် ဘုရားလောင်းကို မေး၏။ ဖခင် တစ်ပါးသောအမှုကို အသို့ပြုရအံ့နည်း ဟု မေး၏။ ချစ်သား မင်းကြီး၌ တစ်ခုသော ဥယျာဉ်ဟောင်းကို တောင်းလော့ ဟု ဆို၏။ ထိုသံဝရမင်းသားသည် ကောင်းပြီ ဟု ဥယျာဉ်တော်ကို တောင်း၍ ထိုဥယျာဉ်၌ ဖြစ်ကုန်သော ပန်းသီးတို့ဖြင့် ပြည်၌အစိုးရသော သူတို့ကို သင်္ဂြိုဟ်ထောက်ပံ့၏။

နန်းတွင်းကိစ္စများ ကိုင်ထား

တစ်ဖန် အသို့ပြုရအံ့နည်း ဟု မေးပြန်၏။ ချစ်သား မင်းကိုပန်ကြား၍ မြို့တွင်း၌ ထမင်းရိက္ခာကို သင်ချစ်သားလျှင်ပေးလော့ ဟုဆို၏။ ထိုသံဝရမင်းသားသည် ထိုဘုရားလောင်းဆိုတိုင်း ပြု၍ မြို့တွင်း၌ တစ်စုံတစ်ယောက်သောသူအား တစ်စုံတစ်ခုကို မယုတ်စေမူ၍ ထမင်းရိက္ခာကို ပေးပြီး၍ အဖန်တလဲလဲ ဘုရားလောင်းကို မေး၍ မင်းကြီးကို သိစေ၍ နန်းတွင်း၌ ကျွန်အမှုလုပ်ဆောင်သူတို့အားလည်းကောင်း၊ ဆင်တို့အားလည်းကောင်း၊ မြင်းတို့အားလည်းကောင်း၊ ဗိုလ်ပါ အပေါင်းတို့အားလည်းကောင်း၊ ဝတ်ကို မယုတ်စေမူ၍ ပေး၏။ တိုင်းတစ်ပါးမှ လာကုန်သော တမန်စသည်တို့၏ နေရာစသည်တို့ကိုလည်းကောင်း၊ ကုန်သည်တို့၏ ကင်းခွန်ကိုလည်းကောင်း ဤသို့ အစရှိသော အလုံးစုံသော ပြုဖွယ်ကိစ္စတို့ကို မိမိသည်လျှင်ပြု၏။ ဤသို့လျှင် ထိုသံဝရမင်းသားသည် ဘုရားလောင်း၏ ဆုံးမခြင်း၌တည်၍ အလုံးစုံသော အတွင်း၌နေသော သူကိုလည်းကောင်း၊ အပ၌နေသောသူကိုလည်းကောင်း၊ ပြည်သူတို့ကို လည်းကောင်း၊ တိုင်းနေသူတို့ကိုလည်းကောင်း၊ ဧည့်သည်ကိုကိုလည်းကောင်း၊ အခွန်အတုတ်တို့ကိုလည်းကောင်း ထိုသို့သဘောရှိသော သင်္ဂဟဝတ္ထုတို့ဖြင့် ဖွဲ့ယူ၍ အလုံးစုံသောသူတို့သည် ချစ်နှစ်လိုသည် ဖြစ်၏။

သံဝရမင်းသား မင်းဖြစ်ပြီ

နောက်အဖို့၌ သေရာညောင်စောင်းဝယ် လျောင်းသော မင်းကြီးကို အမတ်တို့သည် လျှောက်ကုန်၏။ အရှင်မင်းကြီး အရှင်မင်းကြီးတို့၏ သေလွန်သဖြင့် ထီးဖြူကို အဘယ်သူအား ပေးရအံ့နည်း ဟု မေးကုန်၏။ အမတ်တို့ ငါ၏ အလုံးစုံသော သားတို့သည်လည်း ထီးဖြူအား ထိုက်လျောက်သည်သာတည်း၊ ထိုသို့ ထိုက်သော်လည်း အကြင်သူသည် အမတ်တို့၏ စိတ် နှလုံးကို နှစ်သက်စေ၏။ ထိုသူအား ထီးဖြူကို ပေးကြကုန် ဟု မှာခဲ့၏။ ထိုအမတ်တို့သည် ထိုမင်းသေလွန်သည်ရှိသော် ထိုမင်း၏ သင်္ဂြိုဟ်ခြင်းကိစ္စကိုပြု၍ ခုနစ်ရက်မြောက်သောနေ့၌ စုဝေးကုန်၍ ငါတို့သခင် မင်းကြီးသည် အမတ်တို့၏ စိတ်နှလုံးသက်သာရာကို ထီးဖြူကို ပေးကြကုန်လော့ ဟု မှာတော်မူခဲ့၏။ ဤသံဝရ မင်းသားသည် ငါတို့၏ စိတ်နှလုံးကို နှစ်သက်စေ၏ဟု ထိုသံဝရမင်းအား ရွှေပန်းကိုလည်းကောင်း, ထီးဖြူကိုလည်းကောင်း ဆောင်းကုန်၏။

နောင်တော်များ စစ်ပြုလာ

သံဝရမင်းသားသည် ဘုရားလောင်း၏ အဆုံးအမ၌ တည်၍ တရားနှင့်အညီ မင်းပြု၏။ သံဝရမင်းသားမှ တစ်ပါးကုန်သော ထိုကိုးကျိပ်ကိုးယောက်သော မင်းသားတို့သည် ငါတို့၏ ခမည်းတော် နတ်ရွာလားလျှင် သံဝရမင်းသားအား ထီးဖြူကို ဆောင်းကုန်၏။ ထိုသံဝရမင်းသားသည် အလုံးစုံတို့အောက် ငယ်လျက် ထီးဖြူသည် ရောက်၏။ အကြီးဆုံးဖြစ်သော ဥပေါသထမင်းအား ပေးကုန်အံ့ ဟု တိုင်ပင်၍ အလုံးစုံသော မင်းသားတို့သည် တကွလာကုန်၍ ငါတို့အား ထီးနန်းကိုသော်လည်း ပေးအံ့လော၊ စစ်ကိုလည်း ထိုးအံ့လောဟု သံဝရမင်းကြီးအား သဝဏ်ဆက်စာကိုစေ၍ မြို့ကို ဝန်းရံကုန်၏။

အဖို့ကို ပေးပါ့မယ်

မင်းကြီးသည် ဘုရားလောင်းအား ထိုအကြောင်းကို ကြား၍ ယခုအခါ၌ အဘယ်သို့ ပြုအံ့နည်း ဟု မေး၏။ မင်းကြီး အရှင်မင်းကြီးအား နောင်တော်တို့နှင့် စစ်ထိုးအံ့သော ကိစ္စသည် မရှိ၊ အရှင်မင်းကြီးသည် အဖအမွေဖြစ်သော ဥစ္စာကို အစုတစ်ရာ စု၍ ကိုးကျိပ်ကိုးယောက်သော နောင်တော်တို့အား ပို့စေ၍ နောင်တော်တို့၏ အဖအမွေဖြစ်သာ ဤအစုကို ယူကြပါကုန်၊ အကျွန်ုပ်သည် နောင်တော်တို့နှင့် စစ်မထိုးလိုဟု သတင်းစကားကို စေတော်မူလော့ ဟု ဆို၏။ သံဝရမင်းကြီးသည် ဘုရားလောင်းဆိုတိုင်း ပြု၏။

မင်းအဖြစ် သိမှတ်ကြပြီ

ထိုအခါ သံဝရမင်းကြီးအား အလုံးစုံသောမင်းသားတို့၏ အစ်ကိုအကြီးဖြစ်သော ဥပေါသထမင်းသားသည် ကြွင်းသော ညီတော်တို့ကိုခေါ်၍ ငါ့ညီတို့ မင်းမည်သည်ကို နှိပ်စက်ခြင်းငှာ စွမ်းနိုင်သောသူမည်သည် မရှိကုန်၊ ငါတို့၏ ညီထွေး သံဝရမင်းသားသည်လည်း ရန်သူအဖြစ်ဖြင့် မခုခံပေ၊ ငါတို့အားလည်း အဖအမွေဖြစ်သော ဥစ္စာကို ပို့လာ၍ အကျွန်ုပ်သည် နောင်တော်တို့နှင့် စစ်မထိုးလိုပါဟု စေလာပါလေ၏။ အလုံးစုံသော ငါတို့သည်လည်း တစ်ပြိုင်နက် ထီးဖြူမဆောင်းနိုင်ကုန်၊ ငါတို့ညီထွေး သံဝရအားသာလျှင် ဆောင်းစေကုန်အံ့၊ ငါတို့၏ညီထွေး သံဝရသည်လျှင် မင်းဖြစ်ပါစေ ဆို၍ လာကြ, ညီထွေးသံဝရကို ဖူးမြင်၍ မင်းဆွေမင်းမျိုးကို အပ်နှင်း၍ ငါတို့၏ ဇနပုဒ်သို့သာ သွားကြကုန်အံ့ ဟု ဆို၏။

ဘာကြောင့် နောင်တော်တို့ထက် သာသနည်း

ထိုအခါ အလုံးစုံသော မင်းသားတို့သည် မြို့တံခါးကို ဖွင့်စေ၍ ရန်သူတို့သည် မဖြစ်ကုန်မူ၍ မြို့တွင်းသို့ ဝင်လေကုန်၏။ မင်းသည်လည်း အမတ်တို့ကို ထိုနောင်တော်တို့အား ပဏ္ဏာလက်ဆောင်ကို ယူစေ၍ ခရီးဦးကြိုဆိုစိမ့်သောငှာ စေ၏။ မင်းသားတို့သည် အလွန်မများလွန်းသော အခြံအရံဖြင့် ခြေကျင်လာကြကုန်၍ မင်းအိမ်နန်းတော်သို့ တက်ကုန်၍ သံဝရမင်းကြီးအား ရိုသေနှိမ့်ချခြင်းကို ပြုကုန်၍ နိမ့်သောနေရာ၌ နေကုန်၏။ သံဝရမင်းကြီးသည် ထီးဖြူအောက်၌ မြတ်သောနေရာဝယ် များသောစည်းစိမ်အခြံအရံ ကြီးစွာသော ကျက်သရေ၏ တင့်တယ်ခြင်းသည် ဖြစ်၏။ ကြည့်လေရာရာသော အရပ်၌ တုန်လှုပ်၏။ ဥပေါသထ မင်းသားသည် သံဝရမင်းကြီး၏ ကျက်သရေ၏ တင့်တယ်ခြင်းကို ကြည့်၍ "ငါတို့၏ ခမည်းတော်သည် ကိုယ်တော်၏ လွန်သဖြင့် သံဝရမင်းသား၏ မင်းအဖြစ်ကိုသိ၍ ငါတို့အား ဇနပုဒ်မြို့ရွာတို့ကို ပေး၍ ဤသံဝရမင်းသားအား ဇနပုဒ်မြို့ရွာကို မပေးလေသည် ထင်၏ ဟု ကြံ၍ ထိုညီတော်တို့နှင့်တကွ စားပြောလိုရကား-

၉၇။ ဇာနန္တော နော မဟာရာဇ၊ တဝ သီလံ ဇိနာဓိပေါ။
ဣမေ ကုမာရေ ပူဇေန္တော၊ န တံ ကေနစိ မညထ။
၉၈။ တိဋ္ဌန္တေ နော မဟာရာဇေ၊ အဒု ဒေဝေ ဒိဝင်္ဂတေ။
ဉာတီ တံ သမနုညိံသု၊ သမ္ပဿံ အတ္ထမတ္တနော။
၉၉။ ကေန သံဝရ ဝတ္တေန၊ သဉ္ဇာတေ အဘိတိဋ္ဌသိ။
ကေန တံ နာတိဝတ္တန္တိ၊ ဉာတိသင်္ဃာ သမာဂတာ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၉၇။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တဝ၊ ရှင်မင်းကြီး၏။ သီလံ၊ သီလကို။ ဇနာဓိပေါ၊ လူတို့ကို အစိုးရသော ငါတို့၏ခမည်းတော် မင်းကြီးသည်။ ဇာနန္တော၊ သိသည်ဖြစ်၍။ ဣမေ ကုမာရေ၊ ကိုးကျိပ်ကိုးယောက်သော ဤမင်းသားတို့ကို။ ပူဇေန္တော၊ ဇနပုဒ် မြို့ရွာ ပေးသည်ရှိသော်။ တံ၊ ရှင်မင်းကြီးကို။ ကေနစိ၊ တစ်စုံတစ်ခုသော မြို့ရွာဖြင့်။ န မညထ နု၊ မအောက်မေ့သလော။

၉၈။ နော၊ အကျွန်ုပ်တို့၏။ မဟာရာဇေ၊ မြတ်သော ဖခင်မင်းကြီးသည်။ တိဋ္ဌန္တေ၊ ထင်ရှားရှိတော်မူစဉ်လည်းကောင်း။ အဒု၊ ထိုသို့မဟုတ်။ ဒေဝေ၊ ငါတို့ဖခင် ပြည့်ရှင်မင်းကြီးသည်။ ဒိဝင်္ဂတေ၊ နတ်ရွာလားခဲ့သော်လည်းကောင်း။ အတ္တနော၊ ကိုယ်တော်၏။ အတ္ထံ၊ အကျိုးစီးပွားကို။ သမ္ပဿံ၊ ကောင်းစွာ မြင်တော်မူသည်ဖြစ်၍။ ဉာတီ၊ အဆွေအမျိုးတို့သည်။ တံ၊ သင်သံဝရမင်းကြီးကို။ သမနုညိံသု နု၊ နှစ်သက်လေကုန်သလော။

၉၉။ သံဝရ၊ ညီထွေးသံဝရ။ ကေန ဝတ္တေန၊ အဘယ်အကျင့်ဖြင့်။ သဉ္ဇာတော၊ ဇာတ်တူဖြစ်ကုန်သော ကိုးကျိပ်ကိုးယောက်သော နောင်တော်တို့ကို။ အဘိတိဋ္ဌသိ၊ ငါ့ညီ လွှမ်းမိုး၍ တည်လေသနည်း။ ကေန၊ အဘယ်အကြောင်းကြောင့်။ သမာဂတာ၊ အညီအညွတ် လာကုန်သော။ ဉာတိသင်္ဃာ၊ အဆွေအမျိုးအပေါင်းဖြစ်သော ကိုးကျိပ်ကိုးယောက်ကုန်သော နောင်တော်တို့သည်။ တံ၊ သင်ညီထွေး သံဝရကို။ နာတိဝတ္တန္တိ၊ မလွန်နိုင်ကုန်သနည်း။

နောင်တော်တို့ထက် သာသည်မှာ

ထိုစကားကိုကြားရ၍ သံဝရမင်းကြီးသည် မိမိ၏ ဂုဏ်ကျေးဇူးကို ကြားလိုရကား-

၁၀၀။ န ရာဇပုတ္တ ဥသူယာမိ၊ သမဏာနံ မဟေသိနံ။
သက္ကစ္စံ တေ နမဿာမိ၊ ပါဒေ ဝန္ဒာမိ တာဒိနံ။
၁၀၁။ တေ မံ ဓမ္မဂုဏေ ယုတ္တံ၊ သုဿူသမနုသုယကံ။
သမဏာ အနုသာသန္တိ၊ ဣသိဓမ္မဂုဏေ ရတာ။
၁၀၂။ တေသာဟံ ဝစနံ သုတွာ၊ သမဏာနံ မဟေသိနံ။
န ကိဉ္စိ အတိမညာမိ၊ ဓမ္မေ မေ နိရတော မနော။
၁၀၃။ ဟတ္ထာရောဟာ အနီကဋ္ဌာ၊ ရထိကာ ပတ္တိကာရကာ။
တေသံ နပ္ပဋိဗန္ဓာမိ၊ နိဝိဋ္ဌံ ဘတ္တဝေတနံ။
၁၀၄။ မဟာမတ္တာ စ မေ အတ္ထိ၊ မန္တိနော ပရိစာရကာ။
ဗာရာဏသိံ ဝေါဟရန္တိ၊ ဗဟုမံသသုရောဒနံ။
၁၀၅။ အထောပိ ဝါဏိဇာ ဖီတာ၊ နာနာရဋ္ဌေဟိ အာဂတာ။
တေသု မေ ဝဟိတာ ရက္ခာ၊ ဧဝံ ဇာနာဟုပေါသထ။

ဟူသော ဤခြောက်ဂါထာကို ဆို၏။

၁၀၀။ ရာဇပုတ္တ၊ နောင်တော် ဥပေါသထမင်းသား။ န ဥသူယာမိ၊ ကျွန်ုပ် မငြူစူ။ မဟေသိနံ၊ မြတ်သော ကျေးဇူးအပေါင်းကို ရှာလေ့ရှိကုန်သော။ တာဒိနံ၊ သည်းခံခြင်းနှင့် ပြည့်စုံကုန်သော။ သမဏာနံ၊ ရဟန်း, ပုဏ္ဏားတို့၏။ ပါဒေ၊ ခြေတော်တို့ကို။ အဟံ၊ အကျွန်ုပ်သည်။ ဝန္ဒာမိ၊ ရှိခိုးပါ၏။ တေ၊ ထိုရဟန်း ပုဏ္ဏားတို့ကို။ သက္ကစ္စံ၊ ရိုသေစွာ။ နမသာမိ၊ ရှိခိုး၏

၁၀၁။ ဣသိဓမ္မဂုဏေ၊ ရဟန်း, ပုဏ္ဏားတို့၏ အကျင့်ကျေးဇူးအစု၌။ ရတာ၊ မွေ့လျော်ကုန်သော။ တေ၊ ထိုရဟန်း, ပုဏ္ဏားတို့သည်။ ဓမ္မဂုဏေ၊ အကျင့်ကျေးဇူးအစု၌။ ယုတ္တံ၊ ယှဉ်သော။ သုဿူသံ၊ စကားကို နားထောင်သော။ အနုသူယကံ၊ သူတစ်ပါးကို မငြူစူသော။ မံ၊ အကျွန်ုပ်ကို။ အနုသာသန္တိ၊ ဆုံးမကုန်၏။

မထီမဲ့မြင် မပြု

၁၀၂။ အဟံ၊ အကျွန်ုပ်သည်။ မဟေသိနံ၊ မြတ်သော သီလက္ခန္ဓအစရှိသော ကျေးဇူးကိုရှာလေ့ရှိကုန်သော။ တေသံ သမဏာနံ၊ ထိုရဟန်း, ပုဏ္ဏားတိုဘ၏။ ဝစနံ၊ စကားကို။ သုတွာ၊ နာယူ၍။ ကိဉ္စိ၊ တစ်စုံတစ်ယောက်ကိုမျှ။ န အတိမညာမိ၊ မထီမဲ့မြင် မပြု။ မေ၊ အကျွန်ုပ်၏။ မနော၊ စိတ်နှလုံးသည်။ ဓမ္မေ၊ ကုသိုလ်တရား၌။ နိရတော၊ အမြဲမွေ့လျော်၏။

လခရိက္ခာ မပြတ်စေ

၁၀၃။ ဟတ္ထာရောဟာ၊ ဆင်စီးသူရဲတို့သည်လည်းကောင်း။ အနီကဋ္ဌာ၊ ဆင်၏အနီးစသည်တို့၌ တည်သော မြင်းစီးသူရဲ စသည်တို့သည်လည်းကောင်း။ ရထိကာ၊ ရထားစီးသူရဲတို့သည်လည်းကောင်း။ ပတ္တိကာရကာ၊ ခြေသည်သူရဲတို့သည်လည်းကောင်း။ အတ္ထိ-သန္တိ၊ ရှိကုန်၏။ တေသံ၊ ထိုသူတို့အား။ နိဝိဋ္ဌံ၊ ပေးသွင်းအပ်သော။ ဘတ္တဝေတနံ၊ ထံမင်းရိက္ခာကို။ နပ္ပဋိဗန္ဓာမိ၊ မပိတ်ပင်။

ပညာရှိကို ကိုးကွယ်

၁၀၄။ ဘာသိက၊ နောင်တော်။ မေ၊ အကျွန်ုပ်အား။ မန္တိနော၊ အတိုင်အပင်ပညာနှင့်ပြည့်စုံသော။ မဟာမတ္တာ စ၊ အမတ်ကြီးတို့သည်လည်းကောင်း။ မန္တိနော၊ အတိုင်အပင်ပညာနှင့် ပြည့်စုံကုန်သော။ ပရိစာရကာ စ၊ အမတ်ငယ်တို့သည်လည်းကောင်း။ အတ္ထိ-သန္တိ၊ ရှိကုန်၏။ အထောပိ၊ ထိုမှတစ်ပါးလည်း။ ဖီတာ၊ ကြွယ်ဝကုန်သော။ ဝါဏိဇာ၊ ကုန်သည်တို့သည်။ နာနာရဋ္ဌေဟိ၊ တိုင်းတစ်ပါးတို့မှ။ အာဂတာ၊ လာကုန်၍။ ဗာရာဏသိံ၊ ဗာရာဏသီပြည်၌။ ဗဟုမံသသုရောဒကံ၊ များစွာသော ငါး အမဲ သေရည်အရက်ကို။ ဝေါဟာရန္တိ၊ ရောင်း ဝယ်ကုန်၏။ မေ၊ အကျွန်ုပ်သည်။ တေသု၊ ထိုအမတ်ကြီး အမတ် ကုန်သည်တို့၌။ အာရက္ခာ၊ အစောင့်အရှောက်တို့ကို။ ဝိဟိတာ၊ စီရင်အပ်ကုန်၏။ ဥပေါသထ၊ နောင်တော် ဥပေါသထ။ ဧဝံ၊ ဤသို့။ တွံ၊ သင်သည်။ ဇာနာဟိ၊ သိတော်မူလော့။

တိုင်းပြည်ကို အပ်ပြီးသော်

ထိုအခါဝယ် သံဝရမင်းကြီး၏ ဂုဏ်ကျေးဇူးကိုကြား၍ ဥပေါသထမင်းသားသည် ထိုညီတော် သံဝရမင်းသားအား ချီးမွမ်းလိုရကား-

၁၀၆။ ဓမ္မေ ကိရ ဉာတီနံ၊ ရဇ္ဇံ ကာရေဟိ သံဝရ။
မေမာဝီ ပဏ္ဍိတော စာသိ၊ အထောပိ ဉာတီနံ ဟိတော။
၁၀၇။ တံတံ ဉာတိပရိဗျူဠှံ၊ နာနာရတနမောစိတံ။
အမိတ္တာ နပ္ပသဟန္တိ၊ ဣန္ဒံဝ အသုရာဓိပေါ။

ဟူသော ဤနှစ်ဂါတို့ကို ဆို၏။

၁၀၆။ သံဝရ၊ ညီထွေးသံဝရ။ တွံ၊ သင်သည်။ ဓမ္မေန၊ တရားနှင့်အညီ။ ဉာတီနံ၊ အဆွေအမျိုးဖြစ်သော ကိုးကျိပ်ကိုးယောက်သော နောင်တော်တို့ကို။ အဘိဘဝိ ကိရ၊ လွှမ်းမိုးသတတ်။ တွံ၊ သင်သည်။ ရဇ္ဇံ၊ မင်းအဖြစ်ကို။ ကာရေဟိ၊ ပြုလော့။ တွံ၊ သင်သည်။ မေဓာဝီ စ၊ ထိုးထွင်းသော ပညာနှင့် ပြည့်စုံသည်လည်းကောင်း။ ပဏ္ဍိတော စ၊ အကျိုးအကြောင်းကိုသိသော ပညာရှိသည်လည်းကောင်း။ အသိ၊ ဖြစ်၏။ အထောပိ၊ ထိုမှတစ်ပါးလည်း။ ဉာတီနံ၊ အဆွေအမျိုးတို့၏။ ဟိတော စ၊ အစီးအပွားကိုလည်း ဆောင်၏။

၁၀၇။ ဉာတိပရိဗျူဠှံ၊ အဆွေအမျိုးဟု ဆိုအပ်သော ကိုးကျိပ်ကိုးယောက်သော နောင်တော်တို့သည် ခြံရံအပ်သော။ နာနာရတနမောစိတံ၊ အထူးထူးသော ရတနာတို့ဖြင့် သွန်းအပ် စီရင်အပ်သော။ တံတံဂုဏသမ္ပန္နံ၊ ထိုထိုဂုဏ်အပေါင်းနှင့်ပြည့်စုံသော။ တံ၊ သင်ညီထွေးကို။ အမိတ္တာ၊ ရန်သူတို့သည်။ နပ္ပသဟန္တိ၊ မနှိပ်စက်နိုင်ကုန်။ ကိမိဝ၊ အဘယ်ကဲ့သိုနည်းဟူမူကား။ အသုရာဓိပေါ၊ အသုရာမင်းသည်။ ဣန္ဒံ၊ သိကြားမင်းကို။ နပ္ပသဟတိ ဣဝ၊ မနှိပ်စက်နိုင်သကဲ့သို့တည်း။

နောင်တော်တို့ပြန်ကြပြီ

သံဝရမင်းကြီးသည် အလုံးစုံသော ကိုးကျိပ်ကိုးယောက်သော နောင်တော်တို့အား များစွာသော စည်းစိမ် အခြံအရံကို ပေး၍ ထိုနောင်တော်တို့သည် ထိုသံဝရမင်းကြီး၏ အထံ၌ တစ်လခွဲနေ၍ သံဝရမင်းကြီး၏ ဇနပုဒ်တို့၌ ခိုးသူတို့သည် ထကုန်သည်ရှိသော် အကျွန်ုပ်တို့သည် အဘယ်သို့ သိနိုင်ကုန်အံ့နည်း၊ ရှင်မင်းကြီးသည် မင်းစည်းစိမ်ကို ခံစားတော်မူလော့ဟု မှာခဲ့၍ မိမိတို့၏ ဇနပုဒ်သို့ သွားကြလေကုန်၏။ သံဝရမင်းသည်လည်း ဘုရားလောင်း အဆုံးအမ၌ တည်၍ အသက်အဆုံး၌ နတ်ပြည်ကို ပြည့်စေလျက် သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤသို့သော ဓမ္မဒေသနာကို ဆောင်တော်မူပြီး၍ ရဟန်း သင်သည် ဤသို့ရှေး၌ အဆုံးအမကို နားထောင်၏။ ယခုအခါ၌ အဘယ့်ကြောင့် လုံ့လကို လျှော့သနည်း ဟု မိန့်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသော အဆုံး၌ ထိုလုံ့လကိုလျှော့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ထိုအခါ၌ သံဝရမင်းကြီးသည် ယခုအခါ ဝီရိယကိုလျှော့သော ရဟန်း ဖြစ်လာ၏။ ဥပေါသထမင်းကြီးသည် သာရိပုတ္တရာဖြစ်လာ၏။ ဥပေါသထမင်း သံဝရမင်းမှ ကြွင်းသော ညီတော်နောင်တော်တို့သည် ရှစ်ကျိပ်သော မဟာသာဝကထေရ်ကြီး ပကတိသာဝက ထေရ်ငယ်တို့သည် ဖြစ်လာကုန်၏။ သံဝရမင်းကြီး၏ ပရိသတ်တို့သည် ဘုရားသခင်၏ပရိသတ် ဖြစ်လာကုန်၏။ အဆုံးအမကို ပေးတတ်သော အမတ်သည်ကား ငါဘုရား ဖြစ်လာ၏။ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ဆရာစကား၊ နားထောင်ငြား၊ ထွတ်ဖျာမင်းဖြစ်လာ

ရှစ်ခုမြောက်သော သံဝရဇာတ်သည် ပြီး၏။

*****