သောဘိတဗုဒ္ဓဝင်

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
၆- သောဘိတဗုဒ္ဓဝင်

၆-သောဘိတဗုဒ္ဓဝင်

     ရေဝတမြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးသည့်နောက် လူတို့၏ အသက်တမ်း အနှစ် (၆ဝဝ၀ဝ) ခြောက်သောင်းမှ တဖြည်းဖြည်း ဆုတ်ယုတ်ကာ (၁၀) ဆယ်နှစ်တမ်းသို့ရောက်၍ တဖန် တိုးတက်ပြန်ကာ အသင်္ချေတမ်းသို့ ရောက်ပြီးလျှင် နောက်ထပ် ဆုတ်ယုတ်ပြန်၍ အသက် (၉ဝဝဝဝ) ကိုးသောင်းတမ်းသို့ ရောက်သောအခါ သောဘိတမြတ်စွာဘုရား အလောင်းတော်သည်



၃၅၄

လေးအသင်္ချေနှင့် ကမ္ဘာတသိန်း ကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီးသည်၏ အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာနတ်ပြည်၌ စံနေတော်မူစဉ် နတ်ဗြဟ္မာအပေါင်းတို့၏ တောင်းပန်ချက်ကို ဝန်ခံတော်မူ၍ လူ့ပြည်သို့ ဆင်းသက်ကာ သုဓမ္မနေပြည်တော် သုဓမ္မမင်းကြီး၏ သုဓမ္မာအမည်ရှိသော မိဖုရားကြီးဝမ်းတိုက်၌ ပဋ္ဋိသန္ဓေ နေတော်မူ၍ ဆယ်လလွန်မြောက် အချိန်ရောက်သောအခါ သုဓမ္မအမည်ရှိသော ဥယျာဉ်တော်ကြီးအတွင်း၌ မိုယ်းတိမ်တိုက်မှ လပြည့်ဝန်းကြီး ထွက်ကွန့်လာသကဲ့သို့ မယ်တော်၏ ကြာတိုက်ဝမ်းမှ ထွက်ကြွ ဖွားမြင်တော်မူလေသည်။

(အလောင်းတော် ပဋိသန္ဓေနေသောအခါ ဖွားမြင်သောအခါတို့၌ ရှေး၌ ဆိုအပ်ပြီးသည့်အတိုင်း နိမိတ်ကြီးများ အံ့ဩဖွယ်ကြီးများ ထင်မြဲ ထင်ကုန်၏။)

ထီးနန်း စိုးစံတော်မူခြင်း

     ထိုဘုရားအလောင်းတော် သောဘိတမင်းသားသည် အရွယ်သို့ ရောက်သောအခါ (၁) ကုမုဒ ရွှေနန်းဆောင်၊ (၂) နာဠိန ရွှေနန်းဆောင် (၃) ပဒုမ ရွှေနန်းဆောင် တည်းဟူသော ရွှေနန်းမ သုံးဆောင်တို့၌ မဏိလာဒေဝီ မိဖုရားကြီးနှင့်တကွ ရံရွေတော်ပေါင်း (၃၇၀ဝ၀) သုံးသောင်း ခုနှစ်ထောင်တို့၏ ဖျော်ဖြေလုပ်ကျွေးခြင်းကို ခံယူလျက် နှစ်ပေါင်း (၉၀၀၀) ကိုးထောင်တို့ပတ်လုံး နတ်စည်းစိမ်နှင့်တူသော စည်းစိမ်ချမ်းသာကို ခံစားတော်မူကာ ထီးနန်း စိုးစံတော်မူ၏။

တောထွက်တော်မူခြင်း

     ဤသို့ ထီးနန်းစိုးစံတော်မူရာ မဏိလာဒေဝီ မိဖုရားကြီးမှ သီဟအမည်ရှိသော သားတော်ကို ဖွားမြင်သောအခါ နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူ၍ သံဝေဂဉာဏ် ကြီးစွာဖြစ်ပွါးလျက် နန်းတော်မှာပင် ရဟန်းပြုပြီးလျှင် နန်းတော်မှာပင် အာနာပါနဘာဝနာကို ပွါးများ၍ စတုတ္ထဈာန်တိုင်မြောက် ရရောက်တော်မူသောအခါ



၃၅၅

ခုနစ်ရက်ပတ်လုံး နန်းတော်မှာပင် ဒုက္ကရစရိယာအကျင့်ကို ကျင့်တော်မူလေသည်။

     ထို့နောက် ဘုရားဖြစ်မည့် ကဆုန်လပြည့်နေ့သို့ ရောက်သောအခါ မဏိလာဒေဝီ မိဖုရားကြီး လှူဒါန်းအပ်သော နို့ဃနာဆွမ်းကို ဘုဉ်းပေးသုံးဆောင်တော်မူပြီးလျှင်-

“ဤယခု ငါနေသော ပြာသာဒ်သည် တန်းဆာဆင်မြဲတိုင်းပင်လျှင် လူအများ ကြည့်ရှုနေစဉ် ကောင်းကင်ခရီးဖြင့်သွား၍ မဟာဗောဓိပင်ကို အလယ်ဗဟို၌ တည်ရှိအောင်ပြု၍ (ဗောဓိပင်ကို ဗဟိုထားပြီး) မြေအပြင်သို့ သက်စေသတည်း၊ ဤနန်းတွင်းသူ မင်းမိန်းမတို့သည်လည်း ငါသည် မဟာဗောဓိပင်အနီး၌ နေသည်ရှိသော် ငါ တစုံတရာ မပြောမဆိုရပဲ အလိုလို (အလိုက်သိကာ) ပြာသာဒ်မှ ထွက်ခွာသွားကြစေကုန်သတည်း”—

ဟု တောထွက်ဖို့ရန်စိတ်သန် အဓိဋ္ဌာန် ပြုတော်မူလေသည်။

     စိတ်အကြံအစည်ဖြစ်သည်နှင့် တပြိုင်နက် အလောင်းတော်၏စံရာ နန်းပြာသာဒ်သည်လည်း ခမည်းတော် သုဓမ္မမင်းကြီး၏ နန်းတော်အတွင်းမှ မျက်စဉ်းညိုရောင် စိမ်းလဲ့မှောင်သော အရောင်ရှိသည့် ကောင်းကင်သို့ ပျံတက်လေသည်။ ရနံ့ကောင်းမွန်သော ပန်းဆိုင်းတို့ဖြင့် တန်ဆာဆင်ယင်ထားအပ်သည့် ထိုပြာသာဒ်အပြင်သည် ကောင်းကင်တခုလုံးကို တန်းဆာဆင်ထားသကဲ့သို့၎င်း.. ဖျန်းချလောင်းသွန်အပ်သည့် ရွှေနီဖလံ၏ အရည်အယဉ်ကဲ့သို့ တင့်တယ်သော အရောင်ရှိသည့် နေမင်းကဲ့သို့၎င်း.. တန်ဆောင်မုန်းလ သရဒအခါ သာယာနှစ်သက်ဖွယ်ရှိသော လမင်းကဲ့သို၎င်း.. အလွန်လျှင် တောက်ပထွန်းလင်း တင့်တယ်ခြင်း ရှိလှပေ၏။ တွဲရရွဲဆွဲထားအပ်သည့် အထူးထူးအပြားပြား များစွာဆန်းကြယ်သော ရွှေချူကွန်ရက်လည်း ရှိပေ၏၊ ယင်းသည့် ရွှေချူကွန်ရက်ကို လေပြေလေညှင်း တိုက်ခတ်သောအခါ ဖြစ်ပေါ်လာသော အသံသည်ကား အလွန်လိမ္မာသော



၃၅၆

တူရိယာသမား တီးမှုတ်အပ်သော တူရိယာငါးမျိုးအသံကဲ့သို့ လွန်စွာပင် သာယာဖွယ် စိတ်နှလုံးရွှင်ဖွယ် ရှိပေ၏။ အဝေးမှစ၍ ကြားရသည့် ချိုမြိန်သာယာစွာသော အသံဖြင့် သတ္တဝါတို့၏နားကို စိုက်ထောင်စေလျက် အိမ်ဦးကြမ်းပြင် ခရီးလမ်းဆုံ စသည်တို့၌ လူအပေါင်းတို့ ရပ်တန့်ငေးမော အံ့ဩချီးကျူးကြကုန်စဉ် မနိမ့်လွန်း မမြင့်လွန်း သစ်ပင်ထိပ်ဖျား တောမြိုင်ထိပ်ဖျားတို့၏ မနီးမဝေး ကောင်းကင်ခရီးမှ လူအများကို ဖြားယောင်းသွေးဆောင်သကဲ့သို့၎င်း သစ်ပင်သစ်ခက်တို့နှင့်တကွ အထူးထူးသော ရတနာတို့၏ အရောင်အပေါင်းဖြင့် တပြောင်ပြောင်တောက်ပသော အဆင်းဖြင့် လူအပေါင်း၏ မျက်စိတို့ကို ဆွဲဆောင်သကဲ့သို့၎င်း.. အလောင်းတော်၏ ကောင်းမှုကုသိုလ်အထူးကို ချီးကျူးထုတ်ဖော် ကြွေးကြော်သကဲ့သို၎င်း.. ကောင်းကင်ခရီးအပြင်ကို သွားလေတော့သည်။

     ထိုပြာသာဒ်တော်၌ လိုက်ပါလာကြကုန်သော ကချေသည် မောင်းမအပေါင်းတို့သည်လည်း မြတ်သော တူရိယာငါးမျိုး၏ သာယာစွာသောအသံဖြင့် သီချင်းကိုလည်း လိုက်ပါသီဆိုကြကုန်၏၊ သာယာစွာလည်း ကောင်းချီးစကား မြွက်ကြားကြကုန်၏။ ထိုအလောင်းတော်၏ အင်္ဂါလေးပါးရှိသော စစ်တပ်ကြီးသည်လည်း အဆင်တန်းဆာအရောင် ကိုယ်ရောင်အပေါင်းတို့ဖြင့် တပြောင်ပြောင် တောက်ပလျက် အထူးထူး အပြားပြား တပ်ဆိုးအပ်၍ ကောင်းသောရနံ့လည်းရှိသည့် ပန်းဝတ်တန်းဆာတို့ဖြင့် လွန်စွာတင့်တယ်သော နတ်စစ်တပ်ကြီးပမာ ရှုမငြီးဖွယ်ဖြစ်လျက် မြေအပြင်မှာကဲ့သို့ပင် ကောင်းကင်အပြင်မှာလည်း ပြာသာဒ်တော်ကို ဝန်းရံလိုက်ပါလေသည်။

     ပြာသာဒ်တော်သည် ကောင်းကင်ခရီးဖြင့်သွား၍ အတောင် (၈၈) ရှစ်ဆယ့်ရှစ်တောင် အမြင့်ရှိသော ဖြောင့်မတ်ပြန့်ပြော လုံးချောသော ပင်စည်ရှိသော ပန်းရွက်ကိုက်ငုံ ဖူးစုံညွန့်နုတို့ဖြင့် ရှုမငြီးဖွယ် တင့်တယ်လှစွာသော မဟာဗောဓိ ကံ့ကော်ပင်ကို အလယ်ဗဟိုပြုကာ မြေသို့သက်၍ တည်လေလျှင်



၃၅၇

ကချေသည် မောင်းမအပေါင်းတို့သည်လည်း အလောင်းတော်မြတ်က တစုံတရာ မမိန့်ဆိုရပဲ အလိုအလျောက် (အလိုက်သိကာ) ပြသာဒ်တော်မှ သက်ဆင်း၍ ထွက်ခွါသွားကြလေကုန်၏။

ဘုရားဖြစ်တော်မူခြင်း

     များစွာသော ဂုဏ်ကျေးဇူးတို့ဖြင့် တင့်တယ်တော်မူသော သောဘိတ ဘုရားအလောင်းတော်သည် များစွာသော လူအပေါင်းခြံရံလျက်ပင် ညဉ့်သုံးယံတို့၌ ဝိဇ္ဇာသုံးပါးတို့ကို ဖြစ်စေတော်မူလေသည်။ ထိုသောဘိတ မြတ်စွာဘုရားအထံသို့ မာရ်စစ်သည် ဗိုလ်ပါတို့သည် ဓမ္မတာအစွမ်းဖြင့် လာမြဲတိုင်း လာကြကုန်၏။ ပြာသာဒ်တော်သည်ကား ထိုအရပ်၌ပင် တည်ရှိလေ၏။

တရားပွဲကြီး သုံးကြိမ်

     သောဘိတ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိပင်၏ အနီးမှာပင် သတ္တသတ္တာဟ= (လေးဆယ့်ကိုးရက်) စံနေတော်မူပြီးလျှင် တရားဟောရန် ဗြဟ္မာမင်း၏ တောင်းပန်ခြင်းကို လက်ခံတော်မူ၍ “ငါသည် အဘယ်သူအား ရှေးဦးစွာ တရားဟောရပါအံ့နည်း”ဟု ဆင်ခြင်တော်မူသည်ရှိသော် ကိုယ်တော်မြတ်နှင့် ဖတူမိကွဲ ညီတော်များဖြစ်ကြသည့် အသမမင်းသားနှင့် သုနေတ္တမင်းသားတို့ကို မြင်တော်မူ၍ “ဤမင်းသားနှစ်ဦးတို့သည် မဂ်ဖိုလ်ရခြင်း ရှေးကုသိုလ်ကောင်းမှု ဥပနိဿယထူး ရှိကြကုန်၏၊ နက်နဲသိမ်မွေ့သောတရားကို သိခြင်းငှါ စွမ်းနိုင်ကြကုန်၏၊ ကိုင်း.. ငါသည် ဤမင်းသားနှစ်ဦးတို့အား တရားဟောပေအံ့”ဟု ကြံစည်တော်မူပြီးခါ ကောင်းကင်ခရီးဖြင့် တခဏခြင်း ကြွသွား၍ သုဓမ္မဥယျာဉ်အတွင်း သက်ဆင်းတော်မူပြီးလျှင် မင်းသားနှစ်ဦးတို့ကို ဥယျာဉ်မှူးကို အခေါ်လွှတ်၍ ရောက်ရှိလာကြသောအခါ အခြွေအရံနှင့်တကွသော ထိုမင်းသားနှစ်ဦးတို့ကို ခြံရံအပ်လျက် အထက်ဘဝဂ် အောက်အဝီစိတိုင် များမြောက်လှစွာသော လူနတ်ဗြဟ္မာ သတ္တဝါပရိသတ်အလယ်၌



၃၅၈

ဓမ္မစက္ကပဝတ္တနသုတ် ဒေသနာတော်ကို ဟောကြားတော်မူလေလျှင် မရေမတွက်နိုင်သော လူနတ်ဗြဟ္မာ သတ္တဝါတို့ သစ္စာလေးပါးတရား သိမြင် ကြကုန်သည်။

(ဤကား ရှေးဦးစွာသော(ဓမ္မာဘိသမယ) ပဌမတရားပွဲကြီးတည်း။)

     ထို့နောက် အခါတပါးဝယ် သုဒဿနမြို့တံခါးအနီး ဆန်းကြယ်စွာသော သခွတ်ပင်ကြီးအပါး၌ ရေမီးအစုံအစုံ တန်းခိုးပြာဋိဟာကို ပြတော်မူပြီးလျှင် တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်၌ ထိုင်နေတော်မူလျက် အဘိဓမ္မာတရားကို ဟောကြားတော်မူလေသည်။ ဒေသနာအဆုံး၌ ကုဋေကိုးသောင်းသော နတ်ဗြဟ္မာအပေါင်းတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြလေသည်။

(ဤကား (ဒုတိယဓမ္မာဘိသမယ) နှစ်ကြိမ်မြောက် တရားပွဲကြီးတည်း။)

     ထို့နောက် အခါတပါးဝယ် သုဒဿနမြို့၌ ဇယသေနမင်းသားသည် တယူဇနာ ပမာဏရှိသော ကျောင်းတိုက်ကြီး တည်ဆောက်၍ ထိုကျောင်းတိုက်အတွင်း သော်ကပင် မဟာလှေကားပင် အစရှိသည့် ကောင်းမြတ်ရာရာ ပန်းပင် သီးပင် အပေါင်းတို့ကို အကြားမလပ် တစပ်တည်း စိုက်စေပြီးလျှင် ထိုအရာမ်ဥယျာဉ် ကြီးနှင့်တကွ ဇယသေနကျောင်းတိုက်ကြီးကို ဘုရားအမှူးရှိသော သံဃာအား ဆောင်နှင်း လှူဒါန်းလေသည်။ ထိုကျောင်းလွှတ်ပူဇော်ပွဲကြီး၌ သောဘိတ မြတ်စွာဘုရားသည် ကျောင်းတော်အလှူ အနုမောဒနာတရား မဟာဒါနကို ချီးမွမ်း၍ ဟောကြားတော်မူလတ်သည်တွင် ကုဋေတသိန်းသော လူနတ်ဗြဟ္မာ သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြလေကုန်သည်။

(ဤကား (တတိယဓမ္မာဘိသမယ) သုံးကြိမ်မြောက် တရားပွဲကြီးတည်း။)

**********



၃၅၉

သာဝကအစည်းအဝေးကြီး သုံးကြိမ်

ပဌမသန္နိပါတ

     တဖန် ဥဂ္ဂတမည်သော မင်းသည် သုနန္ဒမြို့၌ သုနန္ဒာရာမကျောင်းတိုက်ကြီး တည်ဆောက်၍ ဘုရားအမှူးရှိသော ရဟန်းသံဃာအား လှူဒါန်းသည့် ကျောင်းလွှတ်အလှူပွဲကြီး၌ ဧဟိဘိက္ခု ရဟန်းအဖြစ်ဖြင့် ရဟန်းဖြစ်ကြသော ရဟန္တာပေါင်း ကုဋေတရာ စည်းဝေးမိလေသည်။ ထိုရဟန္တာ ကုဋေတရာတို့၏အလယ်၌ သောဘိတ မြတ်စွာဘုရားသည် ဩဝါဒပါတိမောက်ကို ပြတော်မူသည်။

(ဤကား ရှေးဦးစွာသော သာဝကအစည်းအဝေးကြီးတည်း။)

ဒုတိယသန္နိပါတ

     တဖန် မေခလမြို့၌ ဓမ္မဂဏခေါ် သူတော်စင်အသင်းကြီးသည် ဂဏာရာမမည်သော အသင်းကျောင်းတိုက်ကြီး တည်ဆောက်ကာ ဘုရားအမှူးရှိသော သံဃာအား လှူဒါန်း၍ ပရိက္ခရာမျိုးစုံနှင့်တကွ အလှူကို လှူဒါန်းလေသည်။ ထိုအလှူ အစည်းအဝေး၌ ဧဟိဘိက္ခု ရဟန္တာပေါင်း ကုဋေကိုးဆယ် စည်းဝေးမိလေသည်။ ထိုအစည်းအဝေး၌ သောဘိတ မြတ်စွာဘုရားသည် ဩဝါဒပါတိမောက်ကို ပြတော်မူသည်။

(ဤကား ဒုတိယ သာဝကအစည်းအဝေးကြီးတည်း။)

တတိယသန္နိပါတ

     သောဘိတ မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရား ဟောတော်မူကာ ဝါလပတ်လုံး သီတင်းသုံးတော်မူပြီးသောအခါ ပဝါရဏာပြုရန်အတွက် နတ်ဗြဟ္မာအပေါင်း ခြံရံလျက် လူ့ပြည်သို့ သက်ဆင်းတော်မူသောအခါ ရဟန္တာပေါင်း ကုဋေရှစ်ဆယ်တို့နှင့်တကွ အင်္ဂါလေးပါးရှိသော အစည်းအဝေး၌ ပဝါရဏာပြုတော်မူသည်။

(ဤကား တတိယ သာဝကအစည်းအဝေးကြီးတည်း။)



၃၆၀

(ဤ၌ အင်္ဂါလေးပါးအရ (၁) လပြည့်နေ့ဖြစ်ခြင်း၊ (၂) စည်းဝေးမိသော သံဃာအားလုံး ရဟန္တာဖြစ်ခြင်း၊ (၃) သံဃာအားလုံးပင် ဧဟိဘိက္ခု ရဟန်းချည်း ဖြစ်ခြင်း၊ (၄) တစုံတယောက်က မဖိတ်မပင့်အပ်ပဲ စည်းဝေးမိသော သံဃာဖြစ်ခြင်းဟူ၍ ကောက်ယူ သိရှိရာ၏။)

**********

ဂေါတမမြတ်စွာဘုရားအလောင်း သုဇာတပုဏ္ဏား ဗျာဒိတ်ခံခြင်း

     ထိုအခါ ငါတို့မြတ်စွာဘုရား အလောင်းတော်သည် ရမ္မာဝတီမြို့၌ မိဖနှစ်ပါးစုံ ပုဏ္ဏားမျိုးမှ ကောင်းစွာ ဖြစ်ထွန်းဖွားမြင်သည့် သုဇာတမည်သော ပုဏ္ဏားဖြစ်၍ သောဘိတမြတ်စွာဘုရား၏ တရားတော်ကို ကြားနာရ၍ သရဏဂုံတည်ပြီးသော် ဘုရားအမှူးရှိသော ရဟန်းသံဃာအား ဝါတွင်းသုံးလပတ်လုံး ကြီးစွာသော အလှူဒါနကို ပေးလှူလေသည်။ ထိုအခါ သောဘိတမြတ်စွာဘုရားသည် အလောင်းတော် သုဇာတပုဏ္ဏားကို “နောက်အခါ၌ ဂေါတမ အမည်တော်ရှိသော ဘုရားဖြစ်လတ္တံ့”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူလေသည်။

(ဗျာဒိတ်ကြားတော်မူပုံမှာ ဒီပင်္ကရာမြတ်စွာဘုရား ဗျာဒိတ်ကြားသကဲ့သို့ပင် အပြည့်အစုံ ဖြစ်သည်။)

     သောဘိတ မြတ်စွာဘုရား၏ ဗျာဒိတ်စကား ကြားရလျှင် အလောင်းတော်သည် အလွန် ဝမ်းမြောက်ရွှင်ဖိတ် လန့်ထိတ်သောစိတ်နှလုံး ရှိတော်မူကာ ဘုရားအဖြစ်သို့ရောက်ရန်အတွက် တိုးတက်၍ ဝီရိယကို ပြုတော်မူလေသည်။

မြို့တော်စသည်ကို ပြဆိုချက်

     သောဘိတ မြတ်စွာဘုရား၏ ဖွားတော်မူရာ မြို့တော်မှာ သုဓမ္မမြို့တော်ဖြစ်၍ ခမည်းတော်မှာ သုဓမ္မမင်းကြီး, မယ်တော်မှာ သုဓမ္မာမိဖုရားကြီးတို့ ဖြစ်ကုန်၏။



၃၆၁

     ထီးနန်းစိုးအုပ် မင်းပြုလုပ်သော နှစ်ပေါင်းမှာ (၉၀၀၀) ကိုးထောင်ဖြစ်၍ စံနန်းတော် သုံးဆောင်တို့မှာ ကုမုဒစံနန်းတော်, နာဠိနစံနန်းတော်, ပဒုမစံနန်းတော်တို့ ဖြစ်ကုန်၏။

     အဂ္ဂဒေဝီ မဟေသီမိဖုရားမှာ သုံးသောင်းခုနစ်ထောင်သော ရံရွေတော်အခြံအရံရှိသည့် မဏိလာဒေဝီ မိဖုရားကြီးဖြစ်၍ သားတော်မှာ သီဟမင်းသား ဖြစ်လေသည်။

     နိမိတ်ကြီးလေးပါးတို့ကိုမြင်၍ တောထွက်တော်မူသောယာဉ်မှာ စံနန်းတော် ပြာသာဒ်တော်ပင် ဖြစ်သည့်ပြင် ခုနှစ်ရက်မျှသာ နန်းတော်အတွင်းမှာပင် ဒုက္ကရစရိယာ ကျင့်တော်မူရသည်။

     အဂ္ဂသာဝကအစုံတို့မှာ အသမမထေရ်နှင့် သုနေတ္တမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ အနောမမထေရ် ဖြစ်လေသည်။

     အဂ္ဂသာဝိကာအစုံတို့မှာ နကုလာထေရီမနှင့် သုဇာတာထေရီမတို့ ဖြစ်ကြ၍ ပွင့်တော်မူရာ ဗောဓိပင်ကား ကံ့ကော်ပင်ဗောဓိ ဖြစ်လေသည်။

     မြတ်သော အလုပ်အကျွေး ဒါယကာတို့မှာ ရမ္မသူဌေးနှင့် သုဒတ္တသူဌေးတို့ ဖြစ်ကြ၍ မြတ်သော အလုပ်အကျွေး ဒါယိကာမမှာ နကုလာဥပါသိကာနှင့် မိတ္တာဥပါသိကာတို့ ဖြစ်ကြကုန်၏။

     သောဘိတ မြတ်စွာဘုရား၏ အရပ်တော်မှာ (၅၈) ငါးဆယ့်ရှစ်တောင်မြင့်လျက် ထွန်းတက်သော နေလုင်ပမာ အလုံးစုံသော အရပ်မျက်နှာတို့ကို အလိုတော်ရှိသမျှ တောက်ပနိုင်သော ကိုယ်တော်ရောင်လည်း ရှိတော်မူပေ၏။

     လောက၌ ပန်းမျိုးစုံပေါင်း ကောင်းစွာပွင့်ကာ အထူးထူးသော ရနံ့တို့ဖြင့် သင်းထုံကြိုင်လှိုင်သော တောအုပ်ကြီးပမာ ထိုသောဘိတ မြတ်စွာဘုရား၏ စကားတော်တည်းဟူသော သာသနာတော် တောအုပ်ကြီးသည်လည်း သီလတည်းဟူသော ရနံ့တို့ဖြင့် သင်းထုံကြိုင်လှိုင်၍ နေပေ၏။



၃၆၂

     ဥပမာ တနည်းသော်ကား.. လောက၌ သမုဒြာကြီးကို လှိုင်းတံပိုး တအိအိ တရွရွ ထကြွနေခြင်း စသည်ကို ကြည့်ရှု၍ မရောင့်ရဲနိုင်သကဲ့သို့ ထို့အတူ သောဘိတ မြတ်စွာဘုရား၏ စကားတော်ကိုလည်း လူနတ်ဗြဟ္မာ သတ္တဝါတို့ ကြားနာရသဖြင့် အားမရနိုင် မရောင့်ရဲနိုင် တင်းမတိမ်နိုင် ဖြစ်ရပေသည်။

     ထိုသောဘိတမြတ်စွာဘုရား ပွင့်တော်မူရာ အသက်တမ်းမှာ အနှစ် (၉၀၀၀၀) ကိုးသောင်းတမ်းဖြစ်၍ ထိုမျှလောက် (အသက်တမ်း၏ ငါးပုံ လေးပုံ) ကာလပတ်လုံး တည်နေတော်မူလျက် လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို သံသရာရေအယဉ်မှ နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်သို့ ထုတ်ဆယ် ကယ်တင်တော်မူခဲ့၏။

     ကိုယ်တော့်မျက်မှောက် ကျွတ်တမ်းမရောက်ကြသေးသည့် နောက်အနာဂတ ဝေနေယျတို့အတွက် အကျဉ်းအကျယ် အဆုံးအမဩဝါဒ အသွယ်သွယ်တို့ကို ကိုယ်တော်စား ထားတော်မူခဲ့၍ မီးတောက်ကြီး ငြိမ်းသည့်ပမာ သောဘိတ မြတ်စွာဘုရားသည် သာဝကများနှင့်တကွ ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဘဝဇာတ်သိမ်း တော်မူခဲ့လေပြီ။

သံဝေဂ

အတုမရှိသော ဘုရားရှင်တို့နှင့်သာ တူတော်မူသည့် ထိုသောဘိတ မြတ်စွာဘုရားသည်၎င်း အဘိညာဉ်စသော အားအစွမ်းသို့ ရောက်တော်မူ ရတော်မူကြသည့် သာဝကများစွာ ထိုရဟန္တာတို့သည်၎င်း ထိုအလုံးစုံသည် ချုပ်ဆုံး ကွယ်ပျောက်ခဲ့လေပြီ၊ ခပ်သိမ်းသော သင်္ခါရတရားတို့သည် မြဲခိုင်သောအနှစ်မရှိ အချည်းနှီးသာ ဖြစ်ကုန်စွာ့တကား..။

     သောဘိတ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် စံတော်မမူမီ “ငါဘုရားမရှိသည့်နောက် သတ္တဝါများ နတ်ရွာနိဗ္ဗာန်သို့ ပေါက်ရောက်ကြစေရန် ငါ၏ သာရီရိကဓာတ်တော်တို့သည် တလုံးတခဲတည်း မတည်ရစ်ကြပဲ အစိတ်စိတ် အမြွာမြွာ ကွဲပြား



၃၆၃

ပျံ့နှံကြစေကုန်သတည်း”ဟု အဓိဋ္ဌာန်တော်မူခဲ့ပြီးလျှင် သီဟအမည်ရှိသော ဥယျာဉ်ကြီး၌ ပရိနိဗ္ဗာန် စံတော်မူလေသည်။ ပရိနိဗ္ဗာန် စံတော်မူပြီးသော ထိုသောဘိတ မြတ်စွာဘုရား၏ ဓာတ်တော်တို့သည် သက်တော်ရှည် ဘုရားရှင်တို့၏ ဓာတ်တော်များ မကွဲမပျက် တခဲနက် တစုတည်း တည်ရှိရိုးဓမ္မတာအတိုင်း မဟုတ်ပဲ အဓိဋ္ဌာန်တော်မူချက်အရ အစိတ်စိတ် အမြွာမြွာ ကွဲပြားပြီးလျှင် ဇမ္ဗူဒိပ်ကျွန်းတခွင်၌ အနှံ့အပြားတည်ရှိ၍ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ အပူဇော်ကို ခံယူကြလေကုန်သတည်း။

သောဘိတဗုဒ္ဓဝင် ပြီး၏။

**********