သေရိဝဝါဏိဇဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၃။ သေရိဝဝါဏိဇဇာတ်

ဧကကနိပါတ်-အပဏ္ဏကဝဂ်

၃။ သေရိဝဝါဏိဇဇာတ်

ကောက်ကျစ်သောကြောင့် ရွှေခွက်မှ ယုတ်သော ရွဲကုန်သည်အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော မြတ်ဘုရားသည် ဣဓ စေနံ ဝိရာဓေသိအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသေရိဝ ဝါဏိဇဇာတ် ဒေသနာတော်ကို သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ နေတော်မူလျက် တယောက်သော လျှော့သော ဝီရိယရှိသည်သာလျှင်ဖြစ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ သဗ္ဗညူမြတ်စွာဘုရားသည် ရှေးနည်းဖြင့် ရဟန်းတို့သည် ဆောင်အပ်သော ထိုရဟန်းကို မြင်တော်မူ၍ မိန့်တော်မူ၏။ ရဟန်း သင်သည် ဤသို့ သဘောရှိသော မဂ်ဖိုလ်ကိုပေးတတ်သော သာသနာ၌ ရဟန်းပြု၍ ဝီရိယကိုလျှော့၍ အဘိုးတသိန်းထိုက်သော ရွှေခွက်မှ ယုတ်သော သေရိဝတိုင်းသား ရွဲကုန်သည်ကဲ့သို့ ကြာမြင့်စွာ စိုးရိမ်ရလတ္တံ့၊ ဤသို့ မိန့်တော်မူ၏။ ရဟန်းတို့သည်ထိုအကြောင်းကို ထင်စွာ ဖြစ်စေခြင်းငှါ မြတ်စွာဘုရားကို တောင်းပန်ကုန်၏။ မြတ်စွာဘုရားသည် ဘဝတပါးဖြင့် ဖုံးလွှမ်းအပ်သော အကြောင်းကို ထင်စွာပြတော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဤဘဒ္ဒကပ်ကမ္ဘာမှပြန်၍ရေသည်ရှိသော် ငါးကမ္ဘာထက်၌ ဘုရားလောင်းသည် သေရိဝတိုင်း၌ ရွဲကုန်သည်သည် ဖြစ်၏။ ထိုဘုရားလောင်း ရွဲကုန်သည်သည် သေရိဝမည်သော လောဘရမ္မက်ကြီးသော ရွဲကုန်သည်နှင့် တကွ ရောင်းအံ့သောငှါ သွားကုန်သည်ရှိသော် နီလဝါဟမည်သော မြစ်ကိုကူး၍ အရိဋ္ဌပုရမည်သောပြည်သို့ ဝင်သည်ရှိသော် မြို့ခရီးတို့ကို ခွဲဝေ၍ မိမိသည်ရအပ်သောခရီးဖြင့် ဥစ္စာကို ရောင်းလျက်သွား၏။ တယောက်သော လောဘရမ္မက်ကြီးသော ကုန်သည်သည်လည်း မိမိသည် ရအပ်သော ခရီးကိုယူ၏။ ထိုအရိဋ္ဌပုရမြို့၌လည်း တဦးသောသူဌေးအမျိုးသည် ပျက်စီးသည်ဖြစ်၍ ခပ်သိမ်းကုန်သော သားသမီးညီနောင်တို့သည်၎င်း ဥစ္စာသည်၎င်း ကုန်ခြင်းသို့ ရောက်ကုန်၏။ တယောက်သော သူငယ်မသည် အဘွားနှင့်တကွ ကြွင်းသည်ဖြစ်၏။ ထိုမြေးအဘွားနှစ်ယောက်တို့သည်လည်း သူတပါးတို့၏ အခစားကိုပြု၍ အသက်မွေးရကုန်၏။ ထိုမြေးအဘွားအိမ်၌သော်ကား သူဌေးကြီးသည် သုံးဆောင်ဘူးသော အိုး၏အကြား၌ ထားအပ်သော ရွှေခွက်သည် ရှည်မြင့်စွာ မသုံးဆောင်အပ်သည်ဖြစ်၍ အညစ်အကြေးတက်သည်ဖြစ်၏။ ထိုမြေးအဘွား နှစ်ယောက်တို့သည် ထိုခွက်၏ ရွှေခွက်၏ အဖြစ်ကိုလည်း မသိကုန်။

ထိုလောဘရမ္မက်ကြီးသော ကုန်သည်သည် ထိုအခါ၌ ရွဲတို့ကိုဝယ်ကြကုန်လော၊ ရွဲတို့ကို ဝယ်ကြကုန်လောဟု လှည့်လည်လျက် အိမ်တံခါးသို့ ရောက်လေ၏။ ထိုသူငယ်မသည် ထိုရွဲကုန်သည်ကိုမြင်၍ အဘွားကိုဆို၏။ အဘွား-ငါ့အဘို့ တခုသောတန်ဆာကို ဝယ်ပါလောဟု ဆို၏။ မြေးငယ် ငါတို့သည် ဆင်းရဲကုန်၏။ အဘယ်ကိုပေး၍ ဝယ်ကုန်အံ့နည်းဟု ဆို၏။ ငါတို့အား ဤခွက်သည် ရှိ၏။ ငါတို့အား ကျေးဇူးမရှိ၊ ဤခွက်ကိုပေး၍ ဝယ်လော့ဟုဆို၏။ ထိုအဘွားသည် ရွဲကုန်သည်ကိုခေါ်စေ၍ နေရာ၌နေစေ၍ ထိုခွက်ကိုပေး၍ အရှင်ဤခွက်ကိုယူ၍ သင့်နှမအား တစုံတခုကို ပေးလော့ဟု ဆို၏။ ရွဲကုန်သည်သည် ခွက်ကိုကိုင်၍ကြည့်လျှင် ရွှေခွက်ဖြစ်လတ္တံ့ဟု ကြံအောက်မေ့၍ ခွက်၏ ကျော၌လျှင် လှည့်လည်၍ အပ်ဖြင့် အရေးကိုငင်၍ ရွှေခွက်အဖြစ်ကိုသိ၍ ဤသူတို့အား တစုံတခုကိုမပေးမူ၍ ဤရွှေခွက်ကို ယူအံ့ဟု ကြံ၍ ဤခွက်သည် အဘယ် အဘိုး ထိုက်အံ့နည်း၊ ထိုခွက်သည် ပဲဝက်မျှသော အဘိုးကိုလည်း မထိုက်ဟူ၍ မြေ၌ပစ်၍လျှင် နေရာမှထ၍ သွားလေ၏။ တယောက်သောသူသည် ဝင်၍ထွက်သောခရီးကို တယောက်သောသူသည် ဝင်ခြင်းငှါ ရ၏။ ထို့ကြောင့် ဘုရားလောင်း ရွဲကုန်သည်သည် ထိုခရီးသို့ဝင်၍ ရွဲတို့ကို ဝယ်ကြကုန်လော ရွဲတို့ကို ဝယ်ကြကုန်လောဟု ဆို၍ ထိုအိမ်တံခါးသို့လျှင် ရောက်လေ၏ တဖန် ထိုသူငယ်မသည် ထိုရှေးအတူလျှင် အဘွားကို ဆို၏။

ထိုအခါ ထိုမြေးငယ်မကို အဘွားသည် ရှေးဦးစွာလာသော ကုန်သည်သည် ခွက်ကို မြေ၌ပစ်၍ သွားလေပြီ၊ ယခုအခါ အဘယ်ကိုပေး၍ ဝယ်ကုန်အံ့နည်းဟုဆို၏။ ထိုရှေးကုန်သည်သည် ကြမ်းကြုတ်သောစကား ရှိ၏။ ဤကုန်သည်သည်ကား ရှုချင်ဘွယ်ရှိ၏။ နူးညံ့ပြေပြစ်သော စကားရှိ၏။ ထိုခွက်ကိုယူငြားအံ့လည်းမသိဟု ဆို၏။ မြေးငယ် ထိုသို့တပြီးကား ခေါ်လော့ဟု ဆို၏။ ထိုသူငယ်မသည် ထိုရွဲကုန်သည်ကိုခေါ်၏။ ထိုအခါ အိမ်သို့ဝင်၍နေသော ထိုရွဲကုန်သည်အား ထိုခွက်ကိုပေးကုန်၏။ ထိုဘုရားလောင်းကုန်သည်သည် ထိုခွက်၏ ရွှေခွက်၏အဖြစ်ကိုသိ၍ အမိ ဤခွက်သည် အဘိုးတသိန်းထိုက်၏။ အဘိုးတသိန်းထိုက်သော ဥစ္စာသည် ငါ၏လက်၌မရှိဟု ဆို၏။ အရှင်ရှေးဦးစွာလာသော ကုန်သည်သည် ဤခွက်သည် ပဲဝက်မျှကိုလည်း မထိုက်ဟူ၍ မြေ၌ပစ်၍ သွား၏။ ဤခွက်သည်ကား သင်၏ကောင်းမှုကြောင့် ရွှေခွက်ဖြစ်သည်ဖြစ်လတ္တံ့၊ ငါတို့သည် ဤရွှေခွက်ကို သင့်အား ပေးအံ့၊ တစုံတခုမျှကိုလျှင် ငါတို့အား ပေး၍ ဤရွှေခွက်ကို ယူ၍သွားလေဟု ဆို၏။ ဘုရားလောင်းသည် ထိုခဏ၌ လက်သို့ရောက်ကုန်သော ငါးရာကုန်သော အသပြာတို့ကို၎င်း, အဘိုးငါးရာထိုက်သော ဥစ္စာတို့ကို၎င်း၊ ပေး၍ ငါ့အား ဤချိန်ကို၎င်း ဤအိတ်ကို၎င်း ရှစ်သပြာတို့ကို၎င်း ပေးကုန်လောဟု ဤမျှကိုတောင်းယူ၍ သွားလေ၏။ ထိုဘုရားလောင်း ရွဲကုန်သည်သည် လျင်စွာလျှင် မြစ်နားသို့ရောက်၍ ကူးတို့သည်အား ရှစ်သပြာကိုပေး၍ လှေကို စီးလေ၏။

ထိုမိုက်သော ရွဲကုန်သည်လည်း တဖန် ထိုအဘွားအိမ်သို့ သွား၍ သင်တိုက်ခွက်ကို ဆောင်ခဲ့လော၊ သင်တို့အား တစုံတခုကိုလျှင် ပေးအံ့ဟု ဆို၏။ ထိုသူငယ်မသည် ထိုရွဲကုန်သည်ကို ဆဲရေး၍ သင်သည် ငါတို့၏ အဘိုးတသိန်းထိုက်သော ရွှေခွက်ကို ပဲဝက်မျှအဘိုးကိုပြု၏။ သင်၏အရှင်နှင့်တူသောတယောက်သော တရားစောင့်သော ကုန်သည်သည် ငါတို့အား အဘိုးတထောင်ကိုပေး၍ ထိုရွှေခွက်ကိုယူ၍ သွားလေ၏ဟု ဆို၏။ ထိုရွဲကုန်သည်မိုက်သည် ထိုစကားကို ကြား၍လျှင် အဘိုးတသိန်းထိုက်သော ထိုရွှေခွက်မှယုတ်၍ ဤကုန်သည်သည် ငါ့အား ရှုံးခြင်းကြီးကိုပြုခဲ့ပြီတကားဟု အလွန်ဖြစ်သော စိုးရိမ်ခြင်းရှိသည်ဖြစ်၍ သတိကို ထားအံ့သောငှါ မတတ်နိုင်ရကား မိန်းမောသည်ဖြစ်၍ မိမိလက်သို့ ရောက်ကုန်သော အသပြာတို့ကို၎င်း ဥစ္စာတို့ကို၎င်း အိမ်တံခါး၌ကြဲ၍ အဝတ်အာရုံကိုစွန့်၍ ချိန်ရိုးကို ဆောက်ပုတ်ပြု၍ ဘုရားလောင်း၏ ခြေရာအစဉ် လိုက်သည်ရှိသော် ထိုမြစ်ကမ်းနားသို့ရောက်၍ ကူးသွားသောဘုရားလောင်းကို မြင်၍ အို-ကူးတို့သည် လှေကို ပြန်စေလောဟု ဆို၏။ ဘုရားလောင်းသည်ကား အမောင် ကူးတို့သည် မပြန်လင့်ဟု မြစ်၏။ မိုက်သော ရွဲကုန်သည်လည်း ထိုသို့ သွားသော ဘုရားလောင်းကို မြင်စဉ်ပင်လျှင် ကြီးစွာသော စိုးရိမ်ခြင်းသည်ဖြစ်၍ နှလုံးပူသည်ဖြစ်၏။ ခံတွင်းမှ သွေးအန်၏။ အိုင်၌ ညွန်ကဲ့သို့ နှလုံးကွဲ၏။ ထိုရွဲကုန်သည်မိုက်သည် ဘုရားလောင်း၌ ရန်ညှိုးဖွဲ့၍ ထိုမြစ်နား၌ပင်လျှင် အသက်ကုန်ခြင်းသို့ ရောက်လေ၏။

ဤကား ဘုရားလောင်း၌ ဒေဝဒတ်၏ ရှေးဦးဖွဲ့သော ရန်ညှိုးတည်း။

ဘုရားလောင်းသည် အလှူအစရှိသော ကောင်းမှုကို ပြု၍ ကံအားလျော်စွာ လားရ၏။ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဟောတော်မူပြီး၍ ဘုရားဖြစ်တော်မူပြီး၍သာလျှင်-

။ ဣဓ စေနံ ဝိရာဓေသိ၊ သဒ္ဓမ္မဿ နိယာမတံ။
စိရံ တွံ အနုတပ္ပေသိ၊ သေရိဝါယံဝ ဝါဏိဇော။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၃။ ဣဓ၊ ဤသာသနာတော်၌။ သဒ္ဓမ္မဿ၊ သူတော်ကောင်းတရား၏။ ဧနံ နိယာမတံ၊ ထိုလှော်ကား လှေငယ်ဟု ဆိုအပ်သော သောတာပတ္တိမဂ်ကို။ စေ ဝိရာဓေသိ၊ အကယ်၍ ချွတ်ယွင်းစေအံ့။ တွံ၊ သင်သည်။ စိရံ၊ ကြာမြင့်စွာ။ အနုတပ္ပေသိ၊ ပူပန်ရလတ္တံ့။ ကော ဝိယ၊ အဘယ်သူကဲ့သို့နည်း။ သေရိဝေါ၊ သေရိဝ အမည်ရှိသော။ အယံ ဝါဏိဇော ဣဝ၊ ရထိုက်သည့်အခိုက် မယူလိုက်ဘဲ ရှောင်လွှဲ သွယ်ဝိုက်သော ဤရွဲကုန်သည် လူမိုက်ကဲ့သို့တည်း။

အဓိပ္ပါယ်ကား... ရှေး၌ သေရိဝမည်သော ရွဲကုန်သည်သည် အဘိုးတသိန်းထိုက်သော ရွှေခွက်ကိုမရ၍ ထိုရွှေခွက်ကို ယူအံ့သောငှါ လုံ့လမပြုမူ၍ ထိုရွှေခွက်မှ ယုတ်သည်ဖြစ်၍ စိုးရိမ်ရသကဲ့သို့ ထို့အတူ သင်သည်လည်း သာသနာတော်နှင့်စပ်သော ရွှေခွက်နှင့်တူသော အရိယမဂ်ကို လျှော့သောဝီရိယ ရှိသည်၏ အဖြစ်ကြောင့် မရ၍ ထိုအရိယမဂ်မှ ယုတ်သည်ဖြစ်၍ အခါလေးမြင့် အစဉ် စိုးရိမ်ရလတ္တံ့၊ ဝီရိယကို အကယ်၍ မလျှော့လတ္တံ့၊ ပညာရှိသော ရွဲကုန်သည်သည် ရွှေခွက်ကိုရသကဲ့သို့ ထို့အတူ ငါဘုရား သာသနာတော်၌ ကိုးပါးအပြားရှိသည်လည်းဖြစ်သော လောကုတ္တရာတရားကို ရလတ္တံ့ ဟူလိုသော်။

ဤသို့လျှင် ထိုရဟန်းအား မြတ်စွာဘုရားသည် အရဟတ္တဖိုလ်ဖြင့် ဒေသနာတော် အထွတ်ကိုယူလျက် ဤဓမ္မဒေသနာကို ပြတော်မူပြီး၍ သစ္စာလေးပါးတို့ကို ပြတော်မူ၏။ သစ္စာကို ပြတော်မူသည်၏အဆုံး၌ လျှော့သောဝီရိယရှိသော ရဟန်းသည် မြတ်သော အရဟတ္တဖိုလ်၌ တည်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် နှစ်ပါးသောဝတ္ထုတို့ကိုတော်မူပြီး၍ အနုသန္ဓေကို စပ်၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မိုက်သောရွဲကုန်သည် ဖြစ်ဘူးလေပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိသော ရွဲကုန်သည် ဖြစ်ဘူးလေပြီ၊ ဤသိုဇာတ်ကို ပေါင်းတော်မူ၍ ဒေသနာကို ပြီးစေတော်မူ၏။

ကောက်ကျစ်စဉ်းလဲ၊ ရွှေခွက်လွဲ၊ သေပွဲဝင်ရှာ သေရိဝါ

သုံးခုမြောက်သော သေရိဝဝါဏိဇဇာတ်သည် ပြီး၏။

*****