သေဂ္ဂုဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၂၁၇။ သေဂ္ဂုဇာတ် (၂-၇-၇)


ဒုကနိပါတ်-ဗီရဏထမ္ဘဝဂ်

၇။ သေဂ္ဂုဇာတ်

သီလရှိသော သတို့သ္မီး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသော လောကကို ဆုံးမတော် မူတတ်သောသဗ္ဗညူ မြတ်စွာဘုရားသည် သဗ္ဗော လောကော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသေရူဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော ဟင်းရွက်သည် ဖြစ်သော ဒါယကာကို အကြောင်းပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထုကို ဧကကနိပါတ်၌အပ်ပြီးသလျှင်ကတည်း၊ ဤဒုကနိပါတ်၌လည်း မြတ်စွာဘုရားသည် ထိုဒါယကာကို ဒါယကာ သင်သည် ကြာမြင့်စွာမှ လာသလောဟု မေးတော်မူ၍ အရှင်ဘုရား အကျွန်ုပ်အား အမြဲရွှင်သော မျက်နှာရှိသော သ္မီးသည် ရှိ၏။ ထိုသ္မီးကို အကျွန်ုပ်သည် စုံစမ်း၍ တယောက်သော အမျိုးသားအား ပေး၏။ ထိုထိမ်းမြားမင်္ဂလာ အမှုကိစ္စကို ဆောင်အပ်သည်၏ အဖြစ်ကြောင့် အရှင်ဘုရားတို့အား အဖူးအမြင် လာအံ့သောငှါ အခွင့်ကို မရဟု လျှောက်၏။ ထိုအခါ၌ ဒါယကာကို မြတ်စွာဘုရားသည် ဒါယကာ ယခုအခါ၌သာလျှင် ထိုသတို့သ္မီးသည် သီလရှိသည် မဟုတ်သေး၊ ရှေး၌လည်း သီလရှိသည်သာလျှင်တည်း၊ သင်သည်လည်း ယခုအခါ၌ သာလျှင် ထိုသတို့သီးကို စုံစမ်းသည် မဟုတ်သေး၊ ရှေး၌လည်း စုံစမ်းဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ ထိုဒါယကာသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယကာ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ရုက္ခစိုဝ်းနတ် ဖြစ်၏။ ထိုအခါ၌ ဤဟင်းရွက်သည်သည်သာလျှင် သ္မီးကို စုံစမ်းအံ့ဟူ၍ တောသို့ဆောင်၍ ကိုလေသာ၏ အစွမ်းအားဖြင့် အလိုရှိသကဲ့သို့ပြု၍ လက်၌ ကိုင်၏။ ထိုအခါ၌ ငိုလတ်သော ထိုသ္မီးကို အဘသည်-

၁၃၃။ သဗ္ဗော လောကော အတ္တမနော အဟောသိ။
အကောဝိဒါ ဂါမဓမ္မဿ သေဂ္ဂု။
ကောမာရိကော နာမ တဝဇ္ဇ ဓမ္မော။
ယံ တွံ ဂဟိတာ ပဝနေ ပရောဒေသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၃၃။ အမ္မ၊ အမိ။ သဗ္ဗော၊ အလုံးစုံသော။ လောကော၊ သတ္တဝါသည်။ ဧတိဿာ ကာမသေဝနာယ၊ ထိုကာမကိုမှီဝဲခြင်း၌။ အတ္တမနော၊ ဝမ်းမြောက်ဝမ်းသာ ရှိခြင်းသည်။ အဟောသိ၊ ဖြစ်၏။ သေဂ္ဂု၊ ချစ်သမီး သေဂ္ဂု၊ တွံ ပန၊ သင်သည်တမူကား။ ဂါမဓမ္မဿ၊ ရွာသူ၏ အကျင့်၌။ အကောဝိဒါ၊ အဘယ်ကြောင့် မလိမ္မာဘိသနည်း။ တွံ၊ သင်သည်။ ပဝနေ၊ တောအရပ်၌။ မယာ၊ ငါသည်။ သန္ထဝဝသေန၊ ပေါင်းဘော်လိုသည်၏ အစွမ်းအားဖြင့်။ ဂဟိတာ၊ လက်ကို ကိုင်လတ်သည်ရှိသော်။ ယံ ပရောဒေသိ၊ အကြင်ငို၏။ အဇ္ဇ၊ ယခု၌။ ဧသ-ဧသော၊ ဤသို့ငိုခြင်းဟုဆိုအပ်သော။ တဝ၊ သင်၏။ ဓမ္မော၊ သဘောသည်။ ကော၊ အသို့နည်း။ တွံ၊ သင်သည်။ ကောမာရိနာမ၊ သူငယ်မမည်သည် မဟုတ်တုံလော။

ထိုစကားကိုကြား၍ သူငယ်မသည် ဘခင် ကျွန်ုပ်သည် သူငယ်မ ဟုတ်သလျှင်ကတည်း၊ ကျွန်ုပ်သည် မေထုန်အကျင့်မည်သည်ကို မသိဟု ဆို၍ ငိုကြွေးလျက်-

၁၃၄။ ယော ဒုက္ခဖုဋ္ဌာယ ဘဝေယျ တာဏံ၊
သော မေ ပိတာ ဒုဗ္ဘိ ဝနေ ကရောတိ။
သာ ကဿ ကန္ဒာမိ ဝနဿ မဇ္ဈေ။
ယော တာယိတာ သော သဟသံ ကရောတိ။

ဟူသော နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သောဤဂါထာကို ဆို၏။

၁၃၄။ တာတ၊ ဘခင်။ ယော ပိတာ၊ အကြင်အဘသည်။ ဒုက္ခဖုဋ္ဌာယ၊ ဆင်းရဲခြင်းတွေ့လတ်သည်ရှိသော်။ တာဏံ၊ စောင့်ရှောက်သည်။ ဘဝေယျ၊ ဖြစ်ရာ၏။ မေ၊ ငါ၏။ သော ပိတာ၊ ထိုအဘသည်။ ဝနေ၊ တောအရပ်၌။ ဒုဗ္ဘိ၊ ကိုယ်မှဖြစ်သောသ္မီး၌ လွန်ကျူးခြင်းကို။ ကရောတိ-ကတံ မညတိ၊ ပြုအပ်၏ဟု ထင်မှတ်၏။ သာဟံ၊ ထိုငါသည်။ ဝနဿ၊ တောအရပ်၏။ မဇ္ဈ၊ အလယ်၌။ ကဿ၊ အဘယ် သူ၏။ တာဏဂ္ဂဟဏတ္ထာယ၊ စောင့်ရှောက်ခြင်းကို ယူအံ့သောငှာ။ ကန္ဒာမိ၊ ငိုရအံ့နည်း။ ယော ပိတာ၊ အကြင် အဘသည်။ တာယိတာ၊ စောင့်ရှောက်ထိုက်၏။ သော ပိတာ၊ ထိုအဘသည်လျှင်။ သဟသံ၊ ရုန့်ရင်း သောအမှုကို။ ကရောတိ၊ ပြု၏။

ထိုဟင်းရွက်သည် ဒါယကာသည် ထိုအခါ၌ သ္မီးကိုစုံစမ်း၍ အိမ်သို့ဆောင်၍ အမျိုးသားအားပေး၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာကို ပြတော်မူသည်၏အဆုံး၌ ဟင်းရွက်သည်သည် သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ဒါယကာ ယခုအခါ သင့်သ္မီးသည်လျှင် ထိုအခါ သင့်သ္မီး ဖြစ်ဘူးပြီ၊ ယခုအခါ သတို့သ္မီး၏ အဘသည်လျှင် ထိုအခါ သတို့သ္မီး၏အဘ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ထိုအကြောင်းကို မျက်မှောက်ပြုခဲ့ရသော ရုက္ခစိုဝ်းနတ် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကျင့်မြတ် စာဂီ၊ ပြည့်စုံညီ၊ ထုံဝသီကပ် သ္မီးမြတ်

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သဂ္ဂေုဇာတ်သည် ပြီး၏။

*****