သုဝဏ္ဏသာမဇာတ်တော်ကြီး/အခန်း-၀၇

From Wikisource
Jump to navigation Jump to search
သုဝဏ္ဏသာမဇာတ်တော်ကြီး
by ဦးပညာတိက္ခ
၇။ ဒုကူလ, ပါရိကာတို့ လိုက်လာခန်း
322657သုဝဏ္ဏသာမဇာတ်တော်ကြီး — ၇။ ဒုကူလ, ပါရိကာတို့ လိုက်လာခန်းဦးပညာတိက္ခ

ထိုသို့ ဒုကူလ, ပါရိကာတို့ ဆိုသောအခါ ပီဠိယက္ခမင်းကြီးသည် ထိုဒုကူလ, ပါရိကာရသေ့တို့ကို တားမြစ်အံ့သောငှာ မတတ်နိုင်သောကြောင့် ထိုဒုကူလ, ပါရိကာလက်တို့ကိုကိုင်၍ မိဂသမ္မတာမြစ်နား သုဝဏ္ဏသာမ၏အထံသို့ ဆောင်လေ၏။

ထိုသို့ ပီဠိယက္ခမင်းကြီး ဆောင်လေသောအကြောင်းကို ထင်ရှားပြတော်မူလိုသော မြတ်စွာဘုရားသည်-

“တတော အန္ဓာနမာဒါယ၊ ကာသိရာဇာ ဗြဟာဝနေ။

ဟတ္ထေ ဂဟေတွာ ပက္ကာမိ၊ ယတ္ထ သာမော ဟတော အဟု။”

ဟူသော ဂါထာကို ဟောတော်မူ၏။

ဘိက္ခဝေ၊ ရဟန်းတို့။ တတော-တဒါကာလေ၊ ထိုငါသုဝဏ္ဏသာမ ဖြစ်တော်မူသောအခါ၌။ ကာသိရာဇာ၊ ကာသိကရာဇ်မင်းကြီးသည်။ ဗြဟာဝနေ၊ လူမနီးသော တောကြီးအလယ်၌။ အန္ဓာနံ၊ ကန်းသောရသေ့တို့ကို။ အာဒါယ၊ ယူ၍။ ယတ္ထ၊ အကြင်အရပ်၌။ သာမော၊ သာမကို။ ဟတော၊ သတ်အပ်သည်။ အဟု၊ ဖြစ်၏။ တတ္ထ၊ ထိုအရပ်သို့။ ဟတ္ထေ၊ လက်တို့ကို။ ဂဟေတွာ၊ ကိုင်၍။ ပက္ကာမိ၊ ဖဲလေပြီ။

အဓိပ္ပာယ်ကား-

“သံသရာဘေးကို မပြတ်ရှုလေ့ရှိသော ချစ်သားရဟန်းတို့၊ ငါ သုဝဏ္ဏသာမ ဖြစ်တော်မူသောအခါ ကာသိကရာဇ် ပြည်ကြီးသခင်ဖြစ်တော်မူသော ပီဠိယက္ခမင်းကြီးသည် ဗြဟာရညဟုဆိုအပ်သော တောကြီးကျယ်စွာ ဟိမဝန္တာ၌ သူကန်းဖြစ်သောရသေ့တို့ကို ဆောင်ယူ၍ အကြင်မိဂသမ္မတာမြစ်နား၌ သုဝဏ္ဏသာမကို သတ်အပ်၏။ ထိုမိဂသမ္မတာမြစ်နားသို့ ဒုကူလ, ပါရိကာတို့၏လက်ကိုကိုင်၍ သွားလေ၏။”

ထိုသို့ဆောင်သွားပြီးလျှင် သုဝဏ္ဏသာမ၏အထံ၌ ရပ်၍- “ဤသည်ကား သင်တို့၏သားဖြစ်သော သုဝဏ္ဏသာမတည်း”ဟု ကြားပေ၏။ ထိုပီဠိယက္ခမင်းကြီးကြားသော် သုဝဏ္ဏသာမ၏ခမည်းတော်သည် ဦးခေါင်းကိုချီ၍, မယ်တော်သည် ခြေကိုချီ၍ ပေါင်ပေါ်ထက်၌ထားပြီးလျှင် အထူးထူးအပြားပြား များစွာသောအကြောင်းတို့ဖြင့် ငိုကြွေးမြည်တမ်းကုန်၏။

ထိုသို့ ဒုကူလ, ပါရိကာတို့ ငိုကြွေးသောအကြောင်းကို ထင်ရှားပြတော်မူလိုသော မြတ်စွာဘုရားသည်-

“ဒိသွာန ပတိတံ သာမံ၊ ပုတ္တကံ ပံသုကုန္ထိတံ။

အပဝိဒ္ဓံ ဗြဟာရညေ၊ စန္ဒံဝ ပတိတံ ဆမာ။”

ဟူသော ဂါထာကို မိန့်တော်မူ၏။

အဓိပ္ပာယ်ကား-

“သံသရာဘေးကို ရှုလေ့ရှိသော ချစ်သားရဟန်းတို့။ ငါ သုဝဏ္ဏသာမဖြစ်သောအခါ၌ သားဖြစ်သော, မြေမှုန့်အလိမ်းလိမ်းကပ်သော, လူမနီးသော ဗြဟာရညဟုဆိုအပ်သော တောကြီးထဲ၌ မြေဝယ်ကျသောလကဲ့သို့ လဲသော သုဝဏ္ဏသာမကိုမြင်၍ “အို၊ အချင်းတို့။ တရားမဟုတ်သောအမှုကို ပြုလေစွာ့တကား”ဟု လက် ၂-ဘက်တို့ကိုချီ၍ ငိုကြွေးကြကုန်၏။

ဤသို့ ဒုကူလ, ပါရိကာတို့သည် မြေဝယ်ကျသောလမင်းကို ဥပမာပြု၍ ငိုကြွေးမြည်တမ်းသော်လည်း သား၌ဖြစ်သောစိုးရိမ်ခြင်း ပြင်းစွာနှိပ်စက်အပ်သောကြောင့် မြေထက်၌ကျသောနေမင်းကို ဥပမာပြု၍ ငိုကြွေးမြည်တမ်းလိုသောကြောင့်-

“ဒိသွာန ပတိတံ သာမံ၊ ပုတ္တကံ ပံသုကုန္ထိတံ။

အပဝိဒ္ဓံ ဗြဟာရညေ၊ သူရိယံဝ ပတိတံ ဆမာ။”

ဟူသော ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“သားဖြစ်သော, မြေမှုန့်အလိမ်းလိမ်းကပ်သော, လူမနီးသော ဗြဟာရညဟုဆိုအပ်သော တောကြီးထဲ၌ မြေဝယ်ကျသောနေကဲ့သို့ လဲသော သုဝဏ္ဏသာမကို မြင်၍ “အို-အချင်းတို့ ပြုရက်လေစွာ့တကား”ဟု လက် ၂-ဘက်ကိုမြှောက်၍ သည်းစွာသောအသံဖြင့် ငိုကြွေးကြကုန်၏။

ဤသို့ သုဝဏ္ဏသာမသည် မြေထက်၌လဲသည်ကို ကောင်းကင်မှကျသောနေကဲ့သို့ ဥပမာပြု၍ ငိုကြွေးသော်လည်း သား၌ဖြစ်သောစိုးရိမ်ခြင်းဖြင့် ပြင်းစွာနှိပ်စက်အပ်သောကြောင့်-

“ဒိသွာန ပတိတံ သာမံ၊ ပုတ္တကံ ပံသုကုန္ထိတံ။

အပဝိဒ္ဓံ ဗြဟာရညေ၊ ကလူနံ ပရိဒေဝယုံ။”

ဟူသော ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

သားဖြစ်သော မြေမှုန့် အလိမ်းလိမ်းကပ်သော လူမနီးသော ဗြဟာရညဟုဆိုအပ်သော တောကြီး၌ လဲသော သုဝဏ္ဏသာမကိုမြင်၍ အလွန်သနားဖွယ် လက် ၂-ဘက်ကိုမြှောက်၍ ငိုကြွေးကြကုန်၏။

“ကောင်းသောအမြင်ရှိသော သုဝဏ္ဏသာမ။ ယမန်ကာလ မိနှင့်ဖကို နိစ္စမပြတ် ကျောလက်သပ်၍ သားမြတ်သည် လုပ်ကျွေးမွေး၏။ ယခု သင်သည် ပြင်းစွာမေ့လျော့သလော။ သင်သည် သေအံ့သောအခါသို့ ရောက်လတ်သည်ရှိသော် တစ်စုံတစ်ခုသော စကားကိုမျှ မဆိုခဲ့တကား။”

“ကောင်းသောအဆင်းရှိသော ချစ်သားသုဝဏ္ဏသာမ။ ပြင်းစွာငိုက်မျဉ်းသလော။ သင်သည် ယခု သေအံ့သောအခါ ရောက်သည်ရှိသော် တစ်စုံတစ်ခုသောစကားကိုမျှ ငါတို့အား မဆိုခဲ့တကား။”

“ချစ်သား သုဝဏ္ဏသာမ။ ယခု အဘယ်သူသည် ငါတို့၏ မြေမှုန့်အလိမ်းလိမ်းကပ်သော, ရှုပ်ထွေးသောဆံကျစ်ကို ရှင်းလင်းသုတ်သင်၍ ထုံးပေလတ္တံ့နည်း။ သူကန်းဖြစ်ကုန်သော ငါ့တို့ကို လုပ်ကျွေးမွေးပေသော ဤသုဝဏ္ဏသာမသည် သေခဲ့ပြီတကား။”

“ချစ်သားသုဝဏ္ဏသာမ။ ယခု အဘယ်သူသည် တံမြက်စည်းကိုယူ၍ ငါတို့သင်္ခမ်း၌ တံမြက်လှည်းပေလတ္တံ့နည်း။ ကန်းကုန်သောငါတို့ကို လုပ်ကျွေးမွေးပေသော သုဝဏ္ဏသာမသည် သေခြင်းသို့ ရောက်ခဲ့ပြီတကား။”

“ချစ်သားသုဝဏ္ဏသာမ။ ယခုအခါ အဘယ်သူလာ၍ ကန်းကုန်သောငါတို့ကို ရေပူ၊ ရေချမ်း ကမ်းပါလတ္တံ့နည်း။ ကန်းကုန်သောငါတို့ကို လုပ်ကျွေးမွေးပေသော သုဝဏ္ဏသာမသည် သေခြင်းသို့ရောက်ခဲ့ပြီတကား။”

“ချစ်သား သုဝဏ္ဏသာမ။ ယခုအခါ အဘယ်သူလျှင် တောသစ်မြစ်, တောသစ်သီးတို့ကိုဆောင်ခဲ့၍ ကန်းကုန်သောငါတို့ကို ကျေးမွေးပေလတ္တံ့နည်း။ ကန်းကုန်သောငါတို့ကို လုပ်ကျွေးမွေးပေသော သုဝဏ္ဏသာမသည် သေခြင်းသို့ရောက်ခဲ့ပြီတကား”ဟု

သုဝဏ္ဏသာမ၏ အမိ,အဖဖြစ်သော ဒုကူလ,ပါရိကာတို့သည် ပြင်းစွာငိုကြွေး မြည်တမ်းပြီးလျှင် သုဝဏ္ဏသာမ၏ရင်၌ လက်ကိုထား၍ အငွေ့ကို စူးစမ်းလတ်သည်ရှိသော်- “ငါတို့သား သုဝဏ္ဏသာမ ရှိသေးသလျှင်ကတည်း။ အငွေ့သည် ရှိသေးသလျှင်ကတည်း၊ အဆိပ်၏အဟုန်ဖြင့် မိန်းမောခြင်းသို့ ရောက်လတ္တံ့။ အဆိပ်မရှိစိမ့်သောငှာ သစ္စာအမှုကို ပြုအံ့”ဟု ကြံ၍ သစ္စာကိုပြုကြကုန်၏။