သုဝဏ္ဏသာမဇာတ်တော်ကြီး/အခန်း-၀၅

From Wikisource
Jump to navigation Jump to search
322655သုဝဏ္ဏသာမဇာတ်တော်ကြီး — ၅။ သုဝဏ္ဏသာမ မိန်းမောခန်းဦးပညာတိက္ခ

ထိုအခါ “ပီဠိယက္ခမင်းကြီးသည် ဘုရားလောင်းသုဝဏ္ဏသာမ၏စကားကိုကြားလျှင် “ကောင်းပါပြီ သုဝဏ္ဏသာမ။ သင် မှာလိုက်သည့်အတိုင်း သင်၏မိခင်ဖခင်တို့ကို ငါပြောအံ့”ဟု ဝန်ခံ၏။ ဘုရားလောင်း သုဝဏ္ဏသာမသည်လည်း အမိအဖတို့အား ရှိခိုးခြင်းကိုမှာလိုက်ပြီးလျှင် မိန်းမောခြင်းသို့ ရောက်လေ၏။

ထိုသို့ မိန်းမောသောအကြောင်းကို ထင်ရှားပြတော်မူလိုသော မြတ်စွာဘုရားသည်-

“ဣဒံ ဝတွာန သော သာမော၊ ယုဝါ ကလျာဏဒဿနော။

မုစ္ဆိတော ဝိသဝေဂေန၊ ဝိသညီ သမပဇ္ဇထ။”

ဟူသောဂါထာကို မိန့်တော်မူ၏။

အဓိပ္ပာယ်ကား-

“သံသရာရေး လာမည့်ဘေးကို တုန်အေးကြောက်လှသော ချစ်သားရဟန်းတို့၊ နုနုနယ်နယ် လုလင်ငယ်ဖြစ်သောကြောင့် ကောင်းသောအမြင်ရှိသော သုဝဏ္ဏသာမသည် ဤသို့ မိခင်, ဖခင်တို့အား ရှိခိုး၏ဟူသော စကားကိုဆိုပြီးလျှင် အဆိပ်၏အဟုန်ဖြင့် မိန်းမောသည်ဖြစ်၍ အမှတ်မရခြင်းသို့ ရောက်လေ၏။ ထိုသို့ ဘုရားလောင်းသုဝဏ္ဏသာမသည် ဤမျှသောစကားကိုဆိုပြီးလျှင် ထွက်သက်ဝင်သက် ချုပ်သကဲ့သို့ အမှတ်မရဘဲ စကားမဆိုနိုင်ရှိလေ၏”

ဤသို့ဖြစ်ခြင်းသည်ကား ထိုသုဝဏ္ဏသာမ၏ အဆိပ်ဟူသောအဟုန်ဖြင့် နှိပ်စက်သည်ဖြစ်၍ ဘဝင်စိတ်အစဉ်သည် ချုပ်သကဲ့သို့ဖြစ်၏။ ဟဒယဝတ္ထုရုပ်ကို မှီ၍ဖြစ်သော စကားသည် ချုပ်ခဲ့၏။ ခံတွင်းသည်လည်း ပိတ်ခဲ့၏။ မျက်စိသည်လည်း မှိတ်ခဲ့၏။ လက်ခြေတို့သည်လည်း ခက်တရော်ရှိသောအဖြစ်သို့ ရောက်ကုန်၏။ ကိုယ်အလုံးသည် သွေးအလိမ်းလိမ်းကပ်သည်ဖြစ်၍ အိပ်၏။

ထိုအခါ ပီဠိယက္ခမင်းကြီးသည် “ယခုပင်လျှင်လည်း ဤသုဝဏ္ဏသာမသည် ငါနှင့်အတူတကွ စကားပြောဟော၏။ အဘယ်သို့နည်း”ဟု ထိုသုဝဏ္ဏသာမ၏ ထွက်သက်ဝင်သက်ကို စူးစမ်း၏။ ထိုထွက်သက်,ဝင်သက်တို့သည်ကား ချုပ်ခဲ့ကုန်၏။ ကိုယ်အလုံးသည် ခက်တရော်ရှိ၏။ ထိုအခါ ပီဠိယက္ခမင်းကြီးသည် သုဝဏ္ဏသာမ၏ ထွက်သက်,ဝင်သက်ချုပ်သည်ကိုမြင်လျှင် “ဤသုဝဏ္ဏသာမသည် ချုပ်ခဲ့ကုန်ပြီ, ချုပ်ခဲ့ကုန်ပြီ”ဟုဆို၍ စိုးရိမ်ခြင်း ပြင်းစွာနှိပ်စက်အပ်သောကြောင့် မိမိကိုယ်၏အဖြစ်ဖြင့် တည်စိမ့်သောငှာ မတတ်နိုင်သည်ဖြစ်၍ လက်၂-ဘက်ကို မြှောက်လျက် ထိပ်ထက်တင်ထားပြီးလျှင် တောအုပ်ကို ပဲ့တင်ထပ်စေလျက် သည်းစွာသောအသံဖြင့် ငိုကြွေး၏။

ထိုပီဠိယက္ခမင်းကြီး၏ ငိုကြွေးသောအကြောင်းကို ထင်ရှားပြတော်မူလိုသော မြတ်စွာဘုရားသည်-

“သ ရာဇာ ပရိဒေဝေသိ၊ ဗဟုံ ကာရုညသဉှိတံ။

အဇရာမရောဟံ အာသိံ၊ အဇ္ဇေတ့ ဉာမိ နော ပုရေ။

သာမံ ကာလင်္ကတံ ဒိသွာ၊ နတ္ထိ မစ္စုဿ နာဂမော။”

“ယဿု မံ ပဋိမန္တေတိ၊ သဝိသေန သမပ္ပိတော။

သွဇ္ဇေဝံ ဂ‌တေ ကာလေ၊ န ကိဉ္စိ မဘိဘာသတိ။”

“နိရယံ နူန ဂစ္ဆာမိ၊ ဧတ္ထ မေ နတ္ထိ သံသယော။

တဒါ ဟိ ပကတံ ပါပံ၊ စိရရတ္တာယ ကိဗ္ဗိသံ။”

“ဘဝန္တိ တဿ ဝတ္တာရော၊ ဂါမေ ကိဗ္ဗိသကာရကော။

အရညေ နိမ္မနုဿမှိ၊ ကော မံ ဝတ္တုမရဟတိ။”

“သာရယန္တိ ဟိ ကမ္မာနိ၊ ဂါမေ သံဂစ္ဆ မာဏဝါ။

အရညေ နိမ္မနုဿမှိ၊ ကော နု မံ သာရယိဿတိ။”

ဟူသော ၅-ဂါထာကို မိန့်တော်မူ၏။

အဓိပ္ပာယ်ကား-

“ချစ်သားရဟန်းတို့။ ငါ သုဝဏ္ဏသာမဇာတ်တော်၌ဖြစ်သောအခါ ထိုပီဠိယက္ခမင်းကြီးသည် များစွာသော သနားခြင်းနှင့်ယှဉ်သည်ဖြစ်၍ ငိုကြွေး၏။ ငါသည် ရှေး၌ ငါတို့အား မအို, မသေ ဟု အမှတ်ရှိ၏။ ယခုအခါ သေခဲ့သော သုဝဏ္ဏသာမကိုမြင်၍ "သေမင်း၏မလာခြင်းသည် မရှိ”ဟု သိ၏တကား။”

“အကြင်သုဝဏ္ဏသာမသည်လည်း ငါနှင့် စကားကိုဆိုကြ၏။ ထိုသုဝဏ္ဏသာမသည် ယခု အဆိပ်လူးသောမြားဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ဤသို့ သေအံ့သောအခါသို့ ရောက်သည်ရှိသော် တစ်စုံတစ်ခုသောစကားကိုမျှ မဆိုခဲ့တကား။”

“အပြစ်မရှိသော သုဝဏ္ဏသာမကို သတ်ခဲ့သောငါ့အား ငရဲသို့ လားရအံ့သည်တကား။ ဤသို့လားခြင်း၌ ငါ့အား ယုံမှားမရှိ။ ထိုသို့ ငရဲသို့လားရသောအခါ ရှည်မြင့်စွာသောသံသရာ၌ နေ့ညဉ့်ကာလပတ်လုံး ကြမ်းကြုတ်စွာသောမကောင်းမှုကို ငါ ပြုမိ၏တကား။”

“ထိုမကောင်းမှုကိုပြုသော ငါ့ကို ရွာတိုင်းရွာတိုင်း “မကောင်းမှုကိုပြုသော မင်း”ဟူ၍ ကဲ့ရဲ့ခြင်း ဖြစ်အံ့သည်တကား။ လူမနီးသော တောကြီးကျယ်စွာ ဟိမဝန္တာ၌ ငါ့ကို အဘယ်သူ ကဲ့ရဲ့အံ့သောငှာ ထိုက်ပါအံ့နည်း။”

“မြို့, ရွာ, နိဂုံး, ဇနပုဒ်တို့၌စည်းဝေးကြ၍ များစွာကုန်သောလူအပေါင်းတို့သည် မကောင်းမှုကို အောက်မေ့စေကုန်ရာ၏။ လူမနီးသော တောကြီးအလယ်၌ အဘယ်သူ ငါ့ကို အောက်မေ့စေခြင်းငှာ ထိုက်ပါအံ့နည်း။”

“ငါသည် ဤမျှလောက်သော ကာလပတ်လုံး “မအို, မသေပြီ”ဟု အမှတ်ရှိ၏။ ယခုအခါ သေသော ဤသုဝဏ္ဏသာမကိုမြင်၍ ငါ့အားလည်းကောင်း, သူတစ်ပါးအားလည်းကောင်း သေမင်း၏မလာခြင်းသည် မရှိ။ ထို “သေမင်း”ည်းဟူသောဘေးကို ယခု သိရပြီတကား။”

“ဤအခါမှ ရှေးဖြစ်သောကာလ၌ အိုခြင်းသေခြင်းမည်သည်ကို ငါ မသိတကား”ဟု ငိုကြွေးမြည်တမ်း၏။ ငါသည် အဆိပ်လူးသောမြားဖြင့် ပစ်မိသော ထိုသုဝဏ္ဏသာမသည် ယခုပင်လျှင် ငါနှင့်တကွ စကားပြောဆိုကြ၏။ ယခုအခါ ဤသို့ သေအံ့သောအနီးသို့ ရောက်သည်ရှိသော် တစ်စုံတစ်ခု စိုးစဉ်းသောစကားကိုမျှလည်း မဆိုခဲ့တကား။ ထိုခဏ၌ ဤသုဝဏ္ဏသာမကို ပစ်မိသောငါသည် မကောင်းမှုကို ပြုမိ၏တကား။ ထိုသို့ ငါပြုမိသော မကောင်းမှုသည်ကား ရှည်မြင့်စွာသောကာလပတ်လုံး မကောင်းသောအကျိုးပေးခြင်း၌ စွမ်းနိုင်သောအားဖြင့် အလွန်ကြမ်းကြုတ်စွာသောငရဲ၌ ခံရအံ့သည်တကား။ ဤသို့သဘောရှိသော မကောင်းမှုကိုပြု၍ ထိုထိုတစ်ပါး ရပ်တခြားသို့ သွားသောငါ့ကို သူခပ်သိမ်းတို့ ကဲ့ရဲ့လေကုန်အံ့သည်တကား။”

“အဘယ်အရပ်၌ ကဲ့ရဲ့သည် ဖြစ်ကုန်ရာသနည်းဟူမူကား ရွာ၌နေကုန်သောသူတို့သည် ကဲ့ရဲ့ကုန်သည်ဖြစ်ရာ၏။ အဘယ်သို့ ကဲ့ရဲ့ကုန်ရာသနည်းဟူမူကား “ကြမ်းကြုတ်သောအမှုကို ပြုတတ်သောမင်း”ဟူ၍ ကဲ့ရဲ့ကုန်ရာ၏။ လူမနီးသောတောကြီး၌ကား အဘယ်သူသည် ငါ့ကိုကဲ့ရဲ့ခြင်းငှာ ထိုက်ပါအံ့နည်း။ တစ်စုံတစ်ယောက်သောသူသည် အကယ်၍ ရှိသည်ဖြစ်တုံငြားအံ့။ ကဲ့ရဲ့လေရာ၏ဟု ငိုကြွေးမြည်တမ်း၏။ ရွာ၌လည်းကောင်း, နိဂုံးဇနပုဒ်တို့၌ လည်းကောင်း ထိုထိုသို့သောအရပ်တို့၌ များစွာကုန်သောလူအပေါင်းတို့သည်စည်းဝေးကြ၍ “အို.. သူသတ်ယောကျာ်း။ ဝန်လေးစွာသော ကြမ်းတမ်းသောမကောင်းမှုကို ပြုတတ်၏။ သင်သည် ဤမျှသောဒဏ်သို့ ရောက်သည်မည်၏”ဟု အမှုတို့ကို အောက်မေ့စေကုန်ရာ၏။ လူမရှိသော ဤတောကြီး၌ကား အဘယ်သူသည် ငါ့ကို အောက်မေ့စေအံ့နည်း” ဟု မိမိပင်လျှင် မိမိကိုယ်ကိုစောဒနာလျက် ငိုကြွေးမြည်တမ်း၏။

ထိုသို့ ပီဠိယက္ခမင်းကြီးသည် များစွာသောအကြောင်းတို့ဖြင့် ငိုကြွေးမြည်တမ်းသောအခါ ဗဟုသုန္ဒရီအမည်ရှိသော ဂန္ဓမာဒနတောင်၌နေသော နတ်သမီးသည် ဘုရားလောင်း၏ ၇-ကြိမ်မြောက်သောကိုယ်၏အဖြစ်၌ အမိဖြစ်ခဲ့ဖူးသောကြောင့် သား၏ချစ်ခြင်းဖြင့် ဘုရားလောင်းကို အမြဲလျှင် ကြည့်ရှုစောင်မ၏။

(ထိုမြားမှန်သောနေ့၌ကား ဗဟုသုန္ဓရီနတ်သမီးသည် နတ်၏စည်းစိမ် ခံစားသည်ဖြစ်၍ ထိုဘုရားလောင်း သုဝဏ္ဏသာမကို မကြည့်ရှုမိ။ နတ်၏အစည်းအဝေးသို့ သွားလေသည်ဟူ၍လည်း ဆိုကုန်၏။)

ထိုဗဟုသုန္ဒရီနတ်သမီးသည် နတ်၏စည်းစိမ်ကို ခံစားသည်ဖြစ်၍ ဘုရားလောင်း၏ မိန်းမောသောအခါ “ငါ့သား၏ အကြောင်းကား အသို့နည်း”ဟု ကြည့်ရှုဆင်ခြင်လတ်သော်၊ ထိုမြားမှန်သောအကြောင်းကို မြင်လေ၏။

“ပီဠိယက္ခမင်းကြီးသည် ငါ့သားသုဝဏ္ဏသာမကို အဆိပ်လူးမြားဖြင့်ပစ်၍၊ မိဂသမ္မတာမြစ်နား၌ ငွေပြားအဆင်းနှင့်တူသော သဲပြင်၌သက်၍ သည်းစွာသောအသံဖြင့် ငိုကြွေးမြည်တမ်းလျက် နေချေပြီတကား။ “ယခု အကယ်၍ ငါမသွားဘဲနေသည်ရှိသော် ငါ၏သားဖြစ်သော သုဝဏ္ဏသာမသည် ဤမိဂသမ္မတာမြစ်နား၌ပင်လျှင် သေခြင်းသို့ရောက်လတ္တံ့။ ပီဠိယက္ခမင်းကြီး၏နှလုံးသည်လည်း ကွဲလတ္တံ့။ သုဝဏ္ဏသာမ၏ အမိအဖတို့သည်လည်း အစာမစားရကုန်သည်ဖြစ်၍လည်းကောင်း၊ သောက်ရေကို မရကုန်သည်ဖြစ်၍လည်းကောင်း ခြောက်ကပ်၍ သေခြင်းသို့ ရောက်ကုန်လတ္တံ့။

“ငါသွားသည်ရှိသော်ကား ဤပီဠိယက္ခမင်းကြီးသည် သောက်ရေအိုးကိုယူ၍ သုဝဏ္ဏသာမ၏ အမိ,အဖတို့ထံသို့ သွားလတ္တံ့။ ထိုသို့သွားသည်ရှိသော် ပီဠိယက္ခမင်းသည် ဒုကူလ, ပါရိကာတို့စကားကိုကြားလျှင် ထိုဒုကူလ, ပါရိကာတို့ကို သုဝဏ္ဏသာမအထံသို့ ဆောင်လတ္တံ့။ ထိုသို့ဆောင်သည်ရှိသော် ဒုကူလ,ပါရိကာတို့သည်လည်းကောင်း, ငါသည်လည်းကောင်း သစ္စာပြုရလတ္တံ့။ ထိုသို့ သစ္စာပြုရသည်ရှိသော် သုဝဏ္ဏသာမ၏မြားဆိပ်သည်လည်း ပျောက်လတ္တံ့။ ဤသို့ပျောက်သည်ရှိသော် သုဝဏ္ဏသာမသည် အသက်ကိုရလတ္တံ့။ ဒုကူလ,ပါရိကာတို့သည်လည်း မျက်စိအလင်းကို ရကုန်လတ္တံ့။ ပီဠိယက္ခမင်းကြီးသည်လည်း သုဝဏ္ဏသာမ၏ တရားစကားကိုကြား၍ ဗာရာဏသီပြည်သို့ပြန်ပြီးလျှင် ကြီးစွာသောအလှူကိုပေး၍ နတ်ပြည်သို့လားရသည်ဖြစ်လတ္တံ့။ ထို့ကြောင့် ငါ ထိုအရပ်သို့သွားအံ့”ဟု ကြံ၍၊

ထို ဗဟုသုန္ဒရီနတ်သမီးသည် သွားလေ၍ မိဂသမ္မတာမြစ်နား၌ မထင်ရှားသောကိုယ်ဖြင့် ကောင်းကင်၌ရပ်၍ ဤပီဠိယက္ခမင်းကြီးနှင့် စကားဆို၏။ ထိုသို့ ပီဠိယက္ခမင်းကြီးနှင့် စကားဆိုသောအကြောင်းကို ထင်ရှားပြတော်မူလိုသော မြတ်စွာဘုရားသည်-

“သာ ဒေဝတာ အန္တရဟိတာ၊ ပဗ္ဗတေ ဂန္ဓမာဒနေ။

ရညောဝ အနုကမ္ပာယ၊ ဣမာ ဂါထာ အဘာသထ။”

“အာဂုံ ကိရ မဟာရာဇ၊ အကရိ ကမ္မ ဒုက္ကဋံ။

အဒူသကာ ပိတာပုတ္တာ၊ တယော ဧကူသုနာ ဟတာ။”

“ဧဟိ တံ အနုသိက္ခာမိ၊ ယထာ တေ သုဂတီ သိယာ။

ဓမ္မေနန္ဓေ ဝနေ ပေါသ၊ မညေဟံ သုဂတီ တယာ။”

ဟူသော ၃-ဂါထာကို မိန့်တော်မူ၏။

အဓိပ္ပာယ်ကား-

“သံသရာဘေးကို ရှုလေ့ရှိကုန်သော ချစ်သားရဟန်းတို့။ ထိုသုဝဏ္ဏသာမဇာတ်၌ ဖြစ်သောအခါ ထိုဗဟုသုန္ဒရီနတ်သမီးသည် ဂန္ဓမာဒနအမည်ရှိသောတောင်၌ ကွယ်ခဲ့၍ ပီဠိယက္ခမင်းကြီးအား အစဉ်သနားသဖြင့် ဤဂါထာကို ဆို၏။”

“မြတ်သောမင်းကြီး။ မကောင်းသောအမှုကိုပြုလျက် လာဘိ၏တကား။ အပြစ်မရှိသော ၃-ယောက်သော အမိ, အဖ, သားတို့ကို တစ်စင်းတည်းသောမြားဖြင့် အရှင်မင်းကြီးသည် သတ်ဘိ၏တကား။”

“မြတ်သောမင်းကြီး။ လာတော်မူလော့။ အကြင်အခြင်းဖြင့် ကျင့်သည်ရှိသော် အရှင်မင်းကြီးသည် ကောင်းသောအလားသို့ လားရာ၏။ ထိုအခြင်းဖြင့် အရှင်မင်းကြီးကို ငါ သင်အံ့။ တရားသဖြင့် ကန်းသောအမိအဖတို့ကို ဟိမဝန္တာတောကြီး၌ မွေးလေလော့။ ဤသို့မွေးသည်ရှိသော် အရှင်မင်းကြီးသည် ကောင်းသောအလားသို့ လားရာ၏”ဟုဆို၏။