သုဝဏ္ဏသာမဇာတ်တော်ကြီး/အခန်း-၀၃

From Wikisource
Jump to navigation Jump to search
322653သုဝဏ္ဏသာမဇာတ်တော်ကြီး — ၃။ မြား ခ,တော်မူခန်းဦးပညာတိက္ခ

ထိုအခါ ဗာရာသီပြည်၌ ပီဠိယက္ခမင်းသည် မင်းပြု၏။ ထို ပီဠိယက္ခမင်းသည် သမင်သားကိုစားကြူးသောကြောင့် မယ်တော်အား ပြည်ကိုအပ်နှင်းခဲ့၍၊ မြဲမြံစွာဖွဲ့အပ်သော ၅-ပါးသောလက်နက် ရှိသည်ဖြစ်၍ ဟိမဝန္တာသို့ဝင်၍ သမင်တို့ကိုသတ်ပြီးလျှင် သမင်သားကိုစားလျက်၊ မိဂသမ္မတာမြစ်သို့ရောက်လတ်၍ အစဉ်သဖြင့်သွားလေသည်ရှိသော် သုဝဏ္ဏသာမ၏ရေခပ်ဆိပ်သို့ ရောက်လေ၏။

ထိုအခါ ပီဠိယက္ခမင်းသည် ရေဆိပ်၌ သမင်ခြေရာကိုမြင်လျှင် မြအဆင်းနှင့်တူသော အဆင်းရှိကုန်သော သစ်ခက်တို့ဖြင့်အုံဖွဲ့၍ လေးတင်လျက် အဆိပ်လူးသောမြားကိုကိုင်လျက် ထိုအုံ၌ပုန်း၍နေ၏။ ဘုရားလောင်းသည် ညချမ်းသောအခါ တောသစ်မြစ်, တောသစ်သီးတို့ကိုဆောင်ယူခဲ့၍၊ ကျောင်းသင်္ခမ်း၌ထားခဲ့ပြီးလျှင် မယ်တော်,ခမည်းတော်တို့ကိုရှိခိုး၍ ရေချိုးအံ့သောငှာ သောက်ရေအိုးကိုယူ၍ များစွာသောသမင်အပေါင်းခြံရံလျက် ၂-ခုသောသမင်တို့ကို တပေါင်းတည်းပြုပြီးလျှင် ထိုသမင်၂-စီးတို့၏ ကျောက်ကုန်းထက်၌ သောက်ရေအိုးကိုတင်၍ လက်ကိုင်လျက် မြစ်ဆိပ်သို့သွားလေ၏။

ပီဠိယက္ခမင်းသည်လည်း ထိုအုံ၌တည်လျက်လျှင် များစွာသောသမင်အပေါင်းခြံရံလျက် တင့်တယ်စွာသော ဘုရားလောင်း သုဝဏ္ဏသာမကိုမြင်လျှင် “ငါသည် ဤမျှလောက်သော ကာလပတ်လုံး ဟိမဝန္တာသို့သွားသော်လည်း လူမည်သည်ကို မမြင်စဘူး။ ဤသူကား လူလော, နတ်လော, နဂါးလောဟု အနီးသို့ကပ်၍ ငါ မေးချေအံ့။ နတ်ဖြစ်လျှင်လည်း ကောင်းကင်သို့ ပျံလတ္တံ့။ နဂါးဖြစ်လျှင်လည်း မြေကို လျှိုးလတ္တံ့။ ငါသည်လည်း အခါခပ်သိမ်း ဟိမဝန္တာမှ ဗာရာဏသီပြည်သို့ သွားပြန်ရလတ္တံ့။ ထိုဗာရာဏသီပြည်၌ အမတ်,စစ်သူကြီး အစရှိကုန်သောသူတို့သည် ငါ့အား မေးကုန်လတ္တံ့။ “မြတ်သောမင်းကြီး။ ဟိမန္တာ၌နေသော အရှင်မင်းကြီးသည် တစ်စုံတစ်ခုသော အံ့ဖွယ်သရဲ မမြင်ဘူးသည်ကို မြင်ခဲ့သလော”ဟု မေးကုန်လတ္တံ့။ ထိုသို့မေးသောအခါ “ဤသို့သဘောရှိသော သတ္တဝါကို မြင်၏”ဟု ဆိုချေအံ့။ “ထိုသတ္တဝါကား အဘယ်မည်သော သတ္တဝါနည်း”ဟု မေးသည်ရှိသော် “အဘယ်သတ္တဝါမှန်းကို ငါမသိ”ဟု ဆိုကုန်အံ့။ ငါ့ကို အမတ်, စစ်သူကြီးအစရှိသော ပြည်သူပြည်သားတို့ ကဲ့ရဲ့ကုန်ရာ၏။ ထို့ကြောင့် ဤသူကို မြားဖြင့်ပစ်၍ အားနည်းအောင်ပြုပြီးမှ မေးအံ့”ဟု ကြံ၏။

ထိုသို့ကြံသောအခါ သမင်အပေါင်းတို့သည် ဘုရားလောင်း၏ရှေးဦးစွာသက်၍ ရေသောက်ပြီးလျှင် ရေမှတက်ကုန်သည်ရှိသော် ဘုရားလောင်းသည် ကောင်းစွာသင်အပ်သော အကျင့်ရှိသော မဟာထေရ်ကြီးကဲ့သို့ အသာအယာဆင်းသက်၍ ရေချိုးပြီးလျှင် တစ်ဖန် ရေမှတက်၍ ချိပ်ရည်ကဲ့သို့ရဲရဲနီသော ညံ့သက်သိမ်မွေ့စွာ အတွေ့ရှိသော လျှော်တေသင်္ကန်းတစ်ထည်ကို ဝတ်ပြီးလျှင် တစ်ထည်သောလျှော်တေသင်္ကန်းကို လက်ကန်တော့ စံပယ်တင်ဝတ်ရုံ၍၊ သစ်နက်ရေကို လက်ဝဲပခုံးထက်၌ ဒုကုဋ်တင်ပြီးလျှင် သောက်ရေအိုးကိုချီ၍ ရေကိုခပ်၍ လက်ဝဲပခုံးထက်၌ ထား၏။

ထိုသို့ ထားသောအခါ ပီဠိယက္ခမင်းသည် “ယခု ငါ့အား ပစ်အံ့သောအခါ တန်ပြီ”ဟု အဆိပ်လူးသောမြားကိုတင်၍ ဘုရားလောင်း၏လက်ယာနံပါး၌ ပစ်လေ၏။ ထိုသို့ပစ်သောမြားသည် လက်ဝဲနံပါးဖြင့် ထွက်လေ၏။

ထိုအခါ ဘုရားလောင်းအား ပစ်မိသောအဖြစ်ကိုသိ၍ သမင်အပေါင်းတို့သည် ကြောက်လန့်ကုန်သည်ဖြစ်၍ ပြေးကြလေကုန်၏။

သုဝဏ္ဏသာမသုခမိန်သည် ပစ်မိသော်လည်း ရေအိုးကို မလွတ်စေမူ၍ သတိကိုဖြစ်စေလျက် အသာချပြီးလျှင် သဲကိုယက်၍ ရေအိုးကိုထား၏။ ထိုသို့ အိုးကိုအသာချပြီးမှ အရပ်မျက်နှာမှတ်၍ “ဤအရပ်သည် ငါ၏ မယ်တော်, ခမည်းတော်တို့ အရပ်တည်း”ဟု မယ်တော်, ခမည်းတော်တို့နေရာအရပ်ကို ဦးခေါင်းပြုလျက် ငွေအဆင်းနှင့်တူသော ဖြူစင်လှစွာသောသဲပြင်၌ ရွှေဆင်းတုကဲ့သို့အိပ်၍ သတိကိုဖြစ်စေလျက် ၅-ပါးသောရှိခိုးခြင်းဖြင့် မယ်တော်, ခမည်းတော်တို့ကိုရှိခိုး၍ ဤသို့မြည်တမ်း၏။

“ဤဟိမဝန္တာအရပ်၌ ငါ၏ရန်သူလည်း မရှိ။ မိခင်, ဖခင်တို့၏ ရန်သူလည်း မရှိ”ဟုဆို၍ ခံတွင်းဖြင့် သွေးကိုစွန့်၍ မင်းကိုမမြင်ဘဲလျက်လျှင် ရှေးဦးစွာ-

‌“ကော နု မံ ဥသုနာ ဝိဇ္ဈိ၊ ပမတ္တံ ဥဒဟာရကံ။

ခတ္တိယော ဗြဟ္မဏော ဝေဿော၊ ကော မံ ဝိဒ္ဓါ နိလီယသိ။”

ဟူသောဂါထာကို ဆို၏။

ဘော၊ အို အချင်း။ ပမတ္တံ၊ မေတ္တာဘာဝနာမေ့လျော့ သတိပေါ့လျက်။ ဥဒဟာရကံ၊ ရေခပ်လာသော။ မံ၊ ငါ့ကို။ ကော၊ အဘယ်သူသည်။ ဥသုနာ၊ မြားဖြင့်။ ဝိဇ္ဈိ နု၊ ပစ်ဘိလေသနည်း။ ခတ္တိယော၊ မင်းလော။ ဗြာဟ္မဏော၊ ပုဏ္ဏားလော။ ဝေဿော၊ ကုန်သည်လော။ ကော၊ အဘယ်သူသည်။ မံ၊ ငါ့ကို။ ဝိဒ္ဓါ၊ ပစ်၍။ နီလီယသိ၊ ပုန်း၍နေဘိသနည်း။

အဓိပ္ပာယ်ကား-

“အို-အချင်း။ မေတ္တာဘာဝနာမေ့လျော့ သတိပေါ့လျက် ရေခပ်လာသောငါ့ကို အဘယ်သူသည် မြားဖြင့် ပစ်ဘိသနည်း။ မင်းလော, ပုဏ္ဏားလော, ကုန်သည်လော။ အဘယ်သူသည် ငါ့ကိုမြားဖြင့်ပစ်၍ ပုန်းဘိသနည်း”ဟု ဆို၏။

ဤသို့ မြားဖြင့်ပစ်သောသူ၏အမည်ကို မေးပြီးလျှင် တစ်ဖန် မိမိအသားကို မစားကောင်းဟု သမုတ်အပ်သောအဖြစ်ကို ပြအံ့သောငှာ-

“န မေ မံသာနိ ခဇ္ဇာနိ၊ စမ္မေနတ္ထော န ဝိဇ္ဇတိ။

အထ ကေန နု ဝဏ္ဏေန၊ ဝိဒ္ဓေယျံ မံ အမညထ။”

ဟူသောဂါထာကို ဆို၏။

ဘော၊ အို-အချင်း။ မေ၊ ငါ၏။ မံသာနိ၊ အသားတို့ကို။ န ခဇ္ဇာနိ၊ စားလည်း မစားကောင်းကုန်တကား။ စမ္မေန၊ အရေဖြင့်လည်း။ အတ္ထော၊ အကျိုးသည်။ န ဝိဇ္ဇတိ၊ မရှိခဲ့တကား။ အထ၊ ထိုသို့ဖြစ်လျက်။ ကေန ဝဏ္ဏေန၊ အဘယ်အကြောင်းကြောင့်။ မံ၊ ငါ့ကို။ ဝိဒ္ဓေယျံ၊ ပစ်အပ်၏ဟူ၍။ အမညထ နု၊ အောက်မေ့ဘိသနည်း။

အဓိပ္ပာယ်ကား-

“အို-အချင်း။ ငါ၏အသားကို စားလည်း မစားကောင်းပါတကား။ အရေဖြင့်လည်း အကျိုးမရှိခဲ့တကား။ ထိုသို့ အကျိုးမရှိဘဲလျက် အဘယ်အကြောင်းကြောင့် ငါ့ကို ပစ်အပ်၏ဟု မောင် အောက်မေ့ဘိသနည်း” ဟုဆို၏။