သုမေဓဗုဒ္ဓဝင်

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
၁၁- သုမေဓဗုဒ္ဓဝင်

၁၁-သုမေဓဗုဒ္ဓဝင်

     ပဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မူရာ ကပ်ကမ္ဘာ ကုန်ဆုံးသွားပြီးသည့်နောက် ဘုရားမပွင့်သည့် သုညကမ္ဘာပေါင်း (၇ဝဝဝဝ) ခုနစ်သောင်းကို လွန်မြောက်ပြီး ဤကမ္ဘာမှ ပြန်၍ ရေတွက်လျှင် ကမ္ဘာပေါင်း (၃၀၀၀၀) သုံးသောင်းထက်၌ တခုသောကမ္ဘာဝယ် (၁) သုမေဓမြတ်စွာဘုရား၊ (၂) သုဇာတမြတ်စွာဘုရား ဟူ၍ ဘုရားနှစ်ဆူ ပွင့်တော်မူသည်။ (မဏ္ဍကမ္ဘာပေတည်း။)

     ထို နှစ်ဆူသော ဘုရားရှင်တို့အနက် သုမေဓမြတ်စွာဘုရား အလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီးသည်၏ အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာနတ်ပြည်၌ စံနေတော်မူစဉ် ဘုရားဖြစ်ရန် နတ်ဗြဟ္မာအပေါင်းတို့၏ တောင်းပန်ချက်ကို ဝန်ခံတော်မူ၍ လူ့ပြည်သို့ ဆင်းသက်ကာ သုဒဿနနေပြည်တော် သုဒတ္တမင်းကြီး၏ သုဒတ္တာဒေဝီ မိဖုရားကြီး၏ ကြာတိုက်ဝမ်း၌ ပဋိသန္ဓေ နေတော်မူ၍ ဆယ်လလွန်မြောက် အချိန်သို့ရောက်သောအခါ သုဒဿန မင်္ဂလာဥယျာဉ်တော်အတွင်း၌ ဖွားမြင်တော်မူလေသည်။

(အလောင်းတော် ပဋိသန္ဓေ နေသောအခါ ဖွားမြင်သောအခါတို့၌ နိမိတ်ကြီးများ အံ့ဩဖွယ်ကြီးများ ထင်ရှားဖြစ်ကုန်၏။)

ထီးနန်းစိုးစံတော်မူခြင်း

     အလောင်းတော် သုမေဓမင်းသားသည် အရွယ်သို့ ရောက်သောအခါ (၁) သုစန္ဒန ရွှေနန်းဆောင်၊ (၂) ကဉ္စနရွှေနန်းဆောင်၊ (၃) သိရိဝဍ္ဎနရွှေနန်းဆောင် တည်းဟူသော ရွှေနန်းမ သုံးဆောင်တို့၌



၄၀၅

သုမနာဒေဝီ မိဖုရားကြီး အမှူးရှိသော မောင်းမအပေါင်း (၄၈၀၀၀) လေးသောင်း ရှစ်ထောင်တို့၏ ဖျော်ဖြေလုပ်ကျွေး ပြုစုခြင်းကို ခံယူလျက် နှစ်ပေါင်း (၉၀၀၀) ကိုးထောင်တို့ ကာလပတ်လုံး နတ်စည်းစိမ်နှင့်တူသော စည်းစိမ်ချမ်းသာကို ခံစားတော်မူကာ ထီးနန်းစိုးစံတော်မူ၏။

တောထွက်တော်မူခြင်း

     ဤသို့ ထီးနန်းစိုးစံတော်မူရာ သုမနာဒေဝီ မိဖုရားကြီးမှ ပုနဗ္ဗသု အမည်ရှိသော သားတော်ကို ဖွားမြင်သောအခါ နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူပြီးလျှင် ဆင်ယာဉ်ကိုစီးလျက် တောထွက်၍ ရဟန်းပြုတော်မူ၏။ အလောင်းတော်မင်းသား ရဟန်းပြုသည်ကို အတုလိုက် (အားကျ)ကာ ကုဋေတရာသော ယောက်ျားတို့ ရဟန်းပြုကြလေသည်။

ဘုရားဖြစ်တော်မူခြင်း

     သုမေဓမြတ်စွာဘုရား အလောင်းတော်သည် တကုဋေ အရေအတွက်ရှိသော ထိုရဟန်းတို့နှင့်တကွ တဆယ့်ငါးရက်ပတ်လုံး (သီဟိုဠ်မူအလို ရှစ်လပတ်လုံး) ဒုက္ကရစရိယာအကျင့်ကို ကျင့်တော်မူ၍ ကဆုန်လပြည့် ဘုရားဖြစ်မည့်နေ့ဝယ် နကုလနိဂုံးနေ နကုလာအမည်ရှိသော သူဌေးသမီး လှူဒါန်းအပ်သည့် ဃနာဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူပြီးလျှင် ထိုအရပ်ရှိ အင်ကြင်းတောအတွင်း၌ နေ့သန့် (နေခို)တော်မူ၍ ညနေချမ်းအချိန်သို့ ရောက်သောအခါ အခြံအရံ ရဟန်းတို့ကို စွန့်ခွာခဲ့ပြီးမှ တပါးတည်း ကြွတော်မူရာ လမ်းခရီးအကြား၌ သိရိဝဍ္ဎ အမည်ရှိသော တက္ကတွန်း လှူဒါန်းအပ်သည့် မြက်ရှစ်ဆုပ်တို့ကို ခံတော်မူခဲ့၍ မဟာဗောဓိ (မအူကြီး)ပင် (သို့မဟုတ် ကျည်းပင်)အရင်း ဖြန့်ခင်းလိုက်သည်နှင့် တပြိုင်နက် (၅၇)တောင် ပမာဏရှိသော အပရာဇိတပလ္လင်တော် ပေါ်ပေါက်လာရာ ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူ၍ အင်္ဂါလေးပါးရှိသော ဝီရိယကို ဆောက်တည်တော်မူကာ ရှေး၌ ဆိုအပ်ပြီးသည့်အတိုင်း



၄၀၆

မာရ်စစ်သည်ဗိုလ်ပါကို မှုတ်လွှင့်ပယ်နှင်၍ သဗ္ဗညုတဉာဏ်ရှင် သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။

တရားပွဲကြီး သုံးကြိမ်

     သုမေဓမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးသည့်နောက် မဟာဗောဓိ (မအူကြီး)ပင်၏ အနီးမှာပင် သတ္တသတ္တာဟ= (လေးဆယ့်ကိုးရက်) စံနေတော်မူပြီးလျှင် တရားဟောရန် ဗြဟ္မာမင်း၏ တောင်းပန်ခြင်းကို လက်ခံတော်မူ၍ “ငါသည် အဘယ်သူအား ရှေးဦးစွာ တရားဟောရပါအံ့နည်း”ဟု ဆင်ခြင်တော်မူသည်ရှိသော် မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံလျက် သစ္စာလေးပါးတရားကို သိမြင်ခြင်းငှါ စွမ်းနိုင်ကြသည့် ကိုယ်တော်မြတ်၏ (ဖတူမိကွဲ) ညီတော် သရဏမင်းသားနှင့် သဗ္ဗကာမမင်းသား (အဂ္ဂသာဝကအလျာ)တို့ကို၎င်း, ကိုယ်တော်မြတ်နှင့် အတူတကွ ရဟန်းပြုဖက် တကုဋေသော ရဟန်းတို့ကို၎င်း မြင်တော်မူ၍ “ထိုသူတို့အား ရှေးဦးစွာ တရားဟောအံ့”ဟု ကြံစည်တော်မူပြီးလျှင် “ယခုအခါ ထိုရဟန်းတို့သည် အဘယ်အရပ်၌ နေကုန်သနည်း”ဟု ကြည့်ရှု ဆင်ခြင်တော်မူပြန်သော် သုဒဿနမြို့အနီး သုဒဿနမင်းဥယျာဉ်ကြီးမှာ နေကုန်၏ဟု မြင်တော်မူလျှင် သပိတ်သင်္ကန်းကို ယူဆောင်တော်မူ၍ ထိုရဟန်းတို့နေရာ သုဒဿနမင်းဥယျာဉ်ကြီးသို့ ကောင်းကင်ခရီးဖြင့် ခဏခြင်း ကြွသွားတော်မူ၏။

     ထိုအခါ တကုဋေသော ထိုရဟန်းတို့သည် သုမေဓမြတ်စွာဘုရား ကြွလာတော်မူသည်ကို အဝေးမှပင် မြင်ကြ၍ ကြည်ညိုလှသောစိတ်ဖြင့် မြတ်စွာဘုရားကို ခရီးဦးကြိုဆိုခြင်း သပိတ်သင်္ကန်းတော်ကို လှမ်းယူခြင်း နေရာတော်ကို ခင်းကျင်းခြင်း အရိုအသေ ရှိခိုးဝတ်ပြုခြင်း ကိစ္စတို့ကို ပြည့်စုံစေကြပြီးခါ မြတ်စွာဘုရားကို ခြံရံလျက် သင့်တင့်လျောက်ပတ်ရာက နေကြကုန်၏။ ထိုအခါ သုမေဓမြတ်စွာဘုရားသည် ဥယျာဉ်မှူးကို စေလွှတ်၍ ညီတော် သရဏမင်းသားနှင့် သဗ္ဗကာမမင်းသားကို



၄၀၇

ခေါ်စေပြီးလျှင် ထိုမင်းသားနှစ်ယောက်တို့အား၎င်း, ကိုယ်တော်မြတ်နှင့် အတူတကွ ရဟန်းပြုဖက် တကုဋေသော ရဟန်းတို့အား၎င်း ထိုမှတပါး တရားနာရန် လာရောက်ကြကုန်သော နတ်လူတို့အား၎င်း ရှေးရှေးဘုရားတို့ ဟောကြားတော်မူကြမြဲဖြစ်သော ဓမ္မစက္ကပဝတ္တနသုတ် ဒေသနာကို ဟောကြားတော်မူ၏။ ထိုအခါ ကုဋေတသိန်းသော နတ်လူတို့သည် မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။

(ဤကား ရှေးဦးအစ ဓမ္မာဘိသမယ ပဌမတရားပွဲကြီးတည်း။)

     ထို့နောက် အခါတပါးဝယ် သုမေဓ မြတ်စွာဘုရားသည် မိုးသောက်ယံအချိန်တွင် မဟာကရုဏာသမာပတ်ကို ၀င်စားတော်မူ၍ ကျွတ်ထိုက်သော သတ္တဝါတို့ကို ကြည့်ရှု ဆင်ခြင်တော်မူလတ်သော် တောအုပ်ကြီးတခုအဝမှာ ကြောက်မက်ဖွယ် ကိုယ်အသွင်ကိုပြလျက် အသွားအလာပြတ်အောင်ပင် လူသားကို စားသောက်သည့် ကုမ္ဘကဏ္ဏဘီလူးကြီးကို မြင်တော်မူ၍ အဖော်မပါ တပါးတည်းသာ ထိုဘီလူး၏ဗိမာန်သို့ ကြွသွားပြီးလျှင် ဗိမာန်အတွင်းသို့ ဝင်တော်မူကာ ခင်းထားအပ်သောနေရာ၌ သီတင်းသုံး နေတော်မူ၏။

     ထိုအခါ ကုမ္ဘကဏ္ဏဘီလူးသည် ဒုတ်လှင်ကန်ဖြင့် ပုတ်ခတ်အပ်သော အဆိပ်ထန်သည့် မြွေဟောက်ပမာ ပြင်းစွာ အမျက်ထွက်သဖြင့် မြတ်စွာဘုရားကို ချောက်လှန့်ရန် မိမိ၏ကိုယ်ကို အလွန်ကြမ်းထန်းအောင် ပြုပြီးလျှင် တောင်နှင့်တူသော ဦးခေါင်းကို ဖန်ဆင်းကာ နေဝန်းအရောင် တောက်ပြောင်သော မျက်လုံးတို့ကို ပြူးကျယ်စွာဖွင့်လျက် ထွန်တုံးဦးသဖွယ် ရှည်လျားပြန့်ကျယ်သော အစွယ်တို့ကို၎င်း, အရောင်ညိုမဲ တွဲလျားကျသည့် မညီမျှသော ဝမ်းပျဉ်းသားကို၎င်း, ပိမ့်ချိုင့်အလယ်သား အရင်းအဖျားမိုမောက် ကြောက်စဖွယ်မျိုး အရုပ်ဆိုးသော နှာခေါင်းကို၎င်း, တောင်ခေါင်းသဖွယ် ပြန့်ကျယ်နီမြန်းသော ခံတွင်းကို၎င်း, ထူပိန်း ကြောင်တက် ကြမ်းခက်သော ဆံပင်တို့ကို၎င်း ဖန်ဆင်းပြီးခါ အလွန်တရာ အကြည့်ရဆိုးသော ကြောက်မက်ဖွယ်သော ပုံပန်းသဏ္ဌာန်ဖြင့် မြတ်စွာဘုရားရှေ့မှောက် လာရောက်ရပ်တည်လျက်



၄၀၈

အခိုးအလျှံလွှတ်ကာ ကျောက်ခဲမိုဃ်း, တောင်မိုဃ်း, မီးလျှံမိုဃ်း, ရေပူမိုဃ်း, ရွှံ့ညွန်ပူမိုဃ်း, ပြာပူမိုဃ်း, လက်နက်မိုဃ်း, မီးကျီးမိုဃ်း, သဲပူမိုဃ်း တည်းဟူသော မိမိပိုင် လက်နက်ကိုးမျိုး မိုဃ်းကြီးတို့ကို ရွာသွန်းချစေပါသော်လည်း မြတ်စွာဘုရား၏ မွေးညင်းတော် တပင်ကိုမျှ တုန်လှုပ်စေခြင်းငှာ မစွမ်းနိုင်ရကား “မြတ်စွာဘုရားကို ပြဿနာ ပုစ္ဆာမေး၍ သတ်အံ့”ဟု ကြံပြီးလျှင် အာဠ၀ကဘီလူးကဲ့သို့ပင် ပြဿနာပုစ္ဆာကို မေးမြန်း၏။ ထိုအခါ သုမေဓ မြတ်စွာဘုရားသည် ပြဿနာကို ဖြေဆိုတော်မူခြင်းဖြင့် ထိုကုမ္ဘကဏ္ဏဘီလူးကို ယဉ်ကျေးအောင် ဆုံးမတော်မူလေသည်။

     ထို့နောက် နှစ်ရက်မြောက်သောနေ့၌ ထိုဘီလူးနေရာနှင့် မနီးမဝေးဖြစ်သည့် တိုင်းပြည်ကို အစိုးရသောမင်းသည် မိမိ၏သားကို ဘီလူးထံပေးအပ်ရန် စီမံထားသောနေ့ ဖြစ်သည့်အတိုင်း တိုင်းသူပြည်သား လူအများတို့ကို လှည်း၌ ထမင်းအပြည့် တင်စေလျက် ထိုထမင်းနှင့်တကွ မင်းသားကို ဘီလူးအား ပေးဆက်စေသောအခါ ဘီလူးသည် မိမိစားရမည့်မင်းသားကို မြတ်စွာဘုရားအား လှူဒါန်း၏။ တောအုပ်အဝ၌ နေကြသော လူအပေါင်းတို့သည် သတင်းကောင်းကြားသိကာ ဘုရားအထံသို့ ချဉ်းကပ်ကြကုန်၏။ ထိုအစည်းအဝေး၌ သုမေဓမြတ်စွာဘုရားသည် ဘီလူးနှင့် သင့်လျော် လျောက်ပတ်သော တရားကို ဟောကြားတော်မူလျက် ကုဋေကိုးသောင်းသော သတ္တဝါတို့အား မဂ်ဉာဏ်အမြင်ကို ဖြစ်စေတော်မူလေသည်။

(ဤကား ဒုတိယာဘိသမယ ဒုတိယတရားပွဲကြီးတည်း။)

     ထို့နောက် အခါတပါး၌ သုမေဓမြတ်စွာဘုရားသည် ဥပကာရီမြို့၏အနီး သိရိနန္ဒန ဥယျာဉ်ကြီးအတွင်း၌ နတ်လူအပေါင်းတို့အား သစ္စာလေးပါးတရားကို ဟောကြားတော်မူ၏။ ထိုအခါ ကုဋေရှစ်သောင်းသော နတ်လူတို့သည် မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။

(ဤကား တတိယာဘိသမယ တတိယတရားပွဲကြီးတည်း။)

**********



၄၀၉

သာ၀ကအစည်းအဝေးကြီး သုံးကြိမ်

ပဌမသန္နိပါတ

     သုမေဓမြတ်စွာဘုရား၏ သာဝကအစည်းအဝေးကြီး သုံးကြိမ်ရှိရာ ပဌမအကြိမ်၌ မြတ်စွာဘုရားသည် သုဒဿနနေပြည်တော်သို့ ကြွသွားတော်မူ၏၊ ထိုအခါ ကုဋေတရာသော ရဟန္တာပုဂ္ဂိုလ်တို့ စည်းဝေးမိကြကုန်သည်။

(ဤကား ရှေးဦးစွာသော သာဝကအစည်းအဝေးကြီးတည်း။)

ဒုတိယသန္နိပါတ

     ထို့နောက် အခါတပါးဝယ် မြတ်စွာဘုရားသည် ဒေဝကူဋအမည်ရှိသော တောင်တွင် ဝါကပ်တော်မူ၏၊ ဝါကျွတ်သောအခါ ကထိန်ခင်းပွဲသဘင် ဆင်ယင်ကျင်းပရာ၌ ကုဋေကိုးဆယ်သော ရဟန်းတို့ စည်းဝေးမိကြကုန်သည်။

(ဤကား ဒုတိယ သာဝကအစည်းအဝေးကြီးတည်း။)

တတိယသန္နိပါတ

     ထို့နောက် အခါတပါး၌ မြတ်စွာဘုရားသည် ဒေသစာရီ ကြွချီတော်မူ၏၊ ကြွချီတော်မူရာ နောက်တော်ပါဖြစ်သော ရဟန်းပေါင်း ကုဋေရှစ်ဆယ် စည်းဝေးမိကြသည်။

(ဤကား တတိယ သာဝကအစည်းအဝေးကြီးတည်း။)

**********

ဂေါတမမြတ်စွာဘုရားအလောင်း ဥတ္တရလုင်ဖြစ်၍ ဗျာဒိတ်ခံခြင်း

     ထိုအခါ ငါတို့မြတ်စွာဘုရား အလောင်းတော်သည် အလုံးစုံသော လူတို့ထက် ထိုထိုဂုဏ်ဖြင့် လွန်ကဲသည့် ဥတ္တရအမည်ရှိသော လုင်ဖြစ်၍ မိမိအိမ်မှာ စုဆောင်းထားအပ်သည့် ကုဋေရှစ်ဆယ်မျှသော ပစ္စည်းဥစ္စာတို့ကို ဘုရားအမှူးရှိသော



၄၁၀

သံဃာတော်အား လှူဒါန်း၏။ ထိုအခါ မြတ်စွာဘုရား၏ တရားတော်ကို ကြားနာရ၍ သရဏဂုံ သုံးပါးတို့၌ တည်ပြီးလျှင် မြတ်စွာဘုရား သာသနာတော်၌ ရဟန်းပြုလေသည်။ အနုမောဒနာတရား ဟောကြားတော်မူပြီးသောအခါ သုမေဓ မြတ်စွာဘုရားသည် “ဤဥတ္တရလုင်သည် နောက်အခါ၌ ဂေါတမအမည်တော်ရှိသော ဘုရားစင်စစ် ဖြစ်လတ္တံ့”ဟူ၍ ဗျာဒိတ်စကား ကြားတော်မူ၏။

(ဗျာဒိတ်ကြားတော်မူပုံမှာ ဒီပင်္ကရာ မြတ်စွာဘုရား ဗျာဒိတ်ကြားသကဲ့သို့ပင် အပြည့်အစုံ ဖြစ်သည်။)

     သုမေဓ မြတ်စွာဘုရား၏ ဗျာဒိတ်စကားကို ကြားရလျှင် အလောင်းတော်ဥတ္တရလုင်သည် လွန်စွာ မိမိစိတ်ကိုကြည်လင်စေလျက် ဆယ်ပါးသော ပါရမီတော်တို့ကို တိုးတက်ဖြည့်ကျင့်ရန် မြဲမြံစွာ ဆောက်တည်တော်မူလေသည်။

     သုမေဓမြတ်စွာဘုရား၏ သာသနာ့ဝန်ထမ်း ရဟန်းပြု၍ သုတ်ဝိနည်းတို့နှင့်တကွ အင်္ဂါကိုးပါးရှိသော မြတ်စွာဘုရား၏ ပရိယတ္တိသာသနာတော်ကို ကမ်းဆုံးရောက် သင်ကြား တတ်မြောက်တော်မူပြီးလျှင် မြတ်စွာဘုရား သာသနာတော်ကို တင့်တယ်စေခဲ့လေပြီ။

     (လျောင်းခြင်းကို လုံးဝမပြုပဲ) ထိုင်ခြင်း, ရပ်ခြင်း, စင်္ကြံသွားခြင်း တည်းဟူသော ဣရိယာပုထ်သုံးပါး၌ မမေ့မလျော့ ရဟန်းတရား ပွါးများအားထုတ်လျက် သမာပတ်ရှစ်ပါးတွင်မက အဘိညာဉ်ငါးပါး၏ အထွတ်အထိပ်သို့ရောက်ကာ အသက်အဆုံးမှာ ဗြဟ္မာ့ပြည်သို့ ကပ်ရောက်တော်မူလေပြီ။

မြို့တော်စသည်ကို ပြဆိုချက်

     သုမေဓ မြတ်စွာဘုရား၏ ဖွားတော်မူရာ မြို့တော်မှာ သုဒဿနမြို့တော်ဖြစ်၍ ခမည်းတော်မှာ သုဒတ္တမင်းကြီး, မယ်တော်မှာ သုဒတ္တာဒေဝီ မိဖုရားကြီးတို့ ဖြစ်ကုန်၏။

     ထီးနန်းစိုးအုပ် မင်းပြုလုပ်သော နှစ်ပေါင်းမှာ (၉၀၀၀) ကိုးထောင်ဖြစ်၍ စံနန်းတော် သုံးဆောင်တို့မှာ သုစန္ဒနစံနန်းတော်, ကဉ္စနစံနန်းတော်, သိရိဝဍ္ဎနစံနန်းတော်တို့ ဖြစ်ကုန်၏။



၄၁၁

     အဂ္ဂဒေဝီမဟေသီမိဖုရားမှာ လေးသောင်းရှစ်ထောင်သော မောင်းမ မိဿံ အခြံအရံရှိသည့် သုမနာဒေဝီ မိဖုရားကြီးဖြစ်၍ သားတော်မှာ ပုနဗ္ဗသုမင်းသား ဖြစ်လေသည်။

     နိမိတ်ကြီးလေးပါးကိုမြင်၍ တောထွက်တော်မူသော ယာဉ်မှာ ဆင်ယာဉ်ဖြစ်ပြီးလျှင် တဆယ့်ငါးရက်ကြာ ဒုက္ကရစရိယာကို ကျင့်တော်မူရသည်။

     အဂ္ဂသာဝက အစုံတို့မှာ သရဏမထေရ်နှင့် သဗ္ဗကာမမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ သာဂရမထေရ် ဖြစ်လေသည်။

     အဂ္ဂသာဝိကာအစုံတို့မှာ ရာမာထေရီမနှင့် သုရာမာထေရီမတို့ ဖြစ်ကြပြီးလျှင် ပွင့်တော်မူရာ ဗောဓိပင်ကား မအူကြီးပင်ဗောဓိ ဖြစ်လေသည်။

     မြတ်သော အလုပ်အကျွေး ဒါယကာတို့မှာ ဥရုဝေလသူဌေးနှင့် ယသဝါသူဌေးတို့ ဖြစ်ကြ၍ မြတ်သော အလုပ်အကျွေး ဒါယိကာမတို့မှာ ယသောဓရာဥပါသိကာနှင့် သိရိမာဥပါသိကာတို့ ဖြစ်ကြသည်။

     သုမေဓမြတ်စွာဘုရား၏ ကိုယ်အရပ်တော်မှာ (၈၈) ရှစ်ဆယ့်ရှစ်တောင် မြင့်တော်မူလျက် ကိုယ်တော်မှထွက်သော ရောင်ခြည်တော်သည် ကြယ်တာရာအပေါင်းတို့ကို ထွန်းလင်းတောက်ပ ထင်စွာပြသော လမင်းကဲ့သို့၊ ထို့အတူ အလုံးစုံသော အရပ်မျက်နှာတို့ကို ထွန်းလင်းတောက်ပ၏။

     ဥပမာ တနည်းသော်ကား- စကြာမင်း၏ ပတ္တမြားရတနာသည် ထက်ဝန်းကျင် တယူဇနာအတွင်း ထွန်းလင်း တောက်ပသကဲ့သို့၊ မြတ်စွာဘုရား၏ ကိုယ်တော်မှထွက်သော ရောင်ခြည်တော်သည်လည်း ထက်ဝန်းကျင် တယူဇနာအတွင်း အမြဲပင် ထွန်းလင်းပျံ့နှံ၍ နေ၏။

     သုမေဓမြတ်စွာဘုရား ပွင့်တော်မူရာ အသက်တမ်းမှာ အနှစ် (၉၀၀၀၀) ကိုးသောင်းတမ်းဖြစ်၍ ထိုမျှလောက် (အသက်တမ်း၏ ငါးပုံ့လေးပုံ) ကာလပတ်လုံး တည်နေတော်မူလျက် များစွာသော



၄၁၂

လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို သံသရာရေအယဉ်မှ နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်သို့ ထုတ်ဆယ် ကယ်တင်တော်မူခဲ့၏။

     ဤသုမေဓမြတ်စွာဘုရား၏ သာသနာတော်သည် ဝိဇ္ဇာသုံးပါး အဘိညာဉ်ခြောက်ပါး တရားတို့နှင့် ပြည့်စုံကုန်လျက် အားအစွမ်းသို့ ရောက်ကုန်ပြီးလျှင် လောကဓံတရားတို့ကြောင့် တုန်လှုပ်ခြင်းမရှိ တာဒိဂုဏ်ရှင် သူတော်စင်စင်စစ် ဖြစ်တော်မူကြသည့် ရဟန္တာအရှင်မြတ်တို့နှင့် ကောင်းစွာ ရောပြွမ်း၏။ (နေရာတိုင်း ရဟန္တာများရှိကြ၏ဟု ဆိုလိုသည်။)

     မနှိုင်းရှည်အပ်သည့် ကျော်စောသတင်း ရှိတော်မူကြသော ထိုအလုံးစုံကုန်သော ရဟန္တာသခင် အရှင်မြတ်တို့သည် ကိလေသာမှလည်း လွတ်မြောက်တော်မူကြ ဥပဓိလေးပါးမှလည်း ကင်းစင်တော်မူကြပေကုန်၏၊ များသော အခြံအရံရှိတော်မူကြသော ထိုမြတ်စွာဘုရား၏ တပည့်သား ရဟန္တာ အရှင်မြတ်တို့သည် ဉာဏ်ပညာတည်းဟူသော အလင်းရောင်ကို ထွန်းပြတော်မူကြပြီးလျှင် ပရိနိဗ္ဗာန်စံယူ ငြိမ်းအေးတော်မူကြကုန်ပြီ။

စေတီတော်

     ဤသို့လျှင် မာရ်ငါးပါးကို အောင်မြင်တော်မူပြီးသော သုမေဓ မြတ်စွာဘုရားသည် မေဓာရာမအမည်ရှိသော ဥယျာဉ်တော်ကြီးအတွင်း၌ ပရိနိဗ္ဗာန် စံတော်မူ၏။ ဓာတ်တော်များမှာ ရှေး၌ ဆိုအပ်ပြီးသည့်နည်းအတူ အဓိဋ္ဌာန်တော်မူချက်အရ အစိတ်စိတ် အမြွာမြွာ ကွဲပြားကြပြီးလျှင် ဇမ္ဗူဒိပ်ကျွန်းတခွင် အနှံ့အပြား တည်ရှိကြ၍ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ အပူဇော်ကို ခံယူတော်မူကြလေကုန်သတည်း။

သုမေဓဗုဒ္ဓဝင် ပြီး၏။

**********