သုမနဗုဒ္ဓဝင်

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
၄- သုမနဗုဒ္ဓဝင်

၄-သုမနဗုဒ္ဓဝင်

     ဤသို့ မင်္ဂလမြတ်စွာဘုရားသည် ကိုယ်တော်မှ ပကတိထွက်ကွန့်သော ရောင်ခြည်တော်တို့ဖြင့် နေလ နက္ခတ်တာရာ နတ်ဗြဟ္မာတို့၏ အရောင်အမျိုးမျိုးတို့ကို လွှမ်းမိုးတော်မူကာ နေ့ ညဉ့်ဟူ၍ ခြားနားခြင်းမရှိရအောင် ဇာတိခေတ် စကြဝဠာ ကမ္ဘာလောကဓာတ်ပေါင်း တိုက်တသောင်းကို ထွန်းလင်းတောက်ပစေတော်မူခဲ့ရာမှ တဖန် တခဲနက်သော အမိုက်မှောင်ကို တပြိုင်နက်တည်း ပြုလုပ်တော်မူလိုက်သကဲ့သို့ ပရိနိဗ္ဗာန် စံလွန်တော်မူသွားပြီးသည့်နောက် အသက် (၉၀၀၀၀) ကိုးသောင်းတမ်းရှိ လူအပေါင်းတို့ အစဉ်သဖြင့် အသက်တမ်း ဆုတ်ယုတ်ကာ (၁၀) ဆယ်နှစ်တမ်းသို့ ရောက်ကြ၍ ထိုမှတဖန် တိုးတက်ပြန်ကာ အသင်္ချေတမ်းသို့ ရောက်ပြီးလျှင် နောက်ထပ် အသက်တမ်း



၃၃၅

ဆုတ်ယုတ်ပြန်၍ အနှစ် (၉၀၀၀၀) ကိုးသောင်းသို့ ရောက်သောအခါ သုမန ဘုရားအလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်ပြီးသည်၏ အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာအရ တုသိတာနတ်ပြည်၌ စံနေတော်မူစဉ် နတ်ဗြဟ္မာအပေါင်းတို့၏ တောင်းပန်ချက်ကို ဝန်ခံတော်မူ၍ လူ့ပြည်သို့ ဆင်းသက်ကာ မေခလနေပြည်တော် သုဒတ္တမင်းကြီး၏ သိရိမာဒေဝီ မိဖုရားကြီးဝမ်း၌ ပဋိသန္ဓေ တည်နေတော်မူ၏။

     အလောင်းတော်မင်းသား ပဋိသန္ဓေ နေတော်မူသောအခါ သုံးဆယ့်နှစ် (၃၂)ပါးသော နိမိတ်ကြီးတို့ ထင်မြဲထင်ကြကုန်၏။ ဆယ်လစေ့၍ ဖွားမြင်တော်မူသော အခါမှာလည်း ထို့အတူ နိမိတ်ကြီးများ ထင်မြဲထင်သည့်အပြင် အလောင်းတော် ဟူသမျှတို့နှင့် သက်ဆိုင်သော အံ့ဖွယ်ကောင်းသည့် အကြောင်းအရာတို့သည်လည်း ဖြစ်ပေါ်ကြကုန်၏။

     အလောင်းတော် သုမနမင်းသားသည် အရွယ်သို့ရောက်သောအခါ (၁) စန္ဒရွှေနန်းဆောင်၊ (၂) သုစန္ဒရွှေနန်းဆောင်၊ (၃) ဝဋံသရွှေနန်းဆောင် တည်းဟူသော ရွှေနန်းမ သုံးဆောင်တို့၌ လှပတင့်တယ်စွာ တန်းဆာဆင်အပ်သော ရွေရံတော်ပေါင်း (၆၃ဝဝဝဝဝ) ခြောက်သန်းသုံးသိန်း အခြံအရံရှိသည့် (အများတကာ တို့၏ ဦးထိပ်တွင် စိုက်ထိုးအပ်သော ဦးစိုက်ပန်းနှင့် တူသောကြောင့်) ဝဋံသိကာအမည်ရှိသော မိဖုရားကြီးနှင့် နှစ်ပေါင်း (၉ဝဝ၀) ကိုးထောင်ကြာ နတ်စည်းစိမ်နှင့်တူသော စည်းစိမ်ချမ်းသာကို ခံစားတော်မူကာ ထီးနန်းစိုးအုပ် မင်းလုပ်တော်မူလေသည်။

(ဤရွေရံတော် ခြောက်သန်းသုံးသိန်း ဆိုရာ၌ တပြိုင်နက် ခစားကြသော သူများဟု မယူမမှတ်ပဲ အလှည့်ကျအားဖြင့် အသီးအသီး တလှည့်စီ တလှည့်စီ ခစားကြရန် သတ်မှတ်ထားသော ရွေရံတော်တို့ကို စုပေါင်းပြဆိုခြင်း ဖြစ်သည်ဟု မှတ်ယူသင့်ပေသည်။)

၃၃၆

     ဝဋံသိကာ မိဖုရားကြီးမှ အနုပမမည်သော သားတော်ကို ဖွားမြင်သောအခါ သူအို, သူနာ, သူသေ, ရဟန်း တည်းဟူသော နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူ၍ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း နတ်တို့ဆင်ယင်ပေးအပ်သော အဆင်တန်ဆာဖြင့် ဆင်ယာဉ်ကိုစီးကာ တောထွက်၍ ရဟန်းပြုတော်မူ၏။ ဤသို့ အလောင်းတော် သုမနမင်းသား တောထွက်တော်မူ၍ ရဟန်းပြုသည်ကို ကုဋေသုံးဆယ်မျှသော လူတို့သည်လည်း အတုလိုက်၍ ရဟန်းပြုကြကုန်၏။

     ထိုသုမနမြတ်စွာဘုရား အလောင်းတော်သည် ကုဋေသုံးဆယ်မျှသော ရဟန်းတို့နှင့်တကွ ဆယ်လပတ်လုံး ဒုက္ကရစရိယာခေါ် ပြုနိုင်ခဲသောအကျင့်ကို ကျင့်တော်မူ၍ ကဆုန်လပြည့်နေ့၌ အနောမနိဂုံးနေ အနောမသူဌေးသမီးဖြစ်သူ အနုပမာလှူအပ်သော ဃနာနို့ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူပြီးလျှင် ထိုအရပ်ရှိ အင်ကြင်းတောအတွင်း၌ နေ့သန့် (နေခို)တော်မူ၍ ညနေချမ်းအချိန်သို့ ရောက်သောအခါ အခြံအရံ အပေါင်းကို စွန့်ခွာခဲ့ပြီးမှ မဟာဗောဓိပင်ရှိရာ အရပ်သို့ တပါးတည်း ကြွတော်မူရာ လမ်းခရီး၌ အနုပမမည်သော တက္ကတွန်းသည် လှူအပ်သော မြက်ရှစ်ဆုပ်တို့ကို ခံတော်မူခဲ့၍ (ကံ့ကော်) ဗောဓိပင်အရင်း၌ ဖြန့်ခင်းလိုက်သည်နှင့် တပြိုင်နက် အတောင်သုံးဆယ်ရှိသော အပရာဇိတပလ္လင်တော် ပေါ်ပေါက်၍ လာလေသည်။

     ထိုအပရာဇိတ ပလ္လင်တော်ထက်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူပြီးနောက် (ရှေး မင်္ဂလဗုဒ္ဓဝင်၌ ဆိုအပ်ပြီးသည့်အတိုင်း) မာရ်စစ်သည်ဗိုလ်ပါကို မှုတ်လွှင့်၍ သဗ္ဗညုတဉာဏ်ကို ရရှိတော်မူကာ သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား ဘုရားအဖြစ်သို့ ရောက်တော်မူ၍ “အနေကဇာတိသံသာရံ” အစရှိသော ဘုရားတိုင်း မစွန့်အပ်သည့် ဥဒါန်းကို ရင့်ကျူးတော်မူလေသည်။

တရားပွဲကြီး သုံးကြိမ်

     သုမနမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိပင်၏ အနီးမှာပင် သတ္တသတ္တာဟ= (လေးဆယ့်ကိုးရက်)



၃၃၇

စံနေတော်မူပြီးလျှင် တရားဟောရန် ဗြဟ္မာမင်း၏ တောင်းပန်ခြင်းကို လက်ခံတော်မူပြီး၍ “ငါသည် အဘယ်သူအား ရှေးဦးစွာ တရားတော်ကို ဟောရပါအံ့နည်း”ဟု ဆင်ခြင်တော်မူသည်ရှိသော် ကိုယ်တော်မြတ်နှင့် အတူတကွ ရဟန်းပြုကြသည့် ကုဋေသုံးဆယ်သော ရဟန်းတို့ကို၎င်း မဂ်ဖိုလ်နိဗ္ဗာန်ကို ရဖို့ရန်အကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံကြသည့် ကိုယ်တော်မြတ်နှင့် မိကွဲဖတူဖြစ်သည့် ညီတော် သရဏမင်းသားနှင့် ပုရောဟိတ်သား ဘာဝိတတ္တလုင်တို့ကို၎င်း မြင်တော်မူလျှင် “ထိုသူတို့အား ရှေးဦးစွာ တရားဟောအံ့”ဟု ဆင်ခြင် ကြံစည်တော်မူ၍ “ယခုအခါ ထိုရဟန်းတို့သည် အဘယ်အရပ်၌ နေကုန်သနည်း”ဟု ကြည့်ရှု ဆင်ခြင်တော်မူပြန်သော် မဟာဗောဓိပင်မှ တဆယ့်ရှစ်ယူဇနာ ဝေးကွာသော မေခလမြို့ မေခလဥယျာဉ်၌ နေကြကုန်၏ဟု မြင်တော်မူသဖြင့် သပိတ်သင်္ကန်းတို့ကို ယူဆောင်တော်မူ၍ ထိုရဟန်းတို့၏နေရာ မေခလဥယျာဉ်သို့ ကောင်းကင်ခရီးဖြင့် ခဏခြင်း ကြွသွားတော်မူ၏။

     ထိုအခါ ကုဋေသုံးဆယ်သော ရဟန်းတို့သည် သုမနမြတ်စွာဘုရား ကြွလာတော်မူသည်ကို မြင်ကြ၍ ကြည်ညိုလှသောစိတ်ဖြင့် မြတ်စွာဘုရားကို ခရီးဦးကြိုဆိုခြင်း သပိတ်သင်္ကန်းတော်ကို လှမ်းယူခြင်း နေရာတော်ကို ခင်းကျင်းခြင်း အရိုအသေ ရှိခိုး တ်ပြုခြင်းတို့နှင့် ပြည့်စုံစေကြပြီး မြတ်စွာဘုရားကို ခြံရံလျက် သင့်တင့်လျောက်ပတ်ရာက နေကြကုန်၏။

     ထိုအခါ သုမနမြတ်စွာဘုရားသည် ဥယျာဉ်မှူးကို စေခိုင်းကာ ညီတော် သရဏမင်းသားနှင့် ပုရောဟိတ်သား ဘာဝိတတ္တလုင်တို့ကို ခေါ်စေပြီးလျှင် သုံးဆယ့်ခုနစ်ကုဋေသော အခြံအရံတို့နှင့်တကွ ထို သရဏမင်းသား ဘာဝိတတ္တလုင်တို့အား၎င်း၊ ကိုယ်တော်မြတ်နှင့် အတူတကွ ရဟန်းပြုဖော် ကုဋေသုံးဆယ်သော ရဟန်းတော်တို့အား၎င်း၊ ထိုမှတပါး ကုဋေပေါင်းများစွာသော လူနတ်တို့အား၎င်း အစုစု ကုဋေ တသိန်းသော လူနတ်ဗြဟ္မာတို့အား



၃၃၈

ရှေးဘုရားတို့ ဟောကြားတော်မူမြဲဖြစ်သော ဓမ္မစက္ကပဝတ္တနသုတ် ဒေသနာတော်ကို ဟောကြားတော်မူပြီးလျှင် သစ္စာလေးပါး တရားခရုသင်းနှင့် ကောင်းစွာယှဉ်တွဲသော အင်္ဂါကိုးပါးနှင့်ပြည့်စုံသည့် မြတ်စွာဘုရား သာသနာတော်တည်းဟူသော အမြိုက်စည်ကြီးကို တီးခတ်တော်မူလေသည်။

     အထူးဖော်ပြရန်မှာ.. သုမနမြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ်ကို ရတော်မူပြီးခါ ဗြဟ္မာမင်း တောင်းပန်သည်ကို ဝန်ခံတော်မူခဲ့ရင်းအတိုင်း ကျင့်ဆောင်တော်မူလိုရကား လူနတ်ဗြဟ္မာ သတ္တဝါ ဝေနေယျတို့ကို ဘဝတည်းဟူသော ၀ဋ်နှောင်မှ ကွင်းရှောင် လွတ်မြောက်စေလိုသဖြင့် ကုသိုလ်တရားတည်းဟူသော ရတနာမျိုးတို့ကို ကိလေသာခိုးသားတို့ ခိုးဝှက်တိုက်ဖျက် အလုအယက်ခံနေရသည့် ဝေနေယျတို့ကို ကယ်မ စောင့်ရှောက်တော်မူခြင်းငှာ သီလတည်းဟူသော မြို့ရိုးပရိဏ်း တံတိုင်းအကာကို ကောင်းစွာကာလျက် သမာဓိတည်းဟူသော ကျူးမြောင်းပတ်ခြံ ထက်ဝန်းကျင် ရံပြီးလျှင် ဝိပဿနာဉာဏ်တည်းဟူသော တံခါး၊ သတိသမ္ပဇဉ်တရားတည်းဟူသော တံခါးရွက် တံခါးချပ်၊ သမာပတ်တည်းဟူသော မဏ္ဍပ်ဘုံဆောင် စသည်တို့ဖြင့် တင့်တယ်စွာ တန်းဆာဆင်ခြင်း ရှိသည်ဖြစ်၍ ဗောဓိပက္ခိယ တရားအစုတည်းဟူသော လူရည်သန့်တို့ဖြင့်ပြွမ်းသည့် အမြိုက်နိဗ္ဗာန်တည်းဟူသော နန်းမြို့တော်ကြီးကို ဖန်တီး တည်ဆောက်တော်မူလေသည်။

     သုမနမြတ်စွာဘုရားသည် နိဗ္ဗာန်နန်းမြို့တော်ကြီး ဖန်တီးတည်ဆောက်တော်မူပြီးနောက် ထိုနန်းမြို့တော်ကြီးအတွင်း၌ ပြတ်တောက်ပျက်စီးခြင်း အလျဉ်းမရှိ ပကတိဖြောင့်မတ်၍ သပ်ယပ်တင့်တယ် ပြန့်ကျယ်ရှည်လျား သတိပဋ္ဌာန်လေးပါး တရားလမ်းမကို လှလှကြီး ခင်းတော်မူပြီးလျှင် ထိုလမ်းမ၏ ဝဲယာနံပါးနှစ်ဖက်တို့၌ ဖိုလ်လေးပါး ပဋိသမ္ဘိဒါဉာဏ်လေးပါး အဘိညာဉ်ခြောက်ပါး သမာပတ်ရှစ်ပါးဟု ဆိုအပ်ကုန်သော အဖိုးတန်များစွာ ရတနာပစ္စည်းတို့ကို အလိုရှိသူတို့ သတိ ဝီရိယ ဟိရိဩတ္တပ္ပ



၃၃၉

အရင်းအနှီးတို့ဖြင့် အားရနှစ်သက်စွာ ဝယ်ယူသုံးစွဲနိုင်ကြစေရန် တရားတည်းဟူသော အိမ်ဈေးတန်းကြီးကို အေးချမ်းသာယာစွာ ခင်းကျင်း ဖွင့်ဖြန့်ထားတော်မူ၏။

     ယင်းသို့လျှင် သုမနမြတ်စွာဘုရားသည် တရားမြို့တော်ကြီးကို ဖန်တီးတည်ဆောက်၍ တရားဈေးကြီးကို ဖြန့်ခင်းလျက် တရားစည်ကြီးကို ရိုက်တီး ရွမ်းဆော်ခြင်းတည်းဟူသော ဓမ္မစက္ကပဝတ္တနဒေသနာ ရှေးဦးစွာသော တရားပွဲကြီးဖြင့်ပင် ကုဋေတသိန်း အရေအတွက်ရှိသော လူနတ်ဗြဟ္မာတို့အား အကျွတ်တရား ပေးသနားတော်မူလေသည်။

(ဤကား ရှေးဦးအစ (ဓမ္မာဘိသမယ) ပဌမ တရားပွဲကြီးတည်း။)

     အခါတပါးဝယ် သုမနမြတ်စွာဘုရားသည် သုနန္ဒဝတီမြို့တွင် သရက်ပင်၏အနီး၌ တိတ္ထိတို့၏ ယစ်မူးထကြွ ထောင်လွှားကြသော မိစ္ဆာမာန်ကို ချိုးနှိမ်တော်မူခြင်းငှါ လွန်စွာဆန်းကြယ် အံ့ဩဖွယ်ကောင်းလှသော ရေမီးအစုံအစုံ တန်းခိုးပြာဋိဟာကို ပြတော်မူလျက် လူနတ်ဗြဟ္မာ သတ္တဝါတို့အား တရားတည်းဟူသော အမြိုက်ဆေးကို တိုက်ကျွေးတော်မူ၏။ ထိုအခါ ကုဋေတသိန်းမျှသော သတ္တဝါတို့သည် သစ္စာလေးပါးတရားထူးကို သိမြင်ကြရကုန်၏။

(ဤကား (ဒုတိယဓမ္မာဘိသမယ) ဒုတိယတရားပွဲကြီးတည်း။)

     အခါတပါးဝယ် စကြဝဠာပေါင်း တိုက်တသောင်းမှ လာကြကုန်သော နတ်ဗြဟ္မာတို့နှင့် ဤစကြဝဠာနေ လူနတ်ဗြဟ္မာတို့သည် စည်းဝေးမိကြ၍ နိရောဓသမာပတ်နှင့် စပ်လျဉ်းသောစကားကို ဖြစ်ပွါးစေကြကုန်သည်၊ “နိရောဓသမာပတ်ကို အဘယ်သို့ ဝင်စားကြသနည်း၊ အဘယ်သို့လျှင် နိရောဓသို့ ရောက်သောသူ (နိရောဓသမာပတ် ဝင်စားနေသူ) ဖြစ်ကြသနည်း၊ နိရောဓသမာပတ်မှ အဘယ်သို့ ထကြသနည်း” ဤသို့ အစရှိသည်ဖြင့် နိရောဓသမာပတ်နှင့် စပ်လျဉ်းသော အချက်အလက် အကြောင်းအရာတို့၌ ဆုံးဖြတ်ခြင်းငှါ မစွမ်းနိုင်ကုန်ရကား လူရောနတ်ပါ



၃၄၀

ရူပါဝစရဗြဟ္မာ (၉)ဘုံတိုင်အောင် သတ္တဝါတို့သည် သံသယရှိကြ၍ နှစ်ပက္ခ ကွဲပြားကြပြီးနောက် လူတို့၏ သမ္မုတိနတ်ဖြစ်သော အရိန္ဒမမင်းနှင့်တကွ ညချမ်းအခါဝယ် လောကသုံးပါး၏ ကိုးစားရာ သုမနမြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကြပြီးလျှင် အရိန္ဒမမင်းသည် ထိုဆိုအပ်ခဲ့ပြီးသော နိရောဓသမာပတ် ပြဿနာပုစ္ဆာကို မေးမြန်း လျှောက်ထားသည်တွင် သုမနမြတ်စွာဘုရားသည် ထို ပြဿနာပုစ္ဆာအရ ဓမ္မဒေသနာ ကောင်းစွာဖြေရှင်း ဟောကြားတော်မူခြင်းဖြင့် ကုဋေကိုးသောင်းကုန်သော လူနတ်ဗြဟ္မာ သတ္တဝါတို့ သစ္စာလေးပါးတရားကို သိမြင်ကြကုန်သည်။

(ဤကား (တတိယဓမ္မာဘိသမယ) သုံးကြိမ်မြောက် တရားပွဲကြီးတည်း။)

**********

သာဝကအစည်းအဝေးကြီး သုံးကြိမ်

ပဌမသန္နိပါတ

     သုမနမြတ်စွာဘုရား၏ သာဝကသန္နိပါတ= (သာဝက အစည်းအဝေးကြီးများကား သုံးကြိမ်ဖြစ်ကုန်၏။ ထို အစည်းအဝေးကြီး သုံးကြိမ်တို့တွင် ပဌမအစည်းအဝေး၌ သုမနမြတ်စွာဘုရားသည် မေခလမြို့ကို အမှီပြု၍ ဝါကပ်တော်မူပြီးလျှင် ဝါကျွတ်သောအခါ သီတင်းကျွတ်လပြည့် ပဌမ ပဝါရဏာနေ့၌ အလုံးစုံ ဧဟိဘိက္ခုရဟန်းချည်း ဖြစ်ကြသော ရဟန္တာပေါင်း ကုဋေတသိန်းတို့နှင့်တကွ ပဝါရဏာပြုတော်မူသည်။

(ဤကား ရှေးဦးစွာသော သာဝကအစည်းအဝေးကြီးတည်း။)

ဒုတိယသန္နိပါတ

     ထို့နောက် အခါတပါးဝယ် သင်္ကဿမြို့၏ မနီးမဝေးသော အရပ်တွင် အရိန္ဒမမင်း၏ ကုသိုလ်အာနုဘော်ကြောင့် ရွှေလှော်ပကတိ တယူဇနာ အတိုင်းအရှည်ရှိသော ရွှေတောင်ထက်၌ သီတင်းသုံး နေတော်မူသောအခါ အရိန္ဒမမင်းကို ခြံရံ၍လာကုန်သော မင်းယောက်ျားပေါင်း ကုဋေကိုးသောင်းတို့ကို



၃၄၁

ကောင်းမြတ်သောတရားဖြင့် ဟောကြားပြသ ဆုံးမတော်မူ၍ ဧဟိဘိက္ခု ရဟန်းတော်ချည်း ဖြစ်စေပြီးလျှင် ထိုနေ့တွင်ပင် အရဟတ္တဖိုလ်သို့ ရောက်ကြကုန်သော ရဟန်းအပေါင်းခြံရံလျက် အင်္ဂါလေးပါးနှင့် ပြည့်စုံသော အစည်းအဝေး၌ ပါတိမောက်ကို ပြတော်မူသည်။

(ဤ၌ အင်္ဂါလေးပါးကို အဋ္ဌကထာ၌ ထုတ်ဖော်၍ မပြသော်လည်း (မ- ဋ္ဌ ၃၊ မျက်နှာ ၁၄၆၊ ဒီဃနခသုတ် အဖွင့်၌ လာသည့်အတိုင်း (၁) တပို့တွဲလပြည့်နေ့ဖြစ်ခြင်း၊ (၂) တစုံတယောက်ကမှ ပင့်ဖိတ်အပ်သည်မဟုတ်ပဲ၊ မိမိဓမ္မတာဖြင့် စည်းဝေးသော ရဟန်းတော် ပရိသတ်ဖြစ်ခြင်း၊ (၃) ထိုရဟန်းတို့မှာလည်း အဘိညာဉ်ခြောက်ပါးနှင့် ပြည့်စုံသည့် ရဟန္တာချည်း ဖြစ်ခြင်း၊ (၄) အလုံးစုံ ဧဟိဘိက္ခု ရဟန်းချည်းဖြစ်ခြင်း ဤင်္ဂါလေးပါးကို မှတ်ယူရာ၏။)

(ဤကား ဒုတိယ သာဝကအစည်းအဝေးကြီးတည်း။)

တတိယသန္နိပါတ

     ထို့နောက် အခါတပါးဝယ် သိကြားနတ်မင်းသည် သုမနမြတ်စွာဘုရားကို ဖူးမြော်ခြင်းငှါ ဆည်းကပ်လာ၏၊ ထိုအခါ၌ ကုဋေရှစ်သောင်း ရဟန္တာပေါင်း ခြံရံလျက် သုမနမြတ်စွာဘုရားသည် ပါတိမောက် ပြတော်မူ၏။

(ဤကား တတိယ သာဝကအစည်းအဝေးကြီးတည်း။)

**********

ဂေါတမ မြတ်စွာဘုရားအလောင်း နဂါးမင်းဖြစ်၍ ဗျာဒိတ်ခံခြင်း

     ထိုသုမန မြတ်စွာဘုရား၏ လက်ထက်တော်အခါတွင် ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် တန်းခိုးအာနုဘော်ကြီးသော အတုလနဂါးမင်း ဖြစ်တော်မူ၍ “လောကသုံးပါး၌ ဘုရားပွင့်တော်မူပြီ”ဟု ကြားသိသဖြင့် ဆွေမျိုးအပေါင်း ခြံရံလျက် မိမိနေရာ နဂါးဘုံဗိမာန်မှ ထွက်ခဲ့၍ ရဟန်းအပေါင်း ကုဋေတသိန်း



၃၄၂

အခြံအရံရှိသော သုမနမြတ်စွာဘုရားအား နတ်၌ဖြစ်သော တီးမျိုး မှုတ်မျိုး တူရိယာမျိုးတို့ဖြင့် ပူဇော်သက္ကာရပြု၍ ဆွမ်းအဖျော်အလှူဟု ဆိုအပ်သော အလှူကြီးကို ပေးလှူပြီးနောက် ရဟန်းတော် တပါးတပါး တစုံစာ တစုံစာစီသော သင်္ကန်းလျာပုဆိုးတို့ကို လှူဒါန်း၍ သရဏဂုံတို့၌ တည်လေသည်။

     သုမနမြတ်စွာဘုရားသည်လည်း ထိုအတုလနဂါးမင်းကို “ဤနဂါးမင်းသည် နောင်သောအခါ၌ ဂေါတမမြတ်စွာဘုရား ဖြစ်လတ္တံ့”ဟု အကျယ်တဝင့်ပင် ဗျာဒိတ်စကား မိန့်ကြားတော်မူလေသည်။

(ဗျာဒိတ်ကြားတော်မူပုံမှာ ဒီပင်္ကရာမြတ်စွာဘုရား ဗျာဒိတ် ကြားတော်မူသကဲ့သို့ အပြည့်အစုံပင် ဖြစ်သည်။)

     သုမနမြတ်စွာဘုရား၏ဗျာဒိတ်စကားကိုကြားရလျှင် အလောင်းတော် အတုလနဂါးမင်းသည် အတိုင်းထက်အလွန် မိမိစိတ်ကို ကြည်လင်စေ၍ ဆယ်ပါးသော ပါရမီတော်တို့ကို တိုးတက်ဖြည့်ကျင့်ရန် မြဲမြံစွာ ဆောက်တည်တော်မူလေသည်။

မြို့တော်စသည်ကို ပြဆိုချက်

     သုမနမြတ်စွာဘုရား၏ ဖွားတော်မူရာ မြို့တော်မှာ မေခလမြို့တော် ဖြစ်၏။

     ခမည်းတော်မှာ သုဒတ္တမင်းကြီးဖြစ်၍ မယ်တော်မှာ သိရိမာမိဖုရားကြီး ဖြစ်သည်။

     ထီးနန်းစိုးအုပ် မင်းပြုလုပ်သော နှစ်ပေါင်းမှာ အနှစ်ကိုးထောင်ဖြစ်၍ စံနန်းတော် သုံးဆောင်မှာ စန္ဒပြာသာဒ်, သုစန္ဒပြာသာဒ်, ဝဋံသပြာသာဒ်တို့ ဖြစ်လေသည်။

     အဂ္ဂဒေဝီ မဟေသီမိဖုရားမှာ ခြောက်သန်း သုံးသိန်းသော ရံရွေတော် အခြံအရံရှိသည့် ဝဋံသိကာ မိဖုရားကြီးဖြစ်၍ သားတော်မှာ အနုပမမင်းသား ဖြစ်လေသည်။



၃၄၃

     အဂ္ဂသာဝကအစုံတို့မှာ သရဏမထေရ်, ဘာဝိတတ္တမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ ဥဒေနမထေရ် ဖြစ်လေသည်။

     အဂ္ဂသာဝိကာအစုံမှာ သောဏာထရီမနှင့် ဥပသောဏာထေရီမတို့ ဖြစ်ကြ၍ ပွင့်တော်မူရာ ဗောဓိပင်ကား ကံ့ကော်ပင်ဗောဓိ ဖြစ်၏။

မြတ်သော အလုပ်အကျွေး ဒါယကာတို့မှာ ဝရုဏသူဌေးနှင့် သရဏသူဌေးတို့ ဖြစ်ကြ၍ မြတ်သော အလုပ်အကျွေး ဒါယိကာမတို့မှာ စာလာနှင့် ဥပစာလာတို့ ဖြစ်ကြကုန်၏။

     သုမနမြတ်စွာဘုရား၏ အရပ်တော်မှာ အတောင်ကိုးဆယ် မြင့်တော်မူ၏။ ပူဇော်ဖွယ်ရာ စီမံထားသည့် ရွှေတိုင်ကြီးနှင့် တူတော်မူ၍ လောကဓာတ် စကြဝဠာပေါင်း တသောင်းကို ထွန်းလင်းတောက်ပသော ကိုယ်တော်ရောင်ဖြင့် တင့်တယ်တော်မူပေ၏။

     ထိုသုမနမြတ်စွာဘုရား ပွင့်တော်မူရာ အသက်တမ်းမှာ အနှစ် (၉၀၀၀၀) ကိုးသောင်းတမ်းဖြစ်၍ ထိုမျှလောက်သော ကာလပတ်လုံး တည်နေတော်မူလျက် များစွာသော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို သံသရာရေအယဉ်မှ နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်သို့ ထုတ်ဆယ် ကယ်တင်တော်မူခဲ့၏။

     မဟဏ္ဏဝါ သံသရာအတွင်းမှ ကူးမြောက် ကျွတ်လွတ်ထိုက်သော သူတို့ကို ကူးမြောက် ကျွတ်လွတ်စေတော်မူ၍ သစ္စာလေးပါးတရားကို သိထိုက်သော သူတို့ကိုလည်း သိစေတော်မူပြီးလျှင် လမင်းကြီး ကွယ်ဝင်သွားသကဲ့သို့ သုမ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်းတော်မူခဲ့လေပြီ။

     အာသဝေါကုန်ခန်း ရဟန္တာဖြစ်တော်မူကြသည့် ထိုအရှင်မြတ်တို့သည်၎င်း လောကသုံးပါး၌ အတုမရှိသော ထိုသုမန မြတ်စွာဘုရားသည်၎င်း အတုမရှိသော တရားအရောင်အလင်းကြီးကို ထွန်းလင်းတောက်ပစေတော်မူကြ၍ များမြတ်သော ကျော်စောခြင်း ဂုဏ်သတင်း ရှိတော်မူကြသည့်



၃၄၄

သုမနမြတ်စွာဘုရားနှင့်တကွ သာဝကများစွာ ရဟန္တာအရှင်မြတ်တို့သည် ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်းတော်မူကြကုန်ပြီ။

သံဝေဂ

ထိုသုမန မြတ်စွာဘုရား၏ အတုမရှိသော သဗ္ဗညုတ ရွှေဉာဏ်တော်မြတ်သည်၎င်း၊ ဖိုလ်လေးပါး ပဋိသမ္ဘိဒါဉာဏ်လေးပါး အစရှိသည့် အတုမရှိသော တရားရတနာတို့သည်၎င်း၊ ထိုအလုံးစုံသည် ချုပ်ဆုံးကွယ်ပျောက်ခဲ့လေပြီ.. ခပ်သိမ်းသော သင်္ခါရတရားတို့သည် မြဲခိုင်သောအနှစ်မရှိ အချည်းနှီးသာ ဖြစ်ကုန်စွာ့တကား..။

စေတီတော် တည်ထားခြင်း

     ဤသို့လျှင် သစ္စာလေးပါးတရားတို့ကို အကြွင်းမရှိ သိမြင်တော်မူကာ လွန်စွာ ကျော်စောခြင်းကို ဆောင်တော်မူသော သုမနမြတ်စွာဘုရားသည် အင်္ဂအမည်ရှိသော ဥယျာဉ်ကြီး၌ ပရိနိဗ္ဗာန် စံလွန်တော်မူ၏၊ ထို ဥယျာဉ်ကြီးအတွင်း၌ပင် ဆေးဒန်း မြင်းသီလာတို့ကို မြေညက် (အင်းကတေမှုန့်)၊ ဆီထောပတ်တို့ကို ရေ-ပြုလုပ်လျက် သုမနမြတ်စွာဘုရား၏ စေတီတော်ကို တည်ထားကြရာ အမြင့်ယူဇနာ (၄) လေးယူဇနာရှိ၏။

     သက်တော်ရှည်ကြသော မြတ်စွာဘုရားတို့၏ ထုံးတမ်းစဉ်လာ ဓမ္မတာအရ အစိတ်အစိတ်မကွဲ တခဲတည်း တစုတည်း တည်ရှိသော အသမ္ဘိန္နဓာတ်တော်တို့သည် ရွှေဆင်းတုကဲ့သို့ တည်တော်မူကြ၏။ ထိုအသမ္ဘိန္နဓာတ်တော်ကို စေတီတော်အတွင်း ဌာပနာသွင်းကြကုန်၍ ဇမ္ဗူဒိပ်ကျွန်း၌ နေကုန်သူ လူအလုံးတို့သည် ရတနာခုနစ်ပါးတို့ဖြင့် မွမ်းမံချယ်လယ်ကာ စေတီတော်ကြီးကို ပြီးဆုံးစေကြကုန်၏။

သုမနဗုဒ္ဓဝင် ပြီး၏။

**********