သုဇာတဇာတ် -၃

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၃၅၂။ သုဇာတဇာတ်


ပဉ္စကနိပါတ် - မဏိကုဏ္ဍလဝဂ်

၂။ သုဇာတဇာတ်

သားလိမ္မာကြောင့် အဖချမ်းသာ

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကိံ နု သန္တရမာနောဝ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုဇာတဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အသော သူကြွယ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုသူကြွယ်သည် အဘသေလွန်လတ်သော် သောကကို ဖျောက်အံ့သောငှာ မတတ်နိုင်သဖြင့် ငိုကြွေးလျက် သွားသတတ်။ သဗ္ဗညူမြတ်ဘုရားသည် ထိုသူကြွယ်၏ သောတာပတ္တိဖိုလ်၏ ဥပနိဿကို မြင်တော်မူ၍ သာဝတ္ထိပြည်သို့ ဆွမ်းခံကြွတော်မူ၍ ခင်းအပ်သောနေရာ၌ နေတော်မူလျက် ရှိခိုး၍နေသော ထိုသူကြွယ်ကို ရတနာသုံးပါးသို့ ဆည်းကပ်တတ်သော ဒါယကာ-သင် စိုးရိမ်သလော ဟု မိန့်တော်မူ၍ ဘုန်းတော်ကြီးအရှင်ဘုရား... စိုးရိမ်၏ ဟု နားတော်လျှောက်သည်ရှိသော် ဒါယကာ... ရှေးပညာရှိတို့သည် ပညာရှိတို့၏ စကားကိုကြားရ၍ အဘသေလွန်သည်ရှိသော် မစိုးရိမ်ကုန်ဟု မိန့်တော်မူ၍ ထိုသူကြွယ်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို အောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သူကြွယ်အိမ်၌ ဖြစ်၏။ ဘုရားလောင်းအား သုဇာတ သတို့သား ဟူသော အမည်ကို မှည့်ကုန်၏။ သူဇာတသည် အရွယ် ရောက်လတ်သော် အဘိုးသည် သေလွန်၏။ ထိုအခါ သုဇာတ၏ အဖသည် အဖသေလွန်သော ကာလမှစ၍ သောကသည် နှိပ်စက်အပ်သည်ဖြစ်၍ သုသာန်မှ အရိုးတို့ကို ဆောင်၍ မိမိဥယျာဉ်၌ မြေစေတီတည်၍ ထိုးမြေစေတီ၌ ထိုအရိုးတို့ကိုမြှုပ်၍ ရောက်တိုင်း ရောက်တိုင်းသောအခါ၌ စေတီကို ပန်းတို့ဖြင့် ပူဇော်၍ ဆင်ခြင်လျက် ငို၏။ ရေမချိုး၊ မလိမ်းမကျွံ၊ မစားမသောက်၊ အမှုတို့ကို မစီရင်။

သောကကို ဖျောက်ခြင်း

ဘုရားလောင်းသည် ထိုအဘကိုမြင်၍ ငါ့အဖသည် ငါအဘိုးသေသော ကာလမှစ၍ သောကနှိပ်စက်လျက် သွား၏။ ငါ့ကိုထား၍ ငါမှတစ်ပါး ငါအဖကြိ သိစိမ့်သောငှာ စွမ်းနိုင်သောသူသည် မရှိ၊ ငါသည် ငါ့အဖကို တခုသော ဥပါယ်ဖြင့် သောကကင်းအောင် ပြုအံ့ဟု ရွာပ၌ နွားသေကိုမြင်၍ မြက်ကိုလည်းကေခင်း, ရေကိုလည်းကောင်း ဆောင်၍ ထိုနွားသေ၏ ရှေ့၌ထား၍ စားလော့၊ သောက်လော့ဟု ဆို၏။ လာတိုင်း လာတိုင်းသော သူတို့သည် ထိုဘုရားလောင်းကိုမြင်၍ အချင်း သုဇာတ သင်သည် နွားသေအား မြက် ရေကို ပေး၏။ အဘယ့်ကြောင့် ရူးသနည်း ဟု ဆိုကုန်၏။ သုဇာတသည် တစ်စုံတစ်ခုသော စကားကို မဆို။ ထိုအခါ သုဇာတ၏ အဘအထံသို့သွား၍ သင့်သားသည် ရူး၏။ နွားသေအား မြက်၊ ရေကို ပေး၏ဟု ဆိုကုန်၏။ ထိုစကားကိုကြား၍ သူကြွယ်အား အဖ၌ စိုးရိမ်ခြင်းသည် ပြေ၍ သား၌ စိုးရိမ်ခြင်းသည် တည်၏။ သူကြွယ်သည် လျင်မြန်စွာသွား၍ သုဇာတ သင်သည် ပညာရှိမဟုတ်လော၊ အဘယ်ကြောင့် နွားသေအား မြက် ရေကို ပေးသနည်းဟု ဆိုလို၍-

။ ကိံ နု သန္တရမာနောဝ၊ လာယိတာ ဟရိတံ တိဏံ။
ခါဒ ခါဒတိ လပသိ၊ ဂတသန္တံ ဇရဂ္ဂဝံ။
။ န ဟိ အန္နေန ပါနေန၊ မတော ဂေါဏော သမုဋ္ဌဟေ။
တွဉ္စ တုစ္ဆံ ဝိလပသိ၊ ယထာ တံ ဒုမ္မတီ တထာ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၆။ သုဇာတ၊ သုဇာတ တွံ၊ သင်သည်။ ဂတသန္တံ၊ သေပြီးသော။ ဇရဂ္ဂဝံ၊ နွားအိုကို။ သန္တရမာနောဝ၊ အဆောတလျင်ကဲ့သို့ ဖြစ်၍။ ဟရိတံ၊ စိမ်းသော။ တိဏံ၊ မြက်ကို။ လာယိတွာ၊ ရိတ်၍။ ခါဒ ခါဒတိ၊ စားလော့ စားလော့ ဟူ၍။ ကိံ နု လပသိ၊ အဘယ်ကြောင့်ဆိုသုနည်း။

၇။ အန္နေန၊ အစာပေးသဖြင့် လည်းကောင်း။ ပါနေန၊ ရေပေးသဖြင့် လည်းကောင်း။ မတော ဂေါဏော၊ သေသည်။ န ဟိ သမုဋ္ဌဟေ၊ မထသလျှင်ကတည်း။ ဒုမ္မတီ၊ ပညာမရှိသောသူသည်။ တံ၊ ထိုစကားကို။ ဝိလပေယျ ယထာ၊ ဆိုရာသကဲ့သို့။ တာ၊ ထို့အတူ။ တွဉ္စ၊ သင်သည်လည်း။ တုစ္ဆံ၊ အချည်းနှီးသော စကားကို။ ဝိလပသိ၊ ဆို၏။

ထိုနောက်မှ ဘုရားလောင်းသည်-

။ တထေဝ တိဋ္ဌတိ သီသံ၊ ဟတ္ထပါဒါ စ ဝါဠဓိ၊
သော တာတ တထေဝ တိဋ္ဌတိ၊
မညေ ဂေါဏော သမုဋ္ဌဟေ။
။ နေဝယျကဿ သီသဉ္စ၊ ဟတ္ထပါဒါ စ ဒိဿရေ။
ရုဒံ မတ္တိကထူပသ္မိံ၊ နနု တွညေဝ ဒုမ္မတီ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၈။ တာတ၊ ဖခင်။ သီသံ၊ ဦးခေါင်းသည်။ တထေဝ၊ ထိုရှေးအတူ သာလျှင်။ တိဋ္ဌတိ၊ တည်၏။ ဟတ္ထပါဒါ စ၊ လက်ခြေတို့သည်လည်း။ တထေဝ၊ ထို့အတူသာလျှင်။ တိဋ္ဌန္တိ၊ တည်ကုန်၏။ ဝါဠဓိ၊ အမြီးသည်။ တထေဝ၊ ထိုရှေးအတူသာလျှင်။ တိဋ္ဌတိ၊ တည်၏။ သော ဂေါဏော၊ ထိုနွားသည်။ တထေဝ၊ ထို့အတူသာလျှင်။ တိဋ္ဌတိ၊ တည်၏။ တသ္မာ၊ ထို့ကြောင့် သော ဂေါဏော၊ ထိုနွားသည်။ သမုဋ္ဌဟေ၊ ထ, ရာ၏ဟူ၍။ မညေ၊ ငါ အောက်မေ့၏။

၉။ အယျကဿ၊ အဘိုး၏။ သီသဉ္စ၊ ဦးခေါင်းသည်လည်းကောင်း။ ဟတ္ထပါဒါ စ၊ လက်ခြေတို့သည်လည်းကောင်း။ နေဝ ဒိဿရ၊ မထင်ကုန်သလျှင်ကတည်း။ တသ္မာ၊ ထိုကြောင့်။ မတ္တိကထူပသ္မိံ၊ မြေစေတီ၌။ ရုဒံ၊ ငိုသော တွညေဝ၊ သင်သည်သာလျှင်။ ဒုမ္မတိ နနု၊ ပညာမရှိသည်မဟုတ်တုံလော။

ထိုစကားကိုကြား၍ ဘုရားလောင်း၏ အဘသည် ငါ့သားကား ပညာရှိ၏။ ပစ္စုပ္ပန်လောက တမလွန်လောက၌ ကိစ္စကို သိ၏။ ငါ့ကိုမှတ်စိမ့်သာငှာ ထိုအမှုကို ပြု၏ဟု ကြံ၍ အမောင် သုဇာတ သင်သည် ပညာရှိ၏။ ခပ်သိမ်းသော သင်္ခါရတို့သည် အမြဲမရှိကုန်ဟူ၍ ငါသည် မှတ်မိပြီ၊ ယနေ့မှစ၍ ငါသည် မစိုးရိမ်အံ့၊ အဖ၏ သောကကို ပယ်သော သားမည်သည်ကား သင်ကဲ့သို့ ဖြစ်ရာ၏ဟု ဆို၍ သားအား ချီးမွမ်းလိုရကား-

၁၀။ အာဒိတ္တံ ဝတ မံ သန္တံ၊ ဃတသိတ္တံဝ ပါဝကံ၊
ဝါရိနာ ဝိယ ဩသိဉ္စိ၊ သဗ္ဗံ နိဗ္ဗာပယေ ဒရံ။
၁၁။ အဗ္ဘူဠံ ဝတ မေ သလ္လံ၊ ယမာသိ ဟဒယဿိတံ။
ယော မေ သောကပရေတဿ၊ ပိတု သောကံ အပါနုဒိ။
၁၂။ သောဟံ အဗ္ဘူဠသလ္လောသ္မိ၊ ဝီတ သောကော အနာဝိလော။
န သောစာမိ န ရောဒါမိ၊ တဝ သုတွာန မာဏဝ။
၁၃။ ဧဝံ ကရောန္တိ သပ္ပညာ၊ ယေ ဟောန္တိ အနုကမ္ပကာ။
ဝိနိဝတ္တေန္တိ သောကမှာ၊ သုဇာတော ပိတရံ ယထာ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

၁၀။ ဃတသိတ္တံ၊ ထောပတ်ဖြင့် သွန်းအပ်သော။ ပါဝကံ၊ မီးကို။ ဝါရိနာ၊ ရေဖြင့်။ ဩသိဉ္စိ ဝိယ၊ သွန်းဘိသကဲ့သို့။ အာဒိတ္တံ၊ သောကမီးဖြင့် ပြောင်ပြောင် တောက်သည်။ သန္တံ၊ ဖြစ်သော။ မံ၊ ငါ့ကို။ (သုဇာတော၊ သုဇာတသည်။ ) နိဗ္ဗာပယေ ဝတ၊ ငြိမ်းလေစွတကား။ သဗ္ဗံ၊ အလုံးစုံသော ဒရံ၊ သောကကို။ နိဗ္ဗာပယေ၊ ငြိမ်းစေ၏။

၁၁။ ယော သုဇာတော၊ အကြင်သုဇာတသည်။ သောက ပရေတဿ၊ သောကနှိပ်စက်သော။ မေ၊ ငါ၏။ ပိတုသောကံ၊ အဖ၌ စိုးရိမ်ခြင်းကို။ အပါနုဒိ၊ ပယ်၏။ မေ၊ ငါ့အား ဟဒယဿိတံ၊ နှလုံး၌မှီသော။ ယံ သလ္လံ၊ အကြင်သောကငြောင့်သည်။ အာသိ၊ ဖြစ်၏။ တံ သလ္လံ၊ ထိုသောကငြောင့်ကို။ တေန သုဇာတေန၊ ထိုသုဇာတသည်။ ဝတ၊ စင်စစ်။ အဗ္ဘူဠံ၊ နုတ်အပ်၏။ မာဏဝ၊ လုလင်ငယ်။ တဝ၊ သင်၏။ ဝစနံ၊ စကားကို။ သုတွာန၊ ကြား၍လျှင်။ သွာဟံ၊ ထိုငါသည်။ အဗ္ဘူဠသလ္လော၊ နုတ်အပ်ပြီးသောငြောင့်ရှိသည်။ အသ္မိ၊ ဖြစ်၏။ ဝီတသောကော၊ စိုးရိမ်ခြင်းကင်း၏။ အနာဝိလော၊ စိတ်နောက်ခြင်းကင်း၏။ န သောစာမိ၊ မစိုးရိမ်။ န ရောဒါမိ၊ မငို။

၁၃။ သုဇာတော၊ သုဇာတသည်။ ပိတရံ၊ အဖကို။ သောကမှာ၊ စိုးရိမ်ခြင်းမှ နိဝတ္တေတိ ယထာ၊ နစ်စေသကဲ့သို့။ ဧဝံတထာ၊ ထို့အတူ။ အနုကမ္ပကာ၊ သနားတတ်ကုန်သော။ ယေ နရာ၊ အကြင်လူတို့သည်။ သပ္ပညာ၊ ပညာရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေ နရာ၊ ထိုသူတို့သည်။ ကရောန္တိ၊ ပြုကုန်၏။ ဓသာကမှာ၊ သောကမှ။ ဝိနိဝတ္တေန္တိ၊ နစ်စေကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာတော်ကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ သူကြွယ်သည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သုဇာတဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

စိုးရိမ်ပူပန်၊ မရှိရန်၊ မြင်မှန်လိုအပ်စွာ

နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သုဇာတဇာတ်သည် ပြီး၏။

*****