သီဟကောတ္ထုဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၁၈၈။ သီဟကောတ္ထုဇာတ် (၂-၄-၈)


ဒုကနိပါတ်-အသဒိသဝဂ်

၈။ သီဟကောတ္ထုဇာတ်

ခွေးခြင်္သေ့

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်သီဟင်္ဂုလီ သီဟနခေါ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသီဟကောတ္ထုဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကောကာလိကကို အကြောင်းပြု၍ ဟောတော်မူ၏။ တနေ့သ၌ ကောကာလိကသည် တပါးသော အကြား အမြင် များကုန်သော ရဟန်းတို့သည် တရားကိုဟောကုန်သည်ရှိသော် မိမိသည်လည်း ဟောလိုသတတ်၊ အလုံးစုံသော အကြောင်းကို အောက်၌ဆိုအပ်ပြီးသော နည်းဖြင့်သာလျှင် ချဲ့အပ်၏။ ( *အောက်အတိုင်းဟူသည်ကား ၂၂-ဒဒ္ဒရဇာတ်ပါအတိုင်းကို ဆိုလိုသည်။ ) အထူးကား ထိုအကြောင်းကို ကြားတော်မူ၍ မြတ်စွာဘုရားသည် ရဟန်းတို့ ကောကာလိကသည် ယခုအခါ၌သာလျှင် မိမိ၏အသံကြောင့် ထင်ရှားသည် မဟုတ်သေး၊ ရှေး၌လည်း ထင်ရှားသည်သာလျှင်ဖြစ်ဘူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုလတ်သော် ဘုရားလောင်းသည် ဟိမဝန္တာအရပ်၌ ခြင်္သေ့ဖြစ်၍ တခုသော မြေခွေးမနှင့်တကွ ပေါင်းဘော်ခြင်းကို စွဲ၍ သားကိုရ၏။ ထိုမြေခွေးမသားသည် လက်ချောင်း ခြေချောင်းတို့ဖြင့်၎င်း လက်သည်းခြေသည်းတို့ဖြင့်၎င်း မှင်ဆံအားဖြင့်၎င်း အဆင်းသဏ္ဌာန်အားဖြင့်၎င်း အဘနှင့်တူ၍ အသံသည်ကား အမိနှင့်တူ၏။ ထိုအခါ တနေ့သ၌ မိုဃ်းသည် ရွာ၍စဲသည်ရှိသော် ခြင်္သေ့တို့သည် ဟောက်ကုန်၍ ခြင်္သေ့တို့၏ မြူးထူးခြင်းကို မြူးထူးကုန်သည်ရှိသော် ထိုမြေခွေးမသား ခြင်္သေ့သည်လည်း ထိုခြင်္သေ့စစ်တို့၏အလယ်၌ ဟောက်လိုသည်ဖြစ်၍ မြေခွေးသံကို မြည်၏။ ထိုအခါ မြေခွေးမသား၏ မြေခွေးသံကို ကြားကုန်၍ ခြင်္သေ့တို့သည် ဆိတ်ဆိတ် နေကုန်၏။ ထိုမြေခွေးမသား၏အသံကိုကြား၍ တပါးသော ဘုရားလောင်း၏ ဇာတ်တူဖြစ်သော သားသည် ဘခင် ဤခြင်္သေ့သည် အဆင်းအစရှိသည်တို့ဖြင့် ကျွန်ုပ်တိုနှင့် တူ၏။ ထိုခြင်္သေ့၏အသံသည်တမူကား အကျွန်ုပ်တို့မှတပါးသော မြေခွေးသံနှင့် တူ၏။ ဤခြင်္သေ့သည် အဘယ်မည်သော ခြင်္သေ့ နည်းဟု မေးလိုရကား-

၇၅။ သီဟင်္ဂုလီ သီဟနခေါ၊ သီဟပါဒပတိဋ္ဌိတော။
သော သီဟော သီဟသံဃမှိ၊ ဧကော နဒတိ အညထာ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၇၅။ တာတ၊ ဘခင်။ အယံ သီဟော၊ ဤခြင်္သေ့သည်။ သီဟင်္ဂုလီ၊ ခြင်္သေ့တို့၏ ခြေချောင်းလက်ချောင်းတို့နှင့်တူသော ခြေချောင်းလက်ချောင်း ရှိ၏။ သီဟနခေါ၊ ခြင်္သေ့တို့၏ ခြေသည်းလက်သည်းနှင့်တူသော ခြေသည်း လက်သည်းရှိ၏။ သီဟပါဒပတိဋ္ဌိတော၊ ခြင်္သေ့တို့၏ ခြေတို့ဖြင့်သာလျှင် ရပ်၏။ သော သီဟော၊ ထိုခြသေ့သည်။ သီဟသံဃမှိ၊ ခြင်္သေ့အပေါင်း၌။ ဧကော၊ တစီးတည်း။ အညထာ၊ ခြင်္သေ့သံမှ တပါးသော မြေခွေးသံဖြင့်။ နဒတိ၊ မြည်၏။ ကော၊ အဘယ်ကြောင့်နည်း။

ထိုစကားကို ကြား၍ ဘုရားလောင်းသည် ချစ်သား ဤခြင်္သေ့သည် သင်၏ညီတည်း၊ မြေခွေးမ၏သားဖြစ်၍ အဆင်းအားဖြင့် ငါနှင့်တူ၏။ အသံအားဖြင့် အမိနှင့်တူ၏။ ဤသို့ဆိုပြီးသော် မြေခွေးမသားကိုခေါ်၍ ချစ်သား ဤနေ့မှစ၍ ဤအရပ်၌ နေသည်ရှိသော် နည်းသောအသံရှိသည်ဖြစ်၍ နေလော့၊ တဖန် အကယ်၍ မြည်ပြန်အံ့၊ မြေခွေး၏အဖြစ်ကို သိပြန်လတ္တံ့ဟု ဆုံးမလိုရကား-

၇၆။ မာ တွံ နဒိ ရာဇပုတ္တ၊ အပ္ပသဒ္ဒေါ ဝနေ ဝသ။
သရေန ခေါ တံ ဇာနေယျုံ၊ န ဟိ တေ ပေတ္တိကော သရော။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၇၆။ ရာဇပုတ္တ၊ ကေသရာဇာ ခြင်္သေ့မင်း၏သား။ တွံ၊ သည်သည်။ မာ နဒိ၊ မမြည်လင့်။ အပ္ပသဒ္ဒေါ၊ အသံမရှိသည်ဖြစ်၍။ ဝနေ၊ တော၌။ ဝသ၊ နေလော့။ သရေန၊ အသံအားဖြင့်။ တံ၊ သင့်ကို။ ခေါ၊ စင်စစ်။ ဇာနေယျုံ၊ မြေခွေးဟူ၍ သိကုန်ရာ၏။ ဟိ-သစ္စံ၊ မှန်၏။ တေ၊ သင်၏။ သရော၊ အသံသည်။ န ပေတ္တိကော၊ အဘဖြစ်သော ခြင်္သေ့မင်း၏ အသံနှင့်မတူ။

အဘဖြစ်သော ခြင်္သေ့မင်း၏ ဤသို့သော အဆုံးအမကို ကြား၍ တဖန် မြည်အံ့သောငှာ မဝံ့လေ။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ၌ ကောကာလိကသည် ထိုအခါ မြေခွေးမသား ဖြစ်ဘူးပြီ၊ ယခုအခါ ရာဟုလာသည် ထိုအခါ ခြင်္သေ့မင်းသား ဖြစ်ဘူးပြီ၊ ထိုမှတပါး ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ခြင်္သေ့မင်းဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

အသွင်သဏ္ဍာန်၊ တူမျှဟန်ကြောင့်၊ အမှန်ပြုကာ၊ မတုသာ၊ စိတ်မှာမြဲစွာရှု

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သီဟကောတ္ထုဇာတ်သည် ပြီး၏။

*****