သိရိဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၂၈၄။ သိရိဇာတ် (၃-၄-၄)


တိကနိပါတ်-အဗ္ဘန္တရဝဂ်

၄။ သိရိဇာတ်

ကြက်သရေ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သောသဗ္ဗညူ မြတ်စွာဘုရားသည် ယံ ဥဿုကာ သင်္ဃရန္တိ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသိရိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော ကြက်သရေကို ခိုးသော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူ၏။ ဤသိရိဇာတ်၌ ပစ္စုပ္ပန်ဝတ္ထုကို အောက် ခရာဒိရဇာတ်၌ ချဲ့အပ်သလျှင်ကတည်း၊ ယခုအခါ၌ကား ထိုအနာထပိဏ်သူဌေးအိမ်၌ လေးခုမြောက်ဖြစ်သော တံခါးမုခ်၌နေသော မိစ္ဆာဒိဋ္ဌိနတ်သည် ဒဏ်အမှုကိုပြုသောအားဖြင့် ငါးဆယ့်လေးကုဋေသော ရွှေတို့ကိုဆောင်၍ ကျီတို့၌ပြည့်စေ၍ သူဌေးနှင့်တကွ အဆွေခင်ပွန်းဖြစ်၏။ ထိုအခါ ထိုနတ်ကို သူဌေးသည် ခေါ်၍ မြတ်စွာဘုရားအထံသို့ ဆောင်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ထိုနတ်အား တရားဟောတော်မူ၏။ ထိုနတ်သည် တရားတော်ကို နာရ၍ သောတာပန် ဖြစ်၏။ ထိုအခါမှစ၍ အနာထပိဏ်သူဌေးအား ရှေး၌ကဲ့သို့ စည်းစိမ်သည် ဖြစ်၏။ ထိုအခါ သာဝတ္ထိပြည်၌နေသော ကြက်သရေလက္ခဏာကိုသိသော တယောက်သောပုဏ္ဏားသည် အနာထပိဏ်ကား ရှေး၌ ဆင်းရဲသည်ဖြစ်၍ ယခု စည်းစိမ်ရှင် ဖြစ်၏။ ငါသည် အနာထပိဏ်ကို ဖူးမြင်လိုသကဲ့သို့ ပြု၍ အနာထပိဏ်၏ အိမ်မှကြက်သရေကို ခိုးယူ၍ လာရမူကား ကောင်း၏ဟု ကြံ၏။ ကြံ၍ ထိုပုဏ္ဏားသည် အနာထပိဏ်အိမ်သို့ သွား၍ အနာထပိဏ်သူဌေးသည် ချီးမြှောက်ပေးကမ်းခြင်းကို ပြုအပ်သည်ဖြစ်၍ တသက်ပတ်လုံး အောက်မေ့အပ်သော စကားကို ပြောဟောပြီး၍ အဘယ်အကျိုးငှါ လာခဲ့သနည်းဟု မေးသည်ရှိသော် အဘယ် ၌လျှင် ကြက်သရေ တည်သနည်းဟု ကြည့်၏။ အနာထပိဏ် သူဌေးအားလည်း ကိုယ်လုံးဖြူသော ပွတ်အပ်သော ခရုသင်း နှင့်တူသော ရွှေချိုင့်၌ထည့်၍ ထားအပ်သော ကြက်သည် ရှိ၏။ ထိုကြက်၏ အမောက်၌ ကြက်သရေတည်၏။ ပုဏ္ဏားသည် ကြည့်လတ်သော် ထိုကြက်၏အမောက်၌ ကြက်သရေ တည်သည်၏အဖြစ်ကို သိ၍ သူဌေးကြီး အကျွန်ုပ်သည် တပည့်လုလင် ငါးရာတို့ကို ဗေဒင်သင်စေ၏။ အချိန်မမှန်တွန်တတ်သော တခုသောကြက်ကို အမှီပြု၍ ထိုတပည့်တို့သည်၎င်း ကျွန်ုပ်တို့သည်၎င်း ပင်ပန်းကုန်၏။ ဤကြက်သည်ကား အချိန် မှန်စွာတွန်တတ်၏။ ဤကြက်၏ အကျိုးငှါ လာ၏။ အကျွန်ုပ်အား ဤကြက်ကိုပေးလောဟု ဆို၏။ ပုဏ္ဏား ယူလော့ သင့်အား ငါပေး၏ဟု ဆိုစဉ်ခဏ၌လျှင် ကြက်သရေသည် ကြက်၏ အမောက်မှ ဖဲ၍ ဦးခေါင်းရင်း၌ ထားအပ်သော ပတ္တမြားတုံး၌ တည်၏။

ပုဏ္ဏားသည် ပတ္တမြား၌ ကြက်သရေ၏ တည်သောအဖြစ်ကို သိ၍ ပတ္တမြားကိုလည်းကောင်း၏။ ပတ္တမြားကိုလည်း ပေး၏ဟု ဆိုစဉ်ခဏ၌လျှင် ကြက်သရေသည် ပတ္တမြားမှဖဲ၍ ဦးခေါင်းရင်း၌ ထားအပ်သော အစောင့်အရှောက်ဖြစ်သော တောင်ဝှေး၌ တည်၏။ ပုဏ္ဏားသည် တောင် ဝှေး၌ ကြက်သရေတည်သောအဖြစ်ကိုသိ၍ တောင်ဝှေးကိုလည်း တောင်း၏။ ယူ၍သွားလော့ဟု ဆိုစဉ် ခဏ၌လျှင် ကြက်သရေသည် တောင်ဝှေးမှဖဲ၍ ပုညလက္ခဏဒေဝီမည်သော မိဖုယား၏ ဦးခေါင်း၌ တည်၏။ ကြက်သရေခိုးပုဏ္ဏားသည် မိဖုယားဦးခေါင်း၌ တည်သည်၏အဖြစ်ကို သိ၍ မိဖုယားသည်ကား မစွန့်အပ်သာ ဥစ္စာဖြစ်၏။ ဤမိဖုယားကို တောင်းအံ့သောငှါ မတတ်ကောင်းဟု ကြံ၍ သူဌေးကြီး အကျွန်ုပ်သည် သင်တို့အိမ်၌ ကြက်သရေကို ခိုး၍ သွားအံ့ဟု လာ၏။ ကြက်သရေသည်ကား ကြက်၏ကမောက်၌ တည်၏။ ထိုကြက်ကို ကျွန်ုပ်အားပေးသည်ရှိသော ကြက်အမောက်မှ ပတ္တမြားတုံး၌ တည်၏။ ပတ္တမြားတုံးကို ပေးသည်ရှိသော် အစောင့်အရှောက်ဖြစ်သော တောင်ဝှေး၌ တည်၏။ တောင်ဝှေးကို ပေးသည် ရှိသော် တောင်ဝှေးမှဖဲ၍ ပုညလက္ခဏဒေဝီ မိဖုယား၏ဦးခေါင်း၌ တည်၏။ ဤဥစ္စာသည်ကား မစွန့်အပ်သော ဥစ္စာတည်း၊ ထို့ကြောင့် ဤဥစ္စာကိုလည်း အကျွန်ုပ် ယူခြင်းငှာ မတတ်ကောင်း၊ သင်၏ ကြက်သရေကို ခိုးခြင်းငှာ မတတ်ကောင်း၊ သင်၏ဥစ္စာသည် သင်တို့သာလျှင် ဖြစ်စေဟု ဆို၏။ ဆိုပြီး၍ နေရာမှထ၍ ဖဲ၏။ အနာထပိဏ်သူဌေးသည် ဤအကြောင်းကို မြတ်စွာဘုရားအား လျှောက်အံ့ဟု ကျောင်းတော်သို့ သွား၍ ဘုရားကို ရှိခိုး၍ တင့်အပ်လျောက်ပတ်စွာ နေလျက် အလုံးစုံကို ဘုရားအား ကြားလျှောက်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ထိုစကားကို ကြားတော်မူ၍ သူကြွက် ယခုအခါ၌သာလျှင် ကြက်သရေသည် တပါးသို့သွားသည် မဟုတ်သေး၊ ရှေး၌လည်း ဘုန်းနည်းကုန်သော သူတို့သည် ဖြစ်စေအပ်သော ကြက်သရေသည် ဘုန်းရှိကုန်သောသူတို့၏ ခြေ ရင်းသို့ သွားဘူး၏ဟု မိန့်တော်မူ၍ သူဌေးသည် တောင်း ပန်အပ်သည်ရှိသော် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်း ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်သင်၍ အိမ်ရာထောင်သော လူတို့ဘောင်၌နေလျက် မိဘလွန်သဖြင့် သံဝေဂရကား တောထွက်၍ ဟိမဝန္တာ၌ ရသေ့ရဟန်းပြု၍ ငါးပါးသော အဘိ ညာဉ် ရှစ်ပါးသော သမာပတ်တို့ကိုဖြစ်စေ၍ ရှည်မြင့်စွာ ကာလလွန်သဖြင့် ချဉ် ဆားမှီဝဲအံ့သောငှါ ဇနပုဒ်သို့သွား၍ ဗာရာဏသီမင်း၏ ဥယျာဉ်၌နေ၍ နက်ဖြန် ဆွမ်းခံသွားသည်ရှိသော် ဆင်ဆရာ၏ အိမ်တံခါးသို့ ရောက်၏။ ထိုဆင်ဆရာသည် ဘုရားလောင်း၏ ငြိမ်သက်ခြင်း၌ ကြည်ညို၍ ဆွမ်းလှူ၍ ဥယျာဉ်၌ နေစေ၍ အမြဲလုပ်ကျွေး၏။ ထိုအခါ တယောက်သော ထင်းခွေယောက်ျားသည် တောမှထင်းတို့ကို ဆောင်ခဲ့ သည်ရှိသော် အချိန်၌ မြို့တံခါးသို့ ရောက်အံ့သောငှါ မတတ်နိုင်၍ ညအခါ၌ တခုသောနတ်ကွန်းဝယ် ထင်းစည်းကို ဦးခေါင်းရင်း၌ထား၍ အိပ်၏။ နတ်ကွန်း၌ လွှတ်အပ်ကုန်သော များစွာသော ကြက်တို့သည် နတ်ကွန်း၏အနီး တခုသောသစ်ပင်၌ အိပ်ကုန်၏။ ထိုကြက်တို့တွင် အထက်၌အိပ်သော ကြက်သည် မိုးသောက်ထကာလ၌ ကျင်ကြီးကို စွန့်ချသည်ရှိသော် အောက်၌ အိပ်သော ကြက်၏ကိုယ်ပေါ်၌ ကျ၏။ အဘယ်သူသည် ငါ၏ကိုယ်ပေါ်၌ ကျင်ကြီးကို စွန့်ချသနည်းဟု ဆိုသည်ရှိသော် ငါသည် ချ၏ ဟုဆို၏။ အဘယ်ကြောင့် ချသနည်းဟု ဆိုသည်ရှိသော် မဆင်ခြင်မိ၍ ချ၏ ဟုဆို၍ တဖန် ချပြန်၏။ ထိုကြက်နှစ်ခုတို့သည်လည်း အချင်းချင်း ခိုက် ရန်ပြုကုန်လတ်သော် သင့် အစွမ်း အသို့နည်း၊ သင့်အစွမ်း အသို့နည်းဟု ခိုက်ရန်ပြုကြကုန်၏။ ထိုအခါ အောက်၌အိပ်သောကြက်သည် ငါ့ကိုသတ်၍ မီးကျီး ၌ကင်အပ်သော အသားတို့ကိုစားသောသူသည် စောစောကလျှင် အသပြာတထောင်ကို ရ၏ဟု ဆို၏။ အထက်၌ အိပ်သော ကြက်သည် အချင်းကြက် ဤမျှဖြင့် ငါ့ကို မခြိမ်းချောက်လင့်၊ ငါ၏ ကြီး မြတ်သော အသားကို စားသောသူသည် မင်းဖြစ်၏။ အပ၌ အသားကို စားသောသူသည် ယောက်ျားဖြစ်အံ့၊ သေနာပတိအရာကို ရ၏။ မိန်းမဖြစ်အံ့ မိဖုယားအရာကို ရ၏။ အရိုးအသားကို စားသောသူသည် လူဖြစ်အံ့၊ ဘဏ္ဍာစိုးအရာကို ရ၏။ ရဟန်းဖြစ်အံ့ မင်းဆရာအဖြစ်ကို ရ၏ဟုဆို၏။

ထင်းခွေယောက်ျားသည် ထိုကြက်တို့၏ စကားကို ကြား၍ မင်းအဖြစ်သို့ ရောက်သော် တထောင်သောဥစ္စာဖြင့် ကိစ္စသည်မရှိဟု သာယာစွာတက်၍ အထက်၌အိပ်သော ကြက်ကို ဖမ်းပြီးလျှင် သတ်၍ ခါးပိုက်၌ ထည့်၍ မင်းဖြစ်အံ့ဟုဆို၍ ဖွင့်သောတံခါးဖြင့်လျှင် မြို့သို့ဝင်၍ ကြက်ကို အမွေး အတောင်နုတ်၍ ဝမ်းကိုသုတ်သင်၍ ဤကြက်သားကို ကောင်းစွာစီရင်လော့ဟု မယားအားပေး၏။ မယားသည် ကြက်သားကို၎င်း ထမင်းကို၎င်း ကောင်းစွာစီရင်၍ အရှင်စားလော့ဟု လင်အား တည်၏။ လင်သည် ရှင်မ ဤအသားကား အာနုဘော်ကြီး၏။ ဤကြက်သားကို စား၍ ငါမင်းဖြစ်အံ့၊ သင်သည် မိဖုယားဖြစ်လတ္တံ့၊ သင်သည် ထမင်းနှင့် ကြက်သားကိုယူခဲ့၍ ဂင်္ဂါသို့သွား၍ ရေချိုး၍ စားကြကုန်အံ့ဟုဆို၍ ထိုသူတို့သည် ထမင်းတောင်းကို ကမ်းနား၌ထား၍ ရေချိုးအံ့သောငှာ ဆင်း သက်ကုန်၏။ ထိုခဏ၌ လေခတ်ရကား ရေသည်လာ၍ ထမင်းတောင်းကိုယူ၍ သွား၏။ မြစ်၌မျောသော ထိုထမင်းတို့ကိုလည်း အောက်ဆိပ်၌ ဆင်ကိုရေချိုးသော တယောက်သော ဆင်ဆရာအမတ်ကြီးသည် မြင်၍ ဆယ်စေ၍ ဖွင့်စေ၍ အဘယ်နည်းဟု မေး၏။ အရှင်ထမင်းနှင့် ကြက်သားတည်းဟု ဆို၏။ ထိုအမတ်ကြီးသည် ထိုထမင်းတောင်းကို ပိတ်ဖုံးစေ၍ တံဆိပ်ခပ်စေ၍ ငါမရောက်မီ မဖွင့်လင့်ဟု မှာလိုက်၍ မယားထံသို့ပို့ စေ၏။ ထိုထင်းခွေ ယောက်ျားသည်လည်း ခံတွင်းသို့ဝင်သော သဲရေဖြင့် ဖူးဖူးရောင်သော ဝမ်းရှိသည်ဖြစ်၍ ပြေး၏။

ထိုအခါဆင်ဆရာ၏ တပါးသော ဆရာဖြစ်သော ဒိဗ္ဗစက္ခုရှင်ရသေ့သည် ငါ၏ အလုပ်အကျွေးသည် ဆင်ဆရာ၏အရာကိုစွန့်၍ အဘယ်အခါ စည်းစိမ်ကို ရလတ္တံ့နည်းဟု ဒိဗ္ဗစက္ခုဖြင့် ကြည့်လတ်သော် ထိုယောက်ျားကို မြင်၍ ထိုအကြောင်းကိုသိ၍ ရှေးဦးစွာလျှင်သွား၍ ဆင်ဆရာ၏အိမ်၌ နေ၏။ ဆင်ဆရာသည် လာလတ်၍ ရသေ့ကို ရှိခိုး၍ တင့်အပ်လျှောက်ပတ်စွာနေလျက် ထိုထမင်းတောင်းကို ဆောင်ယူခဲ့စေ၍ ရှင်ရသေ့ကို ကြက်သားဆွမ်းဖြင့် လုပ်ကျွေးကြကုန်လောဟု ဆို၏။ ထိုရသေ့သည် ဆွမ်းကိုယူ၍ ကြက်သားကို ကပ်လာသော် မယူမူ၍ ဤကြက်သားကို စီရင်အံ့ဟုဆို၍ စီရင်တော်မူပါကုန်လော့ဟု ဆိုလတ်သော် ကြီးမြတ်သော အသားအစရှိသည်တို့ကို တခုတခုစီ စုစေ၍ ကြီးမြတ်သောအသားကို ဆင်ဆရာအား ပေးစေ၏။ အပဖြစ်သောအသားကို ဆင်ဆရာ၏မယားအား ပေးစေ၏။ ဤအရိုးအသားကို မိမိသည်စား၏။ ထိုရသေ့သည် ဆွမ်းစားပြီး၍ သွားသည်ရှိသော် သင်သည် ယနေ့မှ သုံးရက်မြောက်၌ မင်းဖြစ်လတ္တံ့၊ မမေ့မလျော့လင့်ဟု ဆို၍ သွား၏။ သုံးရက်မြောက်သောနေ့၌ တယောက်သော ပြည်နီးချင်းမင်းသည် လာလတ်၍ ဗာရာဏသီပြည်ကို ဝန်းရံ၏။ ဗာရာဏသီမင်းသည် ဆင်ဆရာကို မင်းအသွင်ကိုယူစေ၍ ဆင်စီး၍ စစ်တိုက်လော့ဟု စေ၏။ မိမိသည် မထင်ရှားသော အသွင်ကိုယူ၍ စစ်သည်၌ စီရင်သည်ရှိသော် ကြီးသောအဟုန်ရှိသော တစင်းသောမြားသည် မှန်၍ ထိုခဏ၌ဘသာလျှင် သေ၏။ ထိုဆင်ဆရာသည် မင်း၏ သေသည်၏ အဖြစ်ကိုသိ၍ များစွာသော အသပြာတို့ကို ထုတ်ယူစေ၍ ဥစ္စာဖြင့်အလိုရှိသောသူတို့သည် ရှေ့၌နေ၍ စစ်တိုးစေကုန်ဟု စည်ကိုလည်စေ၏။ ဗိုတ်ပါ အပေါင်းသည် ခဏချင်းဖြင့် ပြည်နီးချင်းမင်းကို အသက်ကုန်စေ၏။ အမတ်တို့သည် မင်း၏ အလောင်းကို သင်္ဂြိုဟ်၍ အဘယ်သူကို မင်းပြုကုန်အံ့နည်းဟု တိုင်ပင်ကြကုန်သော် ငါတို့မင်းသည် အသက်ရှင်စဉ်လျှင် မိမိ၏ အသွင်ကို ဆင်ဆရာအားပေး၏။ ဆင်ဆရာသည်လျှင် စစ်ထိုး၍ ပြည်ကို ယူ၏။ ထိုဆင်ဆရာအားသာလျှင် မင်းအဖြစ်ကို ပေးကြကုန်အံ့ဟု ဆင်ဆရာကို မင်းအဖြစ်၌ အဘိ သိက်သွန်းကြကုန်၏။ ဆင်ဆရာ၏ မယား မိယားကြီး ပြုကြကုန်၏။ ဘုရားလောင်းသည် မင်းဆရာဖြစ်၏။

သဗ္ဗညူ မြတ်စွာဘုရားသည် ဤအတိတ်ကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍-

၁၀၀။ ယံ ဥဿုက္ကာ သင်္ဃရန္တိ၊ အလက္ခိကာ ဗဟုံ ဓနံ။
သိပ္ပဝန္တော အသိပ္ပါ ဝါ၊ လက္ခိဝါ တာနိ ဘုဉ္ဇတိ။

၁၀၁။ သဗ္ဗတ္ထ ကတပုညဿ၊ အကိစ္စညေဝ ပါဏိနော။
ဥပ္ပဇ္ဇန္တိ ဗဟူ ဘာဂါ၊ အပ္ပ နာယတနေသုပိ။

ဟူသော နှစ်ဂါထာတို့ကို ဟောတော်မူ၏။

၁၀၀။ သိပ္ပဝါ၊ အတတ်ရှိသည်လည်းဖြစ်ကုန်သော။ အသိပ္ပ ဝါ၊ အတတ်မရှိသည်လည်း ဖြစ်ကုန်သော။ အလက္ခိကာ၊ ဘုန်း ကံ မရှိကုန်သော သူတို့သည်။ ဥဿုက္ကာ၊ လုံ့လပြုကုန်၍။ ယံ ဗဟုံ ဓနံ၊ အကြင် များစွာသော ဥစ္စာကို။ သင်္ဃရန္တိ၊ ဆည်းပူးကုန်၏။ တာနိ၊ ထိုဥစ္စာတို့ကို။ လက္ခိဝါ၊ ဘုန်းရှိသောသူသည်။ ဘုဉ္ဇတိ၊ ခံစားရ၏။

၁၀၁။ သဗ္ဗတ္ထ၊ ခပ်သိမ်းသောအရပ်၌။ အညေ၊ ဘုန်းမရှိသောသူတို့ကို။ အတိစ္စ ဧဝ၊ လွန်၍လျှင်။ အပ္ပနာတနေသုပိ၊ ရတနာတို့၏ ဖြစ်ရာမဟုတ်သော အရပ်တို့၌လည်း။ ကတပုညဿ၊ ပြုအပ်သော ကောင်းမှုရှိသော။ ပါဏိနော၊ သတ္တဝါအား။ ဗဟူ၊ များစွာကုန်သော။ ဘောဂါ၊ စည်းစိမ်တို့သည်။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။

သဗ္ဗညူမြတ်စွာဘုရားသည် ဤဂါထာတို့ကို ဟောတော်မူ၍ သူကြွယ်ဤသတ္တဝါတို့အား ကောင်းမှုနှင့်တူသော တပါးသော တည်ရာမည်သည် မရှိကုန်၊ ကောင်းမှုရှိသော သူတို့အားကား ဖြစ်ရာမဟုတ်သော အရပ်၌လည်း ရတနာတို့သည် ဖြစ်ကုန်သလျှင်ကတည်းဟု မိန့်တော်မူ၏။

ဤကောင်းမှု မည်သည်ကား လူနတ်တို့အား အလုံးစုံသော အလိုကိုပေးတတ်သော ဥစ္စာရွှေအိုးတည်း၊ လူနတ်တို့သည် အကြင်အကြင် ဆုကို တောင့်တကုန်၏။ အလုံးစုံသော ထိုထိုဆုကို ကောင်းမှုဖြင့်လျှင် ရ၏။

အဆင်းကောင်းခြင်း၊ အသံကောင်းခြင်း သဏ္ဌာန်ကောင်းခြင်း၊ အစိုးရခြင်း အခြံအရံများခြင်းဟူသော အလုံးစုံကို ကောင်းမှုကြောင့် ရ၏။

ပဒေသရာဇ် ဧကရာဇ်စည်းစိမ် စကြဝတေးမင်းချမ်းသာ နတ်တို့၌ဖြစ်သော နတ်မင်းချမ်းသာဟူသော အလုံးစုံကို ကောင်းမှုဖြင့် ရ၏။ လူ၌ဖြစ်သော စည်းစိမ် နတ်၌ဖြစ်သော မွေ့လျော်ခြင်း နိဗ္ဗာန်ချမ်းသာဟူသော ဤအလုံးစုံကို ကောင်းမှုဖြင့် ရ၏။

အဆွေခင်ပွန်း၏ ပြည့်စုံခြင်းကိုစွဲ၍ အသင့်အားဖြင့် လုံ့လပြုသော ပုဂ္ဂိုလ်အားဖြစ်သော ဝိဇ္ဇာဝိမုတ္တိဝသီဘော်ဟူသော အလုံးစုံကို ကောင်းမှုဖြင့် ရ၏။

ပဋိသမ္ဘိဒါ ဝိမောက္ခ သာဝကပါရမီဉာဏ် ပစ္စေကဗောဓိဉာဏ် သဗ္ဗညုတဉာဏ်ဟူသော အလုံးစုံကို ကောင်းမှုဖြင့် ရ၏။

ဤသို့ အကြင်ကောင်းမှု၏ ဖြစ်ခြင်းသည် ရှိ၏။ ထိုကောင်းမှု၏ ဖြစ်ခြင်းသည် ကြီးမြတ်သော ပြည့်စုံခြင်းကို ဆောင်၏။ ထို့ကြောင့် တည်ကြည်ကုန်သော ပညာရှိတို့သည် ပြုခဲ့ပြီးသော ကောင်းမှုရှိသောသူ၏အဖြစ်ကို ချီးမွမ်းကုန်၏ ဟု တရားဟောတော်မူ၏။

ယခုအခါ၌ အနာထပိဏ်သူဌေး၏ ကြက်သရေ တည်ရာ ရတနာတို့ကို ပြတော်မူအံ့သောငှါ-

၁၀၂။ ကုက္ကုဋော မဏယော ဒဏ္ဍော၊ ထိယော စ ပုညလက္ခဏာ။
ဥပ္ပဇ္ဇန္တိ အပါပဿ၊ ကတပုညဿ ဇန္တုနော။

ဟူသောဤဂါထာကို ဟောတော်မူ၏။

၁၀၂။ အပါပဿ၊ မကောင်းမှုမရှိသော။ ကတပုညဿ၊ ပြုအပ်ပြီးသော ကောင်းမှုရှိသော။ ဇန္တုနော၊ အနာထပိဏ်သူဌေးအား။ ကုက္ကုဋော စ၊ ကြက်သည်၎င်း။ မဏယော စ၊ ပတ္တမြားတို့သည်၎င်း။ ဒဏ္ဍော စ၊ တောင်ဝှေးသည်၎င်း။ ပုညလက္ခဏာ၊ ပုညလက္ခဏဒေဝီ မည်သော။ ထိယော စ၊ မိန်းမတို့သည်၎င်း။ ဥပ္ပန္တိ၊ ဖြစ်ကုန်၏။

ဇာတ်ပေါင်း... ဤသို့ ဟောတော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ မင်း၏ ဆရာ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဘုန်းနည်းသူပြု၊ ကြက်သရေမှု၊ တခုမကျန် ဘုန်းရှိထံ

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော သိရိဇာတ်သည် ပြီး၏။

*****