သာဓိနဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၉၄။ သာဓိနဇာတ် (၁၁)


ပကိဏ္ဏကနိပါတ်

၁၁။ သာဓိနဇာတ်

ဥပုသ်ဆောက်တည်ခြင်း၏အကျိုးအာနိသင်ကြောင့် လူ့အဖြစ်နှင့်နတ်ပြည်သို့ရောက်ခြင်းအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အဗ္ဘုတော ဝတ လောကသ္မိံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသာဓိနဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီးတင်းသုံး နေတော်မူစဉ် ဥပုသ်ဆောက်တည်ကုန်သော ဒါယကာတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။

ထိုစကားသည် မှန်၏။ ထိုအခါ သဗ္ဗညူမြတ်စွာဘုရားသည် ဒါယကာတို့ ရှေးပညာရှိတို့သည် မိမိ၏ ဥပုသ်ဆောက်တည်ခြင်းကို အမှီပြု၍ လူ၏ကိုယ်ဖြင့်လျှင် နတ်ပြည်သို့ရောက်၍ မြင့်ရှည်စွာ နေဘူးကုန်ပြီဟု မိန့်တော်မူ၍ ထိုဒါယကာတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယကာတို့ လွန်လေပြီးသောအခါ မိဓိလာပြည်၌ သာဓိနမည်သော မင်းသည် မင်းကျင့်တရား ဆယ်ပါးနှင့်အညီ မင်းပြုလေ၏။ ထိုသာဓိနမင်းသည် မြို့တံခါးလေးမျက်နှာတို့၌၎င်း မြို့လယ်၌၎င်း နန်းတော်တံခါး၌၎င်း ဤခြောက်ဌာနတို့၌ ခြောက်ဆောင်သော အလှူတင်းကုပ်တို့ကို ဆောက်စေ၍ ဇမ္ဗူဒိပ်ကျွန်းကြီးအလုံးကို ထွန်တုံးပြတ်သည်ကို ပြု၍ အလှူကြီးကို ဖြစ်စေတော်မူ၏။ နေ့တိုင်း နေ့တိုင်း ခြောက်သိန်းကုန်သော ဥစ္စာတို့သည် စွန့်ကြဲခြင်းသို့ ရောက်ကုန်၏။ ငါးပါးသော သီလတို့ကို စောင့်ရှောက်၏။ ဥပုသ်သီတင်းကိုလည်း ဆောက်တည်၏။ တိုင်းတပါး၌ နေကုန်သော သူတို့သည်လည်း ထိုသာဓိနမင်း၏ အဆုံးအမ၌တည်၍ ဒါနအစရှိသော ကောင်းမှုတို့ကိုပြု၍ သေတိုင်း သေတိုင်းကုန်သော သူတို့သည် နတ်ပြည်၌သာလျှင် ဖြစ်ကုန်၏။ သုဓမ္မာနတ်သဘင်ကို ပြည့်စေ၍ နေကုန်သော နတ်တို့သည် သာဓိနမင်း၏ သီလအစရှိသော ကျေးဇူးကိုသာလျှင် ချီးမွမ်းကုန်၏။ ထိုချီးမွမ်းသော စကားကိုကြား၍ ကြွင်းကုန်သော နတ်တို့သည်လည်း သာဓိနမင်းကို ဖူးမြင်လိုကုန်သည်သာလျှင် ဖြစ်ကုန်၏။

နတ်တို့၏ မင်းဖြစ်သော သိကြားမင်းသည် ထိုနတ်တို့၏ စိတ်ကိုသိ၍ သင်နတ်သားတို့သည် သာဓိနမင်းကြီးကို ဖူးမြင်လိုကုန်သလောဟု မေးတော်မူ၏။ အရှင်နတ်မင်း ဖူးမြော်လိုကုန်၏ဟု ဆိုကုန်သည်ရှိသော် ထိုသိကြားမင်းသည် မာတလိနတ်သားကို ခေါ်၍ အမောင် မာတလိနတ်သား သင်သည် သွားချေ၊ ဝေဇယန္တာ ရထားကို က, ၍ သာဓိနမင်းကြီးကို ငါတို့ နတ်ပြည်သို့ ဆောင်ချေလော့ဟု စေလိုက်၏။ ထိုမာတလိနတ်သားသည် ကောင်းပြီဟု ဝန်ခံပြီးလျှင် ဝေဇယန္တာ ရထားကို က, ၍ ဝိဒေဟတိုင်း မိဓိလာပြည်သို့ သွား၏။ ထိုအခါ လပြည့်နေ့သည် ဖြစ်၏။

မာတလိနတ်သားသည် လူတို့၏ ညစာစားပြီး၍ အိမ်တံခါးတို့၌ ချမ်းသာသော စကားကို ပြောလျက် နေကြကုန်စဉ် လဝန်းနှင့်တကွ ဝေဇယန္တာရထားကို နှင်၏။ လူတို့သည် လနှစ်စင်းတို့သည် ထွက်ကုန်၏ဟု ဆိုကုန်စဉ် တဖန် လဝန်းကိုလွန်၍လာသော ရထားကို မြင်ကုန်လျှင် ဤသို့ လာသည်ကား လ, မဟုတ်၊ ဤသို့လာသည်ကား ရထားတည်း၊ နတ်သားသည်လည်း ထင်၏။ မနောမယ သိန္ဓောမြင်းကသော ဤရထားကို အဘယ်သူဘို့ မောင်ခဲ့သနည်း၊ တပါးသောသူဘို့ မဆောင်၊ ငါတို့ အရှင်မင်းကြီးဘို့ ဆောင်ခဲ့သည်ဖြစ်လတ္တံ့၊ ထိုစကားသည် မှန်၏။ ငါတို့အရှင်မင်းကြီးသည် တရားစောင့်၏။ တရားနှင့်အညီ မင်းပြုတော်မူ၏ဟု ဖြစ်သော ဝမ်းမြောက်ခြင်းရှိကုန်သည်ဖြစ်၍ လက်အုပ်ချီသဖြင့် တည်ကုန်လျက်-

၂၀၂။ အဗ္ဘုတော ဝတ လောကသ္မိံ၊ ဥပ္ပဇ္ဇိ လောမဟံသနော။
ဒိဗ္ဗော ရထော ပါတုရဟု၊ ဝေဒေဟဿ ယသဿိနော။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆိုကုန်၏။

၂၀၂။ ဘော၊ အချင်းတို့။ လောကသ္မိံ၊ လောက၌။ အဗ္ဘုတော ဝတ၊ မဖြစ်ဘူးမြဲသော သဘောသည် ဖြစ်စွာ့တကား။ လောမဟံသနော၊ ကြက်သီးမွေးညှင်း ထခြင်းသည်။ ဥပ္ပဇ္ဇိ ဝတ၊ ဖြစ်စွာ့တကား။ ယသဿိနော၊ များသော အခြံအရံ ရှိတော်မူသော။ ဝေဒေဟဿ၊ ငါတို့အရှင်ဖြစ်တော်မူသော ဝိဒေဟရာဇ် မင်းသား။ ဒိဗ္ဗော၊ နတ်၌ဖြစ်သော။ ရထော၊ ရထားသည်။ ပါတုရဟု ဝတ၊ ထင်ရှားဖြစ်စွာ့တကား။

မာတလိနတ်သားသည် ထိုရထားကို ဆောင်ယူ၍ လူတို့သည် ပန်းနံ့သာ အစရှိသည်တို့ဖြင့် ပူဇော်ကုန်စဉ် မိဓိလာမြို့ကို လာရစ် သုံးပတ်လှည့်ပြီးလျှင် နန်းတော်တံခါးသို့သွား၍ ရထားကိုလှည့်လျက် နောက်အဘို့ဖြင့် ခြင်္သေ့ခံသော လေသွန်တံခါးခုံ၌ထား၍ တက်စီးစိမ့်သောငှာ အစီအရင်ကိုပြု၍ ရပ်၏။ ထိုနေ့၌ သာဓိနမင်းကြီးသည်လည်း အလှူတင်းကုပ်တို့ကို ကြည့်တော်မူ၍ ဤသို့သောနည်းဖြင့် အလှူကို လှူကြကုန်လော့ဟု စေပြီးလျှင် ဥပုသ်ဆောက်တည်လျက် ထိုနေ့ကိုလွန်စေ၍ မှူးမတ်အပေါင်း ခြံရံလျက် တန်ဆာဆင်အပ်သော ပြာသာဒ်မအပြင်၌ အ ရှေ့ လေသွန်တံခါးသို့ ရှေးရှုလျက် တရားနှင့်ယှဉ်သော စကားကို ပြောဟောလျက် နေတော်မူ၏။ ထိုအခါ သာဓိနမင်းကို မာတလိနတ်သားသည် ရထားသို့ တက်စိမ့်သောငှါ ချီပင့်သဖြင့် ဆောင်ယူ၍ သွား၏။

ထိုအကြောင်းကို ထင်စွာ ပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၂၀၃။ ဒေဝပုတ္တော မဟိဒ္ဓိကော၊ မာတလိ ဒေဝသာရထိ။
နိမန္တယိတ္ထ ရာဇာနံ၊ ဝေဒေဟံ မိဓိလဂ္ဂဟံ။
၂၀၄။ ဧဟိ မံ ရထမာရူယှ၊ ရာဇသေဋ္ဌ ဒိသမ္ပတိ။
ဒေဝါဒဿနကာမာ တေ၊ တာဝတိံသာ သဣန္ဒကာ။
သရမာနာ ဟိ တေ ဒေဝါ၊ သုဓမ္မာယံ သမစ္ဆရေ။
၂၀၅။ တတော စ ရာဇာ သာဓိနော၊ ဝေဒေဟာ မိဓိလဂ္ဂဟော။
သဟဿ ယုတ္တ မာရူယှ၊ အဂါ ဒေဝါန သန္တိကေ။
၂၀၆။ တံ ဒေဝါ ပဋိနန္ဒိံသု၊ ဒိသွာ ရာဇာနမာဂတံ။
သွာဂတံ တေ မဟာရာဇ၊ အထော တေ အဒုရာဂတံ။
နိသီဒ ဒါနိ ရာဇီသိ၊ ဒေဝရာဇဿ သန္တိကေ။
၂၀၇။ သက္ကောပိ ပဋိနန္ဒိတ္ထ၊ ဝေဒေဟံ မိဓိလဂ္ဂဟံ။
နိမန္တယိတ္ထ ကာမေဟိ၊ အာသနေန စ ဝါသဝေါ။
၂၀၈။ သာဓု ခေါသိ အနုပ္ပတ္တော၊ အာဝါသံ ဝသဝတ္တိနံ။
ဝသ ဒေဝေသု ရာဇီသိ၊ သဗ္ဗကာမ သမိဒ္ဓိသု။
တာဝတိံသေသု ဒေဝေသု၊ ဘုဉ္ဇ ကာမေ အမာနုသေ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

၂၀၃။ ဥပါသကာ၊ ဒါယကာတို့။ မဟိဒ္ဓိကော၊ ကြီးသော တန်ခိုးရှိသော။ ဒေဝသာရထိ၊ နတ်မင်း၏ ရထားထိန်းဖြစ်သော။ မာတလိ၊ မာတလိ အမည်ရှိသော။ ဒေဝပုတ္တော၊ နတ်သားသည်။ ဝေဒေဟံ၊ ဝိဒေဟတိုင်းသူတို့ကို အစိုးရသော။ မိဓိလဂ္ဂဟံ၊ မိဓိလာ ပြည်သူတို့အား သင်္ဂဟတရား လေးပါးဖြင့် သင်္ဂြိုဟ်တတ်သော။ ရာဇာနံ၊ သာဓိနမင်းကြီးကို။ နိမန္တယိတ္ထ၊ ပင့်ဘိတ်၏။

၂၀၄။ ဒိသမ္ပတိ၊ အရပ်မျက်နှာ အရှင်ဖြစ်သော။ ရာဇသေဋ္ဌ၊ မင်းမြတ်။ ဧဟိ၊ ကြွတော်မူလော့။ ဣမံ ရထံ၊ ဤရထားကို။ အာရူယှ၊ တက်စီးတော်မူလော့။ သဣန္ဒကာ၊ သိကြားမင်းနှင့် တကွဖြစ်သော။ တာဝတိံသာ၊ တာဝတိံသာ နတ်ပြည်၌ နေကုန်သော။ ဒေဝါ၊ နတ်တို့သည်။ တေ၊ အရှင်မင်းကြီးအား။ ဒဿနကာမာ၊ ဖူးမြင်လိုကုန်သည်ဖြစ်၍။ ဒေဝါ၊ နတ်အပေါင်းတို့သည်။ တေ၊ အရှင်မင်းကြီးအား။ သရမာနာ ဟိ-သရမာနာ ဧဝ၊ အောက်မေ့ကုန်သည် ဖြစ်၍လျှင်။ သုဓမ္မာယံ၊ သုဓမ္မာနတ်သဘင်၌။ သမစ္ဆရေ၊ နေလင့်ကုန်၏။

၂၀၅။ ဥပါသကာ၊ ဒါယကာတို့။ တတော- တဒါ ကာလေ၊ ထိုသို့ မာတလိနတ်သား ပင့်ဆောင်သော ကာလ၌။ ဝေဒေဟော၊ ဝိဒေဟတိုင်းသူတို့ကို အစိုးရသော။ မိဓိလဂ္ဂဟော၊ မိဓိလာပြည်သူတို့ကို သင်္ဂဟတရား လေးပါးဖြင့် သင်္ဂြိုဟ်တတ်သော။ သာဓိနော ရာဇာ၊ သာဓိနမင်းသည်။ သဟဿယုတ္တံ၊ သိန္ဓောမြင်းတထောင် က, သော။ ရထံ၊ ရထားကို။ အာရူယှ၊ စီး၍။ ဒေဝါနံ၊ တာဝတိံသာနတ်တို့၏။ သန္တိကေ၊ အထံသို့။ အဂါ၊ ရောက်လေ၏။

၂၀၆။ အာဂတံ၊ ရောက်လာသော။ တံ ရာဇာနံ၊ ထိုသာဓိန မင်းကြီးကို။ ဒိသွာ၊ မြင်၍။ ဒေဝါ၊ နတ်တို့သည်။ ပဋိနန္ဒိံသု၊ အဖန်တလဲလဲ နှစ်သက်ကုန်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တေ၊ အရှင်မင်းကြီး၏။ အာဂတံ၊ ကြွလာတော် မူခြင်းသည်ကား။ သွာဂတံ၊ ကောင်းသော လာခြင်းတည်း။ အထော၊ ထို့မြို့။ တေ၊ အရှင်မင်းကြီး၏။ အာဂတံ၊ လာခြင်းကား။ အဒုရာဂတံ၊ အပြစ်ကင်းသော လာခြင်းတည်း။ ရာဇီသိ၊ မင်းမြတ်။ ဒါနိ-ဣဒါနိ၊ ယခုအခါ၌။ ဒေဝရာဇဿ၊ သိကြား နတ်မင်း၏။ သန္တိကေ၊ အထံ၌။ နိသီဒ၊ နေတော်မူလော့။

၂၀၇။ သက္ကောပိ၊ သိကြားမင်းသည်လည်း။ ဝေဒေဟံ၊ ဝိဒေဟတိုင်းသူတို့ကို အစိုးရသော။ မိဓိလဂ္ဂဟံ၊ မိဓိလာပြည်သူတို့ကို သင်္ဂဟတရား လေးပါးဖြင့် သင်္ဂြိုဟ်တတ်သော ရှင်မင်းကြီးကို။ ပဋိနန္ဒိတ္ထ၊ အဖန်တလဲလဲ နှစ်သက်၏။ ဝါသဝေါ၊ သိကြား နတ်မင်းသည်။ ကာမေဟိ စ၊ ကာမဂုဏ်တို့ဖြင့်၎င်း။ အာသနေန စ၊ ပဏ္ဍုကမ္ဗလာ နေရာဖြင့်၎င်း။ နိမန္တယိတ္ထ၊ ပင့်ဘိတ်၏။

၂၀၈။ ရာဇီသိ၊ မင်းများရှင်။ တွံ၊ အရှင်မင်းမြတ်သည်။ သာဓု ခေါ၊ ကောင်းစွာလျှင်။ အနုပ္ပတ္တော၊ ရောက်လာသည်။ အသိ၊ ဖြစ်၏။ သဗ္ဗကာမသမိဒ္ဓိသု၊ အလုံးစုံသော အလိုဆန္ဒတို့နှင့် ပြည့်စုံကုန်သော။ ဒေဝေသု၊ နတ်တို့၌။ ဝသဝတ္တီနံ၊ အလိုသို့ လိုက်စေတတ်ကုန်သော နတ်တို့၏။ အာဝါသံ၊ နေရာ၌။ ဝသ၊ နေတော်မူလော့။ တာဝတိံသေသု ဒေဝေသု၊ တာဝတိံသာ နတ်ပြည်တို့၌။ အမာနုသေ၊ နတ်၌ဖြစ်ကုန်သော။ ကာမေ၊ ကာမဂုဏ်တို့ကို။ ဘုဉ္ဇ၊ ခံစားတော်မူလော့။

သိကြားမင်းသည် ယူဇနာ တသောင်းရှိသော တာဝတိံသာနတ်မြို့ကို၎င်း၊ နှစ်ကုဋေ ငါးသန်းသော နတ်သ္မီးတို့ကို၎င်း, ဝေဇယန္တာ ပြာသာဒ်ကို၎င်း အလယ်၌ ထက်ဝက်ခွဲ၍ ပေးအပ်သော နတ်စည်းစိမ်ကို သာဓိနမင်းကြီးသည် ခံစားတော်မူစဉ် လူတို့ အရေအတွက်အားဖြင့် အနှစ်ခုနစ်ရာတို့သည် လွန်ကုန်၏။ ထိုကိုယ်၏ အဖြစ်ဖြင့် နတ်ပြည်၌ နေရအံ့သော ကောင်းမှုကံသည်ကုန်၏။ နတ်ပြည်၌ မမွေ့လျော်ခြင်းသည် ဖြစ်၏။ ထိုသို့ မမွေ့လျော်ခြင်း ဖြစ်သောကြောင့် သိကြားမင်းနှင့်တကွ စကားပြောဟောလိုရကား_-

၂၀၉။ အဟံ ပုရေ သဂ္ဂဂတော ရမာမိ၊
နစ္စ ဂီတေဟိ စ ဝါဒိတေဟိ။
သော ဒါနိ အဇ္ဇ န ရမာမိ သဂ္ဂေ၊
အာယုံ နု ခီဏော မရဏံ နု သန္တိကေ။
ဥဒါဟု မူဠှောသ္မိ ဇနိန္ဒသေဋ္ဌ။

ဟူသော ဤဂါထာကို ဆို၏။

၂၀၉။ ဇနိန္ဒသေဋ္ဌ၊ နတ်တကာတို့ထက် မြတ်သော သိကြားမင်း။ သဂ္ဂဂတော၊ နတ်ပြည်သို့ ရောက်သော။ အဟံ၊ ငါသည်။ ပုရေ၊ ရှေး၌။ နစ္စေဟိ စ၊ ကခြင်းတို့ဖြင့်၎င်း။ ဂီတေဟိ စ၊ သီခြင်းတို့ဖြင့်၎င်း။ ဝါဒိတေဟိ စ၊ တီးမှုတ်ခြင်းတို့ဖြင့်၎င်း။ ရမာမိ၊ မွေ့လျော်၏။ သော အဟံ၊ ထိုငါသည်။ အဇ္ဇ၊ ယနေ့။ ဣဒါနိ၊ ယခုအခါ၌။ သဂ္ဂေ၊ နတ်ပြည်၌။ န ရမာမိ၊ မမွေ့လျော်။ အာယုံ၊ အသက်အပိုင်းအခြားသည်။ ခီဏော နု၊ ကုန်လေသလော။ မရဏံ၊ သေချိန်သည်။ သန္တိကေ နု၊ နီးလေသလော။ ဥဒါဟု၊ ထိုသို့ မဟုတ်မူကား။ မူဠှော၊ တွေဝေသည်။ အသ္မိ နု၊ ဖြစ်လေသလော။

ထိုအခါ သာဓိနမင်းကို သိကြားမင်းသည် ပြောဆိုသဖြင့် နတ်ပြည်၌ နေစိမ့်သောငှါ တိုက်တွန်းလိုရကား-

၂၁၀။ န စာယု ခီဏံ မရဏန္တေ ဒူရေ။
န စာပိ မူဠှော နရဝီရသေဋ္ဌ။
တဝ စ ပုညာနိ ပရိတ္တကာနိ၊
ယေသံ ဝိပါကံ ဣဓ ဝေဒယတော။
၂၁၁။ ဝသ ဒေဝါနုဘာဝေန၊ ရာဇသေဋ္ဌ ဒိသမ္ပတိ။
တာဝတိံသေသု ဒေဝေသု၊ ဘုဉ္ဇ ကာမေ အမာနုသေ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၂၁၀။ နရဝီရသေဋ္ဌ၊ လူတကာတို့ထက် ဝီရိယဖြင့် မြတ်သောမင်းကြီး။ တေ၊ အရှင်မင်းကြီး၏။ အာယု၊ အသက်သည်။ န စ ခီဏံ၊ မကုန်သေး။ မရဏဉ္စ၊ သေခြင်းသည်လည်း။ ဒူရေ၊ အဝေး၌။ ဇာတံ၊ ဖြစ်၏။ မူဠှော၊ တွေဝေသည်။ န ဇာ အသိ၊ မဖြစ်။ ယေသံ၊ အကြင် ကောင်းမှုတို့၏။ ဝိပါကံ၊ အကျိုးကို။ ဣဓ၊ ဤနတ်ပြည်၌။ ဝေဒယတော၊ ခံစားသော။ တဝ၊ အရှင်မင်းကြီး၏။ တာနိ ပုညာနိ၊ ထိုကောင်းမှုတို့သည်။ ပရိတ္တကာနိ၊ အကြွင်းနည်းကုန်၏။

၂၁၁။ ဒိသမ္ပတိ၊ အရပ်မျက်နှာတို့၏ အရှင်ဖြစ်တော်မူသော။ ရာဇသေဋ္ဌ၊ မင်းမြတ်။ ဒေဝါနုဘာဝေန၊ နတ်တို့၏ အာနုဘော်ဖြင့်။ ဝသ၊ နေတော်မူလော့။ တာဝတိံသေသု ဒေဝေသု၊ တာဝတိံသာ နတ်ပြည်တို့၌။ အမာနုသေ၊ နတ်၌ ဖြစ်ကုန်သော။ ကာမေ၊ ကာမဂုဏ်တို့ကို။ ဘုဉ္ဇ၊ ခံစားတော်မူလော့။

ထိုသို့ ဆိုသောအခါ သာဓိနမင်းကြီးသည် သိကြားမင်းစကားကို ပယ်လိုရကား-

၂၁၂။ ယထာ ယာစိတကံ ယာနံ၊ ယထာ ယာစိတကံ ဓနံ။
ဧဝံ သမ္ပဒမေဝေတံ၊ ယံ ပရတော ဒါနပစ္စယာ။
၂၁၃။ န စာဟ မေတ မိစ္ဆာမိ၊ ယံ ပရတော ဒါနပစ္စယာ။
သယံ ကတာနိ ပုညာနိ၊ တံ မေ အာဝေဏိကံ ဓနံ။
၂၁၄။ သောဟံ ဂန္တွာ မနုဿေသု၊ ကာဟာမိ ကုသလံ ဗဟုံ။
ဒါနေန သမစရိယာယ၊ သံယမေန ဒမေန စ။
ယံ ကတွာ သုခိတော ဟောတိ၊ န စ ပစ္ဆာနုတပ္ပတိ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၂၁၂။ သက္က၊ သိကြားမင်း။ ယံ၊ အကြင် စည်းစိမ်ချမ်းသာကို။ ပရတော၊ သူတပါးသည်။ ဒါနပစ္စယာ၊ ပေးခြင်းဟူသော အကြောင်းကြောင့်။ လဘတိ၊ ရ၏။ တံ၊ ထိုစည်းစိမ်ချမ်းသာသည်။ ယာစိတကံ၊ ငှါး၍ စီးအပ်သော။ ယာနံ ယထာ၊ ယာဉ်နှင့်တူ၏။ ယာစိတကံ၊ ချေးငှါးအပ်သော။ ဓနံ ယထာ၊ ဥစ္စာနှင့်တူ၏။ ဧဝံ၊ ဤသို့။ ဧတံ သမ္ပဒံဧဝ၊ ဤ ဥပမာ ဥပမေယျနှင့် ပြည့်စုံခြင်းကိုလျှင်။ ဒဋ္ဌဗ္ဗံ၊ မှတ်အပ်၏။

၂၁၃။ ယံ၊ အကြင် စည်းစိမ်ချမ်းသာကို။ ပရတော၊ သူတပါးသည်။ ဒါနပစ္စယာ၊ ပေးခြင်းဟူသော အကြောင်းကြောင့်။ လဘတိ၊ ရ၏။ ဧတံ၊ ထိုသူတပါးတို့ ပေး၍ရသောကြောင့် ငှားသည်နှင့်တူသော စည်းစိမ်ချမ်းသာကို။ အဟံ၊ ငါသည်။ န ဣစ္ဆာမိ၊ အလိုမရှိ။ သယံ၊ မိမိကိုယ်တိုင်။ ကတာနိ၊ ပြုအပ်ကုန်သော။ ပုညာနိ၊ ကောင်းမှုတို့သည်။ သန္တိ၊ ရှိကုန်၏။ တံ၊ ထို မိမိကိုယ်တိုင် ပြုအပ်သော ကောင်းသည်။ မေ၊ ငါ့အား။ အာဝေဏိကံ၊ အသီးဖြစ်သော။ ဓနံ၊ ဥစ္စာမည်၏။

၂၁၄။ သော အဟံ၊ ထိုငါသည်။ ဂန္တွာ၊ လူ့ပြည်သို့သွား၍။ မနုဿေသု၊ လူ့ပြည်တို့၌။ ယံ၊ အကြင် ကုသိုလ်ကို။ ကတွာ၊ ပြုသည်ရှိသော်။ သုခိတော၊ ချမ်းသာသည်။ ဟောတိ၊ ဖြစ်၏။ ပစ္ဆာ စ၊ နောက်၌လည်း။ န အနုတပ္ပတိ၊ နောင်တ မရှိ။ တံ ကုသလံ၊ ထိုကုသိုလ်ကို။ ဒါနေန၊ အလှူပေးသဖြင့်၎င်း။ သမစရိယာယ၊ မကောင်းမှုကို မပြုသဖြင့်၎င်း။ သံယမေန စ၊ သီလကို စောင့်သဖြင့်၎င်း။ ဒမေန၊ ဣန္ဒြေကို ဆုံးမသဖြင့်၎င်း။ ဗဟုံ၊ များစွာ။ ကာဟာမိ၊ ပြုအံ့။

ထိုအခါ သာဓိနမင်းကြီး၏ စကားကိုကြား၍ သိကြားမင်းသည် မာတလိနတ်သားကို အမောင် မာတလိနတ်သား သွားချေ၊ သာဓိနမင်းကြီးကို မိဓိလာပြည်သို့ ဆောင်ယူ၍ ဥယျာဉ်၌ ထားချေလော့ဟု စေလိုက်၏။ ထို မာတလိနတ်သားသည် သိကြားမင်းဆိုတိုင်း ပြု၏။ သာဓိနမင်းကြီးသည် ဥယျာဉ်၌ စင်္ကြံကြွ၏။ ထိုအခါ သာဓိနမင်းကို ဥယျာဉ်စောင့်သည် မြင်၍ မေးပြီးလျှင် သွား၍ နာရဒမင်းအား ကြားလျှောက်၏။ ထိုနာရဒမင်းသည် သာဓိနမင်းကြီးလာသောအဖြစ်ကို သိ၍ ဥယျာဉ်စောင့် သင်သည် ရှေ့မှ သွားနှင့်၍ ဥယျာဉ်ကို သုတ်သင်စီရင်ပြီးလျှင် သာဓိနမင်းကြီး၏၎င်း, ငါ၏၎င်း နေရာနှစ်ခုတို့ကို ခင်းနှင့်လော့ဟု ဆို၍ ဥယျာဉ်စောင့်ကို လွှတ်လိုက်၏။ ထိုဥယျာဉ်စောင့်သည် နာရဒမင်းကြီးဆိုတိုင်း ပြု၏။

ထိုအခါ ဥယျာဉ်စောင့်ကို သာဓိနမင်းကြီးသည် မေး၏။ အချင်း ဥယျာဉ်စောင့် အဘယ်သူဘို့ နေရာနှစ်ခုတို့ကို ခင်းသနည်းဟု မေး၏။ မြတ်သောမင်းကြီး တနေရာကား အရှင်မင်းကြီးဘို့၊ တနေရာကား အကျွန်ုပ်တို့ နာရဒမင်းကြီးဘို့ ခင်းပါ၏ဟု တင်လျှောက်၏။ ထိုအခါ ဥယျာဉ်စောင့်ကို သာဓိနမင်းကြီးသည် ငါမှတပါး အဘယ်သတ္တဝါသည် ငါ၏အနီးဖြစ်သော နေရာ၌ နေလတ္တံ့နည်းဟု ဆို၍ တခုသောနေရာ၌နေ၍ တခုသောနေရာ၌ ခြေကိုထား၏။ နာရဒမင်းသည် လာလတ်ပြီးလျှင် ထိုသာဓိနမင်းကြီး၏ ခြေတော်တို့ကို ရှိခိုး၍ တင့်အပ်လျောက်ပတ်သော အရပ်၌ နေ၏။ ထိုနာရဒမင်းသည်ကား သာဓိနမင်းကြီး၏ ခုနစ်ဆက်မြောက်ဖြစ်သော မြစ်တော်ဖြစ်သတတ်၊ ထိုအခါ လူတို့၏ အသက်တရာတမ်း ဖြစ်သတတ်၊ ဘုရားလောင်း သာဓိန မင်းကြီးသည်ကား မိမိ၏ ကောင်းမှုကံအစွမ်းဖြင့် ဤမျှလောက်သော အနှစ်ခုနစ်ရာ ကာလကို လွန်စေတော်မူ၏။ ထိုဘုရားလောင်း သာဓိနမင်းကြီးသည် နာရဒအမည်ရှိသော မိမိ မြစ်တော်ကို လက်ဆွဲ၍ ဥယျာဉ်တော်၌ လှည့်လည်လျက်-

၂၁၅။ ဣမာနိ တာနိ ခေတ္တာနိ၊ ဣမံ နိက္ခံ သကုဏ္ဍလံ။
ဣမာ တာ ဟရတာနူပါ၊ ဣမာ နဇ္ဇော သဝန္တိယော။
၂၁၆။ ဣမာ တာ ပေါက္ခရဏီ ရမ္မာ၊ စက္ကဝါကာ ပကူဇိတာ။
မန္ဒာလကေဟိ သဉ္ဆန္နာ၊ ပဒုမုပ္ပလကေဟိ စ။
ယဿိမာနိ မမာယိံသု၊ ကိန္နု တေ တာ ဒိသံ ဂတာ။
၂၁၇။ တာနိ စ ခေတ္တာနိ သော ဘူမိဘာဂေါ၊
တေ အာရာမေ တေဝိမေ ဝနသဉ္စရာ။
တမေဝ မယှံ ဇနတံ အပဿတော၊
သုညံဝ မေ နာရဒ ခါယတေ ဒိသာ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၂၁၅။ နာရဒ၊ နာရဒ။ ပုဗ္ဗေ၊ ရှေး၌။ ဣမာနိ တာနိ ခေတ္တာနိ၊ ဤစိုက်ပျိုးရာ မြေတို့သည်။ ရမ္မာ၊ မွေ့လျော်ဘွယ် ရှိကုန်၏။ သကုဏ္ဍလံ၊ နားဍောင်းနှင့်တူသော။ ဣမံ နိက္ခံ၊ ဤရေပြွန်သည်။ ရမ္မံ၊ မွေ့လျော်ဘွယ် ရှိ၏။ ဟရိတာ၊ စိမ်းညိုသော မြက်ဖြင့် ဖုံးလွှမ်းအပ်ကုန်သော။ ဣမာ တာ အနူပါ၊ ဤရေပြွန်၏ နံပါးနှစ်ဘက်၌ ဖြစ်ကုန်သော မြေတို့သည်။ ရမ္မာ၊ မွေ့လျော်ဘွယ် ရှိကုန်၏။ သဝန္တိယော၊ စီးကုန်သော။ ဣမာ နဇ္ဇော၊ ဤမြစ်တို့သည်။ ရမ္မာ၊ မွေ့လျော်ဘွယ် ရှိကုန်၏။

၂၁၆။ ဣမာ တာ ပေါက္ခရဏီ၊ ဤရေကန်တို့သည်။ ရမ္မာ၊ မွေ့လျော်ဘွယ် ရှိကုန်၏။ စက္ကဝါကာ၊ စက္ကဝါက်ငှက်တို့သည်။ ပကူဇိတာ၊ တွန်မြူးကုန်၏။ မန္ဒာလကေဟိ၊ မန္ဒာလကနွယ်တို့ဖြင့်။ သဉ္ဆန္နာ၊ ဖုံးလွှမ်းအပ်ကုန်၏။ ပဒုမုပ္ပလကေဟိ စ၊ ပဒုမာကြာ ဥပ္ပလကြာတို့ဖြင့်လည်း။ သဉ္ဆန္နာ၊ ဖုံးလွှမ်းအပ်ကုန်၏။ ယဿ မေ၊ အကြင် ငါ့အား။ တေ၊ ထို အလုပ်အကျွေး မောင်းမတို့သည်။ ဣမာနိ- ဣမေသု၊ ဤအရပ်တို့၌။ မမာယိံသု၊ မြတ်နိုးကုန်၏။ တဿ မေ၊ ထိုငါ၏။ တာ၊ ထို အလုပ်အကျွေး မောင်းမတို့သည်။ ကိံ ဒိသံ၊ အဘယ်အရပ်သို့။ ဂတာ နု၊ သွားလေကုန်သနည်း။

၂၁၇။ မေ၊ ငါ၏။ တာနိ ခေတ္တာနိ စ၊ ထို စိုက်ပျိုးရာ အရပ်တို့ကို၎င်း။ သော ဘူမိဘာဂေါ၊ ထိုမြေအဘို့ကို၎င်း။ တေ အာရာမေ၊ ထို အရံတို့ကို၎င်း။ တေဝိမေ ဝနသဉ္စရာ၊ ထို တောမြေ အရပ်တို့ကို၎င်း။ မယှံ၊ ငါ၏။ တမေဝ ဇနတံ၊ ထိုလူအပေါင်းကို၎င်း။ အပဿတော၊ မမြင်ရသော။ မေ၊ ငါ့အား။ ဒိသာ၊ အရပ်မျက်နှာတို့သည်။ သုညံဝ၊ ဆိတ်သကဲ့သို့။ ခါယတေ၊ ထင်၏။

ထိုအခါ သာဓိနမင်းကြီးကို နာရဒမင်းသည် အရှင်မင်းကြီး နတ်ပြည်သို့ သွားကုန်သော အရှင်မင်းကြီးတို့အား ယခုအခါ အနှစ်ခုနစ်ရာ ရှိကုန်ပြီ၊ အကျွန်ုပ်တို့သည် အရှင်မင်းကြီးတို့၏ ခုနစ်ဆက်မြောက်ဖြစ်သော မြစ်တော်တည်း၊ အရှင်မင်းကြီးတို့၏ အလုပ်အကျွေးတို့သည်၎င်း, မောင်းမတို့သည်၎င်း သေမင်းခံတွင်းသို့ ရောက်ကုန်ပြီ၊ ဤမိဓိလာပြည်သည် အရှင်မင်းကြီးတို့၏ ဥစ္စာဖြစ်သော ပြည်တည်း၊ ဤပြည်ကို ဆုံးမတော်မူကုန်လော့ဟု ဆို၏။ သာဓိနမင်းကြီးသည် အမောင် နာရဒ ငါသည် ဤအရပ်သို့ လာသည်ရှိသော် မင်းပြုအံ့သောငှါ မလာ၊ ကုသိုလ်ပြုခြင်းငှါသာလျှင် လာ၏။ ငါသည် ကုသိုလ် ကောင်းမှုကိုသာလျှင် ပြုအံ့ဟု ဆို၍ မင်းအဖြစ်ကို ပယ်သဖြင့် မိဓိလာပြည်သို့ လာသောအကြောင်းကို မြစ်တော် နာရဒမင်းအား ကြားလိုရကား-

၂၁၈။ ဒိဋ္ဌာ မယာ ဝိမာနာနိ၊ ဩဘာသန္တာ စတုဒ္ဒိသာ။
သမ္မခါ ဒေဝရာဇဿ၊ တိဒသာနဉ္စ သမ္မုခါ။
၂၁၉။ ဝုတ္တိ မေ ဘဝနံ ဒိဗျံ၊ ဘုတ္တာ ကာမာ အမာနုသာ။
တာဝတိံသေသု ဒေဝေသု၊ သဗ္ဗကာမသမိဒ္ဓိသု။
၂၂၀။ သောဟံ ဧတာဒိသံ ဟိတွာ၊ ပုညာယမှိ ဣဓာဂတော။
ဓမ္မမေဝ စရိဿာမိ၊ နာဟံ ရဇ္ဇေန အတ္ထိကော။
၂၂၁။ အဒဏ္ဍာဝစရံ မဂ္ဂံ၊ သမ္မာသမ္ဗုဒ္ဓဒေသိတံ။
တံ မဂ္ဂံ ပဋိပဇ္ဇိဿံ၊ ယေန ဂစ္ဆန္တိ သုဗ္ဗတာ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

၂၁၈။ နာရဒ၊ အမောင် နာရဒ။ မယာ၊ ငါသည်။ စတုဒိသာ၊ အရပ်လေးမျက်နှာတို့ကို။ ဩဘာသန္တာ၊ ထွန်းလင်းတောက်ပကုန်သော။ ဝိမာနာနိ၊ ဗိမာန်တို့ကို။ ဒေဝရာဇဿ၊ သိကြားနတ်မင်း၏။ သမ္မုခါ စ၊ မျက်မှောက်၌၎င်း။ တိဒသာနံ၊ တာဝတိံသာ နတ်တို့၏။ သမ္မုခါ စ၊ မျက်မှောက်၌၎င်း။ ဒိဋ္ဌာ၊ မြင်အပ်ကုန်ပြီ။

၂၁၉။ နာရဒ၊ အမောင် နာရဒ။ မေ၊ ငါသည်။ ဒိဗျံ၊ နတ်၌ဖြစ်သော။ ဘဝနံ၊ နတ်တို့၏ ဘုံဗိမာန်ကို။ ဝုတ္တံ၊ နေခဲ့ပြီ။ အမာနုသာ၊ နတ်၌ဖြစ်ကုန်သော။ သဗ္ဗကာမသမိဒ္ဓိသု၊ အလုံးစုံသော အလိုဆန္ဒနှင့် ပြည့်စုံကုန်သော။ ကာမာ၊ ကာမဂုဏ်တို့ကို။ တာဝတိံသေသု ဒေဝေသု၊ တာဝတိံသာ နတ်ပြည်တို့၌။ ဘုတ္တာ၊ ခံစားအပ်ကုန်ပြီ။

၂၂၀။ နာရဒ၊ အမောင်နာရဒ။ သော အဟံ၊ ထိုငါသည်။ ဧတာဒိသံ၊ ဤသို့ သဘောရှိသော ကာမဂုဏ်ကို။ ဟိတွာ၊ စွန့်ခဲ့၍။ ပုညာယ၊ ကောင်းမှုပြုခြင်းငှာ။ ဣဓ၊ ဤအရပ်သို့။ အာဂတော၊ လာသည်။ အမှိ၊ ဖြစ်၏။ အဟံ၊ ငါသည်။ ဓမ္မံ ဧဝ၊ ကုသိုလ်တရားကိုသာလျှင်။ စရိဿာမိ၊ ကျင့်အံ့။ ရဇ္ဇေန၊ မင်းအဖြစ်ဖြင့်။ န အတ္တိကော၊ အလိုမရှိ။

၂၂၁။ နာရဒ၊ အမောင် နာရဒ။ အဒဏ္ဍာဝစရံ၊ ဒဏ်မရှိသော သူမြတ်တို့သည် ကျင့်အပ်သော။ သမ္မာသမ္ဗုဒ္ဓဒေသိတံ၊ သဗ္ဗညူမြတ်စွာဘုရားတို့သည် ဟောတော်မူသော။ မဂ္ဂံ၊ မဂ္ဂင်ရှစ်ပါးသည်။ အတ္ထိ၊ ရှိ၏။ သုဗ္ဗတာ၊ ကောင်းသော အကျင့်ရှိကုန်သော သူတို့သည်။ ယေန မဂ္ဂေန၊ အကြင် မဂ္ဂင်ရှစ်ပါးဖြင့်။ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။ ဂစ္ဆန္တိ၊ သွားရကုန်၏။ တံ မဂ္ဂံ၊ ထိုမဂ္ဂင်ရှစ်ပါးတရားကို။ ပဋိပဇ္ဇိဿံ၊ ငါ ကျင့်အံ့။

ဤသို့လျှင် ဘုရားလောင်း သာဓိနမင်းကြီးသည် ဤဂါထာတို့ကို သဗ္ဗညုတဉာဏ်ဖြင့် အကျဉ်းချုံး၍ ဟောတော်မူ၏။ ထိုအခါ သာဓိနမင်းကြီးကို မြစ်တော် နာရဒမင်းသည် တဖန်လည်း အရှင်မင်းကြီး တိုင်းပြည်ကို ဆုံးမတော်မူပါလော့ဟု ဆို၏။ အမောင် နာရဒ ငါသည် မင်းအဖြစ်ကို အလိုမရှိ၊ အနှစ်ခုနစ်ရာတို့ပတ်လုံး ကင်းလေသော အလှူကို ခုနစ်ရက်ဖြင့်သာလျှင် လှူလို၏ဟု ဆို၏။ မြစ်တော် နာရဒမင်းသည် ကောင်းပြီဟု သာဓိနမင်းကြီး စကားကို ဝန်ခံ၍ အလှူကြီးကို စီရင်၏။ သာဓိနမင်းကြီးသည် ခုနစ်ရက်ပတ်လုံး အလှူကြီးကိုပေးပြီးလျှင် ခုနစ်ရက်မြောက်သောနေ့၌ သေ၍ တာဝတိံသာ နတ်ပြည်၌ ဖြစ်တော်မူ၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဤသို့ ဥပုသ်ဆောက်တည်ခြင်း မည်သည်ကား သုံးအပ်သော အရာနှင့်ယှဉ်၏ဟု ပြတော်မူသဖြင့် သစ္စာကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ဒါယကာ အပေါင်းတို့တွင် အချို့ကုန်သော သူတို့သည် သောတာပတ္တိဖိုလ်၌ တည်ကုန်၏။ အချို့ကုန်သောသူတို့သည် သကဒါဂါမိဖိုလ်၌ တည်ကုန်၏။ အချို့ကုန်သော သူတို့သည် အနာဂါမိဖိုလ်၌ တည်ကုန်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ အာနန္ဒာသည် ထိုအခါ နာရဒမင်း ဖြစ်ဘူးပြီ၊ ယခုအခါ အနုရုဒ္ဓါသည် ထိုအခါ သိကြားမင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သာဓိနမင်း ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

သီလမြဲတည်၊ ကုသိုလ်စည်၊ သက်ရှည် ရောဂါကင်း

တဆယ့်တခုမြောက်သော သာဓိနဇာတ်သည် ပြီး၏။

*****