သရဘမိဂဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၈၃။ သရဘမိဂဇာတ် (၁၀)


တေရသကနိပါတ်

၁၀။ သရဘမိဂဇာတ်

ရှင်သာရိပုတ္တရာမထေရ်၏ ပညာကြီးခြင်းအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အာသိသေထေဝ ပုရိသော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသရဘမိဂဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အကျဉ်းအားဖြင့် မေးအပ်သော ပြဿနာကို အရှင်သာရိပုတ္တရာ မထေရ်သည် အကျယ်အားဖြင့် ဖြေဆိုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။

အဘယ်ကာလ၌ မြတ်စွာဘုရားသည် အရှင်သာရိပုတ္တရာကို အကျဉ်းအားဖြင့် ပြဿနာကို မေးတော်မူသနည်းဟူမူကား တာဝတိံသာနတ်ပြည်မှ သက်ဆင်းတော်မူသောအခါ မေးတော်မူ၏။ ထိုသို့ မေးတော်မူရာ၌ ဤဆိုလတ္တံ့သည်ကား အကျဉ်းအားဖြင့် အစဉ်ဖြစ်သော စကားတည်း။

ရာဇဂြိုဟ်သူဌေး၏ ဥစ္စာဖြစ်သော စန္ဒကူးသပိတ်ကို အရှင်ပိဏ္ဍောလဘာရဒွါဇ မထေရ်သည် တန်ခိုးဖြင့် ယူသည်ရှိသော် မြတ်စွာဘုရားသည် ရဟန်းတို့အား တန်ခိုးပြာဋိဟာပြခြင်းကို ပယ်တော်မူ၏။ တိတ္ထိတို့သည် ရဟန်းဂေါတမသည် တန်ခိုးပြာဋိဟာပြခြင်းကို ပယ်အပ်ပြီ။ ယခုအခါ မိမိသည်လည်း မပြုလတ္တံ့ဟု ကြံ၍ နှလုံးမသာ မျက်နှာအောက်ချ၍ ရှိကုန်သော မိမိတပည့်တို့သည် အရှင်ဘုရားတို့ အဘယ်ကြောင့် တန်ခိုးနှင့် စန္ဒကူးနံ့သာ သပိတ်ကိုမယူကြကုန်သနည်းဟု ဆိုအပ်ကုန်သည် ရှိသော် ဒါယကာတို့ ငါတို့အား တန်ခိုးပြခြင်းအမှုသည် မခက်၊ ထိုသို့ မခက်သော်လည်း သစ်သားသပိတ်အလို့ငှာ မိမိ၏ နူးညံ့သိမ်မွေ့သော ကျေးဇူးကို အဘယ်သူသည် လူတို့အား ပြအံ့နည်းဟု ကြံ၍ မယူကုန်၊ သာကီဝင်မင်းသားဖြစ်ကုန်သော ရဟန်းတို့သည်ကား လျှပ်ပေါ်လော်လီသောကြောင့် တန်ခိုးပြ၍ ယူကုန်၏။ ငါတို့အား တန်ခိုးပြခြင်းသည် ဝန်လေးကုန်၏ဟု မကြံကြကုန်လင့်၊ ထိုစကားသည် မှန်၏။ ငါတို့သည် ရဟန်းဂေါတမ တပည့်တို့ကို ထားလိုက်ကုန်ဦး၊ အလိုရှိကုန်လတ်သော် ရဟန်းဂေါတမနှင့်တကွ တန်ခိုးပြကုန်အံ့၊ အကယ်၍ ရဟန်းဂေါတမသည် တခုသော တန်ခိုးပြာဋိဟာကို ပြအံ့၊ ငါတို့သည် နှစ်ဆတက်သောတန်ခိုးကို ပြကုန်အံ့ဟု ဆိုကြကုန်၏။

ထိုစကားကိုကြား၍ ရဟန်းတို့သည် မြတ်စွာဘုရားအား ကြားလျှောက်ကုန်၏။ အရှင်ဘုရား တိတ္ထိတို့သည် တန်ခိုးပြာဋိဟာကို ပြကုန်အံ့သတတ်ဟု ကြားလျှောက်ကန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ အကယ်၍ တိတ္ထိတို့သည် တန်ခိုးပြခြင်းကို ပြုကုန်အံ့၊ ငါဘုရားသည်လည်း ပြအံ့ဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူသော စကားကို ကြား၍ ဗိမ္ဗိသာရမင်းကြီးသည် လာလတ်၍ မြတ်စွာဘုရားကို မေးလျှောက်၏။ အရှင်ဘုရား တန်ခိုးပြာဋိဟာ ပြခြင်းကို ပြုတော်မူလတ္တံ့လောဟု မေးလျှောက်၏။ မြတ်သောမင်းကြီး ပြအံ့ဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား သိက္ခာပုဒ်ကို ပညတ်တော်မူပြီးသည် မဟုတ်ပါလောဟု မေးလျှောက်၏။ မြတ်သောမင်းကြီး ထိုသိက္ခာပုဒ်ကို ငါဘုရားသည် တပည့်တို့အားသာ ပညတ်တော်မူ၏။ ဘုရားတို့ကား သိက္ခာပုဒ်မည်သည်မရှိ၊ မြတ်သောမင်းကြီး ဥပမာမည်သည်ကား။ သင်မင်းကြီး၏ ဥယျာဉ်တော်၌ ပန်း သစ်သီးကို တပါးကုန်သော သူတို့အား တားမြစ်အပ်၏။ ရှင်မင်းကြီးအား မတားမြစ်အပ်၊ ဤသို့ ဥပမာ ဥပမေယျနှင့် ပြည့်စုံခြင်းကို မှတ်အပ်၏ဟု မိန့်တော်မူ၏။ အရှင်ဘုရား အဘယ်အရပ်၌ တန်ခိုးပြခြင်းကို ပြုတော်မူကုန်အံ့နည်းဟု မေးလျှောက်၏။ မြတ်သောမင်းကြီး သာဝတ္ထိမြို့၏ အနီး ကဏ္ဍမည်သော သရက်ပင်ရင်း၌ ပြအံ့ဟု မိန့်တော်မူ၏။ အကျွန်ုပ်တို့သည် ထို တန်ခိုးပြတော်မူရာ၌ အသို့ပြုရအံ့နည်းဟု လျှောက်သည်ရှိသော် မြတ်သောမင်းကြီး တစုံတခုသော ပြုဘွယ်သည် မရှိဟု မိန့်တော်မူ၏။

နက်ဖြန်နေ့၌ မြတ်စွာဘုရားသည် ဆွမ်း ဘုဉ်းပေးခြင်းကိစ္စ ပြီးလတ်သော် ဒေသစာရီ ကြွတော်မူ၏။ လူတို့သည် အရှင်ဘုရားတို့ မြတ်စွာဘုရားသခင်သည် အဘယ်အရပ်သို့ ကြွတော်မူသနည်းဟု မေး၏။ သာဝတ္ထိမြို့အနီး ကဏ္ဍမည်သော သရက်ပင်ရင်း၌ တိတ္ထိတို့ကို နှိပ်နင်းတတ်သော ရေမီးအစုံအစုံဖြစ်သော တန်ခိုးပြာဋိဟာကို ပြခြင်းငှာ ကြွတော်မူ၏ဟု ဆိုကုန်၏။ ထိုရဟန်းတို့ စကားကို ကြား၍ လူများသည်အံ့ဘွယ်သရဲ ဤသို့သဘောရှိသော တန်ခိုးပြာဋိဟာသည် ဖြစ်လတ္တံ့၊ ထိုတန်ခိုးပြာဋိဟာကို ဖူးမြင်အံ့ဟု အိမ်တံခါးကိုပိ၍ မြတ်စွာဘုရားနှင့် တကွလျှင် သွားကုန်၏။ သာသနာတော်မှ အပဖြစ်ကုန်သော တိတ္ထိတို့သည် ငါတို့သည်လည်း ရဟန်းဂေါတမပြရာ၌ တန်ခိုးပြာဋိဟာကို ပြကုန်အံ့ဟု မိမိတို့ အလုပ် အကျွေးတို့နှင့် တကွ မြတ်စွာဘုရား ကြွရာသို့သာလျှင် လိုက်ကုန်၏။

သဗ္ဗညူမြတ်စွာဘုရားသည် အစဉ်သဖြင့်လျှင် သာဝတ္ထိပြည်သို့ ကြွတော်မူ၍ ကောသလမင်းကြီးသည် အရှင်ဘုရား တန်ခိုးပြာဋိဟာကို ပြတော်မူအံ့သတတ်လောဟု မေးလျှောက်သည် ရှိသော် မြတ်သောမင်းကြီး ပြအံ့ဟု မိန့်တော်မူ၍ အရှင်ဘုရား အဘယ်အခါ၌ ပြတော်မူလတ္တံ့နည်းဟု မေးလျှောက်သည်ရှိသော် ဤနေ့မှစ၍ ခုနစ်ရက်မြောက်ဖြစ်သော ဝါဆိုလပြည့်နေ့၌ ပြအံ့ဟု မိန့်တော်မူ၏။ အရှင်ဘုရား အကျွန်ုပ်သည် မဏ္ဍပ်ကိုပြုအံ့ဟု လျှောက်သည်ရှိသော် မြတ်သောမင်းကြီး မသင့်၊ ငါ တန်ခိုးပြရာ အရပ်၌ သိကြားနတ်မင်းသည် တဆယ့်နှစ်ယူဇနာရှိသော ရတနာမဏ္ဍပ်ကို ပြုလတ္တံ့ဟု မိန့်တော်မူလတ်သော် အရှင်ဘုရား ဤအကြောင်းကို တမြို့လုံး၌ ကြွေးကြော်စေအံ့ဟု လျှောက်သည်ရှိသော် မြတ်သောမင်းကြီး ကြွေးကြော်စေလော့ဟု မိန့်တော်မူ၍ ကောသလမင်းသည် တရားနာ ကြွေးကြော်တတ်သောသူကို တန်ဆာဆင်သော ဆင်ကျောက်ကုန်း၌တင်၍ ဘုရားသခင်သည် သာဝတ္ထိမြို့ တံခါးအနီး ကဏ္ဍမည်သော သရက်ပင်ရင်း၌ တိတ္ထိတို့ကို နှိပ်နင်းတတ်သော တန်ခိုးပြာဋိဟာကို ပြတော်မူလတ္တံ့သတတ်၊ ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့ ခြောက်ရက်မြောက်သောနေ့ ငါးရက်မြောက်သောနေ့ ဤသို့ နေ့တိုင်း ကြွေးကြော်စေ၏။

တိတ္ထိတို့သည် ကဏ္ဍမည်သော သရက်ပင်ရင်း၌ ပြလတ္တံ့ဟု ကြားကုန်၍ သရက်ပင်ရှင်တို့အား ဥစ္စာပေး၍ သရက်ပင်ရှင်တို့ကို သာဝတ္ထိမြို့နှင့် နီးကုန်သော သရက်ပင်တို့ကို ဖြတ်စေကုန်၏။ တရားနာ ကြွေးကြော်တတ်သောသူသည် နက်ဖြန်နေ့၌ နံနက်ကလျှင် ဘုရားသခင် တန်ခိုးပြာဋိဟာသည် ဖြစ်လတ္တံ့ဟု ကြွေးကျော်၏။ နတ်တို့၏ အာနုဘော်ကြောင့် အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်းဝယ် အိမ်တံခါး၌ရပ်၍ ကြွေးကြော်သကဲ့သို့ ဖြစ်၏။ အကြင် အကြင် သူတို့သည် တန်ခိုးပြတော်မူရာ အရပ်သို့ သွားခြင်းငှါ စိတ်ကို ဖြစ်စေကုန်၏။ ထိုထိုသူတို့သည် သာဝတ္ထိပြည်သို့ ရောက်၍သာလျှင် မိမိကိုယ်တိုင် မြင်ရကုန်၏။ ပရိသတ်သည် တဆယ့်နှစ်ယူဇနာရှိ၏။ သဗ္ဗညူမြတ်စွာဘုရားသည် နံနက်ကလျှင် သာဝတ္ထိပြည်၌ ဆွမ်းခံ၍ ထွက်တော်မူ၏။ ကဏ္ဍမည်သော ဥယျာဉ်စောင့်သည် ပင်ထက်မှည့်ဖြစ်သော အိုးအတိုင်းအရှည်ရှိသော ကြီးစွာသော သရက်သီးမှည့်ကို မင်းအား ဆက်အံ့သောငှါ ဆောင်ခဲ့သည်ရှိသော် မြတ်စွာဘုရားကို မြို့တံခါး၌မြင်၍ ဤသရက်သီးမှည့်သည် မြတ်စွာဘုရားအားသာလျှင် လျောက်ပတ်၏ဟု ကြံ၍ လှူ၏။

မြတ်စွာဘုရားသည် ခံတော်မူ၍ ထိုအရပ်၌လျှင် တင့်အပ် လျောက်ပတ်စွာ နေတော်မူ၍ ဘုဉ်းပေးတော်မူပြီးသော် အာနန္ဒာ ဤသရက်စေ့ကို ဥယျာဉ်စောင့်အား ဤအရပ်၌ စိုက်စိမ့်သောငှါ ပေးလော့၊ ဤသရက်ပင်သည် ကဏ္ဍမည်သော သရက်ပင်သည် ဖြစ်လတ္တံ့ဟု မိန့်တော်မူ၏။ အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရား မိန့်တော်မူတိုင်း ပြု၏။ ဥယျာဉ်စောင့်သည် မြေကိုယက်၍ စိုက်၏။ ထိုခဏ၌ သရက်စေ့သည် ကွဲ၍ အမြစ်တို့သည် သက်ကုန်၏။ ထွန်တုံးခေါင်းပမာဏရှိသော နီသောအညွန့်သည် ပေါက်၏။ လူများကြည့်စဉ်လျှင် ပင်စည် အတောင်ငါးဆယ်, ခက်မ အတောင်ငါးဆယ်, အရပ် အတောင်တရာရှိသော သရက်ပင်သည် ပြည့်စုံစွာဖြစ်၏။ ထိုခဏ၌လျှင် သရက်ပင်အား အပွင့်တို့သည်၎င်း, အသီးတို့သည်၎င်း ဖြစ်ကုန်၏။ ထိုသရက်ပင်သည် ချိုသော သရက်သီးမှည့်နှင့် ပြည့်စုံသည်ဖြစ်၍ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော အသီးဝန်ကို ဆောင်လျက် ကောင်းကင်ကို ပြည့်စေ၍ တည်လေ၏။ လေခတ်သောအခါ ချိုစွာသော သရက်သီးမှည့်တို့သည် ကြွေကျကုန်၏။ လာတိုင်းသော ရဟန်းတို့သည် စားပြီး၍လျှင် လာခဲ့ကုန်၏။

ညချမ်းအခါ၌ သိကြားနတ်မင်းသည် ဆင်ခြင်လတ်သော် မြတ်စွာဘုရားအား ရတနာမဏ္ဍပ် ဆောက်ခြင်းသည် ငါတို့ဝန်တည်းဟု သိ၍ ဝိသုကြုံနတ်သားကို စေပြီးလျှင် တဆယ့်နှစ်ယူဇနာရှိသော ကြာညိုဖြင့် ဖုံးလွှမ်းအပ်သော ရတနာမဏ္ဍပ်ကို ပြုစေ၏။ ဤသို့လျှင် စကြဝဠာတသောင်း၌ နေကုန်သော နတ်အပေါင်းတို့သည် စည်းဝေးကုန်၏။ မြတ်စွာဘုရားသည် တိတ္ထိတို့ကို နှိပ်နင်းတတ်သော သာဝကတို့နှင့် မဆက်ဆံသော ရေမီး အစုံအစုံ ဖြစ်သော ယမိုက်ပြဋိဟာကို ပြတော်မူ၍ လူများ ကြည်ညိုသောအဖြစ်ကို သိတော်မူလျှင် ကောင်းကင်မှ သက်တော်မူ၍ ဘုရားနေရာတော်၌ နေတော်မူလျက် တရားဟောတော်မူ၏။ ကုဋေနှစ်ဆယ်သော သတ္တဝါတို့သည် အမြိုက်နိဗ္ဗာန်တည်းဟူသော အဖျော်ကို သောက်ရကုန်၏။ ထို့နောင်မှ ရှေးဘုရားတို့သည် ယမိုက်ပြာဋိဟာကို ပြတော်မူပြီးလျှင် အဘယ်အရပ်သို့ ကြွတော်မူကုန်သနည်းဟု ဆင်ခြင်တော်မူလတ်သော် တာဝတိံသာနတ်ပြည်သို့ ကြွတော်မူကုန်၏ဟု သိတော်မူလျှင် ဘုရားနေရာတော်မှ ထတော်မူ၍ လကျ်ာခြေတော်ကို ယုဂန္ဓိုရ်တောင်ထိပ်၌ ချတော်မူ၍ လက်ဝဲခြေတော်ကို မြင့်မိုရ်တောင်ထိပ်၌ နင်းတော်မူ၍ ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ ကျောက်နေရာ၌ ဝါကပ်တော်မူ၍ ဝါတွင်းသုံးလပတ်လုံး နတ်ဗြဟ္မာတို့အား အဘိဓမ္မာပိဋကတ်တော်ကို ဟောတော်မူ၏။

ပရိသတ်တို့သည် ဘုရားသခင် ကြွတော်မူရာ အရပ်ကို မသိကုန်သဖြင့် ဖူးမြင်၍သာလျင် သွားအံ့ဟု ထိုသာဝတ္ထိပြည်၌သာလျင် ဝါတွင်းသုံးလပတ်လုံး နေကုန်၏။ ပဝါရဏာနေ့ နီးလတ်သော် မဟာမောဂ္ဂလာန် မထေရ်သည် သွား၍ ဘုရားသခင်အား ကြားလျောက်၏။ ထိုအခါ မဟာမောဂ္ဂလာန် မထေရ်ကို သဗ္ဗညူ မြတ်စွာဘုရားသည် မေးတော်မူ၏။ မောဂ္ဂလာန် သာရိပုတ္တရာသည် ယခုအခါ အဘယ်မှာရှိသနည်းဟု မေးတော်မူ၏။ အရှင်ဘုရား ဤသာရိပုတ္တရာသည် ယမိုက်ပြာဋိဟာကို ကြည်ညို၍ ရဟန်းပြုကုန်သော ရဟန်းငါးရာတို့နှင့်တကွ သင်္ကဿနဂိုရ် ပြည်တံခါး၌ နေပါ၏ဟု နားတော်လျှောက်သည်ရှိသော် မောဂ္ဂလာန် ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ တာဝတိံသာမှ ငါသက်တော်မူအံ့၊ ငါဘုရားကို ဖူးမြင်လိုကုန်သော သူတို့သည် သင်္ကဿနဂိုရ်ပြည်၌ တပေါင်းတည်း စည်းဝေးစေကုန်လော့ဟု မိန့်တော်မူသည်ရှိသော် မဟာမောဂ္ဂလာန်သည် ကောင်းပြီဟု ဝန်ခံ၍ လာခဲ့ပြီးလျှင် ပရိသတ်အား ကြားတော်မူ၏။ အလုံးစုံသော ပရိသတ်ကို သာဝတ္ထိပြည်မှ ယူဇနာသုံးဆယ်ရှိသော သင်္ကဿ နဂိုရ်ပြည်သို့ တခဏ ချင်းလျှင် ရောက်စေတော်မူ၏။

သဗ္ဗညူ မြတ်စွာဘုရားသည် ဝါကျွတ်ပြီးသော် ပဝါရဏာပြုတော်မူ၍ မြတ်သော သိကြားနတ်မင်း လူ့ပြည်သို့ ငါ သွားအံ့ဟု သိကြားမင်းအား ကြားတော်မူ၏။ သိကြားမင်းသည် ဝိသုကြုံနတ်သားကို ခေါ်၍ အမောင် ဝိသုကြုံ သဗ္ဗညူ မြတ်စွာဘုရားသည် လူ့ပြည်သို့ ကြွတော်မူရာ စောင်းတန်းသုံးသွယ်တို့ကို ပြုလော့ဟု ဆို၏။ ထိုဝိသုကြုံနတ်သားသည် မြင့်မိုရ်တောင်ထိပ်၌ စောင်းတန်းဖျားမှ သင်္ကဿနဂိုရ်ပြည်တံခါး၌ စောင်းတန်းရင်းကိုပြု၍ အလယ်၌ ပတ္တမြားဖြင့်ပြီးသော စောင်းတန်း, နံပါးတဖက်၌ ငွေဖြင့်ပြီးသော စောင်းတန်း, နံပါးတဖက်၌ ရွှေဖြင့်ပြီးသော စောင်းတန်း, ဤသို့ သုံးသွယ်သော စောင်းတန်းတို့ကို ဖန်ဆင်းစီရင်၏။ ရတနာခုနစ်ပါးနှင့်ပြီးသော ပွတ်တိုင်တို့ဖြင့် ခြံရံ၏။

သဗ္ဗညူ မြတ်စွာဘုရားသည် အလုံးစုံသော လောကကို အပိတ်အပင်မရှိ မြင်စေတော်မူသော လောကဝိဝရဏ ပြာဋိဟာကို ပြတော်မူလျက် အလယ်၌ ပတ္တမြားဖြင့်ပြီးသော စောင်းတန်းဖြင့် လူ့ပြည်သို့ သက်တော်မူ၏။ သိကြားမင်းသည် သပိတ်သင်္ကန်းတော်ကို ကိုင်၏။ သုယာမ နတ်သားသည် သားမြီးယပ်ကို ကိုင်၏။ သဟမ္ပတိ ဗြဟ္မာမင်းသည် ထီးကို ဆောင်း၏။ စကြဝဠာတသောင်း၌ နေကုန်သော နတ်ဗြဟ္မာအပေါင်းတို့သည် နတ်၌ဖြစ်သော ပန်း နံ့သာ အစရှိသည်ဖြင့် ပူဇော်ကုန်၏။ စောင်းတန်းဦး၌ ရပ်တော်မူသော မြတ်စွာဘုရားကို အရှင်သာရိပုတ္တရာ မထေရ်သည် ရှေးဦးစွာ ရှိခိုး၏။ နောက်မှ ကြွင်းသော ပရိသတ်တို့သည် ရှိခိုးကုန်၏။

ထိုအစည်းအဝေး၌ မြတ်စွာဘုရားသည် ကြံတော်မူ၏။ မောဂ္ဂလာန်သည် တန်ခိုးကြီးသောသူဟူ၍ အလွန် ထင်ရှား၏။ ဥပါလိသည် ဝိနည်းဓိုရ်ဟူ၍ အလွန်ထင်ရှား၏။ သာရိပုတ္တရာအားကား ကြီးသောပညာ ကျေးဇူးဖြင့် မထင်ရှားသေး၊ ငါဘုရားကိုထား၍ ငါမှတပါးသော သာရိပုတ္တရာ၏ ပညာကို မှီခြင်းငှါ စွမ်းနိုင်သောသူမည်သည် မရှိသတတ်၊ ထိုသာရိပုတ္တရာ၏ ပညာဂုဏ်ကို ထင်ရှားစွာ ငါပြုအံ့ဟု ကြံတော်မူ၍ ရှေးဦးစွာ ပုထုဇဉ်တို့၏ အရာဖြစ်သော ပြဿနာကို မေးတော်မူ၏။ ရှေးဦးဖြစ်သော ထိုပြဿနာကို ပုထုဇဉ်တို့သည်လျှင် ဖြေဆိုကုန်၏။ ထို့နောင် သောကပန်တို့၏ အရာဖြစ်သော ပြဿနာကို မေးတော်မူ၏။ ထိုပြဿနာကို သောတာပန်တို့သည်ပင် ဖြေဆိုကုန်၏။ ပုထုဇဉ်တို့သည် မသိကုန်။ ထို နောင်မှ သကဒါဂါမ်တို့၏ အရာ, အနာဂါမ်တို့၏ အရာ, ရဟန္တာတို့၏ အရာ, မဟာသာဝကတို့၏ အရာဖြစ်သော ပြဿနာကို မေးတော်မူ၏။ ထိုပြဿနာကိုလည်း အောက်အောက်ဖြစ်သော သူတို့သည် မသိကုန်၊ အထက်အထက်၌ တည်သော သူသည်သာလျှင် ဖြေဆိုကုန်၏။ အဂ္ဂသာဝကတို့၏အရာ၌ မေးတော်မူသော ပြဿနာကိုလည်း အဂ္ဂသာဝကတို့သည်သာ ဖြေဆိုကုန်၏။ တပါးသော သူတို့သည် မသိကုန်၊ ထို့နောင်မှ အရှင်သာရိပုတ္တရာမထေရ် အရာ၌ ပြသနာကို မေးတော်မူ၏။ ထိုပြဿနာကို အရှင်သာရိပုတ္တရာ မထေရ်သည်သာလျှင် ဖြေ၏။ အရှင်သာရိပုတ္တရာမထေရ်မှ တပါးသောသူတို့သည် မသိကုန်။ လူတို့သည် ဤမထေရ်သည် ဘုရားသခင်နှင့်တကွ ဖြေဆို၏။ ထိုမထေရ်သည် အဘယ်အမည်ရှိသနည်းဟု မေး၍ တရားစစ်သူကြီး ဖြစ်တော်မူသော အရှင်သာရိပုတ္တရာ အမည်ရှိ၏ဟု ကြား၍ ပညာကြီးပေစွဟု ဆိုကြကုန်၏။ ထိုအခါမှစ၍ လူ့နတ်တို့၏ အလယ်၌ အရှင်သာရိပုတ္တရာမထေရ်၏ ပညာကြီးသောဂုဏ်သည် အလွန် ထင်ရှားသည်ဖြစ်၏။ ထိုအခါ သာရိပုတ္တရာမထေရ်ကို ပြဿနာ မေးလိုရကား-

ယေ စ သင်္ခတဓမ္မာသေ၊ ယေ စ သေက္ခာ ပုထူ ဣဓ။
တေသံ မေ နိပကော ဣရိယံ၊ ပုဋ္ဌော ပဗြူဟိ မာရိသ။

ဟူသော ဤဂါထာကို မိန့်တော်မူ၏။

မာရိသ၊ သာရိပုတ္တရာ။ ဣဓ၊ ဤသာသနာတော်၌။ ပုထူ၊ များစွာကုန်သော။ ယေ သင်္ခတဓမ္မာသေ စ၊ အကြင်ရဟန္တာတို့သည်၎င်း။ ယေ စ သေက္ခာ၊ အကြင် သေက္ခခုနစ်ယောက်တို့သည်၎င်း။ သန္တိ၊ ရှိကုန်၏။ တေသံ၊ ထိုအရိယာ ရှစ်ယောက်တို့တွင်။ တံ၊ သင် သာရိပုတ္တရာကို။ နိပကော၊ ပညာကြီး၏ဟူ၍။ မေ၊ ငါဘုရားသည်။ ဣရိယံ၊ မိန့်တော်မူအပ်၏။ ပုဗ္ဗေ၊ မေးအပ်သော သင်သည်။ မေ၊ ငါ့အား။ ပဗြူဟိ၊ ဖြေလော့။

ဤသို့ ဘုရားအရာ၌ ပြဿနာကို မေးတော်မူ၍ သာရိပုတ္တရာ အကျဉ်းအားဖြင့် ငါမေးအပ်သော ဤပြဿနာ၏ အနက်ကို အဘယ်သို့လျှင် အကျယ်အားဖြင့် မှတ်အပ်သနည်းဟု မိန့်တော်မူ၏။ ထိုအရှင်သာရိပုတ္တရာ မထေရ်သည် ပြဿနာကိုကြည့်၍ ဘုရားသခင်သည် သာရိပုတ္တရာ ဖြေလော့ဟု ငါ့အား ရဟန်းတို့၏ အာဂမပဋိပဒါကို မေးတော်မူ၏။ ဤသို့လျင် ယုံမှားကင်းသည်ဖြစ်၍ အာဂမပဋိပဒါ မည်သည်ကား ခန္ဓာအစရှိသည်တို့၏ အစွမ်းဖြင့် များစွာကုန်သော အကြောင်းတို့ဖြင့် ဖြေဆိုခြင်းငှါ တတ်နိုင်ရာ၏။ စင်စစ်သော်ကား အဘယ်သို့သော အကြောင်းဖြင့် ဖြေသည်ရှိသော် ဘုရားသခင်အလိုတော်ကို ယူခြင်းငှါ တတ်နိုင်အံ့နည်းဟု ဘုရားသခင်အလိုတော်တော်၌ ယုံမှားရှိ၏။ သဗ္ဗညူမြတ်စွာဘုရားသည် သာရိပုတ္တရာသည် ပြဿနာ၌ကား ယုံမှားမရှိ၊ ငါဘုရားအလိုတော်၌ကား ယုံမှားရှိ၏။ ငါနည်းပေးတော် မမူသည်ရှိသော် ဖြေခြင်းငှါ မတတ်နိုင်လတ္တံ့၊ နည်းပေးသည်ရှိသော် သာရိပုတ္တရာသည် ငါ၏အလိုကိုယူ၍ ခန္ဓာ၏အစွမ်းအားဖြင့် ဖြေဆိုလတ္တံ့ဟု နှလုံးသွင်း၍ နည်းပေးတော်မူလိုရကား သာရိပုတ္တရာ ဖြစ်ဘူးသည်ကို အောက်မေ့လော့ဟု မိန့်တော်မူ၏။ ဤသို့ အရှင်သာရိပုတ္တရာ မထေရ်အား နည်းပေးတော်မူသည်နှင့်တကွ ထိုပြဿနာသည် နည်းအရာ နည်းအထောင် ထင်၏။ ထိုအရှင်သာရိပုတ္တာသည် ဘုရားသခင် ပေးတော်မူသောနည်း၌ တည်၍ ဘုရားအရာ၌ ပြဿနာကို ဖြေ၏။

သဗ္ဗညူမြတ်စွာဘုရားသည် တဆယ့်နှစ်ယူဇနာရှိသော ပရိသတ်အား တရားဟောတော်မူ၏။ ကုဋေသုံးဆယ်ကုန်သော သတ္တဝါတို့သည် အမြိုက်နိဗ္ဗာန်တည်းဟူသော အဖျော်ကို သောက်ရကုန်၏။ နတ်ပြည်မှ သက်တော်မူ၍

သင်္ကဿနဂိုရ်မြို့တံခါး၌ ရပ်တော်မူသော မြတ်စွာဘုရားသည် ပရိသတ်ကို လွှတ်တော်မူလိုက်၍ ဒေသစာရီ ကြွတော်မူသည်ရှိသော် အစဉ်သဖြင့် သာဝတ္ထိပြည်သို့ ရောက်တော်မူ၏ နက်ဖြန်နေ့၌ သာဝတ္ထိပြည်မြို့သို့ ဆွမ်းခံကြွတော်မူ၍ ဆွမ်းခံရာမှ ဖဲခဲ့ပြီးသော် ရဟန်းတို့သည် ဝတ်ကို ပြုသည်ရှိသော် ဂန္ဓကုဋိသို့ ဝင်တော်မူ၏။ ညချမ်းအခါ ရဟန်းတို့သည် အရှင်သာရိပုတ္တရာ မထေရ်၏ ဂုဏ်ကျေးဇူးစကားကို ပြောဆိုလျက် တရားသဘင်၌ စည်းဝေး၍ နေကုန်၏။ ငါ့သျှင်တို့ အရှင်သာရိပုတ္တရာ မထေရ်သည် များသော ပညာရှိ၏။ ကြီးကျယ်သော ပညာရှိ၏။ လျင်သော ပညာရှိ၏။ ထက်သော ပညာရှိ၏။ ထိုးထွင်းသော ပညာရှိ၏။ ဘုရားသခင်သည် အကျဉ်းအားဖြင့် မေးတော်မူသော ပြဿနာကို အကျယ်အားဖြင့် အနက်ကို ဖြေဆို၏ဟု ချီးမွမ်းလျက် စည်းဝေး၍ နေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌ သာလျှင် မဟုတ်သေး၊ ရှေး၌လည်း ဤသာရိပုတ္တရာသည် အကျဉ်းအားဖြင့် ဆိုအပ်သောစကား၏ အနက်ကို အကျယ်အားဖြင့် ဖြေဆိုဘူးပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သမင်ဆီးဆောက်အမျိုး၌ ဖြစ်၍ တော၌နေ၏။ မင်းသည် သမင်သားစားကြူး၏ အားအစွမ်းနှင့်ပြည့် စုံ၏။ တပါးသောလူကို လူဟူ၍မရေတွက်၊ ထိုမင်းသည် တနေ့သ၌ သမင်တောသို့သွား၍ အမတ်တို့ကို ဆို၏။ အကြင်သူ၏ နံပါးဖြင့် သမင်သည် ထွက်ပြေးအံ့၊ ထိုသူအား ရာဇဒဏ်ကို ပေးအံ့ဟု ဆို၏။ အမတ်တို့သည် ကြံကြကုန်၏။ ရံခါ အလယ်၌နေသော သမင်ကို ပစ်ကုန်၏။ ရံခါ ထသောသမင်ကို ပစ်ကုန်၏။ ရံခါ ပြေးသော သမင်ကို ပစ်ကုန်၏။ ယနေ့မူကား တစုံတခုသော ဥပါယ်တမျဉ်ဖြင့် အရှင်မင်းကြီး တည်ရာအရပ်သို့လျှင် တင်ကုန်အံ့ဟု ကြံကြကုန်၏။ ကြံပြီးလျှင် ကတိကဝတ်ကို ပြုကြ၍ မင်းကြီးအား ခရီးဦးခရီးမကို ပေးကြကုန်၏။

ထိုအမတ်တို့သည် ကြီးစွာသောတောချုံကို ရံ၍ ဆောက်ပုတ် အစရှိသည်တို့ဖြင့် မြေကို ပုတ်ခတ်ကုန်၏။ ရှေးဦးစွာလျှင် သမင် ဆီးဆောက်သည် ထ၍ ချုံကို သုံးပတ် လှည့်လည်လျက် ပြေးရာအရပ်ကို ကြည့်သည်ရှိသော် ကြွင်းသောအရပ်တို့၌ လက်ရုံးချင်းယှက်ကာ လေးချင်းစပ်လျက် အခြားမရှိသည်ဖြစ်၍ တည်ကုန်သော လူတို့ကိုမြင်၍ မင်းရှိရာအရပ်၌သာလျှင် ထွက်ပြေးရာကို မြင်၏။ ထိုဘုရားလောင်း သမင်အီးဆောက်သည် ထိုသူတို့၏ မျက်စိတို့၌ ဖွင့်၍ သဲကိုကြဲသကဲ့သို့ ကေသရာဇာ ခြင်္သေ့မင်းကဲ့သို့ မင်းသို့ ရှေးရှုသွား၏။ မင်းသည် ထိုဘုရားလောင်းကို အားအစွမ်းနှင့် ပြည့်စုံသည်ကိုမြင်လျှင် မြှားကိုတင်၍ ပစ်၏။ သမင်ဆီးဆောက်တို့ မည်သည်ကား လှည့်ပတ်ခြင်း၌ အလွန်လိမ်မာကုန်၏။ မြှားသည် ရွှေရှူလာလတ်သော် အဟုန်ကို ယုတ်စေ၍ တည်ကုန်၏။ နောက်က မြှားလာသည်ရှိသော် လျင်စွာပြေးကုန်၏။ အထက်အဘို့ဖြင့် မြှားလာသည်ရှိသော် ကျောက်ကို ညွတ်စေကုန်၏။ နံပါးဖြင့် များလာသည်ရှိသော် အတန်ငယ် ဖဲကုန်၏။ ဝမ်းအနီးအပါးဖြင့် မြှားလာသည်ရှိသော် ပြန်၍လဲကုန်၏။ မြားလွန်သည်ရှိသော် လေကိုဖြတ်သော ဝလာဟက မြင်းကဲ့သို့ လျင်ခြင်းဖြင့် ပြေး၏။

ထိုမင်းသည်လည်း ဘုရားလောင်းပြန်၍ လဲသည်ရှိသော် သမင်ဆီးဆောက်ကို ငါပစ်မိပြီဟု ဟစ်ကြွေးသံကို လွှတ်၏။ သမင်ဆီးဆောက်သည် ထ၍ လေကဲ့သို့သော လျင်မြန်ခြင်းဖြင့် ပြေး၏။ ဗိုလ်စုဗိုလ်ဝန်းသည် ခွဲ၍ နံပါးနှစ်ဘက်တို့၌ တည်သောအမတ်တို့သည် သမင် ဆီးဆောက် ပြေးသည်ကို မြင်လျှင် တပေါင်းတည်းစု၍ မေးကုန်၏။ သမင်ဆီးဆောက်သည် အဘယ်သူအပါးသို့ တက်သနည်းဟု မေးကုန်၏။ အရှင်မင်းကြီး တည်ရာအရပ်သို့ တက်၍ပြေး၏ ဟု ဆိုကုန်၏။ မင်းသည် ငါပစ်မိပြီဟု ဆိုလေ၏။ ငါတို့မင်းသည် အဘယ်ကို ပစ်မိသနည်းဟု ဆိုကြကုန်၏။ အချင်းတို့ ငါတို့အရှင်မင်းကြီးသည် ချွတ်ယွင်းတော်မူ၏ဟု ဆိုသည်ရှိသော် ငါတို့အရှင်မင်းကြီးသည် မြေကို ပစ်မိလေသလောဟု အထူးထူး အပြားပြားအားဖြင့် မင်းနှင့်တကွ ပြက်ရယ်ပြုကုန်၏။ မင်းသည် ကြံ၏။ ဤသူတို့သည် ငါ့ကို ပြက်ရယ်ပြုကုန်၏။ ငါ၏ပမာဏကို မသိကုန်ဟု မြဲမြံစွာ ပုဆိုးကို ဝတ်ပြီးလျှင် သန်လျက်ကိုယူ၍ သမင်ဆီးဆောက်ကို လိုက်အံ့ဟု လျင်မြန်စွာ ပြေးလေ၏။ ထိုအခါ ထိုသမင်ကို မြင်၍ သုံးယူဇနာတိုင်တိုင် လိုက်လေ၏။

သရဘမည်သော သမင်မင်းသည် တောသို့ဝင်၏။ မင်းသည်လည်း ဝင်၏။ ထိုတော၌ သမင်မင်းသွားသော ခရီး၌ကား အတောင်ခြောက်ဆယ်ရှိသော သစ်ပင်ကြီး၏ အမြစ်ဆွေးပုပ်သော တွင်းသည် ရှိ၏။ ထိုအတောင်ခြောက်ဆယ်ရှိသော တွင်းသည် အတောင်သုံးဆယ် ပမာဏရှိသော ရေဖြင့် ပြည့်၏။ မြက်သစ်ရွက်တို့ဖြင့်လည်း ဖုံးလွှမ်း၏။ ထိုသမင်ဆီးဆောက်သည် ရေနံ့နံသဖြင့်လျှင် တွင်းကိုသိ၍ အတန်ငယ်ဖဲ၏။ မင်းသည်ကား ဖြောင့်ဖြောင့်လျှင် သွားသည်ရှိသော် ထိုတွင်း၌ ကျ၏။ သရဘ သမင်မင်းသည် ထိုမင်း၏ခြေသံကို မကြားလျှင် ပြန်၍ ကြည့်လတ်သော် ထိုမင်းကိုမမြင်၍ နက်စွာသော နရက်တွင်း၌ ကျသည်ဖြစ်လတ္တံ့ဟု သိ၍ ကြည့်လတ်သော် မထောက်မိသော နက်စွာသောရေ၌ အလွန်ပင်ပန်းသော ထိုမင်းကိုမြင်၍ ထိုမင်းပြုအပ်သော အပြစ်ကို နှလုံးမထားမူ၍ ကောင်းစွာဖြစ်သော သနားခြင်းရှိသည်ဖြစ်၍ ငါမြင်စဉ်လျှင် ဤမင်းသည် မပျက်စီးစေသတည်း၊ ဤဆင်းရဲမှ ထိုမင်းကို လွတ်စေအံ့ဟု ကြံ၍ တွင်းနားရပ်လျက် မြတ်သောမင်းကြီး မကြောက်လင့်၊ ကြီးစွာသော ဆင်းရဲမှသင်မင်းကြီးကို လွတ်စေအံ့ဟု ဆို၍ မိမိ၏ချစ်လှစွာသော သားကို ဆယ်တင်ခြင်းငှါ အားထုတ်ခြင်းကို ပြုသကဲ့သို့ ထိုမင်းအား ဆယ်တင်ခြင်းငှါ ကျောက်ဖြင့်ယှဉ်ခြင်းကိုပြု၍ ဆယ်တင်အံ့ဟု လာလတ်၍ ထိုမင်းကို အတောင်ခြောက်ဆယ်ရှိသော နရက်တွင်းမှ ဆယ်တင်သဖြင့် သက်သာရာရစေ၍ ကျောက် ကုန်းထက်သို့ တင်ပြီးလျှင် တောမှထုတ်၍ စစ်သည်ဗိုလ်ပါနှင့် မနီးမဝေးသောအရပ်၌ ချ၍ ထိုမင်းအား အဆုံးအမကိုပေးသဖြင့် ပဉ္စသီလတို့၌ တည်စေ၏။

မင်းသည် ဘုရားလောင်း သရဘသမင်မင်းနှင့် ကင်း၍ နေခြင်းငှါ မတတ်နိုင်သည်ဖြစ်၍ အရှင်သရဘသမင်မင်း အကျွန်ုပ်နှင့်တကွ ဗာရာဏသီပြည်သို့ လိုက်လှည့်ပါလော့၊ တဆယ့်နှစ်ယူဇနာရှိသော ဗာရာဏသီပြည်၌ မင်းအဖြစ်ကို အရှင်သမင်မင်းအား ပေးပါအံ့၊ ထိုဗာရာဏသီပြည်ကို မင်းပြုပါလော့ဟု ဆို၏။ မြတ်သောမင်းကြီး ငါတို့သည် တိရစ္ဆာန်ဖြစ်ကုန်၏။ ငါသည် မင်းအဖြစ်ကို အလိုမရှိ၊ အကယ်၍ အရှင်မင်းကြီးသည် ငါ၌ ချစ်ခြင်းရှိအံ့၊ ငါပေးသော သီလတို့ကို စောင့်ရှောက်လျက် တိုင်းပြည်သူတို့ကိုလည်း စောင့်ရှောက်စေလော့ဟု မင်းကိုဆုံးမ၍ တောသို့လျှင် ဝင်လေ၏။ ထိုမင်းသည် မျက်ရည်ပြည့်သော မျက်စိဖြင့် ဘုရားလောင်း သရဘသမင်မင်း၏ ဂုဏ်ကျေးဇူးကို အောက်မေ့လျှက် စစ်သည်ဗိုလ်စုသို့ရောက်၍ စစ်သည်ဗိုလ်ပါအပေါင်း ခြံရံလျက် မြို့သို့သွားပြီးလျှင် ဤနေ့မှစ၍ အလုံးစုံသော တိုင်းပြည်၌နေကုန်သော သူတို့သည် ငါးပါးသော သီလတို့ကို စောင့်လေကုန်ဟု တရားစည်ကြီးကို လည်စေ၏။ ဘုရားလောင်းသည် မိမိအား ပြုသောကျေးဇူးကိုကား တစုံတယောက်သောသူအား မပြောမူ၍ ညချမ်းအခါ အထူးထူးသော မြတ်သော အရသာရှိသော ဘောဇဉ်ကို စားပြီးလျှင် တန်ဆာဆင်သော အိပ်ရာ၌အိပ်၍ မိုးသောက်သောအခါ ဘုရားလောင်း ဂုဏ်ကျေးဇူးကို အောက်မေ့သဖြင့် ထ၍ အိပ်ရာအပြင်၌ ထက်ဝယ်ဖွဲ့သဖြင့် နေ၍ ပိတိပြည့်သော နှလုံးဖြင့် ဥဒါန်းကျူးလိုရကား-

၁၃၄။ အာသီသေထေဝ ပုရိသော၊ န နိဗ္ဗိန္ဒေယျ ပဏ္ဍိတော။
ပဿာမိ ဝေါဟံ အတ္တာနံ၊ ယထာ ဣစ္ဆိ တထာ အဟု။
၁၃၅။ အာသိသေထေဝ ပုရိသော၊ န နိဗ္ဗိန္ဒေယျ ပဏ္ဍိတော။
ပဿာမိ ဝေါဟံ အတ္တာနံ၊ ဥဒကာ ထလမုတ္တတံ။
၁၃၆။ ဝါယာမေထေဝ ပုရိသော၊ န နိဗ္ဗိန္ဒေယျ ပဏ္ဍိတော။
ပဿာမိ ဝေါဟံ အတ္တာနံ၊ ယထာ ဣစ္ဆိ တထာ အဟု။
၁၃၇။ ဝါယာမေထေဝ ပုရိသော၊ န နိဗ္ဗိန္ဒေယျ ပဏ္ဍိတော။
ပဿာမိ ဝေါဟံ အတ္တာနံ၊ ဥဒကာ ထလမုဗ္ဘတံ။
၁၃၈။ ဒုက္ခူပနီတောပိ နရော သပညော၊
အာသံ န ဆိန္ဒေယျ သုခါဂမာယ။
ဗဟူ ဟိ ဖဿာ အဟိတာ ဟိတာ စ။
အဝိတက္ကိတာရော မစ္စု မုပပဇ္ဇန္တိ။
၁၃၉။ အစိန္တိတမှိ ဘဝတိ၊ စိန္တိတမ္ပိ ဝိနဿတိ။
န ဟိ စိန္တာမယာ ဘောဂါ၊ ဣတ္တိယာ ပုရိသဿ ဝါ။

ဟူသော ဤခြောက်ဂါထာတို့ကို ဆို၏။

၁၃၄။ ဘော၊ အို အချင်းတို့။ ပဏ္ဍိတော၊ ပညာရှိသော။ ပုရိသော၊ ပုဂ္ဂိုလ်သည်။ အာသိသေထေဝ၊ ကောင်းသော တောင့်တခြင်းကို ပြုရာသည်သာတည်း။ န နိဗ္ဗိန္ဒေယျ၊ မငြီးငွေ့ရာ။ ယထာ၊ အကြင်အမှုကို။ ဣစ္ဆိ၊ အလိုရှိ၏။ တထာ၊ ထိုအလိုရှိတိုင်း။ အဟု၊ ဖြစ်ပြီ။ ဣတိ၊ သို့။ အဟံ၊ ငါသည်။ အတ္တာနံ၊ မိမိကိုယ်ကို။ ပဿာမိ၊ မြင်ရ၏။

၁၃၅။ ပဏ္ဍိတော၊ ပညာရှိသော။ ပုရိသော၊ ပုဂ္ဂိုလ်သည်။ အာသိသေထေဝ၊ ကောင်းသော တောင့်တခြင်းကို ပြုရာသည်သာတည်း။ န နိဗ္ဗိန္ဒေယျ၊ မငြီးငွေ့ရာ။ ဥဒကာ၊ ရေမှ။ ထလံ၊ ကြည်းသို့။ ဥဗ္ဘတံ၊ ဆယ်ယူထုတ်ဆောင်အပ်သော။ အတ္တာနံ၊ မိမိကိုယ်ကို။ အဟံ၊ ငါသည်။ ပဿာမိ၊ မြင်ရ၏။

၁၃၆။ ပဏ္ဍိတော၊ ပညာရှိသော။ ပုရိသော၊ ပုဂ္ဂိုလ်သည်။ ဝါယာမေထေဝ၊ လုံ့လကို ပြုရာသည်သာတည်း။ န နိဗ္ဗိန္ဒေယျ၊ မငြီးငွေ့ရာ။ ယထာ၊ အကြင်အခြင်းဖြင့်။ ဣစ္ဆိ၊ အလိုရှိ၏။ တထာ၊ ထိုအခြင်းဖြင့်။ အဟု၊ ဖြစ်ပြီ။ ဣတိ၊ သို့။ အဟံ၊ ငါသည်။ အတ္တာနံ၊ မိမိကိုယ်ကို။ ပဿာမိ၊ မြင်ရ၏။

၁၃၇။ ပဏ္ဍိတော၊ ပညာရှိသော။ ပုရိသော၊ ပုဂ္ဂိုလ်သည်။ ဝါယာမေထေဝ၊ လုံ့လကို ပြုရာသည်သာတည်း။ န နိဗ္ဗိန္ဒေယျ၊ မငြီးငွေ့ရာ။ ဥဒကာ၊ ရေမှ။ ထလံ၊ ကြည်းသို့။ ဥဗ္ဘတံ၊ တက်မြောက်သော။ အတ္တာနံ၊ မိမိကိုယ်ကို။ အဟံ၊ ငါသည်။ ပဿာမိ၊ မြင်ရ၏။

၁၃၈။ သပညော၊ ပညာရှိသော။ နရော၊ လူသည်။ ဒုက္ခူပနီတောပိ၊ ဆင်းရဲခြင်းသို့ ရောက်သော်လည်း။ သုခါဂမာယ၊ ချမ်းသာခြင်းသို့ ရောက်ခြင်းငှာ။ အာသံ၊ တောင့်တခြင်း အာသာကို။ န ဆိန္ဒေယျ၊ မဖြတ်ရာ။ ဟိ သစ္စံ၊ မှန်၏။ အဟိတာ၊ အစီးအပွားမရှိ ဆင်းရဲကုန်သော။ ဖဿာ စ၊ အတွေ့သည်၎င်း။ ဟိတာ၊ စီးပွားချမ်းသာ ရှိကုန်သော။ ဖဿာ စ၊ အတို့သည်၎င်း။ ဗဟူ၊ များစွာကုန်၏။ အဝိတက္ကိတာရော၊ မကြံစည် အားမထုတ် ငုတ်တုတ်ထိုင်နေသော သူတို့သည်။ မစ္စုံ၊ သေမင်းနိုင်ငံသို့။ ဥပပဇ္ဇန္တိ၊ ရောက်ကုန်၏။

၁၃၉။ အစိန္တိတမ္ပိ၊ မကြံသော်လည်း။ ဘဝတိ၊ ဖြစ်တတ်၏။ စိန္တိတမ္ပိ၊ ကြံပါသော်လည်း။ ဝိနဿတိ၊ ပျက်စီးတတ်၏။ ဟိ-သစ္စံ၊ ထိုစကားသည် မှန်၏။ ဣတ္ထိယာ ဝါ၊ မိန်းမအား၎င်း။ ပုရိသဿ ဝါ၊ ယောက်ျားအား၎င်း။ ဘောဂါ၊ စည်းစိမ်ချမ်းသာတို့သည်။ န စိန္တာမယာ၊ ကြံတိုင်းမပြီးကုန်။

ထိုမင်းသည် ဥဒါန်းကျူးစဉ်လျှင် အရုဏ်တက်၏။ ပုရောဟိတ်သည် နံနက်စောစောကလျှင် ချမ်းသာစွာ အိပ်ရသောအဖြစ်ကို မေးအံ့သောငှါ လာလတ်၍ မင်းအိမ်တံခါး၌ ရပ်လျက် ထိုမင်း၏ ဥဒါန်းကျူးသံကို ကြား၍ ကြံ၏။ အရှင်မင်းကြီးသည် ယမန်နေ့၌ သမင်တောသို့ သွားတော်မူ၏။ ထိုသမင်တော၌ သမင်ဆီးဆောက်ကို ပစ်သည် ဖြစ်လတ္တံ့၊ ထို့နောင်မှ မှူးတော်မတ်တော်တို့သည် ပြက်ရယ်ပြုသဖြင့် သတ်၍ ငါဆောင်အံ့ဟု မင်းမာန်ဖြင့် ထိုသမင်ကိုလိုက်၍ အတောင်ခြောက်ဆယ်ရှိသော နရက်တွင်း၌ ကျသည်ဖြစ်လတ္တံ့၊ သနားခြင်းရှိသော သရဘမည်သော သမင်မင်းသည် မင်းကြီးအပြစ်ကို မကြံမူ၍ မင်းကိုဆယ်တင်သည် ဖြစ်လတ္တံ့၊ ထို့ကြောင့် ဥဒါန်းကျူးယောင်တကားဟု ကြံ၏။

ဤသို့လျှင် ပြည့်စုံသော သဒ္ဒါရှိသော မင်းကြီးကျူးသော ဥဒါန်းဂါထာကို ကြားလျှင် ကောင်းစွာ ပွတ်အပ်သည်ဖြစ်၍ စင်ကြင်စွာသော ကြေးမုံပြင်၌ မျက်နှာကို ကြည့်သောသူအား မျက်နှာရိပ်ထင်သကဲ့သို့ မင်းသည်၎င်း, သမင်ဆီးဆောက်သည်၎င်း ပြုအပ်သောအမှုသည် ပုရောဟိတ်ပုဏ္ဏားအား ထင်ရှား၏။ ထိုပုရောဟိတ်ပုဏ္ဏားသည် လက်သည်းဖျားဖြင့် တံခါးကိုခေါက်၏။ မင်းသည် ဤတံခါးကို ခေါက်သည်ကား အသူနည်းဟု မေး၏။ အရှင်မင်းကြီး အကျွန်ုပ် ပုရောဟိတ်တည်းဟု ဆိုသည်ရှိသော် ထိုအခါ ပုရောဟိတ်အား တံခါးကိုဖွင့်၍ ဆရာ ဤအရပ်သို့ လာလှည့်ဟုဆို၏။ ထိုပုရောဟိတ်သည် ဝင်၍ မင်းကို အောင်ဆုပေး၍ တင့်အပ်သောအရပ်၌ ရပ်လျက် မြတ်သောမင်းကြီး အကျွန်ုပ်သည် အရှင်မင်းကြီး တော၌ ပြုတော်မူသော အကြောင်းအရာကို သိပါ၏။ အရှင်မင်းကြီးသည် သမင်ဆီးဆောက်ကိုလိုက်၍ နရက်တွင်း၌ ကျတော်မူ၏။ ထိုအခါ အရှင်မင်းကြီးကို သမင်ဆီးဆောက်သည် ကျောက်ဖြင့်ယှဉ်ခြင်းကို ပြု၍ နရက်တွင်းမှ ဆယ်တင်၏။ အရှင်မင်းကြီးသည် သမင် ဆီးဆောက်၏ ဂုဏ်ကျေးဇူးကို အောက်မေ့တော်မူလျက် ဥဒါန်းကို ကျူးတော်မူ၏ဟု ဆို၍ ထိုအကြောင်းကို တင်လျှောက်လိုရကား-

၁၄၀။ သရဘံ ဂိရိ ဒုဂ္ဂသ္မိံ၊ ယံ တွံ အနုဿရီ ပုရေ။
အလီနစိတ္တဿ တဝ၊ ဝိက္ကန္တံ ဇီဝိတံ လဘိ။
၁၄၁။ ယော တံ ဝိဒုဂ္ဂါ နရကာ သမုဒ္ဓရိ၊
သိလာယ ယောဂ္ဂံ သရဘော ကရိတွာ။
ဒုက္ခူပနီတံ မစ္စုမုခါ ပမောစယိ၊
အလီနစိတ္တံ တမေဝ ဝဒေသိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၄၀။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယံ တွံ၊ အရှင်မင်းကြီးသည်။ ဂိရိဒုဂ္ဂသ္မိံ၊ ရောက်နိုင်ခဲသော တောင်မြောင်ချောက်ကြား၌။ သရဘံ၊ သမင်ဆီးဆောက်ကို။ ပုရေ၊ ရှေးဖြစ်သော ယမန်နေ့၌။ အနုဿရိ၊ အစဉ်လိုက်တော်မူ၏။ အလီနစိတ္တဿ၊ တွန့်တိုသော စိတ်မရှိသော။ တဝ၊ အရှင်မင်းကြီး၏။ ဝိက္ကန္တံ၊ ပြုအပ်သော လုံ့လရှိသည်ဖြစ်၍။ ဇီဝိတံ၊ အသက်ကို။ လဘိ၊ ရတော်မူ၏။

၁၄၁။ ယော သရဘော၊ အကြင် သမင် ဆီးဆောက်သည်။ သိလာယ၊ ကျောက်ဖြင့်။ ယောဂ္ဂံ၊ ယှဉ်ခြင်းကို။ ကရိတွာ၊ ပြု၍။ တံ၊ အရှင်မင်းကြီးကို။ ဝိဒုဂ္ဂါ၊ ထုတ်နိုင်ခဲသော။ နရကာ၊ နရက်တွင်းမှ။ သမုဒ္ဓရိ၊ ကောင်းစွာ ဆယ်တင်ပေ၏။ ဒုက္ခူပနီတံ၊ ဆင်းရဲခြင်းသို့ ရောက်သော အရှင်မင်းကြီးကို။ မစ္စုမုခါ၊ သေမင်းခံတွင်းမှ။ ပမောစယိ၊ လွတ်စေ၏။ အလီနစိတ္တံ၊ မတွန့်တိုသော စိတ်ရှိသော။ တမေဝ၊ ထို သမင် ဆီးဆောက်ကို သာလျှင်။ ဝဒေသိ၊ ချီးမွမ်း၏။

ထိုစကားကို ကြား၍ မင်းသည် ဤပုရောဟိတ်ကား ငါနှင့်တကွ သမင်တောသို့ မလိုက်ဘဲလျက် အလုံးစုံသော အကြောင်းကို သိ၏။ ထိုရောဟိတ်ကို ငါမေးအံ့ဟု ကြံ၍ မေးတော်မူလိုရကား-

၁၄၂။ ကိံ တွံ နု တတ္ထေဝ တဒါ အဟောသိ၊
ဥဒါဟု တေ ကောစိ တံ ဧတဒက္ခာ။
ဝိဝဋ္ဋစ္ဆဒေါ နုသိ သဗ္ဗဒဿီ၊
ဉာဏံ နု တေ ဗြာဟ္မဏ ဘိံသရူပံ။

ဟူသော ကိုးခုမြောက်သော ဤဂါထာကို ဆို၏။

၁၄၂။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ကိံ၊ အသို့နည်း။ တွံ၊ သင်သည်။ တဒါ၊ ထိုအခါ၌။ တတ္ထေဝ၊ ထိုသမင်တော၌သာလျှင်။ အဟောသိ နု၊ ရှိသလော။ ဥဒါဟု၊ ထိုသို့မရှိမူကား။ တေ၊ သင့်အား။ ကောစိ၊ တစုံတယောက်သောသူသည်။ တံ ဧတံ၊ ထိုအကြောင်းကို။ အက္ခာ နု၊ ပြောလေသလော။ ဝိဝဋ္ဋစ္ဆဒေါ၊ ဝဋ်ဆင်းရဲကို ဖြတ်ပြီးသော။ သဗ္ဗဒဿီ၊ အလုံးစုံသော တရားကို သိမြင်သော ဘုရားသည်။ အသိနု၊ ဖြစ်လေသလော။ တေ၊ သင်ပုဏ္ဏား၏။ ဉာဏံ၊ ဉာဏ်သည်။ ဘိံသရူပံ နု၊ ကြောက်ဘွယ်စလိ အားရှိမြတ်သော သဘောရှိစွတကား။

ပုဏ္ဏားသည် အရှင်မင်းကြီး အကျွန်ုပ်သည် အလုံးစုံသောတရားကို သိမြင်နိုင်သော ဘုရားမဟုတ်၊ သဒ္ဒါကို ဆင်ခြင်၍ အရှင်မင်းကြီး ကျူးတော်မူသော ဥဒါန်းဂါထာ၏ အနက်သည်ကား အကျွန်ုပ်အား ထင်၏ဟု ဆို၍ ထင်သော အကြောင်းကို ပြလိုရကား-

၁၄၃။ န စေဝါဟံ တတ္ထ တဒါ အဟောသိံ၊
နစာပိ မေ ကောစိ နံ ဧတဒက္ခာ။
ဂါထာပဒါနဉ္စ သုဘာသိတာနံ၊
အတ္ထိ တဒါ နေန္တိ ဇနိန္ဒ ဓီရာ။

ဟူသော ဆယ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၄၃။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အဟံ၊ အကျွန်ုပ်သည်။ တဒါ၊ ထိုအခါ၌။ တတ္ထေဝ၊ ထိုသမင်တော၌သာလျှင်။ န စ အဟောသိံ၊ မရှိ။ ကောစိ၊ တစုံတယောက်သော သူသည်။ မေ၊ အကျွန်ုပ်အား။ နံ ဧတံ၊ ထိုအကြောင်းကို။ နစာပိ အက္ခာ၊ မကြား။ ဇနိန္ဒ၊ မင်းမြတ်။ တယာ၊ အရှင်မင်းမြတ်သည်။ သုဘာသိတာနံ၊ ကောင်းစွာဆိုအပ်ကုန်သော။ ဂါထာပဒါနံ၊ ဂါထာပုဒ်တို့၏။ တဉ္စ အတ္ထံ၊ ထိုအနက်ကိုကား။ ဓီရာ၊ ပညာရှိတို့သည်။ အာနေန္တိ၊ စုံစမ်း၍ သိကုန်၏။

မင်းကြီးသည် ပုရောဟိတ်ပုဏ္ဏားအား အလွန် နှစ်သက်သည်ဖြစ်၍ များစွာသော စည်းစိမ်ဥစ္စာကို ပေးတော်မူ၏။ ထိုအခါမှစ၍ ဒါနအစရှိသော ကုသိုလ်ကောင်းမှု၌ မွေ့လျော်ကုန်သည်ဖြစ်၍ သေတိုင်း သေတိုင်းသော သူတို့သည် နတ်ပြည်ကိုလျှင် ပြည့်စေကုန်၏။ ထိုအခါ တနေ့သ၌ မင်းသည် မှတ်တိုင်ကို ပစ်အံ့ဟုကြံ၍ ပုရောဟိတ်ကိုခေါ်၍ ဥယျာဉ်တော်သို့သွား၏။ ထိုအခါ သိကြားမင်းသည် အသစ်ဖြစ်ကုန်သော နတ်သားတို့ကို မြင်လျှင် အကြောင်းကား အသို့နည်းဟု ဆင်ခြင်လတ်သော် ဘုရားလောင်း သရဘမည်သော သမင်မင်းသည် မင်းကို နရက်တွင်းမှ ဆယ်တင်၍ သီလတို့၌ တည်စေသော အဖြစ်ကိုသိ၍ မင်းအာဏာဖြင့် လူများသည် ကုသိုလ်ကောင်းမှုတို့ကို ပြု၏။ နတ်ပြည်သည် ပြည့်၏။ ယခုအခါ၌ကား မင်းသည် မှတ်တိုင်ကိုပစ်ခြင်းငှါ ဥယျာဉ်သို့ သွား၏။ စုံစမ်းသဖြင့် ရဲရင့်သောစကားကို ဆိုစေ၍ သရဘသမင်၏ ဂုဏ်ကျေးဇူးကိုဆိုစေ၍ ငါသိကြားမင်း အဖြစ်ကိုလည်း သိစေ၍ ကောင်းကင်၌ ရပ်လျက် တရားဟော၍ မေတ္တာ၏၎င်း, ပဉ္စသီလတို့၏၎င်း ကျေးဇူးကိုဟော၍ လာအံ့ဟု ကြံ၍ ဥယျာဉ်သို့သွား၏။ မင်းသည်လည်း မှတ်တိုင်ကို ပစ်အံ့ဟု လေးကိုတင်၍ မြှားကိုဖွဲ့၏။ ထိုခဏ၌ သိကြားမင်းသည် ထိုမင်း၏၎င်း, မှတ်တိုင်၏၎င်း အလယ်၌ မိမိအာနုဘော်ဖြင့် သရဘသမင်ကို ပြ၏။ မင်းသည် ထိုသမင်မင်းကိုမြင်၍ မြှားကို မလွှတ်၊ ထိုအခါ သိကြားမင်းသည် ပုရောဟိတ်ကိုယ်၌ ဝင်၍ ထိုမင်းကို သိစေလိုရကား-

၁၄၄။ အာဒါယ ပဋ္ဋံ ပရဝီရဃာတိံ၊
စာပေ သရံ ဝိစိကိစ္ဆသေ တုံဝံ။
တုဏ္ဏော သရော သရဘံ ဟန္တု ခိပ္ပံ၊
အန္နဉှိ ဧတံ ဝရပည ရညော။

ဟူသော ဤဂါထာကို ဆို၏။

၁၄၄။ ဝရပည၊ မြတ်သော ပညာရှိသော မင်းကြီး။ တုဝံ၊ အရှင်မင်းကြီးသည်။ ပဋ္ဋံ၊ မြှားရွက် မြှားလွှနှင့် ပြည့်စုံသော။ ပရဝီရဃာတိံ၊ သူတပါးတို့၏လုံ့လကို ဖျက်ဆီး ညှဉ်းဆဲတတ်သော။ သရံ၊ မြားကို။ စာပေ၊ လေး၌။ အာဒါယ၊ တင်၍။ ဝိစိကိစ္ဆသေ၊ ယုံမှားရှိဘိသနည်း။ တုဏ္ဏော၊ ဖောက်ထွင်းတတ်သော။ သရော၊ မြှားသည်။ ခိပ္ပံ၊ လျင်စွာ။ သရဘံ၊ သမင်ဆီးဆောက်ကို။ ဟန္တု၊ သတ်လော့။ ဟိ သစ္စံ၊ ထိုစကားသည်မှန်၏။ ဧတံ၊ ထိုသမင်ဆီးဆောက်သည်။ ရညော၊ အရှင်မင်းကြီး၏။ အန္နံ၊ အစာတည်း။

ထို့နောင်မှ မင်းကြီးသည် ထိုစကားကို ပယ်လိုသည်ဖြစ်၍ -

၁၄၅။ အဒ္ဓါ ပဇာနာမိ အဟမ္ပိ ဧတံ၊
အန္နံ မိဂေါ ဗြာဟ္မဏ ခတ္တိယဿ။
ပုဗ္ဗေ ကတဉ္စ အပစာယမာနော၊
တသ္မာ မိဂံ သရဘံ နော ဟနာမိ။

ဟူသော ဤဂါထာကို ဆို၏။

၁၄၅။ ဗြာဟ္မဏ၊ ပုဏ္ဏား။ အဒ္ဓါ၊ မချွတ်။ မိဂေါ၊ သမင်ဆီးဆောက်သည်။ ခတ္တိယဿ၊ မင်း၏။ အန္နံ၊ အစာဟူ၍။ အဟမ္ပိ၊ ငါသည်လည်း။ ပဇာနာမိ၊ သိ၏။ စ ပန၊ ထိုသို့ သိသော်လည်း။ ပုဗ္ဗေ၊ ရှေး၌။ ကတံ၊ ပြုဘူးသော သူ့ကျေးဇူးကို။ အပစာယမာနော၊ အရိုအသေပြု၏။ တသ္မာ၊ ထို့ကြောင့်။ သရဘံ၊ သရဘမည်သော။ မိဂံ၊ သမင်ကို။ အဟံ၊ ငါသည်။ နော ဟနာမိ၊ မသတ်အံ့။

ထို့နောင်မှ သိကြားမင်းသည် သမင်မင်းကို သတ်စိမ့်သောငှါ တိုက်တွန်း၍ မသတ်ခြင်း၌ အပြစ်ဖြင့် မင်းကို ခြိမ်းချောက်လိုရကား-

၁၄၆။ နေသော မိဂေါ မဟာရာဇ၊ အသုရေ သော ဒိသမ္ပတိ။
ဧတံ ဟန္တွာ မနုဿိန္ဒ၊ ဘဝဿု အမရာဓိပေါ။
၁၄၇။ သစေ ရာဇ ဝိစိကိစ္ဆသေ တုံဝံ၊ ဟန္တုံ မိဂံ သရဘံ သဟာယံ။
သပုတ္တဒါရော နရဝီရသေဋ္ဌ၊ ဂန္တွာ တုဝံ ဝေတ္တရဏိံ ယမဿ။

ဟူသော ဤဂါထာနှစ်ခုတို့၏ အပေါင်းကို ဆို၏။

၁၄၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧသော၊ ဤသတ္တဝါသည်။ န မိဂေါ၊ သမင် မဟုတ်။ ဒိသမ္ပတိ၊ အရပ်မျက်နှာအရှင်ဖြစ်တော်မူသော မင်းမြတ်။ ဧသော၊ ဤသတ္တဝါသည်။ အသုရော၊ သိကြားမင်းတည်း။ မနုဿိန္ဒ၊ လူတို့ကို အစိုးရတော်မူသော မင်းမြတ်။ ဧတံ၊ ဤသိကြားမင်းကို။ ဟန္တွာ၊ သတ်၍။ အမရာဓိပေါ၊ သိကြားမင်းသည်။ ဘဝဿု၊ ဖြစ်လော့။

၁၄၇။ ရာဇ၊ မင်းမြတ်။ သစေ၊ အကယ်၍။ တုဝံ၊ အရှင်မင်းကြီးသည်။ သဟာယံ၊ အဆွေ ခင်ပွန်းဖြစ်သော။ သရဘံ၊ သရဘမည်သော။ မိဂံ၊ သမင်ကို။ ဟန္တုံ၊ သတ်ခြင်းငှါ။ ဝိစိကိစ္ဆသေ၊ ယုံမှားရှိအံ့။ နရဝီရသေဋ္ဌ၊ လုံ့လရှိသော

သူတို့ထက် မြတ်တော်မူသော မင်းကြီး။ တုဝံ၊ အရှင်မင်းကြီးသည်။ သပုတ္တဒါရော၊ သားမယားနှင့် တကွ။ ယမဿ၊ ယမမင်း၏။ ဝေတ္တရဏိံ၊ ကြိမ်ပိုက်ချောင်း ငရဲသို့။ ဂန္တွာ၊ သွား၍။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။

ထို့နောင်မှ မင်းသည် သိကြားမင်း တိုက်တွန်းသော စကားကို ပယ်၍ သမင်မင်း ကျေးဇူးကို ပြလိုရကား-

၁၄၈။ ကာမံ အဟံ ဇာနပဒါ စ သဗ္ဗေ။
ပုတ္တာ စ ဒါရာ စ သဟာယသင်္ဃာ။
ဂစ္ဆေမု တံ ဝေတ္တရဏိံ ယမဿ၊
န တွေဝ ဟညေ မမ ပါဏဒေါ ယော။
၁၄၉။ အယံ မိဂေါ ကိစ္ဆဂတဿ မယှံ၊
ဧကဿ ကတ္တာ ဝိဝနသ္မိ ဃောရေ။
တံ တာဒိသံ ပုဗ္ဗကိစ္စံ သရန္တော၊
ဇာနံ မဟာဗြဟ္မေ ကထံ ဟနေယျံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၄၈။ မဟာဗြဟ္မေ၊ ပုဏ္ဏားမြတ်။ အဟဉ္စ၊ ငါသည်၎င်း။ ဇာနပဒါ စ၊ ဇနပုဒ်သူတို့သည်၎င်း။ သဗ္ဗေ၊ အလုံးစုံကုန်သော။ ပုတ္တာ စ၊ သားသ္မီးတို့သည်၎င်း။ ဒါရာ စ၊ မယားတို့သည်၎င်း။ သဟာယသင်္ဃာ စ၊ အဆွေခင်ပွန်း အပေါင်းတို့သည်၎င်း။ ယမဿ၊ ယမမင်း၏။ ဝေတ္တရဏိံ၊ ကြိမ်ပိုက်ချောင်းငရဲသို့။ ကာမံ ဂစ္ဆေမု၊ အကယ်၍ သွားရကုန်အံ့။ ဧဝမ္ပိ၊ ဤသို့ သွားရသော်လည်း။ ယော၊ အကြင် သမင်မင်းသည်။ မမ၊ ငါ့အား။ ပါဏဒေါ၊ အသက်ကိုပေးပေ၏။ တံ၊ ထိုသမင်မင်းကို။ န တွေဝ ဟညေ၊ ငါမသတ်သလျှင်ကတည်း။

၁၄၉။ မဟာဗြဟ္မေ၊ ပုဏ္ဏားမြတ်။ အယံ မိဂေါ၊ ဤ သမင်မင်းသည်။ ဃောရေ၊ ကြောက်မက်ဘွယ် ရှိသော။ ဝိဝနသ္မိံ၊ တောကြီး၌။ ကိစ္ဆဂတဿ၊ ဆင်းရဲခြင်းသို့ ရောက်သော။ ဧကသ၊ တယောက်တည်းသော။ မယှံ၊ ငါ့အား။ ကတ္တာ၊ ကျေးဇူးပြုပေ၏။ တာဒိသံ၊ ထိုသို့ သဘောရှိသော။ တံ ပုဗ္ဗကိစ္စံ၊ ထိုရှေး၌ပြုဘူးသော ကျေးဇူးကို။ သရန္တော၊ အောက်မေ့သော ငါသည်။ ဇာနံ၊ သိလျက်။ ကထံ၊ အဘယ့်ကြောင့်။ ဟနေယျံ၊ သတ်ရအံ့နည်း။

ထိုအခါ သိကြားမင်းသည် ပုရောဟိတ်ကိုယ်မှ ခွါ၍ သိကြားမင်း၏အဖြစ်ကို ပြု၍ ကောင်းကင်၌ ရပ်လျက် မင်း၏ ဂုဏ်ကျေးဇူးကို ပြလိုရကား-

၁၅၀။ မိတ္တာဘိရာဓီ စိရမေဝ ဇီဝ၊
ရဇ္ဇံ ဣမဿ ဘဏေ အနုသာသ။
နာရီဂဏေဟိ ပရိစာရယန္တော၊
မောဒဿု ရဋ္ဌေ တိဒိဝေဝ ဝါသဝေါ။
၁၅၁။ အက္ကောဓနော နိစ္စ ပသန္နစိတ္တော၊
သဗ္ဗာတိထီ ယာစယောဂေါ ဝိဒိတွာ။
ဒတွာ စ ဘုတွာ စ ယထာနုဘာဝံ၊
အနိန္ဒိတော သဂ္ဂမုပေဟိ ဌာနံ။

ဟူသော ဤ ဂါထာ နှစ်ခုတို့၏ အပေါင်းကို ဆို၏။

၁၅၀။ ဘဏေ၊ အရှင်မင်းကြီး။ မိတ္တာဘိရာဓီ၊ အဆွေခင်ပွန်းကောင်းကို နှစ်သက်တော်မူပေသော။ တွံ၊ အရှင်မင်းကြီးသည်။ စိရမေဝ၊ မြင့်ရှည်စွာလျှင်။ ဇီဝ၊ အသက်ရှည်စေသတည်း။ ဣမဿ၊ ဤဗာရာဏသီပြည်၌။ ရဇ္ဇံ၊ မင်းအဖြစ်ကို။ အနုသာသ၊ ဆုံးမလော့။ နာရီဂဏေဟိ၊ မိဖုယားမောင်းမ အပေါင်းတို့သည်။ ပရိစာရယန္တော၊ လုပ်ကျွေးသည်ဖြစ်၍။ တိဒိဝေဝ၊ တာဝတိံသာနတ်ပြည်၌။ ဝါသဝေါ ဣဝ၊ သိကြားမင်းကဲ့သို့။ ရဋ္ဌေ၊ တိုင်းပြည်၌။ မောဒဿု၊ မွေ့လျော်လော့။

၁၅၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အက္ကောဓနော၊ မေတ္တာကို ပွားစေသည် ဖြစ်၍။ နိစ္စံ၊ အမြဲ။ ပသန္နစိတ္တော၊ ကြည်လင်သော စိတ်ရှိသည်ဖြစ်၍။ သဗ္ဗေ၊ အလုံးစုံကုန်သော တရားကျင့်သော ရဟန်း ပုဏ္ဏားတို့ကို။ အတိထီ-ပါဟုနကေယေဝ၊ ပူဇော်လေးမြတ်ခြင်းငှါ လျောက်ပတ်သော ဧည့်ကောင်းတို့ကိုလျှင်။ ကတွာ၊ ပြု၍။ (ထည့်) ယာစယောဂေါ၊ အလှူခံခြင်းငှာ လျှောက်ပတ်သည်ဖြစ်၍။ ဝိဒိတွာ၊ အလှူခံပုဂ္ဂိုလ်၏ အလိုကို သိ၍။ ယထာနုဘာဝံ၊ အစွမ်းအားလျော်စွာ။ ဒတွာ စ၊ လှူ၍၎င်း။ ဘုတွာ စ၊ သုံးဆောင်၍၎င်း။ အနိန္ဒိတော၊ သူတပါးတို့ မကဲ့ရဲ့အပ်သည် ဖြစ်၍။ သဂ္ဂံ၊ ရူပါရုံ အစရှိသည်တို့ဖြင့် ပြည့်စုံသော။ ဌာနံ၊ နတ်ရွာသို့။ ဥပေဟိ၊ ကပ်လော့။

ဤသို့သောစကားကို ဆိုပြီးလျှင် သိကြားမင်းသည် မြတ်သောမင်းကြီး- ငါသည် စုံစမ်းအံ့သောငှါ လာ၏။ သင်မင်းကြီးသည် မိမိကိုယ်ကို စုံစမ်းအပ်သည်ကို မပေး၊ မမေ့မလျော့ ဖြစ်လော့ဟု မင်းကိုဆုံးမ၍ မိမိနေရာ တာဝတိံသာ နတ်ရွာသို့လျှင် သွားလေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်ဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ၌သာလျှင် သာရိပုတ္တရာသည် အကျဉ်းအားဖြင့် ဟောအပ်သော တရား၏အနက်ကို အကျယ်အားဖြင့် သိသည် မဟုတ်သေး၊ ရှေး၌လည်း သိဘူးသည်သာတည်းဟု မိန့်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ပုရောဟိတ်ပုဏ္ဏား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သရဘမည်သော သမင်မင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကျေးဇူးသိငြား၊ ထိုသူအား၊ မှတ်သားမင်္ဂလာ

ဆယ်ခုမြောက်သော သရဘမိဂဇာတ်သည် ပြီး၏။

*****