သရဘင်္ဂဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၅၂၂။ သရဘင်္ဂဇာတ် (၂)


စတ္တာလီသနိပါတ်

၂။ သရဘင်္ဂဇာတ်

ပညာသည်သာ၊ အရာရာ၊ လိုရာအောင်ကြောင်းမှတ်

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အလင်္ကတာ ကုဏ္ဍလိနော သုဝတ္ထာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသရဘင်္ဂဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အရှင်မဟာမောဂ္ဂလာန်မထေရ် ပရိနိဗ္ဗာန်ပြုတော်မူခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုစကားသည် မှန်၏။ အရှင်သာရိပုတ္တာ မထေရ်သည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူသော မြတ်စွာဘုရားကို မိမိ၏ ပရိနိဗ္ဗာန်ပြုအံ့သော အဖြစ်ကို လျှောက်ကြား၍ နာလကရွာသို့သွား၍ ဖွားရာတိုက်ခန်း၌ ပရိနိဗ္ဗာန်ပြုတော်မူ၏။ ထို အရှင်သာရိပုတ္တရာ မထေရ် ပရိနိဗ္ဗာန် ပြုတော်မူသောအဖြစ်ကို ကြားတော်မူ၍ သဗ္ဗညူ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူ၍ ဝေဠုဝန်ကျောင်းတော်၌ နေတော်မူ၏။

အရှင်မောဂ္ဂလာန် ပရိနိဗ္ဗာန်ဝင်စံပုံ

ထိုအခါ မဟာမောဂ္ဂလာန် မထေရ်သည် ဣသိဂိလိ တောင်၏နံပါး၌ ညိုသောအဆင်းရှိသော ကျောက်ဖျာအပြင်ဝယ် နေတော်မူ၏။ ထို မဟာမောဂ္ဂလာန် မထေရ်သည်ကား အထွတ်သို့ရောက်သော အာနုဘော်ရှိသော တန်ခိုးတော်အစွမ်းဖြင့် နတ်ပြည်သို့ ဒေသစာရီ ကြွတော်မူခြင်းကို လည်းကောင်း၊ ဥဿဒငရဲ အစရှိသည်သို့ ကြွသွားတော်မူခြင်းကို လည်းကောင်း ကြွသွားတော်မူ၏။ နတ်ပြည်၌ ဘုရားသဗ္ဗညူ တပည့်ဖြစ်ကုန်သော သူတို့၏ များစွာသော စည်းစိမ်ချမ်းသာကို မြင်၍ ဥဿဒငရဲ အစရှိသည်တို့၌လည်း တိတ္ထိတို့၏ တပည့်ဖြစ်ကုန်သော သူတို့၏ များစွာသော ဆင်းရဲခြင်းကိုမြင်၍ လူ့ပြည်သို့ လာလတ်ပြီးလျှင် ဤအမည်ရှိသော ဒါယကာ ယောက်ျားသည်လည်းကောင်း၊ ဤအမည်ရှိသော ဒါယိကာမ မိန်းမသည်လည်းကောင်း ဤအမည်ရှိသော နတ်ပြည်၌ ဖြစ်၍ ကြီးစွာသော စည်းစိမ်ကို ခံရစံရကုန်၏။ တိတ္ထိတို့၏ တပည့်ဖြစ်ကုန်သော သူတို့တွင် ဤအမည်ရှိသော သူသည်လည်းကောင်း၊ ဤအမည်ရှိသော သူသည်လည်းကောင်း၊ ငရဲ အစရှိသည်တို့တွင် ဤအမည်ရှိသော အပါယ်ဘုံ၌ ဖြစ်၏ဟု လူတို့အား ဟောကြားတော်မူ၏။ လူတို့သည် သာသနာတော်၌ အလွန်ကြည်ညိုကုန်၏။ တိတ္ထိတို့ကို စွန့်ပစ်ကုန်၏။ ဘုရားတပည့်သားတို့အား များစွာသော ပူဇော်သက္ကာရသည် ဖြစ်၏။ တိတ္ထိတို့အား လာဘ် ပူဇော် သက္ကာရသည် ဆုတ်ယုတ်၏။ ထိုတိတ္ထိတို့သည် အရှင်မဟာမောဂ္ဂလာန် မထေရ်၌ ရန်ငြိုးဖွဲ့၍ ဤမောဂ္ဂလာန်မထေရ် အသက်ရှင်ချေသော် ငါတို့၏ ဒါယကာတို့သည် ပျက်စီးချေကုန်၏။ လာဘ် ပူဇော်သက္ကာရသည်လည်း ဆုတ်ယုတ်ချေ၏။ ထိုမောဂ္ဂလာန်ကို သတ်ကြကုန်အံ့ဟု ကြံကြကုန်၍ အရှင်မဟာမောဂ္ဂလာန် မထေရ်အား သတ်စိမ့်သောငှာ သမဏဂုတို့ကအမည်ရှိသော ခိုးသူအား တံစိုးတစ်ထောင် ပေးကြကုန်၏။

ထိုသမဏဂုတို့ကအမည်ရှိသော ခိုးသူသည် အရှင်မောဂ္ဂလာန်မထေရ်ကို သတ်အံ့ဟု များစွာသော အခြံအရံနှင့်တကွ ညိုသောအဆင်းရှိသော ကျောက်တောင်သို့ သွားလေ၏။ အရှင်မဟာမောဂ္ဂလာန် မထေရ်သည် ထိုသမဏဂုတို့ကအမည်ရှိသောခိုးသူ လာလတ်သည်ကို မြင်တော်မူလျှင် တန်ခိုးဖြင့်ပျံ၍ ကြွတော်မူလေ၏။ သမဏဂုတို့ကခိုးသူသည် ထိုနေ့၌ အရှင်မဟာမောဂ္ဂလာန် မထေရ်ကို မမြင်သောကြောင့် ပြန်ခဲ့၍ နက်ဖြန်နေ့၌လည်းကောင်း၊ သန်ဘက်နေ့၌ လည်းကောင်း ဤသို့ ခြောက်ရက်တို့ပတ်လုံးလျှင် လာ၏။ အရှင်မဟာမောဂ္ဂလာန် မထေရ်သည်လည်း ထိုရှေးအတူသာလျှင် တန်ခိုးဖြင့် ဖဲတော်မူ၏။ ခုနစ်ရက်မြောက်သောနေ့၌ အရှင်မဟာမောဂ္ဂလာန် မထေရ်အား ရှေး၌ပြုတော်မူခဲ့ဖူးသော အပရာပရိယ ဝေဒနီယကံသည် အခွင့်ရ၏။

ဝိပါက်ကံကြမ္မာ

ထို အရှင်မဟာ မောဂ္ဂလာန်မထေရ်သည် ရှေးဘဝ၌ မယားစကားကိုယူ၍ အမိအဖတို့ကို သေစေလိုသည်ဖြစ်၍ လှည်းဖြင့် တောသို့ ဆောင်ယူပြီးလျှင် ခိုးသူတို့ ထ, လေဟန်ပြု၍ အမိ အဖတို့ကို ပုတ်ခတ် ရိုက်နှက်၏။ ထိုမိဘတို့သည် မျက်စိအားနည်းသည်၏ အဖြစ်ကြောင့် ရူပါရုံကိုမြင်ခြင်း ကင်းကုန်ရကား ထိုရိုက်ပုတ်သောသူကား ငါတို့သားတည်း ဟု မသိကုန်သည်ဖြစ်၍ ဤသို့ ရိုက်ပုတ်သောသူကား ခိုးသူပင်တည်းဟု အမှတ်ရှိ၍ ချစ်သား ဤမည်သော ခိုးသူတို့သည် ငါတို့ကို ရိုက်ပုတ်ကုန်၏။ သားမောင်၊ သင်ချစ်သားသည် ပြေးပါလော့ဟု ဆို၍ ထိုရိုက်ပုတ်သော သားအကျိုးငှာသာလျှင် ငိုကြွေးမြည်တမ်းကြကုန်၏။ ထိုလုလင်သည် ဤသို့ကြံ၏။ ဤသူအိုတို့သည် ငါသည် ပုတ်ခတ်ရိုက်နှက်သော်လည်း ငါ၏ အကျိုးငှာသာလျှင် မြည်တမ်းကြကုန်၏။ ငါသည် မလျောက်ပတ်သော အမှုကို ပြုမိ၏ဟု ကြံ၏။ ထိုအခါ မိအိုဖအိုတို့ကို သက်သာရာရစေ၍ ခိုးသူတို့ ပြေးလေဟန် ပြုပြီးလျှင် လက်ခြေတို့ကို ဆုပ်နယ်၍ အို မိခင်ဖခင်တို့ မကြောက်ကြကုန်လင့်၊ ခိုးသူတို့သည် ပြေးလေကုန်ပြီ ဟု ဆို၍ တစ်ဖန် မိမိအိမ်သို့လျှင် ဆောင်ယူလေ၏။

ခိုးသူတိုနှိပ်စက်ပုံ

ထို မကောင်းမှုကံသည် ဤမျှလောက်သော ကာလပတ်လုံး အခွင့်မရလေသောကြောင့် ဖုံးအုပ်သော မီးကျီးစုကဲ့သို့ တည်၍ ဤ အဆုံးစွန်ဖြစ်သော ကိုယ်သို့ ပြေးလာ၍ ဖမ်းယူလေ၏။ ထိုစကားသည် မှန်၏။ ဥပမာမည်သည်ကား- ခွေးမုဆိုးသည် သားကိုမြင်၍ ခွေးကိုလွှတ်အပ်သည်ရှိသော် သားသို့အစဉ်လိုက်၍ အကြင်အရပ်၌ မီ၏။ ထိုမီသောအရပ်၌လျှင် ဖမ်းယူသကဲ့သို့ ထို့အတူ ကံသည် အကြင်အရပ်၌ အခွင့်ကိုရ၏။ ထိုအရပ်၌လျှင် ဖမ်းယူလေ၏။ ထိုကံမှ လွတ်သောသူ မည်သည် မရှိ။

အရှင်မဟာမောဂ္ဂလာန် မထေရ်သည် မိမိသည် ပြုအပ်သော မကောင်းမှုသည် ငင်သောအဖြစ်ကိုသိ၍ ဖဲတော်မမူလေ။ အရှင်မဟာမောဂ္ဂလာန် မထေရ်သည် ထိုမကောင်းမှုကံ၏ အကျိုးဆက်ကြောင့် ကောင်းကင်သို့ ပျံအံ့သောငှာ မစွမ်းနိုင်ပေ။ ထိုအရှင်မဟာမောဂ္ဂလာန် မထေရ်၏ နန္ဒောပနန္ဒနဂါးမင်းကို ဆုံးမခြင်း, ဝေဇယန္တာ ပြာသာဒ်ကို တုန်လှုပ်စေခြင်းငှာ စွမ်းနိုင်သည်သာလျှင်ဖြစ်သော တန်ခိုးတော်သည် မိဘတို့ကို ရိုက်နှက်ဖူးသော အကုသိုလ်ကံ၏ အစွမ်းကြောင့် အားနည်းသည်၏အဖြစ်သို့ ရောက်လေ၏။ သမဏဂုတို့ကခိုးသူသည် အရှင်မဟာမောဂ္ဂလာန်ကိုဖမ်း၍ မထေရ်၏ အရိုးတို့ကို ဆန်ကျိုးဆန်ကွဲ ပမာဏမျှ ရှိသည်တို့ကိုပြုလျက် ရိုက်နှက်၍ မှုန့်မှုန့်ညက်ညက် ကျေစေ၍ ကောက်ရိုးကဲ့သို့ ပြားချပ်သော အခြင်းအရာ မည်သည်ကိုပြု၍ ယခုသေလေပြီဟူသော အမှတ်ဖြင့် တစ်ခုသော ချုံအပေါ်၌ ပစ်ထားခဲ့၍ အခြံအရံနှင့်တကွ ဖဲလေ၏။

တန်ခိုးပြတော်မူခြင်း

အရှင်မဟာမောဂ္ဂလာန် မထေရ်သည် သတိရ၍ မြတ်စွာဘုရားကို ဖူးမြင်လျက် ပရိနိဗ္ဗာန်ပြုအံ့ ဟု ကြံ၍ ဈာန်တည်းဟူသောကြိုးဖြင့် ကိုယ်တော်ကို ရစ်စည်းပြီးလျှင် ခိုင်ခံ့သည်ကိုပြု၍ ကောင်းကင်သို့ ပျံတက်လျက် ကောင်းကင်ခရီးဖြင့် မြတ်စွာဘုရား အထံတော်သို့သွား၍ မြတ်စွာဘုရားအား ရှိခိုးလျက် ဘုန်းတော်ကြီးလှသော အရှင်ဘုရား အကျွန်ုပ်သည် အာယုသင်္ခါရကို လွှတ်အပ်ပြီ၊ အကျွန်ုပ်သည် ပရိနိဗ္ဗာန် ပြုပါတော့အံ့ဟု လျှောက်၏။

ချစ်သား မောဂ္ဂလာန် ပရိနိဗ္ဗာန်ပြုတော့အံ့လောဟု မိန့်တော်မူသည်ရှိသော် ပရိနိဗ္ဗာန် ပြုတော့အံ့သည် မှန်ကြောင်းကို လျှောက်ထား၍ အဘယ်အရပ်သို့သွား၍ ပရိနိဗ္ဗာန် ပြုလတ္တံ့နည်းဟု မေးတော်မူလျှင် ဣသိဂိလိတောင်၏ နံပါးဖြစ်သော ညိုသော ကျောက်ဖျာအပြင်ဝယ် ပရိနိဗ္ဗာန်ပြုပါအံ့ဟု လျှောက်၍ ချစ်သား မောဂ္ဂလာန်၊ ထိုသို့တပြီးကား ငါ့အား တရားဟော၍ သွားပါလော့၊ သင်သို့သော သာဝကကို ယခုအခါမှနောက်၌ မြင်ရခြင်းသည် မရှိပြီဟု မိန့်တော်မူလျှင် ထိုအရှင်မောဂ္ဂလာန်လည်း အရှင်ဘုရား... မိန့်တော်မူတိုင်းပြုပါအံ့ဟု ဆို၍ မြတ်စွာဘုရားကို ရှိခိုး၍ ကောင်းကင်သို့ပျံတက်၍ အရှင်သာရိပုတ္တရာ မထေရ် ပရိနိဗ္ဗာန်ပြုသော နေ့၌ကဲ့သို့ အထူးထူး အပြားပြားသော အခြင်းအရာရှိသော တန်ခိုးပြာဋိဟာတို့ကိုပြ၍ တရားဟော၍ မြတ်စွာဘုရားကို ရှိခိုး၍ ဣသိဂိလိတောင်၏ နံပါးဖြစ်သော ညိုသောအဆင်းရှိသော ကျောက်ဖျာအပြင်ဝယ် ပရိနိဗ္ဗာန် ပြုတော်မူ၏။

သာဓုကီဠနပွဲသဘင်

ထို ခဏသာလျှင် ကာမာဝစရ နတ်ပြည် ခြောက်ထပ်တို့သည် ငါတို့ဆရာ မဟာမောဂ္ဂလာန် မထေရ်သည် ပရိနိဗ္ဗာန် ပြုတော်မူသတတ် ဟု တစ်ပြိုင်နက် အုတ်အုတ် ကျက်ကျက် ဖြစ်ကုန်၏။ ဖြစ်ကုန်ပြီးလျှင် နံ့သာပန်း အခိုးအထုံတို့ကို လည်းကောင်း၊ အထူးထူးသော ထင်းတို့ကိုလည်းကောင်း ယူ၍လာကြကုန်၏။ ထို့အတူ လူတို့သည်လည်းကောင်း လာလတ်ကြကုန်၏။ ကိုးဆယ့် ကိုးတောင်မြင့်သော စန္ဒကူး ထင်းပုံတော်သည် ဖြစ်၏။

သဗ္ဗညူ မြတ်စွာဘုရားသည် အရှင်မဟာမောဂ္ဂလာန် မထေရ်၏အနီး၌ ရပ်တော်မူ၍ အလောင်းတော်ကို စန္ဒကူးထင်းပုံ၌ ချခြင်းကို ပြုစေတော်မူ၏။ သင်္ချိုင်းတော် ထက်ဝန်းကျင်မှ တစ်ယူဇနာအတိုင်း အရှည်ရှိသော အရပ်တို့၌ ပန်းမိုးရွာ၏။ နတ်တို့၏အကြား၌ လူတို့သည်လည်းကောင်း၊ လူတို့၏အကြား၌ နတ်တို့သည်လည်းကောင်း ဖြစ်ကုန်၏။ အစဉ်အားဖြင့် နတ်တို့၏အကြား၌ ဘီလူးတို့သည် တည်ကုန်၏။ ဘီလူးတို့၏အကြား၌ ဂန္ဓဗ္ဗနတ်တို့သည် တည်ကုန်၏။ ဂန္ဓဗ္ဗနတ်တို့၏ အကြား၌ နဂါးတို့သည် တည်ကုန်၏။ နဂါးတို့၏အကြား၌ ဂဠုန်တို့သည် တည်ကုန်၏။ ဂဠုန်တို့၏အကြား၌ ကိန္နရာတို့သည် တည်ကုန်၏။ ထီးတို့၏အကြား၌ ရွှေစာမရီသားမြီးယပ်တို့သည် တည်ကုန်၏။ ထို ထီးရွှေစာမရီ သားမြီးယပ်တို့၏ အကြား၌ တံခွန်တို့သည် တည်ကုန်၏။ ခုနစ်ရက်တို့ပတ်လုံး သူတော်ကောင်းတို့၏ ကစားမြူးထူးခြင်း (သာဓုကီဠန) သဘင်ကို ကစားမြူးထူးကြကုန်၏။

စေတီတည်ထားပြီ

သဗ္ဗညူ မြတ်စွာဘုရားသည် အရှင်မောဂ္ဂလာန်မထေရ်၏ ဓာတ်တော်ကို ယူစေတော်မူ၍ ဝေဠုဝန်ကျောင်းတော် တံခါးမုခ်ဦး၌ စေတီတည်စေတော်မူ၏။

ထိုအခါ တရားသဘင်၌ စကားကို ဖြစ်စေကုန်၏။ ငါ့ရှင်တို့... အရှင်သာရိပုတ္တာ မထေရ်သည် မြတ်စွာဘုရား အထံတော်၌ ပရိနိဗ္ဗာန် မပြုသည်၏ အဖြစ်ကြောင့် မြတ်စွာဘုရား အထံတော်မှ များစွာသော ပူဇော်သက္ကာရကို မရ၊ အရှင်မဟာမောဂ္ဂလာန် မထေရ်သည်ကား မြတ်စွာဘုရား အထံတော်၌ ပရိနိဗ္ဗာန်ပြုတော်မူသည်၏ အဖြစ်ကြောင့် များစွာသော ပူဇော် သက္ကာရကို ရ၏ဟု စကားကို ဖြစ်စေကုန်၏။

သဗ္ဗညူ မြတ်ဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့... ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကုန်ကြသနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးကုန်ကြ၏ဟု နားတော် လျှောက်ကုန်လတ်သော် ရဟန်းတို့... မာဂ္ဂလာန်သည် ယခုအခါ၌ သာလျှင် ငါဘုရားအထံတော်၌ များစွာသော ပူဇော်သက္ကာရကို ရသည်မဟုတ်သေး၊ ရှေး၌လည်း ရဖူးသည်သာတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုရောဟိတ်ပုဏ္ဏား၏ ပုဏ္ဏေးမဝမ်း၌ ပဋိသန္ဓေယူ၍ ဆယ်လလွန်သဖြင့် မိုးသောက်ထကာလ၌ အမိ ပုဏ္ဏေးမသည် ဖွား၏။ ထိုခဏ၌ တစ်ဆယ့်နှစ်ယူဇနာရှိသော ဗာရာဏသီမြို့ အလုံးဝယ် ခပ်သိမ်းကုန်သော လက်နက်တို့သည် ထွန်းတောက်ပကုန်၏။

ပုရောဟိတ်သည် သားဖွားစဉ်ခဏ၌ပင် အပသို့ထွက်၍ ကောင်းကင်သို့ ကြည့်လတ်သော် နက္ခတ်တာရာယှဉ်ခြင်းကို မြင်၍ ဤသတို့သားသည် ဤနက္ခတ်ဖြင့် ဖွားမြင်သည်၏အဖြစ်ကြောင့် အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်း၌ လေးသမား တကာတို့ထက် မြတ်သော လေးသမားဖြစ်လတ္တံ့ဟု သိ၍ စောစောကလျှင် နန်းတော်တို့သွား၍ ဗြဟ္မဒတ်မင်းကို ချမ်းသာစွာ စက်တော်ခေါ်ရသော အဖြစ်ကို မေးလျှောက်၍ ဆရာ... ယနေ့ ငါ့အား အဘယ်မှာ ချမ်းမြေ့သာယာစွာ ရှိပါအံ့နည်း၊ အလုံးစုံသော နန်းတော်၌ အလုံးစုံသော လက်နက်တို့သည် တောက်ပကုန်၏ဟု ဆိုလတ်သော် အရှင်မင်းကြီး စိုးရိမ်တော်မမူလင့်၊ အရှင်မင်းကြီးတို့ နန်းတော်၌သာလျှင် လက်နက်တို့သည် တောက်ပကုန်သည် မဟုတ်သေး၊ အလုံးစုံသော မြို့၌လည်း လက်နက်တို့သည် တောက်ပကုန်သည် သာလျှင်တည်း၊ အရှင်မင်းကြီး... ယနေ့ အကျွန်ုပ်တို့အိမ်၌ သူငယ်ဖွားသည်၏ အဖြစ်ကြောင့် လက်နက်တို့ ထွန်းတောက်ပခြင်းသည် ဖြစ်ကုန်၏ဟု တင်လျှောက်၏။

ဆရာ... ဤသို့ဖွားမြင်သော သတို့သားအားကား အဘယ်သို့သော အကျိုးဖြစ်လတ္တံ့နည်းဟု မေးတော်မူ၏။ မြတ်သောမင်းကြီး... ဤသို့ ဖွားသောသားသည် နည်းသော အာနုဘော်ရှိသောသူသည် မဖြစ်လတ္တံ့၊ စင်စစ်သော်ကား ထိုသတို့သားသည် အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်း၌ လေးသမား တကာတို့ထက် မြတ်သော လေးသမား ဖြစ်လတ္တံ့ဟု တင်လျှောက်သည်ရှိသော် ဆရာ... ကောင်းပြီ၊ ထိုသို့တပြီးကား ထိုသူငယ်ကို လုပ်ကျွေး၍ အရွယ်ရောက်သောကာလ၌ ငါတို့အား ပြလှည့်ဟု ဆို၍ နို့ဖိုး အသပြာတစ်ထောင် ပေးတော်မူလိုက်၏။

ပုရောဟိတ်သည် ထိုနို့ဖိုး အသပြာတစ်ထောင်ကိုယူ၍ အိမ်သို့သွားပြီးလျှင် ပုဏ္ဏေးမအားပေး၍ သားအား အမည်မှည့်သောနေ့၌ ဖွားသောခဏ၌ လက်နက်တို့ တောက်ပသည်၏ အဖြစ်ကြောင့် ထိုသတို့သားအား ဇောတိပါလဟူသော အမည်ကိုမှည့်၏။

ဇောတိပါလ လေးတတ်ပညာ သင်ကြား

ထို ဇောတိပါလ လုလင်သည်ကား များစွာသော အခြံအရံဖြင့်ကြီး၏။ တစ်ဆယ့်ခြောက်နှစ်ရှိသော ကာလ၌ မြတ်သောအဆင်းကိုဆောင်၏။ ထိုအခါ ဇောတိပါလ လုလင်၏ ခမည်းတော် ပုရောဟိတ် ပုဏ္ဏားသည် အရွယ်ရောက်သော ကိုယ်နှင့် ပြည့်စုံသော သားကိုမြင်၍ အမောင်... တက္ကသိုလ်ပြည်သို့သွား၍ အရပ်မျက်နှာသူတို့၏ အကြီးအမှူးဖြစ်သော ဆရာ့အထံ၌ လေးအတတ်ကို သင်ချေလော့ဟု ဆို၏။ ထိုဇောတိပါလ လုလင်သည် ကောင်းပါပြီဟု ဝန်ခံ၏။ ဆရာစား ဥစ္စာတစ်ထောင်ကို ယူ၍ မယ်တော် ခမည်းတော်တို့ကို ရှိခိုးပြီးလျှင် တက္ကသိုလ်ပြည်သို့သွား၍ တစ်ထောင်သော အသပြာကိုပေး၍ အတတ်ကိုသင်လျှင် ခုနစ်ရက်ဖြင့်သာ အပြီးသို့ရောက်၏။

ထိုအခါ ဇောတိပါလ လုလင်အား ဒိသာပါမောက္ခ ဆရာသည် အလွန်နှစ်သက်သည်ဖြစ်၍ မိမိဥစ္စာဖြစ်သော သန်လျက်ရတနာကို လည်းကောင်း၊ စပ်၍လုပ်အပ်သော ဆိတ်ချိုလေးကို လည်းကောင်း၊ အစပ်နှင့်ယှဉ်သော တောင့်ကိုလည်းကောင်း၊ မိမိ၏ ချပ်ဝတ် တန်ဆာကိုလည်းကောင်း၊ သင်တိုင်းကို လည်းကောင်း၊ သင်းကျပ်ကိုလည်းကောင်းပေး၍ အမောင် ဇောတိပါလ... ငါသည် အိုမင်းပြီ၊ ယခုအခါ သင်သည် ဤတပည့်လုလင် ငယ်တို့ကို သင်စေလော့ဟုဆို၍ ငါးရာကုန်သော တပည့်လုလင်ငယ်တို့ကိုလည်း ထိုဇောတိပါလ လုလင်အားသာလျှင် အပ်နှင်း၏။

တစ်နေ့ တစ်ထောင်ရ ဇောတိပါလ

ဘုရားလောင်းသည် အတတ်သင်ပြီးလျှင် ဆရာကိုရှိခိုး၍ ဗာရာဏသီပြည်သို့သာလျှင် ပြန်လည်ခဲ့၍ မယ်တော် ခမည်းတော်တို့ကို ရှိခိုး၍ တည်၏။ ထိုအခါ ရှိခိုး၍တည်သော ဇောတိပါလလုလင်ကို ခမည်းတော် ပုရောဟိတ်သည် ချစ်သား... သင်ချစ်သားသည် အတတ်သင်ခဲ့ပြီလော ဟု မေး၏။ ဖခင်... သင်အပ်ပြီ ဟု ဆို၏။ ထို ပုရောဟိတ်သည် သားတော် ဇောတိပါလ လုလင်စကားကို ကြားရလျှင် နန်းတော်သို့သွား၍ အရှင်မင်းကြီး အကျွန်ုပ်သားသည် အတတ်သင်၍ လာလတ်ပြီ၊ အသို့ ပြုစေရမည်နည်း ဟု မေးလျှောက်၏။ ဆရာ... ငါတို့ကို ခစားစေလော့ ဟု ဆိုလတ်သော် အရှင်မင်းကြီး ထိုဇောတိပါလ လုလင်အား ရိက္ခာကို သိတော်မူလော့ ဟု တင်လျှောက်၏။ ထိုဇောတိပါလ လုလင်သည် နေ့တိုင်းနေ့တိုင်း တစ်ထောင်သော ဥစ္စာကို ရစေ ဟု မိန့်တော်မူသည်ရှိသော် ထိုပုရောဟိတ်သည် ကောင်းပြီ ဟု ဝန်ခံ၍ အိမ်သို့ သွားပြီးလျှင် သားတော် ဇောတိပါလ လုလင်ကို ခေါ်စေ၍ ချစ်သား... အရှင်မင်းကြီးကို ခစားလော့ ဟု ဆို၏။ ထို ဇောတိပါလ လုလင်သည် ထိုအခါမှစ၍ နေ့တိုင်းနေ့တိုင်း တစ်ထောင်သော ဥစ္စာကိုရ၍ မင်းကိုခစား၏။

ဇောတိပါလ လေးအတတ်

မင်း၏ခြေရင်း၌ အမြဲခစားကုန်သော သူတို့သည် ကဲ့ရဲ့ကြကုန်၏။ ငါတို့သည် ဇောတိပါလ လုလင်သည် ပြုအပ်သောအမှုကို မမြင်ရကုန်၊ နေ့တိုင်းနေ့တိုင်း တစ်ထောင်သော ဥစ္စာကိုယူ၍ ငါတို့သည် ထိုဇောတိပါလ လုလင်၏ အတတ်ကို မြင်လိုကုန်၏ ဟု ဆို၍ ကဲ့ရဲ့ကြကုန်၏။ ဗြဟ္မဒတ်မင်းသည် ထိုမင်းခစား ယောကျ်ားတို့၏ စကားကို ကြား၍ ပုရောဟိတ်အား ဆိုတော်မူ၏။ ပုရောဟိတ် ပုဏ္ဏားသည် အရှင်မင်းကြီး ကောင်းပြီ ဟု တင်လျှောက်၍ သားတော်အား ကြား၏။ ထိုဇောတိပါလ လုလင်သည် ဖခင် ကောင်းပြီ၊ ဤနေ့မှ ခုနစ်ရက် မြောက်သောနေ့၌ ပြအံ့၊ ဗြဟ္မဒတ်မင်းကို မိမိ တိုင်းနိုင်ငံတော် အတွင်း၌ရှိသော လေးသမားတို့ကို စည်းဝေးစေလော့ ဟု ဆို၏။ ပုရောဟိတ်သည် သွား၍ ဗြဟ္မဒတ်မင်းအား ထိုအကြောင်းကို တင်လျှောက်၏။

ဗြဟ္မဒတ်မင်းသည် ဗာရာဏသီမြို့တော်၌ စည်လည်စေ၍ လေးသမားတို့ကို စည်းဝေးစေ၏။ ခြောက်သောင်းကုန်သော လေးသမားတို့သည် စည်းဝေးကြကုန်၏။ ဗြဟ္မဒတ်မင်းသည် ထိုခြောက်သောင်းကုန်သော လေးသမားတို့ စည်းဝေးသည်၏ အဖြစ်ကိုသိ၍ မြို့၌နေကုန်သောသူတို့သည် ဇောတိပါလလုလင်၏ အတတ်ကို ကြည့်ကြကုန် ဟု စည်လည်စေပြီးလျှင် မင်းရင်ပြင်ကို ပြုပြင်စေ၍ လူများအပေါင်း ခြံရံလျက် မြတ်သောပလ္လင်၌ နေ၍ လေးသမားတို့ကို ခေါ်စေပြီးလျှင် ဇောတိပါလ လုလင်သည် လာစေ ဟု စေတော်မူ၏။ ထို ဇောတိပါလ လုလင်သည် ဒိသာပါမောက္ခ ဆရာသည် ပေးအပ်သော ဆိတ်ချိုလေး, တောင့်, ချပ်ဝတ်တန်ဆာ, သင်တိုင်း, သင်းကျပ် အစရှိသည်တို့ကို ပုဆိုးကြား၌ထား၍ သန်လျက်ကို ယူခဲ့စေ၍ ပြကတော့အားဖြင့်သာလျှင် မင်း၏အထံသို့ သွား၍ လျောက်ပတ်သော အရပ်၌ တည်၏။

ရဲရင့်စွာသာ ထွက်ပေါ်လာ

ခြောက်သောင်းကုန်သော လှေသမားတို့သည် ဇောတိပါလ လုလင်သည် လေးအတတ်ကိုပြခြင်းငှာ လာ၏။ လေးကို မယူဘဲ လာသည်၏ အဖြစ်ကြောင့် ငါတို့လက်မှ လေးကို ယူလိုသည် ဖြစ်လတ္တံ့။ ထိုဇောတိပါလအား မပေးကြကုန်လင့်ဟု ကတိကဝတ် ပြုကြကုန်၏။ ဗြဟ္မဒတ်မင်းသည် ဇောတိပါလ လုလင်ကို ခေါ်တော်မူ၍ အတတ်ကို ပြလော့ ဟု ဆို၏။ ထိုဇောတိပါလ လုလင်သည် တင်းတိမ် ကာရံစေပြီးလျှင် တင်းတိမ်တွင်း၌ နေလျက် ပုဆိုးတို့ကိုပယ်၍ ချပ်သင်တိုင်းကိုဝတ်၍ သင်းကျပ်ကို ဦးခေါင်း၌စွပ်လျက် ဆိတ်ချိုလေး၌ သန္တာအဆင်းနှင့်တူသော လေးညှို့ကိုတင်လျက် တောင့်ကို လွယ်၍ သန်လျက်ကို လက်ဝဲဘက်က စွဲကိုင်၍ ဝရဇိန်အဖျား စဉ်းသွားတပ်သော မြားကို လက်သည်းခွံအပြင်ဖြင့် ပွတ်၍ တင်းတိမ်ကိုဖွင့်လျက် မြေကိုခွဲ၍ ထွက်လတ်သော တန်ဆာဆင်အပ်သော နဂါးလုလင်ကဲ့သို့ ထွက်သွား၍ မင်းအား အရိုအသေပြုသော အမူအရာကိုပြ၍ တည်၏။

ထိုဇောတိပါလ လုလင်ကိုမြင်၍ လူအပေါင်းသည် လက်ပမ်းပေါက် ခတ်ကုန်၏။ ပဲ့တင်ထပ်စေကုန်၏။ အံ့ချီးကုန်၏။

ဗြဟ္မဒတ်မင်းသည် အမောင် ဇောတိပါလ... အတတ်ကို ပြလော့ ဟု ဆို၏။

ဇောတိပါလ၏ မြားတစ်စင်းဖြင့် အကာအကွယ်ပြု

အရှင်မင်းကြီး ခြောက်သောင်းကုန်သော အရှင်မင်းကြီးတို့၏ လေးသမားတော်တို့တွင် အက္ခဏ ဝေဓိ, ဝါလဝေဓိ, သရဝေဓိ, သဒ္ဒဝေဓိ ဖြစ်ကုန်သော လေးသမားတော် လေးယောက်တို့ကို ခေါ်စေတော်မူလော့ ဟု နားတော် လျှောက်လတ်သော် ဗြဟ္မဒတ်မင်းသည် ခေါ်စေတော်မူ၏။ ဘုရားလောင်းသည် မင်း၏ ညီလာခံရာ အပြင်၌ လေးထောင့်ရှိသော အပိုင်းအခြား၏ အတွင်း၌ မဏ္ဍပ်ကိုပြု၏။ လေးထောင့်တို့၌ လေးသည်တော် လေးယောက်တို့ကိုထား၍ တစ်ယောက် တစ်ယောက်သော လေးသမားတော်အား သုံးသောင်း သုံးသောင်းကုန်သော မြားတို့ကိုပေးစေ၍ တစ်ယောက် တစ်ယောက်သော လေးသမားအထံ၌ မြားပေးသော ယောက်ျား တစ်ယောက် တစ်ယောက်စီကိုထား၍ မိမိသည် ဝရဇိန်အဖျား စဉ်းသွားတပ်သော မြားကိုကိုင်၍

မဏ္ဍပ်အလယ်၌ တည်လျက် မြတ်သောမင်းကြီး၏ ဤလေးသည်တော် လေးယောက်တို့ကို တစ်ပြိုင်နက်ခြင်းသာလျှင် မြားတို့ကိုလွှတ်၍ အကျွန်ုပ်ကို ပစ်စေလော့၊ အကျွန်ုပ်သည် ထိုလေးသည်တော် လေးယောက်တို့သည် ပစ်အပ်ကုန်သော မြားတို့ကို မြားတစ်စင်းတည်းဖြင့် တားပါအံ့ ဟု တင်လျှောက်၏။

ဗြဟ္မဒတ်မင်းသည် ဤသို့ဆိုတိုင်း ပြုကြကုန်လော့ ဟု မိမိလေးသည်ကျော် သူရဲတို့ကို စေတော်မူ၏။ လေးသည်တော်တို့သည် မြတ်သောမင်းကြီး... အကျွန်ုပ်တို့သည် အက္ခဏဝေဓိ, ဝါလဝေဓိ, သရဝေဓိ, သဒ္ဒဝေဓိ လေးသမားများ ဖြစ်ကုန်၏။ ဇောတိပါလသည် ပျိုနုသော သူငယ်ဖြစ်၏။ အကျွန်ုပ်တို့သည် မပစ်ကုန်အံ့ ဟု တင်လျှောက်ကုန်သည်ရှိသော် ဘုရားလောင်း ဇောတိပါလ လုလင်သည် သင်တို့သည် အကယ်၍ စွမ်းနိုင်ကုန်အံ့၊ ငါ့ကို ပစ်ကြကုန်လော့ ဟု ဆို၏။ ထို လေးသည်တော် လေးယောက်တို့သည် ကောင်းပြီဟု ဝန်ခံ၍ တစ်ပြိုင်နက်ခြင်းသာလျှင် မြားတို့ကို ပစ်ကြကုန်၏။ ဘုရားလောင်းတော်သည် ထိုမြားတို့ကို ဝရဇိန်အဖျား စဉ်းသွားတပ်သော မြားတစ်စင်းဖြင့်သာလျှင် ကွယ်ကာ၍ ကျလိုရာမှာ ကျစေ၏။ စင်စစ်သော်ကား ဗောဓိအိမ်ကို ပွတ်တိုင်ဖြင့် ခြံရံဘိသကဲ့သို့ မြားသွားတစ်ခုဖြင့် မြားသွားတစ်ခုကို မြားမြီးတစ်ခုဖြင့် မြားမြီးတစ်ခုကို မြားရိုးတစ်စင်းဖြင့် မြားရိုးတစ်စင်းကို မြားလွှတစ်ခုဖြင့် မြားလွှတစ်ခုကို မလွန်စေမူ၍ ပစ်သဖြင့် မြားတိုက်ကိုပြု၏။ လေးသည်တော်တို့၏ မြားတို့သည် ကုန်ကုန်၏။ ထိုဇောတိပါလ လုလင်သည် ထိုလေးသည်တော်တို့၏ မြားကုန်သည်၏ အဖြစ်ကို သိ၍ မြားတိုက်ကို မပျက်စီးစေဘဲလျက် ခုန်တက်လျက် ထွက်သွား၍ ဗြဟ္မဒတ်မင်း၏ အထံ၌ တည်၏။ လူအများတို့သည် ပဲ့တင်ထပ်စေကုန်လျက် လက်ပမ်းပေါက် ခတ်ကုန်လျက်အံ့ချီးကုန်လျက် လက်ခုပ်တီးကုန်လျက် တစ်ပြိုင်နက် အုတ်အုတ် ကျက်ကျက် ပြုကုန်လျက် ဝတ်စားတန်ဆာတို့ကို ပစ်ကြကုန်၏။ ဤသို့ စုပေါင်းအပ်သော ဥစ္စာသည် တစ်ဆယ့်ရှစ်ကုဋေ အရေအတွက်ရှိ၏။

ထိုအခါ ဇောတိပါလလုလင်ကို ဗြဟ္မဒတ်မင်းသည် အမောင် ဇောတိပါလ... ဤအတတ်သည် အဘယ်အတတ် မည်သနည်း ဟု မေးတော်မူ၏။ အရှင်မင်းကြီးမြားကို ကွယ်ကာ ဆီးတားသော အတတ်မည်၏ ဟု တင်လျှောက်၏။ ဤကဲ့သို့ တတ်သောသူသည် ရှိသေး၏လော ဟု မေးတော်မူလျှင် အရှင်မင်းကြီး... အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်း၌ အကျွန်ုပ်ကိုထား၍ ဤသို့တတ်သော တစ်ပါးသောသူသည် မရှိပါ ဟု တင်လျှောက်၏။

မြားစက်ဝန်းပစ် မြားအတတ်

အမောင် ဇောတိပါလ... ထိုမှတစ်ပါးသော အတတ်ကိုလည်း ပြဦးလော့ ဟု မိန့်တော်မူသည်ရှိသော် အရှင်မင်းကြီး... ထိုလေးယောက်သော လေးသည်တော်တို့ကို လေးထောင့်တို့၌ထား၍ လေးယောက်ကုန်သော လေးသည်တော်တို့သည်လည်း အကျွန်ုပ်ကို ပစ်အံ့သောငှာ ရှေးဦးစွာ မစွမ်းနိုင်ကြလေကုန်၊ အကျွန်ုပ်သည်တမူကား လေးထောင့်တို့၌ တည်ကုန်သော လေးယောက်ကုန်သော လေးသမားတော်တို့ကို တစ်စင်းတည်းသော မြားဖြင့်သာလျှင် ပစ်ပါအံ့ ဟု တင်လျှောက်သည်ရှိသော် လေးသည်တော် လေးယောက်တို့သည် တည်အံ့သောငှာ မဝံ့ကုန်။ ဘုရားအလောင်းသည် လေးထောင့်တို့၌ ငှက်ပျောလေးပင်တို့ကို ထားစေ၍ ဝရဇိန်အဖျား စဉ်းသွားတပ်သော မြား၌ နီသောအဆင်းရှိသော ပိုးချည်ကိုဖွဲ့၍ ငှက်ပျော်တစ်ပင်ကို ရွယ်၍ ပစ်၏။ ဝရဇိန်အဖျား စဉ်းသွားတပ်သော မြားသည် ထိုဌက်ပျောပင်ကို ထွင်းဖောက်၍ ထို့နောင်မှ နှစ်ခုမြောက်သော ငှက်ပျောပင်ကို, ထိုနောက်မှ သုံးခုမြောက်သော ငှက်ပျောပင်ကို, ထိုနောက်မှ လေးခုမြောက်သော ငှက်ပျောပင်ကို ထွင်းဖောက်၍ ထို့နောင်မှ ရှေးဦးစွာ ပစ်အပ်သော ငှက်ပျောပင်ပေါက်သို့သာလျှင် ဝင်၍ တစ်ဖန် ဘုရားအလောင်း လက်၌သာလျှင် တည်လာ၏။ ငှက်ပျောပင်တို့သည် နီးသောချည်ဖြင့် ရံကုန်လျက် တည်ကုန်၏။ လူအပေါင်းသည် များစွာသော ပဲ့တင်သံတို့ကို ဖြစ်စေ၏။

လေးအတတ်မျိုးစုံ ရှုမကုန်

ဗြဟ္မဒတ်မင်းသည် အမောင်ဇောတိပါလ ဤအတတ်သည်ကား အဘယ်အတတ် မည်သနည်း ဟု မေးတော်မူ၏။ အရှင်မင်းကြီး... စက်ဝန်းပစ် အတတ်မည်၏ ဟု တင်လျှောက်၏။

အမောင် ဇောတိပါလ တစ်ပါးသော လေးအတတ်ကိုလည်း ပြပါဦးလော့ ဟု မိန့်တော်မူသည်ရှိသော် ဘုရားအလောင်းသည် မြားကို နွယ်သဏ္ဌာန်ထင်အောင် ပစ်သော အတတ်မည်သည်ကို လည်းကောင်း၊ မြားကို ကြိုးသဏ္ဌာန်ထင်အောင်ပစ်သော အတတ်မည်သည်ကို လည်းကောင်း၊ မြားကိုမြားချင်း ထွင်းအောင်ပစ်သော အတတ်မည်သည်ကိုလည်းကောင်း၊ မြားကို ပြာသာဒ်သဏ္ဌာန် ထင်အောင်ပစ်သော အတတ်မည်သည်ကိုလည်းကောင်း၊ မြားကို မဏ္ဍပ်သဏ္ဌာန် ထင်အောင်ပစ်သော အတတ်မည်သည်ကို လည်းကောင်း၊ မြားကို စောင်းတန်းသဏ္ဌာန် ထင်အောင်ပစ်သော အတတ်မည်သည်ကို လည်းကောင်း၊ မြားကို တံတိုင်းသဏ္ဌာန် ထင်အောင်ပစ်သော အတတ်မည်သည်ကို လည်းကောင်း၊ မြားကို ရေကန်သဏ္ဌာန် ထင်အောင်ပစ်သော အတတ်မည်သည်ကို လည်းကောင်း ပြ၏။ မြားကြာပွင့်မည်သည်ကို ပွင့်စေ၏။ မြားမိုးရွာခြင်းကိုလည်း ရွာစေ၏။ ဤသို့ တစ်ပါးကုန်သော လေးသမားတို့နှင့် မဆက်ဆံကုန်သော ဤတစ်ဆယ့်နှစ်ပါးကုန်သော လေးအတတ်တို့ကို ပြပြီး၍ တစ်ဖန် တစ်ပါးကုန်သော လေးသမားတို့နှင့် မဆက်ဆံသည်သာလျှင် ဖြစ်ကုန်သော ခုနစ်ပါးကုန်သော ကြီးစွာကုန်သော ပစ်ဖွယ်အပေါင်းတို့ကို ပစ်၍ ကွဲစေ၏။ အထူ လက်ရှစ်သစ်ရှိသော ရေသဖန်းပျဉ်ကို ပစ်၏။ အထူ လက်လေးသစ်ရှိသော ပိတောက်ပျဉ်ကို ပစ်၏။ အထူ လက်နှစ်သစ်ရှိသော ကြေးနီကို ပစ်၏။ အထူ လက်တစ်သစ်ရှိသော သံပြားကို ပစ်၏။ တစ်စပ်တည်းသော ပျဉ်ချပ်ရေ တစ်ရာကို ပစ်၏။ ကောက်ရိုးလှည်း, သဲလှည်း, ပျဉ်လှည်းတို့၏ ရှေ့အဖို့၌များကိုပစ်၍ နောက်အဖိုဖြင့် မြားကို ထွက်စေ၏။ နောက်အဖို့ဖြင့် မြားကိုပစ်၍ ရှေးအဖို့၌ မြားကို ထွက်စေ၏။ ရေ၌ပစ်သောအခါ လေး ဥသဘတိုင်တိုင်, ကြည်း၌ ပစ်သောအခါ ရှစ်ဥသဘတိုင်တိုင် မြားတို့ကို စေလွှတ်၏။ သားမြီးအဖျား၌ ဆွဲအပ်သော ခရမ်းသီးအမှတ်ဖြင့် တဥသဘ အတိုင်းအရှည်ရှိသော အရပ်၌ သားမြီးဖျားကို ပစ်၏။ ဘုရားလောင်းသည် မြားတို့ကို ပစ်၍ ကောင်းကင်၌ ပြာသာဒ် စသည်တို့ကိုပြု၍ တစ်ဖန် တစ်ခုသောမြားဖြင့် ထိုမြားတို့ကို ကျစေလျက် ဖျက်ဆီးအပ်သည်တို့ကို ပြု၏။ ထို့ကြောင့် သရဘင်္ဂဟူ၍ အမည်ကို သိကြကုန်၏။

ဇောတိပါလလုလင် တောသို့ဝင်

ထိုဇောတိပါလ လုလင်၏ ဤမျှလောက်သော လေးအတတ်ကို ပြစဉ်ပင်လျှင် နေသည်ဝင်၏။ ထိုအခါ ဇောတိပါလ လုလင်အား ဗြဟ္မဒတ်မင်းကြီးသည် စစ်သူကြီး အရာကို အပ်နှင်းလိုသောကြောင့် အမောင် ဇောတိပါလ... ယနေ့ အခါမဟုတ်သေး၊ နက်ဖြန် စစ်သူကြီးအရာဖြစ်သော အချီးအမြှောက်ကို ရယူလတ္တံ့၊ ဆံမုတ်ဆိတ်ကို ပြုပြင်လျက် ရေချိုးခဲ့၍ လာလော့ဟု ဆို၍ ထိုနေ့၌ ရိက္ခာစားနပ်အလို့ငှာ တစ်သိန်းသော ဥစ္စာကို ပေးတော်မူ၏။ ဘုရားအလောင်းသည် ဤဥစ္စာဖြင့် ငါ့အား အလိုမရှိ ဟု နှလုံးသွင်း၍ တစ်ဆယ့်ရှစ်ကုဋေ အရေအတွက်ရှိသော ဥစ္စာကို ဥစ္စာရှင်တို့အားသာလျှင် ပေး၍ များစွာသော အခြံအရံဖြင့် ရေချိုအံ့သောငှာ မြစ်သို့သွားလေ၍ ဆံမုတ်ဆိတ်ကို ပြုပြင်စေပြီးလျှင် ရေချိုး၍ ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်လျက် နှိုင်းယှဉ်စရာ ဥပမာမရှိသော အသရေဖြင့် မိမိအိမ်သို့ဝင်၍ အထူးထူးသော မြတ်သော အရသာရှိသော ဘောဇဉ်ကိုစားပြီးလျှင် အသရေရှိသော အိမ်ရာသို့တက်၍ လျောင်းလျက် ညဉ့်နှစ်ယံတို့ပတ်လုံးအိပ်၍ မိုးသောက်ယံ၌နိုးလျှင် ထလတ်၍ ထက်ဝယ်ဖွဲ့ခွေသဖြင့် အိပ်ရာအပြင်၌ ထိုင်လျက် မိမိအတတ်၏ အစ, အလယ်, အဆုံးကို ကြည့်လတ်သော် ငါ့အတတ်၏ အစ, ၌သာလျှင် သူတစ်ပါးကို သတ်ရခြင်းသည် ထင်၏။ အလယ်၌ ကိလေသာ၏ အာရုံဖြစ်သော ဝတ္ထုတို့ကို သုံးဆောင်ရခြင်းသည် ထင်၏။ အဆုံး၌ အပါယ်ပဋိသန္ဓေကို ပေး၏။ အဆင့်ဆင့် ပါဏာတိပါတကို ပြုခြင်းသည်လည်းကောင်း၊ ကိလေသာ၏ အာရုံဖြစ်သော ဝတ္ထုတို့ကို သုံးဆောင်ခံစားခြင်းတို့ကြောင့် ကုသိုလ်ကောင်းမှု၌ အလွန်မေ့လျော့ခြင်းသည်လည်းကောင်း၊ ငရဲ၌ ပဋိသန္ဓေကို ပေးတတ်၏။ ဗြဟ္မဒတ်မင်းသည် ငါ့အား မြတ်သောစစ်သူကြီးအရာကို ပေးအပ်ပြီ၊ ငါ့အား များစွာသော စည်းစိမ်သည် ဖြစ်လတ္တံ့၊ မယားတို့သည်လည်းကောင်း၊ သားသမီးတို့သည်လည်းကောင်း များကုန်သည် ဖြစ်လတ္တံ့၊ စင်စစ်သော်ကား များပြားပြန့်ပြောခြင်းသို့ ရောက်သော ကိလေသာ၏ အာရုံကို စွန့်နိုင်ခဲသည် ဖြစ်၏။ ယခုသာလျှင် အိမ်မှထွက်၍ တစ်ယောက်အထီးတည်းသာလျှင် တောသို့ဝင်၍ ရသေ့ရဟန်းပြုခြင်းငှာ ငါ့အား သင့်၏ ဟု မြတ်သောအိပ်ရာမှ ထ၍ တစ်စုံတစ်ယောက်သူကိုမျှ မသိစေမူ၍ ပြာသာဒ်ထက်မှ ဆင်းသက်၍ မြတ်သောတံခါးဖြင့် ထွက်၍ တစ်ယောက်အထီးတည်းသာလျှင် တောသို့ဝင်၍ ဂေါဓာဝရီ မြစ်နား၌ သုံးယူဇနာရှိသော သီးတောကို ရည်၍ သွားလေ၏။

ရသေ့ဘဝ ဇောတိပါလ

ထိုဇောတိပါလလုလင်၏ တောထွက်သောအဖြစ်ကို သိ၍ သိကြားမင်းသည် ဝိသုကြုံနတ်သားကို ခေါ်၍ အမောင် ဝိသုကြုံနတ်သား... ဇောတိပါလ လုလင်သည် တောထွက်၏။ များစွာသော ရသေ့ရဟန်းတို့၏ အစည်းအဝေးသည် ဖြစ်လတ္တံ့၊ ဂေါဓာဝရီ မြစ်နားဝယ် သီးတော၌ ကျောင်းကိုဖန်ဆင်း၍ ရသေ့ရဟန်းတို့၏ ပရိက္ခရာတို့ကို စီရင်ချေလော့ ဟု ဆို၍ ထိုဝိသုကြုံနတ်သားသည် သိကြားမင်းဆိုတိုင်း ပြု၏။ ဘုရားအလောင်းသည် ထိုအရပ်သို့ရောက်၍ တစ်ဖဝါးလှမ်းလောက်ရုံသော ခရီးကိုမြင်လျှင် ရသေ့ရဟန်းတို့၏ နေရာအရပ်သည် ဖြစ်ရာ၏ ဟု လမ်းခရီးဖြင့် ထိုကျောင်းသို့သွား၍ တစ်စုံတစ်ယောက်သောသူကို မမြင်လျှင် သစ်ရွက်မိုးသော ကျောင်းသို့ဝင်၍ ရသေ့ရဟန်းတို့၏ ပရိက္ခရာတို့ကိုမြင်လျှင် သိကြားမင်းသည် ငါ၏ တောထွက်သောအဖြစ်ကို သိယောင်တကား ဟု ကြံ၍ လူဝတ်ပုဆိုးတို့ကို ပယ်ပြီးလျှင် နီသော လျှော်တေသင်္ကန်းကို ဝတ်ရုံ၍ သစ်နက်ရေကို ပခုံးတစ်ဖက်၌ တင်သည်ကိုပြု၍ ဆံကျစ်ပန်းကိုဖွဲ့၍ ပရိက္ခရာဖြင့်ပြည့်သော ထမ်းပိုးကိုလည်း ပခုံး၌ထမ်း၍ သူအိုတို့၏ စွဲကိုင်ရာဖြစ်သော တောင်ဝှေးကို စွဲကိုင်လျက် သစ်ရွက်မိုးသော ကျောင်းမှထွက်၍ စင်္ကြံထက်သို့ တက်ပြီးလျှင် နှစ်ကြိမ်သုံးကြိမ် ထိုမှဤမှ စင်္ကြံသွား၍ ရဟန်း၏ အသရေဖြင့် တောကို တင့်တယ်စေလျက် ကသိုဏ်းပရိကံကိုပြု၍ ရသေ့ရဟန်း ပြုသောနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ ရှစ်ပါးသော သမာပတ်တို့ကိုလည်းကောင်း၊ ငါးပါးသော အဘိညာဉ်တို့ကိုလည်းကောင်း ဖြစ်စေ၍ ဆွမ်းခံဝတ်ဖြင့် တောသစ်မြစ် တောသစ်သီး တည်းဟူသော အာဟာရရှိသည်ဖြစ်၍ တစ်ယောက်အထီးတည်းသာလျှင် နေ၏။

လူအများ ရဟန်းပြုကြ

ထိုဇာတိပါလလုလင်၏ မိခင်ဖခင် ချစ်ခင်ကျွမ်းဝင်သော အဆွေခင်ပွန်း အဆွေအမျိုး အပေါင်းတို့သည်လည်း ထိုဇာတိပါလလုလင်ကို မမြင်ကုန်သည်ဖြစ်၍ ငိုကြွေးကုန်လျက် လှည့်လည်ကြကုန်၏။

ထိုအခါ တစ်ယောက်သောမုဆိုးသည် တောသို့ဝင်၍ သီးတောကျောင်း၌နေသော ဘုရားအလောင်း ဇောတိပါလကို မြင်လျှင် သိသဖြင့် သွား၍ ထိုဘုရားအလောင်း ဇောတိပါလနှင့်တကွ ပျူငှာသော လောကဝတ်ကို ပြုပြီးလျှင် မြို့သို့သွား၍ ထိုဇောတိပါလလုလင်၏ မိဘတို့အား ပြောကြား၏။ ထိုမိဘတို့သည်လည်း ဗြဟ္မဒတ်မင်းကြီးအား ကြားလျှောက်ကုန်၏။ ဗြဟ္မဒတ်မင်းကြီးသည် လာလှည့်ကုန်၊ ထိုဇောတိပါလလုလင်ကို ဖူးမြင်ကြကုန်အံ့ဟု ဆို၍ ထိုဇောတိပါလလုလင်၏ မိဘတို့ကိုခေါ်၍ များစွာသော လူအပေါင်းတို့ဖြင့် ခြံရံလျက် မုဆိုးသည် ညွှန်အပ်သောလမ်းခရီးဖြင့် ဂေါဓာဝရီမြစ်သို့ ရောက်လေ၏။ ဘုရားလောင်းသည် မြစ်နားသို့သွား၍ ကောင်းကင်၌နေလျက် တရားဟော၍ ထိုအလုံးစုံသောသူတို့ကို ကျောင်းသို့ဝင်စေ၏။ ထိုကျောင်း၌လည်း ထိုသူတို့အား ကောင်းကင်၌ နေလျက်သာလျှင် ကာမတို့၌ အပြစ်ကိုပြ၍ တရားဟောတော်မူ၏။ ဗြဟ္မဒတ်မင်းကို အစပြု၍ အလုံးစုံသောသူတို့သည် ထိုဘုရားအလောင်း ဇောတိပါလ ရှင်ရသေထံ၌သာလျှင် ရသေ့ရဟန်း ပြုကြကုန်၏။ ဘုရားအလောင်းသည် ရဟန်းအပေါင်း ခြံရံလျက် ထို ဂေါဓာဝရီမြစ်နား သီးတောကျောင်း၌သာလျှင် နေ၏။ ထိုအခါ ဘုရားအလောင်း ဇောတိပါလရှင်ရသေ့၏ ထိုဂေါဓာဝရီမြစ်နား သီးတောကျောင်း၌ နေသောအဖြစ်သည် အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်း၌ ထင်ရှား၏။ တစ်ပါးလည်းဖြစ်ကုန်သော မင်းတို့သည် တိုင်းနိုင်ငံသူတို့နှင့်တကွ လာလတ်ကုန်၍ ထိုဘုရားအလောင်း ဇောတိပါလ ရှင်ရသေ့အထံ၌ ရဟန်းပြုကုန်၏။ ရသေ့တို့၏ အစည်းအဝေးသည် များ၏။ အစဉ်သဖြင့် အသိန်းမကကုန်သော ပရိသတ်တို့သည် ဖြစ်ကုန်၏။ ထိုပရိသတ်တို့တွင် အကြင်သူသည် ကာမဝိတက်ကို လည်းကောင်း၊ ဗျာပါဒဝိတက်ကို လည်းကောင်း၊ ဝိဟိံသဝိတက်ကိုလည်းကောင်း ကြံ၏။ ဘုရားအလောင်းသည် သွား၍ ထိုသူ၏ရှေ့မှ ကောင်းကင်၌နေလျက် တရားဟော၏။ ကသိုဏ်းပရိကံကို ကြား၏။

တပည့်ရသေ့ကျော် ခုနစ်ဖော်

ထိုဘုရားလောင်း ဇောတိပါလရှင်ရသေ့၏ အဆုံးအမ၌ တည်၍ သမာပတ်ရှစ်ပါးတို့ကို ဖြစ်စေ၍ ဈာန်၏အပြီးသို့ ရောက်ကုန်သော-

။ သာလိဿရရသေ့။
၂။ မေဏ္ဍိဿရရသေ့။
၃။ ပဗ္ဗတရသေ့။
၄။ ကာဠဒေဝီလရသေ့။
၅။ ကိသဝစ္ဆရသေ့။
၆။ အနုသိဿရသေ့။
၇။ နာရဒရသေ့။

ဤခုနစ်ပါးကုန်သော တပည့်ကြီးတို့သည် ဖြစ်ကုန်၏။

နောက်အဖို့၌ သီးတောကျောင်းသည် ပြည့်၏။ ရသေ့အပေါင်းအား နေရာအရပ်သည် မလောက်။ ထိုအခါ ဘုရားအလောင်းသည် သာလိဿရ ရသေ့ကို ခေါ်တော်မူ၍ ငါ့ရှင် သာလိဿရ... ဤကျောင်းသည် ရသေ့အပေါင်း မနေလောက်၊ သင်သည် ဤ ရသေ့အပေါင်းကိုယူ၍ မဇ္ဈမင်း၏နိုင်ငံ၌ ကလပ္ပစုလ္လက နိဂုံးကိုမှီ၍ နေချေလော့ ဟု ဆို၏။ ထို သာလိဿရ ရသေ့သည် ကောင်းပြီဟု ထို ဆရာဇောတိပါလ ရှင်ရသေ့၏စကားကို ဝန်ခံပြီးလျှင် အထောင်မကသော ရသေ့အပေါင်းကိုယူ၍ ထိုကလပ္ပစုလ္လကနိဂုံးသို့ သွား၍နေ၏။ လူတို့သည် လာတတ်ကုန်၍ ရဟန်းပြုကြကုန်သည်ရှိသော် တစ်ဖန် ကျောင်းသည် ပြည့်ပြန်၏။

ဘုရားအလောင်းသည် မေဏ္ဍိဿရ ရသေ့ကိုခေါ်၍ ငါ့ရှင်မေဏ္ဍိဿရ သင်သည် ဤ ရသေ့အပေါင်းကိုယူ၍ သုရဋ္ဌဇနပုဒ်၏ သီမန္တရစ်၌ သာတောဒိကမည်သော မြစ်သည်ရှိ၏။ ထို သာတောဒိက မြစ်ကမ်းနား၌ နေချေလော့ဟု ဆို၍ လွှတ်လိုက်၏။

တစ်ဖန် သီးတောကျောင်းသည် ပြည့်ပြန်၏။ ဤနည်းဖြင့်သာလျှင် သုံးကြိမ်မြောက်၌ ပဗ္ဗတရသေ့ကိုခေါ်၍ ငါ့ရှင်ပဗ္ဗတ... သင်သည် တောအုပ်ကြီး၌ အဉ္ဇနမည်သောတောင်သည် ရှိ၏။ ထိုအဉ္ဇနတောင်ကို အမှီပြု၍ နေချေလော့ဟု ဆို၍ စေလိုက်၏။

လေးကြိမ်မြောက် ကာဠဒေဝိလ ရသေ့ကိုခေါ်၍ ငါ့ရှင်ကာဠဒေဝိလ... သင်သည် ဒက္ခိဏာပထဝယ် အဝန္တိတိုင်း၌ ဃနသေလမည်သော တောင်သည် ရှိ၏။ ထိုဃနသေလတောင်ကို အမှီပြု၍ နေချေလော့ဟု ဆို၍ စေလိုက်၏။

တစ်ဖန် သီးတောကျောင်းသည် ပြည့်ပြန်၏။ ငါးဌာနတို့၌ အထောင်မကသော ရသေ့တို့၏ အပေါင်းသည် ဖြစ်၏။ ကိသဝစ္ဆရသေ့သည်ကား ဘုရားအလောင်းကို ပန်ကြား၍ ဒဏ္ဍကီမင်း၏နိုင်ငံ ကုမ္ဘဝတီမြို့၌ စစ်သူကြီးကိုအမှီပြု၍ ဥယျာဉ်၌နေ၏။

နာရဒရသေ့သည် မဇ္ဈိမဒေသဝယ် အဉ္ဇနဂိရိမည်သော တောင်ကွန်ရက် အကြား၌နေ၏။

အနုသိဿရသေ့သည်ကား ဘုရားလောင်းအထံ၌ သာလျှင် နေ၏။

ရသေ့ရှင်အား ဒဏ္ဍကီမင်း ပြစ်မှားခြင်း

ထိုအခါ ဒဏ္ဍကီမင်းသည် တစ်ယောက်သော ရပြီးသော ပူဇော်သက္ကာရရှိသော ပြည်တန်ဆာမကို အရာမှချ၏။ ထိုပြည့်တန်ဆာမသည် မိမိသဘောအားဖြင့် သွားသည်ရှိသော် ဥယျာဉ်သို့ရောက်၍ ကိသဝစ္ဆေ ရှင်ရသေ့ကိုမြင်လျှင် ဤသူသည် သူယုတ်ဖြစ်လတ္တံ့၊ ဤသူယုတ်၏ ကိုယ်၌ အညစ်အကြေးကို သွန်းလောင်းပြီးလျှင် ရေချိုး၍ သွားအံ့ဟု တံပူကိုစား၍ အလုံးစုံတို့၏ ရှေးဦးစွာ ထိုကိသဝစ္ဆ ရှင်ရသေ့၏ကိုယ်ပေါ်၌ ချွဲခန်းကိုဟတ်လျက် ကိသဝစ္ဆရှင်ရသေ့၏ ဆံကျစ်ကြား၌ထွေး၍ တံပူဖတ်ကိုလည်း ထိုရသေ့၏ ဦးခေါင်း၌သာလျှင် တင်ထားပြီးလျှင် မိမိသည် ဦးခေါင်းလျှော်၍ သွား၏။ ဒဏ္ဍကီမင်းသည်လည်း ထိုပြည့်တန်ဆာမကို အောက်မေ့၍ တစ်ဖန် ပကတိသောအရာ၌ ထားခြင်းကို ပြု၏။ ထိုပြည့်တန်ဆာမသည် အလွန် မိုက်မဲတွေဝသည်ဖြစ်၍ သူယုတ်၏ကိုယ်၌ အညစ်အကြေးကို သွန်းလောင်းခဲ့သောကြောင့် ငါသည် စည်းစိမ်ကိုရပြန်ပေ၏ဟု အမှတ်ပြု၏။ ထို့နောင်မှ မကြာမြင့်မီလျှင် ဒဏ္ဍကီမင်းသည် ပုရောဟိတ်ကို အရာမှချ၏။ ထိုပုရောဟိတ်သည် ထိုပြည့်တန်ဆာမအထံသို့သွား၍ သင်သည် အဘယ်အကြောင်းကြောင့် တစ်ဖန်အရာကို ရပြန်သနည်းဟု မေး၏။ ထိုအခါ ပုရောဟိတ်အား ပြည့်တန်ဆာမသည် ဆရာ... အကျွန်ုပ်သည် မင်း၏ ဥယျာဉ်တော်ဝယ် သူယုတ်၏ကိုယ်၌ အညစ်အကြေးကို သွန်းလောင်းသောကြောင့် ရပြန်ပေ၏ ဟု ပြောဆို၏။ ပုရောဟိတ်သည် သွား၍ ထိုပြည့်တန်ဆာမ ဆိုတိုင်းသာလျှင် ကိသဝစ္ဆ ရှင်ရသေ့၏ကိုယ်၌ အညစ်အကြေးကို သွန်းလောင်း၏။ ထိုပုရောဟိတ်ကိုလည်း ဒဏ္ဍကီမင်းသည် တစ်ဖန် ပုရောဟိတ်အရာ၌ ထားပြန်၏။ ထိုအခါ ဒဏ္ဍကီမင်းအား နောင်အဖို့၌ ပစ္စန္တရစ်သည် ပုန်ကန်၏။ ထို ဒဏ္ဍကီမင်းသည် စစ်အင်္ဂါလေးပါးဖြင့် ခြံရံလျှက် စစ်ထိုးအံ့သောငှာ ထွက်၏။

ထိုအခါ အလွန်မိုက်သော ပုရောဟိတ်သည် ထိုဒဏ္ဍကီမင်းကို မြတ်သောမင်းကြီး... အရှင်မင်းကြီးတို့သည် အောင်ခြင်းကို အလိုရှိတော်မူကုန်သလော၊ ရှုံးခြင်းကို အလိုရှိတော်မူကုန်သလော ဟု မေး၍ အောင်ခြင်းကို အလိုရှိကုန်၏ ဟု ဆိုလတ်သော် ထိုသို့ အောင်ခြင်းကို အလိုရှိတော်မူအံ့၊ ဥယျာဉ်တော်၌ သူယုတ်၏ ကိုယ်၌ အညစ်အကြေးကို သွန်းလောင်း၍ စစ်ချီသွားတော်မူလော့ဟု တင်လျှောက်၏။ ထိုဒဏ္ဍကီမင်းသည် ပုရောဟိတ်၏ စကားကို ယူပြီးလျှင် အကြင်သူသည် ငါနှင့်တကွ စစ်ချီသွားကုန်၏။ ထိုသူတို့သည် ဥယျာဉ်တော်၌ သူယုတ်၏ကိုယ်၌ အညစ်အကြေးကို သွန်းလောင်းကြကုန်ဟု ဆို၍ ဥယျာဉ်တော်သို့ ဝင်ပြီးလျှင် တံပူစား၍ အလုံးစုံသော သူတို့၏ ရှေးဦးစွာ မင်းသည် ကိုယ်တိုင်သာလျှင် ထိုကိသဝစ္ဆ ရှင်ရသေ့၏ ဆံကျစ်၌ တံတွေးကိုလည်းကောင်း၊ တံပူကို လည်းကောင်း စွန့်ပစ်၍ ဦးခေါင်းလျှော်၏။ ဗိုလ်ပါအပေါင်းသည်လည်း ထိုကိသဝစ္ဆ ရှင်ရသေ့အား ထိုမင်းပြုတိုင်း ပြု၏။ ထိုမင်းသည် သွားသည်ရှိသော် စစ်သူကြီးသည် လာလတ်၍ ဆရာကိသဝစ္ဆ ရှင်ရသေ့ကို မြင်၍ တံပူဖတ်တို့ကို ပယ်ပြီးလျှင် ကောင်းစွာရေချိုးစေ၍ အရှင်ဘုရား မင်းအား အသို့ဖြစ်လတ္တံ့နည်း ဟု မေးလျှောက်လျှင် ဒါယကာ... ငါ့အား နှလုံးဖြင့် ပြစ်မှားခြင်းသည်မရှိ၊ နတ်တို့သည်ကား အမျက် ထွက်ကုန်၏။ ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ အလုံးစုံသော တိုင်းပြည်သည် ပျက်စီးလတ္တံ့၊ သင်သည် သားမယားကိုယူ၍ လျင်စွာပြေး၍ တစ်ပါးသော တိုင်းပြည်သို့ သွားလေလော့ဟု မိန့်တော်မူ၏။ ထိုစစ်သူကြီးသည် ကြောက်လန့်တကြား ပြေးသွား၍ မင်းအား ကြားလျှောက်၏။ ဒဏ္ဍကီမင်းသည် ထိုစစ်သူကြီးစကားကို ကြား၍လည်း မနာယူ။ ထိုစစ်သူကြီးသည် ပြန်လည်၍ မိမိအိမ်သို့သွားပြီးလျှင် သားမယားကိုယူ၍ တစ်ပါးသောတိုင်းပြည်သို့ ပြေးသွားလေ၏။

သရဘင်္ဂ ဆရာသည်လည်း ထိုအကြောင်းကို သိလျှင် ရသေ့ပျိုနှစ်ပါးတို့ကိုစေ၍ ကိသဝစ္ဆ ရှင်ရသေ့ကို ညောင်စောင်းထမ်းစင် ကောင်းကင်ခရီးဖြင့် ဆောင်ယူချေလော့ ဟု စေလိုက်၏။

ကုမ္ဘဝတီနိုင်ငံ ပျက်စီးပြန်

ဒဏ္ဍကီမင်းသည် စစ်ထိုးသဖြင့် ခိုးသူတို့ကို ဖမ်းယူ၍ မြို့သို့သာလျှင် ပြန်ခဲ့၏။ ထိုဒဏ္ဍကီမင်း လာရောက်သည်ရှိသော် နတ်တို့သည် ရှေးဦးစွာ မိုးကို ရွာစေကုန်၏။ မိုးရေ အလျဉ်ဖြင့် အလုံးစုံသော အပုပ်အစပ်တို့သည် မျောကုန် သည်ရှိသော် သဲဖြူမိုးကို ရွာစေကုန်၏။ သဲဖြူအပေါ်၌ နတ်ပန်းမိုးသည် ရွာ၏။ နတ်ပန်းအပေါ်၌ ပဲမိုးသည် ရွာ၏။ ပဲအပေါ်၌ အသပြာမိုးသည် ရွာ၏။ အသပြာအပေါ်၌ နတ်ဝတ်တန်ဆာ မိုးသည် ရွာ၏။ လူတို့သည် ဝမ်းမြောက်ခြင်းသို့ ရောက်ကုန်သည်ဖြစ်၍ သုံးဆောင်ပြီးသော ရွှေ၊ မသုံးဆောင်သေးသော ရွှေဖြင့် ပြီးကုန်သော တန်ဆာတို့ကို ယူအံ့သောငှာ အားထုတ်ကုန်၏။ ထိုအခါ ထိုသူတို့၏ ကိုယ်၌ ပြောင်ပြောင်တောက်သော အထူးထူး အပြားပြားရှိသော လက်နက်မိုးသည် ရွာ၏။ လူတို့သည် အပိုင်းပိုင်း ပြတ်ကုန်၏။ ထိုသို့ ပြတ်သောအခါ ထိုသူတို့၏ အပေါ်၌ ကြီးကုန်သော အလွန်ကြီးကုန်သော မီးကျီးတို့သည် ကျကုန်၏။ ထိုမီးကျီးတို့၏ အပေါ်၌ ကြီးစွာကုန်သော ပြောင်ပြောင်တောက်သော တောင်ထွတ်တို့သည် ကျကုန်၏။ ထိုတောင်ထွဋ်တို့၏ အပေါ်၌ အတောင်ခြောက်ဆယ်မြင့်သော အရပ်ကို ပြည့်စေလျက် သိမ်မွေ့စွာသော သဲမိုး ရွာ၏။ ဤသို့လျှင် ယူဇနာ ခြောက်ဆယ်ရှိသော အရပ်သည် ပျက်စီး၏။ ဤသို့ ထိုတိုင်းပြည်၏ ပျက်စီးသော အဖြစ်သည် အလုံးစုံသော ဇမ္ဗူဒိပ်၌ ထင်ရှား၏။

မင်းကြီး၃-ပါး ရသေ့ကျောင်းသွား

ထိုအခါ ထိုတိုင်း၏ အခြားမဲ့ဖြစ်သော တိုင်း၌ တိုင်းနေသူတို့၏ အရှင်ဖြစ်ကုန်သော ကာလိင်္ဂမင်း, အဋ္ဌကမင်း, ဘိမရထမင်း, ဤမင်းသုံးပါးတို့သည် ကြံကြကုန်၏။ အဘယ်သို့ ကြံသနည်း ဟူမူကား ရှေး၌ ဗာရာဏသီပြည်ဝယ် ကလာဗု အမည်ရှိသော ကာသိမင်းသည် ခန္တီဝါဒီ ရှင်ရသေ့ကို ပြစ်မှား၍ နှစ်ဖြာကွဲသော မြေထဲသို့ ကျဝင်လေ၏။ ဤသို့သော စကားကို ကြားရဖူး၏။ ထို့အတူ နာဠိကေရမင်းသည် ရှင်ရသေ့တို့ကို ခွေးတို့ကိုကိုက်စေ၍ နှစ်ဖြာကွဲသော မြေထဲသို့ ဝင်လေ၏။ သဟဿဗာဟု အဇ္ဇုနမင်းသည်လည်း အင်္ဂီရသ ရသေ့ကို ပြစ်မှား၍ နှစ်ဖြာကွဲသော မြေထဲသို့ ကျဝင်လေ၏။ ယခုအခါ၌လည်း ဒဏ္ဍကီမင်းသည် ကိသဝစ္ဆ ရှင်ရသေ့ကို ပြစ်မှား၍ တိုင်းပြည်နှင့်တကွ ပျက်စီးခြင်းသို့ ရောက်၏။ ဤသို့ စကားကို ကြားရ၏။ ဤ မင်းလေးပါးတို့၏ ဖြစ်ရာအရပ်ကိုကား ငါတို့သည် မသိကုန်၊ ထိုမင်းလေးယောက်တို့၏ ဖြစ်ရာအရပ်ကို ငါတို့ဆရာ သရဘင်္ဂ ရှင်ရသေ့ကိုထား၍ တစ်ပါးသော ဖြေဆိုခြင်းငှာ စွမ်းနိုင်သောသူမည်သည် မရှိ၊ ထိုသရဘင်္ဂ ဆရာသို့ ကပ်၍ ဤပြဿနာကို မေးကုန်အံ့ ဟု ကြံကြကုန်၏။ ကြံကုန်ပြီး၍ ထိုမင်းသုံးပါးတို့သည်လည်း များစွာသော အခြံအရံနှင့်တကွ မေးအံ့သောငှာ ထွက်ကြကုန်၏။ ထိုမင်းသုံးပါးတို့သည်ကား ဤအမည်ရှိသော မင်းသည်လည်း ထွက်၏ဟု မသိကြကုန်၊ ငါတစ်ယောက်တည်းသာ သွား၏ ဟု အောက်မေ့ကြကုန်၏။ ထိုမင်းသုံးပါးတို့သည် ဂေါဓာဝရီမြစ်၏ အနီး၌ ပေါင်းဆုံမိကြကုန်၏။ ထိုမင်းသုံးပါးတို့သည် ရထားမှ ဆင်းသက်ကုန်၍ သုံးပါးသော မင်းတို့သည်လည်း တစ်ခုတည်းသော ရထားကိုသာလျှင် စီးကုန်၍ ဂေါဓာဝရီ မြစ်ကမ်းနားသို့ ရောက်ကြလေကုန်၏။

ရသေထံမှောက် သိကြားရောက်

ထိုအခါ သိကြားနက်မင်းသည် ပဏ္ဍုကမ္ဗလာ ကျောက်နေရာ၌ နေလျက် ခုနစ်ပါးသော ပြဿနာတို့ကို ကြံ၍ ဤပြဿနာတို့ကို သရဘင်္ဂဆရာကိုထား၍ တစ်ပါးသော နတ်နှင့်တကွသော လောက၌ ဖြေဆိုအံ့သောငှာ စွမ်းနိုင်သောသူမည်သည် မရှိ၊ ထိုသရဘင်္ဂ ဆရာအား ဤပြဿနာတို့ကို ငါမေးအံ့၊ ဤလူမင်း သုံးပါးတို့သည်လည်း သရဘင်္ဂဆရာကို ပြသနာမေးအံ့သောငှာ ဂေါဓာဝရီ မြစ်သို့ ရောက်ကုန်၏။ ထိုမင်းသုံးပါးတို့၏ ပြဿနာကိုလည်း ငါသည်သာလျှင် မေးအံ့ ဟု နတ်ပြည်နှစ်ထပ်ရှိ နတ်တို့ဖြင့် ခြံရံလျက် နတ်ပြည်မှ ဆင်းသက်၏။

ကိသဝစ္ဆ ရှင်ရသေ့ ပျံလွန်လျှင်

ထိုနေ့၌ပင်လျှင် ကိသဝစ္ဆ ရှင်ရသေ့သည် သေလွန်၏။ ထိုကိသဝစ္ဆ ရှင်ရသေ့၏ အလောင်းကို သင်္ဂြိုဟ်ခြင်းကိစ္စကို ပြုအံ့သောငှာ ငါးဌာနတို့၌ အထောင်မကကုန်သော ရသေ့တို့သည် ထိုအရပ်သို့သာလျှင် လာလတ်ကုန်၍ ငါးဌာနတို့၌ မဏ္ဍပ်ကို ဆောက်စေ၍ အထောင်မကကုန်သော

ရသေ့အပေါင်းတို့သည် ကိသဝစ္ဆ ရှင်ရသေ့၏ အလောင်းကို သင်္ဂြိုဟ်ခြင်းအကျိုးငှာ စန္ဒကူးထင်းပုံကိုပြု၍ အလောင်းကို သင်္ဂြိုဟ်ကုန်၏။ သင်္ချိုင်းထက်ဝန်းကျင်မှ ယူဇနာခွဲသော အရပ်၌ နတ်ပန်းမိုးသည် ရွာ၏။ ဘုရားလောင်း သရဘင်္ဂ ရသေ့သည် ထိုကိသဝစ္ဆ ရှင်ရသေ့၏ အလောင်းချခြင်းကို ပြုစေပြီးလျှင် ကျောင်းတွင်းသို့ဝင်၍ ထိုရသေ့အပေါင်းတို့ဖြင့် ခြံရံလျက် နေ၏။ ထိုမင်း သုံးပါးတို့သည်လည်း ဂေါဓာဝရီ မြစ်နားသို့ ရောက်သောအခါ၌ များစွာသော စစ်သည်ဗိုလ်ပါ ဆင်မြင်း စသော ယာဉ်၊ တီးမှုတ်မျိုးတို့၏ အသံတို့သည်လည်းဖြစ်၏။ ဘုရားလောင်းသည် ထိုအသံကိုကြားလျှင် အနုသိဿမည်သော တပည့်ရသေ့ကိုခေါ်၍ အမောင် အနုသိဿ... သွား၍ ရှေးဦးစွာ သိအောင်ပြုလော့၊ ဤအသံသည် အဘယ်အသံနည်း ဟု ဆို၏။

သိလိုအရေး အနုသိဿရသေ့မေး

ထိုအနုသိဿ ရသေ့သည် သောက်ရေအိုးကို ယူ၍ ထိုအရပ်သို့သွားသဖြင့် ထိုမင်းသုံးပါးတို့ကို မြင်၍ မေးလိုရကား-

၅၀။ အလင်္ကတာ ကုဏ္ဍလိနော သုဝတ္ထာ၊
ပေဠုရိယမုတ္တာထရုခဂ္ဂဗန္ဓာ။
ရထေသဘာ တိဋ္ဌထ ကေ နု တုမှေ၊
ကထံ ဝေါ ဇာနန္တိ မနုဿလောကေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၅၀။ ရထေသဘာ၊ ရထားစီးအပေါင်းတို့ထက် မြတ်ကုန်သော ဒါယကာတို့။ အလင်္ကတာ၊ တန်ဆာလည်းဆင် ဝတ်ကုန်ထာသော။ ကုဏ္ဍလိနော၊ ပတ္တမြားနားတောင်းလည်း ဝတ်ကုန်ထသော။ သုဝတ္ထာ၊ ကောင်းသောအဝတ်လည်း ဝတ်ကုန်ထသော။ ဝေဠရိယမုတ္တာထရုခဂ္ဂဗန္ဓာ၊ ကျောက်မျက်ရွဲ ပတ္တမြား ပုလဲတို့ဖြင့် တန်ဆာဆင်အပ်သော အရိုးရှိကုန်သော သန်လျက်ရတနာတို့ကို လွယ်ကုန်ထသော။ တုမှေ၊ သင် ဒါယကာတို့သည်။ ဧကသ္မိံရထေ၊ တစ်ခုတည်းသော ရထား၌။ တိဋ္ဌထ၊ စီးကြကုန်၏။ ကေနု၊ အဘယ်သူတို့ မည်ကုန်သနည်း။ ကထံ၊ အသို့လျှင်။ ဝေါ၊ သင်တို့ကို။ မနုဿလောကေ၊ လူ့ပြည်၌။ ဇာနန္တိ၊ သိကြကုန်သနည်း။

ရသေ့အရှင်ဖူးတွေ့ချင်

ထိုမင်းသုံးပါးတို့သည် အနုသိဿ ရှင်ရသေ့၏ စကားကို ကြားကြကုန်၍ ရထားမှ ဆင်းသက်ကုန်ပြီးလျှင် ရှိခိုး၍ တည်ကုန်၏။ ထိုမင်းသုံးပါးတို့တွင် အဋ္ဌကမင်းသည် ထိုအနုသိဿ ရှင်ရသေ့နှင့်တကွ စကားပြောလိုရကား-

၅၁။ အဟမဋ္ဌကော ဘီမရထော ပနာယံ။
ကာလိင်္ဂရာဇာ ပန ဥဂ္ဂတောယံ။
သုသညတာနံ ဣသီနံ ဒဿနာယ၊
ဣဓာဂတာ ပုစ္ဆိတာယေမှ ပဉှေ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၅၁။ ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ အကျွန်ုပ်သည်။ အဋ္ဌကော၊ အဋ္ဌကမင်းတည်း။ အယံပန၊ ဤမင်းသည်ကား။ ဘီမရထော၊ ဘီမရထမင်းတည်း။ ဥဂ္ဂတော၊ နေလကဲ့သို့ ကျော်စောထင်ရှားသော။ အယံပန၊ ဤမင်းသည်ကား။ ကလိင်္ဂရာဇာ၊ ကာလိင်္ဂမင်းပေတည်း။ သုသညတာနံ၊ ကာယဒွါရ အစရှိသည်တို့ကို ကောင်းစွာ စောင့်ရှောက်ကုန်သော။ ဣသီနံ၊ အရှင်ရသေ့တို့ကို။ ဒဿနာယ၊ ဖူးမြင်ခြင်းငှာ။ ဣဓ၊ ဤအရပ်သို့။ အာဂတာ၊ လာကြကုန်၏။ သရဘင်္ဂသတ္ထာရံ၊ သရဘင်္ဂ ဆရာကို။ ပဉှေ၊ ပြဿနာတို့ကို။ ပုစ္ဆိတာယ၊ မေးလိုကုန်သည်ဖြစ်၍။ ဧမှ၊ လာကြကုန်၏။

ထိုအခါ ထိုမင်းသုံးပါးတို့ကို အနုသိဿ ရှင်ရသေ့သည် မင်းမြတ်တို့... ကောင်းပြီ၊ သင်မင်းမြတ်တို့သည် လာသင့်သော အရပ်သို့သာလျှင် လာကြကုန်၏။ သင်မင်းမြတ်တို့ကို ငါတိုက်တွန်း၏။ ရေချိုးတော်မူကုန်၍ အပင်အပန်း ဖြေကုန်ပြီးလျှင် ကျောင်းတွင်းသို့ဝင်ကုန်၍ ရသေ့အပေါင်းကို ရှိခိုးကုန်လျက် သဘင်္ဂဆရာကို ပြဿနာ မေးကြကုန်လော့ဟု ဆို၍ ထိုမင်းတို့နှင့်တကွ ပျူငှာသော လောကဝတ်ကို ပြုပြီးလျှင်...

မည်သူမည်ဝါ မသဲမကွဲ သင် ဘယ်သူလဲ

သောက်ရေအိုးကိုထမ်း၍ ရေပေါက်တို့ကိုသုတ်လျက် ကောင်းကင်ကို ကြည့်သည်ရှိသော် နတ်အပေါင်းခြံရံလျက် ဧရာဝဏ်ဆင်မြတ်၏ ကျောက်ကုန်းထက်၌ စီးလျက် နတ်ပြည်မှ ဆင်းသက်လာသော သိကြားနတ်မင်းကို မြင်၍ ထိုအနုသိဿ ရှင်ရသေ့သည် ထိုသိကြား နတ်မင်းနှင့်တကွ စကားပြောလိုရကား-

၅၂။ ဝေဟာယသံ တိဋ္ဌတိ အန္တလိက္ခေ၊
ပထဒ္ဓုနော ပန္နရသေဝ စန္ဒော။
ပုစ္ဆာမိ တံ ယက္ခ မဟာနုဘာဝ၊
ကထံ တံ ဇာနန္တိ မနုဿလောကေ။

ဟူသော သုံးခုမြောက် ဤဂါထာကို ဆို၏။

၅၂။ မဟာနုဘာဝ၊ ကြီးသော အာနုဘော်ရှိသော။ ယက္ခ၊ နတ်မင်း။ တွံ၊ ရှင်နတ်မင်းသည်။ ပန္ဒရသေ၊ တစ်ဆယ့်ငါးရက်တို့၏ ပြည့်ကြောင်း ဖြစ်သောနေ့၌။ ပထဒ္ဓုနော၊ ကောင်းကင်လယ်၌ တည်သော။ စန္ဒော ဣဝ၊ လကဲ့သို့။ တထာ၊ ထို့အတူ။ ဝေဟာယသံ၊ တည်ရာမရှိသော။ အန္တလိက္ခေ၊ ကောင်းကင်၌။ တိဋ္ဌသိ၊ တည်၏။ တံ၊ ရှင်နတ်မင်းကို။ ပုစ္ဆာမိ၊ မေးပါ၏။ ကထံ၊ အသို့လျှင်။ တံ၊ ရှင်နတ်မင်းကို။ မနုဿလောကေ၊ လူ့ပြည်၌။ ဇာနန္တိ၊ သိကြကုန်သနည်း။

နတ်သေဌ်နင်း သိကြားမင်း

ထိုစကားကိုကြား၍ သိကြားနတ်မင်းသည် ထိုအနုသိဿ ရသေ့အား မိမိအမည်ကို ပြောဆိုသဖြင့် လာသောအကြောင်းကို ကြားလိုရကား-

၅၃။ ယမာဟု ဒေဝေသု သုဇမ္ပတီတိ၊
မဃဝါတိ တံ အာဟု မနုဿလောက။
သဒေဝရာဇာ ဣဒမဇ္ဇ ပတ္တော၊
သုသညတာနံ ဣသီနံ ဒဿနာယ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၅၃။ ဘန္တေ၊ အရှင်ဘုရား။ ယံ ဒေဝရာဇာနံ၊ အကြင် သိကြားမင်းကို။ ဒေဝေသု၊ နတ်ပြည်တို့၌။ သုဇမ္ပတီတိ၊ သူဇာ၏လင်ဟူ၍။ အာဟု၊ ဆိုကြကုန်၏။ တံ ဒေဝရာဇာနံ၊ ထိုသိကြားနတ်မင်းကို။ မနုဿလောကေ၊ လူ့ပြည်၌။ မဃ ဝါတိ၊ မဃဝဟူ၍။ အာဟု၊ ဆိုကြကုန်၏။ ဒေဝရာဇာ၊ နတ်တို့၏ မင်းဖြစ်သော။ သော အဟံ၊ ထိုအကျွန်ုပ်သည်။ သုသညတာနံ၊ ကာယဒွါရ အစရှိသည်တို့ကို ကောင်းစွာ စောင့်ရှောက်ကုန်သော။ ဣသီနံ၊ ရသေ့အပေါင်းတို့အား။ ဒဿနာယ၊ ဖူးမြင်အံ့သောငှာ။ ဣဒံ ဌာနံ၊ ဤအရပ်သို့။ အဇ္ဇ၊ ယနေ့။ ပတ္တော၊ ရောက်လာ၏။

သရဘင်္ဂ ရသေကြီးထံ လမ်းညွှန်ပြန်

ထိုအခါ သိကြားနတ်မင်းကို အနုသိဿရသေ့သည် သိကြားမင်း... ကောင်းပြီ၊ သင် သိကြားနတ်မင်းတို့သည် နောက်မှ လာကြကုန်လော့ ဟုဆိုပြီးလျှင် သောက်ရေအိုးကို ယူလျက် ကျောင်းတွင်းသို့ဝင်၍ သောက်ရေအိုးကို သိုမှီးပြီးလျှင် လူမင်းသုံးပါးတို့၏ လည်းကောင်း၊ သိကြားနတ်မင်း၏ လည်းကောင်း ပြဿနာကို မေးအံ့သောငှာ လာသည်၏အဖြစ်ကို ဘုရားလောင်း ဆရာ သရဘင်္ဂရသေ့အား ကြားလျှောက်၏။ ဘုရားအလောင်း သရဘင်္ဂရသေ့သည် ရသေ့အပေါင်းခြံရံလျက် မြတ်သော ကျယ်သော တစ်ခုသော အထွတ်ရှိသော မဏ္ဍပ်၌ နေ၏။ မင်းသုံးပါးတို့သည် လာလတ်ကုန်ပြီးလျှင် ရသေ့အပေါင်းကို ရှိခိုးကုန်၍ လျှောက်ပတ်သောအရပ်၌ နေကြကုန်၏။

သိကြားမင်းက ရှိခိုးရ

သိကြားမင်းသည်လည်း သက်လတ်၍ ရသေ့အပေါင်းသို့ ကပ်ပြီးလျှင် လက်အုပ်ချီ၍ ရပ်ပြီးလျက် ရသေ့အပေါင်းကို ရှိခိုး၍ ရသေ့အပေါင်းတို့အား ချီးမွမ်းလိုရကား...

၅၄။ ဒူရေ သုတာ နာ ဣသယော သမာဂတာ။

မဟိဒ္ဓိကာ ဣဒ္ဓိဂုဏူပပန္နာ။

ဝန္ဒာမိ တေ အယိရေ ပသန္နစိတ္တော၊

ယေ ဇီဝလောကေတ္ထမနုဿသေဋ္ဌာ။

ဟူသော ငါးခုမြောက်သာ ဤဂါထာကို ဆို၏။

၅၄။ ဘန္တေ၊ အရှင်ဘုရားတို့။ သမာဂတာ၊ အညီအညွတ် စည်းဝေး ကုန်ထသော။ မဟိဒ္ဓိကာ၊ ကြီးသော တန်ခိုးရှိကုန်ထသော။ ဣဒ္ဓိဂုဏူပပန္နာ၊ ငါးပါးသော တန်ခိုးကျေးဇူးနှင့် ပြည့်စုံကုန်ထသော။ ဣသယော၊ အရှင်ရသေကောင်းတို့ကို။ ဒူရေ၊ ဝေးသော နတ်ပြည်၌။ ဌိတေဟိ ဧဝ၊ တည်သည်သာလျှင် ဖြစ်ကုန်သော။ နော အမှေဟိ၊ အကျွန်ုပ်တို့သည်။ သုတာ၊ ကြားအပ်ကုန်၏။ ယေ အယိရေ၊ အကြင် အရှင်ကောင်းတို့သည်။ ဇီဝလောကေ၊ လူ့ပြည်၌။ မနုဿသေဋ္ဌာ၊ လူတို့၌ မြတ်ကုန်သည်။ အတ္ထ၊ ဖြစ်ကုန်၏။ တေ အယိရေ၊ ထို အရှင်ကောင်းတို့ကို။ ပသန္နစိတ္တော၊ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍။ အဟံ၊ အကျွန်ုပ်သည်။ ဝန္ဒာမိ၊ ရှိခိုးပါ၏။

လေကြေအရပ် မနေအပ်

ဤသို့ ရသေ့အပေါင်းကို ချီးမွမ်း၍ သိကြားမင်းသည် နေရာ၏ အပြစ်ခြောက်ပါးတို့ကို ကြဉ်သည်ဖြစ်၍ တင့်အပ် လျောက်ပတ်သော အရပ်၌ နေ၏။ ထိုအခါ သိကြားမင်းကို ရသေ့တို့၏ လေကြေ၌ နေသည်ကိုမြင်၍ အနုသိဿ ရသေ့သည် သိကြားမင်းကို မြစ်လိုရကား-

၅၅။ ဂန္ဓော ဣသီနံ စိရဒိက္ခိတာနံ၊
ကာယာ စုတော ဂစ္ဆတိ မာလုတေန။
ဣတောပဋိက္ကမ္မ သဟဿေနေတ္တ၊
ဂန္ဓော ဣသီနံ အသုစိ ဒေဝရာဇာ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

၅၅။ သဟဿေနတ္တ၊ မျက်စိတစ်ထောင် အမြင်ဆောင်သော သိကြားနတ်မင်း။ စိရဒိက္ခိတာနံ၊ ရဟန်းပြု၍ ကြာမြင့် ကုန်ပြီးသော။ ဣသီနံ၊ ရသေ့တို့၏။ ဂန္ဓော၊ အနံ့သည်။ ကာယာ၊ ကိုယ်မှ။ မာလုတေန၊ လေကြောင့်။ စုတော၊ ရွေ့သည်ဖြစ်၍။ ဂစ္ဆတိ၊ လွင့်၏။ ဣတော၊ ဤလေကြေအရပ်မှ။ ပဋိက္ကမ္မ၊ ဖဲလော့။ ဒေဝရာဇ၊ သိကြားနတ်မင်း။ ဣသီနံ၊ ရသေ့ရှိ၏။ ဂန္ဓော၊ အနံ့သည်။ အသုစိ၊ မစင်ကဲ့သို့ စက်ဆုပ်ဖွယ် ရှိ၏။

သီလရှိသူအနံ့ သင်းတပျံ့ပျံ့

ထိုစကားကိုကြား၍ သိကြားနတ်မင်းသည် ထိုလေကြေအရပ်မှ မဖဲလိုသောအကြောင်းကို အနုသိဿရသေ့အား ကြားလျှောက်ရလိုကား...

၅၆။ ဂန္ဓော ဣသီနံ စိရဒိက္ခိတာနံ၊

ကာလာ စုတော ဂစ္ဆတု မာလုတေန။

ဝိစိတ္တပုပ္ဖံ သုရဘိံဝ မာလံ၊

ဂန္ဓဉ္စ ဧတံ ပါဋိကင်္ခမ ဘန္တေ။

န ဟေတ္ထ ဒေဝါ ပဋိက္ကူလသညိနော။

ဟူသော ဤဂါထာကို ဆို၏။

၅၆။ ဘန္တေ၊ အရှင်ဘုရားတို့။ စိရဒိက္ခတာနံ၊ ရဟန်းပြု၍ ကြာမြင့်ကုန်ပြီးသော။ ဣသီနံ၊ အရှင်ကောင်းရသေ့တို့၏။ ဂန္ဓော၊ အနံ့သည်။ ကာယာ၊ ကိုယ်တော်မှ။ မာလုတန၊ လေကြောင့်။ စုတော၊ ရွေ့သည်ဖြစ်၍။ ဂစ္ဆတု၊ လွင့်လာပါစေ။ ဧတံ ဂန္ဓံ၊ ထို အရှင်ကောင်း ရသေ့တို့၏ အနံ့တော်ကို။ ဝိစိတ္တပုပ္ဖံ၊ ဆန်းကြယ်စွာ သီကုံးအပ်သောအပွင့်ရှိသော။ သုရဘိံ မာလံ ဣဝ၊ ကြိုင်ကြိုင်မွှေးသော ပန်းဆိုင်းကိုကဲ့သို့။ ပါဋိကင်္ခါမ၊ အလိုရှိပါကုန်၏။ ဟိ သစ္စံ၊ မှန်၏။ ဧတ္ထ၊ ဤသီလရှိသော သူတို့၏အနံ့၌။ ဒေဝါ၊ နတ်တို့သည်။ ပဋိက္ကူလသညိနော၊ စက်ဆုပ် ရွံရှာဖွယ်ဟု အမှတ်ရှိကုန်သည်။ န ဟောန္တိ၊ မဖြစ်ကုန်။

သိလိုရေးကြောင်း မေးခွင့်တောင်း

ဤသို့သောစကားကို ဆိုပြီး၍ အရှင်အနုသိဿ... အကျွန်ုပ်သည် ကြီးစွာသောအားထုတ်ခြင်းဖြင့် ပြဿနာမေးအံ့သောငှာ လာ၏။ အကျွန်ုပ်အား အခွင့်ပြုတော်မူလော့ဟု ဆို၏။ အနုသိဿ ရသေ့သည် သိကြားမင်းစကားကို ကြားလျှင် နေရာမှထ၍ ရသေ့အပေါင်းတို့ကို အခွင့်ပြုစေလိုရကား

၅၇။ ပုရိန္ဒဒေါ ဘူတပ္ပတီ ယသဿီ၊

ဒေဝိနမိန္ဒော သက္ကော မဃဝါ သုဇမ္ပတိ။

သဒေဝရာဇာ အသုရာဂဏပမဒ္ဒနော၊

ဩကာသ မာကင်္ခတိ ပဉှ ပုစ္ဆိတုံ။

၅၈။ ကောနေဝိမေသံ ဣဓ ပဏ္ဍိတာနံ၊

ပဉှေ ပုဋ္ဌော နိပုဏေ ဗျာကရိဿတိ။

တိဏ္ဏဉ္စ ရညံ မနုဇာဓိပါနံ၊

ဒေဝါနမိန္ဒဿ စ ဝါသဝဿ။

ဟူသော ဤဂါထာနှစ်ခုတို့၏ အပေါင်းကို ဆို၏။

၅၇။ ဘောန္တော၊ အရှင်ကောင်းတို့။ ပုရိန္ဒဒေါ၊ အလှူလက်ဦး ပေးဖူးသော။ ဘူတပ္ပတီ၊ သတ္တဝါတို့၏ အကြီးအမှူးဖြစ်သော။ ယသဿီ၊ များသော အခြံအရံရှိသော ဒေဝါနံ၊ နတ်တို့ကို။ ဣန္ဒော၊ အစိုးရသော။ မဃဝါ၊ မဃအနွယ်ဖြစ်သော။ သုဇမ္ပတိ၊ သုဇာ၏ လင်ဖြစ်သော။ အသုရာဂဏံ၊ အသုရာအပေါင်းကို။ ပမဒ္ဒနော၊ နှိမ်နင်းနိုင်သော။ သက္ကော ဒေဝရာဇာ၊ သိကြားမင်းသည်။ ပဉှံ၊ ပြဿနာကို။ ပုစ္ဆိတုံ၊ မေးအံ့သောငှာ။ ဩကာသံ၊ အခွင့်ကို။ အာကင်္ခတိ၊ အလိုရှိ၏။

၅၈။ မနုဇာဓိပါနံ၊ လူတို့၏ အကြီးဖြစ်ကုန်သော။ တိဏ္ဏံ၊ သုံးပါးကုန်သော။ ရညဉ္စ၊ မင်းတို့၏လည်းကောင်း။ ဒေဝါနမိန္ဒဿ၊ နတ်တို့ကို အစိုးရသော။ ဝါသဝဿ စ၊ သိကြားမင်း၏ လည်းကောင်း။ နိပုဏေ၊ နူးညံ့သိမ်မွေ့ကုန်သော။ ပဉှေ၊ ပြဿနာတို့ကို။ ဣဓ၊ ဤအရပ်၌။ တေသံ ပဏ္ဍိတာနံ၊ ထိုပညာရှိ ရသေ့တို့တွင်။ ပုဋ္ဌော၊ မေးအပ်သော။ ကောနေဝ- ကောနု ဧဝ၊ အဘယ်ရသေ့သည်လျှင်။ ဗျာကရိဿတိ၊ ဖြေနိုင်ပါလတ္တံ့နည်း။

သိကြားမေးက မည်သူဖြေပ

ထိုစကားကိုကြား၍ ရသေ့အပေါင်းတို့သည် ငါတို့နှင့်တူသော အရှင်အနုသိဿ... သင်သည် မြေ၌ရပ်လျက် မြေကိုမမြင်သကဲ့သို့ ဆိုဘိ၏။ သရဘင်္ဂ ဆရာကိုထား၍ ထိုမင်းလေးပါးတို့၏ ပြဿနာကို ဖြေဆိုခြင်းငှာ စွမ်းနိုင်သော တစ်ပါးသော အဘယ်မည်သောသူသည် ရှိအံ့နည်း ဟု ဆို၍ ထိုအကြောင်းကို အနုသိဿရသေ့အား ကြားလိုရကား-

၅၉။ အယံ ဣသိ သရဘင်္ဂေါ တပဿီ၊
ယတော ဇာတော ဝိရတော မေထုနသ္မာ။
အာစေရပုတ္တော သုဝိနီတရူပေါ၊
သာ နေသံ ပဉှာနိ ဝိယာကရိဿတိ။

ဟူသော ဤဂါထာကို ဆို၏။

၅၉။ ဘန္တေ အနုသိဿ၊ အရှင်အနုသိဿ။ သရဘင်္ဂေါ၊ ကောင်းကင်း၌ပြုအပ်သော မြားပြာသာဒ် အစရှိသည်တို့ကို တစ်စင်းတည်းသော မြားဖြင့် ကျစေ၍ ဖျက်ဆီးတတ်ထသော။ တပဿီ၊ ခြိုးခြံသောအကျင့်ရှိထသော။ ယတော၊ အကြင်အခါမှ။ ဇာတော၊ ဖွား၏။ တတော၊ အခါမှ။ ပဋ္ဌာယ၊ စ၍။ မေထုနသ္မာ၊ မေထုန်အကျင့်မှ။ ဝိရတော၊ ကြဉ်ထသော။ အာစေရ ပုတ္တော၊ ဆရာပုရောဟိတ်၏ သားဖြစ်သော။ သုဝိနီတရူပေါ၊ ကောင်းစွာ ဆုံးမအပ်သော သဘောရှိထသော။ အယံ ဣသိ၊ ဤရသေ့သည်။ အတ္ထိ၊ ရှိ၏။ သော၊ ထိုရသေ့သည်။ နေသံ၊ ထိုမင်းလေးပါးတို့၏။ ပဉှာနိ၊ ပြသနာတို့ကို။ ဝိယာကရိဿတိ၊ ဖြေလတ္တံ့။

သရဘင်္ဂ ဖြေမည်ပ

ဤသို့သောစကားကို ဆိုပြီးလျှင် ရသေ့အပေါင်းသည် အနုသိဿ ရသေ့ကို ဆို၏။ ငါတို့နှင့်တူသော အနုသိဿ ရှင်ရသေ့... ရှင်ရသေ့သည်သာလျှင် သရဘင်္ဂဆရာကို ရှိခိုး၍ ရသေ့အပေါင်း၏ စကားဖြင့် သိကြားမင်းသည် မေးအပ်သော ပြဿနာကို ဖြေစိမ့်သောငှာ အခွင့်ပြုပါစေလော့ဟု ဆို၏။ ထိုအနုသိဿ ရသေ့သည် ကောင်းပြီဟု ဝန်ခံပြီးလျှင် သရဘင်္ဂ ဆရာကိုရှိခိုး၍ အခွင့်ပြုစေလိုရကား-

၆၀။ ကောဏ္ဍည ပဉှာနိ ဝိယာကရောဟိ၊
ယာစန္တိ တံ ဣသယော သာဓုရူပါ။
ကောဏ္ဍည ဧသော မနုဇေသု ဓမ္မော၊
ယံ ဝုဒ္ဓမာဂစ္ဆတိ ဧသ ဘာရော။

ဟူသော အခြားမရှိသော ဤဂါထာကို ဆို၏။

၆၀။ ကောဏ္ဍည၊ ကောဏ္ဍည အနွယ်ဖြစ်သော ရှင်ရသေ့။ သာဓုရူပါ၊ ကောင်းသော သဘော ရှိကုန်သော။ ဣသယော၊ ရသေ့တို့သည်။ တံ၊ ရှင်ရသေ့ကို။ ယာစန္တိ၊ တောင်းပန်ကုန်၏။ ပဉှာနိ၊ ပြဿနာတို့ကို။ ဝိယာကရောဟိ၊ ဖြေတော်မူလော့။ ကောဏ္ဍည၊ ကောဏ္ဍညအနွယ် ဖြစ်သော ရှင်ရသေ့။ ယံ ယသ္မာ၊ အကြင့်ကြောင့်။ ဝုဒ္ဓံ၊ ပညာဖြင့် ကြီးသောသူသို့။ ဧသ ဧသော ဘာရော၊ ဤပြဿနာကို ဖြေခြင်းတည်းဟူသော ဝန်သည်။ အာဂစ္ဆတိ၊ ရောက်၏။ ဧသော၊ ဤသို့ ပြဿနာကို ဖြေခြင်းတည်းဟူသော တာဝန်၏ ရောက်ခြင်းသည်။ မနုဇေသု၊ လူတို့၌။ ဓမ္မော၊ ဓမ္မတာ သဘောတည်း။

မေးခွင့်ပြုပြီး မေးနိုင်ပြီ

ထို့နောင်မှ ဘုရားလောင်းသည် အခွင့်ပြုလိုရကား-

၆၁။ ကတာဝကသာ ပုစ္ဆန္တု ဘောန္တော၊
ယံကိဉ္စိ ပဉှံ မနသာဘိပတ္ထိတံ။
အဟဉှိ တံ တံ ဝေါ ဝိယာကရိဿံ၊
ဉတွာ သယံ လောကမိမံ ပရဉ္စ။

ဟူသော အခြားမရှိသော ဤဂါထာကို ဆို၏။

၆၁။ အနုသိဿ၊ ငါ့ရှင် အနုသိဿ။ ဟိယသ္မာ၊ အကြင့်ကြောင့်။ အဟံ၊ ငါသည်။ ဣမံ လောကံ၊ ဤ ပစ္စုပ္ပန်လောကကို လည်းကောင်း။ ပရဉ္စ၊ တမလွန်လောကကို လည်းကောင်း။ သယံ၊ ကိုယ်တိုင်။ ဉတွာ၊ သိ၍။ တံ တံ၊ ထိုထိုသို့သော ပြဿနာကို။ ဝေါ၊ သင်တို့အား။ ဝိယာကရိဿံ၊ ဖြေဆိုအံ့။ တသ္မာ၊ ထို့ကြောင့်။ ကတာဝကာသာ၊ ပြုအပ်ပြီးသော အခွင့်ရှိကုန်သော။ ဘောတ္တော၊ သူတော်ကောင်း ဖြစ်ကြကုန်သော အရှင်တို့သည်။ မနသာ၊ စိတ်ဖြင့်။ အဘိပတ္တိတံ၊ တောင့်တအပ်သော။ ယံ ကိဉ္စိ၊ အလုံးစုံသော။ ပဉှံ၊ ပြဿနာကို။ ပုစ္ဆန္တု၊ မေးစေကုန်။

မာဃသိကြား မေးခွန်းများ

ဤဂါထာဖြင့် ထိုသရဘင်္ဂ ဆရာသည် အခွင့်ပြုပြီးသည် ရှိသော် သိကြားနတ်မင်းသည် မိမိစီရင်အပ်သော ပြဿနာတို့ကို မေးလျှောက်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၆၂။ တတော စ မဃဝါ သက္ကော၊ အတ္ထဒဿီ ပုရိန္ဒဒေါ။
အပုစ္ဆိ ပဌမံ ပဉှံ၊ ယဉ္စာသိ အဘိပတ္ထိတံ။
၆၃။ ကိံသု ဝဓိတွာ န ကဒါစိ သောစတိ၊
ကိဿပ္ပဟာနံ ဣသယော ဝဏ္ဏယန္တိ။
ကဿီဓ ဝုတ္တံ ဖရုသံ ခမေထ။
အက္ခာဟိ မေ ကောဏ္ဍည ဧတမတ္ထံ။

ဟူသော ဤ နှစ်ဂါထာတို့ကို ဟောတော်မူ၏။

၆၂။ ဘိက္ခဝေ၊ ရဟန်းတို့။ တတော၊ ထိုခွင့်ပြုပြီးသောနောင်မှ။ မဃဝါ၊ မဃအနွယ်ဖြစ်သော။ အတ္ထဒဿီ၊ အကျိုးတို့ကို မြင်လေ့ရှိသော။ ပုရိန္ဒဒေါ၊ အလှူလက်ဦး ပေးခဲ့ဖူးသော။ သက္ကော၊ သိကြားမင်းသည်။ ယံ ပဉှံ၊ အကြင်ပြဿနာကို။ အဘိပတ္ထိတံ၊ တောင့်တအပ်သည်။ အသိ၊ ဖြစ်၏။ တံ ပဉှံ၊ ထိုပြဿနာကို။ ပဌမံ၊ ရှေးဦးစွာ။ အပုစ္ဆိ၊ မေးလျှောက်၏။

၆၃။ ကောဏ္ဍည၊ ကောဏ္ဍည အနွယ်ဖြစ်သော ရှင်ရသေ့။ ကိံသု၊ အဘယ်တရားကို။ ဝဓိတွာ၊ ပယ်၍။ ကဒါစိ၊ တစ်ရံတခါမျှ။ န သောစတိ၊ မစိုးရိမ်ရသနည်း။ ကိဿ၊ အဘယ်တရားကို။ ပဟာနံ၊ ပယ်ခြင်းကို။ ဣသယော၊ အရှင်ရသေ့ကောင်းတို့သည်။ ဝဏ္ဏယန္တိ၊ ချီးမွမ်းကုန်သနည်း။ ဣဓ လောကေ၊ ဤလောက၌။ ကဿ၊ အဘယ်သူ၏။ ဝုတ္တံ၊ ဆိုအပ်သော။ ဖရုသံ၊ ကြမ်းကြုတ်သော စကားကို။ ခမေထ၊ သည်းခံရာသနည်း။ ကောဏ္ဍည၊ ကောဏ္ဍည အနွယ် ဖြစ်သော ရှင်ရသေ့။ ဧတမတ္တံ၊ ထိုမေးအပ်သော အနက်ကို။ မေ၊ အကျွန်ုပ်အား။ အက္ခာဟိ၊ ဖြေတော်မူလော့။

ရသေ့ပညာကျော် အဖြေတော်

ထို့နောင်မှ သရဘင်္ဂဆရာသည် ဖြေလိုရကား-

၆၄။ ကောဓံ ဝဓိတွာ န ကဒါစိ သောစတိ၊
မက္ခပ္ပဟာနံ ဣသယော ဝဏ္ဏယန္တိ။
သဗ္ဗေသံ ဝုတ္တံ ဖရုသံ ခမေထ၊
ဧတံ ခန္တိ့ ဥတ္တမမာဟု သန္တော။

ဟူသော ဤဂါထာကို ဆို၏။

၆၄။ ဒေဝါနမိန္ဒ၊ နတ်တို့ကို အစိုးရသော သိကြားမင်း။ ကောဓံ၊ အမျက်ကို။ ဝဓိတွာ၊ ပယ်၍။ ကဒါစိ၊ တစ်ရံတစ်ခါမျှ။ န သောစတိ၊ မစိုးရိမ်ရ။ မက္ခပ္ပဟာနံ၊ ကျေးဇူးချေခြင်းတည်းဟူသော အကုသိုလ်ကို ပယ်ခြင်းကို။ ဣသယော၊ ရသေ့တို့သည်။ ဝဏ္ဏယန္တိ၊ ချီးမွမ်းကုန်၏။ သဗ္ဗေသံ၊ အယုတ်အလတ် အမြတ် ဖြစ်ကုန်သော ခပ်သိမ်းကုန်သော သူတို့၏။ ဖရုသံ၊ ကြမ်းကြုတ်စွာသော။ ဝုတ္တံ၊ ဆိုအပ်သော စကားကို။ ခမေထ၊ သည်းခံရာ၏။ ဧတံ ခန္တိံ၊ ထို အယုတ် အလတ်အမြတ် ဖြစ်ကုန်သော သူတို့၏ ကြမ်းကြုတ်စွာ ဆိုအပ်သော စကားကို သည်းခံခြင်းကို။ ဥတ္တမံ၊ မြတ်သော သည်းခံခြင်းဟူ၍။ သန္တော၊ ရှေးသူတော်ကောင်း ဖြစ်ကုန်သော ပညာရှိတို့သည်။ အာဟု၊ ဆိုတော်မူ၏။

ထိုသရဘင်္ဂ ဆရာ ဖြေဆိုသော စကားကိုကြား၍ သိကြားနတ်မင်းသည် တစ်ဖန် မေးပြန်လိုရကား-

၆၅။ သက္ကာ ဥဘိန္နံ ဝစနံ တိတိက္ခိတုံ၊
သဒိသဿ ဝါ သေဋ္ဌတရဿ ဝါပိ။
ကထံ နု ဟီနဿ ဝစော ခမေထ။
အက္ခာဟိ မေ ကောဏ္ဍည ဧတမတ္ထံ။

ဟူသော ဤဂါထာကို ဆို၏။

၆၅။ ကောဏ္ဍည၊ ကောဏ္ဍညအနွယ် ဖြစ်သော ရှင်ရသေ့။ သဒိသဿ ဝါ၊ ကိုယ်နှင့်တူသော သူ၏ လည်းကောင်း။ သေဋ္ဌတရဿ ဝါပိ၊ ကိုယ့်ထက် မြတ်သောသူ၏ လည်းကောင်း။ ဣတိ၊ ဤသို့။ ဥဘိန္နံ၊ နှစ်ယောက်ကုန်သော သူတို့၏။ ဝစနံ၊ စကားကို။ တိတိက္ခိတုံ၊ သည်းခံခြင်းငှာ။ သက္ကာ၊ တတ်နိုင်၏။ ဟီနဿ၊ ယုတ်သောသူ၏။ ဝစော၊ စကားကို။ ကထံနု-ကေန ကာရဏေန၊ အဘယ်အကြောင်းကြောင့်။ ခမေထ၊ သည်းခံနိုင်ရာသနည်း။ ဧတမတ္ထံ၊ ထိုမေးအပ်သော အနက်ကို။ မေ၊ အကျွန်ုပ်အား။ အက္ခာဟိ၊ ဖြေတော်မူလော့။

ထိုသိကြားမင်း၏ အမေးကို ဖြေဆိုလိုသော သရဘင်္ဂ ဆရာသည်-

၆၆။ ဘယာဟိ သေဋ္ဌဿ ဝစော ခမေထ၊
သာရမ္ဘဟေတု ပန သာဒိသဿ။
ယော စီဓ ဟီနဿ ဝစော ခမေထ၊
ဧတံ ခန္တိံ ဥတ္တမ မာဟု သန္တော။

ဟူသော ဤဂါထာကို ဆို၏။

၆၆။ ဒေဝါနမိန္ဒ၊ နတ်တို့ကို အစိုးရသော သိကြားမင်း။ ဣဓ၊ ဤလောက၌။ သေဋ္ဌဿ၊ ကိုယ့်ထက်မြတ်သော သူ၏။ ဝစော၊ စကားကို။ ဘယာဟိ၊ ကြောက်ခြင်းကြောင့်လျှင်။ ခမေထ၊ သည်းခံရာ၏။ သာဒိသဿ၊ ကိုယ်နှင့်တူသောသူ၏။ ဝစော၊ စကားကို။ သာရမ္ဘဟေတု၊ ချုပ်ချယ်ခြင်း၌ အပြစ်ကို မြင်ခြင်းကြောင့်။ ခမေထ၊ သည်းခံလေရာ၏။ ဟီနဿ၊ ယုတ်သောသူ၏။ ဝစော၊ စကားကို။ ယောကောစိ၊ အမှတ်မရှိသော သူသည်။ ခမေထ၊ သည်းခံရာ၏။ ဧတံ ခန္တိံ၊ ထိုသို့ ယုတ်မာသောသူ၏ စကားကို သည်းခံခြင်းကို။ ဥတ္တမံ၊ မြတ်သော သည်းခံခြင်းမည်၏ ဟူ၍။ သန္တော၊ ရှေးပညာရှိ ဖြစ်ကုန်သော သူတော်ကောင်းတို့သည်။ အာဟု၊ ဆိုတော်မူကုန်၏။

ဤသို့ ဖြေဆိုသည်ရှိသော် သိကြားမင်းသည် ဘုရားလောင်းကို မေးလျှောက်ပြန်၏။ အရှင်ဘုရားတို့... ရှေးဦးစွာ အရှင်ဘုရားတို့သည် ခပ်သိမ်းသော သူတို့၏ ကြမ်းကြုတ်စွာဆိုသော စကားကို သည်းခံရာ၏။ ထိုသို့ သည်းခံခြင်းကို မြတ်သော သည်းခံခြင်းဟူ၍ သူတော်ကောင်း ဖြစ်ကုန်သော ရှေးပညာရှိတို့သည် ဆိုတော်မူကုန်၏ ဟု ဆိုပြီး၍ ယခုအခါ ယုတ်သောသူ၏ စကားကို အမှတ်မရှိသောသူသည် သည်းခံရာ၏။ ထိုသို့ သည်းခံခြင်းကို မြတ်သော သည်းခံခြင်း ဟူ၍ ဆိုတော်မူပြန်၏ ဆိုကုန်၏။ အရှင်ဘုရားတို့၏ ရှေးစကားနှင့် နောက်စကားသည် မညီပါ ဟု လျှောက်၏။ ထိုသို့ မေးလျှောက်သောအခါ သိကြားမင်းကို ဘုရားအလောင်းသည် သိကြားမင်း၏ နောက်စကားကို ငါသည် ဤသူသည် ယုတ်၏ ဟု သိ၍ ကြမ်းကြုတ်သောစကားကို သည်းခံသောသူ၏ အစွမ်းအားဖြင့် ဆိုအပ်၏။ အကျင့်ကြောင့်ကား အဆင်းကို မြင်ကာမျှဖြင့် သတ္တဝါတို့၏ အမြတ်အစရှိသော အဖြစ်ကို သိအံ့သောငှာ မတတ်ကောင်း၊ ထို့ကြောင့် ရှေးစကားကို ဆိုအပ်၏ ဟု ဆို၍ သတ္တဝါတို့၏ ပေါင်းဖော်ရခြင်းကိုထား၍ အဆင်းကို မြင်ကာမျှဖြင့် အမြတ်အစရှိသော အဖြစ်၏ သိနိုင်ခဲသည်၏ အဖြစ်ကို ထင်ရှားပြလိုရကား-

၆၇။ ကထံ ဝိဇညာ စတုပတ္ထရူပံ၊
သေဋ္ဌံ သရိက်ခံ အထဝါပိ ဟီနံ။
ဝိရူပရူပေန စရန္တိ သန္တော၊
တသ္မာ ဟိ သဗ္ဗေသံ ဝစော ခမေထ။

ဟူသော ဤဂါထာ ဆို၏။

၆၇။ သက္က၊ သိကြားမင်း။ စတုပတ္ထရူပံ၊ လေးပါးသော ဣရိယာပုတ်တို့ဖြင့် ဖုံးလွှမ်းအပ်သော သဘောရှိသာ။ သေဋ္ဌံ ဝါ၊ ကိုယ့်ထက်မြတ်သော သူကိုလည်းကောင်း။ သရိက်ခံ ဝါ၊ ကိုယ်နှင့် တူသောသူကိုလည်းကောင်း။ အထ၊ ထိုမှတစ်ပါး။ ဟီနံ ဝါပိ၊ ကိုယ့်အောက် ယုတ်သောသူကို လည်းကောင်း။ ကထံ ဝိဇညာ၊ အဘယ်သို့ သိနိုင်ရာအံ့နည်း။ ဝိရူပရူပေန၊ ယုတ်မာသော သူတို့၏ အသွင်ဖြင့်။ သန္တော၊ သူတော်ကောင်းတို့သည်။ စရန္တိ၊ သွားတတ်ကုန်၏။ တသ္မာ ဟိ၊ ထို့ကြောင့်သာလျှင်။ သဗ္ဗေသံ၊ ခပ်သိမ်းကုန်သော သူတို့၏။ ဝစော၊ စကားကို။ ခမေထ၊ သည်းခံရာ၏။

သည်းခံကုန်ငြား အကျိုးတရား

ထိုသို့ ဖြေဆိုသော ဘုရားအလောင်း၏ စကားကို ကြား၍ သိကြားမင်းသည် ယုံမှားကင်းသည်ဖြစ်၍ အရှင်ဘုရား... အကျွန်ုပ်တို့ကို ထိုသည်းခံခြင်းအကျိုးကို ဟောတော်မူပါလော့ ဟု တောင်းပန်၏။ ထိုအခါ သိကြားမင်းအား ဘုရားလောင်းသည် သည်းခံခြင်း၏ အကျိုးကို ဟောလိုရကား -

၆၈။ န ဟေတမတ္ထ့ မဟတီပိ သေနာ၊
သရာဇိကာ ယုဇ္ဈမာနာ လဘေထ။
ယံ ခန္တိမာ သပ္ပုရိသော လဘေထ၊
ခန္တီဗလဿူပသမန္တိ ဝေရာ။

ဟူသော ဤဂါထာကို ဆို၏။

၆၈။ သက္က၊ သိကြားမင်း။ ခန္တီဗလဿ- ခန္တိဗလေန၊ သည်းခံခြင်း အာနုဘော်ကြောင့်။ ဝေရာ၊ ရန်တို့သည်။ ဥပသမန္တိ၊ ငြိမ်းကုန်၏။ ယံ၊ အကြင် ရန်ငြိမ်းခြင်းတည်းဟူသော အကျိုးကို။ ခန္တိမာ၊ သည်းခံခြင်းရှိသော။ သပ္ပုရိသော၊ သူတော်ကောင်း သည်သာလျှင်။ လဘေထ-လဘေယျ၊ ရရာ၏။ ဧတံအတ္ထံ၊ ထိုရန်ငြိမ်းခြင်းတည်းဟူသော အကျိုးကို။ သရာဇိကာ၊ မင်းနှင့်တကွကုန်သော။ ယုဇ္ဈမာနာ၊ စစ်ထိုးကုန်သော။ မဟတီ၊ များစွာကုန်သော။ သေနာပိ၊ စစ်သည်တို့သည်လည်း။ န လဘေထ- န လဘန္တိ၊ မရကုန်။

ရသေ့ညှဉ်းဆဲ ပါယ်ငရဲ

ဤဂါထာဖြင့် ဘုရားအလောင်းသည် သည်းခံခြင်း ကျေးဇူးကို ဟောသည်ရှိသော် ထိုလူမင်းသုံးပါးတို့သည် ကြံကြကုန်၏။ သိကြားမင်းသည် မိမိပြဿနာကိုသာလျှင် မေး၏။ ငါတို့မေးခွင့်ကို မပေးလတ္တံ့ဟု ကြံကြကုန်၏။ ထိုအခါ ထိုလူမင်းသုံးပါးတို့၏ အလိုကိုသိ၍ သိကြားမင်းသည် မိမိစီရင်အပ်သော လေးပါးကုန်သော ပြဿနာတို့ကိုထား၍လျှင် လူမင်းသုံးပါးတို့ လိုအပ်သောပြဿနာကို မေးလိုရကား-

၆၉။ သုဘာသိတံ တေ အနုမောဒိယာန၊
အညံ တံ ပုစ္ဆာမိ တဒိင်္ဃ ဗြူဟိ။
ယထာ အဟုံ ဒဏ္ဍကီ နာဠိကေရော၊
အထဇ္ဇုနော ကလာဗုစာပိ ရာဇာ။
တေသံ ဂတိံ ဗြူဟိ သုပါပကမ္မိနံ၊
ကတ္ထူပပန္နာ ဣသိနံ ဝိဟေဌကာ။

ဟူသော ဤဂါထာကို ဆို၏။

၆၉။ ကောဏ္ဍည၊ ကောဏ္ဍညအနွယယ်ဖြစ်သော ရှင်ရသေ့။ တေ-တဝ၊ အရှင်ဘုရား၏။ သုဘာသိတံ၊ ကောင်းစွာ ဖြေဆိုအပ်သော စကားတော်ကို။ အနုမောဒိယာန၊ ဝမ်းမြောက်ပြီး၍။ အညံ၊ တစ်ပါးသော ပြဿနာကို။ အဟံ၊ အကျန်ုပ်ကို။ တံ၊ အရှင်ဘုရားကို။ ပုစ္ဆာမိ၊ မေးပါအံ့။ တံ၊ အရှင်ဘုရားကို။ ဣင်္ဃ၊ တိုက်တွန်းပါ၏။ ဗြူဟိ၊ ဖြေဆိုတော် မူပါလော့။ ဒဏ္ဍကီ၊ ဒဏ္ဍကီမင်း လည်းကောင်း။ နာဠိကေရော၊ နာဠိကေရမင်းလည်းကောင်း။ အထ၊ ထိုမှ တစ်ပါး။ အဇ္ဇုနောစ၊ အဇ္ဇုနမင်း လည်းကောင်း။ ကလာဗုရာဇာ စ၊ ကလာဗုမင်း လည်းကောင်း။ ဣတိ၊ ဤသို့။ ယထာ- ယေ စတ္တာရော ရာဇာ၊ အကြင် မင်းလေးပါးတို့သည်။ အဟုံ၊ ဖြစ်ကုန်ပြီ။ သုပါပကကမ္မိနံ၊ အလွန်ကြီးမားသော မကောင်းမှုရှိကုန်သော။ တေသံ စတုန္နံ ရာဇာနံ၊ ထိုမင်းလေးပါးတို့၏။ ဂတိံ၊ လားရာကို။ ဗြူဟိ၊ ဖြေမူလော့။ ဣသီနံ၊ ရသေ့တို့ကို။ ဝိဟေဌကာ၊ နှိပ်စက်ညှဉ်းဆဲ တတ်ကုန်သော မင်းလေးပါးတို့သည်။ ကတ္ထ၊ အဘယ်အရပ်၌။ ဥပပန္နာ၊ ဖြစ်ကုန်သနည်း။

ထိုအခါ သိကြားမင်းအား ဖြေဆိုတော်မူလိုသော ဘုရားအလောင်းသည်-

၇၀။ ကိသံ ဟိ ဝစ္ဆံ အဝကိရိယ ဒဏ္ဍကီ၊
ဥစ္ဆိန္နမူလော သဇနော သရဋ္ဌော။
ကုက္ကုဠနာမေ နိရယမှိ ပစ္စတိ၊
တဿ ဖုလိင်္ဂါနိ ပတန္တိ ကာယေ။
၇၁။ ယော သညတေ ပဗ္ဗဇိတေ အဟေဌယိ၊
ဓမ္မံ ဘဏန္တေ သမဏေ အဒူသကေ။
တံ နာဠိကေရံ သုနခါ ပရတ္ထ၊
သင်္ဂမ္မ ခါဒန္တိ ဝိဖန္ဒမာနံ။
၇၂။ အထဇ္ဇုနော နိရယေ သတ္တိသူလေ၊
အဝံသိရော ပတိတော ဥဒ္ဓံပါဒေါ။
အင်္ဂီရသံ ဂေါတမံ ဟေဌယိတွာ၊
ခန္တိံ တပဿိံ စိရဗြဟ္မစာရိံ။
၇၃။ ယော ခဏ္ဍသော ပဗ္ဗဇိတံ အဆေဒယိ၊
ခန္တိံ ဝဒန္တံ သမဏံ အဒူသကံ။
ကလာဗု ဝီစိံ ဥပပဇ္ဇ ပစ္စတိ၊
မဟာပတာပံ ကဋုကံ ဘယာနကံ။
၇၄။ ဧတာနိ သုတွာ နိရယာနိ ပဏ္ဍိတော။
အညာနိ ပါပိဋ္ဌတရာနိ စေတ္ထ။
ဓမ္မံ စရေ သမဏဗြာဟ္မဏေသု၊
ဧဝံ ကရော သဂ္ဂမုပေတိ ဌာနံ။

ဟူသော ဤငါးဂါထာတို့ကို ဆို၏။

၇၀။ သက္က၊ သိကြားမင်း။ ဒဏ္ဍကီ၊ ဒဏ္ဍကီမင်းသည်။ ကိသံ၊ ကြုံလှီသော ကိုယ်ရှိသော။ ဝစ္ဆံ၊ ဝစ္ဆရှင်ရသေ့ကို။ အဝကိရိယ၊ တံတွေး, တံပူဖတ်တို့ဖြင့် သွန်းလောင်း၍။ သဇနော၊ အခြံအရံနှင့်တကွ။ သရဋ္ဌော၊ တိုင်းပြည်နှင့်တကွ။ ဥစ္ဆိန္နမူလော၊ ပြတ်သော အမြစ်ရှိသည်ဖြစ်၍။ ကုက္ကုဠနာမေ နိရယမှိ၊ ပြာပူရှိသောကြောင့် ကုက္ကုဠ အမည်ရှိသော ငရဲ၌။ ပစ္စတိ၊ ခံရ၏။ တဿ၊ ထိုဒဏ္ဍကီမင်း၏။ ကာယေ၊ ကိုယ်ပေါ်၌။ ဖုလိင်္ဂါနိ၊ မီးပေါက်မီးဖွားတို့သည်။ ပတန္တိ၊ ကျကုန်၏။

၇၁။ သက္က၊ သိကြားမင်း။ ယော နာဠိကေရော၊ အကြင် နာဠိကေရမင်းသည်။ သညတေ၊ ကာယဒွါရ အစရှိသည်ကို ကောင်းစွာ စောင့်ရှောက်တတ်ကုန်သော။ ဓမ္မံ၊ ကုသိုလ်ကမ္မပထ တရားဆယ်ပါးကို။ ဘဏန္တေ၊ ဟောတတ်ကုန်သော။ သမဏေ၊ ကိလေသာတို့ကို ငြိမ်းစေတတ်ကုန်သော။ အဒူသကေ၊ အပြစ်မရှိကုန်သော။ ပဗ္ဗဇိတေ၊ ရဟန်းတို့ကို။ အဟေဌယိ၊ သတ်ဖြတ်ညှဉ်းဆဲ၏။ တံ နာဠိကေရံ၊ ထိုနာဠိကေရမင်းကို။ ပရတ္ထ၊ တမလွန်ဘဝ၌။ သုနခါ၊ ငရဲခွေးတို့သည်။ သင်္ဂမ္မ၊ အညီအညွတ် လာလတ်၍။ ဝိဖန္ဒမာနံ၊ လွန့်လျက် တုန်ယင်စဉ်။ ခါဒန္တိ၊ ခဲကုန်၏။

၇၂။ သက္က၊ သိကြားမင်း။ အထ၊ ထိုမှတစ်ပါး။ အဇ္ဇုနော၊ အဇ္ဇုနမင်းသည်။ ဂေါတမံ၊ ဂေါတမအနွယ် ဖြစ်သော။ ခန္တိံ၊ သည်းခံခြင်းရှိသော။ တပဿိံ၊ ခြိုးခြံသော အကျင့်ရှိသော။ စိရဗြဟ္မစာရိံ၊ ကြာမြင့်စွာ မြတ်သော အကျင့်ကို ကျင့်လေ့ရှိသော။ အင်္ဂီရသံ၊ အရသ ရှင်ရသေ့ကို။ ဟေဌယိတွာ၊ ညှဉ်းဆဲနှိပ်စက်ခြင်းကြောင့်။ သတ္တိသူလေ၊ လှံတံကျင်ရှိသော။ နိရယေ၊ ငရဲ၌။ ဥဒ္ဓံပါဒေါ၊ ခြေကားမိုးမျှော်။ အဝံသိရော၊ ဦးခေါင်းစောက်ထိုး။ ပတိတော၊ ကျ၏။

၇၃။ သက္က၊ သိကြားမင်း။ ယော ရာဇာ၊ အကြင် ကလာဗုမင်းသည်။ သမဏံ၊ ကိလေသာကို ငြိမ်းစေတတ်သော။ အဒူသကံ၊ အပြစ်မရှိသော။ ခန္တိံ ဝဒန္တံ၊ ခန္တီဟု ဆိုလေ့ရှိသော။ ပဗ္ဗဇိတံ၊ ရသေ့ရဟန်းကို။ ခဏ္ဍသော၊ အပိုင်းအပိုင်း။ အဆေဒယိ၊ ဖြတ်၏။ သော ကလာဗု၊ ထိုကလာဗုမင်းသည်။ မဟာပတာပံ၊ ပြင်းစွာသော ပူပန်ခြင်းရှိသော။ ကဋုကံ၊ ပြင်းထန်သော ဝေဒနာရှိသာ။ ဘယာနကံ၊ ကြောက်မက်ဖွယ်သော။ အဝီစိံ၊ အဝီစိငရဲ၌။ ဥပပဇ္ဇ၊ ဖြစ်၍။ ပစ္စတိ၊ ခံရ၏။

၇၄။ သက္က၊ သိကြားမင်း။ ဧတာနိ နိရယာနိ၊ ထိုငရဲတို့ကိုလည်းကောင်း။ ဧတ္ထ ဧတေဟိ နိရယေဟိ၊ ထိုငရဲတို့ထက်။ ပါပိဋ္ဌတရာနိ၊ အလွန် ယုတ်မာကုန်သော။ အညာနိစ၊ တစ်ပါးကုန်သော ငရဲတို့ကို လည်းကောင်း။ သုတွာ၊ ကြား၍။ ပဏ္ဍိတော၊ ပညာရှိသော သူသည်။ သမဏဗြာဟ္မဏေသု၊ ရဟန်း ပုဏ္ဏားတို့၌။ ဓမ္မံ၊ တရားကို။ စရေ၊ ကျင့်ရာ၏။ ဧဝံကရော၊ ဤသို့ တရားကို ကျင့်သောသူသည်။ သဂ္ဂံ ဌာနံ၊ နတ်ပြည် အရပ်သို့။ ဥပေတိ၊ ရောက်၏။

သိအပ်လှစွာ ကြောင်းလေးဖြာ

ဤသို့ ဘုရားလောင်းသည် မင်းလေးပါးတို့၏ ဖြစ်ရာအရပ်ကို ပြသည်ရှိသော် မင်းသုံးပါးတို့သည် ယုံမှားခြင်းကင်းကုန်၏။ ထိုနောက်မှ သိကြားမင်းသည် ကြွင်းကုန်သော လေးပါးကုန်သော ပြဿနာတို့ကို မေးလိုရကား-

၇၅။ သုဘာသိတံ တေ အနုမောဒိယာန၊
အညံ တံ ပုစ္ဆာမိ တဒိင်္ဃ ဗြူဟိ၊
ကတံဝိဓံ သီလဝန္တံ ဝဒန္တိ၊
ကထံဝိဓံ ပညဝန္တံ ဝဒန္တိ။
ကထံဝိဓံ သပ္ပုရိသံ ဝဒန္တိ၊
ကထံဝိဓံ နော သိရိ နော ဇဟာတိ။

ဟူသော ဤဂါထာကို ဆို၏။

၇၅။ ကောဏ္ဍည၊ ကောဏ္ဍည အနွယ်ဖြစ်သော ရှင်ရသေ့။ တေ၊ အရှင်ဘုရား၏။ သုဘာသိတံ၊ ကောင်းစွာ ဖြေဆိုတော်မူအပ်သော စကားကို။ အနုမောဒိယာန၊ ဝမ်းမြောက်ပြီး၍။ အညံ၊ တစ်ပါးသော ပြဿနာကို။ တံ၊ အရှင်ဘုရားကို။ ပုစ္ဆာမိ၊ မေးလျှောက်ပါအံ့။ တံ၊ အရှင်ဘုရားကို။ ဣင်္ဃ၊ တိုက်တွန်းပါ၏။ တွံ၊ အရှင်ဘုရားသည်။ ဗြူဟိ၊ ဟောတော်မူပါလော့။ ကထံဝိဓံ၊ အဘယ်သို့ သဘောရှိသော သူကို။ သီလဝန္တံ၊ သီလရှိသောသူဟူ၍။ ဝဒန်တိ နု၊ ဆိုကုန်သနည်း။ ကထံဝိဓံ၊ အဘယ်သို့ သဘောရှိသော သူကို။ ပညဝန္တံ၊ ပညာရှိသောသူဟူ၍။ ဝဒန္တိ နု၊ ဆိုကုန်သနည်း။ ကထံဝိဓံ၊ အဘယ်သို့ သဘောရှိသော သူကို။ သပ္ပုရိသံ၊ သူတော်ကောင်းဟူ၍။ ဝဒန္တိ နု၊ ဆိုကုန်သနည်း။ ကထံဝိဓံ၊ အဘယ်သို့ သဘောရှိသောသူကို။ သိရိ၊ အသရေသည်။ နော ဇဟာတိ နု၊ မစွန့်သနည်း။

ထိုသို့ မေးလျှောက်သောအခါ ထိုသိကြားမင်းအား ဖြေတော်မူလိုသော ဘုရားလောင်းသည်-

၇၆။ ကာယေန ဝါစာယ ယောဓ သညတော၊
မနသာ စ ကိဉ္စိ န ကရောတိ ပါပံ။
န အတ္တဟေတု အလိကံ ဘဏေတိ၊
တထာဝိဓံ သီလဝန္တံ ဝဒန္တိ။
၇၇။ ဂမ္ဘီရပဉှံ မနသာဘိစိန္တယံ၊
နာစ္စာဟိတံ ကမ္မ ကရောတိ လုဒ္ဒံ။
ကာလာဂတံ အတ္ထပဒံ န ရိဉ္စတိ၊
တထာဝိဓံ ပညဝန္တံ ဝဒန္တိ။
၇၈။ ယော ဝေ ကတညူ ကတဝေဒိ ဓီရော၊
ကလျာဏမိတ္တော ဒဠှဘတ္တိစ ဟောတိ။
ဒုခိတဿ သက္ကစ္စ ကရောတိ ကိစ္စံ၊
တထာဝိဓံ သပ္ပုရိသံ ဝဒန္တိ။
၇၉။ ဧတေဟိ သဗ္ဗေဟိ ဂုဏေဟုပေတော၊
သဒ္ဓေါ မုဒူ သံဝိဘာဂီ ဝဒညူ။
သင်္ဂါဟကံ သခိလံ သဏှဝါစံ၊
တထာဝိဓံ နော သိရိ နော ဇဟာဟိ။

ဟူသော ဤ လေးဂါထာကို ဆို၏။

၇၆။ သက္က၊ သိကြားမင်း။ ဣဓလောကေ၊ ဤလောက၌။ ယော၊ အကြင်သူသည်။ ကာယန၊ ကိုယ်ဖြင့် လည်းကောင်း။ ဝါစာယ၊ နှုတ်ဖြင့်လည်းကောင်း။ မနသာ စ၊ စိတ်ဖြင့်လည်းကောင်း။ သညတော၊ ကောင်းစွာ စောင့်ရှောက်အပ်သည်ဖြစ်၍။ ကိဉ္စိ၊ တစ်စုံတစ်ခုသော။ ပါပံ၊ မကောင်းမှုကို။ န ကရာတိ၊ မပြု။ အတ္တဟေတု၊ မိမိကိုယ်အစရှိသော အကြောင်းကြောင့်။ အလိကံ၊ မုသားကို။ န ဘဏေတိ၊ မဆို။ တထာဝိဓံ၊ ထိုသို့သဘောရှိသော သူကို။ သီလဝန္တံ၊ သီလရှိသောသူဟူ၍။ ပဏ္ဍိတာ၊ ဘုရားအစရှိသော ပညာရှိတို့သည်။ ဝဒန္တိ၊ ဆိုကုန်၏။

၇၇။ သက္က၊ သိကြားမင်း။ ယော၊ အကြင်သူသည်။ ဂမ္ဘီရပဉှံ၊ နက်နဲသောပြဿနာကို။ မနသာ၊ စိတ်ဖြင့်။ အဘိစိန္တယံ- အဘိစိန္တယန္တော၊ ကြံသည်ရှိသော်။ ကထေတုံ၊ ဖြေဆိုအံ့သောငှာ။ သက္ကောတိ၊ စွမ်းနိုင်၏။ အစ္စာဟိတံ၊ အစီးအပွားကိုလွန်သော။ လုဒ္ဒံ၊ ရုန့်ရင်းကြမ်းကြုတ်သော။ ကမ္မံ၊ အမှုကို။ န ကရောတိ၊ မပြု။ ကာလာဂတံ၊ အခါသို့ရောက်သော။ အတ္ထပဒံ၊ စီးပွားခြင်း၏ အကြောင်းကို။ န ရိဉ္စတိ၊ မယိုယွင်းစေ။ တထာဝိဓံ၊ ထိုသို့သဘောရှိသော သူကို။ ပညာန္တံ၊ ပညာရှိသောသူဟူ၍။ ပဏ္ဍိတာ၊ ဘုရားအစရှိသော ပညာရှိတို့သည်။ ဝဒန္တိ၊ ဆိုကုန်၏။

၇၈။ သက္က၊ သိကြားမင်း။ ယော၊ အကြင်သူသည်။ ကတညူ၊ သူ့ကျေးဇူးကို သိလေ့ရှိ၏။ ကတဝေဒီ၊ သိသည် အားလျော်စွာ သူ့ကျေးဇူးကို ဆပ်လေ့ရှိ၏။ ဓီရော၊ မြဲမြံတည်ကြည်၏။ ကလျာဏမိတ္တော၊ အဆွေခင်ပွန်းကောင်းသည်။ ဟောတိ၊ ဖြစ်၏။ ဒဠှဘတ္တိ စ၊ မြဲမြံသော အဆွေခင်ပွန်းကောင်းသည်လည်း။ ဟောတိ၊ ဖြစ်၏။ ဒုခိတဿ၊ ဆင်းရဲခြင်းသို့ ရောက်သော အဆွေခင်ပွန်း၏။ ကိစ္စံ၊ အမှုကို။ သက္ကစ္စံ၊ ရိုသေစွာ။ ကရောတိ၊ ပြု၏။ တထာဝိဓံ၊ ထိုသို့သဘောရှိသော သူကို။ သပ္ပုရိသံ၊ သူတော်ကောင်းဟူ၍။ ပဏ္ဍိတာ၊ ဘုရားအစရှိသော သူတော်ကောင်းတို့သည်။ ဝဒန္တိ၊ ဆိုတော်မူကုန်၏။

၇၉။ သက္က၊ သိကြားမင်း။ ယော ပုဂ္ဂလော၊ အကြင် ပုဂ္ဂိုလ်သည်။ သဗ္ဗေဟိ၊ ခပ်သိမ်းကုန်သော။ ဧတေဟိ ဂုဏေဟိ၊ ထိုကျေးဇူးတို့နှင့်။ ဥပတော၊ ပြည့်စုံ၏။ သဒ္ဓေါ၊ သက်ဝင်၍ သဒ္ဓါခြင်းရှိ၏။ မုဒူ၊ ချစ်ဖွယ်သောစကားကို ဆိုတက်သည်ဖြစ်၍ နူးညံ့သော စကားရှိ၏။ သံဝိဘာဂီ၊ ဒါန, သီလ အစရှိသည်တို့ကို ခွဲခြမ်းဝေဖန်လေ့ရှိ၏။ ဝဒညူ၊ ပေးကမ်းစွန့်ကြဲသည်၏ အစွမ်းအားဖြင့် တောင်းလာကုန်သော သူတို့၏အသံကို သိတတ်သော အလေ့ရှိ၏။ သင်္ဂါဟကံ၊ ပေးကမ်းခြင်း အစရှိသည်၏ အစွမ်းအားဖြင့် သူတစ်ပါးအို့အား ချီးမြှောက်လေ့ရှိသော။ သခိလံ၊ သာယာသော စကားရှိသော။ သဏှဝါစံ၊ နူးညံ့သော စကားရှိသော။ တထာဝိဓံ၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကို။ သိရိ၊ ဘုန်း ကျက်သရေသည်။ နော ဇဟာတိ၊ မစွန့်။

ဤသို့လျှင် ဘုရားလောင်းသည် ကောင်းကင်ပြင်၌ လကို ပေါ်စေဘိသကဲ့သို့ လေးပါးကုန်သော ပြဿနာတို့ကို ဖြေတော်မူ၏။

ပညာနှင့်အသရေ ဤနှစ်ထွေ

ဤသို့ ခုနစ်ပါးသော ပြဿနာတို့ကို ဖြေဆိုသည်ရှိသော် သိကြားမင်းသည် တစ်ဖန် မေးပြန်လိုရကား...

၈၀။ သုဘာသိတံ တေ အနုမောဒိယာန၊

အညံ တံ ပုစ္ဆာမိ တဒိင်္ဃ ဗြူဟိ။

သီလံ သိရိဉ္စာပိ သတဉ္စ ဓမ္မံ၊

ပညဉ္စ ကံ သေဋ္ဌတရံ ဝဒန်တိ။

ဟူသော ဤဂါထာကို ဆို၏။

၈၀။ ကောဏ္ဍည၊ ကောဏ္ဍည အနွယ်ဖြစ်သော ရှင်ရသေ့။ တေ၊ အရှင်ဘုရား၏။ သုဘာသိတံ၊ ကောင်းစွာ ဖြေဆိုတော် မူအပ်သောစကားကို။ အနုမောဒိယာန၊ ဝမ်းမြောက်ပြီး၍။ အညံ၊ တစ်ပါးသော ပြဿနာကို။ တံ၊ အရှင်ဘုရားကို။ ပုစ္ဆာမိ၊ မေးလျှောက်ပါအံ့။ တံ၊ အရှင်ဘုရားကို။ ဣင်္ဃ၊ တိုက်တွန်းပါ၏။ ဗြူဟိ၊ ဖြေဆိုတော်မူပါလော့။ သီလဉ္စ၊ သီလလည်းကောင်း။ သိရိဉ္စ၊ အသရေလည်းကောင်း။ သတံ၊ သူတော်ကောင်းတို့၏။ ဓမ္မဉ္စ၊ တရားလည်းကောင်း။ ပညဉ္စ၊ ပညာလည်းကောင်း။ တေသု၊ ထိုတရားတို့တွင်။ ကံ၊ အဘယ် တရားကို။ သေဋ္ဌတရံ၊ အထူးသဖြင့် မြတ်သော တရားဟူ၍။ ပဏ္ဍိတာ၊ ဘုရားအစရှိသော ပညာရှိတို့သည်။ ဝဒန္တိ၊ ဆိုတော်မူကုန်သနည်း။

ဘုရားလောင်းသည် ထိုသိကြားမင်းအမေးကို ဖြေလိုရကား-

မြတ်သည့်အရာ ပညာ

၈၁။ ပညာ ဟိ သေဋ္ဌော ကုသလာ ဝဒန္တိ၊

နက္ခတ္တရာဇာရိဝ တာရကာနံ။

သီလံ သိရီစာပိ သတဉ္စ ဓမ္မော၊

အနွာယိကာ ပညဝတော ဘဝန္တိ-

ဟူသော ဤဂါထာကို ဆို၏။

၈၁။ သက္က၊ သိကြားမင်း။ သီလဉ္စ၊ သီလသည်လည်းကောင်း။ သိရိဉ္စာပိ၊ အသရေသည်လည်းကောင်း။ သတံ၊ သူတော်ကောင်းတို့၏။ ဓမ္မော စ၊ တရားသည်လည်းကောင်း။ ပညဝတော ပညဝန္တံ၊ ပညာရှိသောသူသို့။ အနွာယိကာ၊ အစဉ်တစိုက် လိုက်ကုန်သည်။ ယသ္မာ၊ အကြင့်ကြောင့်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ တာရကာနံ၊ ကြယ်တို့၏။ နက္ခတ္တရာဇာရိဝ၊ နက္ခတ်တို့၏ မင်းဖြစ်သော လကဲ့သို့။ ပညာဟိ ပညာ ဧဝ၊ ပညာကိုသာလျှင်။ သေဋ္ဌော၊ အမြတ်ဟူ၍။ ကုသလာ၊ ဘုရား အစရှိကုန်သော ပညာရှိတို့သည်။ ဝဒန္တိ၊ ဆိုကုန်၏။

ပညာရှိကြောင်းနှင့် ဗြဟ္မာ့ပြည်ရောက်ကြောင်း

ဤသို့ ဖြေဆိုသည်ရှိသော် တစ်ဖန် တစ်ပါးသော ပြဿနာကို မေးပြန်လိုရကား-

၈၂။ သုဘာသိတံ တေ အနုမောဒိယာန၊
အညံ တံ ပုစ္ဆာမိ တဒိင်္ဃ ဗြူဟိ။
ကထံကရော ကိန္တိကရော ကိမာစရံ၊
ကိံ သေဝမာနော လဘတီဓ ပညံ။
ပညာယ ဒါနိပ္ပဋိပဒံ ဝဒေဟိ၊
ကထံကရော ပညဝါ ဟောတိ မစ္စော။

ဟူသော ဤဂါထာကို ဆို၏။

၈၂။ ကောဏ္ဍည၊ ကောဏ္ဍည အနွယ်ဖြစ်သော ရှင်ရသေ့။ တေ၊ အရှင်ဘုရား၏။ သုဘာသိတံ၊ ကောင်းစွာ ဆိုတော်မူအပ်သော စကားကို။ အနုမာဒိယာန၊ ဝမ်းမြောက်ကုန်ပြီး၍။ အညံ၊ တစ်ပါးသော ပြဿနာကို။ တံ၊ အရှင်ဘုရားကို။ ပုစ္ဆာမိ၊ မေးပါအံ့။ တံ၊ အရှင်ဘုရားကို။ ဣင်္ဃ၊ တိုက်တွန်းပါ၏။ ဗြူဟိ၊ ဖြေဆိုတော်မူပါလော့။ ဣဓ၊ ဤလောက၌။ ကထံကရော၊ အဘယ်မည်သောအမှုကို ပြုသောသူသည်။ ကိန္တိကရော၊ အဘယ်သို့ ပြုသောသူသည်။ ကိမာစရံ၊ အဘယ်ကို ကျင့်သောသူသည်။ ကိံသေဝမာနော၊ အဘယ်ကို မှီဝဲသောသူသည်။ ပညံ၊ ပညာကို။ လဘတိ၊ ရသနည်း။ ဒါနိ၊ ယခုအခါ၌။ ပညာယ၊ ပညာ၏။ ပဋိပဒံ၊ ရခြင်းအကြောင်း ဖြစ်သောအကျင့်ကို။ ဝဒေဟိ၊ ဖြေဆိုတော်မူလော့။ ကထံကရော၊ အဘယ်သို့ပြုသော။ မစ္စော၊ သတ္တဝါသည်။ ပညဝါ၊ ပညာရှိသည်။ ဟောတိ၊ ဖြစ်သနည်း။

ထိုသိကြားမင်း အမေးကို ဖြေတော်မူလိုသော ဘုရားလောင်းသည်

၈၃။ သေဝေထ ဝုဒ္ဓေ နိပုဏေ ဗဟုသုတေ၊

ဥဂ္ဂါဟကော စ ပရိပုစ္ဆကော သိယာ။

သုဏေယျ၊ သက္ကစ္စ သုဘာသိတာနိ၊

ဧဝံ ကရော ပညဝါ ဟောတိ မစ္စော။

၈၄။ သ ပညဝါ ကာမဂုဏေ အဝေက္ခတိ၊

အနိစ္စတော ဒုက္ခတော ရောဂတော စ။

ဧဝံ ဝိပဿီ ပဇာဟတိ ဆန္ဒံ၊

ဒုက္ခေသု ကာမေသု မဟဗ္ဘယေသု။

၈၅။ သ ဝီတရာဂေါ ပဝိနေယျ ဒေါသံ၊

မေတ္တံ စိတ္တံ ဘာဝယေ အပ္ပမာဏံ။

သဗ္ဗေသု ဘူတေသု နိဓာယ ဒဏ္ဍံ၊

အနိန္ဒိတော ဗြဟ္မမုပေတိ ဌာနံ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၈၃။ သက္က၊ သိကြားမင်း။ ယော မစ္စော၊ အကြင်သတ္တဝါသည်။ နိပုဏေ၊ နူးညံ့သိမ်မွေ့သော အကြောင်းကို သိခြင်းငှာ စွမ်းနိုင်ကုန်သော။ ဗဟုဿုတေ၊ များသော အကြားအမြင် ရှိကုန်သော။ ဝုဒ္ဓေ၊ ပညာကြီးကုန်သော သူတို့ကို။ သေဝေထ- သေဝေယျ၊ မှီဝဲရာ၏။ ဥဂ္ဂါဟကော စ၊ ပါဠိကို သင်သည်လည်း။ သိယာ၊ ဖြစ်ရာ၏။ ပရိပုစ္ဆကော စ၊ ပါဠိတော်၏အနက်ကို အဖန် တလဲလဲ မေးမြန်းသည်လည်း။ သိယာ၊ ဖြစ်ရာ၏။ သုဘာသိတာနိ၊ ကောင်းစွာ ဟောတော်မူအပ်ကုန်သော တရားတို့ကို။ သက္ကစ္စံ၊ ရိုသေစွာ။ သုဏေယျ၊ နာခံရာ၏။ ဧဝံကရော၊ ဤသို့ကျင့်သော။ မစ္စော၊ သတ္တဝါသည်။ ပညဝါ၊ ပညာရှိသည်။ ဟောတိ၊ ဖြစ်၏။

၈၄။ ပညဝါ၊ ပညာရှိသော။ သ-သော၊ ထိုသူသည်။ ကာမဂုဏေ၊ ကာမဂုဏ်တို့ကို။ အနိစ္စတော စ၊ အနိစ္စအားဖြင့်လည်းကောင်း။ ဒုက္ခတော စ၊ ဒုက္ခအားဖြင့်လည်းကောင်း။ ရောဂတော စ၊ ရောဂါအားဖြင့်လည်းကောင်း။ အဝေက္ခတိ၊ ရှု၏။ ဧဝံ ဝိပဿီ၊ ဤသို့ ရှုလေ့ရှိသော ပညာရှိသည်။ ဒုက္ခေသု၊ ဆင်းရဲခြင်း၏ တည်ရာ ဖြစ်ကုန်သော။ မဟဗ္ဘယေသု၊ များစွာသော ဘေးရှိကုန်သော။ ကာမေသု၊ ကာမဂုဏ်တို့၌။ ဆန္ဒံ၊ တပ်စွန်းခြင်းဟု ဆိုအပ်သော ဆန္ဒကို။ ပဇာဟတိ၊ စွန့်နိုင်၏။

၈၅။ ဝီတရာဂေါ၊ ကာမဂုဏ်တို့၌ တပ်စွန်းခြင်း ကင်းသော။ သ-သော၊ ထိုသူသည်။ ဒေါသံ၊ ဒေါသကို။ ပဝိနေယျ၊ ပယ်ဖျောက်၍။ အပ္ပမာဏံ၊ အတိုင်းအရှည်မရှိသာ။ မေတ္တံ စိတ္တံ၊ မေတ္တာနှင့် ယှဉ်သောစိတ်ကို။ ဘာဝယေ၊ ပွားစေရာ၏။ သဗ္ဗေသု၊ ခပ်သိမ်းကုန်သော။ ဘူတေသု၊ သတ္တဝါတို့၌။ ဒဏ္ဍံ၊ နှိပ်စက်ညှဉ်းဆဲခြင်း ဟူသော ဒဏ်ကို။ နိဓာယ၊ ချ၍။ သော၊ ထိုသူသည်။ အနိန္ဒိတော၊ မကဲ့ရဲ့အပ်သည်ဖြစ်၍။ ဗြဟ္မဋ္ဌာနံ၊ ဗြဟ္မာ့ပြည်သို့။ ဥပေတိ၊ ရောက်၏။

ဤသို့ ဘုရားလောင်းသည် ကာမဂုဏ်တို့၏အပြစ်ကို ဟောစဉ်ပင်လျှင် ဗိုလ်ပါအပေါင်းနှင့်တကွ ဖြစ်ကုန်သော ထိုမင်းသုံးပါးတို့သည် တဒင်္ဂပဟာန်ဖြင့် ငါးပါးသော ကာမဂုဏ်၌ တပ်စွန်းသော ရာဂကို ပယ်ဖျောက်အပ်၏။

မင်း၃-ပါး တရားမြင်

ထိုအကြောင်းကိုသိ၍ ဘုရားလောင်းသည် ထိုမင်းသုံးပါးတို့အား ရွှင်စေသည်၏ အစွမ်းအားဖြင့် ချီးမွမ်းလိုရကား-

၈၆။ မဟတ္ထိယံ အာဂမနံ အဟောတိ၊
တဝမဋ္ဌကာ ဘိမရထဿ စာပိ။
ကာလိင်္ဂရာဇဿ စ ဥဂ္ဂတဿ၊
သဗ္ဗေသ ဝေါ ကာမရာဂေါ ပဟီနော။

ဟူသော ဤဂါထာကို ဆို၏။

၈၆။ အဋ္ဌက၊ အဋ္ဌကမင်း။ တဝ စ၊ သင်၏လည်းကောင်း။ ဘိမရထဿစာပိ၊ ဘိမရထမင်းလည်းကောင်း။ ဥဂ္ဂတဿ၊ နေလကဲ့သို့ ကျော်စော ထင်ရှားသော။ ကာလိင်္ဂရာဇဿစ၊ ကာလိင်္ဂမင်း၏ လည်းကောင်း။ အာဂမနံ၊ ဤအရပ်သို့ လာခြင်းသည်။ မဟတ္ထိယံ၊ များသော အကျိုးရှိသည်။ အဟောသိ၊ ဖြစ်၏။ သဗ္ဗေသံ၊ ခပ်သိမ်းကုန်သော။ ဝေါ၊ သင်တို့သည်။ ကာမရာဂေါ၊ ကာမဂုဏ်တို့၌ တပ်စွန်းသော ရာဂကို။ ပဟီနာ၊ ပယ်ဖျောက်အပ်၏။

ရသေ့ပြုကြပြီ

ထိုစကားကို ကြားကုန်၍ မင်းသုံးပါးတို့သည် ဘုရားလောင်းအား ချီးမွမ်းခြင်းကို ပြုလိုကုန်ရကား-

၈၇။ ဧဝမေတံ ပရစိတ္တဝေဒိ၊
သဗ္ဗေသ နော ကာမရာဂေါ ပဟီနော။
ကရောဟိ ဩကာသ မနုဂ္ဂဟာယ၊
ယထာ ဂတိံ တေ အဘိသမ္ဘဝေမ။

ဟူသော ဤဂါထာကို ဆို၏။

၈၇။ ပရစိတ္တဝေဒိ၊ သူတစ်ပါးတို့၏ စိတ်ကိုသိတတ်သော ရှင်ရသေ့။ သဗ္ဗေသံ၊ ခပ်သိမ်းကုန်သော။ နော၊ အကျွန်ုပ်တို့အား။ ကာမရာဂေါ၊ ငါးပါးသော ကာမဂုဏ်တို့၌ တပ်စွန်းအပ်သော ရာဂကို။ ပဟီနော၊ ပယ်ဖျောက်အပ်၏။ တံ၊ ထိုသို့ ပယ်ဖျောက်ခြင်းသည်။ ဧဝမေဝ၊ အရှင်ဘုရားသိတိုင်း ဟုတ်သည်သာလျှင်တည်း။ ယထာ- ယေန အာကာရေန၊ အကြင်အကြင်သို့သော အခြင်းအရာအားဖြင့်။ မယံ၊ အကျွန်ုပ်တို့သည်။ တေ၊ အရှင်ဘုရား၏။ ဂတိံ၊ ဖြစ်ရာအရပ်သို့။ အဘိသမ္ဘဝေမ၊ ရောက်လိုကုန်၏။ တထာ-တေန အာကာရေန၊ ထိုထိုသို့သော အခြင်းအရာအားဖြင့်။ အနုဂ္ဂဟာယ၊ ရဟန်းပြုစိမ့်သောငှာ။ ဩကာသံ၊ အခွင့်ကို။ တွံ၊ အရှင်ဘုရားသည်။ ကရောဟိ၊ ပြုတော်မူလော့။

ထိုအခါ ထိုမင်းတို့အား အခွင့်ပြုတော်မူလိုသော ဘုရားလောင်းသည်-

၈၇။ ကရောမိ ဩကာသမနုဂ္ဂဟာယ၊
တထာ ဟိ ဝေါ ကာမရာဂေါ ပဟီနော။
ဖရာထ ကာယံ ဝိပုလာယ ပီတိယာ၊
ယထာ ဂတိံ အဘိသမ္ဘဝေထ။

၈၈။ ဘောန္တိ ရာဇာနော၊ အိုမင်းများတို့။ ဝေါ၊ သင်တို့သည်။ ကာမရာဂေါ၊ ငါးပါးသောဂုဏ်၌ တပ်စွန်းသော ရာဂကို။ ပဟီနော၊ ပယ်ဖျောက်အပ်၏။ တထာဟိ- တတော ဧဝ၊ ထို့ကြောင့်လျှင်။ ဝေါ၊ သင်တို့အား။ အနုဂ္ဂဟာယ၊ ရဟန်းပြုစိမ့်သောငှာ။ ဩကာသံ၊ အခွင့်ကို။ ကရောမိ၊ ပြု၏။ ယထာ- ယေန အာကာရေန၊ အကြင်အကြင်သို့သော အခြင်းအရာအားဖြင့်။ မေ၊ ငါ၏။ ဂတိံ၊ လားရာအရပ်သို့။ အဘိသမ္ဘဝေထ၊ ရောက်ကုန်ရာ၏။ တထာ- တေန အာကာရေန၊ ထိုထိုသို့သော အခြင်းအရာအားဖြင့်။ ဝိပ္ပလာယ၊ ပြန့်ပြောစွာသော။ ပီတိယာ၊ ဈာန်နှင့်ယှဉ်သော ပီတိဖြင့်။ ကာယံ၊ ကိုယ်ကို။ ဖရာထ၊ နှံ့ကြစေကုန်လော့။

ထိုစကားကို ကြား၍ မင်းသုံးပါးတို့သည် ဝန်ခံလိုရကား-

၈၉။ သဗ္ဗံ ကရိဿာမ တဝါနုသာသနိံ၊
ယံ ယံ တုဝံ ဝက္ခသိ ဘူရိပည။
ဖရာမ ကာယံ ဝိပုလာယ ပီတိယာ၊
ယထာ ဂတိံ တေ အဘိသမ္ဘဝေမ။

ဟူသော ဤဂါထာကို ဆိုကုန်၏။

၈၉။ ဘူရိပည၊ မြေကြီးအထုနှင့်တူသော ကြီးကျယ်သော ပညာရှိတော်မူသော ရှင်ရသေ့။ တုဝံ၊ အရှင်ဘုရားသည်။ အနုသာသနိံ၊ အဆုံးအမဖြစ်သော။ ယံ ယံ၊ အကြင် အကြင် စကားကို။ ဝက္ခသိ၊ ဆိုတော်မူ၏။ တဝ၊ အရှင်ဘုရား၏။ တံ တံ သဗ္ဗံ၊ ထိုထိုအဆုံးအမ စကားတော်အလုံးစုံကို။ ကရိဿာမ၊ လိုက်နာကြကုန်အံ့။ ယထာ- ယေန အာကာရေန၊ အကြင် အကြင်သို့သော အခြင်းအရာအားဖြင့်။ တေ၊ အရှင်ဘုရား၏။ ဂတိံ၊ လားရာအရပ်သို့။ အဘိသမ္ဘဝေမ၊ ရောက်ကြကုန်ရာ၏။ တထာ- တေန အာကာရေန၊ ထိုထိုသို့သော အခြင်းအရာအားဖြင့်။ ဝိပုလာယ၊ ပြန့်ပြောစွာသော။ ပီတိယာ၊ ဈာန်နှင့်ယှဉ်သော ပီတိဖြင့်။ ကာယံ၊ ကိုယ်ကို။ ဖရာမ၊ နှံ့ပါစေကုန်အံ့။

ရသေပြုကြပြီး ဈာန်ရကြကြောင်း

ထိုအခါ ဗိုလ်ပါအပေါင်းနှင့် တကွကုန်သော ထိုမင်းသုံးပါးတို့အား ဘုရားလောင်းသည် ရဟန်းအဖြစ်ကို ပေးတော်မူ၍ ရသေ့အပေါင်းကို လွှတ်တော်မူလိုသည်ဖြစ်၍-

၉၀။ ကတာယ ဝစ္ဆဿ ကိသဿ ပူဇာ၊
ဂစ္ဆန္တု ဘောန္တော ဣသယော သာဓုရူပါ။
ဈာနေ ရတာ ဟောထ သဒါ သမာဟိတာ၊
ဧသာ ရတီ ပဗ္ဗဇိတဿ သေဋ္ဌာ။

ဟူသော ဤဂါထာကို ဆို၏။

၉၀။ ဘောန္တော၊ အရှင်ကောင်း ဖြစ်ကုန်သော ရသေ အပေါင်းတို့။ ကိသဿ ဝစ္ဆဿ၊ ကိသဝစ္ဆ ရှင်ရသေ့အား။ အယံပူဇာ၊ ဤပူဇော်ခြင်းကို။ ကတာ၊ ပြုအပ်ပြီ။ သာဓုရူပါ၊ ကောင်းသော သဘောရှိကုန်သော။ ဣသယော၊ အရှင်ရသေ့ကောင်းတို့သည်။ ဂစ္ဆန္တု၊ မိမိ မိမိတို့၏ နေရာတို့သို့ သွားကြကုန်လော့။ သဒါ၊ အခါခပ်သိမ်း။ သမာဟိတာ၊ တည်ကြည်သော စိတ်ရှိကုန်သည်ဖြစ်၍။ ဈာနေ၊ ဈာန်၌။ ရတာ၊ မွေ့လျော်ကုန်သည်။ ဟောထ၊ ဖြစ်ကြကုန်လော့။ ဧသာ ရတီ၊ ဤသို့ ဈာန်၌ မွေ့လျော်ခြင်းသည်။ ပဗ္ဗဇိတဿ၊ ရသေ့ရဟန်းအား။ သေဋ္ဌာ၊ မြတ်၏။

ရသေ့အပေါင်းတို့သည် ထိုသရဘင်္ဂဆရာ၏ စကားကို ဦးဖြင့်ဝန်ခံ၍ ရှိခိုးကုန်လျက် ကောင်းကင်သို့ တက်ပြီးလျှင် မိမိ မိမိတို့၏ နေရာအရပ်တို့သို့ သွားကြကုန်၏။ သိကြားမင်းသည်လည်း နေရာမှထပြီးလျှင် ဘုရားလောင်းအား ချီးမွမ်းခြင်းကိုပြု၍ လက်အုပ်ချီလျက် နေကိုရှိခိုးဘိသကဲ့သို့ ဘုရားလောင်းကို ရှိခိုးလျက် ပရိသတ်နှင့်တကွ ဖဲလေ၏။

ဈာန်ရတရားများ

ထိုအကြောင်းကို သိစေတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၉၁။ သုတွာန ဂါထာ ပရမတ္ထသံဟိတာ၊
သုဘာသိတာ ဣသိနာ ပဏ္ဍိတေန။
တေ ဝေဒဇာတာ အနုမောဒမာနာ။
ပက္ကာမု ဒေဝါ ဒေဝပုရံ ယသဿိနော။
၉၂။ ဂါထာ ဣမာ အတ္ထဝတီ သုဗျဉ္ဇနာ၊
သုဘာသိတာ ဣသိနာ ပဏ္ဍိတေန။
ယော ကောစိမာ အဋ္ဌိကတွာ သုဏေယျ၊
လဘေထ ပုဗ္ဗာပရိယံ ဝိသေသံ။
လဒ္ဓါန ပုဗ္ဗာပရိယံ ဝိသေသံ၊
အဒဿနံ မစ္စုရာဇဿ ဂစ္ဆေ။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

၉၁။ ဘိက္ခဝေ၊ ရဟန်းတို့။ ပဏ္ဍိတေန၊ ပညာရှိသော။ ဣသိနာ၊ သရဘင်္ဂ ရသေ့သည်။ ဘုဘာသိတာ၊ ကောင်းစွာဆိုအပ်သော။ ပရမတ္ထသံဟိတာ၊ နိဗ္ဗာန်ကိုမှီသော။ ဂါထာ၊ ဂါထာတို့ကို။ သုတွာန၊ နာရ၍။ ယသဿိနော၊ များသော အခြံအရံရှိကုန်သော။ တေ ဒေဝါ၊ ထိုနတ်တို့သည်။ ဝေဒဇာတာ၊ ဖြစ်သော နှစ်သက်ခြင်း ရှိကုန်သည်ဖြစ်၍။ အနုမောဒမာနာ၊ ဝမ်းမြောက်ခြင်း ရှိကုန်သည်ဖြစ်၍။ ဒေဝပုရံ၊ နတ်ပြည်သို့။ ပက္ကာမုံ၊ ဖဲကြလေကုန်၏။

၉၂။ ဘိက္ခဝေ၊ ရဟန်းတို့။ ပဏ္ဍိတေန၊ ပညာရှိသော။ ဣသိနာ၊ သရဘင်္ဂရသေ့သည်။ သုဘာသိတာ၊ ကောင်းစွာ အပ်ကုန်သော။ အတ္ထဝတီ၊ မြတ်သော အနက်ရှိကုန်ထသော။ သုဗျဉ္ဇနာ၊ သန့်ရှင်းစင်သော သဒ္ဒါရှိကုန်ထသော။ ဣမာဂါထာ၊ ဤဂါထာတို့ကို။ ယောကောစိ၊ အမှတ်မရှိ တစ်စုံတစ်ယောက်သောသူသည်။ အဋ္ဌိကတွာ၊ အရိုအသေပြု၍။ သုဏေယျ၊ နာရာ၏။ သော၊ ထိုပုဂ္ဂိုလ်သည်။ ပုဗ္ဗာပရိယံ၊ ရှေ့နောက်ဖြစ်သော။ ဝိသေသံ၊ ဈာန်အစရှိသော တရားထူးကို။ လဘေထ-လဘေယျ၊ ရရာ၏။ ပုဗ္ဗာပရိယံ ဝိသေသံ၊ ရှေ့နောက်ဖြစ်ကုန်သော ဈာန်အစရှိသော တရားအထူးကို။ လဒ္ဓါန၊ ရ၍။ မစ္စုရာဇဿ၊ သေမင်း၏။ အဒဿနံ၊ မမြင်ရာသို့။ ဂစ္ဆေ၊ ရောက်ရာ၏။

ဇာတ်ပေါင်း... ဤသို့လျှင် သဗ္ဗညူ မြတ်စွာဘုရားသည် အရဟတ္တဖိုလ်ဖြင့် ဒေသနာတော်၏ အထွတ်ကိုယူတော်မူ၍ ရဟန်းတို့... ယခုသာလျှင် မောဂ္ဂလာန်၏ သင်္ချိုင်း၌ ပန်းမိုးရွာသည် မဟုတ်သေး၊ ရှေး၌လည်း မောဂ္ဂလာန်၏ သင်္ချိုင်း၌ ပန်းမိုးရွာဖူးသည်လျှင်တည်းဟု မိန့်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူလိုရကား-

၉၃။ သာလိဿရော သာရိပုတ္တော၊ မေဏ္ဍိဿရော စ က ကဿပေါ။
ပဗ္ဗတော အနုရုဒ္ဓေါ စ၊ ကစ္စာယနော စ ဒေဝလော။
၉၄။ အနုသိဿော စ အာနန္ဒာ၊ ကိသဝစ္ဆော စ ကောလိတော။
နာရဒေါ ဥဒါယိတ္ထေရော၊ ပရိသာ ဗုဒ္ဓပရိသာ။
သရဘင်္ဂေါ လောကနာထော၊ ဧဝံ ဓာရေထ ဇာတကံ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

၉၃။ ဘိက္ခဝေ၊ ရဟန်းတို့။ သာရိပုတ္တော၊ သာရိပုတ္တရာသည်။ သာလိဿရော၊ သာလိဿရ ရသေ့ဖြစ်ဖူးလေပြီ။ ကဿပေါ စ၊ ကဿပသည်ကား။ မေဏ္ဍိဿရော၊ မေဏ္ဍိဿရ ရသေ့ ဖြစ်ဖူးလေပြီ။ အနုရုဒ္ဓေါ စ၊ အနုရုဒ္ဓါသည်ကား။ ပဗ္ဗတော၊ ပဗ္ဗတရသေ့ ဖြစ်ဖူးလေပြီ။ ကစ္စာယနော စ၊ ကစ္စည်းမထေရ်သည်ကား။ ဒေဝလော၊ ဒေဝိလရသေ့ ဖြစ်ဖူးလေပြီ။

၉၄။ အာနန္ဒော စ၊ အာနန္ဒာသည်ကား။ အနုသိဿော၊ အနုသိဿရသေ့ ဖြစ်ဖူးလေပြီ။ ကောလိတော စ၊ မောဂ္ဂလာန်သည်ကား။ ကိသဝစ္ဆော၊ ကိသဝစ္ဆရသေ့ ဖြစ်ဖူးလေပြီ။ ဥဒါယိတ္ထေရော၊ ဥဒါယီ မထေရ်သည်ကား။ နာရဒေါ၊ နာရဒရသေ့ ဖြစ်ဖူးလေပြီ။ ဗုဒ္ဓပရိသာ၊ ယခုအခါ ငါဘုရား ပရိသတ်တို့သည်။ ပရိသာ၊ ထိုအခါ သရဘင်္ဂ ဆရာရသေ့၏ ပရိသတ်ရသေ့တို့ ဖြစ်ဖူးကုန်ပြီ။ လောကနာထော၊ လူသုံးပါးတို့၏ ကိုးကွယ်ရာဖြစ်တော်မူသော ငါဘုရားသည်။ သရဘင်္ဂေါ၊ သရဘင်္ဂဆရာ ဖြစ်ဖူးလေပြီ။ ဧဝံ၊ ဤသို့။ ဇာတကံ၊ ဇာတ်ပေါင်းခြင်းကို။ ဓာရေထ၊ မှတ်ကြကုန်လော့။

ပညာသည်သာ၊ အရာရာ၊ လိုရာအောင်ကြောင်းမှတ်

နှစ်ခုမြောက်ဖြစ်သော သရဘင်္ဂဇာတ်သည် ပြီး၏။

*****